“နှစ်ဟောင်းသို့နှုတ်ဆက်ခြင်း” December 31, 2010
“ကျုပ်လူကောင်း မဟုတ်ပါဘူးဗျာ” December 30, 2010
ဘယ်လိုမကောင်းတာမှန်းတော့ မသိဘူး။
သေချာတာက ကျုပ်ဟာ
ကောင်းကို မကောင်းဘူး။
ချိုချဉ်ဖန်ခါး မြည်းစမ်းကြည့်လို့မရပေမယ့်
ကျုပ်ဟာ အရသာမြောက်တဲ့ ဟင်းတစ်ခွက်ကို မဖြစ်သေးဘူး။
အမေ့ရဲ့ ဖွင့်ဆိုမှုအရတော့
ကျုပ်ဟာ တစ်အိမ်လုံးရဲ့ ခေါင်းလောင်းဖြစ်တယ်။
ဆိုတော့
ကျုပ်ရှိမှ အသံမြည်မယ်ပေါ့။
ဒါဟာလည်း တကယ်တော့ မကောင်းဘူး မဟုတ်လား။
လူကောင်းလေးပါလို့ထင်တိုင်း
မကောင်းပါဘူးဆိုတဲ့အကြောင်းကို
တရေးတယူထုတ်ပြချင်တာ
ဒီမှာ ကြည့်ဗျာ
ကျုပ်ဟာ သိပ်ပြီး အတ္တကြီးတယ်။
(ခင်ဗျားအစွယ်တွေနဲ့ လူတွေ သေပြီးပြီးလားတဲ့)
ဒါတော့ မဟုတ်သေးဘူးဗျ ဆိုတော့
ဒါဆို မင်းဟာ လူကောင်းလေးပါတဲ့။
မဟုတ်သေးဘူးဗျာ။
ကျုပ်က မောက်မယ်တယ်ဗျာ။
(ခင်ဗျား ဘယ်နှယောက်ကို သိမ်းပိုက်ပြီးပြီလဲတဲ့)
အဲဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါဆို မင်းက လူကောင်းလေးပါတဲ့။
လွဲနေပြီထင်တယ်ဗျာ။
ကျုပ်ဟာ တစ်ကိုယ်ကောင်းဆန်တယ်။
(ဘယ်နှဧကလောက် ယက် သွင်းပြီးပြီလဲတဲ့)
အဲဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါဆို မင်းက လူကောင်းလေးပါတဲ့။
ကျုပ်က သွေးစွန်းလွယ်တယ်ဗျာ။
(ဘယ်သူ့အမြီးကို မင်းဖျက်ဆိးပြီးပြီလဲတဲ့)
ဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါလည်း မင်းဟာ လူကောင်းဖြစ်သေးတာပဲတဲ့။
ကဲ
ဟုတ်တယ်ဗျာ
ကျုပ်က လူကောင်းဗျာ
ကျုပ်ကောင်းတာ အများကြီးလုပ်ခဲ့တယ်။
နေရာတိုင်းမှာ ကျုပ်ထင်ဟပ်ခဲ့တဲ့ အရိပ်တွေ ရှိတယ်ဗျာ။
ကဲ ဖွင့်လှစ်တယ်ဗျာ
ကျုပ်ဟာ လူကောင်းပဲ။
ဒီလိုဆိုတော့လည်း
ကျုပ်ဟာ လူကောင်းမဟုတ်တော့ပြန်ဘူးတဲ့။
ပြောပါတယ်ဗျာ
ကျုပ်ဟာ ဘယ်ခါမှ လူကောင်းမဟုတ်ပါဘူး။
ကျုပ်ဟာ ဘာတစ်ခုမှ မကောင်းသေးပါဘူး။
ကျုပ်သိသလောက်တော့
ကျုပ်ဟာ ဘယ်နေရာမှာမှ မကောင်းသေးပါဘူး။။
—
—
—
နှင်းနုလွင်
30၊ 12၊ 2010
ဝမ်းနှုတ်ဆေးများ December 28, 2010
ဆေးဝါးများ၏ ဒိုင်ယာရီ
(၆)
ဝမ်းနှုတ်ဆေးများ
.
~
လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော အဖော်မွန်များထဲတွင် ကျွန်တော်သည်လည်း အပါအဝင်ဖြစ်သည်။ လူတစ်ယောက် သက်တောင့်သက်သာနှင့် ပုံမှန်အတိုင်းနေနိုင်စေရန် ကျွန်တော့်က စွမ်းဆောင်နိုင်သကဲ့သို့ ဝမ်းဗိုက်နှင့် ပတ်သက်ပြီး ရောဂါရှာဖွေရာတွင် တိကျသော အဖြေတို့ကို ရရှိနိုင်ရန်လည်း ကူညီပေးနိုင်ပါသည်။ ကျွန်တော်ကို အဖိုးအဖွားများက အသိအမှတ်ပြုသကဲ့သို့ လူရွယ်လူငယ်များကလည်း မိတ်ဆွေဖွဲ့လိုကြပါသည်။ ကျွန်တော့်ကို တန်ဖိုး ထားပြီး နေရာပေးသူတို့ရှိသကဲ့သို့ အလွဲသုံးစားလုပ်နေသူတွေလည်း အတော်ကိုများလှပါသည်။ ကျွန်တော့်နှင့်ပတ်သက်ပြီး လူအများ၏ သဘောထားအတိအကျကို မသိရသော်လည်း ကျွန်တော်အကြောင်းကိုတော့ တိတိကျကျသိထားသင့်သည်ဟု ဝမ်းနှုတ်ဆေးတစ်မျိုးဖြစ်သော ကျွန်တော် Lactulose က ခံယူထားသည်။
~
ကျွန်တော်သည် ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေးဖြစ်သည်ဟု ဆိုလျှင် အားလုံး၏မျက်ဝန်းများ အရောင်တောက်ပ လာသည်ဟု ကျွန်တော် ထင်မိသည်။ ”ဝမ်းတစ်လုံးကောင်း၍ ခေါင်းမခဲနိုင်” ဆိုသော စကားအတိုင်း ဝမ်းမှန်မှန်သွားခြင်းကို တန်ဖိုးထားကြသူများအတွက် ကျွန်တော်ကျေနပ်ပီတိဖြစ်မိပါသည်။ လူတစ်ယောက်ခံစားနေရသော ဝမ်းချုပ်ခြင်းအတွက် ကူညီဖြေရှင်းပေးမည့် ကျွန်တော့်၏ရောင်းရင်းများ သည် မတူညီသော အုပ်စုအသီးသီးမှ ဆင်းသက်လာကြသူများ ဖြစ်ကြပြီး အလုပ်လုပ်သောပုံစံချင်းလည်း ကွာခြားကြပါသည်။ ဆေးသုံးစွဲမည့် သူများအနေဖြင့် ထိုကွဲပြားမှုတွေအကြောင်းကို သိထားလျှင် မိမိနှင့် အသင့်တော်ဆုံးအမျိုးအစားတစ်ခုကို ရွေးချယ်နိုင်မည်ဖြစ်သောကြောင့် ကျွန်တော်တို့အကြောင်းကို လေ့လာမှတ်သား ကြည့်စေချင်သည်။
~
ကျွန်တော်တို့ထဲတွင် အသုံးတွင်ကျယ်နေသော ဆေးမှာ ဝမ်းများများသွားစေသော အုပ်စုထဲမ Isphagula ဖြစ်သည်။ ကျွန်တော့်တို့အထဲတွင် အတော်လေးကို ထူးခြားသောဆေးတစ်မျိုးဖြစ်သည်ဟုလည်း သတ်မှတ်နိုင်ပါသည်။ သူ့ကိုယ်သူ ဆေးဘက်ဝင်သော အပင်မှရသောဆေး Isphagula က အမြဲလိုလိုဂုဏ်ယူဝင့်ကြွားနေတတ်သည်။ အမှန် တကယ်လည်း သူသည်နာမည်ကြီးလောက်ပါသည်။ သူသည် အပင်အနှံကရသောကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အမျှင်ဓါတ်များကို တိုးစေပါသည်။ ဝမ်းချုပ်နေသူ၊ ဝမ်းသွားရန်အားစိုက်ထုတ်ရသူ၊ အူလမ်းကြောင်း ရွှေ့လျားမှုနှင့် ပတ်သက်သော ပြဿနာတို့အတွက် Isphagula သည် အတော်ကို အရေးပါအရာရောက်လှသည်။ လိပ်ခေါင်းရှိသူ၊ စအိုကွဲနာရှိသူ၊ ကြာရှည်ဝမ်းချုပ်နေသူများအတွက်လည်း ရလဒ်ကောင်းကို ဖြစ်စေပါသည်။ ထိုသို့ အကူအညီပေးနိုင်ခြင်း အတွက် Isphagula သည် အမြဲပျော်ရွှင် နေတတ်သည်။
.
