သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ပလတ်စတစ်နှင့် ကျန်းမာရေး January 31, 2011

Filed under: ကျန်းမာ သုတ — thetsonehnin @ 5:53 AM
Tags:

နယ်ကအိမ်ကိုပြန်တုန်းက မုန့်ဟင်းခါးစားဖို့ သွားဝယ်တော့ ဆိုင်ရှင်အမကြီးက မုန့်ဟင်းခါးကို ငှက်ပျောဖက်နဲ့ ထုပ်ပြီးပေးတော့ ဆရာမဂျုးရဲ့ ”ကျွန်မချစ်သောမြို့တစ်မြို့” ကို သွားပြီးသတိရမိတယ်။ ဆရာမရဲ့မြို့လေးနဲ့ ရင်းနှီး နေတော့ နေရောင်ပြထားတဲ့ ဖက်ရွက်လေးနဲ့ထုပ်ထားတဲ့ မုန့်ဟင်းခါးက ဖက်နံ့လေးသင်းလို့။ တူမလေးတွေကတော့ ပြောတာပေါ့။ ဒီဆိုင်က ခေတ်သိပ်မမှီဘူးနော် အန်တီလေးတဲ့။ သူတို့မွေးတည်းက ကျွတ်ကျွတ်အိတ်နဲ့ ရင်းနှီးခဲ့ရတော့  ငှက်ပျောဖက်နဲ့ထုပ်တာကို မတွေ့ဘူးသေးဘူး။ ”ကျွန်မချစ်သောမြို့တစ်မြို့” အကြောင်းကို ပေးဖတ်ရဦးမည်။ အခု နောက်ပိုင်းမှာ ကျွတ်ကျွတ်အိပ်သုံးတဲ့ ယဉ်ကျေးမှုက အတော်ကိုလျော့နည်းသွားပြီ။ ကျွတ်ကျွတ်အိတ်ရဲ့  အန္တရာယ်ကို ဟန့်တားလာနိုင်ပြီ ဆိုတော့၊ နောက်တစ်ခုထပ်ပြီး စဉ်းစားရမှာက ပလတ်စတစ်တွေရဲ့ အန္တရာယ်။

~

ကျွန်မတို့စားသုံးနေတဲ့ အစားအစာတွေထဲမှာ ပလတ်စတစ်နဲ့ကင်းတယ်ဆိုတာ အတော်ကို ရှားပါတယ်။ အစား အသောက်တွေကို ဝယ်ခြမ်းတာကနေ ပြင်ဆင်ချက်ပြုတ်တဲ့အထိ သုံးတဲ့ပစ္စည်းတိုင်းမှာ ပလတ်စတစ် မပါတဲ့ပစ္စည်းဆိုတာ သိပ်မရှိဘူး။ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်မှာ ပလတ်စတစ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ပစ္စည်း တွေကိုသုံးကြတယ်။ အစားအစာတွေကို တနေရာကနေတနေရာကို ပို့ဆောင်တဲ့ ကွန်တိန်နာ (Container)တွေ၊ အစားအစာထည့်တဲ့ဘူး၊ စည်သွတ်ဘူး၊ မုန့်ဘူးတွေ၊ အိမ်ထဲမှာတိုလီမုတ်စထည့်တဲ့ဘူး၊ သိမ်းဆည်းတဲ့ဘူး၊ အစားအစာ တွေကိုပြန်နွေးတဲ့ တန်ဆာပလာတွေအထိ ပလတ်စတစ်က အသုံးတွင်ကျယ်နေပါတယ်။ အဲဒီလိုမျိုး ပလတ်စတစ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ အသုံးတွင်ကျယ်လာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်မှုရှိ၊ မရှိဆိုတာ ကိုပါထည့်သွင်းစဉ်းစား ဖို့လိုလာပါတယ်။

~

သိပ်မကြာသေးခင်က ဒီပြဿနာကိုအဖြေရှာမယ်ဆိုပြီး စမ်းသပ်မှုတွေ အများကြီးပြုလုပ်ခဲ့ပါတယ်။ အဲဒီ မှာ Biphenol A လို့ခေါ်တဲ့ ဓါတုပစ္စည်း Chemical ဟာ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတာကို သွားတွေ့ပါတယ်။ Biphenol A ဆိုတာ အစားအသောက်တွေကို ထုပ်ပိုး ပြင်ဆင်တဲ့အခါမှာ အဓိကထားပြီးသုံးတဲ့ Chemical ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက Biphenol A ကို အန္တရာယ်ကင်းတယ် လို့ ယူဆထားကြပေမယ့် အခုတော့ Biphenol A နဲ့ပတ်သက်ပြီး မေးစရာမေးခွန်းတွေ အများကြီးရှိလာပါပြီ။ အစားအသောက်တွေပြင်ဆင်ဖို့၊ စားသောက်ဖို့၊ သိမ်းဆည်းဖို့ အထိ အဆင်ပြေပေမယ့် သူ့ကြောင့် ကျန်းမာရေးမှာ ပြဿနာတွေဖြစ်ပေါ်လာတယ်လို့ ဆိုကြပါပြီ။

~

အစားအသောက်ထည့်ထားတဲ့ ပလတ်စတစ် Container ထဲကနေ Chemical အနည်းငယ်ဟာ  အစား အသောက်တွေထဲကို စိမ့်ထွက်လာပါတယ်။ အဲဒီလိုမျိုးအစားအသောက်တွေထဲ စိမ့်ထွက်လာတာကို Migration လို့ခေါ်ကြပါတယ်။ Container တွေကိုထုတ်လုပ်လိုက်တဲ့ စက်ရုံတွေအနေနဲ့ကလည်း ဒီလိုမျိုး ပြောင်းရွှေ့ဝင်ရောက် တာကို ဟန့်တားလို့မရပါဘူး။  ဘယ်လောက်ပမာဏအထိဆိုတာကို အတိအကျမသိရပေမယ့် အစားအသောက်တွေ ထည့်တဲ့ ဘူးတွေ၊ ခွက်တွေထဲက ဓါတုပစ္စည်းတိုင်းဟာ အစားအသောက်တွေထဲကို ဝင်ရောက်သွားနိုင်တာချည်းပါပဲ။

~

ပလတ်စတစ် Container ထဲမှာ ထည့်ထားတဲ့အစားအသောက်တွေကို အပူပေးလိုက်ရင် ဓါတုပစ္စည်းတွေ ရွှေ့ ပြောင်းမှုက ပိုမြန်ပါတယ်။ အဆီများများပါတဲ့အစားအစာ၊ အငန်ပါတဲ့အစာ၊ အချဉ်ပါတဲ့အစားအစာတွေကိုထည့်ထားတဲ့ Container တွေဟာ အပူနဲ့ထိတွေ့ရင် ရွှေ့ပြောင်းဝင်ရောက်မှုက ပိုမြန်ပါတယ်။ ခန္ဓာကိုယ်ထဲကို ဘယ်လောက် အတိုင်း အတာအထိ ဝင်သွားတယ်ဆိုတာကိုတော့ အတိအကျပြောဖို့ခက်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်းတွေ ပြုလုပ်တဲ့နေရာ မှာလည်း အများစုဟာ ဘေးကင်းတယ်လို့ သတ်မှတ်ထားကြပေမယ့်လည်း အမြဲတမ်းအတွက်တော့ အကြုံးမဝင်ပါဘူး။

~

အစားအစာတွေထည့်တဲ့ ပလတ်စတစ် Container တွေကနေ ထွက်လာတဲ့ ဓါတုပစ္စည်းတွေဟာ ကျန်းမာရေးကို ဘယ်လိုထိခိုက်လဲဆိုတာကို သုတေသနလုပ်ထားတာတွေဟာ နည်းသေးတာကြောင့် ဘယ်လောက် အတိုင်းအတာအထိ စိတ်ချလက်ချသုံးလို့ရတယ်ဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ အထူးသဖြင့် အချိန်ဘယ်လောက် ကြာကြာသုံးလို့ရသလဲဆိုတဲ့အချက်ဟာ အဓိကပါပဲ။ ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမယ့် ဓါတုပစ္စည်း ၂ မျိုးရှိပါတယ်။ တစ်ခုကတော့ Biphenol A ဖြစ်ပြီး နောက်တစ်ခုကတော့ Phthalates ပါ။

