Practical အခန်းသည် ထင်ထားသည်ထက်ပိုပြီး တိတ်ဆိတ်နေပါသည်။ နောက်ဆုံးအသုတ်မို့ထင်ပါသည်။ ရှေ့လူတွေရှိတုန်းက ဟိုဟိုဒီဒီမှ အသံလေးတွေ ခပ်အုပ်အုပ်ကြားရသည်။ မကြောက်ဘူးလို့ စိတ်တင်းထားရင်းနှင့် နှုတ်ဖြေ (Viva) မေးမည့် အမရှေ့တွင် မတ်တပ်ရပ်လိုက်မိသည်။ ဆေးဝါးဘက်ဆိုင်ရာ ဓါတုဗေဒဌာနမှ အမ သည် လူကောင် သေးသေး၊ မျက်မှန်လေးနှင့် အရမ်းချစ်ဖို့ကောင်းသည်။ ကျောင်းသူများကိုလည်း အလိုလိုက်သည်။ စာအသင်အပြကောင်းပြီး စိတ်ထား အရမ်းကောင်းသည့် အမရှေ့တွင် နှုတ်ဖြေဖြေရန်ကြောက်နေရသည့် ကျွန်မတွင် အကြောင်းပြချက်တစ်ခုပဲရှိသည်။
“ကျွန်မစာမရပါ”
ကျွန်မကျောင်းမတက်ခဲ့ပါ။ Practical အတွက်စာရှင်းပြသောနေ့က ကျွန်မကျောင်းပြေးခဲ့သည်။ ဘာကြောင့် အတန်းမတက်ရသလဲဆိုရင် စိတ်ညစ်လို့မတက်တာဆိုသည့် အဖြေကလွဲပြီး တခြားဘာမှ မရှိနိုင်။ ဘာကြောင့် စိတ်ညစ် ရသလဲဆိုရင်တော့ အဖြေက အဆင်သင့်ရှိနေသည်။ “ဆရာဝန်မဖြစ်ခဲ့၍စိတ်ညစ်ပါသည်။ ကျွန်မသိပ်ဖြစ်ချင်ခဲ့သော ကလေး အထူးကုဆရာဝန် တစ်ယောက် မဖြစ်ခဲ့၍အရာရာကို စိတ်ကုန်နေပါသည်”။ ဆရာဝန်ဖြစ်ဖို့ဆိုသော ဦးတည်ချက်ကလွဲပြီး တခြားဘာကိုမှ မျှော်လင့်မထားသော ကျွန်မသည် ဆရာဝန်မဖြစ်မှ ဘာမှအသုံးမကျတော့ဟု မိမိကိုယ်မိမိ ထင်နေသည်။ ဆရာဝန်မျက်နှာသာ တစ်ကမ္ဘာ ဟု ထင်မှတ်နေပါသည်။ ထို့ကြောင် “ဆေးဝါးတက္ကသိုလ်”တက်ဖြစ်ခဲ့သော်လည်း အတက်သာရှိသည်။ ခေါင်းထဲတွင် ဗလာ၊ ခံယူချက်က နတ္ထိ၊ စာတွေက တစ်ဘက်နားကဝင်ပြီး တစ်ဘက်နားက ထွက်သွားဖို့ မပြောနှင့်၊ ဝင်လာသော နားစည်ကို ရိုက်ပြီး ပြန်ထွက်သွားသည်။ နောက်ဆုံးကျောင်းမတက်ဘဲ အိမ်မှာ ခွေအိပ်နေရတာ ကိုသာ သဘောကျနှစ်ခြိုက်ခဲ့ပါသည်။
ထိုသို့ရည်မှန်းချက်တိတိကျကျမရှိသည့် ကျွန်မသည် အမရှေ့တွင် ကြောက်ရွှံ့နေခြင်းသည် စာမေးပွဲရှုံးမှာကို ကြောက်နေခြင်းမဟုတ်။ အမဆူမှာကို ကြောက်နေခြင်းမဟုတ်။ အမကို အားနာနေခြင်းသာဖြစ်သည်။ သူကောင်းကောင်း မွန်မွန် သင်ထားပါလျက် ကျွန်မကသာ ပေါက်တတ်ကရဖြေခဲ့လျှင် အမစိတ်ပျက်သွားမှာကို ကြောက်နေခြင်းဖြစ်သည်။ အရင်အခေါက်တွေ ဖြေတုန်းကတော့ အုပ်စုလိုက်ဖြေခဲ့၍သိပ်မသိသာခဲ့။ မရှက်တမ်းဝန်ခံရမည်ဆိုလျှင် “ဆေးဝါးတက္ကသိုလ်” ရောက်မှ ကြောက်တယ်ဆိုသော စကားလုံးကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ (အရင်က စာမေးပွဲအောင်၊ မအောင်ကို တစ်ခါမျှမတွေးခဲ့ဘူးပါ။) သည်လိုနှင့် အမက စာစမေးပါသည်။
