သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ကျွန်တော်တို့ပြောသော ဆေးဝါးများ၏ ဒိုင်ယာရီ (၁) July 8, 2010

Filed under: ဆေးဝါးများ၏ ဒိုင်ယာရီ — thetsonehnin @ 6:53 AM
Tags:

အကိုက်အခဲပျောက်ဆေးများ


ကျွန်တော်တို့နှင့် ပတ်သက်ပြီး လူတွေ၏ထင်မြင်ယူဆချက် မည်သို့ရှိသည်ကို ကျွန်တော် တိတိကျကျ မပြောတတ်ပါ။ ကျွန်တော်တို့၏အကြောင်းကို နက်နက်နဲနဲသိပြီး လှိုက်လှဲစွာ ကြိုဆိုလက်ခံထားသူများ ရှိကောင်းရှိနိုင်သော်လည်း အများစုသည် အမှတ်တမဲ့နေကြသူများသာဖြစ်ပါသည်။ အရေးပေါ် လိုအပ်သည့် အခါမှသာ မဆင်မခြင်သုံးစွဲတတ်သူ အရေအတွက်က ပိုများပါသည်။ ကျွန်တော်တို့ကို စည်းစနစ်မမှန်၊မကန် သုံးစွဲမှုကြောင့် သူတို့၏ခန္ဓာကိုယ်အတွင်းပိုင်းရှိ အင်္ဂါအစိတ်အပိုင်းများ ပိုပြီး ပင်ပန်းစွာအလုပ်လုပ်ရသည်။ ကျွန်တော်တို့ကို အလွန်အကျွံသုံးစွဲခြင်းကြောင့် သူတို့တွင် အန္တရာယ်ဖြစ်ရသောအခါ ကျွန်တော်တို့အားလုံး ဝမ်းနည်းမဆုံး ဖြစ်ရသည်။

ကျွန်တော်တို့အကြောင်းကို တိတိကျကျမသိကြသော်လည်း ကျွန်တော်တို့၏နာမည်များကို အားလုံးက သိနေကြသည်။ မတူညီသောလူမှုအလွှာထဲမှ လူတန်းစားအမျိုးမျိုးတို့သည် ကျွန်တော်တို့ညီအစ်ကိုတွေကို ရင်းရင်းနှီးနှီးသိနေကြသည်ဟု ကျွန်တော် အိုင်ဗျူပရိုဖန် (Ibuprofen) က ထင်နေပါသည်။ ဟုတ်ပါသည်။ ကျွန်တော်တို့သည် ပြည်သူလူထုနှင့် ထိတွေ့မှုအများဆုံးသော အကိုက်အခဲပျောက်ဆေးများ (Analgesics) ဖြစ်ပါသည်။ ကျွန်တော်တို့ကို စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (Nonsteoridal Anti-inflammatory Drugs, NSAIDs) များ ဟုလည်း သိကြပါသည်။ လူတွေအားလုံးသိထားသင့်သည့် ကျွန်တော်တို့အကြောင်းများကို ကျွန်တော်ပြောပြချင်ပါသည်။ ကောင်းသောအကြောင်းများပါသကဲ့သို့ လူတွေ မနှစ်မြို့နိုင်သည့် အန္တရာယ်တို့လည်းပါသောကြောင့် ဗဟုသုတရစိမ့်သောငှာ ဖတ်ကြည့်ကြပါရန် ကျွန်တော် တိုက်တွန်းချင်ပါသည်။

ကျွန်တော်တို့ထဲတွင် ညီအငယ်ဆုံးဖြစ်သည့် ပါရာစီတမော (Paracetamol) ကို လူတွေပိုပြီး သိကြပါသည်။ Acetaminophen လို့လည်း ခေါ်ကြပါသည်။ ညီလေးသည် လူချစ်လူခင်များသူဖြစ်ပြီး လူအများစုသည် သူ့ကို ပေါ့ပေါ့တန်တန်သဘောထားကာ သုံးစွဲကြပါသည်။ သူ့ကြောင့် မည်သည့်အန္တရာယ် မျိုးမှမဖြစ်နိုင်ဘူးဟု ထင်မှတ်ပြီး ခေါင်းလေးငြီးစိစိဖြစ်ရုံ၊ ခြေလက်ညောင်းညာရုံလေးဖြင့် ညီလေးကို သုံးစွဲချင် ကြပါသည်။ အမေရိကန်ပြည်တောင်စုတွင်ရှိသည့် ရုတ်တရက် အသည်းပျက်စီးနေသူ လူနာများကို လေ့လာ ကြည့်သည့်အခါ တစ်ဝက်လောက်သည် ပါရာစီတမောကို အလွန်အကျွံသုံးစွဲသူများ ဖြစ်သည်ကို တွေ့ရပါသည်။

တခါတရံတွင် ညီလေး စိတ်အရမ်းညစ်နေတတ်သည်။ သူ့ကို အများကြီးသောက်နေသူများကို မသောက်ရန် သူ့အနေဖြင့် တားမြစ်ချင်နေပါသည်။ သို့သော် ညီလေးစကားကိုနားထောင်မှာ မဟုတ်သည့်အတွက် သူစိတ်မကောင်း ဖြစ်နေတတ်ပါသည်။ တနေ့တည်းတွင် သူ့ကို ၄ ဂရမ် (ဆေးပြားအနေ နဲ့ပြောလျှင် ၅၀ဝ မီလီဂရမ်ပါသော ဆေးပြား ၈ ပြား) ထက်ပိုသောက်မိပါက လူတို့တွင် အန္တရာယ် ရှိလာပါသည်။ ဆေးပမာဏ နည်းနည်းချင်းစီကို အချိန်အကြာကြီးစွဲသောက်လျှင်လည်း အသည်းနှင့် ပတ်သက်သောပြဿနာများ ဖြစ်ပေါ်တတ်ပါသည် ဟု ကျွန်တော်က ထပ်ဆင့်ပြီး သတိပေးချင်ပါသည်။

အသည်းမကောင်းသူများ၊ အရက်သောက်သူများ ဆေးသောက်နေလျှင် ညီလေး မျက်ခမ်းလှုပ်နေ တတ်သည်။ ထိုသူများအနေဖြင့် ဆေးသောက်သည့်အခါ ပိုပြီးသတိထားသင့်သည်မဟုတ်ပါလား။ အရက် သောက်တတ်သူဖြစ်နေလျှင် တနေ့ကို ၂ ဂရမ် (ဆေးပြား ၄ပြား) ဆိုသော ပမာဏသည်သာ အမြင့်ဆုံး လက်ခံနိုင်သော အတိုင်းအတာဖြစ်သည်။ အန္တရာယ်ကင်းဖို့ဆိုလျှင် တတ်ကျွမ်းသူ တစုံတရာ၏ခွင့်ပြုချက် မပါဘဲ မသုံးစေချင်ပါ။ အအေးမိလျှင်သောက်သောဆေး၊ နှာမွန်လျှင်သုံးသောဆေးတို့တွင် ညီလေးပါဝင် တတ်သောကြောင့် နည်းနည်းလေးသတိထားပြီး သုံးစေချင်ပါသည်။ ညီလေး ပါရာစီတမောတွင် အကိုက်အခဲ ပျောက်သောအာနိသင်နှင့် အပူကျစေသောအာနိသင်တို့ရှိပါသည်။ ညီလေးတွင် အရောင်သက်သာ စေသော အာနိသင်မရှိသောကြောင့် ပြင်းထန်သော ရောဂါအခြေအနေတို့တွင် ညီလေးကို မသုံးဘဲ သူ့ထက် အာနိသင်ပြင်းထန်သော ကျွန်တော်တို့ကို သုံးစွဲရပါသည်။

ဟုတ်ကဲ့။ ကျွန်တော်သည် Ibuprofe ဖြစ်ပါသည်။ ကျွန်တော်တွင် အရောင်ကျ အကိုက်အခဲ ပျောက်စေသော အာနိသင်အပြင် အပူကျစေသော အစွမ်းလည်းရှိပါသည်။ တကယ်တမ်းပြောရမည် ဆိုလျှင်တော့ ကျွန်တော့်တွင်ရှိသည့် အရောင်ကျစေသောအာနိသင်သည် တခြားညီနောင်တွေထက် နည်းပါ သည်။ ထို့ကြောင့် ရောင်ရမ်းနေသော ဒါဏ်ရာတို့ကို ချက်ခြင်းသက်သာစေရန် ကျွန်တော်အနေဖြင့် အကူအညီ ပေးနိုင်မည်မဟုတ်ကြောင်း ဝမ်းနည်းစွာနဲ့ အသိပေးချင်ပါသည်။ ဂေါက်ရောဂါခံစားနေရသူ တစ်ယောက်အတွက် ဘာကိုမျှ ထိထိရောက်ရောက် လုပ်ပေးနိုင်မည်မဟုတ်ပေ။ ထိုအချက်လေး မှလွဲလျှင် အားလုံးကို ကျွန်တော် တာဝန်ယူပေးနိုင်ပါသည်။

ဆိုပါစို့၊ အမျိုးသမီးတစ်ယောက် ရာသီမလာမီ (သို့) လာနေစဉ်တွင် ဖြစ်ပေါ်တတ်သော ကိုက်ခဲနာကျင်မှုအတွက် ကျွန်တော်ကို သုံးပါ။ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ ဖျားနာခြင်းတို့ကဲ့သို့ ပြဿနာများကို ကျွန်တော်ကောင်းစွာဖြေရှင်းပေးနိုင်ပါသည်။ ကလေး ငယ်များနေမကောင်း ဖြစ်နေလျှင်လည်း လိုအပ်ပါက ကျွန်တော့်ကို သုံးလို့ရပါသည်။ ခပ်ြွကာြးွကားလေး ပြောရမည်ဆိုလျှင် ကလေးငယ်တွေ ကာကွယ်ဆေးထိုးပြီး ဆေးအရှိန်ကြောင့် နေမကောင်းဖြစ်နေသည့် အခြေအနေမျိုးတွင် ကျွန်တော်သည်သာ အားထားရဆုံးဖြစ်ပါသည်။ အရွတ်များ၊ အဆစ်များနာကျင် လျှင်လည်း ကျွန်တော်ကို ခေါ်ယူသုံးစွဲနိုင်ပါသည်။