~

Plastic & Biphenol A

Biphenol A ဟာ မာပြီးပေါ့ပါးတဲ့ Polycarbonates လို့ခေါ်တဲ့ ပလတ်စတစ်တစ်မျိုးပါ။ ကလေးအသုံးအ ဆောင်တွေ၊ ရေဘူးတွေကို Biphenol A နဲ့ပြုလုပ်ထားပါတယ်။ တစ်နှစ်မှာ Biphenol A ထုတ်လုပ်မှုဟာ ၆ ဘီလီယန် လောက်ရှိပါတယ်။ Biphenol A ဟာ ရေဘူးတွေမှာ အဆိပ်သင့်စေတဲ့အရာတစ်ခုအနေနဲ့ သိကြပေမယ့် တကယ်တမ်း သူနဲ့ထိတွေ့မှုများတာဟာ အစားအသောက်တွေထည့်တဲ့ စည်သွပ်ဘူးတွေရဲ့အနားကြောင့်ပါ။ Biphenol A ဟာ စည်သွပ်ဘူးနှုတ်ခမ်းထဲကနေ ထွက်လာပြီး အထဲမှာသိမ်းထားတဲ့ အစားအစာတွေဆီကို ရောက်သွားပါတယ်။ အစားအစာ ထဲမှာပါလာတဲ့ Biphenol A ဟာ သွေးစီးကြောင်းကိုရောက်လာပါတယ်။

~

လူ ၉ဝ ရာခိုင်နှုန်းရဲ့ သွေးထဲမှာရှိနေတဲ့ Biphenol A ဟာ တိုင်းတာကြည့်လို့ရလောက်တဲ့ ပမာဏအထိ များနေတတ်ပါတယ်။ ခန္ဓာကိုယ်ထဲကို ဝင်လာနိုင်တဲ့ ဓါတုပစ္စည်းတွေထဲမှာ Biphenol A ဟာ ပိုပြီးထင်ရှားပါတယ်။ သူဟာ ဟော်မုန်းတွေရဲ့လုပ်ဆောင်မှု၊ အထူးသဖြင့် Oestrogen လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်းရဲ့ လုပ်ဆောင်မှုကို နှောင့်ယှက်ပေးပါတယ်။ ဓါတ်ခွဲခန်းတွေမှာ တိရစ္ဆာန်လေးတွေကို စမ်းသပ်ကြည့်တဲ့အခါ Biphenol A ဟာ မျိုးပွားအင်္ဂါတွေရဲ့ ဖွံ့ဖြိုးမှုတွေကို ဟန့်တားတာကိုတွေ့ရပါတယ်။ လူတွေဆီကို ရောက်လာနိုင်တဲ့ Biphenol A ပမာဏဟာ အရမ်းနည်းနေပေမယ့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သန္ဓေသားကို ထိခိုက်မှုတွေ ဖြစ်စေတတ်ပါတယ်။

~

ဒီတော့ ကျွန်မတို့စားမယ့်အစားအစာတွေထဲမှာ  Biphenol A ပါဝင်မှုကို မဖြစ်မနေကို လျော့ချရပါမယ်။ အဲဒီလို လျော့ချဖို့အတွက်ဆိုရင်း

၁။ စည်သွပ်ထားတဲ့အစားအစာတွေအစား လတ်ဆတ်တဲ့အစားအစာ (သို့) ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အစားအစာမျိုး ကိုစားပေးသင့်ပါတယ်။

၂။ ကလေးတွေကို နို့မှုန့်ဘူးတွေတိုက်မယ့်အစား မိခင်နို့ကိုသာ အဓိကပြီးတိုက်ကျွေးတာဟာ အကောင်းဆုံးပါ။

၃။ ကလေးတွေအတွက် အသုံးအဆောင်ပစ္စည်းတွေရွေးချယ်တဲ့အခါမှာ တတ်နိုင်သမျှ ပလတ်စတစ်ပါတဲ့ပစ္စည်းတွေကို ရှောင်ပါ။ သံဘူးလိုဟာမျိုးတွေကိုသာ ရွေးချယ်ပါ။

ဒါတွေက Biphenol A ပါဝင်မှုကိုဟန့်တားတာပါ။ နောက်တစ်မျိုးလျော့ချဖို့ကြိုးစားရမှာက Phthalates။

~

Plastic & Phthalates

သူကတော့ Plasticizer လို့ခေါ်တဲ့ဓါတုပစ္စည်းအုပ်စုကြီးဖြစ်ပြီး သူ့ကို PVC ပိုက်ကနေ ရေမွှေးအထိ တွင်တွင် ကျယ်ကျယ် အသုံးပြုကြပါတယ်။ နှစ်စဉ် တန်ချိန် ပေါင်ဘီလီယန် ပေါင်းများစွာ ထုတ်လုပ်ပြီး နေရာတိုင်းမှာ အသုံးပြု ပါတယ်။ အမေရိကန်လူမျိုးတွေမှာ စစ်တမ်းကောက်လေ့လာမှုတွေအရ သူတို့ဆီက လူတော်တော်များများရဲ့ ခန္ဓာကိုယ် ထဲမှာ Phthalates ကို အတိုင်းအတာတစ်ခု အထိတွေ့ရပါတယ်။

~

သုတေသနပြုသူတွေအနေနဲ့ Phthalates တွေ ခန္ဓာကိုယ်ထဲကိုဝင်လာတာကို ယုံကြည်ပေမယ့် ဘယ်လိုဝင်လာ တယ်၊ ဘယ်လောက်အတိုင်းအတာထိရှိနေတယ်ဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ ကောက်ပဲသီးနှံတွေကနေ စားမယ့် အစားအစာတွေဆီကို ရောက်လာတာမျိုးဖြစ်နိုင်သလို သိုလှောင်ထားတဲ့ ဘူးတွေထဲကနေ အစားအသောက် ထဲကို ဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။ Phthalates သုံးထားတဲ့ မျက်နှာပြင်၊ ကြမ်းပြင်တွေကနေတဆင့် သူ့ကို ရှူမိတတ်ပါတယ်။ Phthalatesျ ပါဝင်တှဲု့ Skin Care တွေ၊ အသုံးအဆောင်တွေကြောင့်လည်း အရေပြားကနေတဆင့် ခန္ဓာကိုယ်ထဲကို ဝင်သွားတတ်ပါတယ်။

~

Phthalates ဟာ အခုအသုံးများနေတဲ့ Chemicals တွေထဲက တစ်ခုအပါအဝင်ပါ။ ကျွန်မတို့အသုံးအပြုနေတဲ့ ရေချိုးခန်း လိုက်ကာကနေ လက်သည်းဆိုးဆေးထုတ်လုပ်တဲ့အထိ နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေထဲမှာ သူ့ကို တွေ့နိုင် ပါတယ်။ Phthalates ဟာ ခန္ဓာကိုယ်ထဲကိုရောက်ရင် အလွယ်တကူချေဖျက်ခံလိုက်ရပေမယ့် အပြင်ကိုတော့ ထွက်မသွားတဲ့အတွက် သွေးတွေ၊ ဆီးတွေကို စစ်ကြည့်လိုက်ရင် Phthalates ကိုတွေ့ရပါတယ်။

~

သူဟာ ခန္ဓာကိုယ်ရဲ့ Endocrine System အလုပ်လုပ်တဲ့နေရာမှာ ချို့ယွင်းမှုတွေဖြစ်စေပြီး Hormones တွေ အလုပ်လုပ်တာကို အဟန့်အတားတွေ ဖြစ်စေပါတယ်။ ဟော်မုန်းတွေအားလုံးထဲက အမျိုးသားဟော်မုန်းဖြစ်တဲ့ Testerone ကို အနှောင့်အယှက်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ Testerone တွေအလုပ်လုပ်လို့မရအောင် ဟန့်တား ထားပါတယ်။ အထူးသဖြင့် အမျိုးသားများရဲ့ မျိုးပွားအင်္ဂါကို ထိခိုက်စေသလို မျိုးပွားမှုနဲ့ဆိုင်တဲ့ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

~

တိရစ္ဆာန်အထီးတွေမှာ စမ်းသပ်မှုတွေလုပ်ကြည့်တော့ Phthalates ကြောင့် လိင်အင်္ဂါတွေသေးငယ်တာ၊ မဖွံ့ဖြိုး တာ၊ သုက်ကောင်တွေနည်းတာမျိုးတွေကို သွားတွေ့ပါတယ်။  ကိုယ်ဝန်ဆောင်ကာလမှာ Phthalates နဲ့ထိတွေ့မှု များရင် မွေးလာမယ့် သားယောက်ျားလေးမှာ ပုံမှန်မဟုတ်တဲ့ အသွင်အပြင်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ Phthalates ပါတဲ့ ကြမ်းခင်းကိုသုံးထားရင် မွေးကင်းစကလေးတွေမှာ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ ကိုခံစားရစေပါတယ်။ လူတွေရော၊ တိရစ္ဆာန်တွေမှာပါ အသည်းကင်ဆာဖြစ်စေပါတယ်လို့လည်း ဆိုထားကြပါတယ်။