.
သို့သော် လူတစ်ယောက် သူ့ကိုသုံးစွဲတော့မည်ဆိုလျှင် ရေနှင့်ဖျော်ပြီးပြီးချင်း ချက်ခြင်းသောက်ပါရန် Isphagula က ဆုတောင်းနေတတ်သည်။ ထိုသို့ မဟုတ်လျှင် ခဏအတွင်းမှာပင် ပျစ်ခဲသွားလိ့မ်မည်၊ ရေပမာဏသာ မလုံလောက် လျှင် အူလမ်းကြောင်းတွင် ပိတ်ဆို့သွားမည်ကှို Isphagula က အမြဲတမ်းစိုးရိမ်နေတတ်သည်။ သူ့ကို ဈေးကွက်ထဲမှ အမှုန့်အနေဖြင့် ဝယ်ခဲ့ချိန်တွင် ရေနှင့်ဖျော်ပြီးသုံးစွဲရမည်ကို တစ်ခါတည်း ညွှန်ကြားထားပြီး ဖြစ်သော်လည်း သူသည် ထိုအချက်ကို စိုးရိမ်နေမြဲဖြစ်သည်။ ထို့အတွက် ပိုပြီးစိတ်ချရအောင် သူ့ကိုသုံးပြီးချိန်တွင် ရေတစ်ဖန်ခွက်လောက် ထပ်သောက်ပေးပါရန် ကျွန်တော်က ထပ်ဆင့် အကြံပြုချင်ပါသည်။
~
တကယ်တော့ Isphagula သည် အပြစ်ပြောစရာမရှိလောက်အောင် ပြည့်စုံသောဆေးတစ်လက်တော့ မဟုတ်ပါ။ သူသည်လည်း ဆေးတစ်မျိုးပင်ဖြစ်သည်၊ သူ့ကြောင့်ဘေးထွက်ဆိုးကျိုးများခံစားရနိုင်သကဲ့သို့ သတိထားသုံးစွဲသင့်သည့် လူတန်းစားလည်း ရှိသေးသည်ကို အမြဲသတိချပ်သင့်သည်။ အသက်ကြီးသောသူ၊ မသန်မစွမ်း ဖြစ်နေသူတို့အတွက် အသုံးပြုလျှင် အတော်ကို သတိထားရပါလိမ့်မည်။ အူကျဉ်းနေသူ၊ အူလမ်းကြောင်းရွှေ့လျားမှုနှေးကွေးသူများတွင် Isphagula သည် အလုပ်လုပ်နိုင်မည်မဟုတ်ပေ။ ထို့အတူ အစားအစာတို့ကို မျိုချရန်ခက်ခဲသူ၊ အူပိတ်နေသူ၊ စမြင်းတုံး ခံနေသူတို့တွင် လုံးဝမသုံးစွဲပါရန်ကျွန်တော်က တားမြစ်ရပါလိမ့်မည်။ ကျွန်တော့်ကို အစိုးရိမ်ကြီးတတ်ရန်ကောဆိုပြီး အပြစ်တင်လျှင်လည်းခံရပါမည်။ ဆေး၏ကောင်းကျိုးထဲတွင် နစ်မျောကာ အန္တရာယ်ဖြစ်လာမည့်အရေးကို စိုးရိမ်သော ကြောင့်သာ ဖြစ်ပါသည်။
~
လူတစ်ယောက်ဝမ်းချုပ်ချိန်တွင် Isphagula သောက်ပြီး ထူးခြားမှုမရှိခဲ့လျှင်တော့ ကျွန်တော် Lactulose ကို သုံးစွဲရပါတော့မည်။ ကျွန်တော်သည် အူနံရံမှရေကိုဆွဲယူကာ ဝမ်းကိုနူးစေသော ဝမ်းနှုတ်ဆေးအုပ်စုထဲမှဖြစ်သည်။ ကျွန်တော်သည် ဆရာဝန်တိုင်းလိုလို၏ ယုံကြည်ကိုးစားခြင်း ခံရသောဆေး တစ်မျိုးဖြစ်သည်ဟုဆိုလျှင် အားလုံးက လက်ခံ ကြပါလိမ့်မည်။ ကျွန်တော်သည် ဝမ်းပျော့ဆေးတစ်မျိုးဖြစ်သော်လည်း ကျွန်တော့်၏အစွမ်းအစသည် ထိုထက်မက များပြားလှပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်အရ ကျွန်တော့်ကို တခြားနေရာများတွင် အသုံးပြုနိုင်သေးသည်ကို သုံးစွဲဖူးတိုင်းက သတိထား မိပါလိမ့်မည်။
~
~
ဆေးတော်တော်များများသည် အစာအိမ်နှင့် အူသေးတို့တွင် ပြိုကွဲပျက်စီးသွားကြသော်လည်း ကျွန်တော့်ကိုမူ ထိုနေရာတို့တွင်ရှိသော အက်ဆစ်သဘာဝ၊ အယ်ကာလီသဘာဝတို့ဖြင့် ချေဖျက်နိုင်မည်မဟုတ်ပေ။ ကျွန်တော်သည် အူမကြီးကို ရောက်သောအခါမှသာ ထိုနေရာရှိ အကျိုးပြုပိုးကောင်များ၏ အကူအညီကိုယူကာ ပြိုကွဲပြီးအာနိသင် ပြနိုင် ပါသည်။ ကျွန်တော်သည် ခန္ဓာကိုယ်အတွက် အကျိုးပြုသော ပိုးကောင်များပွားများမှုကို အားပေးပြီး အဆိပ်အတောက် ဖြစ်စေသော ဓါတ်ငွေ့တို့ကို ထုတ်လွှတ်ပေးမည့် ပိုးကောင်တို့ကို လျော့ကျစေပါသည်။ ထို့အတွက် ကျွန်တော်သည် အလွန်အသုံးဝင်သောဆေးဆိုပြီး မျက်နှာပွင့်လန်းလာသည်။
~
အသည်းမကောင်းသူများတွင် အဆိပ်အတောက်ရှိသော အမိုးနီးယားကဲ့သို့ ဓါတ်ငွေ့များကို ဖယ်ရှားနိုင်ရန် ကျွန်တော်သည် အရေးပါသည်။ ထိုအခါမျိုးတွင် ကျွန်တော်သည် ဝမ်းနှုတ်ဆေးဆိုသော အသုံးအနှုန်းအပြင် တခြားသော အသုံးဝင်မှုများကိုပါ ပြသတော့သည်။ ဥပမာဆိုရလျှင် ပိုးသတ်ဆေးသောက်ပြီးချိန်မျိုးတွင် အကျိုးပြုသော ပိုးကောင်များ လျော့နည်းသွားပါက ကျွန်တော်ကို အသုံးပြုနိုင်သည်။ သည်းခြေအိတ်နှင့် ပတ်သက်သောရောဂါ၊ အူရောင်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားဖုံးပတ်မြှေးရောင်ခြင်း၊ သွေးယိုခြင်းတို့အတွက်ပါ သုံးနိုင်သည်ကိုသိလျှင် မိတ်ဆွေ အံသြနေပါ လိမ့်မည်။
~
