သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ဇရာနှင့် ခြေလက်တုန်ခြင်း November 13, 2010

.

”အသက်ကြီးလို့ ညဘက်အိပ်မပျော်တော့ဘူး၊ အရိုးတွေမကောင်းတော့ဘူး၊ အမောမခံနိုင်တော့ဘူး” ဆိုတဲ့ စကားသံတွေကို ကျွန်မတို့ပတ်ဝန်းကျင်မှာ အကြိမ်ကြိမ်ကြားနေရပါတယ်။ စကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါပြောမယ်၊ ငယ်ငယ်တုန်းက အကြောင်းအရာတွေကို ပြန်အောက်မေ့ပြီး တမေ့တမော့ပြန်ပြောပြတတ်တဲ့ အဖိုးအဖွားတွေလည်း ရှိနေ ပါတယ်။ ဒါတွေကတော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့သူတွေပေါ့။ အသက်ကြီးလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကတော့ အမျိုးမျိုးပါပဲ။ အဲဒီအထဲကမှ ကျွန်မတို့သိပ်ပြီး သတိမထားမိသေးတဲ့ ပြောင်းလဲမှုတစ်ခု ကတော့ ရွေ့လျားမှုနဲ့ ပတ်သက်တဲ့အခြေအနေပါ။ လှုပ်ရှားမှုတွေလေးလံနှေးကွေးသွားတာ၊ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းဖို့ ခက်လာတာ၊ ကြွက်သားများ တောင့်တင်းတာ၊ တုန်လာတာတွေဖြစ်လာတယ်။ ဆရာဝန်တွေရဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ခေါင်းစဉ်တပ်လို့ရတဲ့ ဒီပြောင်းလဲမှုကတော့ ပါကင်ဆန်ရောဂါ Parkinson’s Disease ပါပဲ။

.

ရောဂါဖြစ်ရတဲ့အကြောင်းအရင်း

အသက်ကြီးတဲ့အခါမှာ တွေ့ရများတဲ့ ဒီရောဂါဟာ ဖြစ်ရတဲ့အကြောင်းအရင်းဟာ ဘာလဲ။ ကျွန်မတို့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ဦးနှောက်ဆဲလ်များဟာ ဦးနှောက်ရဲ့ ထိပ်ပိုင်းမှာရှိနေပါတယ်။ အဲဒီဆဲလ်တွေအလုပ်လုပ်ဖို့ကတော့ Dopamine လို့ခေါ်တဲ့ ဦးနှောက်ရဲ့ Chemicals တွေ ပေါ်မှာ မူတည်နေပါတယ်။ Dopamine ဟာ ဦးနှောက်ထဲမှာရှိတဲ့ဆဲလ်တွေကိုလှုံဆော်ပေးပြီး လူတွေကိုလှုပ်ရှားနိုင်စေ ပါတယ်။ ပါကင်ဆန်ရောဂါကို ခံစားရတဲ့အချိန်မှာ ဦးနှောက်ရဲ့ substantia nigra နေရာကနေ Dopamine ထုတ်လုပ်မှုဟာ ကျဆင်းသွားပြီး ရွေ့လျားမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ဘာကြောင့် Dopamine တွေလျော့နည်းသွားသလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။

.

ဦးနှောက်နဲ့ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ဦးနှောက်အတွင်း အကျိတ်ဖြစ်ခြင်း၊ ဒါဏ်ရာရခြင်း၊ ဗိုင်းရပ်စ်များကြောင့် Dopamine တွေလျော့နည်းသွားနိုင်သလို Dopamine ထုတ်ပေးတဲ့ ဆဲလ်တွေကို ပျက်စီးစေတဲ့တခြားသော ဓါတုပစ္စည်းများဝင်ရောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ရောဂါကိုကုသတဲ့ ဆေးဝါးများ e.g., Haloperidol၊ ပျို့အန်ခြင်းတို့အတွက်သုံးသော ဆေးဝါးများ e.g., Metoclopramide ကလည်း ဒီရောဂါကို ခံစားရတတ်တယ်လို့ ဆိုကြပါတယ်။

.