~

အမျိုးသမီးတွေမှာတော့ နေရာလွဲပြီးကိုယ်ဝန်ဆောင်တာမျိုးတွေကို ဖြစ်စေပါတယ်။ ပေါင်မပြည့်ဘဲမွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ သွေးထဲမှာ Phthalates ပမာဏမြင့်တက်နေတာကိုတွေ့ရပါတယ်။ မိန်းကလေးငယ်တွေမှာ ဆိုရင်လည်း ရင်သားဖွံ့ဖြိုးမှုတွေစောလာပြီး အပျိုမြန်မြန်ဖြစ်နိုင်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေ အရတော့ Phthalates ဟာ ကလေးငယ်တွေမှာ အဝလွန်စေတယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်ထဲမှာ Phthalates များနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဆဲလ်တွေဟာ အင်ဆူလင်အလုပ်လုပ်တာကို မတုံ့ပြန်တဲ့အတွက် သွေးထဲမှာ သကြားဓါတ်တွေမြင့်တက်လာပြီး ဆီးချိုရောဂါကို ခံစားရစေပါတယ်။ သိုင်းရွိုက်နဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ ပန်းနာရင်ကြပ်၊ အရေပြားဓါတ်မတည့်မှုတွေကိုဖြစ်စေပါတယ်။

~

ဒီလိုဆိုရင် ကျွန်မတို့အတွက် ပလတ်စတစ်ဟာ အန္တရာယ်ရှိတဲ့ပစ္စည်းဆိုတာကို အားလုံးလည်း သိသွားပါပြီ။ ပလတ်စတစ်ဟာ လူကြီး၊ လူငယ်၊ အမျိုးသမီး၊ အမျိုးသားမရွေး အန္တရာယ်ဖြစ်စေတာကြောင့် သူနဲ့ထိတွေ့မှုကို တတ်နိုင် သမျှလျော့ချရပါမယ်။ ပလတ်စတစ်ဘူးတွေထဲကို အဆီတွေ၊ အချဉ်သနပ်တွေ အကြာကြီးထည့်ထားပြီးစားတာမျိုးကို ရှောင်ရပါမယ်။ ပလတ်စတစ်ခွက်တွေထဲကို အပူတွေထည့်တာ၊ သူတို့ကို အပူပေးတာမျိုးတွေလည်း သတိထားရပါမယ်။ ကလေးတွေအတွက် နို့ဘူးလိုအသုံးအဆောင် ပစ္စည်းတွေရွေးတဲ့အခါမှာ ပလတ်စတစ်တွေအစား ဖန်တွေကိုသာ ရွေးချယ်သင့်ပါတယ်။ အစားအသောက်ထည့်ထားတဲ့ ပလတ်စတစ်ဘူးတွေ၊ ခွက်တွေမှာ အရောင်ပြောင်းလာတာ၊ ပုံစံ ပြောင်းလာတာမျိုးရှိရင် သူတို့ကို မသုံးသင့်တော့ပါဘူး။ အမှန်တကယ်တော့ ကျွန်မတို့ရဲ့လူနေမှုဘဝ အဆင့်အတန်း မြင့်ပြီး အဆင်ပြေလွယ်ကူစေဖို့ ပလတ်စတစ်ပစ္စည်းတွေဖြစ်ပေါ်လာရတာပါ။ သူတို့ရဲ့အကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။ ဒါပေမယ့် လွန်လွန်ကဲကဲထိတွေ့မှုများလာရင် အန္တရာယ်ဖြစ်စေလို့ ရှောင်ကြပါလို့ သတိပေးလိုက်ပါရစေ။

~

~

နှင်းနုလွင်(ဆေးဝါး)

အာရောဂျံ မဂ္ဂဇင်း၊

ဖေဖော်ဝါရီ ၂၀၁၁

 


 

ကျန်ရှိနေသော ထောင့်မလဲ၊ သဲမကော်နေ့ရက်များသို့ January 27, 2011

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 10:00 AM

ငါတို့ ဖြိုချခဲ့သမျှ သက္ကရာဇ်တွေထဲမှာ
ဘယ်အရာက ပြန်ကောက်လို့
အကောင်းဆုံးဖြစ်မလဲ။

ဟို နှစ်များဆီက ငါတို့တွေဟာ
မစားကောင်းတဲ့အသီးကို
ရှုရှိုက်မိကောင်း ရှုရှိုက်ခဲ့မိမယ်
မသွားသင့်တဲ့အရပ်ကို
ခြေလှမ်း ပြန်ကောင်းပြင်ခဲ့မိမယ်
စိတ်ထဲမှာ အရိပ်လိုခွေနေတဲ့
နာနာကျဉ်းကျဉ်းတွေကို မေ့မောခြင်းလည်းရှိခဲ့ဘူးမယ်
ပြာပူပုံပေါ် လက်ကလေးနဲ့ရက်ရင်း
အေးမြခြင်းကို ဆာလောင်ဖူးခြင်းမျိုးလည်းရှိမယ်။

ရှိပါလေ့စေ
အဲဒါတွေဟာ မနက်ဖြန်အတွက်တော့
အရည်ပျော်ခဲ့တဲ့ ချိုချဉ်တခဲသာသာပဲ
တန်ကြေးရှိတော့မယ်။

အဆိုးအညစ်တွေကို ဖယ်ရှား
အကောင်းအသစ်တွေ ပွားရင်း
ရာစုသစ်ဆီ သွားဖို့
မွေးဖွားခဲ့ရာ နာရီလက်တံကနေ ပြန်အစပြုရမယ်

ဒီနေ့ဒီရက်ကစလို
ကျန်ရှိတဲ့ဘ၀စာမျက်နှာမှာ
ပြဿဒါးတွေ ကင်းဝေးပါစေ သူငယ်ချင်း။

နှင်း@ နှင်းနုလွင်

26.01.2011
သူငယ်ချင်း အောင်ပိုင် မွေးနေ့လက်ဆောင်
 

“ချစ်သူသည်သာ ငြိမ်းချမ်းသောနယ်မြေ”

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 9:59 AM

အရိပ်လိုနေပြဖို့ အခွင့်အရေးမရသေးသမျှ

အတိတ်ကံကိုပဲ ကြိတ်လို့ ကျိန်ဆဲရမယ်

ဝေးကွာခြင်းဟာ (ငါတို့) သစ္စာတရားကို

မှောက်မှားစေပါ့မလား။

 

ငါ့အတွက်အလင်းရောင်ဆိုတာ

လရောင်လေးတွေ ကြမ်းပေါ်ကျွံကြ

ကြယ်လှလှလေးတွေ တေးဆိုသံကြားတိုင်း

မသဲမကွဲရေရွတ်မိရာ

တစ်လုံးတည်းသော နင့်နာမည်လေးလည်းဖြစ်တယ်။

 

ငါ့ရဲ့ ရှေ့ဖြစ်ဟောစာတမ်းဆိုတာ

ဖောက်လွဲဖောက်ပြန်ရာသီကြား

ဘယ်လိုသွေးထိုးစကားမျိုးနဲ့မှ

အရောင်ပြောင်းမသွားနိုင်တဲ့

နင့်ဘယ်ဘက်အိတ်ကပ်ထဲက

တစ်ဘ၀စာ ခရီးသွားလက်မှတ်လည်းဖြစ်တယ်။

 

ငါ ဘ၀ရဲ့ တက်ကျမ်းဆိုတာ

ငါတို့ခင်းတဲ့လမ်းထက်က

ကြည်နူးခြင်းကို ရေတွက်နိုင်ရာ

ငါတို့ချင်းသာ နားလည်ထားတဲ့

သင်ပုန်းကြီးဖတ်စာလည်းဖြစ်တယ်။

 

ငါရဲ့ကြည့်မှန်ဆိုတာ

နာရီမပြတ် လှည့်ပတ်စီးဆင်း

သွေးကြောထဲသွင်းမိတဲ့မူးယစ်ဆေးလို

ငေးမောတွယ်တာ ခဏခဏရှုရှိုက်မိရာ

နင့်ရုပ်ပုံလွှာလည်း ဖြစ်တယ်။

 

ငါ့မြတ်နိုးခြင်းဆိုတာ

မျက်စိကမှိုင်း နားကထိုင်းချိန်

ဆံဖြူအဖွားအို ပါးပြင်ထက်

တယုတယပေးအပ်လာမယ့်

နင့် အကြင်နာ နှုတ်ခမ်းလေးလည်း ဖြစ်တယ်။

 

ငါဆင်မြန်းလိုတဲ့ပန်းဟာ

နင့်နှုတ်တစ်ရာနဲ့ သီကုံးဖွဲ့နွဲ့ပါတဲ့

ဖြူစင်မွှေးပျံ နင်တို့ခြံထွက်

ပန်းမြတ်စံပယ်လည်းဖြစ်တယ်။

 

ငါ့ဘ၀ရဲ့တောင်းဆုဆိုတာ

မိုးညို့ညို့ တိမ်ပြာပြာ

နင့် ပုခုံးပေါ် ပါးကိုအပ်

ရတုနှစ်များစွာရေတွက်လိုတဲ့

နေမ၀င် ကဗျာတွေတည့်တံ့စေမှုလည်း ဖြစ်တယ်။

 

ငါကလေ…နင့်ရင်ခွင်ကလွဲရင်

ဘယ်သစ်ပင်ကိုမှ

အရိပ်ရတယ်လို့မထင်မိတော့

ငှက်မောင်နှံ တေးသံကျူးတိုင်း

ရင်ဘက်ထဲက စူးစူးနစ်နစ်ကို လွမ်းနေမိရဲ့။

.

