သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

အလွယ်မသုံးသင့်သောဆေး သို့မဟုတ် ပိုးသတ်ဆေးများ November 9, 2010

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၇)

အလွယ်မသုံးသင့်သောဆေး သို့မဟုတ် ပိုးသတ်ဆေးများ


ညီမလေးရေ

ရာသီဥတုအကူးအပြောင်းအချိန်ကို ရောက်လာပြီနော်။ ဟိုလူတုပ်ကွေး၊ ဒီလူတုပ်ကွေးဆိုပြီး အအေးမိတဲ့ အသံတွေ ကြားရတော့မယ်။ ရာသီဖျားလေ။ လူများများနဲ့ထိတွေ့နေရတဲ့သူတွေဆိုရင် အလွယ်တကူအအေးမိနိုင်တယ် ညီမလေးရဲ့။ ဒီတော့ ကျောင်းသူ၊ ကျောင်းသားအများကြီးနဲ့နေ့တိုင်းထိတွေ့နေရတဲ့ ညီမလေးတို့လို ဆရာ၊ ဆရာမတွေ၊ လူနာတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ဆရာဝန်တွေ၊ သူနာပြုတွေဆိုရင် ပိုပြီးသတိထားရတာပေါ့။ အကောင်းဆုံးကတော့ အအေးမမိအောင် ကြိုတင် ကာကွယ်တဲ့နည်းလမ်းပေါ့ကွယ်။ အဲဒီလိုအအေးမိတာနဲ့ပတ်သက်ပြီးတော့လေ အရင်အပတ် က မမဖတ်လိုက်ရတဲ့ သတင်းလေးတစ်ပုဒ်အကြောင်းကို ညီမလေးကို ပြောပြရဦးမယ်။

.

ခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ရိုစီဟာ အသက်၎ဝ လောက်ရှိရောပေါ့။ ဒီဇင်ဘာလရဲ့အစမှာ သူမဟာ ကိုယ်နည်းနည်းပူပြီး ချောင်းလည်းဆိုးလာတော့ သူမနားမှာ အလွယ်တကူရှိတဲ့ အမောက်ဆလင် Amoxicillin ဆေးတောင့်ကို သောက်လိုက်သတဲ့။ ဆေးသောက်ပြီးလို့ အချိန်နည်းနည်းကြာတော့ သူမမှာ အင်ပျဉ်ထ သလို အနီကွက်တွေထလာတယ်။ အဲဒါနဲ့ ဆေးဆိုင်ကိုသွားပြတော့ ဆေးဆိုင်ကဆေးရောင်းတဲ့သူက ပင်နီဆလင် အုပ်စုနဲ့ မတည့်လို့ဖြစ်ရတာဆိုပြီး Cephalosporins အုပ်စုဝင် တခြားပိုးသတ်ဆေးတစ်မျိုးကို သောက်ဆေးအနေနဲ့ ပေးလိုက်တယ်။ မသက်သာရင် ပြန်လာခဲ့ဖို့လည်း မှာလိုက်တာပေါ့။

.

ဒါနဲ့ပဲ ဆေးဆိုင်ကပေးလိုက်တဲ့ဆေးကို တစ်ပတ်လောက် ဆက်သောက်တယ်။ ဒါပေမယ့် ဆေးသောက်ပြီးချိန် မှာလည်း ကိုယ်ပူတာနဲ့ ချောင်းဆိုးတာက နည်းနည်းကျန်နေသေးတော့ စိတ်ပူလာတယ်။ ဒါနဲ့ ဆေးခန်းကိုသွားပြတော့ ဆရာဝန်က Erythromycin လို့ခေါ်တဲ့ နောက်ထပ်ပိုးသတ်ဆေးတစ်မျိုးကို ပေးလိုက်တယ်။ နောက် ၂ ပတ်လောက် ကြာတဲ့အခါမှာတော့ ရိုစီဟာ အူရောင်တဲ့ လက္ခဏာတွေနဲ့ ဆေးရုံကို ရောက်လာတယ်။ ရောဂါရှာကြည့်လိုက်တော့ Clostridium difficile လို့ခေါ်တဲ့ ပိုးကြောင့် အူရောင်နေတာကို သွားတွေ့သတဲ့။

.