တချို့မိသားစုတွေမှာ မွေးရာပါဆက်ခံနိုင်တာကို တွေ့ရတာကြောင့် မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုထားကြပါတယ်။ ရောဂါဖြစ်တဲ့ပုံစံ၊ ခံစားရတဲ့ပုံစံတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ရောဂါခံစားရတဲ့သူ အများစုဟာ အသက် ၆ဝ ကျော်တွေများပါတယ်။ လူငယ်တစ်ချို့မှာလည်း ဒီရောဂါကိုခံစားရတတ်တာကြောင့် ဒါကိုပုံသေ သတ်မှတ်လို့ မရပါဘူး။ အသက် ၄ဝ ကျော်သွားပြီးတဲ့ လူ ၂၅ဝ မှာ တစ်ယောက်၊ အသက် ၆၅ နှစ်ပြည့်ပြီးတဲ့ လူ၁ဝဝ မှာ တစ်ယောက် လောက်ဟာ ပါကင်ဆန်ရောဂါကို ခံစားရတတ်ပါတယ်။

.

ကလေးဘဝတုန်းက ပါကင်ဆန်ရောဂါကို ကြုံတွေ့ခဲ့ရသူတွေဟာ အသက် ၅၇ နှစ်ပြည့်ပြီးရင် ဒီရောဂါ လက္ခဏာ တွေ ပြန်ပေါ်လာတတ်ပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေဟာ ပါကင်ဆန်ရောဂါကို ပိုပြီး ခံစားရလေ့ ရှိပါတယ်။ ပါကင်ဆန်ရောဂါဟာ လူကို သေစေတတ်တဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါခံစားရပြီးတဲ့ အချိန်တွေမှာဆိုရင်တော့ အဆုတ်ရောင်ရောဂါ၊ အစာနင်ခြင်း၊ အလွန်အမင်း စိတ်ဓါတ်ကျခြင်းတို့ကနေ သေစေလောက်တဲ့ အထိ ဆိုးရွားသွားတတ်တာကြောင့် သူတို့ကို အနားကပ်စောင့်ရှောက်ပေးဖို့လိုပါတယ်။

.

.

ရောဂါလက္ခဏာများ


ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ကောင်းကောင်းမထိန်းနိုင်တော့တာကြောင့် လမ်းလျှောက်တဲ့နေရာ၊ အထိုင်အထ လုပ်တဲ့အခါမျိုးမှာ လှုပ်ရှားမှုတွေ နှေးကွေးလာတတ်ပါတယ်။ လမ်းလျှောက်ရင်လည်း တရွှတ်တိုက်ပြီး လျှောက်လေ့ ရှိပါတယ်။ ကြွက်သားများတောင့်တင်းနေတာကြောင့် လှုပ်ရှားမှု ရှိရင် နာကျင်လာပါတယ်။ ရောဂါဖြစ်တဲ့သူတွေထဲက ၉ဝ ရာခိုင်နှုန်းလောက်မှာတော့ လက်မောင်း၊ လက်ချောင်း၊ ခြေထောက်၊ ပါးစပ်နဲ့မေးစေ့ တွေဟာ တုန်နေတတ်ပါတယ်။

.

အဲဒီလို ခြေလက်တုန်ခြင်းကို အနားယူနေတဲ့အချိန်တွေမှာတောင် ကြုံတွေ့ရတတ်ပါတယ်။ စကားပြောရင်လည်း မပီမသနဲ့ ဗလုံးဗထွေး ပြောတတ်ပါ တယ်။ မျက်နှာမှာရှိတဲ့ကြွက်သားတွေကလည်း လှုပ်ရှားမှု နည်းသွားတာကြောင့် မျက်နှာဖုံးစွပ်ထားသလို မျက်နှာသေကြီး ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့တဲ့အတွက် ရွှေ့လျားတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်လာပြီး ရုတ်တရက်လဲကျကာ အသက် အန္တရာယ်ကိုတောင် စိုးရိမ်ရပါ တယ်။ ပါကင်ဆန်ရောဂါရှိတဲ့သူတိုင်းဟာ အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေထဲက အချို့ကို ပူးတွဲ ကြုံတွေရ တတ်ပါတယ်။

