သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ပွင့်ခွင့်ရခဲ့တဲ့ ပန်းတစ်ပွင့် September 24, 2010

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 3:02 AM

လေတစ်ချက်အဝေ့မှာ ကျွန်မမျက်နှာက စပ်ဖျဉ်းဖျဉ်းဖြစ်သွားတယ်။ ဒီမြေ၊ ဒီရေ၊ ဒီရာသီဥတုနဲ့ ကျွန်မ ဘယ်လိုမှ အထာမကျနိုင်သေးပါဘူး။ မြစ်ဝကျွန်းပေါ်မှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မအတွက်တော့ ပင်းတယရဲ့ အေးမြတဲ့ ရာသီဥတုဟာ တကယ့်ကို အစိမ်းသက်သက်ပဲ။ ဘာပဲဖြစ်ဖြစ်လေ နောင်တော့ ကျင့်သားရသွားမှာပါ။ ရောက်ခါစတုန်းက ခိုက်ခိုက် တုန်အောင် အေးတဲ့ဒါဏ်ကြောင့် နှာခဏခဏချေနေပေမယ့် အခုတော့ နှာရည်တောင် မယိုတော့ဘူး။ ဘာလိုလိုနဲ့ ကျွန်မ ဒီကိုရောက်နေတာ ၁ နှစ်တောင် ကျော်နေပြီပဲ။ သူလည်း ခုလောက်ဆိုရင်တော့ ကျင့်သားရနေလောက်ပါပြီ။ ပြီး သူ ကျွန်မကို မုန်းနေလောက်ပါပြီ။

.

မုန်းအောင်လုပ်ရတာက လွယ်တယ်။ ချစ်လာအောင် လုပ်ရတာကခက်တယ်လို့ ဆိုကြပေမယ့် ကျွန်မအတွက်တော့ လူတစ်ယောက်မုန်းအောင် လုပ်ရတာ အရမ်းကို ခက်ပါတယ်။ ကျွန်မကိုလည်း ချစ်နေပါရဲ့၊ ကျွန်မကလည်း ပြန်ချစ်ပါရဲ့နဲ့ မဖြစ်သင့်တဲ့ ဘဝတွေမို့ အဲဒီလူ စိတ်နာအောင် လုပ်ရတဲ့အလုပ်ဟာ အခက်ခဲဆုံးဖြစ်ပါလိမ့်မယ်။ လူပျိုလူလွတ်ချင်းမို့ ချစ်ကြိုက်ခွင့်ရှိတယ်ဆိုပေမယ့် ကျွန်မကတော့ ကျေးဇူးတရားကို ခေါင်းပေါ်တင်ထားရသေးတယ်။ ကျွန်မ ပြန်ပြီးတော့ ငဲ့ရမယ့် မျက်နှာက ရှိသေးတယ်။ မမွေးခဲ့ပေမယ့် ကျွေးခဲ့ဖူးတဲ့ ထမင်းလုတ်ပေါင်းများစွာ ကျွန်မအာခေါင်ထဲမှာ ရှိနေသေးတယ်မဟုတ်လား။

ဘဝဟာ မျက်လှည့်ဆန်တယ်ဆိုတဲ့ စကားကို သူများတွေက ဘယ်လိုနားလည်သလဲ ဆိုတာတာကို ကျွန်မ မသိ ပေမယ့် ကျွန်မကိုယ်တိုင်ကတော့ မျက်လှည့်ဆရာရဲ့ လှည့်ကွက်ကို ၅ နှစ်သမီးအရွယ်တည်းက ခံစားခဲ့ရဖူးတယ်။ ကျွန်မမိဘတွေ ဘယ်သူ၊ ဘယ်ဝါဆိုတာကို မသိခဲ့ရပေမယ့် စာဘူးတောင်းအိမ်လေးလို အိမ်ကလေးတစ်လုံးမှာ ကျွန်မနေခဲ့ဖူးတယ်။ ကျွန်မရဲ့ မောင်နှမ ဝမ်းကွဲဆိုတဲ့ မတိမ်းမယိမ်းအရွယ်လေးတွေ ကျွန်မခေါင်းကို ခေါက်တဲ့အခါ၊ ဒါမှ မဟုတ် ကျွန်မသွားမယ့် လမ်းကို ခြေထိုးခံပြီး လဲသွားအောင် လုပ်တဲ့အခါမျိုးတွေမှာ ကျွန်မငိုလို့မရဘူး။ အသံထွက်အောင် ငိုမိရင် အဒေါ်လို့ ပြောတဲ့ပုပုဝဝ အမျိုးသမီးက ကျွန်မကို ထပ်ပြီး ရိုက်တယ်။
.

တနေ့တော့ ကျွန်မဦးလေးနဲ့အတူ ပိုက်ဆံချမ်းသာပုံရတဲ့ အမျိုးသမီးကြီးတစ်ဦး အိမ်လည်လိုက်လာခဲ့ပါတယ်။

.
”မေဦးမွန်လို့ ခေါ်တယ်မမ။ သူ့အဖေ ကျွန်တော့်ညီဆုံးသွားတည်းက ကျွန်တော်တို့နဲ့နေတာ။ သူ့အမေကတော့ မီးတွင်းတည်းက ဆုံးတာပေါ့…..” ငယ်ဘဝကနေ အစချီလို့ ကျွန်မအကြောင်းတွေကို ပြောပြနေတဲ့ ဦးလေးရဲ့မျက်နှာဟာ ဘာလို့များ ဝမ်းနည်း ရိပ်သန်း နေရတာပါလိမ့်။ ဒီအိမ်သားတွေထဲမှာ ဦးလေးဟာ ကျွန်မအပေါ်ကို အကောင်းနိုင်ဆုံး ဆိုပေမယ့် ဒေါ်လေးက ”ဟင်း..နော်” ဆိုတာနဲ့ ပျာနေအောင် လန့်နေရတဲ့ ဦးလေးဟာ ကျွန်မအတွက် ရပ်တည်ပေး တယ်ဆိုတာ အတော်ကို ရှားတဲ့ အဖြစ်အပျက်ပါ။

.

