ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၈)
ဆေးလိပ်နှင့် ဆေးဝါးများ
ညီမလေးရေ
”ဆေးတံတိုတညိုလောက် ရော့သောက်တော့ပေး…”၊ ”မဝယ်ဘူး၊ မယ်ခူးတဲ့ဖက်စို…” ဆိုပြီး နှစ်သက် ကြည်နူးဖို့ကောင်းတဲ့ ကဗျာလေးတွေကို မမတို့တွေရွတ်ဆိုဖူးကြတယ်နော်။ ဆရာမတွေရှေ့မှာ လက်ကလေးပိုက်ပြီး ကဗျာတွေကို အလွတ်ပြန်ရွတ်ပြကြတာကို မမခုထိ မှတ်မိနေသေးတယ်။ အဲဒီကဗျာလေးတွေကို ပြန်သတိရမိတော့ ညီမလေးကို ဆေးလိပ်အကြောင်းကို ပြောပြချင်လာတယ်။ တစ်တောင်လောက်ရှိတဲ့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေကို မမတို့အဖိုး၊ အဖွားတွေ သောက်တာ တွေ့ဖူးကြတယ်နော်။ အခုနောက်ပိုင်းကျတော့ အဲဒီလောက်ကြီးတဲ့ ဆေးလိပ်ကြီး တွေကို မသောက်ကြတော့ပေမယ့် ဆေးလိပ်သောက်တဲ့သူအရေအတွက်က သိသိသာသာကြီး လျော့မသွားသေးဘူး ဆိုတာကိုတော့ ညီမလေးလည်း သတိထားမိမှာပေါ့။
`~
ဈေးဆိုင်တန်းတွေ၊ ဆိုက်ကားဂိတ်၊ ကားဂိတ်တွေ၊ လဘက်ရည်ဆိုင်တွေမှာဆိုရင် ဆေးလိပ်ငွေ့တွေ ပျံ့နှုံ့နေတာပဲ။ အရက်သောက်တဲ့သူထက် ဆေးလိပ်သောက်တဲ့သူက ပိုများတယ် ညီမလေး။ ပြီးတော့ ဆေးလိပ်က ဘိန်းတွေ၊ အရက်တွေထက်တောင် မြန်မြန်စွဲနိုင်တယ်လေ။ အရက်တွေ၊ ဘိန်းတွေကမှ တကူးတက သွားဝယ်ရဦးမယ်။ ဆေးလိပ်ကိုကျတော့ လမ်းဘေးမှာကအစ လွယ်လွယ်နဲ့ ဝယ်လို့ရတော့ လူတွေ ဆေးလိပ်စွဲတာ ဘယ်လိုလုပ်ပြီး ထူးဆန်းတော့မလဲနော်။ စီးပွားရေးသမားတွေကလည်း ဆေးလိပ်ကြော်ငြာလှလှတွေနဲ့ လူတွေရဲ့ အာရုံစူးစိုက်မှုကို ရယူခဲ့ကြသေး တာပဲမလား။
.
ဆေးလိပ်သောက်တာဟာ မကောင်းဘူးဆိုတာကို လူတွေက မသိကြတာမဟုတ်ဘူးညီမလေး။ သိကြတယ်။ လက်တွေ့ကြုံဖူးကြတယ်။ ဒါပေမယ့် ဆေးလိပ်က သူတို့ကို လန်းလန်းဆန်းဆန်းဖြစ်စေတယ်၊ အာရုံစူးစိုက်မှုကိုကောင်း စေတယ်၊ စိတ်ကိုတည်ငြိမ်စေတယ်ဆိုပြီး အကြောင်း အမျိုးမျိုး ပြပြီး သောက်ကြတယ်လေ။ လူငယ်တွေထဲမှာလည်း ဆေးလိပ်သောက်တဲ့စတိုင်လ်လေးကို သဘောကျလို့ သောက်တတ်တဲ့လူငယ်လေးတွေရှိသလို စိတ်ဖိစီးမှုတွေရဲ့ ထွက်ပေါက်အနေနဲ့ သောက်တဲ့လူငယ်တွေလည်းရှိတာပဲ ညီမလေး။ တချို့လူကြီးတွေကျတော့ သူတို့သောက်မယ့်ဆေး လိပ်ကို ကလေးတွေကို မီးသွားညှိခိုင်းတတ်တယ်။ အဲဒါကို အစမ်းဖွာကြည့်ရင်းနဲ့ ဆေးလိပ်စွဲသွားတဲ့ ကလေးတွေ လည်း ရှိတာပေါ့။
.