ကျွန်တော်တို့ကို သုံးစွဲရသော ရည်ရွယ်ချက်ပေါ် မူတည်၍သုံးစွဲရမည့် ဆေးပမာဏ ကွာခြားမှုရှိနေပါသည်။ ဝမ်းချုပ်နေသူများတွင်သုံးစွဲရမည့် ပမာဏကိုတော့ ကျွန်တော်လမ်းညွှန်ချင်ပါသည်။ လူကြီးများအနေဖြင့် ကျွန်တော်တို့ကို တနေ့လျှင် ၃ဝ မီလီ ခန့်သုံးစွဲနိုင်သည်။ ကလေးကြီးများ တွင် ကျွန်တော်တို့ကို ၁ဝ မီလီကနေ ၂ဝ မီလီအထိ သုံးစွဲနိုင်ပါသည်။ ဤနေရာတွင် ဆေးအချိန်အဆနှင့် ပတ်သက်ပြီး ကျွန်တော်တခုပြောချင် ပါသည်။ ဆေးသောက်ရန်အ တွက် လဘက်ရည်ဇွန်း ၁ဇွန်း၊ ၂ ဇွန်း စသည်ဖြင့် ညွှန်ကြားထားသော်လည်း တကယ့်လက်တွေ့တွင်မူ ဇွန်းအရွယ် အစားသည် ကွဲပြားမှုရှိနေသည်။ ဆေးပုလင်းတွင်ပါရှိသော ဇွန်း သို့ ပုံစံခွက်ငယ်ကို အသုံးပြုခြင်းသည်သာ အကောင်း ဆုံးဖြစ်ပါသည်။ တခြားရောဂါအခြေအနေများအတွက်မူ ညွှန်ကြားလာသော ဆရာဝန်၏ လမ်းညွှန်မှုကို ခံယူပါရန် ကျွန်တော့်က အကြံပေးချင်ပါသည်။
~
တကယ့်လက်တွေ့မှာ ကျွန်တော့်တွင်လည်း ချို့ယွင်းချက်တွေရှိနေပါသည်။ တခြားဆေးများကဲ့သို့ပင် ကိုယ်ဝန် ဆောင်သည်များသည် ကျွန်တော်ကိုသုံးစွဲလိုလျှင် ဆရာဝန်နှင့် ပထမဆုံး တိုင်ပင်ရန် လိုအပ်သည်။ ကျွန်တော်သည် လေပွ စေသောကြောင့် ကျွန်တော့်ကို သုံးစွဲနေချိန်တွင် လေပွလေထစေသောအစားအစာများ၊ ကာဗွန်ပါသော အချိုရည်များကို ရှောင်သင့်ပါသည်။ ကျွန်တော့ကိုအသုံးပြုနေချိန်တွင် သီးခြားစားသောက်ရမည့် အစားအစာများမရှိပါ။ သို့သော် ဗီတာမင်ကြွယ်ဝသော အစားအစာများ၊ အမျှင်ဓါတ်ကြွယ်ဝသောအစားအစာများကို စားသောက်ထားချိန်တွင် ကျွန်တော့်၏ အာနိသင်သည် ပိုကောင်းလာနိုင်သည်။ ကျွန်တော့်ထံမှ ဝမ်းနှုတ်သောအာနိသင်ကို လိုချင်လျှင် ဝမ်းဗိုက်ထဲတွင် အစာမရှိသော အချိန်သောက်ပါရန် ကျွန်တော်အကြံပေးချင်ပါသည်။
~
~
ကျွန်တော်ကဲ့သို့ပင် နောက်ထပ်အသုံးများသောဆေးမှာ Macrogol ဖြစ်သည်။ သူသည် ဝမ်းပျော့ပျော့သွားရန် အတွက်အသုံးဝင်ရုံသာမက အူလမ်းကြောင်းကို မှန်ပြောင်း ကြည့်ချင်သည့်အခါ၊ ဓါတ်မှန်ရိုက်သည့်အခါ၊ အူလမ်းကြောင်း တွင် ခွဲစိတ်မှုများပြုလုပ်သည့်အခါတို့တွင် အသုံးပြုကြသည်။ သို့သော် တခြားဆေးများကဲ့သို့ပင် သူသည် အူပေါက်နေသူ၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပိတ်ဆို့နေသူတို့တွင် လုံးဝမသုံးစွဲသင့်ပေ။ ကျွန်တော်တို့သည် ခန္ဓာကိုယ်မှ ရေကိုဆွဲယူလိုက်သောကြောင့် ရေဓါတ်ခမ်းခြောက်သည့် ပြဿနာကို ကြုံတွေ့ရပါလိမ့်မည်။ ထို့အတွက် ကျွန်တော်တို့ကို သုံးစွဲမည်ဆိုလျှင် ”ရေများများ သောက်ပေးပါ” ရန် ကျွန်တော် Lactulose မှ တောင်းဆိုချင်ပါသည်။
~
ကျွန်တော့်တို့ကဲ့သို့ပင် လူသားတို့ကိုအကျိုးပြုသော ဝမ်းနှုတ်ဆေးများထဲတွင် Bisacodyl လည်း ပါဝင်သည်။ သူသည်လည်း ဝမ်းချုပ်ခြင်းအပြင် ခွဲစိတ်မှု၊ ဓါတ်မှန်နှင့် သက်ဆိုင်သောအခြေအနေတို့တွင် အသုံးပြုနိုင်သည်။ သူသည် အူရွှေ့လျားမှုကို မြန်စေသောဆေးဖြစ်ခြင်းကြောင့် တချို့သူများတွင် ဝမ်းဗိုက်ကြွက်တက် တက်သည်ကိုတော့ သတိပြု သင့်ပါသည်။ သူသည် အူကို တွန်းအားပေးသော ဆေးဖြစ်သောကြောင့် သူ့ကြောင့် အူရွှေ့လျားမှု မြန်နေချိန်တွင် အူတနေရာတွင် ပိတ်နေပါက အူပေါက်သွားနိုင်သည်။ ထို့အတွက် သူ့ကိုသုံးစွဲမည့်သူတို့တွင် အူပိတ်နေခြင်း ရှိမရှိကို အတော်သတိထားဖို့လို့သည်။ ထို့အတူ ဝမ်းဗိုက်ခွဲပြီးစအချိန်၊ အူရောင်ရောဂါ၊ ပြင်းပြင်းထန်ထန်ရေဓါတ်ခမ်းခြောက်ခြင်း တို့ကို ကြုံတွေ့နေရချိန်တွင် အသုံးမပြုသင့်ပေ။
~
စမြင်းတုံးခံပြီး ဝမ်းသွားရခက်နေသူများတွင်တော့ ဝမ်းချူဘောလုံးကို အသုံးပြုခြင်းက ပိုပြီး သင့်တော်သည်ဟု ကျွန်တော်ထင်ပါသည်။ စအိုဝမှနေ၍ အစာဟောင်းအိမ်နှင့် အူမကြီးအတွင်းသို့စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန် မှန်ပြောင်း ကြည့်သောအခါတွင်လည်းကောင်း၊ ခွဲစိတ်ကုသမှု မပြုလုပ်ခင် အူလမ်းကြောင်းဆေးသောအခါတို့တွင်လည်းကောင်း ဝမ်းချူဘောလုံးသည် အသုံးဝင်သည်။ သို့ရာတွင် အူအတက်ရောင်သော လက္ခဏာများရှိနေသူ၊ သွေးယိုစီးနေသူ၊ အူလမ်းကြောင်း ပိတ်ဆို့နေသူ၊ အရည်ခမ်းခြောက်ခြင်း၊ ကျောက်ကပ် ထိခိုက်ပျက်စီးနေသူတို့တွင် ဝမ်းချူဘောလုံးကို မိမိသဘောနှင့် မိမိမသုံးစွဲသင့်ပေ။
~
လူတိုင်းလိုလို အသုံးပြုနေကြသောြ MOM – Milk Of Magnesia ဆိုသောဆေးသည် ကျွန်တော်တို့ အားလုံး ထဲတွင် မျက်နှာအငယ်ရဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို လူတိုင်းသည် အလွဲသုံးစွဲပြုကြသည်။ မျက်နှာတွင် ဝက်ခြံထွက်လာလျှင်လည်း သူ့ကိုသောက်သည်။ ခေါင်းတွင် အဖုတွေပေါက်လာလျှင်လည်း သူ့ကို အသုံးပြု ကြသည်။ ထို့အတွက် MOM သည် အလွန်စိတ်ဆင်းရဲတတ်သည်။ သူသည်လည်း ဝမ်းပျော့ဆေးတစ်မျိုး မဟုတ်ပါလား။ သူ့ကိုသုံးစွဲမှုများ သွားလျှင် ဝမ်းဗိုက်ကြွက်တက်နိုင်သည်၊ ကျောက်ကပ်မကောင်းသူများတွင် မဂ္ဂနီဆီယမ်များ စုပုံနေတတ် သည်ကို သုံးစွဲကြသူတွေ မသိခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟုတော့ သူ့ကိုယ်သူ အားပေးရှာပါသည်။