ဦးလေးနဲ့လိုက်လာတဲ့၊ ဗတာက်တောက်ပြောင်ပြောင်ရှိတဲ့ အမျိုးသမီးကြီးဟာ ကျွန်မကို ”သမီးမေ” လို့ခေါ်ပြီး ပွေ့ဖက် လိုက်တဲ့အချိန်မှာ ကျွန်မဝတ်ထားတဲ့ အောက်နားပြဲနေတဲ့ ဂါဝန်အစနဲ့ သူ့ရဲ့ လက်စွပ်က ငြိသွားတယ်။ ကျွန်မရှက်သွားပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကျွန်မရဲ့အကောင်းဆုံးအဝတ်အစားဆိုတာကိုတော့ သူမသိပါလိမ့်မယ်။ ကျွန်မရဲ့ ဆံပင်ပါးပါး လေးတွေကို လက်နဲ့ဖွဖွလေး ပွတ်သပ် ပေးနေရင်းနဲ့..
.

”သမီးမေ..ကြီးလာရင် ဘာလုပ်ချင်သလဲ”

.
ညင်ညင်သာသာလေး မေးလိုက်တယ်။ ကျွန်မကိုလေ သမီးမေတဲ့။ ကျွန်မမှတ်မိသလောက် ကျွန်မကို အဲဒီလို မျိုးခေါ်ပြောတဲ့သူ တစ်ယောက်မှမရှိဖူးဘူး။

.
”ကျောင်းဆရာမကြီး ..လုပ်ချင်တယ်”

.

မဆိုင်းမတွ ဖြေလိုက်တဲ့ စကားအဆုံးမှာ အဲဒီကြီးကြီးက ကျွန်မကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ပါတယ်။

.
”အင်း..ဒါဆို ကြီးကြီးတို့နဲ့ လိုက်နေနော်။ ကြီးကြီးက သမီးမေကို ကျောင်းထားပေးဖို့ လာခေါ်တာ။ သမီးမေကလည်း ဆရာမကြီး ဖြစ်အောင် ကြိုးစားပေါ့”

.
အဲနေ့တည်းကပေါ့။ ကျွန်မဟာ အိမ်သုတ်ဆေး အစိမ်းနုလေးသုတ်ထားတဲ့ တိုက်အိမ်လေးကို ရောက်ခဲ့တယ်။ ကျောင်းအုပ်ဆရာမကြီးတစ်ဦးဖြစ်ခဲ့တဲ့ ကြီးကြီးရဲ့ပြုစုပျိုးထောင်မှုအောက်မှာ ကျွန်မဟာ ပွင့်လန်းရှင်သန်လာခဲ့ပါတယ်။ ကြီးကြီးအတွက် သမီးမေဖြစ်ခဲ့ရသလို ကြီးကြီးရဲ့ တစ်ဦးတည်သောသား သားသုတရဲ့ မမမေလည်း ဖြစ်လာခဲ့တယ်။ ကျွန်မထက် ၂ နှစ်လောက်ငယ်တဲ့ သားသုတဟာ အမတစ်ယောက် ကောက်ခါငင်ခါ ရလိုက်ရတာကို မနာလို ဖြစ်မနေဘဲ ကစားဖော်တစ်ယောက်ရသလို ဝမ်းပန်းတသာဖြစ်နေတာကြောင့်လည်း ကျွန်မပျော်ရွှင်ခဲ့တာဖြစ်မယ်။
.

ဒီလိုနဲ့ပဲ ကြီးကြီးရဲ့ ဆုံးမသွန်သင်မှုအောက်၊ သားသုတရဲ့ လှိုက်လှိုက်လှဲလှဲရှိမှုတွေနဲ့ ကျွန်မဟာ ဆယ်တန်း အောင်ပြီး ပညာရေးတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ အလယ်တန်းပြဆရာမလေး တစ်ယောက်အဖြစ်နဲ့ ကျွန်မတို့ မြို့လေးကို ပြန်ပြီး လုပ်ကျွေးခွင့်ရခဲ့တယ်။ ရုပ်ရည်တင့်တယ်သလို စည်းစနစ်ကျတဲ့ ကြီးကြီးစောနုရယ်၊ စိတ်ထားဖြူစင်တဲ့ သားသုတရယ်၊ ကျွန်မမေဦးမွန်ရယ် အဲဒီလိုမပြောင်းလဲတဲ့ အရာတွေအောက်မှာ ပြောင်းလဲဖို့ ဖန်လာခဲ့တဲ့ အကြောင်း တွေက…။

