သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ခန္ဓာ စက်ရုံ November 20, 2010

Filed under: ကျန်းမာ သုတ — thetsonehnin @ 6:42 AM
Tags:

ကျွန်မသာ နေမကောင်းမဖြစ်ခဲ့ဘူးဆိုရင် ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ စက်ရုံအကြီးစားတစ်ခုရှိနေတဲ့အဖြစ်ကို သတိထားမိဦးမှာ မဟုတ်ဘူး။ ဒီထက်ပိုပြီး တိတိကျကျပြောရရင်တော့ ကျွန်မသာဆေးတွေ မသောက်ခဲ့ဘူးဆိုရင် ကျွန်မခန္ဓာကိုယ်ကို ကျွန်မပြန်ပြီး လေ့လာခွင့်ရခဲ့မှာ မဟုတ်ပါဘူး။ အခုတော့ ပိတ်ကားထက်မှာတင်တဲ့ ရုပ်ရှင်ဇာတ် ကားလို မိမိကိုယ်မိမိပြန်မြင်ခွင့်ရခဲ့ပြီ။ ကျွန်မတို့သတိမထားမိဘဲ လည်ပတ်နေတဲ့ အဲဒီစက်ရုံ အကြောင်းကိုပြောမယ် ဆိုရင် ကျွန်မ ဆေးစသောက်ရတဲ့ အကြောင်းက စရပါလိမ့်မယ်။

.

ကျွန်မ အချိုအရမ်းကြိုက်ပါတယ်။ ငယ်ငယ်တည်းက အချို၊ သကြားလုံးကို လက်တစ်ကမ်းအကွာမှာ ထားပြီး ပဲလှော်ဝါးသလို ဝါးစားလေ့ရှိပါတယ်။ အချိုစားလို့ လူကြီးတွေက ပလုတ်ကျင်းခိုင်းရင်လည်း ရေကို ခဏလေးငုံပြီး ထွေးထုတ်ပစ်ပါတယ်။ ဒီအတွက် ကျွန်မဟာ သွားပိုးပေါက်တွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ခုနှစ်တန်းတက် ကတည်းက သွားခဏခဏကိုက်ပါတယ်။ အသားတွေစားရင် အရမ်းသတိထားရပါတယ်။ ဆယ်တန်းတက်တဲ့နှစ်မှာတော့ အဲဒီပိုးစား နေတဲ့သွားကို နှုတ်ပစ်လိုက်ရပါတယ်။ အဲဒီနောက်ပိုင်း သွားကိုဂရုစိုက်ခဲ့တော့ သွားနာတဲ့ ဝေဒနာနဲ့ အတော်လေးကို ကင်းကွာခဲ့ပါတယ်။ သွားနည်းနည်းနာရင် လေးညှင်းဆီအစက်ချပေးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

.

ရှေ့အပတ် စနေနေ့ကတော့ သင်တန်းကနေစာသင်ပြီးပြန်အလာ လမ်းမှာ ကျွန်မသွားနည်းနည်းနာလာ ပါတယ်။ အရင် ပိုးပေါက်ရှိတဲ့နေရာ အဟောင်းကနေ နာတာလားဆိုတော့ အဲနေရာကလည်း မဟုတ်ဘူး။ ဒီဘက်သွား ကလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ရှာရင်း၊ ရှာရင်းနဲ့ နာနေတဲ့နေရာကို တွေ့ပါပြီ။ နောက်ဆုံး အံသွား။ အခုမှ အံ့ဆုံးပေါက်တာကိုး။ သွားကလည်း အပြင်ကို ထွက်ချင်၊ သွားဖုံးကိုလည်း ခွဲမထွက်နိုင်တော့ တကယ့်ကို အခံရခက်တာပါပဲ။ မျက်ရည်ပေါက်ကြီးငယ်ကျတဲ့အထိကို နာတာပါပဲ။ နောက်ဆုံးဘယ်လိုမှမနေနိုင်တော့လို့ ညဘက်ကြီး သွားဆေးခန်းကိုပြေး၊ ဆရာဝန်ပေးလိုက်တဲ့ဆေးတွေသောက်ပြီးမှေးနေတုန်း…

.

