ဆေးသောက်ရင် သတိထားရမယ့် လူတန်းစားတွေ
ညီမလေးရေ
အရင်အပတ်က ညီမလေးဘွဲ့ယူရတယ်နော်။ မမရဲ့မျက်စိထဲမှာတော့ ကလေးလို့ ထင်နေရတဲ့ ညီမလေးဟာ အခုဆိုရင် ပညာရေးတက္ကသိုလ်က ချီးမြှင့်တဲ့ ဒီဂရီတစ်ခုကို ပိုင်ဆိုင်ပြီးလို့ ကျောင်းဆရာမကြီး ဖြစ်နေပြီပေါ့ကွယ်။ ရိုးသားပြီး ထက်မြက်တဲ့၊ စိတ်ကောင်းရှိတဲ့ညီမလေးအတွက် တကယ့်ကိုဂုဏ်ယူပါတယ် ညီမလေးရေ။ ကလေးတွေကို အသိပညာ၊ အတတ်ပညြွာကယ်ဝ အောင်သင်ပေးနေရတဲ့ ညီမလေးကို ပြောပြချင်တဲ့ စကားတွေက အရမ်းများ နေတယ်ကွယ်။ အခုလောလောဆယ်တော့ အင်တာနက်ကနေ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်က ညီမလေးဆီကို ဒီစာရေးဖို့ တွန်းအားတွေပေးနေတယ်လေ။ ညီမလေးဆီကနေ တပည့်တွေဆီကို ပျံနှံ့သွားပြီး သူတို့လေးတွေပါ သိသွားစေချင်ပါတယ် ညီမလေးရယ်။ အနောက်နိုင်ငံက တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုပေါ့။ ဖြစ်ပုံကဒီလို ညီမလေးရေ။
အသက် (၅)နှစ်လောက်ရှိတဲ့ ကလေးလေးတစ်ယောက်ဟာ မနက်အိပ်ရာနိုးတဲ့အချိန်တည်းက ချောင်းတွေ အရမ်းဆိုးနေတယ်။ အမေကလည်း အလုပ်သွားခါနီးပြီပေါ့ကွယ်။ အမေရဲ့ အလုပ်ချိန်က မနက် ၈နာရီတဲ့။ ကလေးရဲ့ ကျောင်းကားက ၈နာရီခွဲမှ လာတယ်။ ဒီတော့ ကလေးကို အိမ်နီး နားချင်းနဲ့အပ်ပြီး သူကတော့ အလုပ်သွားလေ့ရှိတယ်။ အိမ်နီးချင်းမှာလည်း ရွယ်တူသားလေးတစ်ယောက်ရှိတော့ အဆင်ပြေတာပေါ့။ အဲဒီနေ့ မနက်ကလည်း ထုံးစံအတိုင်း အလုပ်သွားဖို့ပြင်ဆင်နေတယ်။ ကလေးကို ချောင်းဆိုးပျောက်ဆေးရည် တစ်မျိုးတိုက်၊ အိမ်နီးချင်းဆီမှာ အပ်ပြီး အလုပ် သွားတယ်။ ကလေးကို ဆေးတိုက်ထားခဲ့တဲ့အကြောင်းကိုတော့ မပြောဖြစ်ခဲ့ဘူးပေါ့။ သူထွက်သွားပြီး မိနစ် ၂၀လောက် ကြာတဲ့အထိ ကလေးက အဆက်မပြတ်ချောင်းဆိုးနေသေးတယ်။ ဒါနဲ့ ကလေးကိုကြည့်ပေးတဲ့ အိမ်နီးချင်းကလည်း သူ့အိမ်မှာရှိတဲ့ ချောင်းဆိုးပျောက်ဆေး ထပ်တိုက်လိုက်တယ်။