”မေရေ…သက်သာရဲ့လား၊ အို…နေမကောင်းတဲ့သူက ဘယ်နှယ့်လုပ်ပြီး ဝရံတာကို ထွက်နေရတာလဲ။ မြောင်းမြကို လွမ်းနေသလားမေ”.
အိမ်တံခါးကို တွန်းဖွင့်လိုက်သံကြောင့် ကျွန်မအတိတ်ကနေ နိုးသွားတယ်။ ကျွန်မသူငယ်ချင်း ဓနုမလေး ခမ်း တောင် ကျောင်းကနေ ပြန်လာပြီပဲ။ ကျွန်မရောက်စကနေ ဒီနေ့အထိ ကျွန်မကို ကူညီပေးခဲ့တဲ့ ခမ်းရဲ့ ကျေးဇူးတွေကလည်း ကျွန်မအပေါ်မှာ အတော်ကိုများနေပြီ။ ”စေလိုရာစေ” ဆိုပြီး ရာထူးတိုးနဲ့ ဝန်ထမ်းတွေခေါ်တော့ ကြီးကြီးတို့ကို မတိုင်ပင်ဘဲ နယ်စပ်ဒေသတွေကို ဦးစားပေးပြီး လျှောက်ပစ်လိုက်တယ်။ ပင်းတယမှာ အထက်တန်းပြ ဆရာမနေရာ ရခဲ့တဲ့အချိန်မှာ ကြီးကြီးကလည်း သားသုတရှိရာ ရန်ကုန်ကို ရောက်နေချိန်၊ အိမ်မှာ စာတိုလေးတစ်စောင်ထားပြီး လိုအပ်တဲ့ ပစ္စည်းနည်းနည်းယူပြီး ထွက်လာခဲ့တယ်။ ဒီရောက်မှ ကျောင်းနေဘက်သူငယ်ချင်းဖြစ်ခဲ့တဲ့ နန်ခမ်းနွဲ့နဲ့ ပြန်ဆုံတွေ့ခဲ့ပြီး အစစအရာရာ အဆင်ပြေခဲ့ရတာလေ။

.
”ခမ်းရေ…ကျောင်းမှာ ဘာထူးခြားသေးလဲ”


.
”သိပ်တော့မထူးခြားဘူးမေ။ မေ့တပည့်လေးလေ…ဟိုတစ်ခါမေစာအုပ်တွေ ဝယ်ပေးလိုက်တဲ့ ကလေးလေး …ဘယ်သူလဲ..အဲ..သတိရပြီ၊ စိုင်းလုံကလေ ဒီနေ့ညနေ မေ့ဆီကို လာတွေ့မယ်လို့ လုပ်နေလို့ စိုးရိမ်စရာ မရှိဘူးလို့ မနည်းပြောခဲ့ရသေးတယ်။ မေမြန်မြန်နေကောင်းအောင်နေ၊ တော်ကြာမေ့တပည့်တွေက မေ့ကို စိတ်ပူပြီး စာတောင် လုပ်မှာမဟုတ်တော့ဘူး” ခမ်းကလေ…အဲဒီအတိုင်းပဲ။ ကျွန်မစိတ်ချမ်းသာအောင်ကို အမျိုးမျိုးပြောတတ်တယ်။ ”ဒါထက်မေ…စောစောတုန်းက မေဘာတွေ တွေးနေသလဲ။ မညာရဘူးနော်။ သားသုတ အကြောင်းတော့ မဟုတ်လောက်ပါဘူးနော်”

.

ခမ်းက ပြုံးစစနဲ့ မေးတော့ ကျွန်မ မလုံမလဲ ဖြစ်ခဲ့ရသေးတယ်။ ကျွန်မအကြောင်းတော်တော်များများကို ညီအမလို နေတဲ့ ခမ်းက အကုန်လုံး သိနေပြီးသားလေ။.

”အိုကွယ်…ခမ်းကလည်း။ မဟုတ်ပါဘူး။ သားသုတက မေ့ရဲ့မောင်လေးမို့ပါ။ တွေးတာကတော့ အရင်တုန်းက အကြောင်းတွေပေါ့”

.

ကျွန်မ အလောကြီးစွာ ဖြေရှင်းချက်ထုတ်တော့ ခမ်းက အပြင်ဘက်ကို ကြည့်ပြီး တွေးတွေးဆဆလေး ပြောလိုက်တယ်။

.

”အင်းပါ မေရယ်။ တကယ်တော့ မေတို့အဖြစ်က ရင်နာစရာကြီးပါကွယ်။ မေ ဝန်မခံပေမယ့်လည်း သားသုတကို မေဘယ်လောက်ချစ်လဲဆိုတာ ခမ်းသိနေပါတယ်။ မေအခုလိုမျိုး သူမသိအောင် ထွက်လာလိုက်ပေမယ့် သူ့ဘဝအဆင်ပြေ နေမယ်လို့ မေထင်နေလား။ မေတို့ ကြီးကြီး သဘောတူတဲ့ ဇွန်ပန်းဖြူကို လက်ထပ်မယ်လို့ မေထင်နေလား။ မေ့ကို မုန်းသွားလိမ့်မယ်လို့ မေကတော့ ထင်နေတယ်မလား။ မဟုတ်လောက်ဘူးမေ။ သူ မေ့ကို ရှာနေမှာပါကွယ်။ ခက်တယ်မေရယ်။ တရားဥပဒေနဲ့ မငြိစွန်းဘဲ ပြစ်ဒဏ်ခံနေရတဲ့ မေတို့အတွက် ခမ်းလေ သိပ်ပြီး စိတ်မကောင်းဖြစ်ရတာပဲ။ ကဲပါကွယ်…တနေ့နေ့တော့ အဆင်ပြေသွားမှာပါ သူငယ်ချင်းရယ်”


.ကျွန်မကို အားပေးစကားပြောတဲ့ ခမ်းရဲ့ မျက်ဝန်းမှာ မျက်ရည်ကြည်တွေတောင် ဝဲလို့။ အင်းလေ..ဘေးနားက သိရတဲ့သူတောင် မျက်ရည်ဝဲရတယ်ဆိုတော့။ သုတရေ…မမမေတို့ ဆုတောင်းမှားခဲ့လေသလားကွယ်။


”မမမေကိုလေ…ကျွန်တော်အရမ်း ချစ်တာပဲ”

”အေးလေ…ကိုယ့်အမ ကိုယ်ချစ်တာ ဘာဖြစ်လဲ။ အရင်တည်းက ချစ်တာပဲ”

