သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ကလေးများနှင့် အစာအဆိပ်သင့်ခြင်း August 31, 2010

Filed under: ကလေးသုတ — thetsonehnin @ 11:24 AM
Tags:

 

ကလေးများကလေးများနှင့် အစာအဆိပ်သင့်ခြင်း ရေခဲသေတ္တာထဲမှာ အရင်နေ့ကအစားအစာတွေရှိနေပါတယ်။ ကလေးက မီးဖိုချောင်ထဲဝင်လာပြီး ဆာဆာနဲ့ တွေ့ကရာအစားအစာကို အကုန်စားပစ်လိုက်တယ်။ မိခင်ဖြစ်သူပြန်နွှေးထားလား၊ မနွှေးထားလားလည်း မသိပါဘူး။ စားပြီး ၂ နာရီလောက်ကြာတော့ လက္ခဏာတွေပြလာပါတယ်။ အစာအိမ်ထဲမှာ နာကျင်မှုက လှိုင်းထနေပါတယ်။ သက်သာသွားသလို ရှိလိုက်၊ ပြန်နာလိုက်နဲ့ လုံးဝပျောက်သွားတယ်မရှိ။ ဒါဟာ အစာအဆိပ်သင့်တာပါပဲ။ အစာထဲကို တမင်သက်သက်အဆိပ်လာထည့်ထားလို့ ဒီ ပြဿနာဖြစ်ရတာ မဟုတ်ပါဘူး။ ရေခဲသေတ္တာ၊ ကြောင်အိမ်ထဲမှာ သိမ်းထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားကာ သူတို့ကြောင့် ကလေးတွေဟာ နေမကောင်းဖြစ်လာပါတယ်။ ကလေးတွေမျာ အစာ အဆိပ်သင့်ခြင်းဟာ အရမ်းမပြင်းထန်တဲ့ ခဏတဖြုတ်သာ ခံစားရတာမျိုးရှိသလို အရမ်းဆိုးရွားတဲ့ အခြေအနေတွေလည်း ဖြစ်စေပါတယ်။

.

(က) အစာအဆိပ်သင့်တယ်ဆိုတာ ဘာကိုခေါ်တာလဲ။

စားသောက်လိုက်တဲ့ အစားအစာထဲမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယား ဒါမှမဟုတ် အဲဒီဘက်တီးရီယားရဲ့ အဆိပ်အတောက်တွေ ပါလာတဲ့အခါမှာ အစာအဆိပ်သင့်တတ်ပါတယ်။ ဘက်တီးရီးယားတွေဟာ လူတွေရဲ့ အနားပတ်ဝန်းကျင်မှာရှိနေတဲ့အတွက် သိပ်မပြင်းထန်တဲ့ အစာအဆိပ်သင့်ခြင်းမျိုးဟာ ခဏခဏကြုံတွေ့ရတတ်ပါတယ်။ မိဘတွေ အတွက် သိပ်မသိသာတဲ့ အခြေအနေမျိုးဟာ ကလေးတွေအတွက်တော့ ဝမ်းလျှောတာ၊ ဗိုက်အောင့်၊ ဗိုက်နာတာတွေဖြစ်တတ်ပါတယ်။ ကလေးဆန်ဆန်စဉ်းစားမယ်ဆိုရင်တော့ အဆိပ်သင့်နိုင်တဲ့ ပိုးကောင်တွေကို ဖယ်ထုတ်ပစ်လို့ရရင် သိပ်ကောင်းမှာပဲလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ တကယ်လို့ လုပ်လို့ရမယ်ဆိုရင်တောင် ဒီလိုလုပ်လို့ မဖြစ်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်။ ပိုးကောင်တွေဟာ လူတွေရဲ့ ပတ်ဝန်းကျင်မှာ ပျံနှံနေပြီး တချို့ပိုးကောင် တွေဟာ လူတွေကို အကျိုးပြုနိုင်ပါတယ်။ ဒီအချက်ကိုလည်း ပုံသေမှတ်ထားလို့ မရပြန်ဘူး။ အရင်နေ့တွေက ကျန်နေတဲ့အစားအစာတွေဟာ လူတွေအတွက် ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။ အန္တရာယ်ဖြစ်စေတဲ့ ပိုးကောင်ရှိနေတဲ့ အစားအစာတွေကို ဘယ်လိုရှောင်နိုင်သလဲဆိုကို မိဘတွေအနေနဲ့ အမြဲထည့်သွင်းစဉ်းစားရပါမယ်။

.

(ခ) ဘယ်လိုအစားအစာတွေမှာ ပိုးရှိနေလဲ

တိရစ္ဆာန်ကရတဲ့အစားအစာ၊ အသားစိမ်း၊ မကျက်တကျက်အစားအစာ၊ သေသေချာချာဆေးမကြောထားတဲ့ အစားအစာတွေမှာ ပိုးကောင်တွေ ပါတတ်ပါတယ်။ အဖြစ်များတဲ့ အစားအစာတွေကတော့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဥအမျိုးမျိုး၊ နွားနို့၊ ပုစွန်အပါအဝင် ပင်လယ်စာတွေကြောင့်ပါ။ ဒီလိုအစားအသောက်တွေမှာ တို့လို အကောင်တွေများစွာရှိနေတတ်ပြီး သူတို့ကြောင့် အစာအဆိပ်သင့်နိုင်ပါတယ်။ အစာအဆိပ်သင့်တာကို ကာကွယ်ဖို့အတွက်ဆိုရင် အသားစိမ်း၊ ငါးစိမ်းထားသိုတဲ့နေရာ၊ အစားအစာတွေ ပြင်ဆင်တဲ့နေရာ၊ ချက်ပြုတ်တဲ့နေရာ၊ သိမ်းဆည်းတဲ့နေရာတွေမှာ စနစ်တကျရှိဖို့လိုပါတယ်။

.

(ဂ) အစာအဆိပ်သင့်တာကို ဘယ်လိုသိနိုင်လဲ။

ပျို့အန်ခြင်း

– ဝမ်းဗိုက်ြွကက်တက်ခြင်း

– ဝမ်းလျှောခြင်း

– ဖျားခြင်း

တခါတလေမှာတော့ အစာအဆိပ်သင့်တဲ့ လက္ခဏာတွေဟာ နာရီအနည်းငယ်အတွင်းမှာပေါ်လာနိုင်ပါတယ်။ တချို့ကတော့ ရက်ပေါင်းအတော်ကြာတဲ့အထိ ဘာ လက္ခဏာမှမပြဘဲ နေတတ်ပါတယ်။ အရမ်းမပြင်းထန်တဲ့ အစာအဆိပ်သင့် ခြင်းတွေဟာ သိပ်မကြာဘဲ ပြန်ကောင်းသွားတတ်ပါတယ်။ အပေါ်မှာပါတဲ့ လက္ခဏာတွေပြတဲ့အချိန်မှာ အစာအဆိပ်သင့်တာလား တခြားပြဿနာကြောင့်လားဆိုတာကို ခွဲခြားဖို့ခက်ခဲနေရင် ဖြစ်နေတဲ့ကလေးအပြင် တခြားလူတွေကိုပါလေ့လာကြည့်ဖို့လိုပါတယ်။ တခြားအိမ်သားတွေလည်း ဒီလိုဖြစ်မဖြစ် ကလေးစားတဲ့အစားအစာတွေကို သေချာအောင် မေးမြန်းရပါတယ်။ အစာစားတဲ့ သူတွေအကုန်လုံးမှာ ဒီလက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့ အစာအဆိပ်သင့်တာကို ပြဿနာတစ်ရပ်လို့သတ်မှတ်ပြီး ဆရာဝန်နဲ့ပြသသင့်ပါတယ်။

.

(ဃ) ဆရာဝန်တွေက ဘာလုပ်ပေးနိုင်သလဲ

ဆရာဝန်ဆီကို သွားပြတဲ့အခါ မေးခွန်တွေအများကြီးမေးပါလိမ့်မယ်။ ဘယ်လိုခံစားရသလဲ၊ ဘယ်အချိန်က စဖြစ်တာလဲ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကဘာတွေစားခဲ့သလဲ၊ တခြားအိမ်သားတွေပါဖြစ်သလားဆိုတာမျိုးကိုအ”ကထားပြီးမေးပါလိမ့်မယ်။ ရေ”ာတ်ဆုံးရှူုံးတာ၊ခန်းခြောက်သွားတဲ့ကလေးတချို့ကလွဲရင်ဆေးရုံဆေးခန်းတွေအထိခေါ်သွားရတယ်ဆိုတာအတော်ကိုရှားပါးတယ်။ အန်ခြင်း၊ ဝမ်းသွားခြင်းတွေကြောင့် ရေ”ာတ်ဆုံးရှုံးသွားတဲ့ကလေးကို ဆေးခန်းမှာအရည်နဲ့ ဆား”ာတ်ကိုအကြောကနေ တစ်ဆင့် ထည့်သွင်းပေးနိုင်ပါတယ်။ ရေဆုံးရှုံးတာကို ကာကွယ်မယ်ဆိုရင်တော့ နေမကောင်းဖြစ်တဲ့ အချိန်မှာ ရေ ဒါမှမဟုတ် အရည်ပါတဲ့ အစားအစာတွေကို တိုက်ကျွေးရပါမယ်။ အန်တဲ့အခါဖြစ်ဖြစ်၊ ဝမ်းသွားတဲ့အခါဖြစ်ဖြစ် သွေားစသွေးနတွေပါလာရင် ဆေးရုံသွားဖို့ လိုအပ်ပါပြီ။

.

(င) ဘယ်လိုကာကွယ်ကြမလဲ

အစာအဆိပ်သင့်တာကို ကာကွယ်ပေးနိုင်တဲ့ အရာတွေကတော့အများကြီးပဲရှိပါတယ်။ အစားအစာတွေကိုပြင်ဆင်ချက်ပြုတ်ရာကနေ စားသုံးတဲ့ အထိ၊ သိမ်းဆည်းတဲ့အထိ အဲဒီသတိပေးချက်တွေကို လိုက်နာမယ်ဆိုရင် ကလေးတွေအတွက် အတော်ကိုဘေးကင်းသွားပါပြီ။ ဒီလိုသတိပေးချက်တွေကိုလူကြီးတွေကတင်လိုက်နာဆောင်ရွက်ရုံနဲ့ မပြီးသေးပါဘူး။ ကလေးတွေကိုလည်း bacteria တွေကိုကာကွယ်ဖို့ သင်ထားပေးရပါမယ်။ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ လက်ဆေးဖို့ပါ။ အစားအစာတွေကို မကိုင်တွယ်ခင် ကိုင်ပြီးချိန်တွေမှာလက်ဆေးပါ။ ဒီနည်းလမ်းဟာ အစားအစာတွေကနေ မိမိဆီကို မိမိဆီကနေ တခြားလူတွေဆီကို ပြန့်ပွားတာမျိုးကို ကာကွယ်နိုင်ပါတယ်။

.

နောက်တစ်ချက်ကတော့ အစားအစားတွေမစားခင် ရေဆေးဖို့ပါ။ အသီးအရွက်တွေကို အစိမ်းလိုက်မစားခင် ရေသေသေချာချာဆေးဖို့လိုအပ်ပါတယ်။ အသားငါးတွေကိုလည်း အသီးအရွက်တွေနဲ့ရောသိမ်းတာ၊မကျက်တကျက် ချက်ပြီးစားတာမျိုးကို ရှောင်ကြဉ်ရပါတယ်။ ကလေးတွေအနေနဲ့လည်း အသားဟင်းကို ဖဲ့စားတဲ့ အချိန်မျိုးမှာ မကျက်သေးရင် လူကြီးတွေကိုပြန်ပြောဖို့၊ အဲဒီအစားအစာတွေမှာဘာတွေပါသလဲ၊ ဘယ်လိုအနံမျိုးရသလဲဆိုတာကို ပြန်ပြောပြဖို့မှာထားရပါမယ်။ အစားရဲ့အနံ့၊ အရသာ၊ ပုံစံတစ်ခုခုပြောင်းလဲတာမျိုးတွေ့ခဲ့ရင် လူကြီးတွေကို မမေးမြန်ဘဲ အစားရဘူးလို့ ပြောပြထားပါ။

.

ကလေးတွေသတိထားရတဲ့ အရာဟာ နွားနို့ပါ။ အကြောင်းတစ်စုံတစ်ရာကြောင့် နွားနို့ဟာ ပျက်စီးသွားတတ်ုပါတယ်။ အရသာတို့ကြည့် လို့ချဉ်တဲ့ အရသာပေါ်လာပြီဆိုရင် ကလေးတွေကို မတိုက်သင့်တော့ပါဘူး။ အရင်နေ့က ချက်ထားတဲ့ အစားအစာကို ကလေးတွေကိုကျွေးမယ်ဆိုရင် သေသေချာချာပြန်နွှေးပြီးမှသာ ကျွေးပါ။ သိမ်းထားတုန်းကဝင်လာတဲ့ ပိုးတွေ၊ မှိုတွေကို အပူကသတ်ပေးနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်က နေ့စွဲတွေကို သေသေချာချာစစ်ဖို့ပါ။ ပါကင်ထုပ်တားတဲ့ အစားအစာအတော်များများမှာသက်တမ်းကုန်မယ့်ရက်ပါတတ်ပါတယ်။ သတ်မှတ်ရက်ထက်ကျော်လွန်သွားတဲ့အစားအသောက်ဆိုရင်တော့ ဘယ်လောက်ပဲတန်ဖိုးကြီးနေပါစေ မစားသင့်တော့ပါဘူး။

.