.

နှင်းနုလွင်

26၊ 01၊ 2011

 

 

အကြွေစောတဲ့ ကြယ်ပွင့်ငယ် January 17, 2011

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 2:26 PM


“ဇွဲကပင်တောင်ကြီးတောင် အသက်ဝင်နေပြီမူဝါးရေ၊ နင်ကတော့ အားလုံးကို လျစ်လျူရှု့ပြီး ငြိမ်းအေးတဲ့နေရာမှာ ပျော်နေရောပေါ့။ ကျန်ခဲ့ရတဲ့ ငါ့မှာသာ အလွမ်းအဆွေးတွေ၊ သောကတွေ တပုံကြီးနဲ့ပေါ့”

လူတွေအားလုံးက အံ့သြကြတယ်။ အကြောင်းက အတန်းထဲမှာ အဆိုးဆုံး၊ အညံ့ဆုံး စောမူဝါ်းနဲ့ အတော်ဆုံး၊ အလိမ္မာဆုံး နန့်အိုင်ဆိန်တို့က အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်လို့ပဲတဲ့။ ဘာဖြစ်ဖြစ် ငါ အရမ်းပျော်ခဲ့တယ်မူဝါ်း။ အရမ်းပျော့ညံ့တဲ့ငါ့အတွက် နင်က Hero ပဲလေ။ ဘယ်သူက ဘာကိစ္စနဲ့ပဲစစ၊ နင်က အမြဲ ငါ့ရှေ့မှာ ရပ်တည်ခဲ့တယ်။ အဲဒီအတွက် ငါ့ အမြဲ ကျေနပ်ခဲ့ရတယ်သူငယ်ချင်း။

 

ကျောင်းတက်ရင် အမြဲအိပ်ငိုက်တတ်တဲ့ နင်က ငါ့ကို အိုင်းစတိုင်းတဲ့။ နင်က ငါ့ကို တင်စားတာလေ။ အမှန်တော့ နင်လည်း ဥာဏ်ထက်တဲ့သူပဲ။ စာသင်တဲ့အချိန်စိတ်ဝင်စားမှုမရှိလို့သာ နင်စာမရတာပေါ့။ နင်အမြဲ ပြောလေ့ရှိတယ်မဟုတ်လား။ “ငါ့ကိုယ်ငါ ဆိုးမှန်ေးတာ့တယ်သိတယ် အိုင်ဆိန်၊ ဒါပေမယ့် နင်စဉ်းစားကြည့်လေ။ ငါ့ဘ၀မှာ ဘယ်အရာမများ ပျော့ပျောင်းညင်သာတာ ရှိလို့လဲ။ အမှန်တော့ ငါလည်းမဆိုးချင်ပါဘူးကွာ”

 

ငါ နားလည်ပါတယ်ဟာ။ နင်တို့မှာ Family case ရှိတယ်။ တစ်ဦးတည်းသောသားနင့်အတွက် အဖေတစ်ကွဲ၊ အမေတစ်ကွဲနဲ့ အဒေါ်တွေနဲ့ သာ နေရတဲ့ဘ၀မှာ ဘာအလိုအပ်ဆုံးလဲဆိုတာကိုပေါ့။ ဆိုဆုံးမမယ့်သူကင်းမဲ့တဲ့ နင့်အတွက် ဆိုးသွမ်းမှုဆိုတာ မထူးဆန်းတော့ဘူးပေါ့။

“ငါအမြဲ လိုချင်ခဲ့တဲ့၊ တောင့်တခဲ့တဲ့အရာက အနွေးထွေးဆုံး၊ အလှိုက်လှဲဆုံး၊ အကြင်နာဆုံး မိဘမေတ္တာပဲ။ အဲဒါကိုရဖို့အတွက် ငါဘာမဆို စွန့်လွှတ်ရဲတယ်။ လုယူရဲတယ်”

အသက်ကလေး ၁၃ နှစ်လောက်ပဲရှိသေးတဲ့အရွယ်တည်းက အဲဒီလိုစိတ်ထားမျိုးရှိနေခဲ့တဲ့ နင့်အတွက် ငါ့ဟာ အမြဲ တိုင်ပင်ဖော်ဖြစ်ခဲ့ရတယ်။ နုနယ်သေးတဲ့နင့်ရဲ့ နှလုံးသားမှာ မိဘနှစ်ပါးရဲ့ ပဋိပက္ခတွေက ဒဏ်ရာတွေ အပြည့်ဖြစ်စေခဲ့တယ်။ အစပိုင်းမှာ ပျော့တိပျော့ညံ့နေတဲ့ နင့်အတွက် တခြားသူတွေရဲ့ သနားစရာလေးဆိုတဲ့ အကြည့်တွေက လောကကို အရွဲ့တိုက်ချင်တဲ့ ရူးမိုက်တဲ့ စိတ်ရိုင်းတွေ နင့်ဆီကို အရှိန်ပြင်းပြင်း ၀င်လာစေခဲ့တယ်ဆိုတာကို ငါနားလည်ပါတယ် သူငယ်ချင်း။

“နင့်ရဲ့ အမိုးနဲ့အပါးက အရမ်းချစ်တတ်ကြတာပဲနော်၊ ငါ့မှာသာ အဲဒီလိုမိဘမျိုးရှိနေခဲ့ရင် ဘယ်လောက်ပဲ ဆင်း၇ဲဆင်းရဲ ဘ၀ကို ငါရင်ဆိုင်ရဲတယ်။ အခုတော့ ငါ့ဘ၀က ကျောက်ဆစ်ရုပ်တွေကြားက ကလေးငယ်နဲ့တူတယ်” တဲ့။ နင်ငယ်ငယ်တည်ညးက ငါ့တို့အိမ်မှာ လာဆော့ရင်း စားလိုက်သောက်လိုက် နေတတ်တာမို့ ငါ့ရဲ့ မိဘတွေကိုလည်း နင်တွယ်တာလာတယ် မဟုတ်လား မူဝါး..်။

မေတ္တာလွှမ်းခြုံထားတဲ့ ငါတို့ရဲ့ အိမ်ကလေးဟာ နင့်အတွက် နတ်ဘုံတစ်ခုဖြစ်ခဲ့ရသလို မွေးချင်းမရှိတဲ့ ငါ့အတွက်လည်း အစ်ကိုတစ်ယောက် ရခဲ့တာပေါ့။ ငါတို့ ဆယ်တန်းတက်တဲ့နှစ်ရောက်တော့ နင်က ရည်းစားလည်း ထားတတ်လာတယ်နော်။ အဲဒီအတွက် နင့်ရဲ့ ဆင်ခြေက

“မိန်းမတိုင်းမှာ မိခင်မေတ္တာရှိတယ်ဆိုလို့ပါတဲ့” ဟုတ်တာ မဟုတ်တာ အသာထား၊ လောလောဆယ် ရန်ပွဲတွေ ကျဲသွားတဲ့အတွက်မို့ ငါတို့မိသားစုတွေ နင့်အတွက် စိတ်ချမ်းသာခဲ့သေးတယ်လေ။ အဲဒီအချိန်အထိ ငါတို့ဟာ လက်တွဲမဖြုတ်တဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ နင့်ကိုငါက စာကျက်ဖို့ကလွဲရင် ဘယ်လိုဖိအားမျိုးမှ မပေးခဲ့ဖူးဘူး။ အဲဒါကြောင့်မို့ နင်က ငါ့ကို အမောပြေလို့ အမြဲပြောခဲ့တာမဟုတ်လား။

