သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ် September 27, 2010

အမျိုးသမီးအားလုံးရဲ့ မရှိမဖြစ်မိတ်ဆွေစာရင်းထဲမှာ ဖောလစ်အက်ဆစ်နဲ့ သံဓါတ်တို့ဟာ ထိပ်ဆုံးကနေ ပါဝင် ပါတယ်။ သွေးအားကောင်းစေဖို့ သံဓါတ်ဟာအရေးပါသလို ကိုယ်ဝန်ဆောင်ချိန်အတွက်လည်း ဖောလစ်အက်ဆစ်ဟာ အရေးကြီးပါတယ်။ မိခင်တစ်ယောက်ကို ကိုယ်ဝန်မရှိခင်အချိန်၊ ရှိနေတဲ့အချိန်နဲ့ ရှိပြီးတဲ့အချိန်တိုင်းမှာ ကျန်းမာ နေစေသလို ကလေးကိုလည်းဖွံ့ဖြိုးစေတဲ့ ဗီတာမင် ဘီ (Vitamin B) ဟာ ဖောလစ်အက်ဆစ်ပါပဲ။ ကိုယ်ဝန်ဆောင် မိခင်များအနက် ၅ဝ ရာခိုင်နှုန်းဟာ ကြိုတင်စီစဉ်မထားသေးဘဲ ရသွားတာဖြစ်တဲ့အတွက် သန္ဓေသားမှာ ဖောလစ် အက်ဆစ် ချို့တဲ့ကောင်းချို့တဲ့နေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်း အထူးသဖြင့် အိမ်ထောင်ရှိတဲ့ အမျိုးသမီး တိုင်းဟာ ဖောလစ်အက်ဆစ် မချို့တဲ့အောင် နေထိုင်စားသောက်ဖို့ အရမ်းအရေးကြီးပါတယ်။

.

** ဖောလစ်အက်ဆစ် (Folic Acid) ရဲ့ အခြေခံအကြောင်းအရာ **

သဘာဝအတိုင်းရတဲ့ အစားအသောက်တွေထဲမှာတွေ့ရတာကို ဖောလိတ် (Folate) လို့သတ်မှတ်ပြီး ဖောလစ်အက်ဆစ် (Folic Acid) ဆိုတာကတော့ ဖြည့်စွက်အားဆေးအနေနဲ့သုံးဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီပုံစံ နှစ်ခုစလုံးဟာ ရေထဲမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ကြီးထွားမှု အရမ်းမြန်လာတဲ့အခါ ဖောလစ်အက်ဆစ်ကို လိုအပ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်၊ ကြီးထွားချိန်နဲ့ ကင်ဆာကို ကာကွယ်ဖို့အတွက်ဆိုရင် ပိုပြီးလိုအပ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်ဖို့လိုအပ်သလို စိတ်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ဖောလစ်အက်ဆစ်ဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ ဗီတာမင် ဘီ၁၂ (Vitamin B12) နဲ့ပေါင်းပြီး သွေးဆဲလ်တွေဖြစ်ပေါ်လာအောင်၊ ခန္ဓာကိုယ်ထဲမှာ သံဓါတ်တွေ အလုပ်ကောင်းကောင်း လုပ်နိုင်အောင် ကူညီပေးပါတယ်။ အစားစားချင်စိတ်ကို တိုးလာစေပြီး အစာအိမ်နံရံကနေ အစာခြေတဲ့ အက်ဆစ်တွေထွက်တာ ကိုလည်းများလာစေပါတယ်။ အသည်းကို ကျန်းမာစေဖို့၊ အရေပြားမှာ ပြဿနာတစ်စုံတရာမရှိဘဲ ကျန်းမာနေစေဖို့ ထိန်းထားပေးပါတယ်။ အူထဲရှိ ကပ်ပါးကောင်များအန္တရာယ်နှင့် အစာအဆိပ်သင့်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ နှလုံးကြွက်သားကို အန္တရာယ်ပေးနိုင်တဲ့ Homocystine တွေကို ဖယ်ထုတ်တဲ့နေရာမှာ ကူညီပေးသလို နှလုံးကြွက်သားကို အဆီတွေလာစုတာကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အဆုတ်၊ အူနဲ့ သားအိမ်ခေါင်းကင်ဆာ တို့ကိုတောင် ကာကွယ်ပေးနိုင်တာတွေ့ရပါတယ်။

.