~
‘မဆီမဆိုင်၊ လက်ပံသား၊ ဓါးနဲ့ချိုင် ” ဆိုသော စကားကို ကျွန်တော့်ကို ခေတ္ထခဏ သုံးစွဲခွင့်ပြုစေချင်ပါသည်။ ကျွန်တော်တို့ကို မှားယွင်းစွာအသုံးပြုနေသူများအကြောင်းကို ကျွန်တော်တစေ့တစောင်း ပြောပြချင်ပါသည်။ ကိုယ်အလေး ချိန် လျော့ချရန် ကျွန်တော့်တို့ကို သုံးစွဲသည်ဟူသော အကြောင်းကို ကျွန်တော်သိရချိန်က အလွန်အံ့သြမိသည်။ မသင့်တော်ပါ မိတ်ဆွေ။ ခန္ဓာကိုယ်ရှိ အဆီများနှင့်ပတ်သက်ပြီး ကျွန်တော်တို့တွင် အာနိသင် အနည်းငယ်မျှ မရှိပါ။ စားသောက်လိုက်သော အစားအစာ၊ အဆီအနှစ်တို့ကိုစုပ်ယူသော အခန်းကဏ္ဍတွင်ကျွန်တော်တို့က ပါဝင်ပတ်သက်ခြင်း မရှိပါ။
~
အစားအစာများမှ အဆီတို့သည် အူမကြီးမရောက်ခင်ကတည်းက စုပ်ယူခံရပြီးဖြစ်သည်။ ကျွန်တော်တို့ ဝမ်းနှုတ်ဆေးအများစုသည် အူမကြီးတွင်သာ အလုပ်လုပ်ကြသည်။ ထို့အတွက် ကျွန်တော်တို့နှင့် အဆီ၏ ဆက်စပ်မှုသည် အတော်ကို အလှမ်းကွာဝေးပါသည်။ အကယ်၍ လူတစ်ယောက်သည် ကျွန်တော်တို့ကို သုံးစွဲသောကြောင့် ကိုယ်အလေး ချိန်လျော့ကျသွားသည်ဆိုသော် အခိုက်အတန့်မျှသာ ဖြစ်ပါလိမ့်မည်။ ”ခန္ဓာကိုယ်မှ အဆီများဆုံးရှုံးသွားခြင်းမဟုတ်ဘဲ ရေဓါတ်များ ခမ်းခြောက်သွားခြင်း” ကြောင့်သာ ကိုယ်အလေးချိန်လျော့သွားသယောင် ထင်မြင်ရခြင်းဖြစ်သည်။
ကျွန်တော့်တို့ကို သုံးစွဲသောကြောင့် ဝမ်းသွားစေသည်မှန်သော်လည်း ကျွန်တော်တို့ကြောင့် ရေဓါတ်၊ သတ္ထုဓါတ်၊ သက်စောင့်ဓါတ်အပြင် ခန္ဓာကိုယ်အတွက် အရေးပါသောဆားဓါတ်များပါ တပြိုင်နက်တည်း ဆုံးရှုံးသွားနိုင်သည်ကို မိတ်ဆွေတို့သတိထားသင့်သည်။ ကျွန်တော်တို့ကို အလွန်အကျွံသုံးစွဲမိသောကြောင့် ရေဓါတ်ခမ်းခြောက်သွားလျှင် မည်ကဲ့သို့ ဖြစ်မည်ထင်ပါသနည်း။ နေပူလှန်းထားသော သစ်သီးခြောက်တစ်လုံး ကို မြင်ယောင်ကြည့်ပါ။ ထိုအသီးကဲ့သို့ပင် အသား အရည်သည် မွဲခြောက်ပြီး အားနည်းလာပါလိမ့်မည်။ အမြင်အာရုံတို့ကို ဝေဝါးစေပါလိမ့်မည်။ ဆိုးရွားသော အခြေအနေ တို့တွင် ကျောက်ကပ်ပျက်စီးပြီး အသက်ပင်သေစေတတ်ပါသည်။
~
ကျွန်တော်သည် အကြောင်းမဲ့ ခြိမ်းခြောက်နေခြင်းမဟုတ်ပါ။ ကျွန်တော်တို့ကြောင့် ခန္ဓာကိုယ်ရှိ ဆားဓါတ်အချိုးအစားများ ပြောင်းလဲသွားသော ချိန်တွင် အာရုံကြောနှင့်ကြွက်သားများကို ထိခိုက်သွားပါသည်။ ထိုထိခိုက်မှုများကြောင့် နှလုံးနှင့် အူတို့တွင် လုပ်ငန်းဆောင်တာများ ပျက်စီးသွားတတ်ပါသည်။ ထိုအချိန်ရောက်လျှင် မိတ်ဆွေ၏အူအတွင်းသို့ ကူးစက်ပိုးဝင်ခြင်း၊ ဝမ်းမမှန်တော့ခြင်းတို့ကို ကြုံတွေ့ရပါလိမ့်မည်။ ကျွန်တော်တို့ကို ခဏသုံးစွဲလျှင် အန္တရာယ်ကင်းပါ လိမ့်မည်။ ထိုသို့မဟုတ်လျှင် မိတ်ဆွေကြုံတွေ့လာမည့် ကျန်းမာရေးပြဿနာတို့အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရုံမှ လွဲ၍ အခြားတတ်နိုင်မည်မဟုတ်ပေ။
~
ကျွန်တော်တို့ကို အရေးတယူနှင့် သုံးစွဲမှုအတွက် ဝမ်းသာလှပါသည်။ သို့သော် ကျွန်တော်တို့ကို အသုံးမပြုသေးခင် သဘာဝနည်းလမ်းအတိုင်း ဝမ်းမှန်စေသည့် အလေ့အကျင့်တို့ကို အစပြုစေချင်သည်။ အသီးအရွက်တို့ကိုစားစေချင်သည်။ အရည်များများသောက်ပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ကြည့်စေချင်သည်။ ကိုယ်အလေးချိန်လျော့ချရန်အတွက် ကျွန်တော့်တို့ကို သတိမရပါနှင့်။ အပူဖုပေါက်တိုင်း ကျွန်တော်တို့ကို မသုံးစွဲပါနှင့်။ သုံးစွဲသူတို့က တောင်းဆိုလာချိန်တွင် ရောင်းချမည့်သူများက ကျွန်တော်တို့ကို လက်ကမ်းပေးပါလိမ့်မည်။ ထိုအခါတွင် ကျွန်တော် တို့ကလည်း မိမိတို့အလုပ်ကို တာဝန်ကျေအောင် လုပ်ဆောင်ရတော့မည်။ ဆေးသောက်သူတစ်စုံတစ်ရာကိုမျှ အန္တရာယ်မဖြစ်စေသောဆန္ဒသည် ကျွန်တော်တို့ အားလုံးတွင်ရှိနေသော်လည်း မှားယွင်းစွာသုံးစွဲမှုကြောင့် ကျွန်တော့်တို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရသည် ကိုတော့ ဆေးသောက်မည့်သူတိုင်းနားလည်သဘောပေါက်စေချင်ပါသည်။
~
~
နှင်းနုလွင် (ဆေးဝါး)
