သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ဇရာရဲ့ အဓိပ္ပါယ် နဲ့ ကိုက်ညီမှုရှိအောင်…. September 27, 2010

”ဇရာထောင်းပြီ” လို့မသတ်မှတ်နိုင်သေးခင်တည်းက အဘိုးအဘွားတို့ရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီအသက်အရွယ်ဆိုတာက နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ စက်တွေရဲ့ အင်ဂျင်ကျနေသလို၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက သတိပေးသံတွေ မြည်လာတဲ့အရွယ်။ နှစ်ပေါင်း ၃ဝ ကျော်၊ ၄ဝနီးပါးလက်တွဲခဲ့တဲ့ အဘိုးအဘွားတို့ရဲ့ ကျန်းမာရေးက အမှုမဲ့၊ အမှတ်မဲ့ထားလို့ရတဲ့အခြေအနေမဟုတ်တော့။ ”ဇရာကို ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်မယ်” ဆိုတာရဲ့ အဓိပ္ပါယ်ဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုတာထက်ကို အများကြီး ပိုလေးနက်ပါတယ်။ ပုံမှန်ဂရုစိုက်နေရတဲ့ကျန်းမာရေးအခြေအနေကို လျစ်လျူရှု့လို့မရသလို နောက်ထပ်သတိ ထားရမှာ ကတော့ ”စိတ်အာဟာရ”။

.

ကျန်ရှိနေတဲ့သက်တမ်းတွေကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ အဓိပ္ပါယ်ရှိရှိဖြတ်သန်းမလဲ၊ စိတ်နှလုံးရွှင်လန်းအောင် ဘယ်လိုနေထိုင်မလဲဆိုတဲ့ခံယူချက်ဟာ အဘိုးအဘွားတွေအတွက်တော့ တကယ့်ကိုအရေးကြီးတဲ့အချက်ပါပဲ။ ဘဝကို အားသစ်တဖန်ပြန်လောင်းတဲ့အချိန်မှာ အဘိုးအဘွားတွေရဲ့စိတ်ဓါတ် ကြံ့ခိုင်မှုရှိနေရအောင် ဘယ်လိုနည်းနဲ့ဆောင်ရွက် ကြမလဲဆိုတာကိုတော့ အမြဲတမ်းစဉ်းစားထားရပါတယ်။

.

ဇရာနဲ့ထိပ်တိုက်ဆုံတွေ့နေရတဲ့ အသက်အရွယ်ကိုရောက်ပြီဆိုရင် ငယ်ရွယ်စဉ်ကာလတွေကို လွှမ်းမိုးခဲ့တဲ့အလုပ် တွေကို မဖြစ်မနေသွားဖို့မလိုတော့ပါဘူး။ လူမမယ်ကလေးဘဝတည်းက ချီပိုးထိန်းကျောင်းခဲ့ရတဲ့ သားသမီးတွေကလည်း သူ့အိုးသူ့အိမ်နဲ့၊ သူတို့အလုပ်တွေနဲ့အဝေးမှာ။ လူလားမြောက်သည်ထက်ကျော်လွန်ခဲ့တဲ့အရွယ်တွေကို ရောက်နေပြီမို့ စိတ်ပူဖို့မလိုအပ်တော့။ စိတ်ကို အနားပေးထားရင် အားငယ်တဲ့စိတ်တွေက ဝင်လာနိုင်ပါတယ်။ ဒီအချိန်မှာ သောကတွေကို လျော့နည်းသည်ထက်လျော့နည်းအောင် စိတ်ကိုလေ့ကျင်ပေးဖို့ အချိန်ပေးနိုင်ပါပြီ။

.

ဒီတော့ အရင်တုန်းက အချိန်မရလို့ဆိုပြီး မလုပ်ဖြစ်ခဲ့တဲ့၊ မိမိတို့နှစ်ခြိုက်ခဲ့တဲ့ လှုပ်ရှားမှုလေးတွေကို ပြန်ပြီး လုပ်ကြည့်သင့်ပါပြီ။ ဒီလိုလုပ်တဲ့နေရာမှာလည်း အဘိုးအဘွားတို့ရဲ့ ခံနိုင်စွမ်းအားနဲ့ လိုက်လျောညီထွေတာမျိုးကိုသာ ရွေးချယ်မိဖို့က အရမ်းအရေးကြီးပါတယ်။ ငယ်ငယ်တုန်းကလို နည်းနည်းလောက်ပြင်းထန်တဲ့ လှုပ်ရှားမှုမျိုးကို လုပ်ကြည့် မယ်ဆိုရင် အရိုးတွေက မီးနီပြလာပါလိမ့်မယ်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရတဲ့ အရိုးဟာ ဒါဏ်ပိပြီး အပင်ပန်းမခံ နိုင်တော့တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြာရှည်စွဲလုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကိုသာ ဦးစားပေးပြီး စဉ်းစားသင့်ပါတယ်။

.