ထိုမျှလောက်အထိ အသုံးဝင်သော ကျွန်တော်တွင်လည်း အားနည်းချက်တစ်ခုရှိနေပါသည်။ ကျွန်တော်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးတိတ်စေသော Platelets ဟုခေါ်သည့် သွေးဥမွှားများ၏ လုပ်ဆောင်မှုများကို ပြောင်းလဲစေပြီး သွေးများကိုကျဲစေပါသည်။ တနည်းအားဖြင့်ဆိုရလျှင် ကျွန်တော်ကို သောက်နေသောအချိန်တွင် ဒါဏ်ရာတစ်ခုခုရခဲ့ပါက သွေးမတိတ်တော့ဘဲ သွေးထွက်လွန်တတ်ပါသည်။
ကျွန်တော်ကိုလည်း တနေ့လျှင် (၁.၆ – ၂.၄) ဂရမ်ထက်ပိုမသုံးဖို့ ကျွန်တော် အိုင်ဗျူပရိုဖန် (Ibuprofen) ကတောင်းဆိုချင်ပါသည်။ တခြားအကိုက်အခဲပျောက်ဆေးများနှင့် နှိုင်းယှဉ်လျှင် ကျွန်တော့် ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းတွင် ပြဿနာဖြစ်ပွားမှု အတော်ကိုနည်းပါးပြီး အခန့်မသင့်သော အခါမျိုးတွင်တော့ အစာမကြေခြင်းမှသည် သွေးကြော ပေါက်ခြင်းမျိုးအထိ ဖြစ်တတ်ပါသည်။ တခါတရံတွင် လည်း ခေါင်းကိုက်ခြင်း၊ နားအူခြင်း၊ မူးဝေခြင်း တို့ကို ကြုံတွေ့ရတတ်ပါသည်။

ကျွန်တော်ထက် ပိုပြီးအစွမ်းထက်သူအဖြစ် ကျွန်တော်တို့၏ အကိုအကြီးဆုံး Diclofenac ကို ရွေးချယ်ရပါမည်။ ကျွန်တော်တွင်ရှိသည့်အာနိသင်အားလုံးကို အကိုကြီးထံတွင်လည်းတွေ့နိုင်ပါသည်။ ကျွန်တော်နှင့် ကုသ၍ရသော ရောဂါတိုင်းကို အကိုကြီးကလည်း ပျောက်ကင်းအောင်ကုသပေးနိုင်ပါသည်။ အရိုးဆက် (Synovial Joint) ကြားတွင်ရှိသော အကျိအရည် Synovial Fluid တွင် သွားပြီးနေနိုင်ခြင်းသည် အကိုကြီး၏ ထူးခြားသော အားသာချက်တစ်ရပ် ဖြစ်ပါလိမ့်မည်။ သို့ဖြစ်ရာ ဆိုးဆိုးဝါးဝါးအခံရခက်သည့် အရိုးများ၊ အဆစ်များအတွင်းမှ နာကျင်ကိုက်ခဲမှုတို့တွင် ကျွန်တော်တို့ အကိုကြီးသည် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ပါသည်။

မျက်လုံးမှ တိမ်ဖယ်ထုတ်ပြီးချိန်၊ ခွဲစိတ်ခန်းထဲမှ ထွက်လာပြီးချိန်၊ အဆစ်ရောင်ခါးနာရောဂါ၊ လေးဘက်နာကြောင့် နာကျင်ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ ဂေါက်ရောဂါ၊ အမျိုးသမီးများတွင် မီးယပ်နှင့် ပတ်သက်သည့် နာကျင်ကိုက်ခဲမှု အမျိုးမျိုးတို့တွင်အသုံးပြုနိုင်ပါသည်။ ဓါတ်မတည့်မှုကြောင့် မျက်မြှေးပါး ရောင်လျှင်လည်း မျက်စဉ်းအနေနှင့် သုံးလို့ရသည်။ အကိုကြီးကို သောက်ဆေးအနေနှင့်သာမက ထိုးဆေး အနေဖြင့်လည်းသုံးနိုင်သည်။ ဒါဏ်ကြေလိမ်းဆေးများတွင်ထည့်သွင်းပြီး အာရုံကြောများရောင်ရမ်း၍ နာကျင် ခြင်း၊ြွကက်သားများနာခြင်း၊ ထိခိုက်မှုကြောင့်နာကျင်ခြင်း၊ အရွတ်များနာခြင်းစသည့် အခြေအနေ များအတွက်လည်း သုံးစွဲနိုင်ပါသည်။

သူ့ကို လုံးဝကြီး စိတ်ချလက်ချ သုံးလို့ရသည်တော့မဟုတ်။ ကျွန်တော့်ထက်စာလျှင် သူက အစာအိမ်ကို ပိုပြီးထိခိုက်နိုင်သည်။ ကိုယ်ဝန်ဆောင်သည်များတွင် သုံးရန်လည်း လုံးဝစိတ်ချရသည့် ဆေးမဟုတ်။ ကလေးသူငယ်များတွင်သုံးရန်လည်း ကျွန်တော်လောက်မသင့်တော်ပါ။ အစာအိမ်အနာရှိသူ၊ ရင်ကျပ်ရောဂါရှိသူ၊ ဆေးနှင့်ဓါတ်မတည့်ဖူးသူတို့တွင် အတော်ကို သတိထားပြီး သုံးစွဲရပါသည်။ အစာအိမ် အနာရှိခဲ့ဖူးသူ၊ အူမကြီးအနာဖြစ်ဖူးသူ၊ အသည်းမကောင်းသူများအနေနှင့် ကျွမ်းကျင်သူများထံမှ အကြံဥာဏ် ရယူပြီး သုံးစွဲရန် ကျွန်တော်သတိပေးချင်ပါသည်။

ကျွန်တော်တို့ကို သုံးစွဲနေသူများအနေနှင့် သွေးပေါင်အတက်အကျကို သတိထားပေးဖို့ ကျွန်တော်တို့ ညီအစ်ကိုအားလုံးက တောင်းဆိုချင်ပါသည်။ ကျွန်တော်တို့ညီအစ်ကို ၃ ယောက်အပါအဝင် အကိုက်အခဲ ပျောက်ဆေး တော်တော်များများတွင် သွေးတိုးစေသော အာနိသင်ရှိပါသည်။ အရင်ကတည်းက သွေးတိုးရှိသူ၊ သွေးကျဆေးသောက်နေရသူများသည် ကျွန်တော်တို့ကို အလွယ်တကူသောက်နေလျှင် ကျွန်တော်တို့အားလုံး ရင်တွေတုန်နေရပြီ။ ဘာဖြစ်မလဲ၊ ဘာဖြစ်မလဲဆိုပြီး ရင်ထိတ်နေရသည်။ သွေးထပ်တိုးလိမ့်မယ်၊ သတိထား၊ သတိထားလို့ အော်ပြီးပြောချင်သော်လည်း အသံကထွက်မလာ။ ကျွန်တော်တို့ပြောသောစကားကို လမ်းထိပ် ကွမ်းယာဆိုင်က ဆေးစပ်သမားရဲ့ စကားလောက် ဂရုစိုက်မှာမဟုတ်သည်ကို ကျွန်တော်တို့ အလိုအလျောက် နားလည်ထားပါသည်။ ကျွန်တော်ညီလေး ပါရာစီတမောကြောင့်ပင် တစ်ခါမှ သွေးမတိုးဘူးသူများတွင် သွေးတိုးနိုင်ပါသည်။ သတိထားစရာပါ မိတ်ဆွေ။

ခန္ဓာကိုယ်ရှိ မည့်သည့်အစိတ်အပိုင်းကိုမျှ မထိခိုက်စေလိုသော ဆန္ဒသည် ကျွန်တော်တို့အားလုံးတွင် ရှိသည်။ သို့သော် ကျွန်တော်တို့ကြောင့် အစာအိမ်မှ အက်ဆစ်တွေ အများကြီးထွက်လာနိုင်သည်။ အကာ အကွယ် အဟန့်အတားသာမရှိလျှင် အစာအိမ်နံရံတွင် အနာဖြစ်ခြင်း၊ သွေးကြောပေါက်ခြင်းမျိုးကို ကြုံတွေ့ နိုင်သည်။ ကျွန်တော်တို့ကို သုံးနေစဉ် ဗိုက်အောင့်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်းတို့ကိုတွေ့လျှင် ဆေးခန်းသွား ဖို့လိုအပ်ပါပြီ။ အက်ဆစ်ထွက်ခြင်းကို ဟန့်တားနိုင်သည့် Omeprazole, Lansoprazole တို့ကဲ့သို့ အစာအိမ်ကို အကာအကွယ်ပြုနိုင်သောဆေးများနှင့် တွဲသောက်လျှင် ကျွန်တော်တို့စိတ်ချမ်းသာရသည်။ အစာတစ်ခုခုစားပြီးမှ သောက်ရင်လည်း ကျွန်တော်တို့ ဝမ်းသာရပါသည်။ ဆေးလိပ်သောက်တာကလည်း အက်ဆစ်ထွက်တာကို တနည်းတဖုံနဲ့တွန်းအားပေးနေသည်ဟု ဆိုလာလျှင်လည်း မအံ့ဩပါနှင့်မိတ်ဆွေ။ ထိုအကြောင်းကိုသိသည့် ကျွန်တော့်အကိုကြီး Diclofenac သည် “လူတွေဆေးလိပ် မသောက်ရင်သိပ် ကောင်း မှာပဲ”ဟု တဖွဖွပြောလေ့ရှိပါသည်။

ကျွန်တော်တို့ကို အသုံးပြုပါများသောကြောင့် အရမ်းပင်ပန်းရသူမှာ ကျွန်တော်တို့ မိတ်ဆွေကြီး ကျောက်ကပ် ဖြစ်ပါသည်။ ခန္ဓာကိုယ်ထဲတွင် အလုပ်လုပ်ပြီးသောအခါ ကျွန်တော်တို့ကို မလိုအပ်တော့ သောကြောင့် ကျောက်ကပ်မှတဆင့် ပြင်ပလောကကို ပြန်လည်ထွက်ခွါရမည်။ ကျွန်တော်တို့ကို သုံးပါများလျှင် ကျွန်တော်တို့ မိတ်ဆွေကြီးသည် မျက်နှာမကောင်းနိုင်တော့။ ကြာလာလျှင် ကျွန်တော်တို့ဖြတ်သန်းရာဖြစ်သည့် သူ၏ြွပန်ပေါက်ကလေးများ ပျက်စီးလာသည်။ “ကျွန်တော်တို့လိုဆေးမျိုးကို သောက်ပြီးရင် အရည်တွေ အများကြီးသောက်ပေးသင့်တယ်။ ဒီလိုဆိုရင် ကျွန်တော်တို့မိတ်ဆွေကြီး အရမ်းပင်ပန်းမှာမဟုတ်ဘူး” လို့ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သည့် Piroxicam ကလည်း တင်ပြထားသေးသည်။

