သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

သဘာဝဆေးပင်နဲ့ အနောက်တိုင်းဆေး  September 17, 2010

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ

(၄)

သဘာဝဆေးပင်နဲ့ အနောက်တိုင်းဆေး


ညီမလေးရေ ဆေးသုံးတာနဲ့ ပတ်သက်တဲ့ မရိုးမဆန်းဇာတ်လမ်းတွေဟာ တစ်ထောင့်တစ်ညပုံပြင်လို အရှည်ကြီးပဲနော်။ လူတွေနေထိုင်ကောင်းဖို့ဆေးဝါးတွေကို သုံးကြတယ်။ ဒီဆေးတွေကြောင့် ဝေဒနာခံစားရတာတွေ သက်သာလာတယ်။ ဆေးတွေကို လူတွေက လိုလားနှစ်ခြိုက်လာကြတယ်။ ဆေးတွေနဲ့ ရင်းနှီးကျွမ်းဝင်လာကြတယ်။ အဲဒီမှာ စဉ်းစားစရာ တစ်ခုရှိလာတာက မမတို့အခုသုံးနေကြတဲ့ အနောက်တိုင်းဆေးဆိုတာတွေကို သဘာဝဆေးပင်တွေနဲ့ တွဲသုံးရင် သင့်တော်ပါ့မလားဆိုတာပဲ။ ဒီအတွေးတွေ မမခေါင်းထဲကို ဝင်လာအောင် လှုံဆော်ပေးခဲ့တာက မမတို့ အခုနေနေတဲ့ အိမ်နားက ဒေါ်လေးမြင့်စိန်ပေါ့။ အသက် ၅ဝ ပြည့်ပြီးတဲ့ ဒေါ်လေးဟာ သွေးတိုးတက်လို့ သွေးကျဆေးသောက် နေရတာလေ။ မှတ်မှတ်ရရ ပြောရရင် Enalapril လို့ခေါ်တဲ့ဆေးပေါ့။ အပြင်က လူတွေတော်တော်များများ သိကြတဲ့ သွေးကျဆေးတစ်မျိုးပါပဲ။

.

လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ ဒေါ်လေးကို သူ့တူမတစ်ယောက်က သွေးတိုးတဲ့အခါ အင်္ဂလိပ်ဆေး Enalapril မသောက်ဘဲ ဒန်သလွန်ရွက် ပြုတ်စားဖို့ အကြံပေးသတဲ့။ ဒါနဲ့တစ်နေ့တော့ ဒေါ်လေးတို့မိသားစုတွေဟာ ဒန်သလွန်ရွက်ကို ဟင်းချိုချက်ပြီးစားတယ်တဲ့။ ထမင်းစားပြီးလို့ နာရီဝက်လောက်ကြာတော့ ဒေါ်လေးက ခေါင်းနည်းနည်း မူးလာလို့ဆိုပြီး သူသောက်နေကျ သွေးကျဆေးထပ်သောက်လိုက်သတဲ့။ အဲဒီအချိန်မှာ ခေါင်းတွေ အရမ်းမူးလာပြီး၊ ချွေးသီးချွေးပေါက်တွေကျလာတယ်။ ရပ်ကွက်ထဲက ဆေးခန်းကို အရောက်မြန်သွားတာ ကံကောင်းတယ်လို့ ပြောရမယ် သိလား။ ဘာလို့လဲဆိုတော့ သွေးဖိအား (Blood Pressure) က အရမ်းထိုးကျနေတာကိုး။ အဲဒီနေ့ကဆို ဒေါ်လေးတို့ တစ်အိမ်လုံး ပျာယာခတ်သွားတာပဲ။ သွေးကျဆေးသောက်နေတဲ့သူတစ်ယောက်ဟာ သွေးပေါင်ကျစေတဲ့ တခြားအစား အစာတွေကို ထပ်စားမိတော့ အန္တရာယ်ရှိတာပေါ့ညီမလေးရဲ့။

.