ပုံမှန်ဆိုရင် ခပ်ဖြေးဖြေးလေးပြေးတာ၊ လမ်းလျှောက်တာမျိုးတွေဟာ အဘိုးအဘွားအားလုံးအတွက် သင့်တော်ပါတယ်။ စိတ်တည်ငြိမ်ဖို့အတွက်လည်း တရားထိုင်တာ၊ အသက်အရွယ်ကိုလိုက်ပြီး ယောဂကျင့်တာမျိုးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ငါးမျှားတဲ့အခါကျတော့ စိတ်ကိုငြိမ်အောင်စုစည်းရသလို လက်မောင်းြ<ွကွက်သားတွေကိုပါ အလုပ်ပေးလုပ်ရတာဆိုတော့ အတော်ကို အဆင်ပြေတယ်။

.

နောက်တစ်ခါ သားသမီးတွေ၊ မြေးတွေနဲ့ပုံမှန်တွေ့ဆုံဖို့ ရက်စွဲလေး သတ်မှတ်ထားသင့်ပါတယ်။ တကယ်လို့ တွေ့ဆုံဖို့ ခက်ခဲတဲ့အခြေအနေမျိုးဆိုရင်လည်း အချစ်တော် ကြောင်လေးတွေ၊ ခွေးလေးတွေမွေးထားပြီး အဖော်ပြုနေ သင့်ပါတယ်။ မြေးတွေ၊ မြစ်တွေအိမ်ကိုလာတဲ့အခါ ပန်းခြံထဲမှာဆင်းပြီး လှုပ်လှုပ်ရှားရှားလုပ်ပေးပြီး သူတို့မလာတဲ့ အခါကျတော့ အဖော်အဖြစ်မွေးထားတဲ့ ခွေးလေးနဲ့လမ်းလျှောက်ပေးရင်လည်း ဇရာကိုပိုပြီး အိုဇာစေတဲ့အထီးကျန်မှု တွေကို ဟန့်တားနိုင်ပါတယ်။

.

အရင်တုန်းက အချိန်မရလို့ဆိုပြီး မသွားဖြစ်ခဲ့တဲ့ ပြတိုက်၊ ပြခန်းတွေကို သွားရောက်ဖို့ အချိန်ပိုတွေရပါပြီ။ တစ်ခါမှမရောက်ဘူးသေးတဲ့ဒေသတွေကို အလည်အပတ်သွားတာ၊ အရမ်းမပင်ပန်းတဲ့ ခရီးတိုလေးတွေသွားတာမျိုးတွေကို လုပ်ပေးနိုင်ရင်လည်း အဆင်ပြေပါတယ်။ ငယ်ငယ်ကနှစ်သက်ခဲ့တဲ့ ဝါသနာတွေကို ပြန်လည်အသက်သွင်းနိုင်သလို လက်မှုပညာလိုမျိုး အာရုံသိပ်စိုက်စရာမလိုတဲ့ ပညာတစ်ခုခုကိုသင်ယူထားတဲ့အခါကျတော့ အသက်ကြီးလာလို့ ကြုံတွေ့ရ တဲ့ စိတ်ပျံ့လွင့်တဲ့ ပြဿနာမျိုးကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ပင်စင်စားဆိုတဲ့ အဘိုးအဘွားတို့အရွယ်မှာ အဓိကကြုံတွေ့နေရတဲ့ ပြဿနာက အထီးကျန်မှု။ အမှန်တော့ အထီးကျန်နေတာမဟုတ်ပါဘူး။ မိမိတို့ဘာသာ ချန်ရစ်နေတာပါ။

.