အားလုံးကိုခြုံငုံပြီးပြောရရင် ကလေးတွေစားမယ့်အစာနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကို အမြဲထည့်သွင်းစဉ်းစားပါ။ ဘယ်လောက်ကြာကြာသိမ်းထားသလဲနဲ့ ဘယ်အပူချိန်လောက်မှာထားသလဲ ဆိုတာကို အမြဲပြန်စိစစ်ပါ။ ကလေးဟာ လူကြီးတွေလို မကြံ့ခိုင်သေးတဲ့အတွက် အစာအဆိပ်သင့်တာ ပိုဖြစ်နိုင်တာကို အမြဲသတိချပ်သင့်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

အာရောဂျံ မဂ္ဂဇင်း (ဇွန်၊ ၂၀၁၀)

 

 

နီထွေးကလေး လှသွားပြီ

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 4:52 AM

သီတင်းကျွတ်ကျောင်းပိတ်ရက်မတိုင်မီ အဖေအလုပ်တာဝန်ကျရာမြို့လေးကို ကျွန်မတို့သားအမိတွေ ပြောင်းလာခဲ့ချိန်က မိုးတွေက သည်းကြီးမည်းကြီး ရွာနေတဲ့အချိန်ပေါ့။  ၅ တန်းတက်နေရင်းတန်းလန်းနဲ့ သူငယ်ချင်းတွေကို ခွဲပြီး လိုက်လာခဲ့ရတော့ စိတ်ထဲမှာတော့ ၀မ်းနည်းနေတာတော့အမှန်။  အဲဒီအချိန်တုန်းက ကျွန်မဟာ အဖြူရောင်တွေကို အရမ်းနှစ်သက်တဲ့ ငွေရောင် မင်းသမီးလေးပေါ့။ ကျွန်မကျောင်းဝတ်စုံလေးဟာ အမြဲဖြူဖွေးရှင်းသန့်နေတယ်။ ကျောင်းလွယ်အိတ်လေးကလည်း အဖြူရောင်ပဲ။ ကျွန်မကိုချစ်တဲ့ မေမေကလည်း ကျွန်မအတွက်ဆိုရင် ဖိနပ်လေးကအစ အဖြူရောင်ကိုပဲ ဆင်ပေးပါတယ်။ မနက်ကျောင်းသွားရင် ပုခုံးလောက်ပဲရှိတဲ့ ဆံပင်နက်နက်လေးကို မေမေက နှစ်ဘက်ခွဲပြီး အဖြူရောင်ဖဲကြိုးလေးနဲ့ ချည်နှောင်ပေးပါတယ်။ မြို့ကျောင်းမှာအဖြူရောင်မင်းသမီးလေးလို ကျောင်းတက်ခဲ့တဲ့ကျွန်မဟာ ဖေဖေအလုပ်ပြောင်းရွှေ့တဲ့ မြို့ငယ်လေးကို ရောက်တဲ့အချိန်မှာ မင်းသမီးလေး တောဆင်းလာရတယ်လို့တောင် ကိုယ့်ကိုယ်ကို ထင်မိပါတယ်။

.

ဒီမြို့လေးကို ရောက်ရောက်ခြင်းမှာ ပထမဆုံး စိတ်ပျက်သွားတာက ကတ္တရာလမ်းဟောင်းလေးပါ။ ချိင့်ရာတွေထင်နေတဲ့လမ်းတွေဟာ ဘယ်လိုပဲကြည့်ကြည့် အရုပ်ဆိုး အကျည်းတန်နေပါတယ်။ ရှေးဟောင်းအိမ်လို ရေနံချေးတွေသုတ်ထားတဲ့ နှစ်ထပ်အိမ်တွေကို ဒီမြို့လေးမှာ အများအပြားတွေ့ရပါတယ်။ ခြံစည်းရိုးတွေကိုလည်း သစ်တိုင်နဲ့၊ ရေနံချေးမည်းမည်းတွေနဲ့။ ကျွန်မတို့နေဖို့စီစဉ်ထားတဲ့ အိမ်ဆိုရင်လည်း ဒီအတိုင်းပဲ။ ကျွန်မရောက်ခါစကဆို အိမ်နံရံကို မှီ မိမှာကို အရမ်းစိုးရိမ်တာပဲ။ ကျွန်မရဲ့ တီရှပ်ဖြူဖြူလေးတွေ၊ ဘောင်းဘီဖြူဖြူလေးတွေ မည်းသွားမှာကို အရမ်းကြောက်တာပဲ။ မေမေနဲ့ ဖေဖေကတော့ လေကောင်းလေသန့်ရှုရတဲ့မြို့လေး၊ စိတ်ထားဖြူစင်တဲ့မြို့လေးဆိုပြီး အရမ်းကိုနှစ်သက်သဘောကျ နေလေရဲ့။

.

ညနေစောင်း ဖေဖေရုံးကပြန်လာချိန်ရောက်ရင် ကျွန်မတို့တွေ မြို့လေးရဲ့ အပြင်မှာ ရစ်ခွေစီးဆင်းနေတဲ့ မြစ်နံဘေးကို လမ်းလျှောက်ထွက်ကြပါတယ်။ ဖေဖေနဲ့မေမေတို့ အသက် ၄၀ နားရောက်မှ ကျွန်မကို မွေးခဲ့တာဆိုတော့ အခု ကျွန်မအသက် ၁၀ နှစ်လောက်ရောက်တဲ့အချိန်မှာ ဖေဖေတို့က ၅၀ ကျော်နေပြီ။ တစ်ဥိးတည်းသောသမီးဖြစ်တဲ့ ကျွန်မကို တုန်နေအောင်ချစ်သလို ကျွန်မလိုချင်ရာမှန်သမျှကို ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေတို့ဟာ အရုပ်ဆိုးအကျည်း တန်တဲ့ ဒီမြို့လေးကို ဘာလို့များ နှစ်သက်နေတာပါလိမ့်။

.

ကျွန်မကျောင်းသွားတဲ့လမ်းဟာ မြက်ခင်းစိမ်းစိမ်းတွေရှိပေမယ့် ကျွန်မကတော့ မြွေကြောက်တတ်သူမို့ အဲဒီလမ်းလေးကို သဘောမကျပါဘူး။ မြို့ရဲ့တစ်ခုတည်းသော အထက်တန်းကျောင်းလေးမှာ ကျွန်မက ကျောင်းဆက်တက်လို့ တစ်ပတ်ပြည့်သွားတဲ့အချိန်အထိ ကျွန်မဘေးနားမှာ အတူထိုင်တဲ့အဖော်သူငယ်ချင်းမရှိသေးပါဘူး။ အရင်တုန်းက ကောင်မလေးတစ်ယောက်တည်း ထိုင်တဲ့ခုံမှာ ကျွန်မကို နေရာချထားပေးပေမယ့် အခုအဲဒီကောင်မလေးက ခွင့်ယူထားတဲ့အချိန်တဲ့။ ကျောင်းသွား၊ ကျောင်းပြန်အဖော်မရှိသေးပေမယ့် အတန်းပိုင်ဆရာမနဲ့က အိမ်ချင်းနီေးတာ့ အတူတူသွားဖြစ်ပါတယ်။

.

.ဒီနေ့တော့ ကျောင်းရောက်ရောက်ခြင်း ကျွန်မခုံမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပါပြီ။ အဖော်ရောက်လာပြီဆိုပြိ ၀မ်းသာသွားတဲ့ ကျွန်မဟာ စောစောကကောင်မလေးကို မြင်လိုက်ရတယ်ဆိုရင်ပဲ

“ အလိုလေး …ကျွန်မနားက ကောင်မလေးဟာ အရုပ်ဆိုးလိုက်တာ”။ သူမရဲ့ အသားဟာ ညိုတယ်ဆိုတာထက် လွန်ကဲပြီး အတော်ကိုမည်းတဲ့အထဲမှာ ပါနေပါတယ်။ မျက်လုံးပေါက်ကလေး ပါတယ်ဆိုရုံလေး။ သူမစာရေးတဲ့ညာဘက် လက်ခုံမှာလည်း အမာရွတ်ကြီးနဲ့။ သူမရဲ့ ကျောင်းဝတ်စုံဟာ နွမ်းဖတ်လို့။ ကျွန်မလို ဖဲကြိုးလေးစည်းမထားတဲ့သူမရဲ့ ဆံပင်ဟာ နီကျင်ကျင်နဲ့။ အဲဒီဆံပင်နီကြောင်ကြောင်နဲ့ကောင်မလေးဟာ ကျွန်မကို တစ်ချက်လေး စောင်းငဲ့ကြည့်ပြီး ရယ်ပြလိုက်တဲ့အခါ သူမရဲ့ သွားတွေကလည်း ဝါလို့။

.

ကျွန်မကို ဘာလို့များ သူ့အနားမှာထားတာပါလိမ့်။ အတန်းပိုင်ဆရာမကတော့ ကျွန်မအကြည့်ကို နားလည်တယ်ထင်ပါရဲ့။ ကျွန်မကို ပြုံးကြည့်နေတယ်။ ညနေကျောင်းဆင်းတော့ ဆရာမကိုမေးချင်တဲ့ မေးခွန်းတွေပြည့်နေတယ်။    ၀ိုင်းပြီးနှုတ်ဆက်နေကြတဲ့ တပည့်တွေကို ပြုံးပြုံးလေးနဲ့ စကားပြောနေတဲ့ ဆရာမဟာ တကယ့်ကို ချောမောလှပတဲ့အမျိုးသမီးလေးပါ။ ဒါနဲ့များ ဘာလို့ ဒီလိုရုပ်ဆိုးဆိုးမြို့လေးမှာ ဆရာမ လာလုပ်နေတာပါလိမ့်။ ကျွန်မသိချင်စိတ်ကို ဘယ်လိုမှ မအောင့်အည်းနိုင်ဘူး။

“ဆရာမ၊ ဒီမြို့လေးက အရမ်းရုပ်ဆိုးတာပဲနော်။ လမ်းတွေကလည်း ဆိုးတယ်၊ ခြံတွေကလည်း မလှဘူး။ ပြီးတော့ သမီးဘေးနားက နီထွေးဆိုတဲ့ ကောင်မလေးကလည်း ရုပ်ဆိုးတယ်။ ဒီလောက် အကျည်းတန်တဲ့ မြို့လေးမှာ ဆရာမချောချောလေးက ဘာဖြစ်လို့ လာလုပ်နေတာလဲ”

ကျွန်မမေးတာကို ဆရာမက ဘာမှ အဖြေမပေးသေးဘဲနဲ့ သူမကို နှုတ်ဆက်နေတဲ့ နီထွေးကို ပြန်ပြိး စကားပြောနေတယ်။ ကျွန်မတို့ရှေ့ကို နည်းနည်းလျှောက်သွားတော့ ကလေးတွေကို ပူဖောင်းရောင်းနေတဲ့ လူကြီးတစ်ယောက်ကိုတွေ့ပါတယ်။ ကျောင်းဆင်းချိန်ဆိုတော့ မူလတန်းက ကလေးတွေဟာ သူ့အနားမှာ ဝိုင်းအုံလို့။ ဟိုကလေးက တစ်လုံးဆွဲလိုက်၊ ဒီကလေးက တစ်လုံးဆွဲလိုက်နဲ့၊ သူပါလာတဲ့ မိုးပျံပူဖောင်းလေးတွေဟာ တော်တော်လေးကို ရောင်းရပါတယ်။ အဲဒိပူစီဖောင်းရောင်းနေတဲ့ ဦးလေးကြီးကို ကြည့်ပြီး ဆရာမက ကျွန်မကို မေးခွန်းတစ်ခုမေးလိုက်ပါတယ်။

သမီး အခုရောင်းနေတဲ့ ပူစီဖောင်းတွေထဲမှာ ဘာရောင်မပါဘူးလဲ။”

ကျွန်မစိတ်ထဲကနေ အရောင်တွေကို ရေတွက်ကြည့်လိုက်တယ်။ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ ပန်းရောင်ဆိုပြီး အရောင်တွေ အမျိုးမျိုးတွေ့ပေမယ့် အနက်ရောင်မရှိဘူး။

“အနက်ရောင်မရှိတာ၊ ဆရာမ”

“အင်း၊ ဟုတ်တယ်သမီး၊ အနက်ရောင်မရှိဘူး။ ဘာလို့ မိုးပျံပူဖောင်း အနက်ရောင်မရှိတာလဲသမီး”

“အနက်ရောင်က လှမှ မလှတာ ဆရာမ” ကျွန်မက ချက်ခြင်းပြန်ဖြေတော့ ဆရာမက ခေါင်းညိမ့်ပြတယ်။

“ဟုတ်တယ် သမီး။ ကလေးတွေက အရောင်လှလှ မိုးပျံပူဖောင်းလေးတွေကို သဘောကျတယ်၊

အနက်ရောင်ဆိုရင် အရောင်မလှတော့ ကလေးတွေက ဘယ်ကြိုက်မလဲ၊ ဒါဆို မရောင်းရတော့ဘူးလေ ဟုတ်တယ်မလားသမီး။”

“ဟုတ်တယ် ဆရာမ။ သမီးဆို အရောင်လှလှ မိုးပျံဘောလုံးလေးပဲ ယူမယ်”

“အင်း၊ ဟုတ်ပါပြီသမီးရယ်။ ဒါဆို ဘောလုံးလေးတွေ မိုးပေါ်ပျံတက်နိုင်တာ အဲဒီဘောလုံးလေးရဲ့ အရောင်နဲ့ ဆိုင်သလားလို့ ပူဖောင်းရောင်းတဲ့သူကြီးကို သွားမေးကြည့်လိုက်သမီး”

ဒါနဲ့ကျွန်မလည်း ပူဖောင်းရောင်းတဲ့ဦးလေးကြီးနားကို သွားပြီးမေးလိုက်မိတယ်။

“လေးလေး၊ ဘောလုံးလေးတွေ မိုးပေါ်ပျံနိုင်တာ ဘာလို့လဲ”

ဘောလုံးရောင်းနေတဲ့ ဦးလေးကြီးဟာ သူ့နဖူးပေါ်စီးကျနေတဲ့ ချွေးတွေကို သုတ်ရင်းနဲ့ သူ့ဦးထုပ်လေးနဲ့ ယပ်ခတ်နေတာကနေ ကျွန်မကို တစ်ချက်မော့ကြည့်ပြီး အဖြေပေးတယ်။

“ဘောလုံးက မိုးပေါ်ပျံနိုင်တာ သူ့အထဲမှာပါတဲ့ဓါတ်ငွေ့ကြောင့်ပေါ့ သမီးငယ်ရဲ့။ ဘာဖြစ်လို့လဲ”