သားသုတအတွက် ထမင်းပွဲပြင်ပေးနေရင်းနဲ့ ကျွန်မခွန်းတုံ့ပြန်လိုက်မိတယ်။ အဲဒီကောင်လေးဟာ ငယ်ငယ်တည်း က ထမင်းစားရင် မမမေ ကျွေးမှစားမယ်၊ မမမေနဲ့ပဲ စားမယ်ဆိုတဲ့ အကျင့်ဟာ ခုထိစွဲနေတုန်းပဲ။ သူစာကြည့်တဲ့ အချိန် ဆိုရင် မမမေ ကော်ဖီဖျော်တိုက်ဆိုပြီး ဂျီကျတတ်လေသူ၊ အပြင်ကနေ အိမ်ပြန်ရောက်ရင်တောင် မမမေရော ဆိုပြီး ကျွန်မကို အရင်ဆုံးရှာတတ်လေတော့ ကျွန်မကလည်း အလိုလိုက်မိနေတယ်။ ပြီးတော့ သုတကလည်း ကလေးတစ် ယောက်လို နွဲ့ဆိုး ဆိုးခဲ့တာမလား။.

”မဟုတ်ဘူးမမမေ၊ ကျွန်တော်မမမေကို အမလို ချစ်တာက သပ်သပ်၊ အခုချစ်တာက ချစ်သူလိုချစ်တာ၊ ကျွန်တော်မမမေနဲ့ တသက်လုံးပဲနေချင်တယ်၊ မမမေနဲ့ မခွဲနိုင်ဘူး”

.

”ဟဲ့ကောင်လေး..ပေါက်တတ်ကရတွေ မပြောစမ်းနဲ့။ သုတ အိမ်ထောင်မကျမချင်း မမမေနဲ့ အတူတူ နေနေရမှာပဲ။ ပြီးတော့ မောင်နှမချင်း အဲလိုမပြောရဘူး။ မိုးကြိုးပစ်လိမ့်မယ်။”

.

”ဘာဆိုင်လို့လဲ မမမေ။ ကျွန်တော်တို့က မောင်နှမအရင်းတွေမှ မဟုတ်တာ။ မမမေ ကိုမြတ်သူကို လက်မထပ်ရဘူး။ ပြီးတော့…ပြီးတော့…မမမေရာ ကျွန်တော်ချစ်နေတာ မမမေဘာလို့များ သတိမထားမိရတာလဲ မမမေ”

.

သတိမထားမိဘူးတဲ့လား သုတရယ်။ ငယ်ငယ်တည်းက စကားပြောရင် သားကလေ လို့ပြောတတ်တဲ့ သုတဟာ အခုနောက်ပိုင်း စကားပြောတဲ့အခါ ကျွန်တော်လို့ ပြောင်းသုံးတာကို ကျွန်မသတိထားမိတာ အတော်ကြာပြီ။ ကျွန်မဆီကို အသိမိတ်ဆွေတွေဆီက ဖုန်းလာတဲ့အခါသူအရင် ဦးအောင်ကိုင်ပြီးမှ ကျွန်မကို ပေးတတ်တယ်။ ကြီးကြီးတို့လူကြီးချင်း သဘောတူထားတဲ့ ကိုမြတ်သူ အိမ်လည်လာတဲ့အခါတိုင်း သုတက တစ်ခုခုလုပ်ပြီး ဆန့်ကျင်ပြတတ်တယ်။ ဒါတွေဟာ ကျွန်မက ရိုးရိုးသားသားလို့ပဲ ထင်မိခဲ့တာပေါ့။

.

”သုတ..မမမေမျက်နှာကို သေချာကြည့်။ သုတ ဒီလိုစကားတွေ ပြောတတ်အောင် ဘယ်သူသင်ပေးလိုက်သလဲ ပြောစမ်း။ သားသုတ သူငယ်ချင်းတွေ မြှောက်ပေးလိုက်သလား။ မမမေတို့ မောင်နှမကြားထဲမှာ အဲဒီလိုမျိုးစကားတွေနဲ့ ဘယ်သူက သွေးခွဲလိုက်တာလဲ”.

”မဟုတ်ဘူးမမမေ။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ မမမေကို ကျွန်တော်ချစ်နေတဲ့ အကြောင်း ဘယ်သူ့ကိုမှ ဖွင့်ပြီးမပြောခဲ့ဘူး။ မပြောရဲဘူး မမမေ။ ကျွန်တော်တို့ကို မောင်နှမလို့ ထင်နေတဲ့သူတွေဟာ ကျွန်တော့်စကားကို ကြားရင် ဟားမှာ ကျွန်တော် သိတယ် မမမေ။ ကျွန်တော်ကဲ့ရဲ့ခံရမှာကို သိတယ်မမမေ။ ဒါပေမယ့် မမမေ..ကျွန်တော် မမမေကို..’

.

”တော်တော့သားသုတ…အဲဒီစကားတွေ မမမေကို မပြောခဲ့ဘူးလို့ မမမေ သက်မှတ်တယ်။ ဒီလိုမျိုး မဟုတ်တရုတ်တွေ ပြောတာ ဒါနောက်ဆုံးဖြစ်ပါစေ သားသုတ”

.

”ဟုတ်ပါတယ် မမမေ။ ဒီစကားကို ပြောတာ ဒါနောက်ဆုံးဖြစ်စေရပါမယ်။ ဒါပေမယ့် ကျွန်တော်ကို ပြီးဆုံးတဲ့ အထိ တော့ ပြောခွင့်ပေးပါမမမေ”

.

မပြောနဲ့တော့လို့ တားမြစ်လိုက်တဲ့ကျွန်မစကားနောက်မှာ ကပ်ပါလာတဲ့ သုတအသံက..

.