ကျွန်တော်တို့ကြောင့် လူများအန္တရာယ်ဖြစ်ရသည်၊ အသက်ဆုံးရှုံးရသည်ကို ကြားလျှင် ကျွန်တော်တို့ လည်း ကာယကံရှင်မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းရသည်။ “ကျွန်တော်တို့ကို သုံးလို့ ဒီလိုဖြစ်ရတာ” ဟု စွပ်စွဲခဲ့လျှင် ကျွန်တော်တို့ ငြင်းဆန်ရန်ခက်ခဲသည်။ ကျွန်တော်တို့ကို မှားယွင်းစွာညွှန်ကြားခဲ့သူများ၊ မှားယွင်း စွာသုံးစွဲခဲ့သူများတွင်ရော အပြစ်မရှိဘူးလားဟု မေးကြည့်ချင်သည်။ အမှန်အတိုင်းပြောရလျှင် ဆရာဝန်များ၏ ဆေးခန်းထဲတွင် သိက္ခာရှိရှိနေရသည့်အခါမျိုးတွင် ကျွန်တော်တို့ ပျော်ရသည်။ တတ်သိနားလည်သည့် ဆေးဝါးနှင့်ပတ်သက်ပြီး တာဝန်ရှိသူများ၏ လက်ထဲတွင် နေရသည့်အခါ ကျွန်တော်တို့စိတ်ချမ်းသာရသည်။ တခြားဘုမသိ၊ ဘမသိ လမ်းဘေး ဆိုင်များတွင် မရပ်တည်ပါရစေနှင့်ဟု အကြိမ်ပေါင်းများစွာ ဆုတောင်း နေမိပါသည်။ ထိုနေရာမျိုးတွင် မနေချင်ပါ။ မနေသင့်လို့လည်း ကျွန်တော်တို့က ခံယူထားသည်။ သို့သော် လက်ခံထားသူက လက်ခံထားပြီး သုံးစွဲသူတွေက လွတ်လွတ်လပ်လပ်ကြီး သုံးစွဲနေသည့်အခါ ကျွန်တော်တို့ ပင့်သက်ရှိုက်ရုံကလွဲပြီး ဘာများတတ်နိုင်ပါဦးမလဲ ခင်ဗျာ။

.

.

နှင်းနုလွင် (ဆေးဝါး)

Health For All
June, 2010


 

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၂)

အစာနဲ့ဆေး တွဲမလား

ညီမလေးရေ

ညီမလေးအပါအဝင် အိမ်သားတွေအားလုံးနေကောင်းကြတယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒီတစ်ပါတ်တော့ မမဆီကို ညီမလေးထည့်ပေး လိုက်တဲ့စာက မြန်မြန်ရောက်လာတယ်။ စာထဲမှာ ညီမလေးက မေးထားတယ်နော်။ “ဆေးသောက် မယ်ဆိုရင် အစာနဲ့ပဲ အမြဲတမ်းတွဲသောက်ရမလား၊ အစာနဲ့ တွဲသောက်လို့ ရတဲ့ဆေး၊ မရတဲ့ ဆေးဆိုပြီးတော့ရော ရှိသေးလား၊ အစာမရှိတဲ့အချိန်ဆေးသောက်လို့ရော ရသလား” တဲ့။ ဟုတ်တာပေါ့။ ညီမလေးရယ်။ ဒါက လူတိုင်းသိသင့်တဲ့ မေးခွန်းပဲ။ မမတို့အားလုံးဟာ အစာရှိမှ ဆေးသောက်မယ်ဆိုတဲ့ အကျင့်ကို စွဲနေကြတယ်။ ဒီစကားဟာ မှန်တယ်ဆိုပြီး ပုံသေသတ်မှတ်လို့မရသလို မှားယွင်းတယ်လို့လည်း အတိအကျပြောလို့မရဘူး။

ဆေးဝါးနဲ့ အစားအစာတွေဟာ အချင်းချင်း အပြန်အလှန် သက်ရောက်မှုတွေ ပေးနိုင်ကျတယ်ညီမလေးရဲ့။ ဆေးတော်တော်များများဟာ မမတို့စားလိုက်တဲ့ အစားအသောက်တွေပေါ်မူတည်ပြီး အာနိသင်တွေ ပြောင်းလဲသွားတတ်တယ်။ ဆေးတွေအလုပ်လုပ်တာ နှေးသွားနိုင်သလို ဆေးအာနိသင်ပိုပြင်းထန်တာမျိုးတွေလည်း ဖြစ်တတ်တယ်လေ။ ဆေးတွေအလုပ်လုပ်တဲ့နေရာတွေမှာ ဟန့်တားလို့ ဆေးအာနိသင်လည်း ဆုံးရှုံးသွားတတ်တယ်ညီမလေးရဲ့။ ဒီတော့ ဆေးအားလုံးဟာ အစာနဲ့ တွဲသောက်ရမယ်ဆိုတာ မဟုတ်ဘူးပေါ့။ တချို့ဆေးတွေအတွက်ဆိုရင် ရှောင်ရမယ့် အစားအစာတွေကို သီးသန့်ဖော်ပြထားတတ်သလို၊ စားသုံးလို့ရတဲ့ အစားအစာတွေကိုလည်း ဆေးညွှန်းစာရွက်မှာ သေသေချာချာ ထည့်သွင်းထားပေးတယ် ညီမလေးရဲ့။

မမတို့တွေ ဆေးတစ်မျိုးကို သောက်လိုက်တယ် ဆိုပါစို့။ အဲဒီဆေးကို အစာအိမ်နဲ့ အူလမ်းကြောင်းက မစုပ်ယူနိုင်အောင် အစာတွေက တားမြစ်လိုက်တယ်။ ဒီတော့သွေးထဲက ဆေးပမာဏဟာ ရှိရမယ့် အတိုင်းအတာထက် နည်းသွားပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ ဘူးလေ။ ညီမလေးကြားဖူးမလားတော့ မသိဘူး။ အပြင်မှာတော့ (E-Mycin = Erythromycin) လို့ခေါ်ကြတဲ့ ပိုးသတ်ဆေးလေ။ သူဆိုရင် အစာနဲ့ အတူတွဲသောက်မိရင် အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူးညီမလေးရဲ့။ ဒီလိုဆေးမျိုးကိုကျတော့ အစာမရှိတဲ့အချိန် အကောင်းဆုံးကတော့ အစာမစားခင် ၁ နာရီ လောက်အလို ဒါမှမဟုတ် အစားစားပြီး ၂ နာရီလောက်ကြာတော့မှပဲ သောက်သင့်တာပေါ့ကွယ်။ မမတို့သိကျတဲ့ အမောက်စီဆီလင် (Amoxicillin) ၊ အမ်ပီဆီလင် (Ampicillin) လိုဆေးမျိုးတွေ ဟာလည်း ဒီအတိုင်းပဲပေါ့။

ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေ၊ နို့၊ ဒိန်ချဉ်လိုမျိုးတွေ၊ ကယ်လ်စီယမ် ဖြည့်စွက်အားဆေး တွေဟာ တက်ထရာဆိုက်ကလင်း (Tetracycline) လို ပိုးသတ်ဆေးတွေ၊ အရိုးပွရောဂါအတွက်သုံးတဲ့ ဆေးတွေရဲ့ အာနိသင်ကို ငုံပြီး ဖျက်စီးပစ်လိုက်တယ်လေ။ ဒီတော့ မမတို့သောက်လိုက်တဲ့ ဆေးတွေရဲ့ အာနိသင်ကို အပြည့်အဝ မရတော့ဘူး။ ရောဂါကုသရမယ့် သက်တမ်းက ပိုကြာသွားတာပေါ့ကွယ်။ ဒီတော့ ပိုးသတ်ဆေးသောက်ခါနီး ၂နာရီ၊ ၃ နာရီလောက်အလိုတည်းက နွားနို့သောက်တာ၊ နို့ပါတဲ့ အစားအစာတွေစားတာမျိုး မလုပ်နဲ့ပေါ့ ညီမလေးရယ်။

ဂရိတ်ဖရုသီးလိုမျိုး အသီးတွေဟာ ဆေးတော်တော်များများနဲ့ ဓါတ်ပြုနိုင်တယ်ညီမလေးရဲ့။ သူမှာလည်း ကောင်းတဲ့အချက်တွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဆေးတွေနဲ့တော့ တွဲသုံးလို့မရဘူး။ သူနဲ့ တွဲသုံးမိရင် ဆေးတွေဟာ ပြင်းထန်တဲ့အာနိသင်တွေကို ပေးလာနိုင်သလို ဆေးရဲ့အာနိသင်လည်း ပျက်သွားတတ်တယ် ညီမလေးရဲ့။ ဘေးထွက်ဆိုးကျိုးတွေကလည်း ပြင်းထန်နိုင်တယ်လေ။ ဒီတော့ ဆေးသောက်နေတဲ့အချိန် ဒီအသီးတွေစားတာ၊ အသီး ဖျော်ရည်နဲ့ တွဲသောက်တာမျိုးကို မလုပ်ရဘူးပေါ့။ အထူးသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဝက်ရူးပြန်ရောဂါ အတွက်ဆေးသောက်နေရတဲ့သူတွေ၊ အဆီချဆေးသောက်နေရတဲ့သူတွေဟာ ဂရိတ်ဖရုသီးကို အရမ်းသတိထားရတယ် ညီမလေးရဲ့။ ဖျော်ရည်လေး တစ်ခွက်ဖြစ်နေပါစေ မသင့်တော်ရင် ပေးလာတဲ့တုံ့ပြန်မှုဟာ အရမ်းပြင်းထန်လွန်းတော့ မမတို့အတွက် အန္တရာယ် ရှိလာတာပေါ့။