“အိုင်ဆိန်…နင်က ငါတွေ့နေရတဲ့ မိန်းကလေးတွေနဲ့ ဘယ်နေရာမှာမှ မတူဘူး။ နင်က ဘယ်တော့မှ ငါ့ကို စည်းတွေ၊ ဘောင်တွေနဲ့နေဖို့ ပုံစံမချခဲ့ဘူး။ အရေးရှိရင်တောင်မှ ၀င်ပြီး အားပေးကူညီသေးတယ်။ မိဘမေတ္တာဆိုတာ ဒီလိုမျိုးပဲဖြစ်မှာပါနော်” လို့ ဖြူစင်စွာပြောခဲ့တဲ့ စကားတွေအတွက် ငါဂုဏ်ယူခဲ့မိတယ် မူဝါး။

ဒီလိုနဲ့ပဲ ငါတို့တွေ စာမေးပွဲကြီး ဖြေဆိုပြီးခဲ့တယ်။ အဲဒီအချိန်မှာ နင့်ဆီကို မမျှော်လင့်ထားတဲ့ အခြေအနေဆိုးကြီးတစ်ခု ရောက်လာခဲ့တယ်မဟုတ်လား။

“ပါးပါး နောက်အိမ်ထောင်ပြုတော့မယ် အိုင်ဆိန်”

ဒီအကြောင်းပြောလာတဲ့နင့်ကို အလန့်တကြားမော့ကြည့်လိုက်တော့ နင့်မျက်ဝန်းထဲမှာ ၀မ်းနည်းရိပ်၊ နာကျည်းရိပ်တွေ အပြန်အလှန်ကူးလူးနေတာကို တွေ့လိုက်ရတယ်လေ။ အဲဒီနောက်ပိုင်း နင်ဘယ်သူနဲ့မှ အဆက်အသွယ်သိပ်မလုပ်တော့ဘူး။ ငါတို့ဆီကိုလည်း အလာပါးသွားခဲ့တယ်နော်။

“စောမူဝါး ဆေးချတတ်နေပြီ” ဆိုတဲ့ သတင်းကို ကြားကြားချင်း ငါနင့်ဆီကို လာခဲ့ပါတယ် မူဝါး။ ငါလက်လျော့ပြီး ပြန်လာလို့ တစ်ပတ်လောက် ကြာတော့ နင် ငါ့ဆီကို ရောက်လာခဲ့တယ်နော်။ “ငါ မြ၀တီက ဦးလေးတွေဆီကို အလည်သွားရင်းနဲ့ အလုပ်ကူလိုက်ဦးမယ်။ အားနေတဲ့အချိန် စိတ်ပြေလက်ပျောက်ပေါ့” အထုပ်အပိုးပြင်ဆင်ပြီးမှ လာနှုတ်ဆက်တဲ့ နင့်ကို ငါ့တို့ဘာမှ မတားမြစ်ခဲ့ဘူး။ တစ်ပတ်ကို တစ်ခါလောက်တော့ အိုင်ဆိန်တို့ဆီကို ပြန်လာမှာပါ လို့ ပြောခဲ့တဲ့စကားကိုပဲ ငါတို့ကျေနပ်ခဲ့တယ်။

နင်စနေနေ့တိုင်း ငါတို့ဆီကို ပြန်လာတတ်တယ်။ ဒီလို ကူးချည်သန်းချည် လုပ်နေတဲ့နင်က တစ်နေ့မှာ ငါ့ကို စကားအထူးအဆန်းတခုပြောလာခဲ့တယ်နော်။

“အိုင်ဆိန်၊ ငါလေ ဘားအံကို ပြန်လာရင် တောင်ကြားကနေ မူဝါး…မူဝါး နဲ့ ခေါ်သံတွေ ကြားတယ်။ ငါ ကြက်သီးမွှေးညင်းတောင် ထတယ်” လို့ဆိုတော့ ငါက နင့်ကို မကြောက်ဖို့ အားပေးရင်းနဲ့ နင်နဲ့ အဖော်ရအောင်ဆိုပြီး ငါ့ရဲ့လက်ခလယ်မှာစွပ်ထားတဲ့ ဆင်မြီးလက်စွပ်လေးကို ပေးလိုက်တယ်။ နင်က ကျေးဇူးတင်တယ်လို့ပြောရင်းနဲ့ နင့်ရဲ့ ညာဘက်လက်သန်းမှာ ၀တ်ထားခဲ့တယ်နော်။ ချမ်းသာကြွယ်ဝတဲ့နင်က ငါပေးတဲ့ အဖိုးမတန်တဲ့လက်စွပ်လေးကို တယုတယနဲ့ ၀တ်ထားခဲ့တော့ ငါပျော်ခဲ့မိတယ် မူဝါး..။

 

အဲဒီအချိန်မှာ နင့်ရဲ့ မိုးမိုးက နင့်ကို အတူတူနေဖို့ ပြောလာခဲ့တယ်နော်။ ငါ မှတ်မိနေတယ် မူဝါး..။အဲဒီအကြောင်းကို လာပြောပြတဲ့နေ့က နင့်ရဲ့မျက်လုံးတွေက အရောင်တောက်ပနေပြီး သူလိုရာရတဲ့ ကလေးတစ်ယောက်လို ရွှင်ပြုံးကြည်လင်နေတာပေါ့။ နောက်ပိုင်း နင် ဆေးဖြတ်လိုက်တယ်။ အရင်လို သူများတွေနဲ့ ချိန်းပွဲတွေ မထိုးတော့ဘူးဆိုလို့ ငါအရမ်းဝမ်းသာမိတယ်။ နင့်ရဲ့ဘ၀ကလေး အဲဒီအတိုင်းရှိနေပါစေလို့ ငါဆုတောင်းမိတယ်။ တက္ကသိုလ်တွေတက်ဖို့အချိန်ရောက်လာတော့ ငါက ရန်ကုန်မှာကျောင်းတက်ဖြစ်တယ်။ နင်ကတော့ အဝေးသင်တက္ကသိုလ်တက်ပြီး  နင့်မိုးမိုးရဲ့ စီးပွားရေးတွေကို ဦးစီး လုပ်ခဲ့တယ်မဟုတ်လား။ “လိမ္မာနေပြီ” ဆိုတဲ့ သူငယ်ချင်းနင့်အတွက် ကံကြမ္မာကိုတောင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါရဲ့လေ။။

=================================

မူဝါးရေ….။

ငါပထမနှစ် စာမေးပွဲဖြေပြီးလို့ အိမ်ပြန်ရောက်ရောက်ချင်းနေ့မှာပဲ..“မူဝါး…ဆေးပြန်သုံးရင်းနဲ့ ပိုက်တန်းလန်းနဲ့ ဆုံးပြီ” ဆိုတဲ့ သတင်းက ဆီးကြိုလိုက်တယ်။ မတွေ့ရတာကြာနေတဲ့ငါ့ကို နင်ရဲ့ကြိုလိုက်ပုံလေးကလေ ငါအဲဒီအရပ်မှာတင် မူးမေ့လဲသွားလောက်အောင်ပဲ သူငယ်ချင်း။ မယုံဘူး မူဝါးရေ။ နင်ရဲ့ ပျော်ရွှင်နေတဲ့ ဘ၀လေးကို နင်ဒီလို ဖျက်ဆီးမှာ မဟုတ်ဘူးဆိုတာကို ငါသိနေတယ်။နောက်ရက်တွေကျတော့မှ ငါအကြောင်းစုံကို ပြန်သိရတော့တယ် မူဝါး။ နင့်အမေက နင့်ကို ပြန်ခေါ်ထားတာ အကြောင်းရှိတယ်။ သူလည်း နောက်အိမ်ထောင်ပြုမှာမို့ သားဖြစ်သူကို ခဏစည်းရုံးတဲ့သဘောနဲ့ ခေါ်ထားတာတဲ့။