အဲဒီပိုးတွေဟာ ပုံမှန်အချိန်မှာတောင် အူလမ်းကြောင်းထဲမှာ ရှိနေတတ်တာ ညီမလေး။ ဒါပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုပေးတဲ့ ပိုးကောင်အရေအတွက်ကများနေတော့ သူတို့ကဘယ်လို အန္တရာယ်မျိုးကိုမှ မပေးနိုင်ဘူး။ အဲ..ပိုးသတ်ဆေးတွေ သောက်ပါများလို့ အကျိုးရှိတဲ့ပိုးကောင်တွေသေဆုံးသွားရင်တော့ သူတို့က ထြ<ွကလာတယ်။ လူတွေကို အန္တရာယ်ပေးတော့တယ်။ အမှန်တော့ ညီမလေးရေ ရိုစီခံစားခဲ့ရတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ Influenza ပဲ။ မလိုအပ်ဘဲ ပိုးသတ်ဆေးတွေကို သွားသောက်မိတော့ အသက်ဆုံးရှုံးရတာပေါ့။

.

ညီမလေးရေ..အဲဒီလိုအဖြစ်မျိုး၊ ပုံစံတူပြဿနာတွေကို မမတို့ဆီမှာလည်း ကြုံတွေ့ရတာပဲလေ။ သတိမထား မိလို့သာနေမယ်။ အဲဒါနဲ့ဆက်စပ်ပြီးလေ ညီမလေးကို ပိုးသတ်ဆေးတွေအကြောင်းကို ပြောပြရဦးမယ်။ ပိုးသတ်ဆေး ဆိုလို့ သိပ်ပြီးကြီးကျယ် တဲ့ဆေးတွေ၊ လူတွေသိပ်ပြီး မသုံးကြတဲ့ဆေးတွေလို့များ ညီမလေး တွေးနေသလား။ မဟုတ်ဘူး ညီမလေးရေ။ ပိုးသတ်ဆေးတွေဆိုတာ မမတို့နဲ့ လက်တစ်ကမ်းအကွာမှာ အမြဲတမ်းရှိနေတဲ့ ဆေးတွေပဲ။ စောစောတုန်းက ရိုစီသောက်လိုက်တဲ့ Amoxicillin & Erythromycin တွေ၊ Tetracycline တက်ထရာ ဆိုက်ကလင်း၊ စီကောလို့ခေါ်ကြတဲ့ Chloramphenicol တွေ၊ အဲဒီဆေးတွေပေါ့။

.

မမတို့ပတ်ဝန်းကျင်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးကောင်တွေက အများကြီးပဲ ပျံနှံ့နေတာကိုတော့ ညီမလေး သိတယ်နော်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုတွေ၊ အမျိုးမျိုးပေါ့လေ။ မတူညီတဲ့ ပိုးကောင်တွေကြောင့် ရလာနိုင်တဲ့ ကူးစက်ရောဂါတွေကလည်း မတူကြဘူး။ ဘက်တီးရီးယားပိုးတွေကြောင့် အရေပြား၊ အဆုတ်၊ လည်ချောင်း၊ ကျောက်ကပ်တွေမှာ ကူးစက်ရောဂါတွေဝင်လာတယ်။ ဗိုင်းရပ်စ်တွေဝင်ရင်တော့ အအေးမိမယ်၊ တုတ်ကွေးဖြစ်မယ်၊ အသည်းရောင်လာမယ်။ မှိုတွေစွဲရင်တော့ ပွေး၊ ညှင်း၊ နှင်းခူတွေဖြစ်လာတယ်။ အဲဒီလို မတူတဲ့ရောဂါတွေကို ကုသတဲ့ဆေးတွေကလည်း ဘယ်တူမလဲနော်။

.