– အစာနင်ခြင်း၊ အစာမြိုချရန်ခက်ခဲခြင်း

– ချောင်းဆိုးခြင်း၊ သွားရည်ကျခြင်း

– မှတ်ဥာဏ်စွမ်းရည်များလျော့နည်းလာခြင်း

– စိုးရိမ်ပူပန်ခြင်း၊ စိတ်ကျဝေဒနာခံစားရခြင်း

– သီးခြားနေလိုခြင်း၊ အိပ်စက်ရန်ခက်ခဲခြင်း

– မျက်နှာနဲ့ဦးခေါင်းရှိ အရေပြားခြောက်ခြင်း၊ အဖတ်ကွာကျခြင်း

– ဝမ်းချုပ်ခြင်း၊ ချွေးထွက်လွန်ခြင်း

– ဆီး၊ ဝမ်းထိန်းချုပ်မှုခက်ခဲလာခြင်း

– မေးခွန်းများကို တုံ့ပြန်မှုနှေးကွေးလာခြင်း

– စာရေးရာမှာ နှေးကွေးလာခြင်း၊ မောပန်းလွန်းခြင်း

– လက်ကို မလွှဲနိုင်ခြင်း၊ အသံတိုးလာခြင်း

– အနံ့အာရုံခံစားမှုလျော့နည်းလာခြင်း

.

ပါကင်ဆန်ရောဂါနှင့် စိတ်နေစိတ်ထား ယို့ယွင်းခြင်း (Dementia)

ပါကင်ဆန်ရောဂါဟာ ကြွက်သားတွေနဲ့ ဆက်စပ်တဲ့ ပြဿနာဆိုပေမယ့် သူကြောင့် စိတ်အခြေအနေတွေ ယို့ယွင်းလာတာကို ကြုံတွေ့ရပါတယ်။ ပါကင်ဆန်ရောဂါ ခံစားနေရတဲ့သူတွေထဲက ၂ဝ ရာခိုင်နှုန်းလောက်မှာ စိတ်နဲ့ ပတ်သက်တဲ့ (Dementia) ကို တွေ့ရတတ်ပါတယ်။ ထင်ယောင်ထင်မှားဖြစ်လာမယ်၊ အသိဥာဏ်နဲ့ ပတ်သက်တဲ့ ပြဿနာရှိလာရင် သူဟာ (Dementia) ဖြစ်ဖို့ အခွင့်အရေးတွေ ပိုလာပါပြီ။ (Dementia) စဖြစ်ဖို့ အချိန် ၁၅ နှစ်လောက် လိုတာကြောင့် ကြားကာလမှာ ဘယ်လိုသတိပေး လက္ခဏာတွေ ပေါ်လာသလဲဆိုတာကို စောင့်ကြည့် နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ စီနီယာတွေကို (Dementia) အန္တရာယ်ကနေကာကွယ်ပေးလို့ရပြီ။ အထူးသဖြင့် မှတ်ဥာဏ်နဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ်လာမယ်၊ စိုးရိမ်သောကရောက်နေပြီး စိတ်ရှုပ်ထွေးမှုတွေ ပေါ်နေတယ်ဆိုရင် ကျွန်မတို့ သတိထားသင့်ပြီ။ စဉ်းစားတာတွေက နှောင့်နှေးလာမယ်၊ သူများတွေနဲ့ လိုက်လျောညီထွေ အောင် မနေနိုင်တော့ဘူး၊ စိတ်ရှုပ်ထွေးမယ်၊ စိတ်ဆိုးလွယ်မယ်၊ ထင်ယောင်ထင်မှားတွေဖြစ်လာမယ်ဆိုရင်တော့ သက်ဆိုင် ရာဆရာဝန်တွေနဲ့ ထပ်ပြီး တွေ့ဆုံဖို့လိုနေပါပြီ။ တကယ်တော့ (Dementia) ကိုခံစားရတာ ပါကင်ဆန်ရောဂါတစ်ခုတည်း ကြောင့်တော့ မဟုတ်ပါဘူး။ လူကြီးတွေမှာ စိတ်တိုလွယ်ခြင်း၊ တစ်စုံတစ်ခုအပေါ်မှာ ယုံကြည်မှုလွန်ကဲနေခြင်း၊ ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲများကြုံလာခြင်း၊ မှတ်ဥာဏ်ချို့တဲ့မှုတွေကို ကြုံလာရင် ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး တိကျတဲ့ အဖြေကို ရှာပေးပါလိမ့်မယ်။ ဗီတာမင် ဘီ ၁၂ ချို့တဲ့မှု၊ လည်ပင်းရှိ သိုင်းရွိုက်အကျိတ်က အလုပ်လုပ်နိုင်စွမ်း နည်းလာခြင်း တို့ကြောင့် (Dementia) ဖြစ်ရတာဆိုရင်တော့ ကုသမှုက ကွဲပြားသွားနိုင်ပါတယ်။ ပါကင်ဆန်ရောဂါရှိတဲ့သူတွေမှာ နောက်ထပ်တွဲဖက်ပါလာတတ်တဲ့ ပြဿနာကတော့ စိတ်ဓါတ်ကျသည့်ဝေဒနာ Depression ပါပဲ။ သူကလည်း (Dementia) နဲ့ ဆင်တူတဲ့ လက္ခဏာတွေ ဖြစ်ပေါ်စေပြီး မှားယွင်းရောဂါရှာမိတတ်ပါတယ်။