ဒါဆို ငါအားလုံးကို နာ်းလည်လိုက်ပြီ မူဝါး။ အိမ်ထောင်သစ်နှစ်ခု တည်ထောင်သွားတဲ့ မိဘနှစ်ပါးအတွက် နင်ဟာ စိတ်ရဲ့ လွတ်မြောက်ရာ ထွက်ပေါက်ကို ရှာမိပြီပေါ့။ နင်ဆေးပြန်မသုံးခင် တခြားသူတွေကို ပြောပြသေးတယ်ဆို။ “ငါ့သူငယ်ချင်းရဲ့ လက်စွပ်ကလေးကမျ ငါ့ကို နွေးထွေးစေတယ်။ အခက်အခဲတွေ၊ အကြောက်အလန့်တွေကို ဝေးစေသေးတယ်။ မိဘတွေက ငါ့အတွက် ချမ်းသာမှုကိုပဲ ပေးပြီး နှစ်သိမ့်စေတယ်။ မိသားစုရဲ့ နွေးထွေးမှုမေတ္တာကို ငါ မရခဲ့ဘူး”တဲ့။ အဲဒါအတွက် ငါ ၀မ်းသာရမှာလား။ နင့်ကိုပဲ မိုက်မဲတယ်လို့ပြောရမလား။ ဒါမှ မဟုတ် နင့်ရဲ့ မိုးမိုးနဲ့ပါးပါးကိုပဲ အပြစ်တင်ရမလားဟာ။


=================================


အခုလို ဖားစည်သံတဝေေ၀နဲ့ ဒုံးယိမ်းကကြတဲ့အချိန်ကိုရောကရင် နင့်ကို ငါ အရမ်းလွမ်းနေမိတယ် မူးဝါး။ မေတတ္တာတရားရဲ့နွေးထွေးမှုကို ကြွယ်ဝခမျးသာမှုထက် ပိုမိုမြတ်နိုးနှစ်သက်တဲ့နင့်အတွက် ဘ၀ဆက်တိုင်းဆက်တိုင်းမှာ မိသားစုရဲ့ နွေးထွေးမှု၊ ကြင်နာမှုတွေကို အပြည့်အ၀ ခံစားနိုင်ပါစေလို့ ငါဆုတောင်းမိတယ်။ မိဘတိုင်းကလည်း ကိုယ့်သားသမီးတွေရဲ့ နုနယ်တဲ့စိတ်ကို အနာတရမဖြစ်ရအောင် ဂရုစိုက်ပြီး သူတိုရဲ့ လိုလားချက်တွေကို မိဘမေတ္တာနဲ့ ဖြည့်စွက်ပေးနိုင်ပါစေလို့ ဇွဲကပင်မြေက ကရင်သူလေးက တောင်းဆုခြွေမိပါရဲ့။

 

2006 တုန်းက ကျောင်းမဂ္ဂဇင်းအတွက်ရေးတဲ့ ၀တ္တုတိုပါ။

 

ဘဝ နေဝင်ချိန်တွေ မစောစေချင်ပါ January 15, 2011

Filed under: ကျန်းမာ သုတ — thetsonehnin @ 2:43 AM
Tags:

”ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ

ငါ့ကို အိမ်ပြန်ပို့ကြပါလေ

အမှတ်မထင်ဖတ်ဖြစ်ခဲ့တဲ့ ဘဝသရုပ်ထင်ဟပ်နေတဲ့ ကဗျာအပိုင်းအစလေးတစ်ခုပါ။ နည်းနည်း ကြာနေတော့ ရေးတဲ့သူကိုတော့ မမှတ်မိတော့ဘူး။ ဒီကဗျာလေးကို ဖတ်နေရင်းနဲ့ မိသားစုဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေတဲ့ လူတစ်ယောက်ရဲ့ အသွင်သဏ္ဍန်က ကျွန်မရဲ့မျက်စိထဲ တိုးဝင်လာတယ်။ ဝမ်းစာမပြည့်သေးလို့ အိမ်မပြန်နိုင်သေးဘူး။ သက်ပြင်းတောင် ဖြောင့်ဖြောင့်မချနိုင်တော့လို့ သူသောက်နေကျ ဆေးပြင်းလိပ်ကြီးကို ရဲခနဲနေအောင်ဖွာလိုက်၊ မြင်ကွင်းထဲကနေ ပျောက်ကွယ် လုနီးပါဖြစ်နေတဲ့ နေဝင်တာကို ကြည့်လိုက်နဲ့ ကံတရားကို ငြီးပြောလေး ပြောလိုက်တယ်ထင်ပါတယ်။ ဒီလိုညနေမျိုး သူဘယ်နှစ်ရက်လောက် ကြုံခဲ့ရပြီးပြီးလဲဆိုတာကို ကျွန်မစဉ်းစား ကြည့်ဖူးတယ်။ အဖြေကို စဉ်းစားလို့မရသေးခင် သူသောက် လိုက်တဲ့ ဆေးလိပ်အငွေ့က ကျွန်မရဲ့အသိထဲ တိုးဝင် လာတယ်။ ”သူဒီလို အချိန်တိုင်း ဆေးလိပ်သောက်နေသလား၊ ကျန်းမာရေးမှ ကောင်းပါ့မလား၊ သူ့မိသားစုရဲ့ ရှေ့ရေး ဘယ်လိုရှိမလဲ”။

~

စီးကရက်ကလေး နှုတ်ခမ်းမှာတေ့ပြီး လူကြီးဂိုက်ဖမ်းနေတဲ့ ဆယ်ကျော်သက်ကလေးတွေ၊ ဆိုက်ကားဂိတ်မှာ ခရီး သည်စောင့်ရင်းနဲ့ ဆေးပြင်းလိပ်ဖွာနေတဲ့ ဆိုက်ကားသမားကြီးတွေ၊ ဈေးတန်းထဲမှာ အရောင်းအဝယ် မကောင်းကြောင်း ငြီးငြူရင်း ဆေးပေါ့လိပ်သောက်နေတဲ့ အမျိုးသမီးကြီးတွေ၊ အချစ်ရေး၊ စီးပွားရေးမှာ ကံမကောင်းတဲ့အကြောင်း မိတ်ဆွေတွေနဲ့ပြောရင်း ဆေးလိပ်သောက်နေတဲ့သူတွေ၊ ဆေးတံမှာကပ်နေတဲ့ ဆေးရွက်ကြီးရဲ့ချိုးတွေကို ခေါက်ထုတ် နေတဲ့ အဖိုးအဖွားတွေ။ အမျိုးမျိုးပေါ့လေ။ အားလုံးဟာ ဆေးလိပ်နဲ့ ရင်းနှီးနေကြပါတယ်။ လူအမျိုးမျိုး၊ စရိုက်အထွေထွေဆိုပေမယ့် သူတို့ ရှုသွင်းရှုထွက်နေတဲ့ လေတွေဟာတော့ အတူတူပါပဲ။ အငွေ့တွေ၊ ဆေးလိပ်ငွေ့တွေဟာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ပျံနှံ့လို့နေပါတယ်။

~

ဆေးလိပ်က သောက်မိရင်ဖြတ်ဖို့ အရမ်းခက်ပါတယ်။ ဆေးရွက်ကြီးမှာပါတဲ့ နစ်ကိုတင်း (Nicotine) ဟာ အရမ်းစွဲနိုင်ပါတယ်။ မော်ဖင်း၊ ဟီးရိုးအင်းနဲ့ တခြားမူးယစ်ဆေးတွေလိုပဲ ခန္ဓာကိုယ်နဲ့ စိတ်အာရုံဟာ နစ်ကိုတင်းကို တပ်မက်သွားပါတယ်။ ဆေးလိပ်သောက်ဖြစ်တဲ့ အကြောင်းအရင်းကတော့ အမျိုးမျိုးရှိပါလိမ့်မယ်။ တချို့ကတော့ စိတ်ညစ်တဲ့အချိန်၊ စိတ်ရှုပ်တဲ့အချိန်မျိုးမှာ ထွက်ပေါက်တစ်ခုအနေနဲ့ သောက်ပါတယ်။ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ ဆွေမျိုးတွေသောက်တာ ကြည့်ရင်းနဲ့ သောက်တတ်သွားပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ လက်တည့်စမ်း မြည်းကြည့် ရင်းနဲ့ သောက်တတ်သွားတဲ့သူတွေလည်းရှိပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူ တော်တော်များများဟာ အသက်၁၈နှစ် မပြည့်ခင်ကတည်းက စသောက်တတ်တဲ့သူတွေများပါတယ်။