မမတို့အသုံးပြုကြတဲ့ ပိုးသတ်ဆေး Antibiotics ဆိုတာဟာ ဘက်တီးရီးယားကြောင့် ဖြစ်လာတဲ့ ရောဂါတွေ ကို ကုသဖို့သုံးတဲ့ဆေးတွေပဲ ညီမလေး။ သူတို့က သဘာဝအတိုင်းရတဲ့ ပစ္စည်းတွေဖြစ်နိုင်သလို ဆန်းစစ်ထုတ်လုပ်ထား တဲ့ ပစ္စည်းတွေလည်း ဖြစ်နိုင်တာပဲညီမလေးရဲ့။ သူတို့တွေက တချို့ပိုးတွေကို အသေသတ်ပေးတယ်။ တချို့ပိုးတွေကို ကျတော့ မျိုးမပွားနိုင်အောင် ဟန့်တားပေးတယ်။ ဒါပေမယ့် ညီမလေးရဲ့..မမတို့အနားပတ်ဝန်းကျင်က လူတိုင်းလိုလိုက ဘက်တီးရီယားတွေကို သတ်တဲ့ ပိုးသတ်ဆေးတွေကို နေရာတိုင်းမှာ သုံးနေကြတယ်။

.

လူတွေကလေ အအေးမိတယ်၊ ဖျားတယ်ဆိုတာနဲ့ သူတို့ကို သောက်ကြတော့တာပဲ။ မမစိတ်ထင်ပြောရရင် လူနာတွေထဲမှာ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ပိုးသတ်ဆေးကို တိတိကျကျသောက်တဲ့လူနာက ၃ ပုံ ၁ ပုံလောက်ပဲ ရှိလိမ့်မယ်ထင်တယ်။ ဒီနေရာမှာ မမတို့ မမေ့သင့်တာက ပိုးသတ်ဆေးဆိုတာ ဘာလဲပေါ့နော်။ အအေးမိတဲ့အချိန်ဆို Antibiotics တွေကို ဘယ်လောက်ပဲသောက်သောက် လူနာမှာ ဘာမှ ထူးခြားမှုရှိမှာမဟုတ်ဘူး။ အကောင်းဆုံး နည်းလမ်းက အာဟာရပြည့်ဝအောင်စား၊ အနားယူ၊ အရည်များများသောက်၊ ကိုယ်ပူကျချင်ရင်တော့ ပါရာစီတမော လောက်ပဲ သောက်ရမှာပေါ့။

.

အဲလိုမလုပ်ကြဘူး ညီမလေးရေ။ လူတော်တော်များများကလေ နေမကောင်းဖြစ်ရင် ဆေးဆိုင်မှာ အပူကျဆေး နဲ့ ပါရာစီတမောပေးပါဆိုပြီး သွားဝယ်တော့တာပဲ။ ဆိုင်တွေကလည်း ပါရာစီတမော Paracetamol နဲ့ အမောက်ဆလင် Amoxicillin ကို တွဲပေးလိုက်တယ်လေ။ တချို့လူတွေကျတော့ Amoxicillin ကို ဒီအတိုင်းဝယ် သောက်တယ်။ လည်ချောင်းနာလည်း သောက်၊ အာသီးရောင်လည်း သောက်၊ သူတို့သဘောနဲ့ သူတို့စိတ်ရှိတိုင်း သောက်နေကြတာပဲ။ အဲဒီအထဲမှာလေ ကလေးအမေတွေတောင် ပါသေးတယ်။

.