** ရနိုင်တဲ့ အရင်းအမြစ် **

များသောအားဖြင့်တော့ အစိမ်းရင့်ရောင် အရွက်တွေ၊ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ လိမ္မော်ရည်၊ ကညွှတ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အသည်း၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီးတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးတွေ၊ ကောက်ပဲသီးနှံ၊ အသားအမျိုးမျိုးမှာလည်း ဖောလစ်အက်ဆစကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အစားကနေရတဲ့ ဖောလိတ်အားလုံးကို အသုံးပြုလို့ရတဲ့ ဖောလစ်အက်ဆစ် အဖြစ် ပြန်မပြောင်းနိုင်ပါဘူး။ ဒ့ါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ဖောလိတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ပြည့်စုံစွာစားနေရင်တောင်မှ ဖောလစ်အက်ဆစ်ကို ဖြည့်စွက်သောက်ပေးသင့်ပါတယ်။ US မှာဆိုရင် တစ်နှစ်အတွင်း မွေးတဲ့ ကလေးတွေထဲက ၂၅ဝဝ လောက်ဟာ အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ မွေးရာပါကျောရိုးဆစ်ဖုခြင်း စတဲ့ Neural Tube Defect (NTD) နဲ့မွေးဖွားလာတာကို တွေ့ရပါတယ်။ ဒီလိုမျိုးချို့ယွင်းမှုဟာ သန္ဓေအောင်ပြီး ၁၈-၃ဝ ရက်အတွင်းတည်းက ဖြစ်သွားတာကြောင့် မိခင်ဖြစ်သူဟာ သူ့ကိုယ်သူကိုယ်ဝန်ရှိမှန်း သေသေချာချာ မသိသေးခင် ကတည်းက ကလေးလေးဟာ (NTD) ကို လက်ခံရရှိပြီးဖြစ်နေပါတယ်။ အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ဖောလိတ်လုံလုံ လောက်လောက် ရှိမနေတဲ့အတွက် ပြဿနာဖြစ်ရတာပါ။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်မဆောင် ခင်ကတည်းက ဖောလိတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားသောက်ဖို့လိုတဲ့အပြင် ဗီတာမင်များစွာပါတဲ့ ကိုယ်ဝန် ဆောင်အားဆေးတွေကိုလည်း ကြိုသောက်ပေးဖို့ လိုပါတယ်။

.


** ဖောလစ်အက်ဆစ် (Folic Acid) နှင့် ခန္ဓာကိုယ် **

ဖောလစ်အက်ဆစ်ဟာ ကြီးထွားဖွံ့ဖြိုးအတွက် အရေးပါပြီး အထူးသဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ကွဲပြီးပွားများဖို့နဲ့ ဆဲလ်တွေရဲ့ အခြေခံအမျှင်တွေဖြစ်တဲ့ DNA တွေ၊ RNA တွေပွားများဖို့အတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆဲလ်ကွဲပွားတဲ့ ဖြစ်စဉ်ဟာ ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နေတဲ့အတွက် ဖောလစ်အက်ဆစ် အလုပ်လုပ်တဲ့နေရာဟာ တစ်ကိုယ်လုံးမှာလို့ ပြောလို့ရပါတယ်။ ဖောလစ်အက်ဆစ်ဟာ ဗီတာမင် ဘီ၁၂ (Vitamin B 12)၊ ဗီတာမင် စီ (Vitamin C) တို့နဲ့ ပူးပေါင်းပြီး ခန္ဓာကိုယ်ကနေ အသုံးပြုမယ့် ပရိုတင်းတွေကို ချေဖျက်ဖို့၊ အသုံးပြုဖို့၊ လိုအပ်လာတဲ့ အချိန့်မှာ ပရိုတင်းတွေ အသစ်ပြန်ဖွဲ့ဖို့အတွက် အတူတကွ အလုပ်လုပ်ကြပါတယ်။ ဖောလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်း၊ အခြေအနေတိုင်းအတွက် အရေးကြီးနေပါတယ်။

.