ကျွန်မမျှော်လင့်ထားသည့်အတိုင်းပါပဲ။ အမမေးသည့် ဓါတုပစ္စည်းတွေ Chemicals၊ ဓါတ်ပြုမှုတွေ Reaction ကို ကျွန်မမသိပါ။ အမှတ်ပေးချင်လွန်းသည့် အမသည် မေးခွန်းလေးတွေကို စစ်စစ်ပေါက်ပေါက်လိုက်မေးပေးပါသည်။ နောက်ဆုံး အလွယ်ကူဆုံး မေးခွန်းတစ်ခုမေးပါသည်။ “အက်စပရင်ဟာ ဘယ်မှာ ပျော်သလဲ”တဲ့။ ထိုမေးခွန်းကို ပြန်ဖြေမည့် အချိန်တွင် ပျော်သည်၊ ပျော်ဝင်သည်ဆိုသော စကားလုံးကို ရုတ်တရက်မသိတော့ပါ။ ဒါကိုသိသောအမက လမ်းကြောင်းပေး ပါသည်။ “ညီမလေး၊ ပျော်တာလေ၊ ဘယ်လိုခေါ်သလဲ”လို့မေးတော့ ကျွန်မပါးစပ်ကနေ “Happy” လို့ ယောင်ပြီးထွက်သွား ပါသည်။ မယုံနိုင်ခြင်း၊ အံ့ဩခြင်း၊ ယူကျုံးမရဖြစ်ခြင်းတို့ကြောင့် အမ၏ မျက်လုံးလေးများပို၍ဝိုင်းစက်သွားခဲ့သည်ဟု ကျွန်မထင်ပါသည်။ ကျောင်းသူများကို ချစ်သောအမသည် ကြံဖန်ပြီး အမှတ်ပေးခဲ့ပါသည်။ “Happy လည်း ပျော်တာပဲ။ Dissolve လည်း ပျော်တာပဲ၊ ပျော်တာခြင်းတော့ အတူတူပါပဲလေ”တဲ့။
ထိုအချိန်တွင် အမကို အရမ်းအားနာသွားခဲ့သည်။ ရှက်လည်း ရှက်မိသည်။ ကျွန်မကိုယ်ကျွန်မ ပထမဆုံးအကြိမ် ပြန်လည် ဆန်းစစ်မိခြင်းလည်း ဖြစ်ပါသည်။ မိမိကိုယ်ကို ပြန်လည်ပြင်ဆင်ရန် ပထမဆုံးခြေလှမ်း လှမ်းစေသည့် တွန်းအား လည်း ဖြစ်သွားသည်။ အခြေခံစာတွေကို လွတ်ခဲ့သည့်အတွက် နားမလည်သည့် အပိုင်းတွေရှိနေသော်လည်း နောက်ပိုင်း သင်ရင်း နှင့်စိတ်ပါလာသည်။ မိမိကျောင်း၏ ဘာသာရပ်များကို နားလည်လာသည်။ တန်ဖိုးထားတတ်လာသည်။ သည်လိုနှင့် တက္ကသိုလ်တက်စဉ်တစ်လျှောက်လုံး တန်ဖိုးရှိသောအချိန်များကို ပျော်ရွှင်စွာနှင့် ဖြတ်သန်းခဲ့သည်။ ထိုအချိန်အထိ ဘဝသည် ပျော်စရာချည်းသာ ဖြစ်ခဲ့သည်။