ကျောင်းကားလာတော့ ကလေးတွေကိုတင်ပေးလိုက်ပြီး သူကတော့သူအလုပ်သူဆက်လုပ်ရင်း ကျန်ခဲ့တာပေါ့။ အဲဒီကလေးလေး ကျောင်းကို ရောက်တော့ ပြဿနာဖြစ်ပါရော ညီမလေးရေ။ ကလေးလေးက ချွေးတွေပြန်ပြီး နှလုံးခုန်တာတွေမြန်လာတယ်။ အသက်ရှုကျပ်လာတယ်။ ကျောင်းဆရာမလေးကလည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးပေါ့ကွယ်။ ကြည့်နေရင်းနဲ့ အခြေအနေဆိုးလာတော့ ဆရာဝန်ခေါ်ပြတယ်။ သူတို့ကျောင်းမှာတော့ ဆရာဝန်ရှိတာပေါ့။ ဒါပေမယ့် ဆရာဝန်ဆီရောက်ပြီးလို့အချိန်ပိုင်းလေးအတွင်းမှာပဲ ကလေးဟာ ဆုံးသွားတယ်။ ဘယ်သူမှမထင်မှတ်ထားတဲ့ အခြေအနေပေါ့ကွယ်။
အမှန်တော့ ကလေးလေးဟာ လမစေ့ဘဲမွေးထားတဲ့ကလေးဖြစ်ပြီး သူ့ရဲ့နှလုံးကလည်း ပုံမှန်မဟုတ်ဘူး။ သူကိုတိုက်လိုက်မိတဲ့ဆေးက နှလုံးခုန်တာကို သွားပြီးထိခိုက်တဲ့ ဆေးဖြစ်နေတယ်လေ။ တိုက်လိုက်တဲ့ ဆေးတွေမှာ ပါဝင်တဲ့ပစ္စည်းချင်းကလည်း အတူတူပဲဖြစ်နေတော့ ဆေးပမာဏအရမ်းမြင့်သွားတာပေါ့။ ဒါက နှလုံးကိုလာပြီး သက်ရောက်တော့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေဖြစ်သွားတာပေါ့ကွယ်။ မိဘတွေအနေနဲ့လည်း မနက်မြင်၊ နေ့လယ်ပျောက်သွားတဲ့အဖြစ်ဆိုတော့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အဖြစ်အပျက်လေ။ ဒါနဲ့ မိဘတွေက တရားစွဲတယ်တဲ့။ သူမသိခင်ဆေးတိုက်တဲ့ အိမ်နီးချင်းကိုရော၊ ဆရာဝန်ကိုရောတဲ့။ ဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ မသိဘူးပေါ့။
အဲဒါပဲ ညီမလေးရေ။ ဆေးဝါးတွေသုံးစွဲတယ်ဆိုတာ အရမ်းသတိထားရတယ်။ အရပ်စကားနဲ့ဆိုရရင် “ဆေးဝါး ဆိုတာ နတ်ကြီးတယ်” လို့ ပြောရမလားပဲ။ မမတို့လူမျိုးတွေဆိုရင်လည်း အရမ်းကို စိတ်ထားကောင်းကြတယ်။ အရမ်းကူညီချင်ကြတယ်လေ။ မိမိနေမကောင်းတုန်းက ဆေးသောက်လိုက်လို့ပျောက်သွားရင် အိမ်နီးနားချင်းတွေ နေမကောင်းဖြစ်ရင်လည်း အဲဒီဆေးကိုပဲ သောက်ဖို့လမ်းညွှန်တတ်ကြတယ်။ တချို့ဆိုရင် မိမိမသောက်ဘဲ ချန်ထားတဲ့ဆေးကိုတောင် ပေးတတ်ကြတယ်လေ။ ဒီလိုမျိုးတွေကို ညီမလေးလည်း တွေ့ဖူးမှာပါ။ ကူညီချင်တဲ့ စိတ်ထားဟာ တကယ့်ကိုကောင်းပါတယ် ညီမလေးရယ်။ ဒါပေမယ့် မိမိကူညီပေးတာဟာ တစ်ဖက်သားကို နစ်နာစေတတ်တာကို ညီမလေးလည်း ခုနက ဖတ်ပြီးသွားရောပေါ့။