အထူးသဖြင့် ဆဲလ်တွေကွဲပြီး ပွားချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်၊ ကြီးထွားချိန်တွေမှာ ပိုပြီးလိုအပ်နေပါတယ်။ ဖောလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ကိုတည်ဆောက်မယ့် ပရိုတင်းတွေ ဖြစ်ပေါ်တဲ့နေရာမှာ အရမ်းအရေးကြီးတဲ့နေရာကနေပါဝင်ပါတယ်။ ဖောလစ်ဆက်ဆစ်ဟာ မွေးရာပါရောဂါတစ်ချို့ကို ကာကွယ်နိုင်သလို နှလုံး ရောဂါ၊ ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ ဖြည့်စွက်အားဆေးကို ဖောလစ်အက်ဆစ်ချို့တဲ့နေတဲ့ ရောဂါ တွေကို ကုသတဲ့နေရာမှာသုံးကြသလို မီးယပ်နှင့်ပတ်သတ်တဲ့ရောဂါတွေ၊ ခြေထောက်မှာဖြစ်တဲ့ အနာတွေအတွက်လည်း အသုံးပြုကြပါတယ်။ တစ်သျှူးတွေ ကြီးထွားအောင်၊ ဆဲလ်တွေရဲ့လုပ်ဆောင်မှုကောင်းမွန်အောင် ကူညီပေးပါတယ်။ လိုအပ်လာတဲ့အချိန်မှာ အစာစား ချင်စိတ်ကို တိုးလာစေသလို အစာချေတဲ့အက်ဆစ်တွေဖြစ်ပေါ်လာဖို့လည်း လှုံဆော် ပေးပါတယ်။


.

** .ဖောလစ်အက်ဆစ် နှင့် ကိုယ်ဝန် **

ကိုယ်ဝန်ဆောင်သည် မိခင်တစ်ယောက်အနေနဲ့ သူကိုယ်တိုင်အတွက်ရော၊ ကလေးငယ်လေးအတွက်ပါ ဖောလစ်အက်ဆစ်ကို မရှိမဖြစ်လိုအပ်ပါတယ်။ မမွေးသေးတဲ့ ကလေးငယ်လေးနဲ့ အချင်း (Placenta) လျင်လျင်မြန်မြန် ကြီးထွားဖို့အတွက် အခြေခံကျကျလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့အခက်အခဲရှိနေတဲ့ အမျိုးသမီးတွေအတွက် ဗီတာမင် ဘီအုပ်စုဝင်ဖြစ်တဲ့ Biotin? B12 တို့နဲ့ တွဲပြီးပေးရင် မျိုးပွားအင်္ဂါတွေ အလုပ်လုပ်နိုင်လာပါတယ်။ ဖောလစ်အက်ဆစ်သာ မလုံလောက်ရင် ဆဲလ်တွေကွဲပြားတဲ့နေရာမှာ ယို့ယွင်းလာပြီး သန္ဓေသားနဲ့ အချင်းဖွံ့ဖြိုးမှုနှေးကွေးလာပါတယ်။ ဖောလစ်အက်ဆစ်ကို လုံလုံလောက်လောက် သုံးစွဲတာဟာ မွေးရာပါရောဂါတော်တော်များများကို ကာကွယ်နိုင်တာ တွေ့ရပါတယ်။ အထူးသဖြင့် (Neural Tube Defect) ဖြစ်တဲ့ အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ မွေးရာပါကျောရိုးဆစ်ဖုခြင်း စတဲ့ရောဂါတွေ ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် မိဘနှစ်ဦးအနက် တစ်ယောက်ယောက်မှာ၊ မွေးထားတဲ့သားချင်းတစ်ယောက်ယောက်မှာ (Neural Tube Defect) ရှိဖူးရင် သတိထားရပါတယ်။ ပုံမှန် အမျိုးသမီး တစ်ယောက်အတွက် ဖောလစ်အက်ဆစ်ဟာ ဝ.၅ မီလီဂရမ်လောက်သာ လိုအပ်ပေမယ့် ဒီလိုမိခင်မျိုးကတော့ တနေ့ကို ၅ မီလီဂရမ်လောက်အထိ သောက်ပေးရပါတယ်။
.

.