”ချစ်တယ်…မရယ်”


အဲဒီနောက်ပိုင်းတွေကစပြီး သုတက ကျွန်မကို ရှောင်တယ်။ ကျွန်မကလည်း သုတနဲ့ မျက်နှာချင်းမဆိုင်မိအောင် နေလိုက်တယ်။ အလုပ်သင်ဆရာဝန်ဆင်းဖြစ်တော့မယ့် သားသုတဟာ ကျောင်းပိတ်ထားပေမယ့် အိမ်ကိုပြန်မလာဘဲ သင်တန်းတွေ တက်ဖို့ ရန်ကုန်မှာပဲ ဆက်နေမယ်လို့ ပြောတာကို ကြီးကြီးတို့က ရိုးရိုးသားသားလက်ခံထားပေမယ့် ကျွန်မကတော့ အကြောင်းစုံသိနေသူကိုး။ အဲဒီအကြောင်းကို ဖုန်းဆက်ပြောတုန်းက ကျွန်မ ဖုန်းကိုင်လိုက်တယ်ဆိုရင်ပဲ.

”စိတ်ချမ်းသာပါစေ မမမေ။ အိနြေ္ဒရှင်မကြီးပျော်နိုင်ဖို့ ကျွန်တော် သားသုတ ရန်ကုန်မှာ ခြေချဖို့ကြိုးစား နေပါတယ်၊ ဒါပေမယ့် မမမေ မှတ်ထားပါ။ သားသုတဟာ မမမေကလွဲရင် ဘယ်မိန်းကလေးကိုမှ လက်မထပ်ဘူး”

.

တကယ်တော့ကွယ်..သားသုတကို လူတွေက ကဲ့ရဲ့မှာ မဟုတ်ဘူး။ ကျွန်မကိုသာ ဝိုင်းပြီး ပြစ်တင်ကဲ့ရဲ့ကြမှာပါ။ မွေးစားသမီးကလေ အရိပ်လည်းခိုသေး၊ အခက်လည်းချိုးသေးလို့ ဝိုင်းပြောကြမယ့် စကားမျိုးတွေကို ကျွန်မကြားယောင် လာတယ်။ ကျွန်မအပေါ်မှာ လိုလေသေးမရှိအောင် စဉ်းစားပေးတဲ့ ကြီးကြီး။ ပြီးတော့ ကျွန်မမျက်နှာကို ကြည့်မှန် တစ်ချပ်လို ကြည့်နေခဲ့ရပါတယ် ဆိုတဲ့ သားသုတ။ ကျွန်မကြည့်ဖူးတဲ့ ရုပ်ရှင်ကားတွေထဲကလေ ”ကျေးဇူးဆပ်လိုက် တာပေါ့လေ” ဆိုတဲ့ စကားသံတွေ။ ကျွန်မကြောက်တယ်။ အားလုံးဟာ ကျွန်မရဲ့ အတွေးတွေကို နေရာယူနေခဲ့တယ်။ အဲဒီလို ကြောက်တဲ့ စိတ်နဲ့အတူ ကျွန်မသိလာခဲ့ရတာက ကျွန်မ သုတကို စိတ်ပူနေတယ်။ ကျွန်မလည်း သုတကိုများ …။

.

မဖြစ်နိုင်တဲ့ဘဝတွေမို့ သူကျွန်မကို နာကျည်းသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ညပေါင်းများစွာ အိပ်ပျက်ခံပြီး စဉ်းစားကြည့်ဖူးတယ်။ အဲဒီညတိုင်းမှာ ကျွန်မဝမ်းနည်းစွာနဲ့ ရှိုက်ငိုနေမိတယ်။ တကယ်ဆိုရှောင်သင့်တာက မွေးစားသမီးဖြစ်တဲ့ ကျွန်မ မဟုတ်လား။ အခုတော့ သုတက အိမ်နဲ့အဝေးမှာ။ ထမင်းစားချိန်မှန်ရဲ့လား။ မှန်မှန်အိပ်ရဲ့လား၊ အတွေးပေါင်းများစွာနဲ့ စိတ်ရှုပ်ထွေးနေတဲ့ အချိန်မှာ ကြီးကြီးက ကျွန်မဆီကို သတင်းထူးထူးဆန်းဆန်းတွေ သယ်လာခဲ့တယ်။


”သမီးမေရေ…ညည်းမောင်ကိုလေ၊ အိမ်ထောင်လေး၊ ဘာလေးချထားပေးမလားလို့။ ကြီးကြီးသဘောကတော့ လေ သူနဲ့ရွယ်တူ၊ တန်းတူ၊ ပညာရည်ချင်းလည်းညီမျှ၊ အသက်ကလေးလည်း မတိမ်းမယိမ်းလောက်ပေါ့။ ဟိုတလောက ကြီးကြီးဆီကို အလည်လာတဲ့ ဇွန်ပန်းဖြူဆိုတဲ့ ကလေးမလေးလေ။ သူ့ကို ကြီးကြီး သိပ်သဘောကျတာပဲ။ ယဉ်ယဉ်ကျေး ကျေးလေး။ အိမ်မှုကိစ္စဆိုလည်း နိုင်နင်းတယ်။ သည်းခံစိတ်ရှိတယ်။ သားသုတနဲ့တော့ အဆင်ပြေလောက်မယ်ထင်တယ်။ သမီးအသိထဲမှာ ရှိရင်လည်း ကြီးကြီးကို အသိပေးဦး၊ ဘာဖြစ်ဖြစ် သုတကလည်း သမီးမောင်လေးပဲမလား။ သူလေးရဲ့ဘဝ စိတ်ချလက်ချရှိအောင် ကြီးကြီးတို့ ဝိုင်းပြီး စဉ်းစားကြတာပေါ့၊” .