~

ဆေးလိပ်ကို ထမင်းစားတာ၊ ရေသောက်တာလို ခန္ဓာကိုယ်က အလွယ်တူလက်မခံပါဘူး။ သူဝင်လာတာနဲ့ ချက်ခြင်းထွက်သွားအောင် ဖယ်ထုတ်လိုက်ပါတယ်။ ဒီတော့ စသောက်သောက်ချင်းမှာ သီးတတ်ပါတယ်။ ကြာလာရင်တော့ ခန္ဓာကိုယ်ကလည်း မတတ်နိုင်တော့ဘူး။ ဒါနဲ့ပဲ ဆေးလိပ်စွဲသွားပါတယ်။ ‘မကောင်းမှန်းတော့ သိပါတယ်၊ ဒါပေမယ့် ဖြတ်လို့မရဘူးဗျာ’ လို့ ငြီးတွားကြတဲ့ စကားသံတွေကို ကျွန်မခဏခဏ ကြားဖူးပါတယ်။ ဘယ်သူကမှ ကိုယ့်မှာအန္တရာယ်ရှိနိုင်တဲ့ အလေ့အကျင့်ကြီးကို တယုတယနဲ့ ပြုစုပျိုးထောင်မှာ မဟုတ်ပါဘူး။ ဖြတ်ဖို့ခက်ခဲပေမယ့် ကြိုးစားကြည့်ပါ။ ဆေးလိပ်ကြောင့်ရလာတဲ့ အကျိုးဆက်တွေဟာ ကျွန်မတို့ကို ဘယ်လိုမှကို ကောင်းကျိုးမပေးတာပါ။

~

ကျွန်မတို့ငယ်ငယ်တုန်းကတော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အဖိုးအဖွားတွေသောက်တာကို တွေ့ဖူးတယ်။ အခုတော့ အဲဒီလောက်ကြီးတဲ့ဆေးလိပ်ကို မဖွာကြတော့ပေမယ့် ဆေးလိပ်သောက်တဲ့လူ အရေအတွက်ကတော့ မလျော့ကြသေးပါဘူး။ ဆေးလိပ်သောက်တဲ့သူတွေဟာ တခြားသူတွေထက် ရောဂါပိုထူပါတယ်။ အပယိကဖျားနာတာ၊ တုပ်ကွေး၊ အအေးမိတာတွေ ပိုဖြစ်လွယ်ပါတယ်။ လေပြွန်ရောင်တာ၊ အဆုတ်ရောင် အဆုတ်ပွတာတွေကို ပိုခံစားရပါတယ်။ နဂိုကတည်းက ရင်ကျပ်ရောဂါလိုမျိုး အဆုတ်နဲ့ ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေဟာ ကိုယ်တိုင် ဆေးလိပ်သောက်တဲ့အခါ ဒါမှမဟုတ် ဆေးလိပ်သောက်တတ်တဲ့သူအနားနေတဲ့အခါမျိုးမှာ ရောဂါဒါဏ်ကို ပိုပြီးခံစား ရတတ်ပါတယ်။ ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေက အများကြီးပဲရှိပါတယ်။

~

အမှတ်မထင် ရှိုက်ဖွာလိုက်တဲ့ ဆေးလိပ်ငွေ့ဟာ ကျွန်မတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။ လူတစ်ယောက် ဆေးလိပ်သောက်လိုက်ရင် ကတ္တရာစေး (Tar) တွေထွက်လာပါတယ်။ အဲဒီ ကတ္တရာစေးဟာ ကင်ဆာရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူတွေဟာ တခြားသူတွေထက်စာရင် ကင်ဆာရောဂါ ပိုဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာတွေကတော့ အဖြစ်များပါတယ်။ ဆေးလိပ်ငွေ့ကို ရှိုက်ရှိုက်ပြီး ရှုတဲ့သူတွေဟာ အဆုတ်ကင်ဆာပိုဖြစ်နိုင်ပါတယ်။ ခံတွင်းကင်ဆာဖြစ်နိုင်ချေကလည်း (၄)ဆ ပိုများပါတယ်။ ဆီးအိတ်ကင်ဆာ၊ အစာရေမြိုပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတို့လည်း ဖြစ်နိုင်ပါသေးတယ်။

~

ဒီလိုအန္တရာယ်တွေဟာ ခုချက်ခြင်းသောက်၊ ခုချက်ခြင်းပေါ်လာတာ မဟုတ်ပါဘူး။ ကျွန်မတို့အိမ်တွေမှာ အမှိုက်တွေမပစ်ဘဲထားလို့ ရက်ကြာလာရင် စုပုံလာသလိုမျိုး ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကလည်း အချိန်နဲ့အမျှ များပြားလာတာပါ။ အထူးသဖြင့် ဆေးလိပ်မှာပါတဲ့ နစ်ကိုတင်းဟာ သွေးထဲမှာပိတ်ဆို့နိုင်ပါတယ်။ အဆီတွေကိုလည်း စုပုံများစေပြီး သွေးကြောတွေကို မာတောင့်ကာ ကျဉ်းသွားစေပါတယ်။ သွေးကြောအတွင်းမှာ သွေးခဲတွေပိတ်စေပါတယ်။ နှလုံးကို ထောက်ပံ့ပေးတဲ့သွေးကြော မှာပိတ်ရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပါတယ်။ ဦးနှောက်သွေးကြောမှာဖြစ်ရင် လေသင်တုန်းရမယ်။ လေဖြတ်တာမျိုးတွေ ဆက်ဖြစ်လာတယ်။ ကျောက်ကပ်မှာဖြစ်ရင် ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

~

ခြေထောက်တွေ၊ လက်တွေကို သွေးသယ်ပေးတဲ့ သွေးကြောမှာဖြစ်ရင် သွေးကောင်းကောင်းမလျှောက် နိုင်တော့လို့ ခြေလက်ပုပ်တာ၊ ဖြတ်ပစ်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ်မသောက်တတ်တဲ့သူတွေထက်စာရင် နှလုံးသွေးကြောနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို (၁ဝ)နှစ်လောက် စောပြီးတွေ့ရတတ်ပါတယ်။ မျက်လုံးမှာရှိတဲ့ အရမ်းနူးညံ့ တဲ့သွေးကြောတွေဟာ ဆေးလိပ်ကြောင့် အလွယ်တကူ ပျက်စီးသွားတယ်။ မျက်လုံးတွေယားလာတယ်။ ဆေးလိပ် အလွန်အကျွံ သောက်တဲ့သူ တွေဆိုရင် မျက်လုံးရဲ့မြင်လွှာတွေ ပျက်စီးသွားလို့ အမြင်အာရုံတွေ တဖြည်းဖြည်း ဆုံးရှုံး သွားတယ်။ ဆေးလိပ်ကြောင့် ကောင်းကျိုးဖြစ်တာတစ်ခုမှမရှိဘူး။

~

ခန္ဓာကိုယ်အတွင်းပိုင်းမှာတင် မကောင်းတာမဟုတ်ဘူး။ စပါးလုံးတစ်ထောက်စာတောင် မရှိတဲ့ အရေပြား အတွက်လည်း မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးလိပ်သောက်တဲ့သူတွေရဲ့ အရေပြားဟာ လိုအပ်တဲ့သွေးတွေ၊ အာဟာရတွေ မရတော့ဘူး။ အသားတွေ ညိုညစ်ညစ်ဖြစ်လာတယ်။ ဗီတာမင်အေလည်း လုံလုံလောက်လောက်မရတော့ အရေးအကြောင်းတွေပေါ်လာတယ်။ ပါးရည်တွန့်လွယ်ပြီး ရုပ်ရင့်လာတယ်။ မြန်မြန်အိုလွယ်သွားတယ်။ ရှုထုတ်လိုက်တဲ့ လေမှာ ဆေးလိပ်အနံ့ တွေ စွဲပါလာတယ်။ တော်တော်နဲ့ မပျောက်ဘူး။ ဒီအနံ့က အဝတ်အစားတွေမှာတင်မကဘူး။ ဆံပင်တွေမှာပါ လာကပ်နေတယ်။ အိမ်မှာဆိုရင်လည်း ပရိဘောဂတွေ၊ လိုက်ကာတွေ၊ ကားထဲမှာပါ အနံ့ရနေတယ်။ အပြင်ကလူတစ်ယောက်ဝင်လာတာနဲ့ ဆေးလိပ်သောက်တဲ့သူရှိမှန်း တစ်ခါတည်း တန်းပြီးသိနိုင်တယ်။

~

သွားဖုံးတွေ၊ သွားတွေရဲ့ အခြေမှာ ဆေးလိပ်ချိုးတွေလာကပ်တယ်။ သွားဖုံးရောင်တာ၊ ခံတွင်းနံ့ဆိုးတာတွေ ဖြစ်တတ်တယ်။ အသက်ငယ်ငယ်လေးနဲ့ သွားတွေ ကျွတ်ထွက်လွယ်လာတယ်။ ပါးစပ်ထဲမှာ ချဉ်နေပြီး အနာတွေ အလွယ်တကူ ပေါက်လာတယ်။ အနာတွေက တော်တော်နဲ့ မပျောက်ဘူး။ သွားဝါတာတွေအပြင် အရိုးရဲ့ သိပ်သည်းဆကို နည်းစေတယ်။ တနည်းအားဖြင့် ပြောရရင် အရိုးပါးလာတယ်။ အသက်ကြီးလာတဲ့ အချိန်မှာ အရိုးက ပိုပြီးကျိုးလွယ် လာတယ်။