** ဖောလစ်အက်ဆစ် နှင့် နှလုံး **


စားလိုက်တဲ့အသားဓါတ်တွေတို ခန္ဓာကိုယ်က အမိုင်နိုအက်ဆစ် (Amino Acid) အဖြစ်ပြောင်းလဲ အသုံးပြုပါတယ်။ အဲဒီအထဲက အမိုင်နိုအက်ဆစ် (Amino Acid) တစ်မျိုးဖြစ်တဲ့ Homocystine တွေသွေးထဲမှာ မြင့်တက်နေပြီဆိုရင်တော့ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတစ်ခုခုကို ခံစားရတတ်ပါတယ်။ လေသင်တုန်း (Stroke) ရှိသူ၊ နှလုံးကြွက်သားနှင့်ပတ်သတ်တဲ့ရောဂါရှိသူတွေဟာ ဖောလစ်အက်ဆစ်ကို ဖြည့်စွက်သောက်သင့်ပါတယ်။ Homocystine များတာဟာ အရိုးပွတာ၊ အရိုးပါးတာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဖောလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ကနေ Homocystine တွေသုံးစွဲတာ၊ စွန့်ထုတ်တာကို ထိန်းညှိပေးပါတယ်။ Vit B6 B12 နဲ့ Folic Acid တို့ဟာ Homocystine တွေကို ဖျက်စီးပစ်သလို သူ့ကြောင့်ရလာနိုင်တဲ့ ရောဂါဖြစ်နိုင်ချေတွေကိုလည်း လျော့ချပေးပါတယ်။ တစ်နေ့မှာ ဖောလစ်အက်ဆစ် ဝ.၄ မီလီဂရမ်လောက် အနည်းဆုံး သောက်ပေးရင် Homocystine ပမာဏလျော့ကျနိုင်ပါတယ်။
.

ဖောလစ်အက်ဆစ် နှင့် ကင်ဆာ

ဖောလစ်အက်ဆစ်ဟာ အဆုတ်ကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ၊ အစာရေမြိုပြွန်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာတို့နဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြေခံ DNA နဲ့ RNAအမျှင်တွေဖြစ်ပေါ်ဖို့၊ ပျက်စီးသွားတာကို ပြန်ပြင်ဖို့၊ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက်ကို ကူညီပေးပါတယ်။ ဖောလစ်အက်ဆစ်ချို့တဲ့မှုကြောင့် DNA တွေပျက်စီးပြီး ကင်ဆာရောဂါရလာပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ မဖြစ်ရအောင် လူတိုင်းဟာ ဖောလစ်အက်ဆစ်တွေကို အလေးအနက်ထားပြီးသုံးစွဲသင့်ပါတယ်။

.

.

** ဖောလစ်အက်ဆစ် နှင့် စိတ်ကျရောဂါ**

စိတ်ကျရောဂါရှိတဲ့သူ တော်တော်များများဟာ ဖောလစ် အက်ဆစ် ချို့တဲ့နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် စိတ်ကျရောဂါရှိတဲ့သူတွေဟာ ဖောလစ်အက်ဆစ်ကို ဖြည့်စွက် သောက်သင့်ပါတယ်။ တခြား ဗီတာမင်တွေထက်စာရင် ဗီတာမင် ဘီ၉ (Vitaimin B9) ဖြစ်တဲ့ ဖောလစ်အက်ဆစ်ဟာ စိတ်ကျရောဂါမှာ ပိုပြီး သက်ရောက်မှုရှိပါတယ်။ စိတ်ကျရောဂါနဲ့ ဆက်စပ်နေတဲ့ Homocystine တွေကို လျော့ချ ပေးတဲ့အတွက် အသက်ကြီးလာချိန်မှာဖြစ်လာနိုင်တဲ့ စိတ်ကျရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ကျရောဂါကို ကုသတော့မယ်ဆိုရင် ဖောလစ်အက်ဆစ်ကို ဗီတာမင် ဘီအားဆေးရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ဖြည့်စွက် သောက်ပေးရပါမယ်။

.

.

** ဖောလစ်အက်ဆစ်နှင့် သားအိမ်ခေါင်း **

ဖောလစ်အက်ဆစ်ချို့တဲ့မှုဟာ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားတဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်နေပါတယ်။ ကျွမ်းကျင်သူတွေကတော့ အစားအသောက်တွေကနေ Folate ကို လုံလုံလောက်လောက် မရတဲ့အတွက် လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်စေနိုင်သလို Pap Smear စမ်းသပ်တဲ့အခါမှာလည်း ပုံမှန်မဟုတ်တဲ့ရလဒ်တွေကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ Folic Acid ကို တစ်နေ့လျှင် ၁မီလီဂရမ်ကို ၃လ ကျော်ကျော်လောက် သောက်ပေးရင်တော့ သားအိမ်ခေါင်းမှာရှိတဲ ဆဲလ်တွေဟာ ပုံမှန်ဖြစ်သွားနိုင်ပါတယ်။