ဆေးလိပ်သောက်ရင် အဆုတ်တွေ၊ လေပြွန်တွေပျက်စီးတယ်၊ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ပြဿနာ တွေကို ဖြစ်လာနိုင်တယ်ဆိုတာကို ညီမလေးလည်း ကြားဖူးမှာပေါ့။ ပြီးတော့ သူ့ကြောင့် လည်ချောင်း၊ ခံတွင်း၊ ဆီးအိတ်တွေ၊ သားအိမ်ခေါင်း၊ အစာရေမြို>ွပန်တွေမှာ ကင်ဆာတွေ ဖြစ်လာတတ်တယ်။ အရင်တည်းက နှလုံးရောဂါရှိ သူတွေ၊ ဆီးချိုသမားတွေဆိုရင်လည်း ဆေးလိပ်ကြောင့် ရောဂါပိုဆိုးရွားလာတယ်။ ဆေးလိပ် ငွေ့ဟာ အာရုံကြောတွေ ကို ပျက်စီးစေတယ်။ ဒီတော့ အရသာခံနိုင်စွမ်းတွေ၊ အနံ့ခံနိုင်စွမ်းတွေလျော့ကျလာတာပေါ့။ သွားတွေ၊ လက်ချောင်း တွေမှာလည်း အရောင်တွေပြောင်းလာတယ်။ ညိုညစ်ညစ်တွေဖြစ်လာတယ်။ သူတို့ဝတ်ဆင်တဲ့ အဝတ်အစားတွေ၊ ဆံပင်တွေမှာ ဆေးလိပ် နံ့တွေစွဲနေတယ် ဆိုတာကိုတော့ ကာယကံရှင်တွေက သတိပြုမိချင်မှ ပြုမိလိမ့်မယ် ညီမလေး။
.
မိဘတွေဟာ သူတို့ကလေးတွေ အုန်းပင်အောက်သွားဆော့လို့ အုန်းသီးခေါင်းပေါ်ကို ကြွေကျမှာကို စိုးရိမ်တတ်ကြတယ်။ အဲ..ဒါပေမယ့် သူတို့သောက်တဲ့ဆေးလိပ်ငွေ့ကြောင့် သူတို့ရင်သွေးငယ်တွေ အန္တရာယ် ဖြစ်မှာ ကိုတော့ တွေးပြီးမကြောက်ကြဘူးညီမလေး။ ကိုယ်ဝန်ဆောင်သည် မိခင်တစ်ယောက်ဟာ ဆေးလိပ်ကြောင့် ကိုယ်ဝန် ပျက်ကျနိုင်တယ်။ လမစေ့ဘဲကလေး မွေးတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးတာမျိုးတွေလည်း ဖြစ်နိုင်တယ်ညီမလေး။ အဲဒီလိုပဲ ဆေးလိပ်ငွေ့ရှိတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကလေးတွေဆိုရင် တခြားကလေးတွေထက် ကူးစက်ရောဂါ တွေကို ခံစားရတတ်တယ်။ နားပြည်ယိုတာ၊ အနာပေါက်တာမျိုးတွေ ပိုဖြစ်နိုင်တာပေါ့ ညီမလေးရယ်။
.
ဆေးလိပ်ကပေးလာတဲ့အန္တရာယ်တွေဟာ ဒီလောက်နဲ့တင် ရပ်သွားလားဆိုတော့ မရပ်ပြန်ဘူးညီမလေးရေ။ သူတို့က မမတို့ သောက်ကြတဲ့ ဆေးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆိုးရွားပြင်းထန်တဲ့အာနိသင်တွေကို ပေးတတ်တယ် ညီမလေး။ လူတယောက်ရဲ့ကျန်းမာရေးကို အထောက်အကူပြုဖို့ သုံးလိုက်တဲ့ဆေးတွေရဲ့အာနိသင်ဟာ ဆေးလိပ် ကြောင့် ပျက်စီးသွားတယ်။ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပိုပြီးဆိုးရွားသွားစေတယ် ဆိုတာကို ဆေးလိပ်သောက်တဲ့သူ တော်တော်များများက သတိမထားမိတတ်ကြဘူးလေ။
.