~

ဆေးလိပ်ငွေ့ကြောင့် အဓိကထိခိုက်သွားတဲ့ အင်္ဂါက အဆုတ်ပါ။ အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေ ပျက်စီးသွားပါတယ်။ အသက်ရှုလို့မဝတော့ဘူး။ နာတာရှည်လေပြွန်ရောင်တတ်ပါတယ်။ ဒီလိုဖြစ်ရင် အနည်းဆုံး (၃)လ ခန့် ကြာတတ်ပြီး ချောင်းဆိုးတယ်၊ သလိပ်နည်းနည်းပါတတ်တယ်။ ရင်ကျပ်ပန်းနာရှိရင်လည်း ပိုဆိုးလာတယ်။ နဂိုဖြစ်နေ တဲ့ လေပြွန်ရောင်တာကို ပိုဆိုးစေပြီး ရောဂါ သက်သာဖို့သုံးတဲ့ဆေးတွေရဲ့ အာနိသင်ကို ဆန့်ကျင်လိုက်တယ်။ ဆေးတွေက အာနိသင် မပြနိုင်တော့ဘူး။ အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို ဟန့်တားထားတဲ့အတွက် သိပ်ပြီးလှုပ်လှုပ်ရှားရှား မလုပ်နိုင်တော့ဘူး။

~

အားကစားသမားတွေမှာ ပိုသိသာတယ်။ တခြားလူတွေနဲ့ ယှဉ်လို့မရတော့ဘူး။ နှလုံးခုန်မြန်တာ၊ သွေးလှည့်ပတ်မှု မကောင်းတာ၊ အသက်ရှုမဝတာဖြစ်လာတော့ သက်လုံမကောင်းတော့ဘူး။ သူတို့ရဲ့လုပ်ဆောင်မှုတွေ ထိခိုက်လာတယ်။ နောက်ပြီးတော့ ဆေးလိပ်က ခန္ဓာကိုယ်ရဲ့ တွယ်ဆက်တစ်သျှူးတွေကို ဖြစ်ပေါ်တာကိုတားလိုက်တယ်။ ဒါကြောင့် ကစားရင်း၊ လှုပ်ရှားရင်းနဲ့ ဒါဏ်ရာရသွားရင် တော်တော်နဲ့ မပျောက်တော့ဘူး။

~

အိမ်ထောင်သည်တွေ ဆေးလိပ်သောက်တဲ့အခါ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ပြဿနာတွေ ပေါ်လာတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေး (Sexual Health) ကိုပါ ထိခိုက်လာပါတယ်။ ကိုယ်ဝန်တား ဆေးသောက်ထားတဲ့သူ၊ ဆေးထိုးထားတဲ့သူတွေ၊ ကွင်းထည့်ထားတဲ့ အမျိုးသမီးတွေဟာ ဆေးလိပ်သောက်ရင် အရမ်းအန္တရာယ်များပါတယ်။ အထူးသဖြင့် နှလုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေရလာပါတယ်။ အသက် (၃ဝ-၄ဝ) အရွယ် အမျိုးသားတွေဟာ ဆေးလိပ်သောက်ရင် ပန်းသေပန်းညှိုးပိုပြီးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေရဲ့ အင်္ဂါတွေဆီကိုသွားတဲ့ သွေးကြောမှာ နစ်ကိုတင်းတွေက ပိတ်လိုက်ပါတယ်။ သွေးကြောတွေ တဖြည်းဖြည်းနဲ့ကျဉ်းလာပြီး ပျက်စီးသွားတယ်။ သွေးအလုံအလောက် မရတော့တဲ့အတွက် အဲဒီအင်္ဂါတွေဟာ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။ ဒီလိုအမျိုးသား တွေဟာ နှလုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေကို အလွယ်တကူ ခံစားရတတ်ပါတယ်။

~

ဆေးရွက်ကြီးပါတာ အကုန်လုံးဟာ လူကို အန္တရာယ်ဖြစ်စေတာချည်းပါပဲ။ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးရွက်ကြီးငုံတာကအစ အကုန်လုံး အကျုံးဝင်တယ်။ ဒီပြဿနာတွေဟာ မိမိကိုယ်တိုင်သောက်မှ ကြုံတွေ့ရတာ မဟုတ်ပါဘူး။ တခြားလူသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှုမိရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အဖေ၊အမေနှစ်ဦးစလုံး ဆေးလိပ်သောက်ရင် သူတို့မွေးလာတဲ့ ကလေးလေးဟာ ရင်ကျပ်ရောဂါ၊ လေပြွန်ရောင်တာတွေ ဖြစ်ဖို့ အခွင့်အလမ်းက (၂) ဆ ပိုများပါတယ်။ တခြားဓါတ်မတည့်တဲ့ ရောဂါတွေလည်း ရနိုင်ပါတယ်။

~

ကိုယ်ဝန်ဆောင်သည်အမေသောက်ရင် လမစေ့ဘဲနဲ့ မွေးတတ်ပါတယ်။ မွေးလာတဲ့ကလေးတွေဟာလည်း ပေါင်မပြည့်ဘူး။ အသက် (၂)နှစ်အောက် ကလေးတွေသာ ဆေးလိပ်ငွေ့ကိုရှုမိရင် အသက်ရှုလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ တချို့ကလေးတွေဆိုရင် ရုတ်တရက် အသက်ရှုပိတ်ပြီးသေတဲ့ အထိ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်တဲ့သူတွေဟာ တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေတွေ ပိုများသွားပါတယ်။ ဒါကြောင့် လူမမယ်ကလေးတွေကို ဆေးလိပ်ငွေ့မရှုရှိုက်စေချင်ဘူး။ သူတို့ရဲ့ အနာဂတ်လေးတွေ လှပစေချင်ပါတယ်။

~

‘ဆေးလိပ်တစ်ခါသောက်ရင် လူတစ်ယောက်ရဲ့အသက်ဟာ ၅ မိနစ်ကနေ မိနစ်၂ဝ အထိ တိုသွားနိုင်ပါတယ်’ တဲ့။ ကျွန်မတို့လူဘဝကို ရောက်တုန်းရောက်ခိုက်လေးမှာ လုပ်သွားစရာတွေ အများကြီး ရှိပါတယ်။ မသိသေးတာတွေ သိ အောင် ရှာဖွေရဦးမယ်။ မိမိသိသလောက်ကို တခြားလူတွေသိအောင်လည်း ပြန်ပြီး ဝေငှခဲ့ချင်သေးတယ်။ အခုလက်ရှိ အတွက်အကျိုးရှိတဲ့ အလုပ်တွေလုပ်နေရသလို နောင်သံသရာအတွက်လည်း အကျိုးရှိအောင်ကြိုးစားရဦးမယ်။ ဒီလောက် အထိ တန်ဖိုးရှိနေတဲ့ ကျွန်မတို့ရဲ့ အချိန်တွေကို ဖမ်းဆုပ်ကိုင်တွယ်လို့မရတဲ့ ဆေးလိပ်ငွေ့တွေက ဖျက်ဆီးပစ်တာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွန်မတို့ရဲ့ဘဝသက်တမ်းကို ရုပ်ဝတ္ထု အတိအကျမရှိတဲ့ မီးခိုးငွေ့တွေကြောင့် မတိုစေချင်ပါဘူး။ ဆေးလိပ်ဖြတ်တာဟာ မိမိတစ်ဦးတည်း ကောင်းကျိုးအတွက် မဟုတ်ပါဘူး။ မိမိအနီးပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစု၊ မိတ်ဆွေအားလုံးရဲ့ အသက်ကို ကာကွယ်လိုက်တာပါပဲ။ ဒါကြောင့် အားလုံးရဲ့မနက်ဖြန်တွေလှပပြီး သက်တမ်းစေ့နေနိုင်ဖို့ဆေးလိပ်ကို ရှောင်ကြပါလို့ ထပ်ဆောင်းပြီး တိုက်တွန်း လိုက်ပါရစေ။
~
~

နှင်းနုလွင် (ဆေးဝါး)
အာရောဂျံ မဂ္ဂဇင်း ဖေဖော်ဝါရီ၊ ၂၀၁၁