ကျွန်မခေါင်းခါပြရင်းနဲ့ ထပ်မေးမိတယ်။

“ဒါဆို လေးလေး ဘောလုံးလေးတွေ မိုးပေါ်ပျံတက်နိုင်တာ သူတို့ရဲ့အရောင်နဲ့ မဆိုင်ဘူးပေါ့ဟုတ်လား”

“ဟုတ်တယ် သမီး။ ဘောလုံးလေးတွေဟာ ဘာရောင်ပဲဖြစ်ဖြစ် မိုးပေါ်ပျံတက်ဖို့ဆိုရင် သူတို့အထဲကို ထည့်တဲ့ ဓါတ်ငွေ့နဲ့ပဲ ဆိုင်တယ်။”

“အရောင်လှတိုင်း မိုးပေါ်ပျံမယ့်ပူဖောင်းမဟုတ်ဘူးသမီး”

“အရောင်လှတိုင်း မိုးပေါ်ပျံမယ့်ပူဖောင်းမဟုတ်ဘူးသမီး”

“အရောင်လှတိုင်း မိုးပေါ်ပျံမယ့်ပူဖောင်းမဟုတ်ဘူးသမီး”

ကျွန်မဆရာမကို အဲဒီအကြောင်းပြောပြလိုက်တော့ ဆရာမက ပြုံးနေတယ်။

“ပူစီဖောင်းလေးတွေ မိုးပေါ်ပျံတက်ဖို့ အဲဒီဘောလုံးရဲ့ အရောင်နဲ့ မဆိုင်ဘူးသမီး။ ဘယ်လိုအရောင်မျိုးပဲဖြစ်ဖြစ်အပေါ်ကို အမြင့်ကို တက်နိုင်တယ်။ အဲဒါပေမယ့် သူမှာ အမြင့်ရောက်စေတဲ့ ဓါတ်ငွေ့လိုတယ်။  အဲဒီလိုပဲ လူတစ်ယောက်ရဲံ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေဟာ သူ့ရဲ့ ရုပ်အလှနဲ့ မဆိုင်ဘူးသမီး။ သူခံယူထားတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားနဲ့ပဲ ဆိုင်တယ်။ သမီးဘေးနားမှာ ထိုင်တဲ့ နီထွေးဟာ တကယ့်ကို ပညာကို လိုချင်စိတ်ရှိတဲ့ကလေးမလေးပဲ။ ကျောင်းနေချင်လွန်းလို့ သူ့အမေရဲ့ အကြော်ဆိုင်ကိုကူရင်းကနေ ကျောင်းတက်နေရတာ။ သူ့လက်က ဒါဏ်ရာကလည်း သူ့အမေရဲ့ အကြော်တဲမှာ ကူပေးရင်းနဲ့ ဆီပူလောင်သွားလို့ အခုလို ဖြစ်နေတာသမီး။ တကယ်တော့ နီထွေးလေးဟာ မိုးပေါ်ပျံတက်မယ့် အနက်ရောင်ပူဖောင်လေးပါသမီး”


ဆရာမက စကားကို အရှည်ကြီးပြောပြီး လမ်းဘေးကို တစ်ချက်စောင်းကြည့်လိုက်တယ်။ မြက်ခင်းပျော့ပျော့လေးဟာ လေတိုက်တိုင်း ယိမ်းနွဲ့လို့။ မြို့လေးကပြင်ဘက် မြစ်ပြင်ကို ဖြတ်ပြီးလာခဲ့တဲ့ လေနုအေးလေးဟာ စိတ်ကို လန်းဆန်းသွားစေပါတယ်။ ဆရာမစကားကိုနားထောင်ပြီး ကျွန်မစိတ်တွေလည်း ကြည်လင်လာတယ်။ အခုတော့ မြို့လေးရဲ့အိမ်လေးတွေ လှသွားပြီ၊ လမ်းလေးတွေလည်း လှသွားပြိ၊ နီထွေးလေးလည်း လှသွားပါပြီ။


နွေလဲ့နှင်း

 

ဇရာနှင့် ဆေးဝါး August 30, 2010

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးဟာ အသက်ကြီးလာတာနဲ့အမျှ ချို့တဲ့မှုတွေများလာပါတယ်။ ဒီလိုချို့တဲ့မှုတွေအပေါ်မူတည်ပြီး သုံးစွဲရတဲ့ ဆေးအမျိုးအစားတွေကလည်း ကွဲပြားပါတယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကို ထိန်းချုပ်ဖို့၊ ရပ်တန့်သွားစေဖို့၊ အပြီးတိုင်ပျောက်ကင်းဖို့ ရည်ရွယ်ပြီး ဆေးတွေကိုသုံးစွဲကြတာပါ။ ဒါပေမယ့် တချို့အသက်ကြီးတဲ့သူတွေမှာတော့ ဒီဆေးတွေကပဲ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေပေးတတ်ပါတယ်။ အသက် (၇၅)နှစ်ပတ်ဝန်းကျင်ကို ရောက်လာပြီဆိုရင် လူကြီး၁ဝယောက်မှာ ၈ယောက်က ဆေးတစ်မျိုးလောက်တော့ မဖြစ်မနေသောက်နေကြရပါတယ်။ တစ်ချိန်တည်းမှာ ဆေးအမျိုးအစားပေါင်းများစွာကို သောက်နေရတဲ့လူကြီးတွေလည်း ရှိပါတယ်။ ဆေးတွေအများကြီးသောက်ရတဲ့အတွက် ဆေးတစ်မျိုးချင်းစီရဲ့ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရတတ်သလို ဆေးတစ်မျိုးနဲ့တစ်မျိုး အပြန်အလှန် ဓါတ်ပြုမှုတွေကိုခံစားရတာမျိုးလည်းရှိပါတယ်။ အသက်ကြီးလာချိန်မှာ အမြင်အာရုံ၊ အကြားအာရုံတို့လို ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေ ချို့တဲ့လာသလို၊ မှတ်Óဏ်တွေလည်း ချို့တဲ့လာပါတယ်။ ဒီအချိန်မှာ ညွှန်ကြားထားတဲ့ဆေးတွေကို လွဲမှားစွာ သောက်မိတတ်ကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့  ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း တချို့အခြေအနေတွေကို နားလည်အောင်ကြိုးစားထားပြီး မိမိဘာသာလုပ်လို့ရတာတွေကို လုပ်ဆောင် ထားသင့်ပါတယ်။

အသုံးပြုနေသော ဆေးဝါးများအကြောင်း


မိမိသောက်နေသော ဆေးဝါးတွေရဲ့အကြောင်းကို သိရအောင် ပထမဆုံး ကြိုးစားထားသင့်ပါတယ်။ ဆေးတစ်ခုသောက်တော့မယ်ဆိုရင် ဒီဆေးကြောင့် ဘယ်လိုကောင်းကျိုးတွေရနိုင်သလဲ၊ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေကို ကြုံလာနိုင်မလဲ၊ ခန္ဓာကိုယ်မှာ ဘယ်လိုတွေပြောင်းလဲလာ နိုင်သလဲဆိုတာကို မသောက်ခင်ကတည်းက မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းတဲ့ဆေးဝါးပညာရှင်တွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ ဘယ်လောက်ကြာကြာသောက်ရမယ်၊ ဘယ်နှစ်ကြိမ်သောက်ရမယ် ဆိုတာလည်းသိဖို့ လိုအပ်ပါတယ်။ မိမိဘာသာ မှတ်မထား နိုင်ရင်တောင် စာအုပ်ထဲမှာချရေးပြီး မှတ်သားထားရပါမယ်။ ကျွန်တော်တို့သောက်နေတဲ့ ဆေးတွေကို ဈေးကွက်ထဲမှာ နာမည်အမျိုးမျိုးနဲ့ ဝယ်ယူလို့ရပါတယ်။ ဥပမာပြောရရင် Paracetamolဆိုတဲ့ မူရင်းနာမည်တစ်ခုတည်းရှိတဲ့ဆေးကိုပဲ ထုတ်ပိုးမှုပုံစံမျိုးစုံ၊ နာမည်မျိုးစုံနဲ့ တင်သွင်းနေကြတာပါ။ ဒါ့ကြောင့် မိမိတို့ကို ပေးတဲ့ဆေးက အရင်တစ်ခါပေးခဲ့တဲ့ဆေးနဲ့ မတူဘူးလို့ထင်တဲ့အခါ တခြားဆေး တစ်မျိုးပြောင်းပေးတာလား၊ ကုမ္ပဏီတစ်ခုနဲ့ တစ်ခု ရောင်းဝယ်တဲ့ နာမည်သာ ကွာခြားတာလား ဆိုတာကိုလည်း မေးမြန်းသင့်ပါတယ်။ များသောအားဖြင့်တော့ တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေ ညွှန်ကြားထားတဲ့ ဆေးတွေကိုသာ သောက်သင့်ပါတယ်။ ဆေးပတ်ကျော်သွားတဲ့အခါ၊ ဆေးသောက်ဖို့မေ့သွားတဲ့အခါ၊ ဆေးပမာဏလွန်သွားတဲ့ အခါမှာ ဆက်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုသိထားသင့်သလို ဆေးအချိန်အဆပြန်ထိန်းဖို့ ဘယ်လိုလုပ်ပေး ရင်ရသလဲဆိုတာကိုပါ  သေသေချာချာမေးမြန်းထားဖို့ လိုအပ်ပါတယ်။

ဆေးမှားသောက်မိခြင်း


ဆေးမှားသောက်တာမျိုးကိုကာကွယ်ဖို့အတွက် မှောင်တဲ့နေရာမျိုးမှာ ဘယ်တော့မှဆေးမသောက်သင့်ပါဘူး။ အလင်းရောင်ကောင်းစွာ ရတဲ့နေရာမှာ ဆေးအညွှန်းကို သေချာဖတ်ပြီး ဒီဆေးကိုသုံးသင့်တဲ့အခြေအနေ၊ သက်တမ်းကုန်ဆုံးမည့်နေ့တို့ကို သေသေချာချာ ဖတ်ရပါမယ်။ ဆေးတွေကိုသိမ်းတဲ့အခါမှာလည်း ဗူး၊ ပုလင်းတစ်ခုတည်းမှာ စုပုံပြီးမထည့်သင့်ပါဘူး။ သူတို့ကိုထည့်ထားတဲ့ မူရင်းဗူး၊ ပုလင်းအတိုင်းမထားဘဲ တခြားတစ်နေရာကို ပြောင်းသိမ်းလိုက်မယ်ဆိုရင် ဘယ်ရောဂါအတွက် သုံးတဲ့ဆေးလဲဆိုတာကို သေချာမသိနိုင်တော့သလို ဘယ်နေ့မှာ သက်တမ်းကုန်ဆုံးမယ်ဆိုတာကိုလည်း ကွဲကွဲပြားပြားမသိနိုင်တော့ပါဘူး။ ဒါ့အပြင် တချို့ဆေးတွေက ထားသိုတဲ့ ပုလင်းပြောင်းလဲမှုကြောင့် အာနိသင်လျော့ကျသွားတာမျိုးလည်းရှိပါတယ်။ ဥပမာ နေရောင်ခြည် ဒါဏ်ကိုမခံနိုင်တဲ့ ပယင်းရောင်ပုလင်းထဲကဆေးကို ပုလင်းအကြည်ထဲ ပြောင်းသိမ်းတဲ့အခါ ဒီဆေးရဲ့အာနိသင် ပျက်စီးသွားတတ်ပါတယ်။

ဘေးထွက်ဆိုးကျိုး

ဆေးသောက်လိုက်တဲ့အချိန်မှာ နောက်ဆက်တွဲအနေနဲ့ ကြုံတွေ့လာနိုင်တဲ့၊ ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆေးဝါးပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ရက်အနည်းငယ် အတွင်းမှာ သက်သာသွားနိုင်ပေမယ့် တချို့ဆေးတွေရဲ့ဆိုးကျိုးကတော့ အရမ်းပြင်းထန်တတ်တာကြောင့် ဆေးပမာဏကိုလျော့ချပေးရပါတယ်။ မိမိသောက်တဲ့ဆေးတွေကြောင့် ဘယ်လိုဓါတ်မတည့်မှုတွေဖြစ်လာတယ်ဆိုတာကို မှတ်သားထားရပါမယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး ကြောင့်တစ်စုံတစ်ရာ ထိခိုက်မှုမရှိ  တဲ့အခါမျိုးမှာ ဆရာဝန်တွေကိုပြောပြထားသင့်သလို ဒီဆေးသောက်လို့ ထူးထူးခြားခြား မသက်သာ လာရင်လည်း ပြောပြရပါမယ်။  မိမိကိုညွှန်ကြားထားတဲ့ ဆေးတွေသောက်နေချိန်မှာ တခြားဆေးတွေကိုပါ တွဲပြီးအသုံးပြုချင်ရင်လည်း တတ်ကျွမ်းတဲ့သူတွေကို သေချာအောင်မေးမြန်းထားရပါမယ်။ တိုင်းရင်းဆေးတွေ၊ သဘာဝသစ်ပင်တွေကရတဲ့ ဆေးတွေပင်ဖြစ်သော်လည်း ခန္ဓာကိုယ်ထဲကို ရောက်သွားရင် ဓါတ်ပြုမှုတွေ လျင်မြန်စွာဖြစ်နိုင်လို့ အသက်အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့်တွဲသုံးလို့ရတဲ့ ဆေးဟုတ၊်မဟုတ်ကို အမြဲသတိထားရပါမယ်။

အသက်အရွယ်နှင့် ဆေးဝါးများ


ကျွန်တော်တို့မြင်တွေ့နေကျ ကားအိုဟောင်းကြီးရဲ့ အင်ဂျင်ကျလာသလို အသက်အရွယ်ရလာတဲ့အခါ ကျွှန်တော်တို့ခန္ဓာကိုယ် ထဲက အသည်း၊ ကျောက်ကပ်တွေရဲ့ လုပ်ဆောင်မှုတွေကလည်း နှေးကွေးလာပါတယ်။ အသည်းက ဆေးတွေကို ခြေဖျက်နိုင်တဲ့ စွမ်းအင်လျော့နည်း လာသလို ကျောက်ကပ်ကလည်း စွန့်ပစ်ပစ္စည်းတွေကို ဖယ်ထုတ်နိုင်တဲ့စွမ်းအား လျော့ကျသွားပါတယ်။ လူငယ်တွေအတွက်ပုံမှန်သောက်နေကျ ဆေးပမာဏက လူကြီးတွေ အတွက်တော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေက ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါ့အပြင် ဆေးတွေက လူကြီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကြာကြာ နေနိုင်တဲ့အတွက် ဆေးပမာဏကို အတိုးအလျော့လုပ်ပေးသင့်ပါတယ်။ အသက်ကြီးလာတဲ့အချိန်မှာ ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းကလည်း ဆေးတွေရဲ့ အာနိသင်ကိုပိုပြီး သိမိခံစားလွယ်လာပါတယ်။ လူလတ်ပိုင်းအရွယ်က အလွယ်တကူသောက်ခဲ့တဲ့ အကိုက်အခဲပျောက်ဆေး၊ အိပ်ဆေးလိုဆေးမျိုးဟာ အခုအချိန်မှာတော့  ဘေးထွက်ဆိုးကျိုးတွေ အများကြီးခံစားရစေပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေကို ကုသမှုပေးတဲ့အခါမှာ ဆေးပမာဏနည်းနည်းနှင့် အချိန်တိုကုသမှုတို့ကိုပါ ထည့်သွင်းစဉ်းစား ပေးသင့်ပါတယ်။

.