အဲဒီလိုမျိုး ဆေးလိပ်နဲ့ ဆေးဝါးတွေရဲ့ ဓါတ်ပြုမှုတွေအကြောင်းကို သုတေသန အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြတာ ညီမလေး။ မမတို့သောက်လိုက်တဲ့ ဆေးတွေကနေ တကယ့်အလုပ်လုပ်မယ့် ပစ္စည်းတွေအဖြစ်ပြောင်းလဲတဲ့နေရာမှာ ဆေးလိပ်က အနှောင့်ဖြစ်စေတယ်။ အဲဒီတော့ ဆေးတွေကနေ အာနိသင်ကောင်းကောင်းမပေးနိုင်တော့ဘူးပေါ့ ညီမလေးရယ်။ ပြီးတော့ ဆေးတွေကို စုပ်ယူတဲ့နေရာ၊ တနေရာကနေ တနေရာကို ပို့တဲ့နေရာ၊ စွန့်ထုတ်တဲ့ နေရာတွေမှာပါ အတားအဆီးတွေဖြစ်စေတယ်လေ။ ဆေးတွေကို ချေဖျက်ပေးမယ့် အင်ဇိုင်းတွေကို သူတို့က ပိုပြီးအားပေးတော့ ဆေးတွေ ပြိုကွဲမှုတွေမြန်လာတယ်။ ဆေးတွေရဲ့ တုံ့ပြန်မှုတွေပါ ပြောင်းလဲလာတာပေါ့။
အဲဒီအထဲက လူတိုင်းလိုလိုသိထားသင့်တဲ့ ဆေးနဲ့ ဆေးလိပ်ရဲ့အကြောင်းတွေကို ညီမလေးကို ပြောပြထားမယ်နော်။ ညီမလေးသိထားတော့ အနားပတ်ဝန်းကျင်ကလူတွေကို အကြံပေးလို့ရတာပေါ့။ ပထမဆုံး မမပြောပြချင်တာက ရင်ကျပ်ရောဂါမှာ သုံးတဲ့ဆေးတွေနဲ့ ဆေးလိပ်ရဲ့ဆက်စပ်မှု။ ရင်ကျပ်တတ်တဲ့လူတိုင်းလိုလို Theophylline & Aminophylline တို့နဲ့ ရင်းနှီးကြတယ် ညီမလေး။ သူတို့ကို ရင်ကျပ်ရောဂါကို ကုသဖို့သုံးကြတယ်။ ကြိုတင် ကာကွယ်ဖို့သုံးကြတယ်။ နာတာရှည်လေပြွန်ရောင်တာတွေ၊ လေအိတ်မှာ လေအောင်းပြီး ပျက်စီးတဲ့ဝေဒနာတွေကို သက်သာဖို့သုံးကြတယ်။
.
အဲဒီဆေးတွေဟာ ဆေးလိပ်သောက်တတ်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာတော့ အချိန်ကြာကြာမနေနိုင်ဘူး ညီမလေးရဲ့။ ဆေးလိပ်မသောက်တတ်သူတွေနဲ့နှိုင်းယှဉ်ရင် ဆေးလိပ်သောက်သူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဆေးပမာဏက သိသိသာသာကို လျော့နည်းနေတော့ အာနိသင်ကောင်းကောင်းမပြနိုင်ဘူးပေါ့။ အဲဒီတော့ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်တတ်သူတစ်ယောက်မှာ ရင်ကျပ်ရောဂါရှိနေရင် ဝေဒနာခံစားရတဲ့ သက်တမ်းက ပိုပြီးတာရှည်လာတယ် ညီမလေး။ အသက်ရှုလိုက်တိုင်း ဖားဖိုကြီးလို ရှိုက်ရှိုက်ရှုနေရတဲ့ ဦးလေးကြီး၊ အဒေါ်ကြီးတွေကိုမြင်ရင် မမလေ သိပ်ပြီး စိတ်မကောင်းဖြစ်မိတာပဲ။ ဆေးလိပ်ဖြတ်လိုက်တယ်ဆိုရင်တောင်မှ အဲဒီအာနိသင်က ၆ လကနေ ၃ နှစ်လောက်အထိ ကြာတတ်သေးတယ်ဆိုတော့ သတိပြုစရာပေါ့ညီမလေးရယ်။
.