ကျွန်မရဲ့ အမြင်အာရုံဟာ မှောင်အတိကျသွားပါတယ်။ မီးပျက်လို့မှောင်သွားတာနဲ့လည်း မတူဘူး။ သက်သက်မဲ့လုပ်ပြီး အမှောင်ချ လိုက်တာနဲ့တူနေပါတယ်။ ဘာဖြစ်သွားတာပါလိမ့်လို့စဉ်းစားနေတဲ့ ကျွန်မမြင်ကွင်းထဲကို အမှုန်လေး ၃၊ ၄ခု ဝင်လာပါတယ်။ အဲဒီအစက်အပြောက်လေးတွေဟာ မြင်သာတဲ့အရွယ်အထိတဖြည်းဖြည်း ကြီးလာ တယ်ဆိုရင်ပဲ ဆေးလုံးလေးတွေရဲ့ ပုံသဏ္ဍန်က ပေါ်လာတယ်။ တစ်ခုက ရှည်ရှည်လေး။ အဲဒါကျွန်မသောက်လိုက်တဲ့ Amoxil၊ နောက်အရောင်စပ်ထားတာလေးက Analgesic ၊ အဖြူရောင်လေးက Cevit?၊ အနီရောင်လေးက Multivita၊ ကျွန်မစောစောတုန်းက သောက်လိုက်တဲ့ဆေးတွေချည်းပဲ။ ဒါဆို ကျွန်မအခုမြင်နေရတာ ကျွန်မရဲ့ လည်ချောင်းပေါ့။

.

အဲဒီဆေးတွေဟာ သောက်ပြီးပြီးချင်း အစာအိမ်ထဲကို လျှောခနဲ ဝင်သွားမယ်လို့ ကျွန်မက ထင်နေတာ။ ခုတော့ သူတို့က လည်ချောင်းလွန်ရုံကလေးပဲ ရှိသေးတယ်။ ဘာဖြစ်လို့ အစာအိမ်ထဲကို တန်းပြီး ဝင်မသွားတာလဲ ဆိုတာကို ဒုတိယအကြိမ်စဉ်းစားနေမိတယ်။ ဒီအချိန်မှာ ဆေးလုံးလေးရောက်နေတဲ့နေရာက ကြွက်သားက နည်းနည်းလေး ကျုံလိုက်တယ်။ တပြိုင်နက်တည်း သူ့ရှေ့ကကြွက်သားတွေက နည်းနည်းလေးကျယ်ပေးလိုက်တော့ ဆေးလုံးလေးတွေက ရှေ့ကိုရွှေ့သွားတယ်။ကြွက်သားတွေဟာ နည်းနည်းလေးကျုံလိုက်၊ ဆေးလုံးလေးက အရှေ့ ရောက်သွားလိုက်၊ ကြွက်သားလေးက ပြန်လျော့သွားလိုက်နဲ့။ တဖြည်းဖြည်းချင်းသွားလာလိုက်တာ အခုဆို ဆေးလုံးလေးတွေဟာ အစာအိမ်အဝကိုတောင် ရောက်လာပါပြီ။

.

အစာအိမ်ထဲကိုရောက်ရင် အက်ဆစ် (Hydrochloric Acid) ထဲမှာ ဆေးလုံးလေးတွေဟာ ပုံပြောင်းသွား တော့မယ်။ ဆပ်ပြာမှုန့်ကိုရေထဲမှာ ထည့်ဖျော်လိုက်သလို ဆေးလုံးလေးတွေ ပျော်သွားမယ်လို့ထင်နေတဲ့အထင်ဟာ တက်တက်စင်အောင်ကိုလွဲတာပါပဲရှင်။ ဘာလို့လဲဆိုတော့ အစာအိမ်ထဲက အစာချေရည်တွေထဲမှာ ဆေးလုံးလေး တွေဟာ ချက်ခြင်းပျော်မသွားပါဘူး။ သူတို့ဟာ အစာအိမ်တည်ရှိနေတဲ့ အနေအထားအတိုင်း အရှေ့နဲ့ အနောက်ကို လွန်းပျံထိုးနေပါတယ်။

.