** Folic Acid ချို့တဲ့မှု **

အာဟာရချို့တဲ့လို့ဖြစ်ရတဲ့ ပြဿနာတွေထဲမှာ ဖောလစ်အက်ဆစ်ချို့တဲ့မှုလည်း ပါဝင်ပါတယ်။ အရက်သောက် တဲ့သူ၊ ကိုယ်ဝန်ဆောင်သည်၊ အစာစုပ်ယူမှု ပြဿနာရှိတဲ့သူတွေ ဥပမာ အူရောင်နေတဲ့သူတွေ၊ Methotrexate လို ဆေးဝါးသောက်နေတဲ့သူတွေမှာလည်း ဖောလစ်အက်ဆစ်ချို့တဲ့တတ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်အချိန်က ဖောလစ် အက်ဆစ်ချို့တဲ့နေရင် ကလေးဟာ အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ ဦးနှောက်ပျက်စီးခြင်းတို့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်ချို့တဲ့ရင်တော့ မွေးဖွားချိန်မှာ ပေါင်မပြည့်တာ၊ လမစေ့ဘဲမွေးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးရမယ့် ဖောလစ်အက်ဆစ်ပမာဏာ များကိုများရပါမယ်။

.

ဖောလစ်အက်ဆစ်ချို့တဲ့နေတဲ့ လက္ခဏာတွေဟာ သိပ်ပြီးတော့ မသိသာတဲ့အတွက် ကြိုပြီးခြေရာခံမိဖို့ ခက်ခဲပါ တယ်။ များသောအားဖြင့်တော့ ဘယ်လိုလက္ခဏာကိုမှ မပြတတ်ပါဘူး။ အရမ်းဆိုးရွားလာတဲ့အခြေအနေကို ရောက်မှသာ အားနည်းခြင်း၊ မောပန်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ မေ့လျောခြင်း၊ အသက်ရှုခက်ခဲခြင်း၊ ခံတွင်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် စိတ်နေစိတ်ထားပြောင်းလဲတာ၊ မူမမှန်တော့တာမျိုးတွေဖြစ်လာနိုင်ပြီး အနည်းစုကတော့ စိတ်ကျရောဂါတောင် ဖြစ်နိုင်ပါတယ်။ အူရောင်ရောဂါရှိတဲ့သူတွေရဲ့ သွေးဆဲလ်တွေထဲမှာလည်း ဖောလစ်အက်ဆစ်ချို့တဲ့နေတာ တွေ့ရပါတယ်။ ဖောလစ်အက်ဆစ်ချို့တဲ့မှုကြာင့် ခြေလက်တွေမှာရှိတဲ့ သွေးကြောတွေမှာ ပြဿနာတွေရှိလာနိုင်ပြီး နှလုံးကြွက်သားနဲ့ သွေးကြောတွေမှာလည်း ရောဂါရလွယ်လာပါတယ်။
.

ဖောလစ်အက်ဆစ်ဟာ မိခင်နဲ့ ကလေးရဲ့ လတ်တလော ကျန်းမာရေးကိုသာကောင်းစေတာ မဟုတ်ပါဘူး။ ကျန်ရှိနေတဲ့ သက်တမ်းမှာ သွေးကြောနဲ့ပတ်သတ်တဲ့ရောဂါတွေ၊ နှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေကိုပါ လျော့ကျစေပါ တယ်။ ကိုယ်ဝန်ဆောင် အားဆေးတော်တော်များများမှာ ဖောလစ်အက်ဆစ် လုံလုံလောက်လောက် ပါဝင်ပါတယ်။ အလွယ်တကူလည်းဝယ်ယူလို့ရနိုင်ပါတယ်။ ကိုယ်ဝန်ယူမယ့်အစီအစဉ်ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုသောက် ထားသင့်ပါတယ်။ ဖောလစ်အက်ဆစ်နဲ့ပတ်သက်တဲ့ လမ်းညွှန်မှုတွေရယူသင့်ပါတယ်။ မိခင်နဲ့ ကလေးအတွက် စိတ်အချရဆုံးကတော့ ကျန်းမာရေးကို ထိန်းထားဖို့ သတိပေးချက်တွေကို သေသေချာချာ လိုက်နာသင့်ပါတယ်။ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါတဲ့ အစားအစာတွေကို လုံလောက်အောင် စားပေးတဲ့အကျင့်ကို ဘဝတလျှောက်လုံးသာ ကျင့်သုံးသွားရင် ကျန်းမာပြီး လှပတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

နှင်းနုလွင် (ဆေးဝါး)

အာရောဂျံ မဂ္ဂဇင်း၊

စက်တင်ဘာ၊ ၂၀၁၀။


Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s