ဆေးပေးတဲ့နေရာမှာ အထူးသတိထားရတဲ့ လူတန်းစားကို အကြမ်းဖျင်းခွဲရင် ကလေး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်သည်ဆိုပြီး သုံးစု လောက်ခွဲလို့ရတယ်ညီမလေးရေ။ ပထမအုပ်စုဝင် ကလေးတွေအတွက်ပေးရမယ့် ဆေးဟာသူတို့နဲ့ တည့်တဲ့ဆေးတွေသာ ဖြစ်သင့်သလို သူတို့အသက်အရွယ်နဲ့ ညီညွှတ်တဲ့ ပမာဏလည်း ဖြစ်ဖို့လိုတာပေါ့။ တချို့ဆေးတွေဆိုရင် ကလေးတွေသောက်လို့မရဘူးလေ။ နောက်တစ်ခုက လူကြီးတွေ သောက်မယ့်ပမာဏအတိုင်း ကလေးကိုသွားပေးမိရင်အန္တရာယ်ရှိတာပေါ့ ညီမလေးရယ်။ သူတို့အတွက် တကယ်လိုအပ်တဲ့ ပမာဏထက် များနေတာကိုး။
တနေ့တည်းမှာပဲ ကလေးတွေကို စောင့်ကြည့်ပေးတဲ့သူတွေကလည်း အမျိုးမျိုးပဲလေ။ မိဘ၊ ကလေးထိန်း၊ ဆရာ ဆရာမ၊ အဖိုးအဖွားတွေ၊ စုံလို့။ ခုန ကလေးလေးကိုပဲ ကြည့်လေ။ မမတို့တုန်းကဆိုရင်လည်း အောက်က မောင်ညီမလေးတွေကို မမတို့က စောင့်ထိန်းပေးရတာ ညီမလေးမှတ်မိသေးတယ်မလား။ အဲဒီလို ကလေးကိုစောင့် ကြည့်ပေးတဲ့သူတွေအားလုံးဟာ ကလေးအကြောင်းကို သေသေချာချာ သိထား သင့်တယ် ညီမလေးရဲ့။ အထူးသဖြင့် ကလေးတွေနေမကောင်းရင် ဘယ်လိုဆေးပေးရတယ်ဆိုတာကို မှတ်ထားရတယ်။ ညီမလေးရဲ့တပည့်တွေ ဆိုရင်လည်း ဆယ်ကျော်သက်ကလေးတွေပဲလေ။ သူတို့ကိုပြောပြလိုက်ပါ ညီမလေးရယ်။ လူကြီးတွေ မသိဘဲ၊ မမေးမြန်းဘဲ သူတို့ရဲ့ မောင် ညီမလေးတွေကို ဆေးတွေဘာတွေကိုတိုက်လိုက်မိရင် “စာလေးနဲ့ ရေးမှတ်ထားပါ” လို့။ ကလေးငယ်လေးတွေက သူတို့ဘာဆေးတွေသောက်ထားတယ် ဆိုတာကို ပြောပြတတ်မှာ မဟုတ်ဘူးလေ။ ပြီးတော့လေ “ဆေးတွေကိုထားရင် ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမှာ ထားဖို့” ကိုလည်း ပြောပြလိုက်ပါကွယ်။
ဒုတိယအုပ်စုဖြစ်တဲ့ အသက်ကြီးတဲ့ အဖိုးအဖွားတွေအတွက်ကျတော့တစ်မျိုးပြောင်းပြီး စဉ်းစားပေးရတယ်။ မမတို့ဆီက ဆန်စက်ပိုင်ရှင်ဦးကြီးငြီးတာ ညီမလေးကြားဖူးတယ်မလား။ သူ့စက်က အရင်လောက် ဆန်မထွက်တော့ဘူး။ စပါးကျိတ်တဲ့အခါ ဆန်တွေကလည်း ကျေပြီး ဆန်ကွဲတွေပဲ ထွက်လာတယ်။ စက်ကအိုသွားပြီလို့ ပြောနေကျလေ။ မမတို့ရဲ့ ခန္ဓာကိုယ်ကြီးကလည်း အဲဒီဆန်စက်ကြီးလိုပေါ့ကွယ်။ အသက်ကလေး ရလာတာနဲ့ လုပ်နိုင်စွမ်းအားတွေ တဖြည်းဖြည်းလျော့ကျလာတယ်။ ဆေးတွေသောက်လိုက်ရင် လွယ်လွယ်မချေနိုင်တော့ဘူး။ သုံးပြီးလို့ စွန့်ထုတ်ရမယ့် ဆေးတွေကိုလည်းမြန်မြန် မစွန့်ပစ်နိုင်တော့ဘူးလေ။ ဒီလိုနဲ့ပဲ ဆေးတွေဟာ သူတို့ဆီမှာ စုပုံများပြားနေတတ်တယ်။ ဒါကြောင့် အဖိုးအဖွားတွေသုံးရမယ့် ဆေးပမာဏဟာ မမတို့လို “လူလတ်ပိုင်းတွေသောက်တဲ့ ပမာဏထက်နည်းတယ်” ဆိုတာကို ပြောပြထားလိုက်ပါ ညီမလေးရယ်။
ပြီးတော့ အဖိုးအဖွားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကြီး မပျောက်စီးရအောင် ကာကွယ်ဖို့ ဆေးတွေအမျိုးမျိုးကို တချိန်တည်းမှာ သောက်ရတာမျိုး လည်း ရှိတယ်လေ။ ဒါတွေကို သေသေချာချာဂရုစိုက်ပေးပါလို့ ကျောင်းသားတွေရော၊ သူတို့မိဘတွေကိုရော ပြောပြထားပါညီမလေး။ လူတွေ မှာတင် တစ်ဦးနဲ့တစ်ဦး မသင့်မြတ်တာတွေရှိတာမဟုတ်ဘူး။ ဆေးတွေမှာလည်း အဲဒီလို မတည့်တာတွေရှိတယ် ညီမလေး။ မတော်တဆသာ အဲဒီလို ဓါတ်ပြုမှုတွေဖြစ်ရင် အဖိုးအဖွားတွေဟာ ခံနိုင်ရည်ရှိမှာမဟုတ်ဘူးလေ။ ဒါကြောင့် လူကြီးတွေကို ဆေးတွေပေးမယ်ဆိုရင် “တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေကို မေးပြီးမှ ပေးဖို့” ပြောပြထားပါကွယ်။ လူကြီးတွေဟာ သူတို့ဘယ်ဆေးသောက်ပြီးသွားပြီလဲ၊ မသောက် ရသေးဘူးလဲဆိုတာကို မေ့လျော့နေတတ်တယ်လေ။ ဆေးတွေကိုလည်း အထားမှားတတ်ကြတယ်လေ။ တခါတလေဆိုရင် နှစ်ခါတောင် ထပ်သောက်မိတတ်တယ် ညီမလေးရဲ့။ ဒီတော့ အဖိုးအဖွားတွေ ဆေးမှန်မှန် သောက်ဖြစ်အောင် မြေးတွေက ကူညီပေးရမှာပေါ့။ “ဆေးတွေကို ဘူးအကန့်လေးတွေနဲ့ မနက်သောက်ဖို့လား၊ ညအတွက်လား” ဆိုတာကို ခွဲထည့်ထားပေးစေချင်တယ် ညီမလေးရယ်။