ငယ်ငယ်တုန်းကတည်းက လက်တွဲခဲ့တဲ့ သူငယ်ချင်းတွေ မရှိတော့တာ၊ ဘဝလက်တွဲဖော်နဲ့ကွာဝေးသွားတာ၊ သားသမီးတွေအလုပ်မအားလို့ ဂရုမစိုက်ဖြစ်တာတွေကို အားငယ်မိ တာတွေ စုပေါင်းပြီး ဘယ်သူနဲ့မှ မတွေ့ဆုံချင်၊ တစ်ဦးတည်းသာ တိတ်တိတ်လေး အခန်းပိတ်နေချင်တဲ့ ”ပင်စင်နာ” ကို ခံစားရတတ်တာပါ။ ဒါကြောင့် အသက်ကလေးရလာတာနဲ့ အရင်တုန်းက အဆက်အဆံလုပ်ခဲ့တဲ့လူတွေနဲ့ အဆက်အသွယ်မပြတ်အောင် သတိထားနေဖို့ကို လိုအပ်ပါတယ်။ ပင်စင်စားမို့ ပတ်ဝန်းကျင်နဲ့ကင်းကွာပြီး တကိုယ်တည်း အထီးကျန်တယ်ဆိုတာ တကယ့်ကို မဖြစ်သင့်တာလို့ ကျွန်မထင်ပါတယ်။ အဘိုးအဘွားတို့အနေနဲ့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မပြတ်အောင် နေတတ်ဖို့ အချက် (၆) ချက်နဲ့ ကြိုးစားကြည့်လို့ရပါတယ်။

.

(က) မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဆုံပါ။

တန်ဖိုးရှိလှတဲ့အချိန်တွေကို အဘိုးတို့ချစ်တဲ့သူ၊ နှစ်သက်တဲ့သူတွေနဲ့သာ ကုန်ဆုံးသင့်ပါတယ်။ ငယ်စဉ်တုန်းက တော့ မဆုံးနိုင်တဲ့ အလုပ်တွေလုပ်ရင်းနဲ့ သူတို့ကို လျစ်လျူရှု့ခဲ့မိတယ်။ အခုသူတို့ကို အချိန်ပြန်ပေးသင့်ပြီ။ သူတို့ဟာ အဘိုးအဘွားတို့နဲ့ အသက်တူတဲ့သူတွေဖြစ်နိုင်သလို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အိမ်နီးချင်းတွေ၊ ဆွေမျိုးသားချင်း ဝမ်းကွဲတွေ၊ မြေးတွေ၊ မြစ်တွေလည်း ဖြစ်နိုင်တာပဲလေ။ သူတို့ဆီကို အလည်အပတ်မသွားနိုင်ရင်တောင် သူတို့ကို အိမ်ကိုဖိတ်ခေါ်ပြီး တွေ့ဆုံဖို့ ကြိုးစားကြည့်သင့်ပါတယ်။

.

(ခ) တနေ့ကို လူတစ်ယောက်နဲ့တော့ မျက်နှာချင်းဆိုင်တွေ့သင့်ပါတယ်။

မိတ်ဆွေတွေ၊ သားချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ဖုန်းတွေဆက်ကြ၊ မေးလ်တွေပို့ကြ။ သူ့အကြောင်း ကိုယ့်ကိုပြော၊ ကိုယ့်အကြောင်း သူ့ကိုပြောနဲ့ဆိုရင် အဘိုးအဘွားတွေရဲ့စိတ်တွေဟာ ထာဝစဉ်နုပျိုနေဦးမှာပါ။ အဲဒါ ထက်ပိုကောင်းတာက တစ်ယောက်တည်း အခန်းအောင်းမနေဘဲနဲ့ တစ်ယောက်ယောက်နဲ့ တွေ့ဆုံကြည့်ဖို့ပါ။ မျက်နှာချင်း ဆိုင်တွေ့ဖြစ်တဲ့အခါ အတိတ်ကရွှေရောင်နေ့ရက်တွေ အကြောင်းကိုပြန်ပြောင်းပြောကြရင်းနဲ့ ပျင်းရိငြီးငွေ့ဖို့ ကောင်းတဲ့ နေ့ရက်တွေဟာ ပြန်လည်ပြီး သက်ဝင်လှုပ်ရှားလာပါတယ်။

.