သူတို့ကလေးတွေ ကိုယ်ပူရင် ပါရာစီတမောအရည်နဲ့ Amoxicillin ဆေးရည်ကို တွဲပြီးတိုက်တော့တာပဲ။ အမှန်တော့ ညီမလေးရေ.. ပါရာစီတမောမှာ အကိုက်အခဲပျောက်တဲ့အာနိသင်ရော၊ အပူကျတဲ့အာနိသင်ရော ရှိပြီးသား။ မလိုအပ်ပါဘဲနဲ့ ပိုးသတ်ဆေးတွေကို တွဲဖက် သုံးစွဲနေတော့ မခက်ပေဘူးလား။ အဲဒီလိုသုံးတဲ့သူတွေ ထဲမှာလေ အရပ်သားတွေရော၊ ကျန်းမာရေးနယ်ပယ်က လူတွေပါ ရှိတယ်ဆိုရင် ညီမလေး အံ့သြနေမလားပဲ။ အဟုတ်ပဲ ညီမလေးရေ။ ပိုးသတ်ဆေးတွေကို ပေါ့ပေါ့တန်တန်သဘောထားပြီး သုံးစွဲကြသူတွေဟာ အတော်များတယ်။ ဒါနဲ့လေ ပိုးသတ်ဆေးသုံးစွဲတာနဲ့ ပတ်သတ်ပြီး ကြုံတွေ့လာနိုင်တဲ့ အခြေအနေ ၂ မျိုးကို ပြောပြရဦးမယ်။

.

လူတစ်ယောက်က နေမကောင်းလို့ ဆေးခန်းသွားပြတယ်ဆိုပါတော့ ညီမလေးရယ်။ သူ့ကို ဆရာဝန်က သင့်တော်တဲ့ ပိုးသတ်ဆေးကို ညွှန်လိုက်တယ်။ အဲဒီဆေးမကုန်ခင် ရောဂါသက်သာလာတော့ ဆေးကိုရပ်ပစ်လိုက် တယ်။ ဆေးကို လိပ်ပတ်လည်အောင် မသောက်တော့ဘူး။ ဒီတော့ သူ့ရောဂါကို အမြစ်ပြတ်အောင် ကုဖို့ခက်သွား တယ်။ ပိုးကောင်တွေကို အသေမသတ်နိုင်သလို သူတို့ပွားတာကိုလည်း မတားနိုင်တော့ဘူး။ အဲဒီတော့ ကုသရမယ့် အချိန်က မကြာသင့်ဘဲကြာလာသလို ကုန်ကျစရိတ်တွေလည်း တိုးလာတယ်။

.

ညီမလေးရဲ့တပည့်တွေထဲမှာ ဂျစ်ကန်ကန်နိုင်တဲ့ ကလေးတွေရှိသလို ပိုးကောင်တွေထဲမှာလည်း မထုံတက် တေးနဲ့ ပိုးကောင်တွေရှိတယ်ညီမလေး။ သူတို့ဆိုရင် ခြိမ်းခြောက်လို့လည်းမရ၊ ဟန့်တားလို့လည်း မရဘူး။ ပိုးသတ်ဆေး သောက်နေရင်းနဲ့ လက္ခဏာတွေက ပိုပိုပြီးဆိုးရွားလာတယ်။ မိသားစုဝင်တွေ၊ အနီးကပ်နေတဲ့သူတွေကိုတောင် ဖျားနာ စေတယ်။ ဒါက ဆေးတွေကို လွဲမှားစွာသုံးမိလို့ ဆေးယဉ်သွားရင် နောက်ထပ် ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေပေါ့။

.