အသက်ကြီးလာတာနဲ့အမျှ ပိုပြီး မေ့လျော့လာတတ်တာကြောင့် ဆေးသောက်ချိန်မှန်၊ မမှန်ဆိုတဲ့ ပြဿနာကိုလည်း ထည့်သွင်းစဉ်းစား ပေးသင့်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး တစ်နေ့တာအတွက် သောက်ရမယ့်ဆေးတွေကို ဘူးတွေထဲမှာ သီးခြားခွဲ ထည့်ထားနိုင်သလို ဆေးသောက်ရမယ့် အချိန်ဇယားလုပ်ထားနိုင်ပါတယ်။ အသက်ကြီးလာချိန်မှာ အဆစ်အမြစ်တွေကိုက်ခဲတာ၊ ခြေလက်တွေ ညောင်းညာကိုက်ခဲတာကိုလည်း ပိုပြီးခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတွေကြောင့် ဆရာဝန်ဆီကိုယ်တိုင်သွားပြီး ညွှန်ကြားချက်ရယူဖို့ ဆေးကောင်တာကိုသွားပြီး ဆေးနှင့်ပတ်သတ်တာတွေကို မေးမြန်ဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒီလို အခြေအနေမျိုး နှင့်ကြုံတွေ့ခဲ့ရရင်  မိမိကိုယ်စား တစ်စုံတစ်ယောက်ကို လွှတ်လို့ရနိုင်မလား၊ ဆရာဝန်ကို အိမ်ကိုခေါ်မလား ဒါတွေကိုကြိုတင် မေးမြန်းထားသင့်ပါတယ်။ အသက်ကြီးလာရင် ဆေးတွေကို အလွယ်တကူမမျိုချနိုင်တော့တဲ့ အတွက် ဆေးသောက်ရင် ရေများများနဲ့သောက်သင့်ပါတယ်။ ဒီလိုလုပ်လို့မှ အဆင်မပြေဘူးဆိုရင်တော့ ကျွမ်းကျင်သူတွေကို မေးမြန်းပြီး သောက်ရလွယ်တဲ့ အရည်ပုံစံ၊ အလွယ်တကူပျော်ဝင်နိုင်တဲ့ပုံစံမျိုးထဲက သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။

ဆေးဝါးများသောက်သုံးနေမှုနှင့်ပတ်သတ်သော အကြံပေးမှုများ

(က) ဆီးဆေး

ဆီးဆေးကို သွေးပေါင်ကျစေဖို့အတွက် အသုံးပြုကြသလို နှလုံးပျက်စီးခြင်း၊ အသည်းခြောက်ခြင်းတို့ကို ကုသရာမှာလည်း ခန္ဓာကိုယ်ထဲကရေတွေ အပြင်ကိုဖယ်ထုတ်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။ ရေတွေကို အပြင်ကိုဆွဲထုတ်ရတာဖြစ်လို့ လူနာတွေဟာ ဆီး အကြိမ်ကြိမ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးတွေကို အသုံးပြုနေတဲ့လူနာတွေဟာ ဆီးကောင်းကောင်းသွားနိုင်သူ (ကျောက်ကပ်ရောဂါမရှိသူ)၊  အလွယ်တကူဆီးစွန့်နိုင်တဲ့ အနေအထားမျိုးမှာရှိနေသင့်ပါတယ်။ ညဘက်အိပ်ရာဝင်ခါနီးမှာသောက်ရင် အကြိမ်ကြိမ်ထရလို့ အိပ်ရေးပျက်နိုင်တာ ကြောင့် နေ့ဘက်တွေသောက်သင့်ပါတယ်။ သွေးဖိအားကို မြန်မြန်ကျစေတဲ့အာနိသင်ရှိတာအတွက် လဲလျောင်းနေရာကနေ ရုတ်တရက် အထိုင်အထ ပြုလုပ်ပါက ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကိုခံစားရတတ်ပါတယ်။ ဖြည်းဖြည်းချင်းအထိုင်အထ ပြုလုပ်သင့်သလို ခေါင်းကိုက်လာရင်လည်း ခဏလောက်ငြိမ်နေသင့်ပါတယ်။ ဒီဆေးတွေအသုံးပြုနေတဲ့ အချိန်မှာ အရည်တွေ အများကြီးမသောက်ရဘူး။ ရေငတ်ပြေရုံလောက်ဆိုရင်တောင် လုံလောက်ပါတယ်။ တချို့ဆီးဆေးတွေကတော့ ပိုတက်ဆီယမ်၊ဆိုဒီယမ်တို့လို ဆားဓါတ်တွေကိုပါ လျော့နည်းစေတဲ့အတွက် ဆရာဝန်ရဲ့ လမ်းညွှန်မှုနှင့် သွေးတွင်းရှိ ဆားဓါတ်တွေကို စစ်ပေးသင့်ပါတယ်။

.

(ခ) အိပ်ဆေး

လူကြီးတွေဟာ ညဘက်ရောက်ရင် တချွတ်ချွတ်နဲ့ အိမ်မပျော်တတ်သလို မနက်ပိုင်းဆိုရင်လည်း အစောကြီးနိုးနေတတ်ပါတယ်။ ကောင်းကောင်းမအိပ်ထားရတော့ နေ့ခင်းပိုင်းမှာ အိပ်ငိုက်ပြီး နုံးနေနိုင်ပါတယ်။ အသက်ကြီးလာချိန်မှာ ဒီပြဿနာတွေကို မဖြစ်မနေခံစားရတာဖြစ်လို့ အရမ်းကြောက်ဖို့မလိုပါဘူး။ နံနက်ခင်း အချိန်မှန်မှန်  အိပ်ရာထပေးပြီး ညဘက်အိပ်ရာဝင်တဲ့အချိန်ကို ပုံသေသတ်မှတ်ထားပေးလိုက်ရင် အဆင်ပြေပါတယ်။ နေ့အချိန်တွေမှာ တတ်နိုင်သမျှ မအိပ်ဘဲနေတာက ပိုကောင်းပါတယ်။ ညနေခင်းကတည်းက လဘက်ရည်၊ ကော်ဖီတို့ကို ရှောင်ထားသင့်ပါတယ်။ လူကြီးတွေအိပ်တဲ့အခန်းက ပူနွေးမနေသင့်သလို အရမ်းအေးနေတာမျိုးလည်း မဖြစ်ရပါဘူး။ အိပ်ဆေးတွေကိုသုံးတာကလည်း အချိန်ခဏတစ်ဖြုတ်အတွက်သာ သင့်တော်ပါတယ်။ အချိန်ကြာကြာ စွဲသုံးရင်ဆေးတွေရဲ့ အာနိသင်ကောင်းကျိုးထက် ဆေးစွဲခြင်း၊ မိမိကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်ခြင်း၊ အချိန်ပြည့်နီးပါး အိပ်ငိုက်ခြင်းအပါအဝင် တခြားဘေးထွက်ဆိုးကျိုးတို့ကိုပါ ခံစားရတတ်ပါတယ်။ မတော်တဆချော်လဲခြင်း၊ ပြုတ်ကျခြင်းတို့မှတဆင့် အသက် အန္တရာယ်ပါ ဖြစ်နိုင်တာကြောင့် အိပ်ဆေးကို အတတ်နိုင်ဆုံးမသုံးသင့်ပါဘူး။ မဖြစ်မနေသုံးစွဲရမယ်ဆိုရင်လည်း ပမာဏအနည်းဆုံးကနေသာ စသင့်ပါတယ်။ အိပ်ဆေးတွေသုံးနေရာကနေ ရုတ်တရက်ရပ်လိုက်ရင်လည်း ဆေးရဲ့ တန်ပြန်မှုတွေကို ခံစားရနိုင်တဲ့အတွက် ဖြည်းဖြည်းချင်းသာ ဖြတ်သင့်ပါတယ်။

(ဂ) အကိုက်အခဲပျောက်ဆေး

အသက်ကြီးလာတဲ့အချိန်မှာ ခါးနာခြင်း၊ အဆစ်အမြစ်များကိုက်ခဲခြင်း၊ြ<ွကက်သားများတောင့်တင်းနာကျင်ခြင်း တို့ကိုပိုပြီးခံစား ရတတ်ပါတယ်။ ကိုယ်အလေးချိန်လျော့ချခြင်း၊ နွေးနွေးထွေးထွေးနေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့က ဒီပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီနည်းတွေနဲ့ မသက်သာခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဝါးကုသမှုခံယူသင့်ပါတယ်။ ရိုးရိုးနာကျင် ကိုက်ခဲမှုတွေ အတွက် ပါရာစီတမောလိုဆေးမျိုးကို သုံးနိုင်ပါတယ်။ တချို့အကိုက်အခဲပျောက်ဆေးတွေက ဝမ်းချုပ်စေတဲ့အတွက် တတ်ကျွမ်းသူတွေကို မေးမြန်းပြီး ဝမ်းနှုတ်ဆေးတွေကိုပါ တွဲသုံးလို့ရပါတယ်။ Aspirin, Ibuprofen, Naproxen တို့လိုဆေးတွေကတော့ အစာအိမ်နှင့် အူလမ်းကြောင်း ကနေသွေးယိုစီးမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒီလက္ခဏာတွေက လူကြီးတွေမှာဆိုရင်ပိုထင်ရှားပြီး အသည်းနှင့် ကျောက်ကပ် မကောင်းတဲ့သူတွေဆိုရင် ပိုပြီးသတိထားရပါတယ်။ အသက်ကြီးတဲ့သူတွေက အကိုက်အခဲပျောက်ဆေး တစ်မျိုးထက်ပိုပြီး မသောက်သင့်ပါဘူး။ မိမိသောက်နေတဲ့ ဆေးအကြောင်းကိုလည်း တိတိကျကျသိဖို့လိုအပ်သလို ဆေးသောက်လို့ တစ်စုံတစ်ရာထူးခြားမှု မရှိရင်လည်း ဆရာဝန် (သို့) ဆေးဝါးပညာရှင်တွေကို ပြန်ပြီးတိုင်ပင်သင့်ပါတယ်။

.

တရွေ့ရွေ့နဲ့ကုန်ဆုံးသွားတဲ့ ရာသီစက်ဝိုင်းကြီး နောက်ကို လိုက်ပါလည်ပတ်ရင်းနဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ များစွာဖြစ်လာခဲ့ပါတယ်။ အချိန်ကြာကြာ အသုံးပြုထားတဲ့ စက်တွေလိုပဲ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးက ဟိုတစ်စ၊ ဒီတစ်စ ယို့ယွင်းစပြုလာပါတယ်။ စက်တစ်ခုကို ရေရှည် အသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ဆီတွေ ထပ်ဖြည့်လိုက်၊ ပျက်စီးနေတာတွေကို ပြုပြင်လိုက်လုပ်ပေးရသလိုမျိုး၊ ကျွန်တော်တို့ခန္ဓာကိုယ်ကိုလည်း ပြုပြင်မွမ်းမံပေးဖို့လိုအပ်ပါတယ်။ အသက်ကြီးချိန်မှာ ဖြစ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေကို ကြိုတင် လေ့လာထားပြီး ပြောင်းလဲလာမှုတွေကို မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှု နေသင့်ပါတယ်။ ဒါမှသာ သင့်တော်တဲ့ ဆေးဝါးတွေကိုသုံးပြီး အခြေအနေတွေကို ပုံမှန်နီးပါးလောက်ရတဲ့အထိ ထိန်းထားနိုင်မှာပါ။ ဒီအချိန်မှာ ဆေးဝါးတွေကိုသာ မှားယွင်းပြီးသုံးမိမယ်၊ မလိုအပ်ပါဘဲ ပိုသုံးမိမယ်ဆိုရင် ယိုယွင်းစပြုနေတဲ့ ခန္ဓာကိုယ်ကို ပြန်ထိန်းရခက်သွားပါတယ်။ ဒါကြောင့် သက်ကြီးပိုင်းတွေမှာ ဆေးဝါးတွေသုံးစွဲတဲ့အခါ အထူးဂရုပြုသင့်ပါတယ်။ ဆေးတစ်ခုကို ရွေးချယ်တဲ့အခါ တတ်ကျွမ်းတဲ့သူတွေထံမှာ ညွှန်ကြားချက်ရယူပြီးသုံးစွဲတာကသာ ဘေးအကင်းဆုံး ဖြစ်တယ်ဆိုတာကို  အားလုံးက သတိချပ်သင့်ပါတယ်။

နှင်းနုလွင်(ဆေးဝါး)

Fashion Image Magazine

April – 2010


 

ကွန်ပျူတာနဲ့ မျက်စိ August 25, 2010

Filed under: ကျန်းမာ သုတ — thetsonehnin @ 3:17 AM
Tags:

ကျွန်မတို့နိုးထလာတဲ့ အချိန်ကနေ နောက်ဆုံးအိပ်တဲ့အချိန်အထိ စက္ကန့်မလပ် အလုပ်လုပ်နေရတဲ့ အစိတ်အပိုင်းတွေထဲမှာ မျက်စိလည်းပါပါတယ်။ လူတွေအားလုံးရဲ့ သင်ယူမှုတွေအနက် ၈ဝ ရာခိုင်နှုန်းကို အမြင်အာရုံ ကနေတဆင့် သင်ကြားနေပါတယ်။ ခြွင်းချက်အနေနဲ့ လူတန်းစားတချို့တလေတော့ ရှိပါတယ်။ ဒါကြောင့် အမြင်အာရုံဟာ နေ့စဉ်လှုပ်ရှားမှုတိုင်းအတွက် မရှိမဖြစ်ကို အရေးပါနေပါတယ်။ တိုးတက်လာတဲ့လူမှုအဖွဲ့အစည်းနဲ့အညီ ကွန်ပျူတာအသုံးတွင်ကျယ်လာတဲ့အတွက် မျက်စိအားစိုက်ရတဲ့ အလုပ်တွေဟာ ပိုပိုပြီးများလာပါတယ်။ ကွန်ပျူတာသုံးစွဲမှု ကြာမြင့်လာတာနဲ့အမျှ အမြင်အာရုံထိခိုက် ပျက်စီးမှုဟာ မမျှော်လင့်ထားတဲ့ ရန်သူတစ်ဦးလို ရုတ်တရက်ဝင်ရောက် လာတတ်ပါတယ်။ ကွန်ပျူတာသုံးစွဲမှုကြောင့် မျက်စိထိခိုက်ရတဲ့ အကြောင်းအရာတွေဟာ တစ်ချက်ထက်မက ရှိနေပါတယ်။

.