နောက်တစ်မျိုးကကျတော့ သွေးပေါင်ကျဆေးတွေ၊ နှလုံးရောဂါသက်သာဖို့အတွက်သုံးကြတဲ့ဆေးတွေလေ။ Propranolol, Enalapril တို့လို ဆေးမျိုးတွေပေါ့။ အဲဒီလိုဆေးမျိုးတွေကို ဆေးလိပ်က တံမြက်စည်းလှဲသလို ဖယ်ထုတ်ပစ်တော့ ခန္ဓာကိုယ်ရဲ့ပြင်ပကို မြန်မြန်ပြန်ထွက်သွားရတယ်။ သွေးထဲမှာ ဆေးရဲ့အာနိသင်က လျော့နည်း နေတော့ ထိရောက်တဲ့ အာနိသင်မပေးနိုင်တော့ဘူးပေါ့ ညီမလေးရယ်။ ရုတ်တရက်နှလုံးရောဂါ ထဖောက် တတ်သူတွေ အတွက် အသုံးပြုတဲ့ဆေးတွေ၊ နှလုံးခုန်သံကို ထိန်းချုပ်ဖို့သုံးကြတဲ့ဆေးတွေ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အသုံးပြုတဲ့ဆေးတွေကိုလည်း ဒီလိုနည်းနဲ့ဖယ်ထုတ်ပစ်တော့ အရေးကြီးလို့ ဆေးသုံးမယ့် အခြေအနေတွေ အတွက် ဘယ်လိုလုပ်ပြီး အထောက်အကူ ပြုနိုင်တော့မလဲကွယ်။
.
ကိုယ်ဝန်တားဆေးသောက်နေရတဲ့သူတွေဆီမှာ ဆေးလိပ်ရဲ့တုံ့ပြန်ပုံကကျတော့ တမျိုးညီမလေးရဲ့။ တားဆေးတွေရဲ့ အာနိသင်ကို လျော့ကျသွား စေတာမဟုတ်ဘူး။ ကိုယ်ဝန်တားဆေးသောက်ရင်ကြုံတွေ့လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုပြီးဆိုးသွားစေတာညီမလေး။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ လေသင်တုန်း၊ လေဖြတ်တာမျိုးတွေ၊ သွေးကြောပိတ်တာမျိုးတွေပိုပြီးဖြစ်နိုင်လာတယ်။ ကင်ဆာအထိဖြစ်လာနိုင်တော့ သတိထားစရာ ပေါ့ညီမလေးရယ်။ သောက်လိုက်တဲ့ ဆေးလိပ်အရေအတွက်ရယ်၊ အသက်အရွယ်တွေပေါ်မူတည်ပြီး တချို့သူတွေမှာတော့ ခံစားရတာက အရမ်းပြင်းထန်တတ်တော့ ကိုယ်ဝန်တားဆေးသောက်နေတဲ့အမျိုးသမီးတွေဟာ ဆေးလိပ်ကို ရှောင်ဖို့လိုတာပေါ့။
.
ဆေးလိပ်ဟာ ဦးနှောက်နဲ့အာရုံကြောတွေကို သွားပြီးလှုံဆော်မှုပေးနိုင်တယ်။ ဒီတော့ စိတ်ငြိမ်စေဖို့၊ အိပ်ပျော် စေဖို့သုံးတဲ့ဆေးတွေရဲ့ အာနိသင်တွေ က လျော့ကျသွားတယ်ညီမလေး။ အအန်ပျောက်ဆေးတွေ၊ စိတ်ရောဂါအတွက် အသုံးပြုကြတဲ့ဆေးတွေ၊ အတက်ကျဆေးတွေကြောင့် ဖြစ်လာ နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သူတို့က ပိုပြီးဆိုးရွား သွားစေတယ်။ ဆေးလိပ်သောက်တဲ့လူတစ်ယောက်မှာအရေးပေါ်သွေးတိုးနေလို့၊ ဒါမှမဟုတ် ဖောရောင်နေလို့ ဆီးဆေး သုံးရတော့မယ်ဆိုရင်လည်း ဆီးဆေးရဲ့ အာနိသင်ကို အပြည့်အဝမရနိုင်ဘူးဆိုတော့ သတိထားစရာပေါ့ ညီမလေးရယ်။
.