ဆီးချိုရောဂါရှိတဲ့သူတွေဟာ သူတို့ ခန္ဓာကိုယ်ထဲမှာ သကြားဓါတ်တွေ မများအောင်ဆိုပြီး ဆေးတွေသောက် ရတယ်လေ။ ဆီးချိုကျဆေးပေါ့ ညီမလေးရယ်။ ဒီဆေးတွေကျတော့ အစာမရှိတဲ့အချိန် သောက်လိုက်မိရင် သွေးသကြားပမာဏက အရမ်းထိုးကျသွားတယ်။ မူးတာ၊ ချွေးစေးတွေထွက်တာ၊ ခြေလက်တုန်တာကနေ ရှော့ခ်ရတဲ့ အထိဖြစ်နိုင်တယ်ညီမလေးရဲ့။ သူတို့တွေကျတော့ အစာစားခါနီး ဒါမှမဟုတ် အစာစားပြီးတဲ့အချိန်မျိုးမှာပဲ သောက်သင့်တာပေါ့နော်။ သံဓါတ်ပါတဲ့ အားဆေးသောက်တဲ့ သူတွေကျတော့ လဘက်ရည်၊ လဘက်တွေကိုမစားရဘူး။ ဒီလိုအစားအစာတွေကျတော့ သံဓါတ်ရဲ့ စုပ်ယူမှုကိုကျဆင်း စေတယ်။ သံဓါတ်ချို့တဲ့လို့ဆိုပြီး ဖြည့်စွက်အားဆေးကို လဘက်ရည်နဲ့သောက်ရင်တော့ အာနိသင်က ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးပေါ့ကွယ်။

တချို့ဆေးတွေကျတော့ ခန္ဓာကိုယ်ကို အန္တရာယ်ရှိလာနိုင်လို့ အစာနဲ့တွဲသောက်ပေးရတယ်ညီမလေးရဲ့။ အထူးသဖြင့် အဆစ်အမြစ်ရောင် ကိုက်တာမှာ အသုံးပြုတဲ့ဆေးတွေ၊ အိုင်ဗျူပရိုဖန် (Ibuprofen)၊ နပ်ပရိုဇန် (Naproxen)၊ ဒိုင်ကလိုဖန် (Diclofen) တို့လို အကိုက်အခဲပျောက်ဆေးတွေပေါ့။ ဒီလိုဆေးမျိုးတွေဟာ အစာအိမ်မှာ သက်ရောက်မှုအမျိုးမျိုးနဲ့ အန္တရာယ်ပေးနိုင်တယ်။ အစာနဲ့တွဲသောက်လိုက်တဲ့ အခါကျတော့ အစာက ဆေးနဲ့ အစာအိမ် နံရံထိတွေမှုကို ကာကွယ်ထားလိုက်ပြီး ဆေးကြောင့် အစာအိမ်ရောင်တာ၊ အစာမကြေဖြစ်တာတွေ နည်းသွားတယ်။

နောက်တခုက အရပ်ထဲမှာလူတွေ ဝယ်သုံးနေကြတဲ့ အကိုက်အခဲပျောက်ဆေးဆိုတာတွေလေ။ အဲဒီဆေးတွေမှာ အက်စပရင် (Aspirin) ပါတာကို တွေ့ရတယ်ညီမလေးရဲ့။ အဲဒီ အက်စပရင်ဟာ ကလေးတွေအတွက် လုံးဝမသင့်တော်ဘူး၊ အသည်းပျက် တတ်တယ်၊ အစာအိမ်သွေးကြောပေါက်ပြီး သွေးယိုတတ်တာပေါ့။ လူကြီးတွေသောက်တဲ့အခါလည်း ပမာဏာများရင် အရမ်းအန္တရာယ်ရှိလို့ သာမန်ခေါင်းကိုက်၊ ဖျားနာလို့ အကိုက်အခဲပျောက် ဆေးသောက်မယ်ဆိုရင်တောင် အရမ်းသတိထားရတာပေါ့။ ဒီတော့ ညီမလေးရေ အစာနဲ့တွဲသောက်ပါလို့ ညွှန်ကြားတဲ့ဆေးတိုင်းကို အစာနဲ့အတူတွဲသောက်လိုက်ပေါ့။ ဒါမှမဟုတ်ရင်လည်း အစာမစားခင် နာရီဝက်အလို၊ အစာစားပြီး နာရီဝက်အလိုမှာ သောက်သင့်တာပေါ့ကွယ်။ ဒါတွေကို မမတို့သုံးမယ့်ဆေးရဲ့ အညွှန်းမှာပါပါတယ်။

အင်္ဂလိပ်စာတတ်တဲ့သူတိုင်းဟာ ဆေးညွှန်းစာရွက်ရဲ့ အဓိပ္ပါယ်ကို အပြည့်အဝ နားလည်မှာမဟုတ်ဘူး။ သေသေချာချာ လေ့ကျင်သင်ကြားထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ပိုစိတ်ချရတာပေါ့။ ဒီတော့ ညီမလေးရယ် ကိုယ်သောက်မယ့်ဆေးနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ခု ရှင်းရှင်းလင်းလင်းမသိသေးလို့ရှိရင် ထပ်ထပ်ပြီး မေးဖို့ကို ဝန်မလေးပါနဲ့။ မသိလို့မေးတာကို မရှက်ပါနဲ့ကွယ်။ သေသေချာချာမသိဘဲ သုံးစေလိုက်မိရင် တကယ့်တကယ် နစ်နာမှာက လူနာပဲလေ၊ ဟုတ်တယ်မလား ညီမလေးရေ။ ဆေးခန်းတစ်ခုထဲက ထွက်လာပြီးတိုင်း ဆရာဝန်တွေ၊ ဆေးဝါးပညာရှင် တွေကို မေးသင့်တဲ့ မေးခွန်းလေးတွေကို ထပ်ပြီး ပြောပြလိုက်ဦးမယ်နော်။

ပထမဆုံး အချက်ကတော့ ဒီဆေးဘယ်လို အလုပ်လုပ်လဲဆိုတာမေးရမယ်လေ။ နောက်တစ်ချက်က ဘယ်လောက် ကြာကြာ သောက်ရမလဲ ဆိုတာပေါ့။ ဒီဆေးကို ဘယ်လိုအသုံးပြုရမယ်၊ ဘယ်အချိန်မှာ သောက်ရမလဲ ဆိုတာရယ်၊ ဒီဆေးသောက်နေတဲ့အချိန်မှာ တခြားဆေးတွေ၊ အစားသောက်တွေ၊ လှုပ်ရှားမှုတွေ ရှောင်ဖို့လိုမလို ဆိုတာတွေကိုလည်း မေးထားရမယ်နော်။ ဒီဆေးသောက်ရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ကြုံတွေလာနိုင်သလဲ ဆိုတာကိုလည်း သိထားရမယ် ညီမလေး။ ဒီလိုမျိုးတွေကို သိထားမှသာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေတွေ့ရရင် ဆေးကြောင့် ဖြစ်လာတာလား၊ ရောဂါရဲ့ လက္ခဏာလားဆိုတာကို ရှင်းရှင်းသိမှာပေါ့နော်။ တကယ်လို့ အဲဒီလိုမျိုး တွေဖြစ်လာရင်လည်း ဘယ်လိုလုပ်ပေးသင့် သလဲဆိုတာကိုပါ ထည့်မေးခဲ့ပါနော်။

ဆေးသောက်တဲ့အခါမှာလည်း ဆရာဝန်က တစ်စုံတစ်ရာသီးခြားထပ်ပြီး မညွှန်းကြားခဲ့ရင် အဲဒီဆေးကို ရေနဲ့သာ သောက်သင့်ပါတယ် ညီမလေးရယ်။ ဆေးတောင့်အခွံတွေကိုချွတ်ပြီး ကော်ဖီ၊ လဘက်ရည် ပူပူနဲ့ရော သောက်တာမျိုးကိုလည်း မလုပ်မိစေနဲ့နော်။ အပူက ဆေးတွေအလုပ်လုပ်တဲ့နေရာမှာ အဟန့်အတားဖြစ်စေ တတ်တယ် ညီမလေးရဲ့။ ဒီလိုပါပဲ။ တခြားအအေးတွေ၊ ဖျော်ရည်တွေနဲ့ တွဲသောက်တာမျိုးလည်း ရှောင်ရမယ်နော်။

ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေကို မမေးဘဲနဲ့ ဆေးဖြတ်တာ၊ ဆေးလျော့သောက်တာ၊ အချိန်ပြောင်း သောက်တာမျိုးကိုလည်း မလုပ်ရဘူး။ ဆေးတွေကို ချေတာ၊ ချိုးတာ၊ ဝါးစားတာမျိုးလည်း မလုပ်ပါနဲ့နော်။ အဲဒီလိုလုပ်ဖို့ လုပ်ဖို့လိုအပ်တဲ့ဆေးဆိုရင်လည်း ဆရာဝန်က အသေးစိတ် ထပ်ပြောပါလိမ့်မယ်။ တကယ်လို့ ဆေးလုံးတွေ၊ ဆေးတောင့်တွေကို မျိုချဖို့ ခက်ခဲတဲ့သူတွေဆိုရင်လည်း မိမိနဲ့ အဆင်ပြေနိုင်တဲ့ ဆေးရည်ပုံစံရနိုင်မလား ဆိုတာကို မေးရမယ်။ ဘယ်ဆေးကိုပဲသောက်သောက်၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုယူဖို့တော့ မမေ့ပါနဲ့ ညီမလေး။
မမ အခုပြောပြသွားတာတွေက ဆေးအားလုံးရဲ့ သဘောတရားကို ခြုံငုံပြီးတော့ ပြောပြသွားတာပါ။ တကယ့်တမ်းသောက်ရမယ့်သူရဲ့ အခြေအနေကိုလိုက်ပြီး သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက အသေးစိတ်အချက် အလက်တွေ၊ လိုအပ်ချက်တွေကို ပြောပြပါလိမ့်မယ်။ ဒီလိုဆိုရင် ညီမလေးသိချင်နေတဲ့ မေးခွန်းလေးတွေရဲ့ အဖြေကိုရှင်းရှင်းလင်းလင်း သိရပြီပေါ့နော်။ အပေါ်မှာရေးပြခဲ့တာတွေကို ညီမလေးအပါအဝင် အားလုံးက နားလည်လက်ခံပြီး လိုက်နာကြလိမ့်မယ်လို့ မမမျှော်လင့်ပါတယ်။

.

.

ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ
နှင်းနုလွင် (ဆေးဝါး)
စရဏမဂ္ဂဇင်း (မေ၊ ၂၀၁၀)


 

အမျိုးသမီးများ၏ တိတ်တဆိတ်ရန်သူများ

Filed under: ကျန်းမာ သုတ — thetsonehnin @ 6:09 AM
Tags:

“ပုခက်လွှဲတဲ့လက်ဟာ ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်စွမ်းရှိတယ်” ဆိုတဲ့ အဆိုကို လူတိုင်းသိကြပေမယ့် ပုခက်လွဲမယ့် လက်ပိုင်ရှင်အမျိုးသမီးတွေဟာ မထင်မရှားရောဂါတွေကို ခံစားနေရတာကိုတော့ လူတိုင်းမသိပါဘူး။ တချို့ အမျိုးသမီးတွေဆိုရင် မိမိတို့မှာ ဒီလိုမျိုးရောဂါတွေရှိနေတယ်ဆိုတာကိုတောင် မရိပ်စားမိကြပါဘူး။ ကမ္ဘာပေါ် မှာရှိတဲ့ သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ သူတို့ဆီကို တိတ်တဆိတ်ဝင်ရောက်နေတဲ့ အခြေအနေတွေကို သတိမထားမိကြပါဘူး။ အဲဒီရောဂါတွေဟာ သာမန်ဖြစ်နေကျ အပယိကနာဖျားမှု လက္ခဏာတွေကိုသာ ဟန်ပြ အနေနဲ့ ဖော်ပြတတ်တာကြောင့် တော်တော်များများက သူ့ကို ရောဂါတစ်ခုလို့ မသတ်မှတ်တော့ဘဲ ပေါ့ပေါ့ဆဆ နေမိတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ဘာကြောင့် မှန်းမသိဘဲ နုံးနေတာ၊ ပိန်လာတာ၊ ဝလာတာ၊ြွကက်သားများနာကျင်တာ၊ ဗိုက်နာတာ၊ ရာသီလာစဉ်ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတာမျိုးရှိလာခဲ့ရင်တော့ အဲဒီအမျိုးသမီးမှာ တစ်စုံတစ်ရာမှားယွင်းနေပြီလားဆိုတာကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

၁။ သားအိမ်အမြှေးပါး နေရာလွဲခြင်း (Endometriosis)


Endometrium ဆိုတာ သားအိမ်အတွင်းမှာ တည်ရှိနေတဲ့အလွှာဖြစ်ပြီး သူ့ဆီမှာ ဂလင်း (Glands)တွေ အများကြီးရှိပါတယ်။ အမျိုးသမီးတစ်ယောက်ရာသီသွေးပေါ်ချိန်ကနေ သားဥကြွေချိန်အတွင်း အဲဒီအလွှာဟာ ပိုပြီး ထူလာပါတယ်။ သားဥကြွေချိန်ရောက်လို့မှ သန္ဓေတည်ခွင့်မရဘူးဆိုရင်တော့ အဲဒီအလွှာဟာ ကွာကျပြီး အပြင်ကို သွေးတွေအနေနဲ့ထွက်သွားပါတယ်။ ဒါကို ရာသီလာတယ်လို့သတ်မှတ်ကြတာပါ။ သားအိမ်အမြှေးပါး နေရာလွဲ တယ်ဆိုတာကတော့ သားအိမ်အတွင်းမှာရှိရမယ့် Endometrium အလွှာဟာ တခြားနေရာတွေကို လွဲမှားစွာ ရောက်ရှိနေခြင်းပါ။ များသောအားဖြင့်တော့ ဝမ်းဗိုက်၊ ဆီးအိမ်တို့ဆီကို ရောက်တာများပါတယ်။
အဲဒီနေရာတွေမှာလည်း Endometrium အလွှာတွေဟာ ရာသီလာသလိုပဲ အချိန်တန်ရင် ကွာကျ နေပေမယ့် ဒီသွေးတွေဟာ အပြင်ကို ထွက်ခွင့်မရပါဘူး။ အဲဒီကနေသူတို့ဟာ အရည်အိတ်တွေအဖြစ် တဖြည်းဖြည်း ကြီးထွားလာပြီး ကြာလာရင် စပျစ်သီးခိုင်လိုမျိုး ဖြစ်လာပါတယ်။ ဒီအခါမှာ ပြင်းပြင်းထန်ထန်နာကျင်ခြင်း၊ အတွင်းပိုင်းမှာ သွေးယိုခြင်း၊ သွေးနှင့် တစ်သျှူးများ ပုပ်သိုးခြင်း၊ တစ်သျှူးများရောင်ရမ်းခြင်းတို့ကို နောက်ဆက်တွဲ အနေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။

သားအိမ်အမြှေးပါး နေရာလွဲခြင်း (Endometriosis) ဟာ ဆီးအိမ်တွေ၊ အူတွေရဲ့ အလုပ်လုပ်တဲ့နေရာ၊ လှုပ်ရှားတဲ့နေရာတွေမှာပါ အခက်အခဲတွေဖြစ်လာစေပါတယ်။ ဒီရောဂါကိုခံစားရတော့မယ်ဆိုရင် ရာသီလာစဉ်မှာ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ခြေထောက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ အမျိုးသားနှင့် အတူနေစဉ်နာကျင်ခြင်း၊ ဆီးသွားစဉ် နာခြင်း (သို့) ပူခြင်း၊ ဝမ်းဗိုက်ြွကက်တက်ခြင်း၊ ဆီးသွားရင်း သွေးပါခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ရာသီလာစဉ်နာကျင်တယ် ဆိုတာကို ပုံမှန်ဆိုပြီး ပေါ့ပေါ့တန်တန်သဘောမထားဘဲ နောက်ဆက်တွဲလက္ခဏာ တွေကို မျက်ချေမပြတ် စောင့်ကြည့်သင့်ပါတယ်။

.

၂။ တာရှည်ပင်ပန်းမှုရောဂါစု (Chronic Fatigue Syndrome – CFS)

CFS ကိုခံစားရတဲ့အမျိုးသမီးတွေကျတော့ အကြောင်းရင်းမရှိဘဲ မောပန်းနေတတ်ပါတယ်။ မောပန်း နွမ်းနယ်မှုဟာ အရမ်းပြင်းထန်တာကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို အဟန့်အတားဖြစ်လာပါတယ်။ ညဘက်တွေမှာကောင်းစွာ အိပ်စက်ပြီးအနားယူတာတောင် ပင်ပန်းနွမ်းနယ်မှုတွေဟာ ပျောက်ကွယ်မသွားပါဘူး။ ရုတ်တရက် ဆက်တိုက်ပင်ပန်းနေတာမျိုးဖြစ်တတ်သလို ပြတ်တောင်းပြတ်တောင်းနဲ့ ပြင်းပြင်းထန်ထန် ခံစားရ တတ်တာမျိုးလည်းရှိပါတယ်။ ဒီလိုခံစားရတာတွေဟာ လပေါင်းများစွာကနေ နှစ်တွေအထိတောင် ကြာတတ် ပါတယ်။

များသောအားဖြင့်တော့ CFS ဟာ လေပြွန်ရောင်တာ၊ အသည်းရောင်တာ၊ အူနဲ့ပတ်သက်တဲ့ရောဂါတွေ၊ ရိုးရိုးအအေးမိတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ တွေ့ရတတ်ပါတယ်။ တခါတလေတော့လည်း ဘာရောဂါနဲ့ မှမတွဲဘဲ သီးခြားခံစားရတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ ပြင်းထန်ပြီး အမြဲ လိုလိုခံစားနေရမယ်၊ အလုပ်အကိုင်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကိုပါ ထိခိုက်လာမယ်ဆိုရင်တော့ သက်ဆိုင် ရာဆရာဝန်နဲ့ပြသပြီး ရောဂါအကြောင်း ဆွေးနွေးဖို့လိုအပ်လာပါပြီ။
CFS ကိုကုသမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုပါ ထည့်တွက်ရပါလိမ့်မယ်။ CFS ကို အပြီးတိုင်သက်သာပျောက်ကင်းစေတယ်ဆိုတဲ့ ဆေးမျိုးတော့ မရှိသေးပါဘူး။ လောလောဆယ် သက်သာဖို့၊ ကာကွယ်ဖို့လောက်ပဲ တတ်နိုင်ပါတယ်။ အားကစားလုပ်တာကတော့ ရုပ်ပိုင်းဆိုင်ရာ နွမ်းနယ်မှုတွေကို သက်သာစေပြီး စိတ်ကျရောဂါရဲ့လက္ခဏာဆိုရင်လည်း စိတ်ကျရောဂါကိုကုသတဲ့ ဆေးများကို သုံးစွဲပေးရင် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

CFS ဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ အခုထက်ထိ တိတိကျကျ မသိရသေးပါဘူး။ သွေးထဲမှာ သံဓါတ်နည်းနေခြင်း၊ သွေးတွင်းသကြားဓါတ်လျော့ကျနေခြင်း၊ ပတ်ဝန်းကျင်နှင့် ဓါတ်မတည့်မှု၊ မှိုစွဲကပ်ခြင်း တို့ကြောင့် ဖြစ်ရတယ်လို့လည်းခန့်မှန်းကြပါတယ်။ CFS ခံစားနေရတဲ့ အမျိုးသမီးတွေဟာ အချိန်ကြာလာတာနဲ့ အမျှ စိတ်ကျရောဂါကိုပါ တွဲဖက်ခံစားရတတ်တာကြောင့် သတိထားဖို့လိုပါတယ်။ ခေါင်းကိုက်ခြင်း၊ ပြန်ရည်ကျိတ်များနာကျင်ခြင်း၊ နုံးနေခြင်း၊ အားနည်းခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာခြင်း၊ အာရုံမစိုက်နိုင် ခြင်းတို့ဟာ CFS ကို ကြိုတင်သိနိုင်တဲ့ သဲလွန်စတွေဖြစ်တာကြောင့် အဲဒီလက္ခဏာတွေထဲက ၄ ခုလောက်ရှိနေရင် CFS ဖြစ်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။

.