”ပြီးတော့ သမီးမေကို မောင်မြတ်သူတို့ဘက်က မေးလှပြီ။ သူတို့ဆီကိုတောင် အလည်အပတ်မလာဘူးတဲ့။ ကျောင်းအားတဲ့ရက်ကို သွားလိုက်ဦး သမီးရေ။ ဒီနှစ် နှစ်မကုန်ခင် ကြီးကြီးကတော့ စီစဉ်ချင်တယ်။ သမီးမေလည်း စဉ်းစားထားပေါ့”

.

ကျွန်မခေါင်းကို အစိတ်စိတ်အြ>ွမြာ>ွမာကွဲသွားအောင်ရိုက်ခွဲပြီး ကျွန်မရင်ဘက်ကို ဓါးနဲ့မွှန်းလိုက်သလိုပါပဲ။ ကြီးကြီးများ ကျွန်မတို့ အကြောင်းတွေကို တစ်စွန်းတစ်စရိပ်မိလို့ ဒီလိုစကားမျိုးပြောလေသလား။ ကျွန်မကို ကြီးကြီးက အထင်သေးလို့များ ဒီစကားနဲ့ ပိတ်ပြောလေသလား။ ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ဝမ်းနည်းလာမိတယ်။ အမှန်အတိုင်းပြောရရင် ကျွန်မ ကိုမြတ်သူကို လက်မထပ်လိုဘူး။ ကိုမြတ်သူအတွက် ပေးရမယ့်အချိန်တွေကို သုတအတွက် ထမင်းပွဲပြင်ပေးရတာလောက်တောင် ကျွန်မကြည်ဖြူမှာမဟုတ်ဘူး။ သေချာတာပေါ့။ ကျွန်မကိုယ်တိုလည်း သားသုတ အပေါ်မှာ မရိုးသားတော့ဘူးလေ။ ဒါပေမယ့်..အဲဒီဒါပေမယ့် နောက်မှာ ကျွန်မဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင် နိုင်နိုင်ချလိုက်မိတယ်။


နွေရာသီ ကျောင်းပိတ်ရက်တွေမို့ ကျောင်းသွားစရာမလို။ အတူနေပေးတဲ့ သူငယ်ချင်းခမ်းက အောင်ပန်းက သူ့အိမ်ကို ပြန်သွားတော့ အိမ်မှာ ကျွန်မတစ်ယောက်တည်း။ မနေ့ကရေချိုးမှားသွားတော့ ကိုယ်က နည်းနည်းနွေးနေတယ်။ ထမင်းကို ငါးကြော်နဲ့စားဖို့လုပ်ရင်းနဲ့ အရိုးစူးတော့ ကျွန်မ သုတကို သတိရလိုက်မိတယ်။ ထမင်းစားလို့ ငါးဟင်းပါရင် ကျွန်မ အရိုးနွှင်ပေးမှ သူစားတတ်တာမဟုတ်လား။ အခု သူ့ကို ဘယ်သူကများ…။ အင်းလေ…သုတ အမျိုးသမီးက လုပ်ပေးမှာပေါ့။ သတိမရဘူးလို့ တင်းထားပေမယ့် ကျွန်မ ထမင်းဆက်စားလို့ မရတော့ဘူး။ ဝေဒနာရယ် .. ၁ နှစ် ကျော်လောက် အချိန်ပေးခဲ့တာတောင် အသားမကျသေးပါလား။ ကျွန်မရှေ့ခန်းကို ထွက်လာပြီး သိပ်မအေးတဲ့ အအေး တစ်ဗူးကို ဖောက်သောက်မိတယ်။ ရင်ထဲက အပူတွေများ ငြိမ်းသွားလို့ ငြိမ်းသွားငြားပေါ့။ အအေးဗူးကိုကိုင်၊ ဆက်တီခုံမှာ ခပ်လျောလျောထိုင်ပြီး မျက်စိကို အသာမှေးမှိတ်ထားတုန်း အိမ်ရှေ့တံခါးဝမှာ စိုင်းလုံရဲ့ ခေါ်သံထွက်လာတယ်။

.

”ဆရာမ…ဆရာမကို တွေ့ချင်လို့တဲ့။ ဧည့်သည်တွေပါတယ် ”

.

ကျွန်မ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ပထမဆုံးတွေ့ရတာက ကျွန်မတို့ရဲ့ ကျောင်းအုပ်ဆရာကြီး ဦးဌေးကြည်၊ သူ့နောက်မှာတော့ ”ကြီးကြီး”ကျွန်မတိုးတိုးလေးခေါ်လိုက်ပေမယ့် ကြီးကြီးက ပြုံးပြတယ်။ ကြီးကြီးရဲ့ နောက် မှာ ကျွန်မကို တခါမှ မမြင်ဘူးတဲ့သူတစ်ယောက်လို့ ကြည့်နေတဲ့ သုတ။ ”ကြီးကြီးတို့ မထိုင်ရဘူးလား သမီး” လို့ပြောမှ ကျွန်မသူတို့ကို ထိုင်ပါလို့ ခရီးဦးကြိုပြုနိုင်တော့တယ်။

”ကြီးကြီးတို့ ဘုရားဖူးလာကြတာလား”

ကျွန်မနှုတ်ခွန်းဆက်တော့ သုတက ကျွန်မကို အံကြိတ်ပြတယ်။ သုတတစ်ယောက်ဟာလေ ငယ်ကျင့်ကို မပျောက်သေးပါလား။

”ဘုရားလည်း ဖူးရင်း၊ သတို့သမီးတောင်းရအောင် လာခဲ့တာ သမီးရေ။ ဒါထက် သမီးမေ တစ်ယောက်တည်းလား။ အဖော်မရှိဘူးလား။ ကြီးကြီးတို့ ဒီမှာ အိပ်မှာ။ ကားပေါ်က ပစ္စည်းတွေ ချရအောင်။ ကဲ.. သားသုတ ပစ္စည်းတွေသွားချ။ သမီးမေက မောင်းမထုတ်လောက်ပါဘူး။ သွား..သွား… သယ်ချေကွယ်”

.