ဆေးလိပ်သောက်တတ်သူတွေမှာ သတိထားရသေးတာက ဗီတာမင်တွေညီမလေး။ သူတို့တွေရဲ့ ခန္ဓာကိုယ် ထဲမှာ ဗီတာမင်တွေဟာ လွယ်လွယ်ကူကူနဲ့ ပျက်စီးသွားတယ်။ ပုံမှန်လူတွေထက် သူတို့က ၄ဝ ရာခိုင်နှုန်းလောက် ပိုပြီး လိုအပ်တတ်ကြတယ်လေ။ အဲဒါကိုသာ မဖြည့်ပေးနိုင်ရင် ခန္ဓာကိုယ်ထဲမှာ ဗီတာမင်တွေ ချို့တဲ့လာတယ်။ အဲဒါကနေ ဆက်စပ်ပြီး ကူးစက်ရောဂါဖြစ်တာ၊ အားအင်ချိနဲ့တာမျိုးကိုပါ ကြုံလာရတယ်။ ဆေးလိပ်ကြောင့် ဗီတာမင် ဘီ တွေဟာ ဆီးထဲကနေ အပြင်ကို မြန်မြန်ထွက်သွားတယ်။ ဒီတော့ ခြေလက်ထုံကျင်တာ၊ မမြဲတာမျိုးတွေကို ခံစားရတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်သူတွေဟာ တခြားသူတွေထက် ပိုပြီး ဝေဒနာတွေကို ခံစားရတတ်တယ်လို့ ဆိုကြတာပေါ့ ညီမလေး။
ဆီးချိုသမားတွေ ဆေးလိပ်သောက်ရင်ရော။ ဆေးလိပ်က အင်ဆူလင်တွေ စုပ်ယူမှုကို ဟန့်တားလိုက်တယ် ညီမလေး။ အင်ဆူလင်ကို ဖျက်ဆီးပေးမယ့်ပစ္စည်းတွေကို ထွက်ပေါ်စေတော့ အင်ဆူလင်က ကောင်းကောင်းအလုပ် မလုပ်နိုင်တော့ဘူး။ သွေးထဲက သကြားဓါတ်ကို ညီမျှအောင်ထိန်းရတာ ခက်လာတယ်။ အင်ဆူလင်ထိုးဆေးသုံးနေ ရတဲ့သူတွေမှာ ဆေးလိပ်ကြောင့် အင်ဆူလင်က အာနိသင်မပြနိုင်တော့ သွေးထဲမှာ သကြားဓါတ်က မကျနိုင်တော့ဘူး ပေါ့။ ဆီးချိုသွေးချိုကို ထိန်းချုပ်ရတာခက်သွားနိုင်တယ်လေ။
.
ဆေးလိပ်သောက်နေသူတွေဟာ မမပြောသွားတဲ့ဆေးတွေသောက်နေရတယ်ဆိုရင် အတော်ကို သတိထားရမှာပေါ့နော်။ ဆေးတွေကနေ ထိရောက်တဲ့ အာနိသင်ကို ပြည့်ပြည့်ဝဝမရနိုင်ဘူးဆိုတာကို အမြဲသိထားရမယ်။ ဆေးလိပ်သောက်တတ်သူတစ်ယောက်မှာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ရင်ကျပ်တာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေမယ်ဆိုရင် ဆေးသောက်တဲ့နေရာမှာ လုံးဝကိုမျက်ခြေပြတ်ခံလို့ကို မဖြစ်တော့ဘူး။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး ဆေးပမာဏ အတိုးအလျော့လုပ်ကြည့်ဖို့လိုတယ်။ တကယ်တော့ ညီမလေးရေ ကျန်းမာရေး ပြဿနာတွေ မဖြစ်ရအောင် ဆေးလိပ်ကို လုံးဝရှောင်သင့်တာမလား။
.
ညီမလေးရေ..ကိုယ့်ဘာသာကိုယ်ဆေးလိပ်သောက်ပြီး ရှုမိရင် အဲဒါကို Primary Smoking၊ တခြားသူ သောက်တာကို တဆင့်ခံ ရှုမိရင် Secondary Smoking၊ အဲ နောက်တစ်ခါ ကိုယ်ဝန်ဆောင်သည်မိခင်တစ် ယောက်က ရှုမိလို့ ဗိုက်ထဲက ကလေးကို ထိခိုက်မိရင် Tertiary Smoking။ တခြားသူအတွက် ကောင်းကျိုးမပေးသလို ကိုယ့်ကျန်းမာရေးအတွက် သောက်တဲ့ဆေးတွေကိုပါ ဟန့်တားလာတယ်ဆိုတော့ အတော့်ကို ရှောင်ရှားသင့်တဲ့အရာပေါ့။ အဲဒီလို ပိုက်ဆံကိုမီးရှို့ပြီး ရောဂါတွေကို ရှိုက်ရှိုက်ရှုနေကြတာကို မမတို့တွေက အတတ်နိုင်ဆုံးတားဆီးပေးရမယ်လေ။ ဒီတော့ ညီမလေးရေ ”ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေသည်” ဆိုတဲ့ စကားလုံးရဲ့နောက်မှာ ”ဆေးလိပ်သည် ဆေးဝါးများ၏အာနိသင်ကို သိသိသာသာ လျော့ကျစေပါသည်” လို့ သတိပေးလိုက်ကြပါစို့။
ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ
နှင်းနုလွင် (ဆေးဝါး)
စရဏ မဂ္ဂဇင်း (ဇန်န၀ါရီ၊ ၂၀၁၀)