(၁) လှုပ်ရှားနေတဲ့ ကွန်ပျူတာမျက်နှာပြင်



ပထမဆုံးအချက်အနေနဲ့ ပြောရရင် ကွန်ပျူတာဖန်သားပြင်ပါ။ သမရိုးကျစာတစ်ပုဒ်ကိုဖတ်တာနဲ့ ကွန်ပျူတာကို သုံးပြီးဖတ်တာဟာ ကွာခြားမှုတွေရှိနေပါတယ်။ အဖြူရောင်စာမျက်နှာထက်မှာရှိနေတဲ့အနက်ရောင် စာလုံးလေးတွေဟာ သူတို့ဘာသာသူတို့ အလင်းမပြန်နိုင်ပေမယ့် အဖြူရောင်ဖန်သားပြင်ပေါ်က ရောင်စုံစာလုံးတွေဟာ သူတို့ဘာသာသူတို့ အရောင်တွေတောက်ပနေပါတယ်။ ဖန်သားပြင်က ထွက်လာတဲ့ အလင်းရောင်ဟာ ဘယ်တော့မှ အရောင်မှိန် သွားတယ်ဆိုတာ မရှိပါဘူး။

.

တစ်မိနစ်ကို အကြိမ် ၆ဝ ခန့် တဖျတ်ဖျတ်နဲ့ လက်နေတဲ့ စာလုံးတွေဟာ မျက်စိကို ထိခိုက်စေပါတယ်။ ဒီထက်နည်းတဲ့ အကြိမ်ရေဖြစ်ပေမယ့်လည်း ဒါဟာ မျက်စိကို Fluorescent အလင်းတန်းနဲ့ ထိုးနေတာနဲ့တူပါတယ်။ အသုံးပြုတဲ့စက်ရဲ့အနေအထား၊ အလင်းအမှောင် အချိန်အဆ ပေါ်မူတည်ပြီး အမြင်အာရုံ ထိခိုက်ပျက်စီးမှုတွေ ကွာခြားသွားတတ်ပါတယ်။ စာရေးတဲ့နေရာမှာလည်း ဒီအတိုင်းပါပဲ။ ပုံမှန်အတိုင်း စာမျက်နှာမှာချရေးတာနဲ့ ကွန်ပျူတာကိုသုံးပြီး စာရိုက်တာဟာ ကွာခြားမူတွေ ရှိနေပါတယ်။ ကွန်ပျူတာနဲ့ စာစီတဲ့အခါ ဖန်သားမျက်နှာပြင်ကို တချိန်လုံးစိုက်ကြည့်နေရတဲ့အတွက် မျက်စိကို ပိုပြီးထိခိုက်စေပါတယ်။

.

(၂) မျက်စိအနေအထား

ကွန်ပျူတာကို သုံးနေတဲ့အချိန်မှာ မျက်စိရဲ့ ပုံမှန်အနေအထားဟာ ပြောင်းလဲသွားပါတယ်။ စာအုပ်တစ်အုပ်၊ စာစောင်တစ်စောင်ကို ဖတ်တဲ့အချိန်မှာ မျက်စိနဲ့ အနည်းဆုံး ၁၄ လက်မကနေ ၁၆ လက်မလောက်အကွာဝေးမှာ ထားပြီးဖတ်လေ့ရှိပါတယ်။ မိမိဖတ်ချင်တဲ့ စာမျက်နှာကိုလည်း ၄ဝ ဒီဂရီလောက်ငုံပြီး ဖတ်ရပါတယ်။ ဒီလိုငုံ့ဖတ်တာဟာ ကြွက်သားတွေကို ဆွဲတင်းထားစရာမလိုဘဲ အလိုအလျောက် သဘာဝအတိုင်းလေးပဲ ခိုင်းစေတာနဲ့ တူပါတယ်။ ကွန်ပျူတာတော်တော်များများကိုသုံးတဲ့အခါမှာတော့ ဦးခေါင်းကို တည့်မတ်နေအောင်ထားရတဲ့အတွက် သဘာဝ ကျတယ်လို့ သတ်မှတ်လို့မရပါဘူး။ ကြွက်သားတွေဟာ တစ်ခုနဲ့တစ်ခု တွန်းကန်ပြီး တည့်မတ်နေအောင် ကြိုးစားရပါတယ်။ မျက်စိထဲမှာ ပုံရိပ်တွေ ရှင်းရှင်းလင်းလင်း မြင်ရဖို့အတွက်လည်း အာရုံအရမ်းစိုက်ထားရပါတယ်။ ကြာလာတာ နဲ့အမျှ ကြွက်သားတွေဟာ နုံးလာပြီး မျက်စိညောင်းတာ၊ ခေါင်းကိုက်တာမျိုးတွေ ဖြစ်လာပါတယ်။ ဦးခေါင်းကို ၁ဝ လက်မ လောက်ငုံပြီး သုံးလို့ရတဲ့ ကွန်ပျူတာမျိုးကတော့ ဒါကိုကာကွယ်နိုင်ပါတယ်။

.

(၃) စူးရှတောက်ပတဲ့ အလင်းရောင်

ရုံးတစ်ရုံးတည်းမှာပဲ အလင်း ရောင်ပြန်ထွက်နိုင်တဲ့ နေရာတွေက အမျိုးမျိုးရှိပါတယ်။ ရုံးခန်းအတွင်း ထွန်းထားတဲ့ မီးလုံး၊ မီးချောင်း၊ ပြင်ပကအလင်းရောင် ဝင်ရောက်မှု၊ အလင်းပြန်နိုင်တဲ့ မျက်နှာကျက်၊ ပြောင်ချောနေတဲ့ မျက်နှာပြင်ရှိတဲ့အရာတွေဟာ အများကြီးပါပဲ။ ကွန်ပျူတာသုံးနေတဲ့အချိန်မှာ ဦးခေါင်းကို တည့်မတ်နေအောင်ထားရတဲ့ အတွက် ပြင်ပကအလင်းရောင်၊ မျက်နှာကျက်က အလင်းရောင်တွေဟာ သတိမထားမိဘဲ မျက်စိကိုလာပြီး ရိုက်ခတ် ပါတယ်။ ဒါတွေကိုကာကွယ်ဖို့အတွက်ဆိုရင် ပြင်ပက အလင်းရောင်တွေ တိုက်ရိုက်မထိတွေ့ရအောင် ကာထားသင့် ပါတယ်။ ကွန်ပျူတာကို နေရာချတဲ့အခါ အလင်းထိုးနိုင်တဲ့နေရာမျိုးနဲ့လွတ်အောင် စဉ်းစားသင့်ပါတယ်။ ကွန်ပျူတာ မျက်နှာပြင်ကိုလည်း အကာလေးထားပြီးသုံးသင့်ပါတယ်။

.

ကွန်ပျူတာသုံးစွဲသူတစ်ယောက်ဟာ မျက်မှန်တပ်တဲ့သူဖြစ်နေရင် မျက်စိဆရာဝန်ဆီကို အချိန်မှန် သွားပြ ဖို့လိုအပ်ပါတယ်။ အဝေးကို ကြည်ကြည်လင်လင်မြင်ရဖို့သုံးတဲ့ မျက်မှန်တစ်လက်ဟာ ကွန်ပျူတာရှေ့မှာတော့ အသုံးဝင်သလား၊ မဝင်ဘူးလားဆိုတာ တိတိကျကျပြောလို့မရပါဘူး။ အထူးသဖြင့် အသက် ၄ဝ ပြည့်ပြီးသွား တဲ့သူ တစ်ယောက်ဟာ အရာဝတ္ထုတစ်ခုကို ဆုံချက်ထားပြီး ကြည့်ဖို့ခက်ခဲနေပါတယ်။ ဒါဟာ အသက်ကြီးလာချိန်မှာ ကြုံတွေ့ရတဲ့ မျက်စိရဲ့ စွမ်းဆောင်ရည်ကျဆင်းမှု ပြဿနာတစ်ရပ်ပါ။ ဒါတွေကိုထိန်းညှိပေးဖို့ဆိုရင် စာဖတ်တဲ့နေရာ၊ ကွန်ပျူတာသုံးတဲ့နေရာမှာ မျက်မှန်တစ်လက်ဆောင်ထားဖို့လိုပါတယ်။ အရင်က မျက်မှန်မတပ်ထားတဲ့ သူတစ်ယောက် ဆိုရင်လည်း မိမိကွန်ပျူတာသုံးစွဲနေတဲ့အကြောင်းကို ဆရာဝန်ကို သေသေချာချာပြောပြပြီး မျက်စိကို စမ်းသပ်သင့် ပါတယ်။

.

ကျွန်မတို့အားလုံးဟာ ကွန်ပျူတာကို မဖြစ်မနေ သုံးစွဲရနေရတဲ့အတွက် မျက်စိမထိခိုက်အောင် အရမ်းသတိ ထားရပါတယ်။ ကွန်ပျူတာကို သုံးနေတဲ့အချိန်မှာ ဘာတွေကို လုပ်သင့်တယ် ဆိုတာကိုပါ အမြဲထည့်သွင်း စဉ်းစား ထားသင့်ပါတယ်။ ဒီနေရာမှာ ကျွန်မတို့ လုံးဝမထင်မှတ်ထားတဲ့ အမူအကျင့်လေးတွေက ကျွန်မတို့ မျက်စိကို ကာကွယ်ပေးနေတာကို တွေ့ရပါတယ်။ အဲဒီအထဲက ပထမဆုံးလုပ်သင့်တဲ့ အချက်ဟာ မျက်တောင်ခတ်ဖို့ပါ။ မျက်တောင်ခတ်တာဟာ အလိုအလျောက်လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်မှာတော့  အလျင်မြန်ဆုံး တုံ့ပြန်နိုင်တဲ့ ဖြစ်စဉ်တစ်ခုပါပဲ။

.

ပုံမှန်ဆိုရင် လူတစ်ယောက်ဟာ တစ်မိနစ်ကို ၁၂ ကြိမ်ကနေ ၁၅ကြိမ်အထိ မျက်တောင် ခတ်နေပါတယ်။ စိတ်လှုပ်ရှားတဲ့အချိန်၊ တစ်စုံတစ်ရာရဲ့ လှုံဆော်မှုရှိနေတဲ့အချိန်၊ စိုးရိမ်ပူပန်နေတဲ့အချိန်၊ စကားပြောနေချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နေတဲ့ အချိန်တွေမှာ မျက်တောင်ပိုခတ်ပါတယ်။ ဒါပေမယ့် ငြိမ်နေတဲ့အချိန်မျိုးမှာ ဆိုရင်တော့ မျက်တောင်ခတ်တာ နည်းသွားပါတယ်။ စာဖတ်နေချိန်၊ စဉ်းစားနေချိန်၊ တစ်စုံတစ်ခုကို အာရုံစိုက်လုပ်နေ ချိန်မျိုးမှာပိုသိသာပါတယ်။ ဒီလိုမျိုးအကြာကြီးစူးစိုက်ကြည့်တာဟာ မျက်စိကိုညောင်းလာစေပါတယ်။ ဒီအချိန်မှာ မျက်တောင်ခတ်ပေးတာဟာ မျက်လုံးကို ခေတ္တအနားရသွားစေသလို မျက်စိကိုသန့်စင်စေလိုက်တာနဲ့လည်း တူပါတယ်။ မျက်တောင်ခတ်လိုက်တဲ့အတွက် မျက်စိကို ပြန်ပြီးစိုစွတ်သွားစေကာ  အရာဝတ္ထုတွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်သွားပါတယ်။ ဒါကြောင့် ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့အချိန်တွေမှာ မျတ်တောင်ခတ်ပေးဖို့ သတိထားသင့်ပါတယ်။

.