 

ရောဂါရှာဖွေမှု

ပါကင်ဆန်ရောဂါကို ကုသဖို့အတွက် တိကျတဲ့ စမ်းသပ်မှုတွေ မရှိသေးပါဘူး။ အာရုံကြောနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေကဆင့်ြ<ွကက်သားများရဲ့လှုပ်ရှားနိုင်မှု၊ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီထိန်းနိုင်စွမ်း၊ တခြားသူများနဲ့ လိုက်လျော ညီထွေနေနိုင်မှုတို့ကို စစ်ကြည့်နိုင်ပါတယ်။ အာရုံကြောများအလုပ်ကောင်းကောင်းလုပ်နိုင်စွမ်း ရှိ၊ မရှိ၊ ကျောရိုးဆစ်များ နေရာလွဲနေခြင်း၊ တခြားရောဂါကြောင့် ခြေလက်တုန်းခြင်းတို့ကိုပါ စစ်ဆေးဖို့လိုပါတယ်။ တခြားဖြစ်နိုင်ချေတွေအတွက် ဆရာဝန်က ဦးနှောက်ဓါတ်မှန်ရိုက်ဖို့၊ ဆီး၊ ဝမ်း၊ သွေးစစ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ လက်ရှိကျန်းမာရေး၊ ဆေးဝါးကုသမှုကို တုံ့ပြန်ပုံ၊ မြင်သာတဲ့ လက္ခဏာတို့ ပေါင်းစုပြီးမှ ရောဂါအမှန်ကို နာမည်တပ်နိုင်ပါတယ်။ ရောဂါစဖြစ်ခါစမှာ ဒါဟာ ပါကင်ဆန်ရောဂါကြောင့်လား၊ တခြားအကြောင်းကြောင့်လားဆိုတာကို ခွဲခြားဖို့ခက်ခဲပါတယ်။

.