(ဂ) မိတ်ဆွေသစ်ဖွဲ့ပါ။

အသက်ကြီးလာတဲ့အချိန်မှာ မိမိတို့ထက်ငယ်တဲ့သူတွေနဲ့ မိတ်ဆွေဖြစ်အောင်၊ သဟဇာတတည့်အောင် နေတတ် ဖို့ကလည်း အဘိုးအဘွားတို့အတွက် အရေးကြီးတဲ့အချက်လို့ ကျွန်မထင်ထားပါတယ်။ ”အသက်ကြီးလာလို့ ဂွကျတယ်” လို့ပြောကျတာကလည်း ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းခဲ့တဲ့ ဆယ်စုနှစ်တွေမတူတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီတော့ အမြဲဆန်းသစ်နေတဲ့လောကကြီးကို လူငယ်တွေဆီကနေ ပြန်လည်ပြီး အကဲခတ်ကြည့် ဖို့လိုပါလိမ့်မယ်။ ခေတ် တစ်ခေတ်ကိုရှု့မြင်ပုံတွေကို သူတို့ဆီကရနိုင်သလို ဘဝကိုလန်းဆန်းစွာဖြတ်ကျော်နိုင်ဖို့ စွမ်းအင်တွေလည်း ရပါလိမ့်မယ်။

.

(ဃ) လူထုအကျိုးပြုလုပ်ငန်းတွေမှာ စေတနာဝန်ထမ်းလုပ်ကြမယ်။

နှစ်ပေါင်း ၃ဝ ကျော်၊ ၄ဝ နီးပါးရုံးတက်၊ ရုံးဆင်းလက်မှတ်ထိုးခဲ့ရတဲ့ဝန်ထမ်းဘဝကနေ ကျွတ်ခဲ့ပြီ။ ဘာအချုပ်အနှောင်မှ မရှိတော့ဘူးဆိုပေမယ့် အလုပ်တစ်ခုခုကို လုပ်ချင်နေသေးတဲ့ဆန္ဒက ပင်စင်စားတွေအားလုံးမှာ ရှိနေပါသေးတယ်။ ဒီအတွက်တော့ ကုသိုလ်ဖြစ်လုပ်ငန်းတွေမှာ ပါဝင်အားဖြည့်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။ အဲဒီနေရာမျိုးမှာ မိမိတို့ရဲ့ သက္ကရာဇ်တွေကို ရင်းပြီးရလာတဲ့ အသိပညာ၊ အတတ်ပညာမျှဝေပေးနေတဲ့သူတွေ၊ ဖေးမကူညီ ပေးနေတဲ့သူတွေနဲ့ တွေ့ဆုံခွင့်ရပါလိမ့်မယ်။ ဒီလိုနေရာမျိုးမှာ ပါဝင်ဆောင်ရွက်တဲ့အခါ (တစ်စုံတစ်ယောက်ကို အကူအညီပေးတဲ့အခါရလာတဲ့) နှစ်သက်ကြည်နူးဖွယ်ကောင်းတဲ့ ခံစားမှုတွေကို ကြုံတွေ့ရပါလိမ့်မယ်။ တကယ်လို့များ လူတွေရှိရာကိုသွားပြီး ကိုယ်တိုင်ကိုယ်ကျ မကူညီပေးနိုင်ရင်တောင် ဖုန်း၊ အီးမေးလ်တွေကနေတဆင့် ကုသိုလ်ဖြစ် လုပ်ငန်းတွေကို လုပ်နိုင်ပါတယ်။

.

(င) အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကြည့်ပါ။

ဘဝရဲ့တူညီတဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့သူတွေရှိနေတဲ့ အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်လှုပ်ရှားတာကလည်း အဘိုးအဘွားတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အားဖြည့်တဲ့နေရာမှာ အတော်လေးကို သက်ရောက်မှုရှိပါတယ်။ အဘိုးအဘွား တွေစုပြီး ဝတ်ရွတ်အသင်းတွေဖွဲ့လို့ရမယ်။ အရမ်းအားစိုက်ထုတ်စရာမလိုတဲ့ အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်။ စကားဝိုင်းတွေ၊ စာဖတ်ဝိုင်းလေးတွေလုပ်လို့ရပါတယ်။ ဒီလိုအသိုင်းအဝိုင်းလေးမှာ နေခွင့်ရရင် ဇရာကိုရင်ဆိုင်နေရတာ မိမိတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို အဘိုးအဘွားတွေရဲ့ စိတ်ထဲကနေ လိုလိုလားလားလက်ခံလာပါလိမ့်မယ်။ ဇရာကြောင့် ဘယ်လိုခံစားနေရတယ်ဆိုတာကို ကိုယ်တိုင်ဖွင့်ဟမပြောဘဲနဲ့ သိနားလည်ပေးမယ့် မိတ်ဆွေအသိုင်း အဝိုင်းထဲမှာ နေခွင့်ရပါပြီ။

.