သားသုတကို ပစ္စည်းတွေသယ်ဖို့ ပြောပြီးတော့ ကြီးကြီးဟာ ဆက်တီခုံမှာ ဝင်ထိုင်လိုက်တယ်။ ဆရာကြီးကတော့ ကျွန်မတို့ကြည့်ပြီး ပြုံးလို့။

.

”ကျောင်းအုပ်ကြီး ဦးဌေးကြည်က ကြီးကြီးရဲ့ သူငယ်ချင်းပဲ သမီးမေ။ တက္ကသိုလ်တက်စဉ်၊ ရန်ကုန် ဝ။သ မှာတည်းက အတူတူ တက်ခဲ့တာ။ ဟိုတလောက ရန်ကုန်ကို လာရင်းနဲ့ ကြီးကြီးနဲ့ ပြန်ဆုံတာ။ သမီးမေတို့ အထက် တန်းကျောင်းကို စာစစ်ဌာနလျှောက်ဖို့ လာစုံစမ်းရင်းနဲ့ လာတာလေ။ အဲဒါနဲ့ သူ့ကျောင်းမှာ ရောက်နေတဲ့ ဆရာမ အသစ်လေးက အရမ်းစိတ်ချရတယ်။ ကျောင်းသားတွေကို စေတနာအပြည့်ထားတယ်လို့ ပြောရင်းကနေ သမီး ဒီရောက်နေ မှန်းသိရတာ”

.

ကျွန်မအနားကို ကြီးကြီးတို့ရောက်လာတဲ့အဖြစ်ဟာ တကယ့်ကို အိပ်မက်ပါပဲ။ အခုလက်ရှိအခြေအနေကို ယုံကြည်ရခက်နေတယ်။ ကြီးကြီးနဲ့ ဆရာကြီး စကားပြောနေတုန်း ကော်ဖီဖျော်ဖို့ အိမ်နောက်ဘက် မီးဖိုခန်းထဲဝင်တော့ သုတပါ လိုက်ဝင်လာတယ်။ သုတ နည်းနည်းပိန်သွားပြီး အရပ်က နည်းနည်းလေး ရှည်လာတယ်။ ကျွန်မကို စကားတစ်ခွန်းလေးမှ မပြောသေးတဲ့ သုတဟာ စိတ်ဆိုးစိတ်ကောက်နေတဲ့ ကလေးတစ်ယောက်နဲ့ မတူဘဲ သူရထားတဲ့ အရုပ်ကလေး ပျောက်သွားမှာကို စိုးရိမ်နေတဲ့ ကလေးလေးနဲ့ပိုတယ်နေတယ်။ ကျွန်မဖျော်ထားတဲ့ ကော်ဖီဗန်းလေးကို ကိုင်ပြီး သုတက အရှေ့ကို ထွက်လာတော့ ကြီးကြီးက ပြုံးပြီးကြည့်နေတယ်။ သူ့ဘေးနားက ထိုင်ခုံအလွတ်မှာ ကျွန်မကို ထိုင်စေပြီးတော့ ကျွန်မဆံပင်လေးကို ထိုးဖွနေတဲ့ ကြီးကြီးဟာ ဟိုးအရင် အနှစ် ၂ဝ လောက်က အတိုင်းပါပဲလား။

.

”သမီးမေကို ဘယ်လောက်တောင် စိတ်ပူနေရသလဲကွယ်။ ဘာလို့များ ကြီးကြီးတို့ စိတ်ပူရအောင် လုပ်ရတာလဲဟင်။ သမီးမေ..ကြီးကြီးကို မချစ်ဖူးလား”

.

”မဟုတ်ပါဘူးကြီးကြီး၊ ကြီးကြီးကို ချစ်လို့၊ ကြီးကြီး စိတ်မချမ်းသာမယ့် ကိစ္စမျိုးကို လုပ်မိမှာ စိုးရိမ်တာ၊ မေ့ကြောင့် ကြီးကြီးတို့ အနှောင့်အယှက်ဖြစ်မှာစိုးတာပါ။ ကြီးကြီးတို့ စဉ်းစားပေးတဲ့ ကိုမြတ်သူဟာ တကယ့်ကို နှစ်သက် လိုလားဖွယ် ကောင်းတဲ့ အမျိုးသားတစ်ယောက်ပါကြီးကြီး။ ဒါပေမယ့် မေ သူ့ကို လက်မထပ်လိုဘူး။ အဲဒီအကြောင်းကြောင့် ကြီးကြီး စိတ်ဆင်းရဲသွားမှာ မလိုလားလို့ မေ ရှောင်ထွက်ခဲ့တာပါ ကြီးကြီး။ အလုပ်ခေါ်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်သွားတော့ မေလည်း ကိုယ့်ဝမ်းကိုယ်ကြောင်း ကြည့်ချင်လို့ပါ။ ပြီးတော့…”

.

ကျွန်မစကားဆုံးအောင် ပြောဖို့ တွန့်ဆုတ်နေမိတယ်။ ကျွန်မနဲ့ သုတကြားက ဆက်ဆံရေးအရောင်ပြောင်း မိနေလို့၊ ကျွန်မထွက်ပြေးခဲ့တာပါလို့ ဘယ်လိုလုပ်ပြီး ဝန်ခံနိုင်မလဲ။ မွေးစားသမီးနဲ့ သားအရင်းရဲ့ အချစ်ဇာတ်လမ်းကို ကြီးကြီးဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ဒါကို ကြီးကြီးကို ကျွန်မဘယ်လိုနားလည်အောင် ပြောပြရမလဲ။

.