နောက်ဆုံးအုပ်စုကတော့ ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်တွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိခင်သောက်လိုက်တဲ့ ဆေးတွေဟာ ချက်ကြိုး ကနေ ကလေးဆီကို ရောက်သွားတယ်လေ ညီမလေး။ သောက်တာကတော့ အမေ၊ အာနိသင်ကျတော့ ကလေးပါ ရတာလေ။ အာနိသင် ဆိုတာကလည်း ကောင်းတာထက် ဘေးထွက်ဆိုးကျိုးခံစား ရတာကို ပြောတာပါ။ ညီမလေးလည်း မြင်ဖူးမှာပါ။ ကိုယ်လက်အင်္ဂါချို့တဲ့နေတဲ့ ကလေးငယ်တွေ၊ ဥာဏ်ရည် သိပ်မပြည့်ဝတဲ့ ကလေးတွေလေ။ ဒီလိုကလေးတွေဟာ မိခင်သောက်လိုက်တဲ့ ဆေးတွေကြောင့် ဖြစ်သွားတာ ဆိုရင်လေ ညီမလေး အံ့ဩနေမလားပဲ။
မအံ့ဩနဲ့ ညီမလေးရေ။ တချို့ဆေးတွေဆိုရင် လမစေ့ဘဲမွေးတာ၊ ကိုယ်ဝန်ပျက်ကျတာမျိုးအထိ ဖြစ်စေတတ်တယ်လေ။ သိပ်သနားဖို့ကောင်း တာပေါ့။ နို့တိုက်မိခင်တွေမှာလည်း ဒီအတိုင်းပဲလေ။ ချေဖျက်ပြီးသား ဆေးတွေကို နို့ရည်ထဲကနေ စွန့်ထုတ်ပစ်တော့ အမေရဲ့ဆေးကို နို့စို့ ကလေးကပါ ရတာပေါ့။ ဒီတော့ ညီမလေးရယ် ဘဝတွက်တာ သိမှတ်စရာလေးတွေ သင်ပြတဲ့ အချိန်မှာ မမပြောတာလေးတွေ နည်းနည်း လောက်စီထည့် ပြောပေးပါလားကွယ်။ ကလေးတွေဆိုတာ သူတို့သိတာတွေ မိဘတွေကို ပြန်ပြီး ဖောက်သည်ကျတတ်တယ်လေ။ တဆင့်စကား၊ တဆင့်နားကနေ တခြားသူတွေပါ သိသွားနိုင်တယ်လေ။ အဲဒီလိုဆိုရင် “ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ဆေးသောက်ချင်ရင် သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းတွေကို မေးသင့်တယ်” ဆိုတာ သူတို့အားလုံးလက်ခံလာပါလိမ့်မယ်ကွယ်။
မမရေးလိုက်တဲ့စာလည်း အတော်လေးရှည်နေပြီညီမလေးရေ။ ညီမလေးလည်း စာဖတ်ရတာ ညောင်းနေလောက်ပြီပေါ့။ ညီမလေးအတွက် ဗဟုသုတတွေ အများကြီး တိုးသွားမယ်လို့ မမထင်ပါတယ်ကွယ်။ မသိသေး တာတွေကိုသိရရင် ပျော်နေတတ်တဲ့ ညီမလေးလည်း စိတ်ကျေနပ်မှာပါ။ မမ မျက်စိထဲမှာ စာသင်နေရင်း ကလေးတွေကို ကျန်းမာရေးအသိပညာပေးနေတဲ့ ညီမလေးရဲ့ ပုံရိပ်ကလေးကို မြင်နေရတယ်။ သီးမှည့်တွေ တဝင်းဝင်းနဲ့တင့်တယ် နေစေဖို့၊ သီးကင်းလေးတွေ ဖြုတ်ခနဲ မကြွေစေဖို့ မမတို့အားလုံးကြိုးစားကျပါစို့လား ညီမလေးရယ်။
ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ
နှင်းနုလွင် (ဆေးဝါး)
စရဏမဂ္ဂဇင်း (ဧပြီ၊ ၂၀၁၀)
ကျေးဇူးမကြီး
မကြီးရဲ့ ညီမလေးတကယ်ကိုဖြစ်ချင်တယ်