Health For All Magazine
January, 2011
”အမှတ်တမဲ့နှင့် စခဲ့သော” December 27, 2010
ဒီဇာတ်လမ်းအကြောင်းကို ပြောရမယ်ဆိုရင် ခေးရဲ့ရှပ်ပြာရှပ်ပြာနိုင်တဲ့အကျင့်ကစပြောရမယ်။ ခေး ငယ်ငယ် တည်းက နမော်နမဲ့နိုင်တယ်။ လမ်းလျှောက်ရင် ဘေးဘေးဘီဘီကို ဘယ်တော့မှ မကြည့်ဘဲနဲ့ ခေါင်းကိုမော့၊ လက်ကို တအားလွှဲပြီးတော့ကို လျှောက်တာ၊ မြင်တဲ့သူက ရှောင်ပဲ။ မဟုတ်ရင်တော့ တိုက်ပြီသာမှတ်။ မြင်မြင်သမျှ လက်နဲ့ မလွတ်တာမှန်သမျှ အကုန်တိုက်ချပစ်တယ်။ ကုန်ကုန်ပြောရရင် အိမ်ပေါ်မှာ လမ်းလျှောက်လို့ အဝတ်ပုံ တွေ့ရင်တောင် ခလုတ်တိုက်တာ။ ခေး မှတ်မိသေးတယ်။ ငယ်ငယ်က ကုန်ခြောက်ဈေးတန်းတွေထဲကို ဈေးသွား ဝယ်ရင် ခေးကို မေမေက ဘယ်တော့မှ အထဲအထိ ခေါ်မသွားဘူး။ ဈေးတန်းထိပ်က ဈေးကောက်ရုံမှာ ထားပစ်ခဲ့တယ်။ အဲဒါက မေမေ့အလွန် တော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခေးရဲ့လက်ကို မေမေက ကြောက်တာကိုး။
~
ခေးတို့ ဈေးဝယ်နေကျ ဒေါ်ကြီးပုတို့ဆိုင်က ဈေးတန်းရဲ့ အလယ်လောက်မှာ ရှိတယ်။ အဲဒီဆိုင်မရောက်ခင် ကြားထဲမှာ ဆိုင်တော်တော် များကလည်း ရှိသေးတယ်။ လမ်းကလေး ကျဉ်းကျဉ်းလေးမှာ အာလူးတွေ၊ ကြက်သွန်အနီ၊ အဖြူ၊ ငြုတ်သီးတောင့်တွေကို ဗန်းတွေနဲ့ ထည့်ပြီး ခင်းထားလိုက်တာများ ဆိုင်းဝိုင်းကြီးလိုပဲ။ အဲဒီ ဈေးတန်းထဲကို ခေး လိုက်လာပြီဆိုရင် ငြုတ်သီးဗန်းကို လက်နဲ့တိုက်၊ ဒါမှမဟုတ်ရင်လည်း ကြက်သွန်ဗန်းကို တိုက်ချ၊ ခေးလက်နဲ့ လွတ်ဖူးတဲ့ဆိုင်ဆိုတာက မရှိဘူး။ နောက်ဆုံးတစ်ခေါက်ကတော့ အတော့်ကိုဆိုးတယ်။ အဲဒီတုန်းက အိမ်မှာ ဝါဆို သင်္ကန်းကပ်တော့ မုန့်ဟင်းခါးချက်ဖို့ ကုလားပဲလိုလို့ သွားဝယ်တာ။ မေမေ မအားတော့ တီတီလေးရယ်၊ ခေးရယ် သွားဝယ်ပြီး ပြန်အထွက် ခေးရဲ့ ညာလက်နဲ့ ပဲထည့်ထားတဲ့ တောင်းကို သွားတိုက်မိတော့။ ဘယ်ပြောကောင်းမလဲ။ မိုးတွင်းစိုစိုစွတ်စွတ်မှာ ဈေးလမ်းကြားထဲ ကုလားပဲတွေ ဝါထိန်သွားတာ။
~
အဲဒီနောက်ပိုင်းတည်းက မေမေက ခေးကိုကို ဘယ်တော့မှ ဈေးကိုမခေါ်တော့ဘူး။ ဈေးဝယ်ရမှာများလို့ အဖော်ခေါ်ရမယ်ဆိုရင်လည်း တခြားသူတစ်ယောက်ကိုပဲခေါ်သွားတယ်။ အလှူပွဲတွေဆိုရင်လည်း မေမေက သူမပါဘဲ ဘယ်တော့မှ ခေးကို မလွှတ်ဘူး။ ခေးရဲ့ ဖေဖေနဲ့ဆို ပိုတောင်ဆိုးသေးတယ်။ ဘာလို့လဲဆိုတော့ စိတ်မြန်တဲ့ ဖေဖေက ခေးခလုတ်တိုက်မိရင် ”ပြာကလပ်စိန်” ဆိုပြီး တင်ပါးကို ဖျန်းခနဲ့ ချတတ်တယ်။ ဒီတော့ ဖေဖေနဲ့ ခေး အတူတူသွားရင် မေမေက ဘုရားတနေရတယ်။ ခေးများ ငိုလာမလား၊ ဘယ်သူ့ကိုများ လျော်ပေးရမလဲ။ ဘယ်သူ့ကများ လာတိုင်မလဲရယ်ပေါ့။ အဲဒီလို ဟို့လူ့ကို ခလုတ်တိုက်လိုက်၊ ဒီပစည်းတွေကို တိုက်လိုက်၊ နမော်နမဲ့နဲ့နှစ်ပါးသွားရင်း ခေးဆယ်တန်းအောင်ခဲ့တယ်။
~
ခေးကျောင်းပြီးတော့ သင်တန်းတစ်ခုမှာ စာသင်တယ်။ အဲ နောက်ပိုင်း စာသင်သက်ကလေး ၂ နှစ်လောက် ရလာတော့ သင်တန်းကနေထွက်ပြီး ဆေးကုမ္ပဏီတစ်ခုကို အလုပ်ဝင်လိုက်တယ်။ စာသင်ဖူးတဲ့ အတွေ့အကြုံ ကြောင့်ပဲဖြစ်မယ်။ ခေးက ဆရာဝန်တွေကို သွားတွေ့ရမယ့် ဝန်ထမ်းတွေ၊ ရိုးရိုးဆေးအရောင်းဝန်ထမ်းတွေကို ဆေး အကြောင်းတွေ ပြန်သင်ပေးရတဲ့ အလုပ်ကိုပါ တွဲပြီး လုပ်ရတယ်။ ခေးတို့ ရုံးက ရုံးခွဲ ၆ ခုရှိတယ်။ အထက် မြန်မာပြည်ဆိုရင် မန္တလေးရယ်၊ နေပြည်တော်ရယ်၊ တောင်ကြီးရယ်။ အောက်မြန်မာပြည်ကျတော့ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်ရယ်၊ ရန်ကုန်ကတော့ ရုံးချုပ်ပေါ့။
~
အဲဒီရုံး ၆ ရုံးမှာက ဝန်ထမ်းအပြောင်းအလဲတွေရှိတယ်။ ဆေးအသစ်တွေဝင်တာတွေရှိတယ်။ အဲဒီလူတွေကို Training ပေးဖို့ကျတော့ ရုံးခွဲတိုင်းကို လိုက်မသွားဘူး။ အောက်မြန်မာပြည်ဆို ရန်ကုန်၊ အထက်မြန်မာပြည်အတွက်ဆို မန္တလေးမှာ Training ပေါင်းပေးတယ်။ ၄ လတစ်ခါပေါ့။ အဲဒီကာလကတော့ အရောင်းဝန်ထမ်းတွေလည်း ခေါင်းပူ။ ခေးတို့လည်း ခေါင်းပူတဲ့ ကာလပဲ။ အခုလို ဒီဇင်ဘာဆိုပိုဆိုးပါတယ်။ နောက်တစ်နှစ်အတွက် ဘယ်လောက် ရောင်းရမယ်ဆိုတွဲှ့မေါနအ တွေဆွဲရတယ်။
~