တချို့ကျတော့ ဆေးများများသောက်ရင် မြန်မြန်လေးနေကာင်းသွားမယ်လို့ထင်နေတြတယ်ညီမလေးရဲ့။ ဒီတော့ နည်းနည်းလေး နေမကောင်းဖြစ်တာနဲ့ ပိုးသတ်ဆေးတွေထည့်သောက်တော့တာပဲ။ အိမ်ကမိသားစုတွေ နေမကောင်းဖြစ်တုန်းက သုံးဖူးတဲ့ ဆေးတွေကို သောက်ကြတယ်။ အဲလိုမဟုတ်ရင်လည်း အရင်အကြိမ်တွေ နေမကောင်း ဖြစ်တုန်းက သောက်ဖူးတဲ့ ပိုးသတ်ဆေးတွေ ထည့်သုံးကြတာမျိုးကိုလည်း မမတွေ့ဖူးတယ်။ တကယ်တော့ ညီမလေး ရယ်..ပိုးကောင်တွေဟာ တစ်ခါနဲ့တစ်ခါဘယ်တူပါ့မလဲနော်။

.

ပြီးတော့ ပိုးသတ်ဆေးဆိုတာကလည်း အကျိုးပြုတဲ့ပိုးကောင်တွေရော၊ အကျိုးမပြုတဲ့ပိုးကောင်တွေကိုပါ သတ်ပစ်တာဆိုတော့ အန္တရာယ်ရှိတဲ့ အကောင်တွေက ထြ<ွကလာတယ်။ အထူးသဖြင့် အစာခြေလမ်းကြောင်းမှာရှိတဲ့ ပိုးကောင်တွေသေသွားတော့ ဝမ်းလျှောတာ၊ အူရောင်တာ တွေဖြစ်လာတယ်ညီမလေးရဲ့။ ဆေးရုံတက်နေရတဲ့သူတွေ၊ အရမ်းပြင်းထန်တဲ့ အခြေအနေမျိုးတွေအတွက်ပဲသုံးတဲ့ ပိုးသတ်ဆေးပြင်းတွေကို ကိုယ့်သဘောနဲ့ကိုယ်သောက်တော့ အသက်ကို ရန်ရှာလာတာပေါ့။

.

မမတို့ပတ်ဝန်းကျင်မှာ နောက်ထပ်အသုံးများကြတာက ပိုးသတ်ဆေးပါတဲ့ လိမ်းဆေးတွေ။ ထိခိုက် ရှနာ၊ အပူလောင်နာ၊ ဝက်ခြံထွက်ရင် လိမ်းကြတာလေ။ ညီမလေးမြင်ဖူးမယ်တော့ထင်တယ်။ မမတို့ အိမ်မှာသုံးဖူးတဲ့ TEO Ointment) တက်ထရာဆိုက်ကလင်း လိမ်းဆေးတောင့်လိုမျိုးလေ။ Gentamycin လိမ်းဆေး၊ Chloramphenicol လိမ်းဆေးဆိုပြီး အမျိုးမျိုးရှိတယ်ညီမလေးရဲ့။ အဲဒီလိုမျိုး လိမ်းဆေးတွေ သုံးရင်လည်း သတိထားရသေးတယ်။ ”သောက်ဆေးအနေနဲ့ သုံးမှာသာ ဆေးယဉ်တာမဟုတ်ဘူး။ လိမ်းဆေးအနေနဲ့သုံးရင်လည်း ဆေးယဉ်နိုင်လို့ သူတို့ကို အချိန်ကြာကြာစွဲပြီး မသုံးရဘူး” ဆိုတာကိုတော့ ညီမလေးအမြဲတမ်း မှတ်ထားနော်။

.