ကုသမှု

ပါကင်ဆန်ရောဂါကို လုံးဝကြီးပျောက်ကင်းသွားအောင်ကုသလို့ မရသေးပေမယ့် သူ့ကြောင့်ဖြစ်လာတဲ့ လက္ခဏာတွေကို သက်သာဖို့တော့ ကျွန်မတို့စွမ်းဆောင်နိုင်ကြပါတယ်။ ရောဂါကုသဖို့အတွက်ဆေးတွေသုံးကြတဲ့နေရာမှာ အများအားဖြင့်တော့ Dopamine တွေကို ပြန်ဖြည့်ပေးတဲ့ဆေးတွေ၊ Dopamine နဲ့ အာနိသင်ချင်းတူတဲ့ဆေးတွေကို သုံးကြပါတယ်။ ဒါပေမယ့် Dopamine ဟာ ဦးနှောက်အမြှေးပါးကို မဖြတ်သန်းနိုင်တဲ့အတွက်သူ့ကို ဆေးအနေနဲ့ တိုက်ရိုက်ကြီး သုံးလို့မရပါဘူး။ Levodopa ကတော့ ဦးနှောက်အမြှေးပါးကို ဖြတ်သန်းနိုင်ပြီး အတွင်းကိုရောက်တဲ့ အချိန်မှာ Dopamine အဖြစ်ပြန်ပြီး ပြောင်းလဲသွားနိုင်တာကြောင့် Levodopa ကိုပဲ သုံးကြပါတယ်။ သူနဲ့အတူ Carbidopa , Benserazide, Entacapone, MAOIs တို့ကိုပါ တွဲဖက်သုံးစွဲကြပါတယ်။ လူကြီးတွေကို ဆေးမတိုက်ခင်တည်းက သောက်ရမယ့်ဆေး အမျိုးအစား၊ ဆေးပမာဏ၊ သတိထားရမယ့်အချက်တွေကို ဆရာဝန်ကို သေချာမေးမြန်းထားသင့်ပါတယ်။ တချို့သူတွေဟာ ဆေးဝါးကုသမှုခံယူတာတောင် ခြေလက်တုန်တာတွေမသက်သာသွားဘူး၊ လမ်းလျှောက်တဲ့နေရာမှာလည်း တိုးတက်မှု မရှိဘူးဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နေပါတယ်။

.

ပါကင်ဆန်ရောဂါနှင့် အစားအစာ

ကျွန်မတို့အနားပတ်ဝန်းကျင်ကတစ်စုံတစ်ယောက်ဟာ ပါကင်ဆန်ရောဂါကိုခံစားနေရတယ်ဆိုပါတော့။ သူအတွက် ကျွန်မတို့ ဘာတွေလုပ်ပေးနိုင်မလဲ။ ဘယ်လိုလမ်းညွှန်မှုတွေကို ပေးမလဲ။ ဒါကိုစဉ်းစားတဲ့အခါ ပထမဆုံး ကျွန်မတို့ ဂရုစိုက်ပေးသင့်တာက သူတို့စားမယ့် အစားအသောက်ပါ။ သူတို့ဟာ အစာစားရင် နင်နိုင်တဲ့အတွက် တခြားသူတွေစားတဲ့ အသီးစိတ်တွေ၊ ဟင်းတွေကို မျိုမချနိုင်ပါဘူး။ ဒါကြောင့် အစားအစာတွေကိုပြင်ဆင်တဲ့အခါမှာ အရွယ်သေးသေးလေး တွေသာ လုပ်ပေးထားသင့်ပါတယ်။ ဒီလိုဆိုရင် အစာကြေတာလည်း မြန်သွားပါတယ်။ အစားစားပြီးပြီးချင်းမှာလည်း အိပ်ရာထဲမှာ သွားလှဲနေလို့မရဘူး။ အနည်းဆုံးတော့ မီးနစ် ၃ဝ လောက် စောင့်သင့်ပါတယ်။ ပါကင်ဆန်ရောဂါကြောင့် ဝမ်းချုပ်နိုင်သလို ရောဂါကုသတဲ့ဆေးတွေကလည်း ဝမ်းသွားရခက်ခဲစေတာကြောင့် အသီးအရွက်တွေကို ဦးစားပေးပြီး ကျွေးဖို့လိုပါတယ်။ အရည်များများလည်း တိုက်ရပါမယ်။ လိုအပ်တယ်ဆိုရင် ဆရာဝန်က ဖြည့်စွက်အားဆေးတွေ၊ ဝမ်းနှုတ်ဆေးတွေ သုံးစွဲဖို့ ညွှန်ကြားပါလိမ့်မယ်။ အစားအစာကနေရတဲ့ ပရိုတင်း တွေဟာ ရောဂါကုသဖို့သုံးတဲ့ Levodopa လိုဆေးမျိုးရဲ့ စုပ်ယူမှုကို ဟန့်တားလိုက်ပါတယ်။ ဒါကြောင့် အသားပါတာ တွေကို မစားခင် နာရီဝက်လောက်အလို၊ အသားစားပြီး ၁ နာရီ နောက်ပိုင်းမှသာ ဆေးတိုက်သင့်ပါတယ်။

.