တကယ်ရောင်းထွက်၊ မထွက်ကတော့ နောက်တစ်ကဏ္ဍပေါ့။ ဈေးရုံတွေမှာ မီးလောင်လို့ ဆုံးရှုံးသွားရတာတွေ ရှိသလို အရေးပေါ်ကျန်းမာရေး ကိစ္စတွေအတွက် ဆေးတွေကို ပိုပြီး အဝယ်လိုက်လာတာမျိုးတွေကလည်း ခြွင်းချက် အနေနဲ့ရှိတယ်။ ထားပါတော့။ ပြောချင်တာကတော့ ခေးက ရန်ကုန်နဲ့ မန္တလေးကို ၁ နှစ်ကို ၃ ခါ လောက် လွန်းပျံထိုးရတယ်ပေါ့။ ခေးတို့ မန်းလေးသွားရင် များသောအားဖြင့်တော့ ပြင်သစ်နိုင်ငံက ကိုယ်စားလှယ်မန်နေဂျာ Country Manager-CM ပါတယ်။ တခါတလေတော့ ဆရာလည်း ပါတတ်တယ်။ ဆေးတွေအကြောင်းသင်ရင်းနဲ့ အစည်းအဝေးကိုပါ ပေါင်းလုပ်တာကိုး။ သူတို့ပါရင်တော့ ခေးတို့က လေယာဉ်နဲ့ သွားရတယ်။ ခေးတစ်ယောက်တည်း ဆိုရင်တော့ ကားနဲ့ပဲ သွားရတယ်။
~
မနှစ်က ဒီဇင်ဘာကုန်ခါနီးပေါ့။ ခေးတို့ရုံးရဲ့ ထုံးစံအတိုင်း အထက်မြန်မာပြည်ကို ရွှေ့ဖို့လုပ်ရတယ်။ ဒီတစ်ခါ တော့ ပစ္စည်းအသစ်တွေ ဝင်ထားတော့ အချိန်က တော်တော်ယူရတယ်။ ၅ ရက်လောက်တောင် ဆိုတော့ နည်းနည်း တော့မလွယ်ကြောပဲ။ ဒါပေမယ့် CM ပါမယ်၊ သူကတော့ ဈေးကွက်အကြောင်းသင်မယ်။ ခေးက ဆေးပစ္စည်းတွေ အကြောင်းသင်မယ်။ တစ်လှည့်စီသင်ရမှာဆိုတော့ သိပ်ပြီးတော့ မပင်ပန်းလောက်ပါဘူးပေါ့။ ဒီလိုနဲ့သွားဖို့လုပ်တော့ မနက်ဖြန်ခါလို သွားမယ်လည်းဆိုရော ဒီနေ့ညနေ CM က ကားအက်ဆီးဒင့်တစ်ခု ဖြစ်တယ်။ နိုင်ငံခြားသားဆိုတော့ ရှင်းရတာကြာနေတဲ့ အပြင် နဂိုတည်းက နှလုံးရောဂါရှိတဲ့သူဆိုတော့ သူပြနေကြ ဆေးခန်းက ဆရာဝန်က လောလောဆယ် အနားယူရမယ်။ လေယာဉ်မစီးပါနဲ့ဦးတဲ့။
~
ဟိုမှာကလည်း တခြားရုံးကလူတွေကို လာဖို့ဆိုပြီး အကုန်လုံးကို အကြောင်းကြားပြီးပြီဆိုတော့ ခေး တစ်ယောက်တည်း သွားဖို့အကြောင်းဖန်လာတာပေါ့။ ခေးက အရင်သွားနှင့်၊ နောက်ရက်တွေကျမှ ဆရာတို့တွေက လိုက်လာကြမယ်။ တောင်ကြီးဘက်ကို ဆက်ထွက်မယ်ပေါ့။ ခရီးထွက်ခါနီးမှ အဲလိုရုတ်တရက်ထဖြစ်တော့ စီစဉ်ထား တာတွေဟာ အကုန်လုံးအလွဲလွဲအချော်ချော် တွေဖြစ်ကုန်တာပေါ့။ စာသင်ဖို့အတွက် သယ်သွားရမယ့် ဖိုင်တွေ၊ ဟိုမှာ အစည်းအဝေး လုပ်ဖို့အတွက်အရေးကြီးတဲ့ ဖိုင်တွေ၊ အို…အားလုံး ခေးတစ်ယောက်တည်းပဲ သယ်ရတော့မယ်။
~
ဒါနဲ့ပဲ မရှပ်ပြာ ခေးတစ်ယောက် မနက်ဖြန်ခါသွားဖို့ကိစ္စကို ဒီညနေမှပဲ သုတ်သီးသုတ်ပြာ စီစဉ်ရတော့တယ်။ လက်ဆွဲခရီးဆောင်အိတ်လေးထဲကို အဝတ်အစားတွေထည့်၊ ယူသွားမယ့် စာရွက်၊ ဖိုင်တွေ ကိုတော့ သက်သက် တစ်အိတ်ထဲထည့်၊ Laptop ကိုတော့ လွယ်သွားမယ်ပေါ့။ ပျာတီးပျာယာလုပ်တတ်တဲ့ ခေးဟာ လေယဉ်လက်မှတ်ကို ဘယ်အချိန်လဲဆိုတာကိုတောင် သေချာမကြည့်မိဘူး။ ခေးစိတ်ထဲမှာ မနက် ၉ နာရီလို့ ထင်ထားပေမယ့် ကော်ဖီ သောက်တဲ့အချိန်ကျမှ ကြည့်လိုက်တော့ မနက် ၈ နာရီခွဲထွက်မှာတဲ့။ ဒီလိုဆိုတော့လည်း ခေးရဲ့ထုံးစံအတိုင်းပဲ ဒုံးစိုင်းရတော့တာပေါ့။ ခေးစီးလာတဲ့ တက္ကစီက ပြည်တွင်းထွက်ခွာဆိုတဲ့ အပေါက်ဝကို အရောက်၊ Counter ပိတ်ပြီလို့ အဲဒီက ဝန်ထမ်းတွေက ပြောပါလေရော။
~
ဒီတော့ ကားပေါ်က ပစ္စည်းတွေကို ဆွဲချ၊ အလောတကြီးနဲ့ ပြေးအဝင်၊ ခြေလှမ်းတောင် ၄ လှမ်း ပြည့်အောင် မလှမ်းရသေးဘူး။ ခေးအရပ်ထက်နည်းနည်း ပိုရှည်နေတဲ့၊ ခေါက်ဝတ်ဖို့ မေ့လာခဲ့တဲ့ ဂျင်းဘောင်းဘီအောက်နားကို ဖိနပ်အချွန်နဲ့ တပ်နင်းအမိ၊ ဗိုင်းခနဲ့ အသံနဲ့အတူ ခေးကိုမျက်စိထဲမှာ ကြယ်တွေ၊ လတွေစုံသွားပါတယ်။ စောစောက ကျွတ်စီကျွတ်စီမြည်နေတဲ့ လေဆိပ်ဟာ တိတ်သွားတယ်။ အားလုံးရဲ့ မျက်လုံးတွေဟာ ခေးအပေါ်မှာ စုပြုံလာသလိုပဲ။ ကိုယ့်ဝတ်ထားတဲ့အဝတ်အစားကို ကိုယ့်ဘာသာ ပြန်နင်းမိလို့ ချော်လဲရတဲ့အဖြစ်ဟာ အတော့်ကို ရုပ်ပျက် ဆင်းပျက်နိုင်တာပေါ့။ ခေးလေ အငွေ့ဖြစ်ပြီး ပျောက်တောင် သွားချင်တယ်။
~
ပွင့်လင်းပေမယ့် ရှက်တတ်တဲ့ခေးဟာ မလှမ်းမကမ်းက ခုံမှာထိုင်နေတဲ့ ရွယ်တူကောင်လေးတွေကြောင့် အပေါ်ကိုတောင် မော့မကြည့်ရဲလောက်အောင်ဖြစ်သွားပါတယ်။ နာလည်းနာ၊ ရှက် လည်းရှက်နဲ့ အဲဒီနေရာလေးမှာပဲ ခြေထောက်ကို ပွတ်နေတဲ့အချိန်မှာပဲ ခေးနဲ့ လက်တစ်ကမ်းအကွာကို ရောက်သွားတဲူ့စေအသစ ရယ်၊ ပုခုံးပေါ်ကနေ လွင့်ထွက်သွားတဲ့ အိတ်ရယ်ကို ကောက်ယူနေတဲ့ တစ်စုံတစ်ဦးရဲ့ လက်၊ ပြီးတော့ ခေးဆီကို လှမ်းလာနေတဲ့ ညှပ်ဖိနပ် နီညိုရောင်စီးထားတဲ့ ခြေထောက် အစုံ။ ”အဆင်ပြေရဲ့လား…ချာတိတ်” လို့မေးသံကြားပေမယ့် ရှက်ရှက်နဲ့ ထူပူနေတဲ့ ခေးဟာ ခေါင်းညိမ့်ပြမိသလား၊ ခေါင်းခါပြမိသလားမသိဘူး။ သေချာတာကတော့ အဲဒီတစ်စုံတစ်ယောက်သောသူဟာ ခေးအနားမှာ ရပ်နေဆဲဆိုတာကိုပါပဲ။
~