ဒါပေမယ့် ညီမလေးရေ မမတို့အနားပတ်ဝန်းကျင်က လူတိုင်းလိုလိုကလေ အဲဒီလိုလိမ်းဆေးတွေကို အကြာ ကြီး သုံးကြတယ်လေ။ တောမကျ၊ မြို့မကျဒေသတွေဆို ပိုဆိုးသေး။ အနာဖြစ်ရင် ဆေးလိမ်းရမယ်ဆိုတာကိုတော့ သိပါရဲ့။ ဘယ်လောက်ကြာကြာသုံးရမယ်၊ ဘယ်အမျိုးအစားကို သုံးရမယ်ဆိုတာကို သေချာမလေ့လာထားမိတော့ အခက်ကြုံရတာပေါ့။ ”ဆေးတစ်မျိုးဟာ ဘယ်လောက်ပဲ အာနိသင်တွေကောင်းနေပါစေ၊ သူနဲ့ပတ်သက်တဲ့ညွှန်ကြား ချက်တွေကို တိတိကျကျမလိုက်နာရင် အဲဒီဆေးဟာ ဘယ်လိုလုပ်ပြီး အစွမ်းထက်တော့မလဲနော်”။ မမတို့တွေအတွက် သိပ်ပြီး အသုံးဝင်ပါတယ်ဆိုတဲ့ အဲဒီလိမ်းဆေးတွေ မသုံးရတဲ့နေရာတွေလည်း ရှိနေသေးတယ်ညီမလေးရဲ့။

.

ဥပမာပြောရရင်ကွယ်.. ပြဲကွဲနေတဲ့ ဒါဏ်ရာတွေ၊ အရမ်းကြီးတဲ့ ဒါဏ်ရာတွေမှာသုံးဖို့ မသင့်တော်ဘူး။ တချို့ သူတွေကျတော့ ကလေးငယ်တွေ အနှီးပွန်းတာတို့၊ ပေါင်ပွန်းတာတို့ဆိုရင် ပိုးသတ်ဆေးပါတဲ့ လိမ်းဆေးတွေကို သုံးလိုက်တာပဲ။ တကယ်ဆိုရင် အသက် ၂ နှစ်အောက် ကလေးတွေမှာ ဆရာဝန်ရဲ့ တိကျတဲ့ ညွှန်ကြားချက်မရှိရင် ပိုးသတ်ဆေးတွေကို သွားသုံးလို့မရဘူး။ အဲဒါမျိုးကျတော့ အရမ်းအန္တရာယ်ရှိတယ်ညီမလေး။

.

အဲဒီလိုပဲ အရမ်းနက်တဲ့ ပြဲကွဲဒါဏ်ရာတွေ၊ သွေးတွေအဆက်မပြတ်ထွက်နေတဲ့နေရာ၊ ချုပ်ဖို့လိုတဲ့ဒါဏ်ရာတွေ မှာ ပိုးသတ်ဆေးကို လိမ်းလိုက်ရင် ဆေးကအလုပ်မလုပ်နိုင်ဘူး။ အဲဒီတော့ ပိုးကောင်တွေက ဆေးကို မကြောက် တော့ဘူး။ တကယ်ပျောက်ဖို့ ဆေးသုံးရတဲ့နေရာမှာ ပြဿနာတွေရှိလာတယ်။ ဒါဏ်ရာထဲမှာ တစ်ခုခု စိုက်ဝင်နေတာ မျိုးတွေ၊ ခွေးတွေ၊ ကြောင်တွေလို အကောင်တွေဘာတွေကိုက်ထားရင်လည်း ကိုယ့်အနားမှာရှိတဲ့ လိမ်းဆေးလေး ကောက်ထည့်လိုက်လို့မရဘူး။ ဆေးခန်းကိုသွားပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံရမှာပေါ့။

.