အဲသလိုသွားချည်၊ ပြန်ချည်လုပ်ရင်းနဲ့ ဆေးလုံးလေးတစ်ချို့ရဲ့ အပြင်ဘက်မှာ ကာထားတဲ့ (Coating) အလွှာ လေးဟာ တဖြည်းဖြည်းနဲ့ ပါးလာပါတယ်။ အစာချေရည်နဲ့ရောနှောကျေညက်သွားပြီးတော့မှ ပျစ်ချွဲချွဲအရည်တွေအဖြစ် အစာအိမ်ရဲ့ ထွက်ပေါက် Pyloric Valve ကနေ အူသိမ်ဦးပိုင်းကို ရောက်သွားတယ်လေ။ တချို့အယ်ကာလီနဲ့တွေ့မှ ပျော်စေချင်တဲ့ Enteric Coated လုပ်ထားတဲ့ဆေးတချို့ကတော့ ဒီနေရာကိုရောက်မှပဲ ပုံစံပြောင်းသွားတော့တာပဲ။ အဲဒီလို လွတ်လွတ်ကင်းကင်းဖြစ်သွားတဲ့ဆေးလုံးလေးတွေဟာ အူနံရံသွေးကြောကနေကဆင့် Portal Vein ကနေ အသည်းဆီကို ရောက်သွားပါတယ်။

.

အသည်းမှာ သူတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကျွန်မသိပ်သိချင်တာပဲ။ လူတွေ အသည်း၊ အသည်းနဲ့ တင်စားခေါ်ဝေါ်နေကြတဲ့ အသည်းဆိုတဲ့ အစိတ်အပိုင်းကြီးကို ကျွန်မအခုတွေ့နေရပါပြီ။ ကျွန်မမျှော်လင့်ထားသလို အသည်းဟာ လှတ၊ ပတ အင်္ဂါလေးမဟုတ်ပေမယ့် သူ့အလုပ်ကိုတော့ သူကျွမ်းကျွမ်းကျင်ကျင်လုပ်နေတာပဲ။ တကယ်တော့ အသည်းဟာ ပင်မစက်ရုံကြီး (Main Plant) ပါပဲ။ အသည်းအလုပ်လုပ်တာကိုကြည့်နေရတာဟာ ဆန်စပါးတွေ ကြိတ်ခွဲတာကို လေ့လာနေရတာနဲ့ တထေရာတည်းပါပဲ။

.

စပါးကို ဆန်ကြိတ်လိုက်ရင် ထမင်းအနေနဲ့စားသုံးမယ့် ဆန်တွေထွက်လာသလို၊ အပိုပစ္စည်းတွေဖြစ်တဲ့ဆန်ကွဲ၊ ဖွဲနုတွေ၊ ဖွဲကြမ်းတွေထွက်လာပါတယ်။ အဲဒီလိုပဲ စောစောက သွေးစီးကြောင်းကနေ ပါလာတဲ့ ဆေးတွေဟာ အသည်းမှာ ဓါတ်ကူပစ္စည်းတွေရဲ့ အကူအညီနဲ့ ကြိတ်ခွဲ၊ ချေဖျက်လိုက်ပါတယ်။ အဲဒီတော့မှ ဆေးတွေဟာ တကယ့် အလုပ်လုပ်မယ့်ဆေး Active Metabolite တွေ၊ စွန့်ထုတ်ပစ်မယ့် ပစ္စည်းတွေအဖြစ် အလျှိုလျှိုပေါ်ထွက်လာပါတယ်။ ပြီးတော့မှ အလုပ်လုပ်မယ့် Active Metabolite တွေဟာ သွေးစီးကြောင်းရဲ့ အကူအညီနဲ့ပဲ သူတို့ အလုပ်လုပ်မယ့်နေရာကို ထွက်သွားပါတယ်။

.

အဲသလို ဆေးတွေသွေးထဲမှာ လိုက်ပါလည်ပတ်သွားတာဟာ ကလေးတွေ မုန့်စားကျောင်းလွှတ်ချိန် အပြင်ကို ထွက်လာတာနဲ့တူပါတယ်။ တစ်ဦးတည်းထွက်လာတဲ့ကလေးတွေရှိသလို တစ်ချို့ကလေးတွေကတော့ တစ်ယောက်ပုခုံး တစ်ယောက်ဖက်ပြီး တစ်ယောက်ထွက်လာကြတာပေါ့။ တချို့ဆေးတွေဟာ တစ်မျိုးတည်းအလွတ် Free Form ပုံစံနဲ့စီးမျောသွားကြသလို၊ တချို့ကတော့ Protein နဲ့ပေါင်းပြီး Bounding ပုံစံနဲ့သွားကြပါတယ်။

.