ဒီလို အန္တရာယ်မျိုးကို ”ဆေးမြီးတို”ကပေးတဲ့ အမှတ်တရလို့ နာမည်ပေးရင်ကောင်းမလားမသိဘူးနော်။ ဘာလို့လည်းဆိုတော့ မြို့ပြနဲ့အလှမ်းအကမ်းဝေးတဲ့ဒေသမှာရော၊ မြို့ပေါ်မှာပါ ”ဆေးမြီးတို” ဆိုတဲ့ စကားလုံးကို တော်တော်ရင်းနှီးကြတာ ညီမလေးရဲ့။ ကိုယ်တတ်သလောက်၊ မှတ်သလောက် ဆေးပင်၊ ဆေးမြစ်၊ ဆေးအခေါက်တွေကို ကိုယ့်အသိုင်းအဝိုင်းမှာ ပြန်ပြီးလက်ဆင့်ကမ်းဝေတတ်တဲ့ စေတနာကြောင့် ဒီလိုပျံနှံ့နေတာဖြစ်မယ်လို့ မမထင်တယ်။ အခု ဒေါ်လေးကိုပဲကြည့်ပါလား။ အဖိုးတန်တဲ့ သဘာဝကပေးလာတဲ့ဆေးဝါးတွေကို အိမ်မှာချက်ထားတဲ့ ဟင်းလို သဘောထား ပြီး အတိုင်းအဆမရှိ အလွယ်တကူသုံးနေကြတော့ မခက်ဘူးလားညီမလေး။ ”အစားလည်းဆေး၊ ဆေးလည်းအစာ” ဆိုပေမယ့် သုံးတတ်မှ ဆေးဖြစ်မှာပေါ့နော်။ ဒီစာကိုဖတ်ပြီး သဘာဝကပေးလာတဲ့ ဆေးတွေကို စိတ်ချလက်ချ သုံးလို့ မရဘူးလို့လည်း ထင်မနေနဲ့ဦးနော်။

.

သူတို့ဟာ တကယ့်ကိုအလုပ်လုပ်နိုင်တဲ့ ဆေးတွေပဲညီမလေးရဲ့။ သမားတော်ကြီးဇီဝကကို ညီမလေး ကြားဖူး လား။ အဲဒီဇီဝကလောင်းလျာ ကျောင်းသားလေးကို သူ့ဆရာက ဆေးပညာစုံ၊ မစုံသိချင်တော့ ဆေးဖက်မဝင်တဲ့ အပင်ကို ရှာခိုင်းသတဲ့။ အချိန်တော်တော်ကြာတဲ့အထိရှာတာတောင် ဇီဝကဟာ ဆေးဘက်မဝင်တဲ့ အပင်ရယ်ဆိုပြီး မတွေ့ခဲ့ရဘူး။ အပင်တိုင်းဟာ သူ့နေရာနဲ့သူ အသုံးဝင်နေတာကိုး။ အဲဒီလိုတန်ဖိုးရှိတဲ့ သဘာဝဆေးတွေဟာ ကျွမ်းကျင်စွာ စီမံနိုင်တဲ့ ပညာရှင်ရဲ့လက်ထဲမှာတော့ တကယ့်အသက်ကယ်ဆေးပဲ ညီမလေး။ အဲဒီလိုမှမဟုတ်ဘဲ တတ်ယောင်ကားဖန်တီးသူ တစ်ယောက်ကသာ အမှုမဲ့ အမှတ်မဲ့သုံးမိရင်ဖြစ်စေ၊ သူနဲ့အာနိသင်ချင်းတူတဲ့ တခြားဆေးတွေနဲ့သာ တွဲသုံးမိရင်ဖြစ်စေ ကြုံတွေ့လာနိုင်တဲ့လူနာတွေရဲ့ အဖြစ်ဟာ မတွေးရဲစရာပဲနော

.

ဒီမှာ မမနည်းနည်းပြောပြချင်တာက အနောက်တိုင်းဆေးဆိုပြီး မမတို့သုံးနေကြတဲ့ဆေးတွေ။ အဲဒီဆေးတွေရဲ့ ဖြစ်တည်ရာအစဟာ သဘာဝကလို့ပြောရင် ညီမလေး အံ့သြနေမလားပဲ။ ဟုတ်တယ်ညီမလေးရေ။ မမတို့အားလုံးသိကြတဲ့ ပင်နီဆလင်ရဲ့အစဟာ မှိုကနော်။ နောက်…တစ်ခေတ်တစ်ခါတုန်းက အကိုက်အခဲပျောက်ဆေး၊ အပူကျဆေးရယ်လို့ နာမည်ကြီးခဲ့ပြီး အခုအချိန်မှာလည်း သွေးကျဲဆေး၊ နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ဆေးရယ်လို့ အသုံးဝင်နေတဲ့ အက်စပရင်ဆေးဟာ မမတို့အိမ်နောက်ဘက်မှာစိုက်ထားတဲ့ မိုးမခပင်ရဲ့ အခေါက်ကနေရတာညီမလေးရေ။ သူတို့လိုပဲ တခြားဆေးတွေကိုလည်း သဘာဝထဲက ရှာဖွေရတာပေါ့။ ဒါကြောင့် အနောက်တိုင်းဆေး နဲ့ သဘာဝဆေးတွေရဲ့ ဆက်စပ်ချက်ကို ဟိုဘက်ဒီဘက်ရမ်းနေတဲ့ ”ချိန်သီးနာရီ”နဲ့ တင်စားကြတာလေ။ ဆေးအသစ်တွေဘယ်လောက်ပဲ ထွက်ပေါ်ပါစေ၊ အဲဒီဆေးတွေကို သဘာဝထဲမှာပဲ ပြန်ရှာဖွေရတာကိုး။