အသက်ရှုသွင်း၊ ရှုထုတ်လုပ်တာဟာ ကျွန်မတို့ရဲ့ ဘဝတည်ဆောက်နေခြင်းပါပဲ။ အသက်ရှုတဲ့ ဖြစ်စဉ်ဟာ ခန္ဓာကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ပြင်ပက အောက်ဆီဂျင်တို့ လဲလှယ်ယူလိုက်ခြင်းဖြစ်ပြီး ကျွန်မတို့ရဲ့ အစိတ်အပိုင်းအားလုံးကို ဒီဖြစ်စဉ်က လွှမ်းမိုးထားပါတယ်။ ကျွန်မတို့တွေဟာ စိတ်ဖိစီးမှုတစ်စုံတစ်ရာ ကြုံတွေ့ရတဲ့ အခါမှာ အသက်ရှုတာကို မေ့ထားကြလို့ အောက်ဆီဂျင်ရရှိမှု နည်းလာသလို ကြွက်သားတွေရဲ့ လှုပ်ရှားမှုကိုလည်း ထိန်းချုပ်ထားမိပါတယ်။ ကျွန်မတို့သတိမထားမိခင် ကြွက်သားတွေဟာ တောင့်တင်းလာပါတယ်။ ဒါကြောင့် ကွန်ပျူတာ ကို သုံးနေတဲ့ အချိန်မှာ မျက်စိမှာရှိတဲ့ ကြွက်သားတွေကို တင်းအားများများ မသက်ရောက်ရအောင် အသက်မှန်မှန်ရှုပေးသင့်ပါတယ်။ ဒါဟာ ကွန်ပျူတာသုံးနေစဉ်မျက်စိကို ကာကွယ်ခြင်းတစ်မျိုး လည်း ဖြစ်ပါတယ်။

.

ကွန်ပျူတာကို သုံးနေချိန်ဟာ ပြင်းပြင်းထန်ထန်အာရုံစိုက်ရတာဖြစ်လို့ အနားပေးဖို့လိုတယ်ဆိုတာ ငြင်းချက် ထုတ်လို့မရအောင် မှန်ကန်ပါတယ်။ ကျွန်မတို့ရဲ့မျက်စိဟာ နေရာတစ်ခုတည်းကိုပဲ အချိန်အကြာကြီး ဇောက်ချပြီး ကြည့်ရှုဖို့ တည်ရှိနေတာမဟုတ်ပါဘူး။ ဒါကြောင့် အလုပ်လုပ်နေရင်း ခဏ ခဏ အနားပေးဖို့ လိုပါတယ်။ အနားပေး တယ်ဆိုတဲ့နေရာမှာလည်း အနားပေးနည်းက သုံးမျိုးလောက်ရှိပါတယ်။ ပထမနည်းကိုတော့ ခေတ္တအနားပေးခြင်း (Micro Break) လို့သတ်မှတ်ပါတယ်။

.

ဒါကို ”၂ဝ၊၂ဝ၊၂ဝ” နည်းလမ်းလို့လည်း သတ်မှတ်ကြပါတယ်။ ကွန်ပျူတာရှေ့မှာ မိနစ် ၂ဝ ထိုင်ပြီးတိုင်း စက္ကန့် ၂ဝ လောက် အနားယူဖို့ပါ။ ကွန်ပျူတာကနေ ပေ၂ဝ လောက်အကွာအဝေးကို ကြည့်ပြီး အသက်မှန်မှန်ရှုသွင်း၊ ရှုထုတ်လုပ်တာ၊ မျက်တောင်ခတ်တာမျိုးကို လုပ်သင့်ပါတယ်။ တစ်နေရာတည်းကိုပဲ စူးစိုက်ကြည့်မနေဘဲ အနီးပတ်ဝန်း ကျင်ကို ခဏလောက် မျက်စိကစားကြည့်တာဟာ မိမိအလုပ်ကို မထိခိုက်စေသလို မျက်စိကိုလည်း ကာကွယ်ပေးပြီး သားဖြစ်နေပါတယ်။

.

နောက်ထပ်အနားပေးနည်းကတော့ အတော်အသင့် အနားပေးခြင်း (Mini Break) ပါ။ ဒါကတော့ အချိန် ၅မိနစ်လောက် အနားပေးတာကိုပြောတာပါ။ ကွန်ပျူတာနဲ့အလုပ်လုပ်ပြီးသွားလို့ ၁ နာရီပြည့်သွားတိုင်း မတ်တပ်ရပ်ပြီး ခြေဆန့်လက်ဆန့်တာမျိုး လုပ်သင့်ပါတယ်။ မျက်စိကို အပေါ်အောက်ရွှေ့တဲ့ လေ့ကျင့်ခန်းမျိုးလုပ်သင့်သလို တခြားသင့် တော်တဲ့နည်းလမ်းတွေကိုလည်း မျက်စိဆရာဝန်တွေဆီမှာ မေးမြန်းထားသင့်ပါတယ်။

.

နောက်ဆုံးအနားပေးတဲ့နည်းကတော့ ကြာရှည်အနားပေးခြင်း (Maxi Break) ပါ။ ဒါကတော့ ကော်ဖီသောက်ချိန်၊ နေ့လယ်စာ စားချိန်အနားပေးတဲ့ပုံစံမျိုးပါပဲ။ အလုပ်စားပွဲကနေထပြီး ဟိုဟိုဒီဒီလမ်းလျှောက်ပေးသင့်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေဆီကို ဖုန်းခေါ်မယ့်အစား ခြေကျင်လျှောက်သွားတာမျိုးဟာ မျက်စိကို အနားပေးရာ ရောက်သလို သွေးစီးဆင်းမှုကိုလည်းကောင်းစေပါတယ်။ မိမိကိုလည်း လန်းဆန်းစေပါတယ်။ အလုပ်လုပ်လို့ နာရီအနည်း ငယ်ကြာပြီးတိုင်း ဒီလိုမျိုးလုပ်ပေးရပါမယ်။

.

ကွန်ပျူတာသုံးစွဲမှုနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်လာတဲ့ မျက်စိပြဿနာတွေဟာ ခန့်မှန်းရခက်ပါတယ်။ ဘယ်လောက် အတိုင်းအတာလောက်အထိ ပြင်းထန်နိုင်သလဲဆိုတာကို တိတိကျကျပြောဖို့ ခက်ခဲပါတယ်။ မိမိသိထားတဲ့ အသိသဥာဟာ မျက်စိကို ကာကွယ်တဲ့နေရာမှာ သိပ်ကိုအဓိကကျပါတယ်။ ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ ကွန်ပျူတာက ကူညီပေးသလို ကျွန်မတို့ကို ငွေကုန်၊ လူပင်ပန်းအောင်လည်း စွမ်းဆောင်နိုင်ပါတယ်။ သဘာဝ အတိုင်းမိခင်က ပေးလာတဲ့မျက်စိကို သဘာဝနည်းလမ်းတွေအတိုင်းပဲ ကာကွယ်ဖို့ ကြိုးစားရပါမယ်။ အမြင်အာရုံ ပျက်စီးတဲ့ အဆင့်အထိမရောက်သေးခင်ကတည်းက မျက်စိကို ကာကွယ်ချင်တယ်ဆိုရင် ”ကွန်ပျူတာသုံးတိုင်း ခဏ ခဏ အနားပေးပါ” လို့ အသိပေးလိုက်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

(Health For All – April, 2010)

 

ဆေးဝါးများ၏ ဒိုင်ယာရီ (၃) August 24, 2010

Filed under: ဆေးဝါးများ၏ ဒိုင်ယာရီ — thetsonehnin @ 5:28 AM
Tags:

အစာအိမ် လေနိုင်ဆေးများ

မိတ်ဆွေ၏ရှေ့တွင် လူ၁ဝယောက်ဖြတ်သွားလျှင် ကျွန်တော်တို့နှင့် ရင်းနှီးကျွမ်းဝင်သောသူ ၉ ယောက် ပါမည်ကို ကျွန်တော်အတိအကျပြောနိုင်သည်။ ကျွန်တော်တို့သည် လူတိုင်း၏အိတ်ထဲတွင် နေရာယူထားတတ်သော ဆေးများဖြစ်ကြသည်။ ဆယ်ကျော်သက်အရွယ်များ၏ ဘေးလွယ်အိတ်ထဲတွင် ကျွန်တော်တို့ ရှိနေတတ်သကဲ့သို့ လူကြီးများ၏ မလှမ်းမကမ်းတွင်လည်း ရှိနေတတ်ကြသည်။ တစ်စုံတစ်ယောက်သည် အစားစားချိန်လွန်သွား သောကြောင့် ဗိုက်အောင့်လျှင် ကျွန်တော်တို့ကို သတိရသည်။ လေပွ၊ လေထလျှင်လည်း ကျွန်တော်တို့ကို တမ်းတ တတ်ကြသည်။ သူတို့ယုံကြည်လောက်အောင်လည်း ကျွန်တော်တို့က အစွမ်းထက်သည်။

.

လူများအတွက် အစာချက်ပေးသောစက်ရုံဖြစ်သည့် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် အပယိကပြဿနာများမှသည် ရောဂါကြီးများအစမပျိုးနိုင်အောင် ကျွန်တော်တို့က ကာကွယ်သမှုပြုနိုင်ကြပါသည်။ အစားအသောက်တို့မှရလာသော အာဟာရများ ခန္ဓာကိုယ်အတွက်အကျိုးရှိရှိအလုပ်လုပ်နိုင်စေရန် ကျွန်တော်တို့ကို မရှိမဖြစ်ကို လိုအပ်နေပါသည်။ လူတိုင်း၏အနားတွင် နေခွင့်ရသည်အထိ နေရာပေးခံရသော ကျွန်တော်တို့သည် အစာအိမ်လေနိုင်ဆေးများ၊ လေထခြင်းကို သက်သာစေသောဆေးများ (Antacids) ဖြစ်သည်။

.

ခန္ဓာကိုယ်တည်ဆောက်ရာတွင် အရေးပါသော ကျွန်တော်တို့အားလုံး မည်သို့ရပ်တည်နေသလဲ၊ အစာအိမ် နှင့်အူလမ်းကြောင်း တစ်လျှောက်တွင် မည်သို့အလုပ်လုပ်သလဲ ဆိုသည့်အချက်တို့ကို သိထားလျှင် မိတ်ဆွေတို့ လူသား အားလုံးအတွက် အကျိုးရှိပါသည်။ ကျွန်တော်တို့သည် အယ်ကာလိုင်း (Alkaline) သဘာဝရှိသည့် ပစ္စည်းများဖြစ်ကြပြီး ဆေးပုံစံ အဖြစ်ရပ်တည်ကာ အစာအိမ်တွင် ရှိသော အက်ဆစ်များ၏အာနိသင် လျော့နည်းသွားအောင် ဓါတ်ပြယ်ပေးနိုင်စွမ်းရှိပါသည်။ ကျွန်တော်တို့ တစ်ဦးချင်းစီ၏ အလုပ်လုပ်သောပုံစံ မတူသော်ငြား သက်ရောက်မှုချင်း တူညီပါသည်။

.

အက်ဆစ် (Acid) ၏ ဆန့်ကျင်ဘက်သည် အယ်ကာလိုင်း (Alkaline) ဖြစ်သည်ဆိုသော အချက်ကိုသိထားလျှင် ကျွန်တော်တို့ မည်သို့အလုပ်လုပ်သည်ကို ခန့်မှန်းနိုင်ပါလိမ့်မည်။ ကျွန်တော်တို့သည် မိတ်ဆွေ၏အစာအိမ်အတွင်းရှိ pHံ ကို ထိန်းညှိပေးပါသည်။ ယခုကျွန်တော်ပြောလိုသော pH ဆိုသည်မှာ အစာအိမ်တစ်ဝိုက်ရှိ အက်ဆစ်နှင့် ဘေ့စ်ကို တိုင်းတာပေးသောသတ်မှတ်ချက် တစ်ခုပဲဖြစ်သည်။ pH ၏ တန်ဖိုးသည် ၇ အောက်ရောက်လျှင် အက်ဆစ်ပတ်ဝန်းကျင်အဖြစ် သတ်မှတ်ပြီး ၇ အထက်ဆိုလျှင် ဘေ့စ်ဖြစ်သည်။ မိတ်ဆွေတို့သောက်သော ရေသည် pH ၇ ဖြစ်ပြီး ဓါတ်မပြုနိုင်သော အဆင့်ဖြစ်သည်။

.

မိတ်ဆွေ၏ အစာအိမ်ထဲတွင်ရှိသည့်  pH သည် ၂ နှင့် ၃ ကြားတွင်သာရှိသည်။ အကယ်၍ ထိုသတ်မှတ် ချက်အောက်သို့ ကျဆင်းသွားလျှင် မိတ်ဆွေကို အန္တရာယ်ဖြစ်စေပါလိမ့်မည်။ ဤပြဿနာကို ပြေလည်အောင် ဖြေရှင်းရန်အတွက် အစာအိမ်၏ pH ကို ၇ ထက် မြင့်တက်လာအောင်လုပ်ပေးရန် မလိုအပ်ပါ။ အကယ်၍ လုပ်မိလျှင်လည်း အစာအိမ်အတွက် သဘာဝမကျသော အနေအထားတို့ကို ဖြစ်စေပါသည်။ အစာအိမ်ထဲတွင် ကောင်းမွန်စွာအလုပ်လုပ်ရန်အတွက် ရှိနေသင့်သော pH သည် ၃–၄ ဖြစ်သည်။ ထိုနေရာတွင် ကျွန်တော်တို့၏ အရေးပါမှုသည် သိသာထင်ရှားသည်။ ကျွန်တော်တို့တဲ့သို့ (Antacids) များသည် ပိုလျှံနေသော အက်ဆစ်များကို ဓါတ်ပြယ်ပေးရန် တာဝန်ယူနိုင်ပါသည်။

.

ကျွန်တော်တို့သည် (Antacids) အဖြစ်အလုပ်လုပ်တော့မည်ဆိုလျှင် တဦးတည်း ပုံစံလုပ်သည်မှာ နည်းပါသည်။ ကျွန်တော်ကိုယ်တိုင် ပင် လူအများအလွယ်တကှူသုံးစွဲကြသော ဒိုင်ဂျင်း Digene ဟုခေါ်သော Antacids တွင်ပါဝင်သည့် အလူမီနီယမ် ဟိုက်ဒြောဆိုဒ် Aluminium Hydroxide ဖြစ်သည်။ ကျွန်တော်၏မိတ်ဆွေများနှင့် မိတ်ဆက်မပေးမီ ကျွန်တော်အကြောင်းကို ကျွန်တော်ဦးစွာ တင်ပြချင်ပါသေးသည်။

.