”လမ်းလျှောက်လို့ ရရဲ့လားကွ” လို့ မေးသံထပ်ကြားတော့မှ ထရပ်ဖို့သတိရသွားတဲ့အထိ ကြောင်တောင် တောင်ကိုဖြစ်နေပါတယ်။ ခေးကို ဒုက္ခပေးသွားတဲ့ ချစ်လှစွာတဲ့ ဖိနပ်ထိပ်က ကြိုးတစ်ချောင်းပြတ်သွားလို့ ဖိနပ်စီးဖို့ရာ လည်း ဘယ်လိုမှကို အဆင်မပြေတော့ပါဘူး။ လမ်းလျှောက်ရတာလည်း အတော်ကို ကသိကအောက် ဖြစ်သွားပါတယ်။ ဒီအချိန်မှာ ကောင်တာကို သွားပြီးဝန်ထမ်းတစ်ချို့နဲ့ စကားပြောနေတဲ့ စောစောကလူရဲ့ ကျေးဇူးကြောင့် ခေးလည်း အတွင်းထဲကို အဆင်ပြေပြေ ဝင်လို့ရသွားပါတယ်။ ခေးရဲ့ ပစ္စည်းတွေကို စစ်တာ၊ သယ်တာကလည်း သူပဲ လုပ်ပေးခဲ့ တယ်နဲ့တူပါတယ်။
~
ငိုချင်နေတဲ့ ခေးဟာ ၅ မိနစ်လောက်ကြာတဲ့အထိ နာနေတဲ့ခြေထောက်ကိုပဲ လက်နဲ့ ပွတ်နေမိပါတယ်။ စိတ် ထဲကနေလည်း ”ငါနော်။ ဘာလို့များ လောမိတာပါလိမ့်။ ခုချက်ခြင်းလည်း လေယာဉ်က တက်သေးတာ မဟုတ်ဘဲနဲ့။ အခုတော့ အရှက်ကိုလုံးလုံးကွဲတာပဲ” ကိုယ့်ကိုယ်ကိုယ်ဘဲ အဲဒီလို အပြစ်တင်နေတော့ ခေးဘေးနားမှာရှိတဲ့ စောစော ကလူ ဘယ်ရောက်သွားမှန်းမသိလိုက်ဘူး။ လူတစ်ယောက်နဲ့ အလွယ်တကူမိတ်ဆွေမဖြစ်လွယ်တတ်တဲ့ မကောင်းတဲ့ ဥာဉ်လေးရယ်၊ ကျေးဇူးတင်စကားကိုတောင် အဆီအပေါက်တည့်အောင် မပြောတတ်တာရယ်ကြောင့် စောစောကလူကို စကားတစ်ခွန်းမှ မပြောဖြစ်သေးဘူး။
~
အဲဒီခဏလေးအတွင်းမှာ ခေးအနားကို စောစောကလူကြီး ပြန်ရောက်လာပြီး ဖိနပ်အပါးလေးတစ်ရံကို ”မင်းအတွက်” ဆိုပြီး ပေးလာပါတယ်။ သူပြောတဲ့ စကားသံနည်းနည်းလေးဝဲနေပြီး ခေးဆီကို ဖိနပ်လှမ်းပေးတဲ့ ညာဘက်လက်ခုံမှာ မှဲ့နက်နက်လေးတစ်လုံးရှိနေပါတယ်။ ခေးကိုပြုံးပြနေတဲ့ အဲဒီလူကြီးဟာ ခေးထက် အသက် ၆၊ ၇ နှစ်လောက်ကြီးပုံပေါ်ပါတယ်။ သူလည်း ခရီးသွားမယ့်သူပဲထင်ပါရဲ့။ သူရင်ဘက်မှာက့ ညေါသည ဗငမတပေ တဲ့။ ခေးနဲ့ လေယာဉ်ချင်းတော့မတူဘူးပေါ့။ သူတို့က နောက်ကျမယ်နဲ့ တူပါတယ်။ ခုနက သူ့ ပစ္စည်းတွေကို ဃ့နခှုည လုပ်နေ တုန်း ခေးချော်လဲလို့လာထူတာပေါ့။
~
”လန့်နေတယ် ထင်တယ်၊ သောက်လိုက်ပါဦး” ဆိုပြီး ခေးရှေ့ကို ကော်ဖီအေးတစ်ခွက်ပေးတော့လည်း ခေး က တုန်တုန်ရီရီနဲ့ ယူပြီးမော့သောက်ပစ်လိုက်တယ်။ သူ ဝယ်ပေးတဲ့ မုန့်၊ ဟမ်ဘာဂါ ဖြစ်မယ်ထင်တယ်။ အဲဒါကိုလည်း ယူစားလိုက်တယ်။ အဲဒီအချိန်အထိလည်း ကျေးဇူးတင်စကား မပြောဖြစ်ဘူး။ နှုတ်နှေးနေတဲ့ ခေးက ဘယ်လိုစကားစ ပြောရမှန်း မသိဖြစ်နေတုန်းမှာပဲ ”ဗငမြေါညေ လေကြောင်းလိုင်းနဲ့ မန္တလေး၊ ပုဂံကိုလိုက်ပါမည့် ခရီးသည်များ၊ …” ဆိုပြီး လေယာဉ်ပေါ်တက်ဖို့ သတိပေးသံကြောင့် ခေးလည်း မတ်တပ်ရပ်မိပါတယ်။ ဖိနပ်ရှာပေးခဲ့တဲ့အတွက်ရယ်၊ ခေးရှက် နေတဲ့အချိန်မှာ အဖော်ပြုပေးခဲ့တဲ့အတွက်ရယ်ကို ကျေးဇူးတင်စကား ပြောရမယ့်အစား ”သွားတော့မယ်နော်” ဆိုတဲ့ စကားတစ်လုံးတည်းသာ အပြေးအလွှားပြောခဲ့ရတယ်။ သူ့အနားကထွက်ခါနီးတောင် သူ့ခြေထောက်ကို တစ်ခါထပ်ပြီး ခလုတ်တိုက်ဖြစ်လိုက်တဲ့ ခေး ကိုတော့ အတော် နမော်နမဲ့နိုင်တဲ့ မိန်းကလေးပဲ ဆိုပြီး ကောက်ချက် ချကောင်းချပါလိမ့်မည်။
~
အဲဒီအခေါက်က မန္တလေးကို ဘယ်လို ရောက်သွားမှန်းတောင်မသိဘူး။ လာကြိုတဲ့ကားပေါ်မှာ အထုပ်တွေ တင်ပြီးတော့ တည်းမယ့် ဟိုတယ်သာရောက်သွားတယ်။ ခေး အရှက်မပြေသေးဘူး။ နောက်တစ်ခေါက်သွားရင် ပစ္စည်း အားလုံးစုထည့်လို့ရအောင် Laggage ကိုပဲ ယူသွားတော့မယ်။ ဂျင်းပင်(န်) မဝတ်တော့ဘူး။ တပြေးတည်းညီတဲ့ ဖိနပ်ကိုပဲ စီးသွားတော့မယ်။ လေဆိပ်ကို အချိန်မှီရောက်အောင် သွားမယ်။ စိတ်ထဲကနေ အဲဒီလိုအရှက်ပြေ အစီအစဉ် ဆွဲနေရင်းနဲ့ အစောပိုင်းလေးက အကူအညီပေးခဲ့တဲ့ လူကြီးကို သတိရလာတယ်။ ကျေးဇူးတင်စကားတောင် မပြောဖြစ်ခဲ့ပါလား။
~
အဲဒီတစ်ခေါက် ပြန်လာပြီးကတည်းက ရန်ကုန်မှာ ဟိုဟိုဒီဒီသွားရင် လူကြီးကိုများ တွေ့မလားလို့ ကြည့်မိတတ် လာတယ်။ တကယ်တော့ ပြန်တွေ့ဖို့ဆိုတာကလည်း ဘယ်လိုလုပ် သေချာမလဲနော်။ ကဲ ပြန်တွေ့ပါပြီတဲ့။ ခေးက ဘာလုပ်မှာလဲ။ ကျေးဇူးတင်စကားပြောပါပြီတဲ့။ သူက ခေးကို မှတ်မိရင်တော်ရဲ့။ မမှတ်မိရင် ဘယ်လိုလုပ်မလဲ။ ခေးက သူငယ်ချင်းတွေကို အဲဒီအကြောင်းပြောပြတော့ သူတို့က ရယ်ကြတယ်။ ”နင့်လူကြီးလက်ခုံက မှဲ့မဖြစ်နိုင်ပါဘူး။ ကြွက်နို့ဖြစ်မှာပါတဲ့။” ခေးက အတည်ပြောတာကို သူတို့က လှောင်ကြတယ်။ ခေးကို သူတို့က ”ပူစီ” တဲ့။ ကြောင် လိုက်တာ လို့ပြောတာပေါ့။ ဒါပေမယ့် ခေး လူကြီးကို ပြန်တွေ့ချင်တာက တကယ်ပါ။