၃။ မျှင်ထြွူကက်သားများရောင်ရမ်းခြင်း (Fibromyalgia)


မျှင်ထြွူကက်သားတွေ ရောင်ရမ်းတယ်ဆိုတာ ကြွက်သားတွေ၊ အရိုးတွေကိုတွယ်ဆက်ထားတဲ့ အရွတ်တွေ၊ အရိုးတွေကို ဆိုင်းထားတဲ့တွယ်ဆက်တစ်သျှူးတွေ ရောင်ရမ်းတာပါပဲ။ ဆေးပညာအသုံးအနှုန်းနဲ့ဆိုရင်တော Fibromyalgia Syndrome လို့သတ်မှတ်ကြပါတယ်။ လူနာတွေအနေနဲ့ အလုပ်ပင်ပင်ပန်းပန်းလုပ်ထားရသလို နာကျင်နေတတ်ပါတယ်။ ဒီရောဂါဟာ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ အဖြစ်များပြီး အထူးသဖြင့် ကျောင်းဆရာမ၊ စက္ကထရီ၊ အရောင်းဝန်ထမ်း၊ သူနာပြုတွေမှာ ပိုပြီး ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုးခံစားရတဲ့အချိန်တွေမှာ အမျိုးသမီးတွေအနေနဲ့ ဘာကိုမှ မလုပ်ဘဲငြိမ်နေခြင်းထက် မိမိတို့နှစ်သက် တဲ့ ပုံမှန်အလုပ်တွေကို ဆက်ပြီး လုပ်နေသင့်ပါတယ်။ အပြင်ကို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ အလည်အပတ်သွားတာ၊ အာဟာရပြည့်ဝတဲ့ အစားအစာ တွေစားသောက်တာ၊ အပြည့်အဝ အနားယူတာ၊ အိပ်စက်တာတွေကိုတော့ အထူးဂရုစိုက်ပြီး လုပ်ပေးသင့်ပါတယ်။ Fibromyalgia ခံစားရတဲ့သူတွေဟာ ခြေထောက်တွေပုံပျက်သွားတာ၊ မသန်စွမ်းတော့တာမျိုးအထိဖြစ်တာကတော့ နည်းပါတယ်။ ရောဂါလက္ခဏာ တော်တော် များများဟာ ဆေးကုသမှု ခံယူတာလိုက်တာနဲ့သက်သာသွားတတ်ပါတယ်။

ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကူးစက်ဝင်ရောက်တာ၊ အက်ဆီးဒင့်၊ ဂေါက်ရောဂါ၊ အရိုးအဆစ်များ ရောင်ကိုက်တာ အပါအဝင် တခြားရောဂါတွေကြောင့် Fibromyalgia ဟာ ပိုဆိုးရွားသွားတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်မှာ ကြွက်သားများနာကျင်ခြင်း၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (ဒီလက္ခဏာကတော့ သားအိမ်အမြှေးပါး နေရာလွဲခြင်းနဲ့မှားတတ်ပါတယ်)၊ နုံးခြင်း၊ ကြာရှည်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ကျဉ်ခြင်း၊ အိပ်စက်ချိန်မမှန်ခြင်းတို့ရှိလာရင် သတိထားပေးဖို့လိုအပ်ပါတယ်။

.

၎။ Lupus

မိမိရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရန်သူအမှတ်နဲ့ ပြန်ဖျက်ဆီးပစ်တတ်တဲ့ Lupus လို့အမည်ရတဲ့ရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၉ ဆပိုပြီးဖြစ်နိုင်တဲ့ရောဂါတစ်ခုပါ။ အလွယ်ကူဆုံးပြောရရင် Lupus ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်ခံစွမ်းအားအဖွဲ့အစည်းကို အလုပ်ပိုလုပ်လိုက်စေတာပါပဲ။ ဒီအတွက် ခန္ဓာကိုယ် မှာရှိတဲ့ အလိုအလျောက် တုံ့ပြန်တဲ့အဖွဲ့အစည်း Auto Immune System ဟာ တစ်သျှူးတွေကို ပြန်ဖျက်ဆီး ပစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ကိုသာ ထိခိုက်ခဲ့ရင် အသက်ကိုတောင် အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် စောစောစီးစီး ရောဂါရှာတွေ့ဖို့နဲ့ ကုသမှုခံယူဖို့ဟာ အရမ်းကိုအရေးကြီးပါတယ်။ ဒီရောဂါကိုကုသတဲ့နေရာမှာလည်း ရောင်ရမ်းမှုကို လျော့ချဖို့၊ လက္ခဏာတွေကို သက်သာဖို့လောက်သာ စွမ်းဆောင်နိုင်ပြီး အပြီးတိုင်ပျောက်ကင်းအောင်တော့ တာဝန်မယူနိုင်သေးပါဘူး။

Lupus ရဲ့ လက္ခဏာတွေကတော့ အမျိုးမျိုးပါပဲ။ များသောအားဖြင့်တော့ အနီရောင်အကွက်တွေဟာ နှာတံကိုအခြေပြုကာ ပါးပြင်နှစ်ဘက်ကို လိပ်ပြာပုံစံမျိုးနဲ့ ထွက်လာတာတွေ့ရတတ်ပါတယ်။ တုတ်ကွေးမိတာ နဲ့တူတဲ့ လက္ခဏာတွေ၊ မောပန်းခြင်း၊ ဖျားခြင်း၊ အစာစားချင်စိတ်နည်းလာခြင်း၊ ပျို့အန်ခြင်း၊ အဆစ်နာခြင်း၊ ပိန်လာခြင်း၊ သွေးအားနည်းခြင်း၊ ကျောက်ကပ်ပျက်စီခြင်း၊ အရိုးအဆစ်များရောင်ကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ဟာ အဖြစ်များတာကြောင့် ဒီလိုလက္ခဏာတွေပေါ်လာရင် မပေါ့ဆသင့်တော့ပါဘူး။

.

၅။ သိုင်းရွိုက်ပြဿနာများ (Thyroid Problems)

လည်ပင်းမှာရှိတဲ့ ဖဲပြားပုံသိုင်းရွိုက်အကျိတ် Thyroid Gland ကနေထွက်တဲ့ သိုင်းရွိုက်ဟော်မုန်း Thyroid Hormone ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေအားလုံးရဲ့ အလုပ်လုပ်တဲ့နေရာမှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ အဲဒီ သိုင်းရွိုက်ဟော်မုန်းနည်းသွားတာ Hypothyroidism၊ များသွားတာ Hyperthyroidism တွေဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အခုလိုသိုင်းရွိုက်မှာ ပြဿနာဖြစ်ရတာဟာလည်း ခန္ဓာကိုယ် မှာရှိတဲ့ ကိုယ်ခံစွမ်းအားအဖွဲ့အစည်း အလုပ်လုပ်တာနဲ့ သက်ဆိုင်နေပါတယ်။ အကြောင်းအရင်း အမျိုးမျိုးကြောင့် Auto Immune System ကနေ Antibodies တချို့ကိုထုတ်လိုက်ပြီး သူတို့က Thyroid Gland ကို သွားပြီး အနှောင့်အယှက်ပေးပါတယ်။ သူတို့ကြောင့် Thyroid Gland ဟာ ပိုပြီးအလုပ်လုပ်လာကြသလို အလုပ်လုပ်နိုင်တဲ့ စွမ်းအားတွေလည်း လျော့ကြသွားတတ်ပါတယ်။

သိုင်းရွိုက်နဲ့ပတ်သက်တဲ့ရောဂါတွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေဆီမှာဖြစ်ပေါ်ဖို့ အခွင့်အလမ်း ၅ ဆပိုများပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း အသက် ၂၀ နဲ့ ၄၀ကြားမှာ ပိုပြီး အဖြစ်များပါတယ်။ ကူးစက်ပိုးဝင်ရောက်ပြီးချိန်တွေ၊ ဖျားနာပြီးချိန်တွေမှာ တွေ့ရသလို စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေဟာလည်း ဒီရောဂါတွေရစေတဲ့ အကြောင်းအရင်းတွေလို့ သတ်မှတ်ကြပါတယ်။ အားလုံးထဲမှာ အဖြစ်နိုင်ဆုံးကတော့ မိသားစု မျိုးရိုးရောဂါအခံပါပဲ။ သိုင်းရွိုက်ဟော်မုန်းနည်းတာဟာ စိတ်ကျရောဂါလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ စိတ်ကျရောဂါကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းသွားတာ မဟုတ်ပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းသွားရင်တော့ စိတ်ကျရောဂါရနိုင်ပါတယ်။

အမျိုးသားတွေထက်စာရင်တော့ အမျိုးသမီးတစ်ယောက်ဟာ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ လက္ခဏာတွေကို ပိုပြီးသတိထားရတယ်။ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ သိုင်းရွိုက်စစ်ဆေးတာဟာ အရေးအကြီးဆုံးပါပဲ။ မိခင်ဖြစ်သူသာ သိုင်းရွိုက် ဟော်မုန်းနည်းနေရင် သန္ဓေသားရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဟာ နှောင့်နှေးလာပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတာကတော့ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၄၀ အောက်၊ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာပိုပြီးတွေ့ရပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းချိန်၊ များချိန်မှာဖြစ်တတ်တဲ့ လက္ခဏာတွေဟာ မတူပါဘူး။
သိုင်းရွိုက်ဟော်မုန်းနည်းတဲ့သူတွေမှာ မောပန်းခြင်း၊ စိတ်ကျခြင်း၊ ခန္ဓာကိုယ်အပူချိန်ကျခြင်း၊ ဝလာခြင်း၊ အရေပြားများ ခြောက်ပြီး ယားခြင်း၊ အမွေးများခြောက်ပြီး ကြမ်းလာခြင်း၊ ကျွတ်ထွက်ခြင်း၊ နှလုံးခုန် နှုန်းနှေးလာခြင်း၊ ဝမ်းချုပ်ခြင်း၊ မှတ်ဥာဏ်ချို့တဲ့ခြင်း၊ အာရုံစိုက်ရန်ခက်ခဲခြင်း၊ အသံဩလာခြင်း၊ ရာသီမမှန်ခြင်း၊ သွေးဆင်းလွန်းခြင်း၊ ကြွက်သားများနာခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း၊ အဆီတက်ခြင်း၊ လည်ပင်းကြီးခြင်းတို့ကို တွေ့ရတတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများတဲ့အမျိုးသမီးတွေမှာတော့ ဂဏာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း၊ ချွေးထွက်များခြင်း၊ အစာစားချင်စိတ်ပြောင်းလဲလာခြင်း၊ အိပ်မပျော်ခြင်း၊ြွကက်သားတွေ အားနည်းခြင်း၊ ခြေလက်တုန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရာသီသွေးနည်းလာခြင်း၊ လည်ပင်းကြီးခြင်း တို့ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများနေတဲ့အမျိုးသမီးတွေဟာ အရိုးပွရောဂါ၊ နှလုံးခုန်မမှန်တဲ့ရောဂါမျိုး တွေကို ပိုခံစားရပါတယ်။

အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အလေးထားစောင့်ရှောက်ခြင်းဟာ အနာဂတ်တွေကို လှပအောင် ဖန်တီး ခြင်းပါပဲ။ တချို့ရောဂါတွေဆိုရင် မိခင်ဆီကနေ သားသမီးဆီကို လက်ဆင့်ကမ်းသယ်သွားပြီး အမွေအဖြစ် လက်ခံရတတ်တာကြေင့် မိခင်ဖြစ်သူအနေနဲ့ မိမိမှာ ဘယ်လိုချို့ယွင်းချက်တွေ၊ မူမမှန်တဲ့အခြေအနေတွေ ရှိနေသလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး။ တိတ်တဆိတ်ဝင်ရောက်လာနိုင်တဲ့ ရန်သူတွေကို မိမိတို့ဘက်က လက်ဦးမှုယူထားဖို့ အရေးကြီးပါတယ်။ “ကုသခြင်းထက် ကာကွယ်ခြင်းဟာ ပိုထိရောက်တယ်” ဆိုတာကိုလည်း ရှေ့အဆက်ဆက်တည်းက ဆိုခဲ့ပါပြီ။ ဒါကြောင့် မိခင်မှစပြီး ဘဝတွေအားလုံး သာယာစေဖို့အတွက် ခန္ဓာကိုယ်ရဲ့ ကိုက်ခဲမှုတိုင်း၊ နာကျင်မှုတိုင်းကို မျက်ခြေမပြတ်ခြေရာခံကြည့်ကြပါစို့။

.