ကျွန်တော်ပါဝင်သော Antacids တစ်မျိုးမျိုးကို သောက်လိုက်သည်ဆိုပါစို့။ ကျွန်တော်သည် ဖြည်းဖြည်းချင်း ပျော်သွားပြီး အာနိသင်စရရန် အချိန် နာရီဝက်ခန့်စောင့်ရပါလိမ့်မည်။ ကျွန်တော်သည် တခြားဒြပ်စင်တို့နှင့် နှိုင်းယှဉ်လျှင် အစာအိမ်ထဲတွင် ကြာကြာ နေနိုင်သည့်အတွက် အာနိသင်ပေးချိန်လည်း ကြာပါသည်။ ထိုသို့ အရည်အချင်းကောင်းရှိသည့်အတွက် အစာအိမ်မှ အက်ဆစ်အထွက် များခြင်း၊ အစာမကြေရင်ပြည့် ရင်ကယ်ခြင်း၊ အစာရေမြိုပြွန်ရောင်ခြင်းတို့တွင် ကျွန်တော်သည် အလွန်အားထားရသည်။

.

ကျွန်တော့်တွင် သိသိသာသာ ဝမ်းချုပ်နိုင်သော အာနိသင်ရှိသောကြောင့် တစ်မျိုးတည်းသုံးခြင်းထက် Antacid အုပ်စုဝင် တခြားဆေး တစ်မျိုးမျိုးနှင့် တွဲဖက်သုံးစွဲခြင်းက ပိုသင့်တော်သည်။ ကျွန်တော်နှင့် တပူး တွဲတွဲတွေ့ရလေ့ရှိသော မိတ်ဆွေမှာ မဂ္ဂနီဆီယမ်ဖြစ်သည်။ ကျွန်တော့်ကို အချိန်ကြာကြာသာ စွဲသုံးလျှင် အရိုးပျော့လာနိုင်သည်။ ကျောက်ကပ်ရောဂါရှိသူများတွင် ပို၍စိုးရိမ်ရပါသည်။ ခန္ဓာကိုယ်ထဲတွင် ကျွန်တော်တို့ နေရာယူမှုများလာသည့်အခါ အစားအသောက်ထဲတွင်ပါရှိသည့် ဖော့စ်ဖိတ်၊ ကယ်လ်စီယမ်နှင့် ဖလူအိုရိုက်တို့နေရန် နေရာနည်းလာသည်။

.

ထိုသတ္တုဓါတ်များကို ခန္ဓာကိုယ်ပြင်ပသို့ ထွက်သွားစေသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ အရိုးပါးခြင်း၊ ပွခြင်းတို့ကဲ့သို့ ပြဿနာများကို ခံစားရတတ်ပါသည်။ အချိန်ကြာကြာစွဲသုံးမိလျှင် ကြွက်သားများ ပျော့လာတတ်သည်။ ကျွန်တော်တို့ကဲ့သို့ဆေးမျိုးကို လွတ်လပ်စွာရောင်းချကြသောဆေးများ (Over The Counter-OTC) ဆေးများ အဖြစ် သတ်မှတ်ထားကြသော်လည်း ကျောက်ကပ်ရောဂါရှိသူတို့တွင် ဘေးကင်းစေရန် ခဏမျှသာ သုံးသင့်သည်ဟု ကျွန်တော် အကြံပေးချင်ပါသည်။

.

ကျွန်တော်နှင့် တွဲဖက်ဖြစ်သည့် မဂ္ဂနီဆီယမ်ကိုမူ ပုံစံအမျိုးမျိုးနှင့် တွေ့ရသည်။ ကျွန်တော်နှင့် မတူညီသောအချက်မှာ သူသည် အလျင်အမြန်ပျော်ဝင်နိုင်သောဆေးဖြစ်ခြင်းပင်။ ထိုသို့ အာနိသင်မြန်မြန်ပေးနိုင်ခြင်းအတွက် အရေးပေါ်အခြေအနေတို့တွင် သူသည် အလွန်အသုံးဝင်နေခြင်းဖြစ်သည်။ ကျွန်တော်တို့ ၂ ဦးကို ပူးပေါင်းသုံးစွဲပါက အက်ဆစ်အထွက်များ၍ အစာအိမ်ရောင်ခြင်း၊ အရက်ကြောင့် အစာအိမ်ရောင်ခြင်း၊ အူသိမ်နှင့် အူသိမ်ဦးပိုင်း ရောင်ရမ်းသော အခြေအနေတို့ကို ကောင်းစွာထိန်းချုပ်နိုင်သည်ကို မိတ်ဆွေ သတိထားမိပါလိမ့်မည်။

.

Magnesium Carbonate, Magnesium Trisilicate, Magnesium Sulphate စသည်ဖြင့် ပုံစံအမျိုးမျိုးနှင့်ရပ်တည်နေသော ကျွန်တော်မိတ်ဆွေ မဂ္ဂနီဆီယမ်သည် ဝမ်းပျော့စေသော အာနိသင်ရှိသောကြောင့် ဝမ်းသွားခြင်းကို အားပေးပါသည်။ သူ့ကို တစ်မျိုးတည်းသုံးစွဲပြီး ဝမ်းသွားစေသော အာနိသင်ကို ရယူနိုင်သည်။ MOM ဟု လူသိများသော ဝမ်းနှုတ်ဆေးသည် ကျွန်တော့်မိတ်ဆွေ၏ ပုံစံတစ်ခုဖြစ်သည်။ သို့ဖြစ်ရာ Antacid အနေဖြင့် သုံးမည်ဆိုလျှင် မဂ္ဂနီဆီယမ်ချည်းပါသော ဆေးများကို အသုံးနည်းသည်။

.

ကျွန်တော် အလူမီနီယမ်ကဲ့သို့ ဝမ်းသွားတာကိုဆန့်ကျင်ပေးသော ဆေးများနှင့် တွဲပြီးသုံးစွဲကြသည်။ မဂ္ဂနီဆီယမ်ပါသော ဆေးများကိုအချိန်ကြာကြာ သုံးစွဲမိလျှင် ကျောက်ကပ်တွင် အန္တရာယ်ဖြစ်စေပါသည်။ ကျောက်ကပ်ရောဂါ အခံရှိနေသူများတွင် အန္တရာယ်ပိုကြီးပါသည်။ သွေးစီကြောင်းတွင် မဂ္ဂနီဆီယမ်ပါဝင်မှု အလွန်မြင့်မားနေပါက သွေးတိုးခြင်း၊ နှလုံးနှင့် အဆုတ် အလုပ်လုပ်ရာတွင် ခက်ခဲခြင်းတို့ရှိလာနိုင်ပါသည်။ လူတို့သည် ဝမ်းအနည်းငယ်ချုပ်ရုံနှင့် ကျွန်တော့်မိတ်ဆွေကြီးပါဝင်သော ဝမ်းနှုတ်ဆေးများကို အလွယ်တကူသောက်ကြသော်လည်း သူတို့ သွေးထဲတွင်ပမာဏမြင့်တက်နေလျှင် မည်သို့ဖြစ်နိုင်သည်ကို မေ့နေတတ်ကြသည်။ ယခုစာကို ဖတ်မိချိန်တွင် မိမိတို့အလွယ်တကူသောက်နေကြသော အဖြစ်ကို ရှောင်ကြလိမ့်မည်ဟု ကျွန်တော်မျှော်လင့်မိပါသည်။

.

မဂ္ဂနီဆီယမ်ကဲ့သို့ပင် အစာအိမ်ထဲတွင် မြန်မြန်ပျော်ပြီး မြန်မြန်အလုပ်လုပ်နိုင်သော နောက်ထပ်အဖွဲ့ဝင် တစ်ယောက်မှာ ဆိုဒီယမ်ဖြစ်သည်။ ကျွန်တော်က ဆိုဒီယမ် ဟုဆိုလိုက်လျှင် မိတ်ဆွေတို့အားလုံးသည် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ကို ပြေးမြင်ပါလိမ့်မည်။ သူသည် တစ်ချိန်က ဆိုဒါမင့် ဟု နာမည်ကျော်ကြားခဲ့ပါသည်။ လူတို့နှင့် အနီးဆုံးတွေ့နိုင်သည့် Antacid လည်းဖြစ်သည်။

.

သူ့ကို မုန့်ဖုတ်ဆော်ဒါဟုလည်း ခေါ်ကြသည်။ ဆိုဒီယမ် ပါသောဆေးဆိုသည့်အတိုင်းသူ့တွင် ဆားပါဝင်မှုမြင့်မားပါသည်။ ထို့ကြောင့် ဆားလျော့စားနေရသူများ အထူးသဖြင့် သွေးတိုးရောဂါကို ထိန်းချုပ်ထားသူများ၊ ဆားပါဝင်မှုကို မျက်ခြေပြတ်ခံလို့မရသည့် လူနာများအနေဖြင့် ဆရာဝန်၏ ညွှန်ကြားမှုနှင့်သာ သောက်သင့်ပါသည်ကို အမြဲသတိရသင့်သည်။ သူ့ကြောင့် ဆီးခဏခဏသွားခြင်း၊ ခံတွင်းပျက်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်နိုင်သော်လည်း ခဏတဖြုတ်သာ သုံးစွဲသူများတွင် မည်သို့သော အခက်အခဲများ မဖြစ်နိုင်သောကြောင့် စိတ်ပူရန်မလိုအပ်ပေ။

.

ကျွန်တော့်ကဲ့သို့ပင် အာနိသင်ပေးပုံချင်းတူသည့် နောက်ဆုံးအဖွဲ့ဝင်မှာ ကယ်လ်စီယမ် ဖြစ်သည်။ သူ့ကို ကယ်လ်စီယမ်ကာဗွန်နိတ်နှင့် ကယ်လ်စီယမ်ဖော့စ်ဖိတ်ပါသော ဆေးများအဖြစ် လူသိများသည်။ သူသည် ကျွန်တော်ကဲ့သို့ပင် ဝမ်းချုပ်နိုင်ပါသည်။ ပိုပြီးတိတိ ကျကျပြောရလျှင် တစ်ပတ်ကို ၅ – ၆ ကြိမ်ထက်ပိုသုံးပါက ထိုပြဿနာကို တွေ့နိုင်သည်။ ကျွန်တော်နှင့် အနည်းငယ် ကွဲပြားသောအချက်မှာ သူတို့သည် ကျောက်ကပ်တွင် ပိတ်ဆို့နိုင်ပြီး သွေးစီးဆင်းမှုကို ဟန့်တားနိုင်ပါသည်။ ကြာရှည်သောက်ပြီး ရေသောက်နည်းလျှင် ကျောက်ကပ်တွင် ကျောက်တည်နိုင်ပါသောကြောင့် မည်သည့် Antacid ကိုသုံးသည်ဖြစ်စေ ရေများများသောက်ပေးရန်လိုသည်ဟု ကျွန်တော်မှ ထပ်ဆင့်အကြံပေးချင်ပါသည်။

.

တချို့သော Antacid များတွင် Semithicone ပါဝင်ပါသည်။ သူသည် ကျွန်တော်တို့ကဲ့သို့ အက်ဆစ်ကို ဓါတ်ပြယ်စေသော အာနိသင် မရှိသော်လည်း အစာအိမ်ထဲတွင် အက်ဆစ်များအမြှုပ်သေစေသည်။ တနည်းအားဖြင့်ဆိုရသော် Semithicone သည် လေပွခြင်းအတွက် အထူးအသုံးဝင်ပါသည်။ သူ့ကို တခြားသော Antacid များနှင့်တွဲပြီးသုံးပါကလည်း ရင်ပူခြင်းကို သက်သာ စေပါသည်။ သို့သော Antacid တိုင်းတွင် သူ မပါဝင်ပေ။ ထို့ကြောင့် လေထခြင်းနှင့်ပတ်သက်သော ဝေဒနာတို့ကို သက်သာ စေရန်အတွက် မိတ်ဆွေတို့သောက်မည့် ဆေး၏အညွှန်းစာရွက်တွင် Antacid ပါ၊ မပါကို သေချာအောင် စစ်ကြည့်သင့်ပါသည်။

.

Semithicone ကဲ့သို့ပင် ကျွန်တော်တို့နှင့် ရံဖန်ရံခါတွဲသုံးတတ်သော နောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးမှာ Alginic Acid ဖြစ်သည်။ သူ့သည် လေချဉ်တက်ခြင်းကိုကောင်းစွာထိန်းချုပ်နိုင်သည့်အတွက် ကျွန်တော်တို့နှင့် တွဲဖက်သုံးစွဲသောအခါ အလွန်အဖိုးတန်သော ဆေးတစ်မျိုးဖြစ်လာသည်။ သို့သော်  Semithicone သည် လည်းကောင်း၊ Alginic Acid သည်လည်းကောင်း လုံးဝကြီးစိတ်ချရသည်တော့မဟုတ်ပေ။ သူတို့သည် အာနိသင်မြန်မြန်ပေးနိုင်သော်လည်း ပြန်ကန်နိုင်သော အာနိသင် (Rebound) ရှိသောကြောင့် ဆေးကို ရပ်လိုက်သောအခါတွင် အက်ဆစ်များအပေါ်ကိုပြန်တက်လာနိုင်သည်။ လေချဉ်တက်ခြင်း၊ အစာရေမြိုပြွန်ရောင်ခြင်းတို့ ပိုဆိုးဝါးလာနိုင်သည်ကို သတိရပေးပါ မိတ်ဆွေ။

.