.

အဲဒီလိုသဘာဝက ပေးတဲ့နတ်ဆေးတွေကို ပေါ့ပေါ့တန်တန်သဘောထားပြီးသုံးစွဲလို့ သင့်တော်ပါ့မလားညီမလေး။ ပြီးတော့ အနောက်တိုင်းဆေးတွေကတောင် အချင်းချင်းဓါတ်ပြုမှုရှိနိုင်တယ်ဆိုရင် သဘာဝဆေးတွေမှာရော မဖြစ်နိုင်ဘူး လား။ ပြုပြင်ထုတ်လုပ်ထားတဲ့ အနောက်တိုင်းဆေးတွေဟာ အချင်းချင်းဓါတ်ပြုနိုင်သလို သဘာဝဆေးပင်တွေနဲ့လည်း ဓါတ်ပြုနိုင်တယ်ဆိုတာကို အမြဲတမ်းထည့်တွေးထားရတယ်ညီမလေးရဲ့။ သူတို့ဓါတ်ပြုတဲ့အခါ ပိုပြီးကောင်းတဲ့ အာနိသင် တွေပေးနိုင်သလို အနရာယ်ဖြစ်စေလောက်တဲ့အထိ ပြင်းထန်မှုတွေလည်း ကြုံတွေ့ရတတ်တယ်။ အဲဒီဓါတ်ပြုမှုတွေဟာ အသက်ကြီးတဲ့လူနာတွေ၊ ဆေး၂ မျိုး၊ ၃ မျိုးလောက် သောက်နေရတဲ့သူတွေ၊ ဆီးချို၊ သွေးတိုး၊ စိတ်ကျရောဂါရှိတဲ့သူ၊ အဝလွန်နေတဲ့သူ၊ နှလုံးရောဂါသည်တွေမှာဆိုရင် အရမ်းပြင်းထန်လွန်းလို့ သတိထားရတာပေါ့။ အဲဒီလိုလူမျိုးတွေဆိုရင် တိုင်းရင်းဆေးပဲသောက်သောက်၊ ဓါတ်စာပဲကျွေးကျွေး၊ ဆေးခန်းကိုသွားရင် သက်ဆိုင်ရာဆရာဝန်ကို အကြောင်းစုံ ပြောပြဖို့တော့ လိုမယ်နော်။ .

.

အခုဆို အခုနောက်ပိုင်းနိုင်ငံတော်တော်များများမှာ သူတို့ရဲ့ တိုင်းရင်းဆေးကို ပြန်ပြီးဖော်ထုတ်လာကြ တယ်ညီမလေးရဲ့။ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါးအဖိုးတန်တဲ့ သဘာဝဆေးတွေကို ပြန်ပြီးတူးဖော်လာကြတာပေါ့။ အဲဒီလိုတူးဖော်ရင်းနဲ့ ဆေးပင်တွေနဲ့ ဆေးတွေရဲ့ ဓါတ်ပြုမှုကို ကမ္ဘာကသိအောင် ကြော်ငြာလာတယ် ညီမလေးရဲ့။ မမှားသင့်တာတွေ၊ မမှားရအောင်ကြိုတင်ကာကွယ်ထားတာပေါ့။ အဲဒီကြော်ငြာချက်တွေထဲက အင်တာနက်စာမျက်နှာမှာ ဖတ်လိုက်ရတဲ့၊ မမတို့နဲ့ရင်းနှီးနေတဲ့ ဆေးပင်တွေအချို့အကြောင်းကို ပြောပြရဦးမယ်။

.