.

နှင်းနုလွင် (ဆေးဝါး)
စရဏမဂ္ဂဇင်း (ဇွန်၊ ၂၀၁၀)

 

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၁)

ဆေးသောက်ရင် သတိထားရမယ့် လူတန်းစားတွေ 


ညီမလေးရေ

အရင်အပတ်က ညီမလေးဘွဲ့ယူရတယ်နော်။ မမရဲ့မျက်စိထဲမှာတော့ ကလေးလို့ ထင်နေရတဲ့ ညီမလေးဟာ အခုဆိုရင် ပညာရေးတက္ကသိုလ်က ချီးမြှင့်တဲ့ ဒီဂရီတစ်ခုကို ပိုင်ဆိုင်ပြီးလို့ ကျောင်းဆရာမကြီး ဖြစ်နေပြီပေါ့ကွယ်။ ရိုးသားပြီး ထက်မြက်တဲ့၊ စိတ်ကောင်းရှိတဲ့ညီမလေးအတွက် တကယ့်ကိုဂုဏ်ယူပါတယ် ညီမလေးရေ။ ကလေးတွေကို အသိပညာ၊ အတတ်ပညြွာကယ်ဝ အောင်သင်ပေးနေရတဲ့ ညီမလေးကို ပြောပြချင်တဲ့ စကားတွေက အရမ်းများ နေတယ်ကွယ်။ အခုလောလောဆယ်တော့ အင်တာနက်ကနေ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်က ညီမလေးဆီကို ဒီစာရေးဖို့ တွန်းအားတွေပေးနေတယ်လေ။ ညီမလေးဆီကနေ တပည့်တွေဆီကို ပျံနှံ့သွားပြီး သူတို့လေးတွေပါ သိသွားစေချင်ပါတယ် ညီမလေးရယ်။ အနောက်နိုင်ငံက တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုပေါ့။ ဖြစ်ပုံကဒီလို ညီမလေးရေ။

အသက် (၅)နှစ်လောက်ရှိတဲ့ ကလေးလေးတစ်ယောက်ဟာ မနက်အိပ်ရာနိုးတဲ့အချိန်တည်းက ချောင်းတွေ အရမ်းဆိုးနေတယ်။ အမေကလည်း အလုပ်သွားခါနီးပြီပေါ့ကွယ်။ အမေရဲ့ အလုပ်ချိန်က မနက် ၈နာရီတဲ့။ ကလေးရဲ့ ကျောင်းကားက ၈နာရီခွဲမှ လာတယ်။ ဒီတော့ ကလေးကို အိမ်နီး နားချင်းနဲ့အပ်ပြီး သူကတော့ အလုပ်သွားလေ့ရှိတယ်။ အိမ်နီးချင်းမှာလည်း ရွယ်တူသားလေးတစ်ယောက်ရှိတော့ အဆင်ပြေတာပေါ့။ အဲဒီနေ့ မနက်ကလည်း ထုံးစံအတိုင်း အလုပ်သွားဖို့ပြင်ဆင်နေတယ်။ ကလေးကို ချောင်းဆိုးပျောက်ဆေးရည် တစ်မျိုးတိုက်၊ အိမ်နီးချင်းဆီမှာ အပ်ပြီး အလုပ် သွားတယ်။ ကလေးကို ဆေးတိုက်ထားခဲ့တဲ့အကြောင်းကိုတော့ မပြောဖြစ်ခဲ့ဘူးပေါ့။ သူထွက်သွားပြီး မိနစ် ၂၀လောက် ကြာတဲ့အထိ ကလေးက အဆက်မပြတ်ချောင်းဆိုးနေသေးတယ်။ ဒါနဲ့ ကလေးကိုကြည့်ပေးတဲ့ အိမ်နီးချင်းကလည်း သူ့အိမ်မှာရှိတဲ့ ချောင်းဆိုးပျောက်ဆေး ထပ်တိုက်လိုက်တယ်။

ကျောင်းကားလာတော့ ကလေးတွေကိုတင်ပေးလိုက်ပြီး သူကတော့သူအလုပ်သူဆက်လုပ်ရင်း ကျန်ခဲ့တာပေါ့။ အဲဒီကလေးလေး ကျောင်းကို ရောက်တော့ ပြဿနာဖြစ်ပါရော ညီမလေးရေ။ ကလေးလေးက ချွေးတွေပြန်ပြီး နှလုံးခုန်တာတွေမြန်လာတယ်။ အသက်ရှုကျပ်လာတယ်။ ကျောင်းဆရာမလေးကလည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးပေါ့ကွယ်။ ကြည့်နေရင်းနဲ့ အခြေအနေဆိုးလာတော့ ဆရာဝန်ခေါ်ပြတယ်။ သူတို့ကျောင်းမှာတော့ ဆရာဝန်ရှိတာပေါ့။ ဒါပေမယ့် ဆရာဝန်ဆီရောက်ပြီးလို့အချိန်ပိုင်းလေးအတွင်းမှာပဲ ကလေးဟာ ဆုံးသွားတယ်။ ဘယ်သူမှမထင်မှတ်ထားတဲ့ အခြေအနေပေါ့ကွယ်။

အမှန်တော့ ကလေးလေးဟာ လမစေ့ဘဲမွေးထားတဲ့ကလေးဖြစ်ပြီး သူ့ရဲ့နှလုံးကလည်း ပုံမှန်မဟုတ်ဘူး။ သူကိုတိုက်လိုက်မိတဲ့ဆေးက နှလုံးခုန်တာကို သွားပြီးထိခိုက်တဲ့ ဆေးဖြစ်နေတယ်လေ။ တိုက်လိုက်တဲ့ ဆေးတွေမှာ ပါဝင်တဲ့ပစ္စည်းချင်းကလည်း အတူတူပဲဖြစ်နေတော့ ဆေးပမာဏအရမ်းမြင့်သွားတာပေါ့။ ဒါက နှလုံးကိုလာပြီး သက်ရောက်တော့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေဖြစ်သွားတာပေါ့ကွယ်။ မိဘတွေအနေနဲ့လည်း မနက်မြင်၊ နေ့လယ်ပျောက်သွားတဲ့အဖြစ်ဆိုတော့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အဖြစ်အပျက်လေ။ ဒါနဲ့ မိဘတွေက တရားစွဲတယ်တဲ့။ သူမသိခင်ဆေးတိုက်တဲ့ အိမ်နီးချင်းကိုရော၊ ဆရာဝန်ကိုရောတဲ့။ ဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ မသိဘူးပေါ့။
အဲဒါပဲ ညီမလေးရေ။ ဆေးဝါးတွေသုံးစွဲတယ်ဆိုတာ အရမ်းသတိထားရတယ်။ အရပ်စကားနဲ့ဆိုရရင် “ဆေးဝါး ဆိုတာ နတ်ကြီးတယ်” လို့ ပြောရမလားပဲ။ မမတို့လူမျိုးတွေဆိုရင်လည်း အရမ်းကို စိတ်ထားကောင်းကြတယ်။ အရမ်းကူညီချင်ကြတယ်လေ။ မိမိနေမကောင်းတုန်းက ဆေးသောက်လိုက်လို့ပျောက်သွားရင် အိမ်နီးနားချင်းတွေ နေမကောင်းဖြစ်ရင်လည်း အဲဒီဆေးကိုပဲ သောက်ဖို့လမ်းညွှန်တတ်ကြတယ်။ တချို့ဆိုရင် မိမိမသောက်ဘဲ ချန်ထားတဲ့ဆေးကိုတောင် ပေးတတ်ကြတယ်လေ။ ဒီလိုမျိုးတွေကို ညီမလေးလည်း တွေ့ဖူးမှာပါ။ ကူညီချင်တဲ့ စိတ်ထားဟာ တကယ့်ကိုကောင်းပါတယ် ညီမလေးရယ်။ ဒါပေမယ့် မိမိကူညီပေးတာဟာ တစ်ဖက်သားကို နစ်နာစေတတ်တာကို ညီမလေးလည်း ခုနက ဖတ်ပြီးသွားရောပေါ့။

ဆေးပေးတဲ့နေရာမှာ အထူးသတိထားရတဲ့ လူတန်းစားကို အကြမ်းဖျင်းခွဲရင် ကလေး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်သည်ဆိုပြီး သုံးစု လောက်ခွဲလို့ရတယ်ညီမလေးရေ။ ပထမအုပ်စုဝင် ကလေးတွေအတွက်ပေးရမယ့် ဆေးဟာသူတို့နဲ့ တည့်တဲ့ဆေးတွေသာ ဖြစ်သင့်သလို သူတို့အသက်အရွယ်နဲ့ ညီညွှတ်တဲ့ ပမာဏလည်း ဖြစ်ဖို့လိုတာပေါ့။ တချို့ဆေးတွေဆိုရင် ကလေးတွေသောက်လို့မရဘူးလေ။ နောက်တစ်ခုက လူကြီးတွေ သောက်မယ့်ပမာဏအတိုင်း ကလေးကိုသွားပေးမိရင်အန္တရာယ်ရှိတာပေါ့ ညီမလေးရယ်။ သူတို့အတွက် တကယ်လိုအပ်တဲ့ ပမာဏထက် များနေတာကိုး။