~
ခေးအလုပ်လုပ်နေရင်းနဲ့လည်း တခါတခါ အဲဒီလူကြီးကို သတိရနေမိတယ်။ သိပ်ကြာကြာတော့ ဘယ်သတိရ နိုင်မလဲနော်။ အလုပ်က အလုပ်ပဲ မဟုတ်ဘူးလား။ ရှေ့လတုန်းက ကုန်စည်ပြပွဲတွေလုပ်တော့ ခေးတို့ ရုံးကလည်း တနေရာယူလိုက်တယ်။ စားသောက်ကုန်ပြပွဲက ဆေးတွေနဲ့ဆိုင်တော့မဆိုင်ပေမယ့် ခေးတို့ဆီမှာ အစာကြေဆေး အသစ်တစ်မျိုး ဝင်ထားတာရှိတယ်။ ဒီတော့ ကုန်ပစ္စည်းအသစ်ကို လူတွေသတိပြုမိအောင် အဲဒီလို ပြပွဲတွေကနေ တဆင့်သွားတာပေါ့။ ခေးတို့ဆိုင်ခန်းပတ်လည်တွေက အကုန် စားသောက်ကုန်တွေချည်းပဲ။ မြန်မာမုန့်ကအစ လာပြီးခင်းကျင်းကျမှာလေ။ အဲဒီပြပွဲလေးရက်မှာ ခေးက ရှေ့ဆုံးတစ်ရက်၊ နောက်ဆုံး တစ်ရက် ၂ ရက်သွားရမယ်။ ပထမနေ့ကတော့ လူတွေ တော်တော်များများ လာကြတယ်။ ဌာနဆိုင်ရာ လူကြီးတွေ အဝင် အထွက်ကလည်း ရှိတော့ လူက ဖတ်ဖတ်ကို မောလို့။
~
ပြပွဲရဲ့ နောက်ဆုံးနေ့။ အဲဒီနေ့က လိုတဲ့ဆေးတွေကို ရုံးမှာ လှည့်ဝင်ယူဖို့ရှိပေမယ့် လှည်းတန်း မီးပွိုင့်က စောစောစီးစီးပိတ်နေတော့ ခေးရဲ့ ထုံးစံအတိုင်း သုတ်သီးသုတ်ပြာဖြစ်ရတာပေါ့။ ရုံးကို ကတိုက်တရိုက် သွားပြီး ဆေးတွေယူ၊ ပြီးတော့ ခန်းမရှိရာကိုသွား။ ပစ္စည်းတွေပါလာတော့ ရှေ့ပေါက်က မဝင်ဘဲနဲ့ ကားသမား ဦးလေးကြီးကို နောက်ပေါက်ကိုပဲ တန်းပြီး မောင်းခိုင်းရတယ်။ ပစ္စည်းတွေကိုမချသေးဘဲနဲ့ အဝကနေ လှမ်းကြည့် လိုက်တော့ ရောက်နှင့်နေတဲ့ ဝန်ထမ်းတွေက ရှိတဲ့ပစ္စည်းတွေနဲ့ ခင်းကျင်းပြီးနေပြီ။ ဒီတော့ ခေးက အေးဆေးပဲဆိုပြီး အတွင်းဘက်ကိုလျှောက်ဝင်လိုက်တုန်းမှာ လဖက်ထုပ်တွေကို သယ်လာတဲ့ ဝန်ထမ်းတစ်ယောက်က နောက်ကနေ ဝင်တိုက်တယ်။ လူကတော့ လဲမသွားပေမယ့် လက်ထဲမှာ ဟန်ပါပါနဲ့ကိုင်ထားတဲ့ စာအုပ်ရယ်၊ ဘောလ်ပင်ရယ်ကတော့ ပြုတ်ကျသွားတယ်။ ကိုယ်က မတိုက်တော့လည်း ကိုယ့်ကို လာဝင်တိုက်တယ်။
~
စာအုပ်ကိုငုံ့ကောက်နေတုန်းမှာ ”စောစောက ဝန်ထမ်းလေးကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊ ကျွန်တော့်တို့လည်း ဒီပြပွဲမှာ လဖက်တွေကို လာပြီးခင်းကျင်းတာပါ” ဆိုတဲ့ ဝဲတဲတဲအသံကို ကြားလိုက်တော့ ခေးလေ ကြက်သီးတောင်ထသွားတယ်။ ၁ဝ လ လောက်ကြာတာတောင်မှ မမေ့နိုင်သေးတဲ့ အသံရှင်ပေါ့။ ခုနက တိုက်သွားတဲ့ ကောင်လေးကိုတောင် ကြံဖန်ပြီး ကျေးဇူးတင်မိတယ်။ တကယ်ပြောတာ။ လှုပ်ရှားနေတဲ့စိတ်ကို အတတ်နိုင်ဆုံး ထိန်း၊ ”ပြဿနာမရှိပါဘူး”လို့ ခေးကပြောပြီး မော့ကြည့်လိုက်တော့ သူလည်း ခေးကိုမှတ်မိသွားတယ်။ ”အော်. ချာတိတ်”တဲ့။
~
အခု ခေးလမ်းသွားရင် ခလုတ်တိုက်မိမှာ၊ လဲမှာ မစိုးရိမ်ရတော့ဘူး။ ဖေဖေ အပြင်သွားရင် တွယ်ကပ်ပြီး လိုက် မရှုပ်တော့ ပြာကလပ်စိန်လို့ အခေါ်မခံရတော့ဘူး။ ခေးအပြင်သွားမယ်ဆိုရင်လည်း မေမေက စိတ်ချလက်ချ လွှတ်ပြီ။ မေမေမပါပေမယ့်လည်း ခေးလျှောက်မယ့် လမ်းတွေကိုကြည့်ပေးမယ့်သူ ခေးဘေးမှာရှိနေလို့လေ။ ဘယ်သူလဲ ဆိုတာတော့ ခေးမပြောလဲ ရိပ်မိကြမှာပေါ့နော်။
~
ခေးကို
24၊ 12၊ 2010
“သတိရနေတယ်”
ကောင်လေးရဲ့ သစ်ပင်ဆိုပေမယ့်
ရေသောက်မြစ်လေးက ပါးပါးလျလျလေးရှိသေးတာဆိုတော့
ငါတို့နီးစပ်ရေးက နဖူးပေါ်လက်တင်တွေးတာထက်
မသိမသာလေး ပိုနက်နေသေးတာ။
ဆယ်ကျော်သက်လို စိတ်ကူးယဉ်ကြည့်ရင်တော့
နင်ကကောင်းကင်ဆို ငါက ကြယ်စင်ပေါ့။
လင်းသည်ဖြစ်စေ မှောင်သည်ဖြစ်စေ
ငါတို့တည်မယ့် သစ္စာဟာ
ငါတို့လက်ဖ၀ါးရဲ့နွေးထွေးမှု အတိုင်းတည်စေရမယ်။
ငါတို့်မီးအိမ်လေးကို
ငါတို့ အကြင်နာတွေနဲ့ ဂရုတစိုက်နဲ့ လင်းထိန်ပေးမယ်။
ဟောဒီလောကအလယ်
မမှိန်တဲ့ အလင်းနဲ့ မကြွေနိုင်တဲ့ကြယ်ဟာ
ငါတို့ အနာဂတ်လေးဖြစ်စေရမယ်။
နင်ဖွင့်ဟရာနှုတ်တရာကို
ငါတယုတယနဲ့ စာပန်းကုံးသီမယ်
နင်ပန်ဆင်ပေးမယ့် မေတ္တာပန်းတွေတော့
ငါ့ကေသာထက်မှာ
မနွမ်းမခြောက်တည်ပါစေ။
ငါ့ဘ၀ရဲ့ တောင်းဆုဆိုတာလည်း
နင်ဂရုတစ်စိုက်စီမယ့်
ဒိုင်ယာရီရဲ့အသံအနေအထားအတိုင်း
မတိမ်းမစောင်းတည်စေချင်တာ
ကောင်လေးရေ
ဖောက်လွဲဖောက်ပြန်ရာသီကြား
ရင်ထဲက ပန်းရောင်လေး
တရံတခါတောငှ် မဆွေးမြေ့စေနဲ့။
သတိတရနဲ့ ခေါ်သံကြားတဲ့အခါ
သတိတရနဲ့သာ အကြောင်းပြန်ပါ
အခုရပ်နေတဲ့ လမ်းဆုံ၊ လမ်းခွဲက
အတွေ့ဆိုတာထက်
အတွေးတွေသာ နီးစပ်ခွင့်ရှိတဲ့ ကာလ
ကောင်ကလေးရယ်
ငါတို့လိပ်ပြာတွေ ခွဲထားရတာ
ခဏတဖြုတ်ပါကွယ်။။။။
~
နှင်းနုလွင်
26၊ 12၊ 2010