ကိုယ်ဝန်ဆောင်သည်တွေဆီမှာတော့ ဖြစ်နိုင်ရင် ပထမဆုံး ၃ လအတွင်းမှာ ဘယ်ဆေးကိုမှ မသုံးနဲ့။ တကယ်လို့ ပိုးသတ်ဆေးတွေကို သုံးဖို့လိုအပ်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပေါ့ကွယ်။ အဲဒီလိုပဲ နို့တိုက်မိခင်တွေ၊ ကလေးယူမယ့်အမျိုးသမီးတွေဆိုရင်လည်း ဆေးမသုံးခင် ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေး မေးမြန်းဖို့လိုတယ်နော်။ ပိုးသတ်ဆေးတွေဟာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်မယ်ဆိုရင် တကယ့်ကို စိတ်ချရတဲ့ ဆေးတွေပါ ညီမလေး။ တချို့လူတွေမှာတော့ ပိုးသတ်ဆေးတွေနဲ့ ဓါတ်မတည့်တာ၊ တုံ့ပြန်တာတွေ ဖြစ်နိုင်လို့ ပိုးသတ်ဆေးတွေသုံးခါနီးမှာ ဆရာဝန်က ဆေးတွေနဲ့ ဓါတ်မတည့်တာမျိုးဖြစ်ဖူးလား ဆိုတာကို မေးပါလိမ့်မယ်ကွယ်။ မှန်ကန်သင့်လျော်တဲ့ ပိုးသတ်ဆေးကို စိတ်ချလက်ချ ရွေးချယ်နိုင်ဖို့ အဓိက အချက်ဖြစ်တာကြောင့် ဘယ်ဆေးနဲ့ မတည့်သလဲဆိုတာကို သေသေချာချာ မှတ်ထားဖို့လိုတယ်နော်။

.

မမနည်းနည်းတော့ ထပ်ပြီး သတိပေးချင်သေးတယ်ညီမလေးရဲ့။ ဒီဆေးတွေကလေ ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို ထိန်းချုပ်ထားပေးတယ်ဆိုပေမယ့် သူတို့ကြောင့် မှိုစွဲနိုင်တယ်။ မှိုစွဲတယ် ဆိုတာလေ ညီမလေးမြင်ဖူးမယ်ထင်တယ်။ အဲဒီတော့ သူတို့ကို သုံးတဲ့အခါမှာ မှိုသတ်ဆေးတွေကို တွဲသုံးဖို့ လိုသလား၊ မလိုဘူးလားဆိုတာကို ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေကို ကြိုပြီး မေးထားနော်။ မျက်စိမှာ သုံးလို့ရတယ်လို့ ဆေးအညွှန်းမှာ ဖော်ပြမထားရင် သူတို့ကိုမျက်စိမှာ သွားမသုံးနဲ့ပေါ့။ သူတို့ကိုသုံးလို့ ဓါတ်မတည့်တဲ့ လက္ခဏာ တွေပေါ်လာတာတို့၊ ဆေးသုံးပြီး ၅ ရက်လောက် ကြာတဲ့အထိ ဘာမှ ထူးထူးခြားခြားမသက်သာလာတာ တို့ဆိုရင် ဆက်မသုံးနဲ့တော့နော်။ ဆရာဝန်နဲ့ ပြန်ပြီး ပြကြည့်ပါကွယ်။

.

ညီမလေးရေ…နေမကောင်းလို့ ဆေးခန်းသွားပြလို့ ဆေးခန်းက တစ်စုံတစ်ရာမညွှန်ကြားဖူးဆိုရင်လည်း ညီမလေးတို့က သတိတရနဲ့ မေးပါကွယ်။ ဆေးတစ်မျိုးနဲ့ တစ်မျိုးသတိထားရတဲ့အချက်တွေက မတူဘူးလေညီမလေးရဲ့။ ဥပမာပြောရရင် ညီမလေးရယ် Azithromycin လိုဆေးမျိုးဆို အစာနဲ့တွဲသောက်ရင် အာနိသင်ကောင်းကောင်း မရတော့ဘူး။ ဒါပေမယ့် Amoxicillin လိုဆေးမျိုးကျတော့ အစာနဲ့တွဲသောက်တာ၊ မသောက်တာတွေက သိပ်ပြီးတော့ ပြဿနာမရှိဘူးလေ။ အဲဒီလိုအသေးစိတ်အချက်အလက်တွေကျတော့ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်း ကပဲ ညွှန်ကြားပေးနိုင်မှာပေါ့နော်။

.