မမတို့အားဆေးဆိုပြီးသုံးကြတဲ့ ဂျင်ဆင်းဆေးမြစ်တွေဟာ သွေးပေါင်နည်းနည်းတက်နိုင်တယ်တဲ့ ညီမလေးရဲ့။ အဲဒီဆေးတွေဟာ သွေးတိုးရောဂါထိန်းချုပ်ထားတဲ့လူနာတွေ၊ သွေးပေါင်ကျဆေး သောက်နေရတဲ့သူတွေအတွက် အန္တရာယ်ရှိတာပေါ့။ ဂျင်ဆင်းကို Coumarin လိုသွေးကျဲဆေးတွေနဲ့ တွဲသောက်မိရင်တော့ သွေးယိုစီးတဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်။ အဲဒီ Coumarin လိုဆေးဟာ အာနိသင်အရမ်းပြင်းထန်တာကြောင့် သူ့ကိုသောက်နေတဲ့ အချိန်မှာ ဆရာဝန်တွေနဲ့တိုင်ပင်ပြီးမှသာ တခြားအားဆေးတွေ၊ ဖြည့်စွက်ဆေးတွေကို သောက်ပေးသင့်တာပေါ့နော်။ ဂျင်ဆင်းသုံးတာများသွားရင် အိပ်မပျော်တာတွေဖြစ်တတ်ပြီး သူ့ကို Caffeine ပါတဲ့ အစားအစာတွေ၊ ကိုလာတွေနဲ့သာ တွဲသုံးမိရင်အစာအိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်နိုင်တယ်။ အမျိုးသမီးတစ်ချို့မှာ ရာသီသွေးဆင်းတာ၊ ရင်သားနာ ကျင်တာမျိုးတွေ ဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသုံးဖို့ပြောထားတယ်ညီမလေးရဲ့။

.

နောက်တစ်မျိုးက ကြက်သွန်ဖြူ။ မမတို့ငယ်ငယ်တုန်းက မီးအုံးပြီး စားခဲ့တယ်။ လူကြီးတွေကလည်း သူငယ်နာ ကင်းအောင်ဆိုပြီး ကျွေးခဲ့ကြတဲ့ကြက်သွန်ဖြူလေ။ အဲဒီကြက်သွန်ဖြူဟာ နှလုံးကို အများကြီး အထောက်အကူပြုနိုင်တာပဲ ညီမလေးရဲ့။ ဒါပေမယ့် ကြက်သွန်ဖြူ ဒါမှမဟုတ် သူပါတဲ့ဆေးကို ဆီးချိုကျစေတဲ့ဆေးတွေနဲ့တွဲသုံးမိရင် သွေးထဲမှာရှိတဲ့ သကြားဓါတ်ဟာ အန္တရာယ်ဖြစ်လောက်တဲ့အထိ ထိုးကျသွားတယ်။ အခန့်မသင့်ရင် ရှော Hypoglycemic shock တောင်မှ ရနိုင်တယ်တဲ့။ တချို့ကြက်သွန်ဖြူကို လက်မခံနိုင်တဲ့သူတွေမှာဆိုရင်လည်း ရင်ပူတာ၊ လေပွတာမျိုးတွေလည်း ဖြစ်လာတတ်တယ်။ စောစောတုန်းက ဂျင်ဆင်းလိုပဲ ကြက်သွန်ဖြူမှာလည်း သွေးခဲတာကို ဆန့်ကျင်နိုင်တဲ့အာနိသင်ရှိ တာကြောင့် သွေးကျဲဆေးသောက်နေရတဲ့သူတွေအတွက်တော့ သတိထားစရာပေါ့ညီမလေးရဲ့။

.

နောက်တစ်ခုက မမတို့ပတ်ဝန်းကျင်မှာ အတွေ့များတဲ့ နွယ်ချို။ လျက်ဆားတွေမှာ သုံးတယ်။ တိုင်းရင်းဆေးတွေ ဖော်စပ်တဲ့နေရာမှာ သုံးကြတဲ့နွယ်ချို။ အဲဒီနွယ်ချိုနဲ့ ဆီးဆေးတွေ တွဲမိရင် သွေးထဲမှာရှိတဲ့ ပိုတက်စီယမ်ပမာဏဟာ အရမ်းကျသွားပြီး ထုံကျင်တာ၊ ကြွက်သားတွေအားပျော့ပြီး နုံးလာတာ၊ နာကျင်တာတွေကနေ လေဖြတ်တာမျိုးအထိ ဖြစ်လာတတ်တယ်။ နှလုံးရောဂါမှာသုံးတဲ့ Digoxin ဆေးနဲ့ဆိုရင်တော့ နှလုံးခုန်သံ မမှန်တာကနေ ခုန်တာလုံးဝရပ်သွား တဲ့အထိ ပြင်းထန်လာတယ်။ သွေးတိုးကျစေတဲ့ဆေးတွေနဲ့တွဲသုံးမိရင် အန္တရာယ်ဖြစ်လောက်တဲ့အထိ ဓါတ်ပြုမှုတွေ ဖြစ်နိုင်တာကြောင့် ရှောင်ရမယ်လို့ ဆိုထားသေးတယ် ညီမလေး။