”ကြီးကြီး သုတကို ခေါ်ပြီး ပြန်လာတော့ အိမ်မှာ သမီးက မရှိတော့ဘူး။ စိတ်မပူဖို့ ရေးထားတဲ့ စာကိုပဲ တွေ့တော့ သုတ အိမ်မှာ သောင်းကျန်တော့တာပဲ။ သူဇွန်ပန်းဖြူကို ဘယ်လိုမှ လက်မထပ်နိုင်ဘူး။ သမီးမေကိုပဲ သူချစ်တယ်၊ သမီးမေကိုပဲ သူလက်ထပ်မှာတဲ့။ သမီးမေကိုလည်း သူချစ်တဲ့အကြောင်း ပြောထားပြီးပြီ ဆိုတော့ ကြီးကြီးတို့လည်း အံ့သြနေတာ။ ကြီးကြီ့းသာ အဲအကြောင်းတွေကို စောစောစီးစီးသိခဲ့ရရင်ကွယ် သမီးမေ အခုလိုမျိုး ဘယ်ပင်ပန်းလိမ့်မလဲ။ သမီးမေနဲ့ဆိုရင် ကြီးကြီးက စိတ်ပူစရာတောင် မလိုတော့ဘူးလေ။ အဲဒါများရှောင်ပြေးစရာမလိုပါဘူးကွယ်”

.

အဟုတ်ပဲလား။ ကျွန်မကြားနေရတာတွေဟာ အိပ်မက်မဟုတ်လောက်ပါဘူးနော်။ ရုပ်ရှင်ကားတွေထဲကလိုမျိုး ကြီးကြီးက ဒေါသတကြီးနဲ့များ ပြောလေမလားလို့ ကျွန်မပြောလင့်ထားသလို ဖြစ်မလားပါလား။ မျက်လုံးအဝိုင်းသားနဲ့ ကြောင်ကြည့်နေတဲ့ကျွန်မကို သုတက ပြုံးပြနေတယ်။ ဟုတ်သားပဲ။ သုတအပြုံးကို မတွေ့ရတာ အတော်ကို ကြာနေပြီပဲ။

.

ဒါကြောင့် ကျွန်မ မပြောလား။ ဘဝဟာ မျက်လှည့်ဆန်ပါတယ်လို့။ မနေ့ညကအထိ ကျွန်မတိတ်တိတ်လေး လွမ်းနေရတဲ့ တစ်စုံတစ်ယောက်သောသူဟာ ဒီနေ့ညနေ ကျွန်မအနားမှာ ရှိနေတယ်။ သူ့အတွက် တချိန်က ပြင်ဆင်ပေးခဲ့ ဖူးသလို ကျွန်မအတွက် အရိုးနွှင်ပေးနေတယ်။ ပျော်စရာကြီးနော် ဆိုတဲ့ စကားကို ဂါထာရွတ်သလို တဖွဖွပြောနေတဲ့ သုတကို

.

”မမမေကို စိတ်မနာဘူးလား”

.

ကျွန်မခပ်တိုးတိုးလေး မေးလိုက်တော့ သူက ခေါင်းကို ခပ်သွက်သွက်ခါရင်းနဲ့ ..

.

”ပြန်မတွေ့မှာကိုပဲ စိတ်ပူနေရတာ မမမေ။ မမမေကို ပြန်တွေ့ရင် လက်ထပ်ပေးမယ်လို့ မေမေက ပြောထား ပြီးသား။ စောစောစီးစီး မပြောလို့တောင် မဖြစ်သင့်တာတွေ ဖြစ်ရတယ်ဆိုပြီး ကျွန်တော်ကို အပြစ်တင်နေတာ။ မမမေ လည်း ကျွန်တော့်ကို ချစ်တယ်၊ ကျွန်တော်ကို ဘယ်တော့မှ ပစ်မထားဘူးဆိုတာ ကျွန်တော်ယုံနေတာ။ တနေ့နေ့မှာ ပြန်တွေ့ရမယ်ဆိုတဲ့ စိတ်နဲ့ မမမေကို ရှာနေရတာ။ မမမေက အနစ်နာခံခဲ့ပေမယ့် ကျွန်တော်က ပျော်ရွှင်နေခဲ့တာ မဟုတ်ဘူးမမမေ။ နောင်ကျရင် အဲလိုမျိုး ထပ်မလုပ်ရဘူးနော်၊ ကတိပေး”

.

ဟန်ဆောင်ခဲ့ရတာ ပင်ပန်းလှပါပြီ။ ငိြုေ<ွကးရတာကိုလည်း ကြောက်ရွံ့နေမိပြီ။ ကျွန်မတစ်ယောက်တည်း ကြိတ်လွမ်းခဲ့ရတာအဖြစ်တွေ၊ ကြိတ်ငိုခဲ့ရတဲ့အကြောင်းတွေကို ကျွန်မ မပြောပေမယ့်လည်း သူ နားလည်နိုင်မှာပါ။ အမြဲ တမ်း လူကြီးဆန်ဆန်နေခဲ့တဲ့ ကျွန်မဒီတစ်ခါတော့ သူ့စကားကို နားထောင်ပါတော့မယ်။ တသက်မှာတစ်ခါပဲ ချစ်ခဲ့တဲ့ ချစ်သူကို ကျွန်မကလည်း ချစ်ပါတယ် ဆိုတဲ့အကြောင်း ဖွင့်ဟဝန်ခံဖို့ သူ့လက်ကို ဆုပ်ကိုင်ထား လိုက်မိတယ်ဆိုရင်ပဲ ကျွန်မရင်တွေ တထိတ်ထိတ်နဲ့ခုန်လာမိပါတယ်။



နှင်းနုလွင်
၂၀၊ ၀၉၊ ၂၀၁၀

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s