တချို့ပိုးသတ်ဆေးတွေကျတော့ အရည်ဖျော်သုံးရမယ့်ပုံစံနဲ့လာတယ်။ သူတို့ဆီကနေ အာနိသင်အပြည့်အဝ လိုချင်ရင်တော့ ဆေးကိုမသုံးသေးခင် ပုလင်းကို သေသေချာချာလှုပ်ပေးဖို့လိုတယ်လေ။ ပိုးသတ်ဆေးတွေကို မသုံးဘဲ ချွေတာပြီးသိမ်းထားတာတို့၊ နောက်တစ်ကြိမ်ပြန်သုံးတာတို့ဆိုရင် ဆေးတွေက သက်တမ်းကုန်သွားပြီလေ။ အာနိသင် တွေ မပေးနိုင်တော့သလို ဘေးထွက်ဆိုးကျိုးကလည်း ပြင်းထန်လာမယ်။ ”အမှည့်လွန်သွားတဲ့သစ်သီး တစ်လုံးကိုစား ရင်တောင် အနည်းဆုံးတော့ ဝမ်းလျှောနိုင်သေးတယ်ဆိုတော့ သက်တမ်းကုန်ဆုံးသွားတဲ့ ပိုးသတ်ဆေးကို သောက်မိရင် ဆက်ဖြစ်လာမယ့် အန္တရာယ်တွေကို ညီမလေး ချင့်တွက်ကြည့်ပါကွယ်”။

မကြာခင်မှာ ဆောင်းဦးပေါက်တော့မယ်။ နေမကောင်းမဖြစ်အောင် ဂရုစိုက်နော် ညီမလေး။ ညီမလေးရဲ့ အနားပတ်ဝန်းကျင်က ကျောင်းသားတွေပဲဖြစ်ဖြစ်၊ သူတို့မိသားစုတွေပဲဖြစ်ဖြစ် နေမကောင်းဖြစ်ရင် အပူကျဆေးနဲ့ ပါရာစီတမောတွဲသောက်လို့ သွားပြီး မညွှန်ကြားနဲ့နော်။ သူတို့သောက်နေတယ်ဆိုရင်လည်း ကျန်းမာရေးဝန်ထမ်း တွေကညွှန်မှ သောက်ပါလို့ အကြံပေးလိုက်ပါကွယ်။ အကောင်းဆုံးကတော့ နေမကောင်းမဖြစ်အောင်နေ၊ တကိုယ်ရေ သန့်ရှင်းရေးကိုဂရုစိုက်၊ ကျန်းမာရေးနဲ့ သင့်တော်မယ့် အစားအစာတွေကိုပဲ စားပေါ့။ နောက်တစ်ခေါက်ကျရင်တော့ ပိုးသတ်ဆေးတစ်မျိုးချင်းစီရဲ့သတိထားရမယ့် အချက်တွေကို ပြောပြမယ်လေ။ အခုလောလောဆယ်တော့ ”ပိုးသတ်ဆေး ဆိုတာ အလျဉ်းသင့်သလိုသုံးလို့ရတဲ့ဆေးမဟုတ်ဘူး” ဆိုတာကို ညီမငယ်လေးတို့ အားလုံးသတိရပေးနော်။

ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ

နှင်းနုလွင် (ဆေးဝါး)

Sayana Magazine
November, 2010


Advertisements
 

One Response to “အလွယ်မသုံးသင့်သောဆေး သို့မဟုတ် ပိုးသတ်ဆေးများ”

  1. ကိုယ်သောက်မဲ့ဆေးအကြောင်းတော့ သေချာသိထားရင် အကောင်းဆုံးပါဘဲနော်
    မြန်မာပြည်မှာတော့ မသိဘဲနဲ့ သောက်ကြတာတွေများနေတယ်
    ဒီဆောင်းပါးတွေ လူတွေ များများဖတ်ကြစေချင်ပါတယ်..
    ပညာပေးဆောင်းပါးလေးတွေအတွက် ကျေးဇူးပါနှင်းရေ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s