(စ) ရယ်မောဖို့မမေ့ပါနှင့်။

လူလတ်ပိုင်းအရွယ်တုန်းက လျစ်လျူရှု့ခဲ့ရတာတွေထဲမှာ ရယ်မောခြင်းတွေလည်း ပါတယ်လို့ ကျွန်မထင်ပါတယ်။ ကုန်ဈေးနှုန်းအတက်အကျ၊ သားရေး သမီးရေးကိစ္စ၊ မျက်နှာနာရမယ့်လူမှုရေးကိစ္စတွေကိုဖြေရှင်းရင်း၊ ညှိနှိုင်းရင်းနဲ့ လွတ်လပ်စွာရယ်မောဖို့ကို လူတိုင်းနီးပါး မေ့လျော့နေခဲ့တယ်။ ဟန်ဆောင်ရယ်မောရင်းနဲ့ သက်ပြင်းချခဲ့ရတဲ့အခါ တွေလည်း ရှိပါလိမ့်မယ်။ အခုအချိန်မှာတော့ လွတ်လွတ်လပ်လပ်ရယ်မောဖို့ကို မမေ့သင့်တော့ပါဘူး။

.

လှိုက်လှိုက်လှဲလှဲရယ်မောခြင်းကြောင့် စွမ်းအင်တွေရမယ်။ စိတ်ကလွတ်လပ်ပျော်ရွှင်လာတယ်။ စိတ်နဲ့ကိုယ်ကို မျှချေညီအောင် ထိန်းထားပေးနိုင်တယ်လို့လည်း ပညာရှင်တွေကဆိုကြပါတယ်။ ဘဝရဲ့အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး သဘောထားပြီး ဖြေရှင်းနိုင်သလို အကောင်းမြင်နိုင်တဲ့စိတ်ထားတွေပိုရှိလာပါတယ်။ တချို့ပညာရှင်တွေကတော့ ရယ်မော တာဟာ နှလုံးကို အကာအကွယ်ပြုတယ်လို့ ဆိုလာကြပါပြီ။ ရယ်ရယ်မောမောနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်ရင် မိမိတို့ အနားပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေရဲ့ စိတ်ကိုပါ ဆွဲဆောင်နိုင်လို့ မိတ်ဆွေတွေကလည်း ပျော်ရွှင်လာမယ်။ အဘိုးအဘွား တို့မှာလည်း မိတ်ဆွေတွေပိုတိုးလာမယ်။ ဒီလိုဆိုရင် အသက်ကြီးလို့ အထီးကျန်တယ်ဆိုတာဟာ ဘယ်မှန်တော့မလဲနော်။

.

ကျွန်မတို့အပါအဝင် ဘယ်သူ့၊ ဘယ်သူမှ ဇရာကို ရှောင်လွဲလို့ မရပါဘူး။ ကျွန်မတို့ဟာ ရုပ်ပိုင်းဆိုင်ရာ အိုမင်း ရင့်ရော်မှုကို မဟန့်တားနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ နုပျိုလန်းဆန်းမှုကိုတော့ စွမ်းဆောင်နိုင်ပါတယ်။ ”စိတ်ပျိုတော့၊ ကိုယ်နု” ဆိုသလို ဇရာအရွယ်ရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်နေစေဖို့ စိတ်အာဟာရကို ပြည့်ဝအောင် ဖြည့်တင်းထားပေး ရပါမယ်။ ဇရာနဲ့လိုက်လျောညီထွေမှုရှိတဲ့ ပြောင်းလဲမှုတွေကို လက်ခံမယ်။ လူမှုလုပ်ငန်းတွေမှာ တက်တက်ြ<ွကြ<ွကနဲ့ ပါဝင် ဆောင်ရွက်မယ်၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ မကင်းကွာအောင် နေမယ်ဆိုရင် အဘိုး၊အဘွားအားလုံးရဲ့ ရွှေအိုရောင် နေ့ရက်တွေဟာ ဆက်လက်ပြီး အရောင်တောက်ပနေဦးမှာအမှန်ပါပဲ။ ။

Nwe Lah Hnin
Health For All

(APPETON ~ NUTRITION)

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s