သူတို့အလုပ်လုပ်ရမယ့်နေရာကိုရောက်တော့မှ ကျွန်မကိုနာကျင်အောင်လုပ်ပေးတဲ့ Chemicals တွေကို ဖျက်ဆီးပစ်တော့တာပါပဲ။ ကြည့်နေရင်းနဲ့ Chemicals တွေဟာ နည်းသထက်နည်းလာပါတယ်။ ရောင်နေတဲ့ နေရာလေးတွေကလည်း အရောင်ကျလာပါတယ်။ သူတို့အလုပ်လုပ်တဲ့နေရာမှာ အလွတ်သမားဆေးလေးဟာ မြန်မြန်အလုပ်လုပ်ပြီး မြန်မြန်အာနိသင် ကုန်သွားတာကို တွေ့ပါတယ်။ Protein နဲ့တွဲနေတဲ့ဆေးမှုန်လေးကတော့ ခပ်ဖြေးဖြေးလေးပဲ အလုပ်လုပ်ပြီး မှန်မှန်ပဲပြန်ထွက်သွားပါတယ်။ ဆေးလုံးလေးတွေအလုပ်လုပ်တာကိုမြင်နေရတာ ကုန်ထုတ်လုပ်တဲ့ စက်ရုံကြီးတစ်ခုထဲကို လေ့လာရေးရောက်နေရသလိုပါပဲ။ အဖြစ်အပျက်တွေဟာ စီကာစဉ်ကာ ဖြစ်ပျက်သွားတာဟာ တကယ့်ကို စက်ရုံအတိုင်းပါပဲ။

.

အလုပ်လုပ်ပြီးရင် တာဝန်ကျေပြီးလို့ထင်ရတဲ့ဆေးတွေဟာ တကယ်တော့ လက်စမသတ်သေးပါဘူး။ သူတို့တွေ ခန္ဓာကိုယ်ထဲကနေ အပြင်ကို ပြန်ထွက်ရဦးမှာကိုး။ အဲဒီလိုပြန်ထွက်ဖို့အတွက် တချို့ကတော့ ကျောက်ကပ်ကို သွေးစီးကြောင်းကနေတဆင့် ပြန်မျောရတယ်။ အသည်းမှာ ခွဲထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတချို့ကတော့ သည်းချေရည်၊ အဲဒီကနေ အူလမ်းကြောင်းထဲရောက်ပြီး မစင်ထဲကနေ ပြန်ထွက်သွားဖို့ တာစူနေတာကို တွေ့နေရပါတယ်။

.

ဆေးတွေသွေးစီးကြောင်းထဲမှာ မျောပြီးပါလာတာဟာ မြစ်ပြင်မှာ ဗေဒါတွေမျောနေသလိုပါပဲ။ တချို့ကတော့ ဟိုဘက်သွေးကြောနံရံလေးမှာ ကပ်ကျန်လိုက်၊ ဒီဘက် နံရံမှာကပ်လိုက်နဲ့။ တော်တော်များများကတော့ ကျောက်ကပ် ဆီကို ရောက်လာပါတယ်။ ကျွန်မတို့အပြင်ကနေ ယပ်တောင်နဲ့တူတယ်၊ ပဲကြီးစေ့နဲ့တူတယ်လို့ ပြောနေကြတဲ့ ကျောက်ကပ်ရဲ့ အတွင်းသဏ္ဍန်ဟာ ဓါတ်အားခွဲစက်ရုံနဲ့တူတယ်လို့ ပြောရင်ပိုမှန်မလားမသိဘူး။

.

အထဲမှာ ပြွန်ငယ်ပေါင်းများစွာနဲ့တည်ဆောက်ထားတဲ့ကျောက်ကပ်ဟာ ပိုက်လိုင်းတွေအများကြီး သွယ်ထား တာနဲ့ကို ပိုပြီးတူနေပါတယ်။ အဲဒီက တချို့ပြွန်တွေမှာ အနည်ဖတ်တွေပိတ်နေတာကိုတွေ့ပါတယ်။ အင်း… ကျွန်မ ရေသောက်တာနည်းလို့ ဆီးသွားတာနည်းပြီး အနည်တွေကပ်ကျန်နေတာပဲ ဖြစ်ရမယ်။ ဒီတစ်ခါ နေကောင်းသွားရင် ရေများများသောက်မယ်၊ အရည်ရွှမ်းတဲ့အသီးတွေ များများစားမှဖြစ်မယ်။ နိုမို့ဆို ကျွန်မရဲ့ပိုက်လိုင်းလေးတွေမှာ ကျောက်တွေဘာတွေတည်သွားရင် ဒုက္ခနော်။

.