ပါကင်ဆန်ရောဂါနှင့် ကြွက်သားလှုပ်ရှားမှုလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် အသင့်တော်ဆုံးအားကစားတစ်ခုကို ရွေးချယ်နိုင်စေဖို့ အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မျက်နှာနဲ့ မေးရိုးကို လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကိုတော့ အချိန်ရရင် ရသလို လုပ်ပေးဖို့ လိုအပ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းတွေ၊ အကွေးအဆန့် လေ့ကျင့်ခန်းတွေလုပ်ပြီး ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို ပြန်ပြီး အလုပ်လုပ်နိုင်အောင် နှိုးဆော်ပေးနေဖို့လိုအပ်ပါတယ်။

.

ကြမ်းပြင်ပေါ်မှာ လေ့ကျင့်ခန်းမလုပ်နိုင်တဲ့သူတွေဆိုရင်လည်း အိပ်ရာပေါ်မှာပဲ လေ့ကျင့်ခန်းလှုပ်နိုင်အောင် ကူညီပေးရပါ့မယ်။ သူတို့အိပ်ရာထဲမှာလှဲနေချိန်မှာ ဘေးကနေ ခြေထောက်၊ လက်တွေကို အကွေးအဆန့်လုပ်ပေး လို့ရပါတယ်။ ခြေထောက်က လွတ်လွတ်လပ်လပ်ရွေ့လျားလို့ မရသေးပေမယ့် ကိုင်စရာတန်းတစ်ခုရှိတဲ့နေရာမှာဆိုရင် လမ်းလျှောက်ဖို့တိုက်တွန်းပေးသင့်ပါတယ်။ ဘေးနားက ကူညီပေးမယ့်သူ ရှိရင် ရေထဲမှာ လေ့ကျင့်ခန်းလုပ်ပေးကြည့်ပါ။ ဒီနည်းလမ်းကတော့ သူတို့ရဲ့ အဆစ်တွေကို အတော်လေးအထောက်အကူ ပြုနိုင်ပါတယ်။

.

ပါကင်ဆန်ရောဂါနှင့် ဘေးကင်းတဲ့ပတ်ဝန်းကျင်

နောက်ထပ်စဉ်းစားရမယ့် အချက်က ပါကင်ဆန်ခံစားနေရတဲ့သူတွေကို အန္တရာယ်ကင်းအောင်ဘယ်လိုထားမလဲ။ ဆရာဝန်နဲ့ကြိုတင်တိုင်ပင် ဆွေးနွေးထားပြီး ကျွန်မတို့လုပ်ပေးနိုင်တာလေးတွေကို ပြင်ဆင်ထားလို့ရပါတယ်။ ဆိုပါတော့ သူတို့တွေအတွက် ရေချိုးခန်းထဲမှာ ဆုပ်ကိုင်စရာ တန်းတွေထားပေးမယ်။ ဒါဆိုရင် ရုတ်တရက်လဲကျတဲ့ အန္တရာယ်ကို ကာကွယ်ပေးလို့ရပြီ။ အကြာကြီးမတ်တပ်ရပ်ပြီး ရေချိုးမယ့်အစား ထိုင်ပြီးချိုးလို့ ရအောင် ထိုင်ခုံလေးတွေ လုပ်ပေးထား လို့ရတယ်။ ဒီလိုမျိုးခုံတွေ၊ တန်းတွေကို သူတို့လျှောက်မယ့်လမ်းနဲ့ လွတ်တဲ့နေရာမျိုးမှာ ထားပေးဖို့တော့ လိုပါတယ်။ သူတို့သွားမယ့်လမ်းဟာ ရှုပ်ပွနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

.