ဆေးဝါးဆိုသော စကား၏အဓိပ္ပါယ်ကို မိတ်ဆွေတို့မည်သို့လက်ခံသည်ကို ကျွန်တော်မသိသော်လည်း ကျွန်တော်တို့သည် ဓါတုပစ္စည်းများ ဖြစ်သည်ကိုတော့ သတိထားသင့်သည်။ ကျွန်တော်တို့သည် ခန္ဓာကိုယ်ရှိ ပုံမှန်ဖြစ်ပျက်နေသော လုပ်ငန်းဆောင်တာများကို ပြောင်းလဲပေးသူများဖြစ်သည်။ သို့ဆိုရာ ကျွန်တော်တို့ကို အပျင်းပြေ ချိုချဉ်ငုံထားသကဲ့သို့ သုံးစွဲရန်သင့်တော်ပါမည်လော။ ဆေးဆိုသည်မှာ မည်မျှပင် အန္တရာယ်ကင်းသည်ဆို ပါစေ၊ အသုံးမတော်လျှင် ဘေးဖြစ်သည်ကို ကောင်းစွာသိထားပေးသင့်ပါသည်။

.

ကျွန်တော်တို့ကြောင့် အစာအိမ်မှ အက်ဆစ်များအလုပ်လုပ်ရာတွင် အဟန့်အတားဖြစ်ကာ  ခန္ဓာကိုယ်၏ ကျန်းမာရေးအခြေအနေ ယို့ယွင်းလာတတ်သည်ကို လူတော်တော်များများက မေ့လျော့နေကြသည်။ ကျွန်တော် တို့ကြောင့် အစာအိမ်မှ အက်ဆစ်များ အလုပ်လုပ်နိုင်စွမ်း နည်းသွားလျှင် မည်သူက အစာတွေကို ချေဖျက် ပေးပါ မည်နည်း။ အစာချေဖျက်မှုနည်းလာလျှင် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို မည်သို့ရယူ နိုင်ပါမည်နည်း။

.

စွမ်းအင်ကျလာသော အက်ဆစ်တို့ကြောင့် ဗီတာမင် ဘီ ၁၂ စုပ်ယူရာတွင် အနှောင့်အယှက်ဖြစ်လာသည်။  အာရုံကြောများအလုပ်လုပ်ရာတွင် အမှားမှားအယွင်းယွင်းဖြစ်လာသကဲ့သို့ ဦးနှောက်၏လုပ်ဆောင်မှုများလည်း ပျက်စီးလာတတ်သည်။ ထိုပြဿနာများသည် အသက်ငယ်သောသူများထက် အသက်ကြီးသော လူကြီးများတွင် ပိုပြီး သတိထားရန်လိုအပ်သည်ဟု ကျွန်တော်တို့ အားလုံးက တညီတညွှတ်တည်း လက်ခံထားကြသည်။

.

အက်ဆစ်အလုပ်လုပ်နိုင်စွမ်းလျော့နည်းမှုကြောင့် ဘီ ၁၂ ကဲ့သို့ပင် ခန္ဓာကိုယ်အတွက် အရေးပါသော ဗီတာမင်များဖြစ်သည့် ဘီ ၁၊ ဘီ ၆၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဖောလစ်အက်ဆစ်တို့ကဲ့သို့ သက် စောင့်ဓါတ်များလည်း လျော့နည်းလာပါသည်။ သတ္တုဓါတ်ပါဝင်သော အစားအသောက်များကို ခြေဖျက်နိုင်မှု လျော့ နည်း လာစေခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်နေသော သံဓါတ်၊ သွပ်ဓါတ်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီ ယမ်တို့လည်း လျော့နည်းလာသည်။ တက်ြ<ွကလန်းဆန်းသော ဟန်ပန်တို့ကို ဆုံးရှုံးလာနိုင်သည်။ သတိထားပြုစရာပင်။

.

ကျွန်တော်တို့ကို Over The Counter – OTC ဆေးများ အဖြစ် သတ်မှတ်ထားကြသောကြောင့် အားလုံးသည် စိတ်လွတ်ကိုယ်လွတ်သုံးစွဲကြသည်။ OTC ဆေးများ ဖြစ်သော ကျွန်တော်တို့ပြောသော သတိပေး စကားများသည် ကြီးကျယ်သည်ဟု အားလုံးက ထင်မြင်နိုင်သည်။ လွတ်လပ်စွာ ထင်နိုင်ပါသည်။ သို့သော် ကျွန်တော် တို့ပြောသော စကားတို့ကို အလေးအနက် နားထောင်ပေးပါ။ ကျွန်တော်တို့အကျိုးအတွက်မဟုတ်ဘဲ မိတ်ဆွေတို့ အတွက် စဉ်းစားပေးနေသည်ကို လက်ခံလျှင် ကျွန်တော်တို့ပြောလာသည့် ဓါတ်ပြုမှုများအကြောင်းကို ဂရုစိုက်ပေးပါ။

.

ကျွန်တော်တို့သည် တခြားဆေးများနှင့် ဓါတ်ပြုနိုင်သည်။ ကျွန်တော်တို့ကြောင့် ဓါတ်ပြုမှုများ ပိုပြီးများနိုင်သည်။ အခြားဆေးများကို စုပ်ယူမှုတွင် အဟန့်အတားရစေသောကြောင့် အာနိသင်ပေးသောနေရာ၊ ဘေးထွက် ဆိုးကျိုးတို့တွင် ပိုပြီး ရှုပ်ထွေးလာစေသည်။ ကျောက်ကပ်တွင်လည်း ဆေးများကို စွန့်ထုတ်ခြင်း၊ ပြန်ပြီး စုပ်ယူခြင်း တို့တွင် ပြဿနာများဖြစ်လာသည်။ ထိုသို့သော ပြဿနာတို့ကိုရှောင်လိုလျှင် ကျွန်တော်တို့ကို မသုံးသေးခင် ၁ နာရီအလို၊ သုံးပြီး ၃ နာရီလောက်ကြာသော အခါမှသာ တခြားဆေးများကိုသောက်ရန် အကြံပြုရပါလိမ့်မည်။

.

ကျွန်တော်တို့ကြောင့် တချို့ဆေးများ၏စုပ်ယူမှုလျော့နည်းသွားနိုင်သည်။ Tetracycline, Ciprofloxacin တို့ကဲ့သို့ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ ဓါတ်မတည့်မှုအတွက်သုံးသောဆေးများ၊ သံဓါတ်ပါသော ဆေးများ၊ သွေးကျဆေးများ၏ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် ထိုဆေးများ အပြည့်အဝအလုပ်မလုပ်နိုင်တော့ပေ။ ထို့အပြင် ကျွန်တော်တို့သည် ဂျင်းကဲ့သို့ အစားအစာတို့ကို မစုပ်ယူအောင် ဟန့်တားသည်။ သို့သော် ကျွန်တော်တို့ကြောင့် အာနိသင်ပိုကောင်းသွားသော ဆေးများလည်း ရှိသည်။ အတက်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက် ရောဂါအတွက်သုံးသော Valporic Acid၊ ဆီးချိုရောဂါ အတွက် သုံးသော Sulphonylureas၊ နှလုံးခုန်သံမှန်ရန် အတွက်သုံးသော Quinidine၊ ခြေတုန် လက်တုန်ရောဂါအတွက် သုံးသော Levodopa? နှလုံးအတွက်သုံးသော Digoxin တို့၏ အာနိသင်ကို ပိုပြီးကောင်းစေသည်။ ထို့ကြောင့် ကျွန်တော်တို့နှင့် တွဲဖက်သုံးစွဲမည်ဆိုလျှင် သူတို့၏ ပမာဏကို ပြန်ပြီးချင့်တွက် ရပေလိမ့်မည်။

.

ကျွန်တော်တို့ကို မည်မျှသုံးမလဲဆိုသည်မှာ ခံစားနေရသော ဝေဒနာ အတိမ်အနက်ကိုလိုက်ပြီး ဆရာဝန်၏ ရွေးချယ်မှုပေါ် မူတည်သည်။ ကျွန်တော်တို့နှင့် တည့်မတည့်၊ တခြားဆေးဝါးများသောက်သုံးနေမှု၊ ကျန်းမာရေး အခြေအနေတို့ပေါ် ချင့်ချိန်ပြီး တတ်ကျွမ်းသည့် ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။ ကျွန်တော်တို့ဘက်မှ ပြောနိုင် သော အချက်တော့ရှိသည်။ ဆိုပါစို့၊  ဝါးစားရန်ရည်ရွယ်ပြီး ထုတ်ထားသော ဆေးဆိုလျှင် ဝါးစားပေးပါ၊ ရေများများ သောက်ပေးပါ၊ ငုံဆေးပုံစံဆိုလျှင်လည်း ပါးစပ်ထဲတွင် လုံးဝပျော်သွားချိန်အထိ ထားပေးပါ၊ အရည်ပုံစံ ဆိုလျှင်လည်း မသောက်ခင်သေသေချာချာလှုပ်ပေးပါ၊ စသည်တို့ကို လမ်းညွှန်နိုင်ပါသည်။

.

ကျွန်တော်တို့ကို အက်ဆစ်ထွက်ခြင်းကို ဟန့်တားသောဆေးများနှင့် မရောနှောစေချင်ပါ။ ကျွန်တော် တို့သည် အစာအိမ်တွင် သက်ရောက်ကြသောဆေးများဖြစ်လင့်ကစား၊ ကျွန်တော်တို့ အလုပ်လုပ်သော ပုံစံကွဲပြားကြသောကြောင့် ကျွန်တော်တို့ကို သင့်တော်အောင်သုံးစွဲသည့်နေရာများ ကွာခြားကြသည်။ ကျွန်တော်တို့သည် အာနိသင် မြန်မြန်ပေးနိုင်သည်၊ အာနိသင်ပေးချိန်တိုသည်၊ အချိန်တိုအတွင်း အစာအိမ်နှင့် ပတ်သက်သည့် ဝေဒနာတို့ကို သက်သာပျောက်ကင်းနိုင်စွမ်းအရှိဆုံးဆေး များဖြစ်ကြသည်။ သို့သော် ကျွန်တော်တို့ကို အမြဲသောက်ရန်မလိုအပ်ပေ။ ကျွန်တော်တို့ကို မဆင်မခြင်သုံးမိပါက အန္တရာယ်ရှိလာပါသည်။

.

ကျွန်တော်တို့သည်အစာအိမ်နှင့်ပတ်သက်သော ရောဂါတို့တွင်သုံးနိုင်သော်လည်း အူအတက်ရောင်ခြင်း၊ အူရောင်ခြင်းနှင့်ပတ်သက်သော ရောဂါလက္ခဏာတို့ပြလာလျှင် ကျွန်တော်တို့ကို မသုံးစွဲသင့်ပေ။ ဝမ်းဗိုက်အောက်ပိုင်း ပြင်းထန်စွာနာကျင်ခြင်း၊ ဝမ်းဗိုက်ကြွက်တက်ခြင်း၊ မောခြင်း၊ အန်ခြင်းတို့ပြင်းပြင်းထန်ထန်ခံစားရလျှင်ကျွန်တော်တို့ကို စမ်းတဝါးဝါးသုံးစွဲပြီး အချိန်မဖြုန်းသင့်ကြောင်း ကျွန်တော်တို့က တောင်းဆိုရပါလိမ့်မည်။ မည်သည့်ဆေးကို သုံးစွဲသည်ဖြစ်စေ၊ ဓါတ်မတည့်မှုဖြစ်နိုင်လေရာ ကျွန်တော်တို့ကြောင့်လည်း ဓါတ်မတည့်မှုဖြစ်နိုင်ကြောင်း သတိရ ပေးပါ။

.

အသက်ကြီးသူတစ်ယောက်တွင် အရိုးနှင့်ပတ်သက်သော ပြဿနာရှိနေလျှင် (သို့) သက်ကြီးအတိတ်မေ့ရောဂါ အတွက်  ဆေးများ သောက်သုံးနေလျှင် ကျွန်တော်တို့ကို ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်ပါ။ ကျွန်တော် တို့သည် အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပြင်းထန်သော သတိပေးချက်တို့ကို ဖုံးကွယ်တတ်လေရာ၊ အသက်ကြီးသူ များတွင် ပိုပြီး သတိထားရပါမည်။ ဆေးသောက်မည်ဆိုတိုင်း အမြဲထည့်သွင်းစဉ်းစားရသည့် ကိုယ်ဝန်ဆောင်သည်နှင့် နို့တိုက်မိခင်တို့တွင်လည်း အညွှန်းကိုသေချာဖတ်ပြီးမှ သောက်ကြပါ ဆိုသည့်အချက်ကို ကလေးများ၏အနာဂတ်ကို ရည်မျှော်ပြီး ကျွန်တော်တို့အားလုံးက တောင်းဆိုချင်ပါသည်။

.

ကျွန်တော်တို့သည် မိတ်ဆွေလူသားအားလုံးကို ကာကွယ်စောင့်ရှောက်ရန် Antacid ဆိုသော အမည်နှင့် ဆေးလောကတွင် ရပ်တည်နေကြသည်။ သို့သော် ကျွန်တော်တို့ကို အမြဲသုံးစွဲရန်မသင့်။ အချိန် ၂ ပတ်ကျော် ကြာ သုံးစွဲသည့်တိုင် မည်သည့်ထူးခြားမှုမျိုးမှ မတွေ့လျှင် ဆရာဝန်နှင့် သွားရောက်တွေ့ဆုံရန် အကြံပေးချင်သည်။ မိတ်ဆွေ၏ နှလုံး၊ ကျောက်ကပ်၊ အရိုးအပါအဝင် ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတိုင်းကို ချစ်မြတ်နိုးလျှင် ကျွန်တော်တို့ နှင့်ပတ်သက်ပြီး သတိရှိပေးပါ။ ကျွန်တော်တို့ကို အားကိုးအားထားပြုပြီး အစားအသောက်မဆင်ခြင်သည့် အပြုအမူကို ရှောင်ပါ။ ကောင်းစွာကျေညက်နိုင်သည့် အစာတို့ကိုစားပါ။ ”ရုပ်ကိုအာဟာရစောင့်သည်” ဆိုလျှင် မျှတသော အာဟာရအတွက် ကျွန်တော်တို့ကို နည်းလမ်းမှန်စွာ အသုံးပြုပေးပါရန် ကျွန်တော်တို့ Antacids အားလုံးမှ တောင်းဆိုချင်ပါသည်။

နှင်းနုလွင် (ဆေးဝါး)

Health For All Magazine

(September, 2010)