.

သဘာဝအတိုင်းသုံးလို့ လုံးဝကြီးဘေးကင်းတယ်လို့ထင်နေကြတဲ့ အယူအဆဟာ အမြဲတမ်းမမှန်ဘူးဆိုတာ ညီမလေးနားလည်ပြီလို့ မမထင်ပါတယ်ကွယ်။ အမှန်တော့ ပါးစပ်ထဲကိုရောက်လာတဲ့ ဆေးပဲဖြစ်ဖြစ်၊ အစာပဲဖြစ်ဖြစ် အစာအိမ်နဲ့အူလမ်းကြောင်း တစ်လျှောက်မှာချေဖျက်တာကို ခံရတာပဲလေ။ ပူးတွဲပြီးသောက်လိုက်တာတွေဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် သက်ရောက်မှုတွေပေးလို့ ဆေးတွေချေဖျက်တဲ့နေရာ၊ စုပ်ယူတဲ့နေရာတွေမှာပါ အဟန့်အတားတွေ ဖြစ်လာတာပဲ။ သဘာဝအပင်အနှံတွေကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သောက်နေရတဲ့ ဆေးတွေရဲ့အာနိသင်တွေ ပျက်သွားနိုင်သလို ဘေးထွက်ဆိုးကျိုးတွေပြင်းထန်လာတာမျိုးလည်း ရှိတာပဲ။ ဒီတော့ အနောက်တိုင်းဆေးပဲသောက် သောက်၊ သဘာဝဆေးပဲသောက်သောက် မိမိတို့ပြနေတဲ့ဆရာဝန်ကိုတော့ အကျိုးအကြောင်း စေ့စုံအောင် ပြောပြထား သင့်ပါတယ်ကွယ်။

.

နေမကောင်းလို့ ဆေးခန်းသွားပြရင် ဆရာဝန်ဆူမှာစိုးရိမ်ပြီး သောက်နေတဲ့ဆေးတွေအကြောင်းကိုမပြောဘဲနေ၊ ဆေးခန်းကပြန်လာတော့မှ သိမ်းထားတဲ့ဆေးတွေကို ပြန်သောက်တာမျိုးကိုလည်း ရှောင်သင့်တာပေါ့ကွယ်။ အရှင်းဆုံး ပြောရရင်တော့ ညီမလေးရယ် ကျန်းမာရေးကို အလေးအနက်ထားပြီးလူ့ဘဝကို သက်တမ်းစေ့ နေလိုသူတွေအနေနဲ့ ဆေး သောက်မယ်၊ ဆရာဝန်တွေနဲ့ တွေ့ဆုံတော့မယ်ဆိုရင် ”အရိုးသားဆုံးပွင့်လင်း” ဖို့လိုတာပေါ့နော်။ ဒီတော့မှ ဆရာဝန် ကလည်း လူနာရဲ့ကျန်းမာရေးအခြေအနေကိုလိုက်ပြီး ဓါတ်မပြုနိုင်တဲ့ တခြားဆေးအမျိုးအစားကို ရွေးချယ်နိုင်မှာပေါ့။ မြို့ပြနဲ့ အလှမ်းအကမ်းဝေးတဲ့နေရာတွေမှာလည်း သဘာဝဆေးမြစ်တွေကိုအားထားသုံးရင်းနဲ့ မဖြစ်သင့်တာတွေ မဖြစ်ရ အောင် ဒီအကြောင်းအရာတွေကို အားလုံးသိအောင် ကူညီကြပါစို့လား ညီမလေးရယ်။

ရွှင်လန်းချမ်းမြေ့ပါစေကွယ်

မမ

နှင်းနုလွင် (ဆေးဝါး)

Sayana Magazine,

August, 2010.

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s