ကြမ်းပြင်ဟာ ရှင်းလင်းနေဖို့လိုပေမယ့် ချောနေတဲ့ မျက်နှာပြင်ဆိုရင်တော့ သူတို့အတွက် အန္တရာယ်ရှိပါတယ်။ သူတို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေ ကိုလည်း သူတို့ဘာသာအလွယ်တကူ ယူလို့ရတဲ့ နေရာမျိုးတွေမှာပဲ တစ်စုတစ်စည်း တည်း ထားနိုင်ရင် ပိုကောင်းပါတယ်။ ရေချိုးခန်းတွေ၊ အိမ်ရဲ့ စင်္ကြံတွေမှာ ညထွန်းမီးလုံးလေးတွေ တပ်ဆင်ထားပေးရင် ရုတ်တရက် ခလုတ်တိုက်လဲမှာ မဟုတ်တော့ပါဘူး။ သူတို့ကို လမ်းလျှောက်ဖို့ ပြင်ဆင်ပေး တဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဆင်ပေးပြီး သက်တောင့်သက်သာရှိတဲ့ရှူးဖိနပ်မျိုးကိုသာ စီးပေးသင့်ပါတယ်။ Slipper ဖိနပ်တွေ နဲ့တော့ လမ်းမလျှောက်သင့်ပါဘူး။ ကော်ဇော၊ အခင်းတွေက ပေါက်ပြဲနေရင် ချော်လဲနိုင်ပါတယ်။

.

ပါကင်ဆန်ရောဂါကို ခံစားနေရတဲ့သူတော်တော်များများမှာ စိတ်နဲ့ပတ်သက်တဲ့ရောဂါတို့ကို ကြုံတွေ့ရတတ်ပါ တယ်။ မှတ်ဥာဏ်၊ အာရုံစူးစိုက်မှုတို့နှင့်ပတ်သက်တဲ့ အခက်အခဲတွေရှိလာပြီး သူငယ်ပြန်လာပါတယ်။ လူကြီးတွေမှာ ပါကင်ဆွန်ရောဂါရှိ၊ မရှိကို အပေါ်ယံအမြင်နဲ့ ခွဲခြားလို့မရပါဘူး။ ဒါပေမယ့် ကျွန်မတို့အနား ပတ်ဝန်းကျင်က အဖိုးအဖွား တွေဆီမှာ ဒီရောဂါနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို အနည်းနဲ့အများဆိုသလို ကြုံတွေ့နေပါတယ်။ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို ကျွန်မတို့ ဝေမျှခံစားနိုင်မှာမဟုတ်ပေမယ့် သက်သာရာရအောင်တော့ ကူညီပေးနိုင်ပါတယ်။ သူတို့နဲ့သင့် တော်တဲ့ နေထိုင်၊ စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲပေးခြင်း၊ တကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပေးခြင်း၊ အထီးကျန်မှု တို့ကို ဖေးမကူညီခြင်း တို့ဟာ ဇရာကြောင့် ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးနိုင်တဲ့ နည်းလမ်းကောင်း တွေပါပဲ။

နွေလဲ့နှင်း

Health For All (Appeton Nutrition)

November, 2010.

(ခြောက်ဆယ်အသက် ကျော်ကာတက်)


Advertisements
 

5 Responses to “ဇရာနှင့် ခြေလက်တုန်ခြင်း”

  1. ၆၀မကျော်သေးပေမဲ့ ဗဟုသုတအတွက် ဖတ်သွားပါတယ်နှင်းရေ…
    ဒီလိုရောဂါက အဖြစ်များသလိုဘဲနော်
    အိမ်မှာလည်း လူကြီးတွေရှိတော့ သိထားရမယ်
    ကျေးဇူးညီမလေးရေ

  2. အောင်ပိုင် Says:

    အာရုံကြော ကြွက်သားဆိုတာ လူ့ခန္ဓာကိုယ်ကို ပါကင်ထုတ်ထားတာပဲ ဒီကောင်တွေ အားနည်း
    လာရင် လေဓာတ်ကို မထိန်းထားနိုင်ဘူးလေ ဒါဆို ကတုန်ကင်ဖြစ်တော့တာပေါ့း) လေပွတာတို့
    လေနာတာတို့ကလည်း ဗိုက်ထဲမှာလေပွတာတို့ကလည်း အာရုံကျောနည်းဆိုင်တယ် အာရုံကျော
    ပြသနာတွေကသေချာလေ့လာရင်စိတ်ဝင်စားဖို့ကောင်းပါတယ် အနောက်တိုင်းဆိုရင် ပါကင်ဆန်
    ရောဂါလို့ပြောမှာပေါ့လေး)

  3. အောင်ပိုင် Says:

    ဘယ်ရောဂါမဆို ရောဂါဇစ်မြစ်ကိုမှန်းရခက်တယ်…လက်တိုဘက်စီလက်တို့ ဘက်တီးရီးယားဖရိုရာတွေနည်းရင်လည်း ဗီတာမင် B ထုတ်လုပ်မှုအားနည်းလာတတ်တယ်
    ဒါဆိုရင် အာရုံကြောရောဂါရပီပေါ့ အာရုံကျော်ဆိုတာ မရောက်တဲ့နေရာမရှိပါဘူး ကြွက်သားတစ်ရှုး
    တွေထက်ပိုနုတာပေါ့ ဒီကောင်တွေအားနည်းရင် ခန္ဓာကိုယ်ရဲ့ အစွန်အဖျားတွေဖြစ်တဲ့ လက်ဖျား
    ခြေဖျားတွေကို အဟာရမရောက်တော့ဖူး ဒါဆိုရင် မကောင်းဖူးပေါ့ ကုမယ်ဆိုရင် ပိတ်နေတဲ့
    အာရုံကျောတွေ သွေးကျောတွေ ကိုအရင်ဖွင့် ပြီးမှာ ပွင့်သွားတဲ့ အာရုံကျောတွေကိုအားကောင်း
    အောင်သန်မာအောင်လုပ်ရမယ် မဟုတ်ရင် ဆေးသောက်လည်းမထူးဖူး အာရုံကျောရောဂါနဲ့
    ကျောက်ကပ်ရောဂါအစကို နားအကြားအာရုံကနေစကြည့် အသည်းကို မျက်လုံးကနေ
    နှလုံးရောဂါကိုတော့ သူ့စိတ်လှုပ်ရှားမှု စိတ်နေစိတ်ထားကိုကြည့်ရတယ် စိတ်မာရင် နှလုံးအား
    ကောင်းတယ် စိတ်မာတယ်ဆိုပေမယ့် စိတ်တည်ငြိမ်ရမယ် ဟုန်းကနဲ့ ထတောင်သလိုမျိုးမာရင်
    လည်းမကောင်းဘူး စိတ်နုရင် စိတ်လှုပ်ရှားလွယ်ရင်တော့ နှလုံးရောဂါရှိတာဖြစ်ဖို့များတယ်း)

  4. အောင်ပိုင် Says:

    တစ်ချို့တွေက ဒေါသကြီးလို့တွေးတိုးတယ် ဟုန်းကနဲ့မီးထတောက်သလိုမျိုး စိတ်ဆိုးတတ်တွေ
    ကြောင့် သွေးတိုးတယ်ထင်နေတာ စိတ်အထိခိုက်မခံနိုင်တာကြောင့် စိတ်ကြောင့်နှလုံးရောဂါဖြစ်တာမဟုတ် သွေးတိုးကြောင့်ဒေါသကြီးတာပါ နှလုံးရောဂါကြောင့်
    စိတ်အထိခိုင်မခံနိုင်တာပါ နှလုံးကြောင့်စိတ်နဲ့ပတ်သတ်တာတွေဖြစ်တာပါး))))))))))))))))x-
    နောက်မှပြောကျမယ် နှလုံးကြောင့်ခံစားတာလား ဦးနှောက်ကြောင့်ခံစားတာလား ဦးနှာက်နဲ့
    နှလုံးနဲ့ ဘယ်ဟာပိုအရေးကြီးသလည်းငြင်းရအောင် သူငယ်ချင်းလေး ခိခိခိး)))))x-

  5. အောင်ပိုင် Says:

    အမိုင်နိုအက်ဆစ် supplement တွေသောက်ရင်လည်း အကြောတွေအရိုးတွေအဆစ်တွေ
    အာရုံကြောတွေတစ်ရှုးတွေ တွယ်ဆက်မှုအားကောင်းလာမယ်ထင်တယ် အမိုင်နိုအက်ဆစ်နဲ့
    လည်းရောဂါတွေကုလို့ရမယ်ထင်တယ်နော် နှင်းယေး ဆရာလုပ်တာမဟုတ်ပါဘူး လာဆွေးနွေး
    ပေးတွားတာပါး)))))))))))))))))))x-


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s