ဟော.. ပြွန်ထဲကိုရောက်လာတဲ့ သွေးတွေထဲကနေ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေမယ့် ပစ္စည်းတွေကို ပြွန်လေးတွေက ဖယ်ထုတ်သင့်တာဖယ်ထုတ်၊ ခန္ဓာကိုယ်အတွက် လိုအပ်တာတချို့ကို စုပ်ယူတန်တာ စုပ်ယူတာပေါ့။ စောစောတုန်းက စွန့်ထုတ်မယ့်ဆေးတွေပါတဲ့ သွေးစီးကြောင်းထဲမှာ Glucose, Hormone, Aminoacid တို့လို ပြန်ပြီးပျော်ဝင်နိုင်တဲ့ ပစ္စည်းတွေပါတော့ သူတို့ကိုသွေးထဲမှာ ပြန်ပြီးပျော်ဝင်စေတဲ့ အလုပ်ကိုလုပ်ပေးတာလည်း တွေ့ပါတယ်။ အဲဒီလို အဆင့်ဆင့် ဖြတ်သန်းအနယ်စစ်ပြီးတော့မှ ကျွန်မတို့အတွက် အကျိုးမရှိတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ဆီးအိမ်ထဲကို ရောက်သွားတော့တယ်။

.

ဆီးအိမ်ထဲကိုရောက်လာရင်လည်း သူတို့ဟာ ရွှတ်ခနဲ ဆိုပြီး အပြင်ကို ထွက်သွားလို့မရပြန်ဘူး။ ဆီးအိမ်ထဲက ကြွက်သားတွေလိမ်ညှစ်ပြီး တွန်းထုတ်မှသာ ထွက်ရတာ။ အဲလိုထွက်ဖို့ကလည်း ဦးနှောက်ရဲ့ အောက်ခြေက Pituitary Gland ကထွက်တဲ့ Antidiuretic Hormone ဟော်မုန်းကလည်း ထိန်းချုပ်ထားသေးသတဲ့။ အားလုံးအကျိုး အကြောင်းညီညွှတ်ပြီလည်းဆိုရော.. ..

.

အား...ဆီးသွားချင်စိတ်နဲ့အတူ ကျွန်မအိပ်ရာကနေ လန့်နိုးလာတယ်။ နာရီကိုကြည့်လိုက်တော့ နံနက် ၅ နာရီ။ ညတုန်းက ကျွန်မဆေးသောက်ပြီးတည်းက အိပ်ပျော်သွားတာကိုး။ နာနေတဲ့သွားကလည်း အတော်ကို သက်သာ သွားပြီ။ ခုန ကျွန်မကိုယ်ကျွန်မပြန်မြင်ခဲ့တာ အိပ်မက်ပေါ့။ ဒါပေမယ့် ကျွန်မရဲ့အတွင်းအင်္ဂါတွေ အလုပ်လုပ်နေတာဟာ တကယ့်အဖြစ်အပျက်ပါ။ ကျွန်မ မျက်စိအောက်မှာ တင်ဖြစ်ပျက်နေတာ။ ညတုန်းက သွားနာလို့ တရားမထိုင်ဖြစ်ခဲ့ပေမယ့် ကျွန်မ ခန္ဓာကိုယ်ကို ကျွန်မပြန်မြင်နိုင်ခဲ့ပြီ။ ဒီတစ်ခါ သွားနာတာကိုတော့ ကျေးဇူးတင်မိတယ်။ သူ့ကြောင့်သာ မဟုတ်ရင် ဖြစ်ပျက်ပြောင်းလဲနေတဲ့ ကျွန်မရဲ့ အတွင်းစက်ရုံကြီးကို အတော်ကြာကြာ လျစ်လျူရှုမိဦးမယ် ထင်တာပဲ။ ခန္ဓာစက်ရုံကို ညွှန်ပြခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..သွားလေးရယ်။

.

.

နှင်းနုလွင် (ဆေးဝါး)

Family Magazine

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s