“ကျောင်းပြီး၍အလုပ်ခွင်ထဲရောက်လာချိန်မှာရော…ပျော်သေးရဲ့လား”ဟု တစ်စုံတစ်ယောက်က မေးခဲ့သည်ရှိ သော် “ဟုတ်ကဲ့၊ ပျော်ပါသည်” ဟုသာ ပြန်ဖြေဖြစ်ခဲ့ပါသည်။ သို့သော် ထိုပျော်သည်ဆိုသောစကားလုံးသည် “Happy” မဟုတ်၊ “Dissolve” ပျော်ဝင်ခြင်းသာ ဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော် လက်ရှိအလုပ်ထဲတွင် ကျွန်မ ခေါက်ရိုးကျိုး နေပါပြီ။ ဆေးကုမ္ပဏီတစ်ခု၏ အရောင်းကိုယ်စားလှယ်အဖြစ် အလုပ်ဝင်ပြီးခဲ့သည့်နောက်ပိုင်းတွင် ကျွန်မတို့သည် ကိုယ့်ဘဝ ကိုယ် ပျော်ရွှင်အောင် ထိန်းကျောင်းပေးတတ်ခဲ့သည်။ မနက်ပိုင်း ရုံးကိုဝင်၊ အထက်လူကြီးတွေပြောသမျှ နားထောင်၊ ချပေး သမျှ Plans များကို လက်ခံရင်း အပြင်ဘက် ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်သွားတွေ့ရန် အစီအစဉ်ဆွဲထားရသည်။ အရောင်းတက်ရန် ဆိုသော စကားလုံးကို မကြားချင်မှအဆုံးပင်။
အလုပ်ဝင်ခါစက ရွယ်တူဆရာဝန်တွေကိုမြင်လျှင် ငုပ်လျှိုးနေသော အတိတ်၏ ဒါဏ်ရာက ပြန်ပေါ်လာသည်။ ရန်ကုန်ဆေးရုံကြီး ကိုသွားရင်း House ဆင်းနေသော ရွယ်တူဆရာဝန်များကို မြင်လျှင် ဝမ်းနည်းနေမိသည်။ ဆေးခန်းကြီးများတွင် ဆရာဝန်ကြီးများကိုစောင့်ရင်း သူတို့နောက်မှ ဘွဲ့တသီတတန်းကြီးကို အားကျလေးစားနေမိသည်။ ကလေးအထူးကု ဆရာဝန်ကြီးများ၏ ရသမြောက်သောစာပေကို ဖတ်ရင်းမျက်ရည်ဝိုင်းနေမိသည်။ သို့သော် ကြာကြာဝမ်းနည်းမနေနိုင်၊ လက်ရှိအလုပ်ရဲ့ သွေးဆောင်ရာကို ပြန်လည်ရောက်ရှိသွားသည်။ လက်ရှိအလုပ်ထဲတွင် ပျော်နိုင်အောင် ကြိုးစားရသည်။ ပျော်ချင်ယောင်ဆောင်သည်ဆိုသော စကားလုံးကို ကောင်းစွာ သရုပ်ဖော်တတ်ခဲ့ပါသည်။
အလုပ်ထဲတွင် ပျော်အောင် ဖန်တီးရင်း၊ ကြိုးစားရင်းနှင့် ဆေးအရောင်းတက်ရင်ပေးသော Incentive ဆိုတာကြီး တွင် ပျော်ဝင်လာသည်။ Bonus ဆိုသော ရလဒ်တို့တွင် ပျော်ဝင်လာသည်။ ထိုအတွက် သာမန်အရောင်းကိုယ်စားလှယ်ကနေ Team Leader ၊ ထိုမှသည် Supervisor ၊ အဲဒီကနေ Manager တဆင့်ထက်တဆင့် မြင့်သည်ထက်မြင့်အောင် လုပ်ကိုင်ခဲ့ သည်။ မိမိအလုပ်လုပ်သော ဧရိယာတွင် သူများလက်ညှိုးထိုးစရာမလိုအောင် လုပ်နိုင်ခဲ့သည်။ ထိုအတွက် ရလာသော အကျိုးအမြတ် ထဲတွင် ပျော်ဝင်နေမိသည်။ စက်ရုပ်တစ်ခုကို သံပတ်ပေးထားသလို “အလုပ်ပြီးရင် အလုပ်၊ အလုပ်နှင့် ရပိုင်ခွင့်”။ ထိုခေါင်းစဉ်များ အောက်တွင် ချာလပတ်ရမ်းနေသည်။ ကျောင်းသူဘဝကလို စိတ်လွတ်ကိုယ်လွတ် ပျော်နိုင်သေး သလား ဆိုပြီး မိမိကိုယ်ကို ပြန်သုံးသပ်မိတော့ အရမ်းအံ့ဩသွားခဲ့သည်။ အရင်တုန်းက အပျော်တမ်းရိုက်ထားသော ဓါတ်ပုံများကိုကြည့်ရင်း ငါမှ ဟုတ်ရဲ့လား ဆိုပြီး သံသယတွေ ဝင်လာမိသည်။
တခါတလေတော့ ကျွန်မစဉ်းစားမိသည်။ ကျွန်မဝဋ်လည်နေတာ ဖြစ်လိမ့်မည်။ ကျောင်းသူဘဝတုန်းက ဆိုးခဲ့တာ တွေကို ဆရာမများက ခွင့်လွှတ်ခဲ့သော်လည်း ဝဋ်ကတော့ ထပ်ကြပ်မခွာ လိုက်နေတာဖြစ်ပါလိမ့်မည်။ ပျော်ဝင်တာ Dissolve နှင့် ပျော်တာ Happy ဆိုသော စကားနှစ်လုံး၏ အဓိပ္ပါယ်ကို ကွဲကွဲပြားပြားသိရအောင် သဘာဝတရားကြီးက သင်ကြားပေးနေတာ ဖြစ်ပါလိမ့်မည်။ ကျွန်မစိတ်ထင်ပြောရလျှင် ကျွန်မနည်းတူ မိမိ၏အလုပ်၊ ဂုဏ်၊ ပိုင်ဆိုင်မှုများထဲတွင် ပျော်ဝင်နေသူ အတော်များပါလိမ့်မည်။ ဒါတွေကို တကယ့်ပျော်ရွှင်မှုလို့ထင်မှတ်ရင်း၊ ရုန်းကန်ရင်း၊ အဆင်ပြေချင်ယောင် ဆောင်နေရသော ဘဝတွေ လူတိုင်းနီးပါးမှာ ရှိပါလိမ့်မည်။
လွန်ခဲ့သော တစ်လခန့်က မြို့ထဲကိုသွားရင်း တက္ကသိုလ်က ပါမောက္ခ၊ ဌာနမှူးဆရာမကြီး တစ်ယောက်နှင့် တွေ့ခိုက် စကားတွေ အများကြီး ပြောဖြစ်သည်။ ဆုံးမစကားတွေလည်း ပါသည်။ လမ်းညွှန်တာ၊ သတိပေးတာတွေပါသည်။ အငယ်တွေကို လက်တွဲခေါ်ဖို့ အကြောင်းတွေလည်း ပါသည်။ အလုပ်ထဲမှာရော..တကယ် အဆင်ပြေရဲ့လားလို့ ဆရာမကြီး ကမေးတော့ ကျွန်မခေါင်းငြိမ့်ပြခဲ့မိသည် ထင်ပါသည်။ Senior Pharmacist တစ်ယောက်ဖြစ်နေသည့် အတွက်ရယ်၊ ဆေးဝါးကျောင်းမှ ဆင်းတဲ့သူတွေ ဒီလိုမျိုးတွေကို လုပ်နိုင်သည်ဆိုတာကို အငယ်တန်းက မောင်၊ ညီမလေးများ သိနိုင်ဖို့အတွက်ရယ်၊ ကျွန်မရဲ့ မိသားစုစီးပွားရေး အခြေအနေ၊ လူမှုပတ်ဝန်းကျင်တွင် ဝင်ဆံ့နိုင်ဖို့အတွက်ရယ် …..စသည့် အကြောင်းအမျိုးမျိုးတွေကြောင့် ကျွန်မဘဝ ဆက်ပြီး ပျော်နေရပါဦးမည်။ ဘယ်လောက်အထိပျော်မလဲ၊ ဘယ်အချိန်အထိလဲ ဆိုတာကို…..ပြောပြဖို့တော့ တော်တော်ခက် ပါလိမ့်မည်။
ဆေးဝါးတက္ကသိုလ် (ရန်ကုန်)မှ ဆရာ၊ ဆရာမများအား ဦးခိုက်လျက်
နှင်းနုလွင် (ဆေးဝါး)