တနေ့တည်းမှာပဲ ကလေးတွေကို စောင့်ကြည့်ပေးတဲ့သူတွေကလည်း အမျိုးမျိုးပဲလေ။ မိဘ၊ ကလေးထိန်း၊ ဆရာ ဆရာမ၊ အဖိုးအဖွားတွေ၊ စုံလို့။ ခုန ကလေးလေးကိုပဲ ကြည့်လေ။ မမတို့တုန်းကဆိုရင်လည်း အောက်က မောင်ညီမလေးတွေကို မမတို့က စောင့်ထိန်းပေးရတာ ညီမလေးမှတ်မိသေးတယ်မလား။ အဲဒီလို ကလေးကိုစောင့် ကြည့်ပေးတဲ့သူတွေအားလုံးဟာ ကလေးအကြောင်းကို သေသေချာချာ သိထား သင့်တယ် ညီမလေးရဲ့။ အထူးသဖြင့် ကလေးတွေနေမကောင်းရင် ဘယ်လိုဆေးပေးရတယ်ဆိုတာကို မှတ်ထားရတယ်။ ညီမလေးရဲ့တပည့်တွေ ဆိုရင်လည်း ဆယ်ကျော်သက်ကလေးတွေပဲလေ။ သူတို့ကိုပြောပြလိုက်ပါ ညီမလေးရယ်။ လူကြီးတွေ မသိဘဲ၊ မမေးမြန်းဘဲ သူတို့ရဲ့ မောင် ညီမလေးတွေကို ဆေးတွေဘာတွေကိုတိုက်လိုက်မိရင် “စာလေးနဲ့ ရေးမှတ်ထားပါ” လို့။ ကလေးငယ်လေးတွေက သူတို့ဘာဆေးတွေသောက်ထားတယ် ဆိုတာကို ပြောပြတတ်မှာ မဟုတ်ဘူးလေ။ ပြီးတော့လေ “ဆေးတွေကိုထားရင် ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမှာ ထားဖို့” ကိုလည်း ပြောပြလိုက်ပါကွယ်။

ဒုတိယအုပ်စုဖြစ်တဲ့ အသက်ကြီးတဲ့ အဖိုးအဖွားတွေအတွက်ကျတော့တစ်မျိုးပြောင်းပြီး စဉ်းစားပေးရတယ်။ မမတို့ဆီက ဆန်စက်ပိုင်ရှင်ဦးကြီးငြီးတာ ညီမလေးကြားဖူးတယ်မလား။ သူ့စက်က အရင်လောက် ဆန်မထွက်တော့ဘူး။ စပါးကျိတ်တဲ့အခါ ဆန်တွေကလည်း ကျေပြီး ဆန်ကွဲတွေပဲ ထွက်လာတယ်။ စက်ကအိုသွားပြီလို့ ပြောနေကျလေ။ မမတို့ရဲ့ ခန္ဓာကိုယ်ကြီးကလည်း အဲဒီဆန်စက်ကြီးလိုပေါ့ကွယ်။ အသက်ကလေး ရလာတာနဲ့ လုပ်နိုင်စွမ်းအားတွေ တဖြည်းဖြည်းလျော့ကျလာတယ်။ ဆေးတွေသောက်လိုက်ရင် လွယ်လွယ်မချေနိုင်တော့ဘူး။ သုံးပြီးလို့ စွန့်ထုတ်ရမယ့် ဆေးတွေကိုလည်းမြန်မြန် မစွန့်ပစ်နိုင်တော့ဘူးလေ။ ဒီလိုနဲ့ပဲ ဆေးတွေဟာ သူတို့ဆီမှာ စုပုံများပြားနေတတ်တယ်။ ဒါကြောင့် အဖိုးအဖွားတွေသုံးရမယ့် ဆေးပမာဏဟာ မမတို့လို “လူလတ်ပိုင်းတွေသောက်တဲ့ ပမာဏထက်နည်းတယ်” ဆိုတာကို ပြောပြထားလိုက်ပါ ညီမလေးရယ်။

ပြီးတော့ အဖိုးအဖွားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကြီး မပျောက်စီးရအောင် ကာကွယ်ဖို့ ဆေးတွေအမျိုးမျိုးကို တချိန်တည်းမှာ သောက်ရတာမျိုး လည်း ရှိတယ်လေ။ ဒါတွေကို သေသေချာချာဂရုစိုက်ပေးပါလို့ ကျောင်းသားတွေရော၊ သူတို့မိဘတွေကိုရော ပြောပြထားပါညီမလေး။ လူတွေ မှာတင် တစ်ဦးနဲ့တစ်ဦး မသင့်မြတ်တာတွေရှိတာမဟုတ်ဘူး။ ဆေးတွေမှာလည်း အဲဒီလို မတည့်တာတွေရှိတယ် ညီမလေး။ မတော်တဆသာ အဲဒီလို ဓါတ်ပြုမှုတွေဖြစ်ရင် အဖိုးအဖွားတွေဟာ ခံနိုင်ရည်ရှိမှာမဟုတ်ဘူးလေ။ ဒါကြောင့် လူကြီးတွေကို ဆေးတွေပေးမယ်ဆိုရင် “တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေကို မေးပြီးမှ ပေးဖို့” ပြောပြထားပါကွယ်။ လူကြီးတွေဟာ သူတို့ဘယ်ဆေးသောက်ပြီးသွားပြီလဲ၊ မသောက် ရသေးဘူးလဲဆိုတာကို မေ့လျော့နေတတ်တယ်လေ။ ဆေးတွေကိုလည်း အထားမှားတတ်ကြတယ်လေ။ တခါတလေဆိုရင် နှစ်ခါတောင် ထပ်သောက်မိတတ်တယ် ညီမလေးရဲ့။ ဒီတော့ အဖိုးအဖွားတွေ ဆေးမှန်မှန် သောက်ဖြစ်အောင် မြေးတွေက ကူညီပေးရမှာပေါ့။ “ဆေးတွေကို ဘူးအကန့်လေးတွေနဲ့ မနက်သောက်ဖို့လား၊ ညအတွက်လား” ဆိုတာကို ခွဲထည့်ထားပေးစေချင်တယ် ညီမလေးရယ်။

နောက်ဆုံးအုပ်စုကတော့ ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်တွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိခင်သောက်လိုက်တဲ့ ဆေးတွေဟာ ချက်ကြိုး ကနေ ကလေးဆီကို ရောက်သွားတယ်လေ ညီမလေး။ သောက်တာကတော့ အမေ၊ အာနိသင်ကျတော့ ကလေးပါ ရတာလေ။ အာနိသင် ဆိုတာကလည်း ကောင်းတာထက် ဘေးထွက်ဆိုးကျိုးခံစား ရတာကို ပြောတာပါ။ ညီမလေးလည်း မြင်ဖူးမှာပါ။ ကိုယ်လက်အင်္ဂါချို့တဲ့နေတဲ့ ကလေးငယ်တွေ၊ ဥာဏ်ရည် သိပ်မပြည့်ဝတဲ့ ကလေးတွေလေ။ ဒီလိုကလေးတွေဟာ မိခင်သောက်လိုက်တဲ့ ဆေးတွေကြောင့် ဖြစ်သွားတာ ဆိုရင်လေ ညီမလေး အံ့ဩနေမလားပဲ။

မအံ့ဩနဲ့ ညီမလေးရေ။ တချို့ဆေးတွေဆိုရင် လမစေ့ဘဲမွေးတာ၊ ကိုယ်ဝန်ပျက်ကျတာမျိုးအထိ ဖြစ်စေတတ်တယ်လေ။ သိပ်သနားဖို့ကောင်း တာပေါ့။ နို့တိုက်မိခင်တွေမှာလည်း ဒီအတိုင်းပဲလေ။ ချေဖျက်ပြီးသား ဆေးတွေကို နို့ရည်ထဲကနေ စွန့်ထုတ်ပစ်တော့ အမေရဲ့ဆေးကို နို့စို့ ကလေးကပါ ရတာပေါ့။ ဒီတော့ ညီမလေးရယ် ဘဝတွက်တာ သိမှတ်စရာလေးတွေ သင်ပြတဲ့ အချိန်မှာ မမပြောတာလေးတွေ နည်းနည်း လောက်စီထည့် ပြောပေးပါလားကွယ်။ ကလေးတွေဆိုတာ သူတို့သိတာတွေ မိဘတွေကို ပြန်ပြီး ဖောက်သည်ကျတတ်တယ်လေ။ တဆင့်စကား၊ တဆင့်နားကနေ တခြားသူတွေပါ သိသွားနိုင်တယ်လေ။ အဲဒီလိုဆိုရင် “ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ဆေးသောက်ချင်ရင် သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းတွေကို မေးသင့်တယ်” ဆိုတာ သူတို့အားလုံးလက်ခံလာပါလိမ့်မယ်ကွယ်။

မမရေးလိုက်တဲ့စာလည်း အတော်လေးရှည်နေပြီညီမလေးရေ။ ညီမလေးလည်း စာဖတ်ရတာ ညောင်းနေလောက်ပြီပေါ့။ ညီမလေးအတွက် ဗဟုသုတတွေ အများကြီး တိုးသွားမယ်လို့ မမထင်ပါတယ်ကွယ်။ မသိသေး တာတွေကိုသိရရင် ပျော်နေတတ်တဲ့ ညီမလေးလည်း စိတ်ကျေနပ်မှာပါ။ မမ မျက်စိထဲမှာ စာသင်နေရင်း ကလေးတွေကို ကျန်းမာရေးအသိပညာပေးနေတဲ့ ညီမလေးရဲ့ ပုံရိပ်ကလေးကို မြင်နေရတယ်။ သီးမှည့်တွေ တဝင်းဝင်းနဲ့တင့်တယ် နေစေဖို့၊ သီးကင်းလေးတွေ ဖြုတ်ခနဲ မကြွေစေဖို့ မမတို့အားလုံးကြိုးစားကျပါစို့လား ညီမလေးရယ်။

ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ
နှင်းနုလွင် (ဆေးဝါး)

စရဏမဂ္ဂဇင်း (ဧပြီ၊ ၂၀၁၀)