သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ဗီတာမင်များ January 7, 2011

 

ကျွန်မတို့အားလုံးဟာ ဗီတာမင်ဆိုတဲ့စကားလုံးကို အတော်လေးကို အကျွမ်းတဝင်ရှိပါတယ်။ ကလေးဘဝကနေ ဘိုးဘိုးဘွားဘွားအရွယ်အထိ လိုအပ်နေတဲ့ ဗီတာမင်တွေကို သက်စောင့်ဓါတ်လို့ ဆိုကြပေမယ့် သူ့ရဲ့မူရင်း စကားလုံးဖြစ်တဲ့ ”ဗီတာမင်” ဆိုတဲ့ အခေါ်အဝေါ်ကိုပဲ စွဲနေကြပါတယ်။ လူတစ်ယောက်ရဲ့ ဘဝရှင်သန်မှု၊ ကျန်းမာရေးကောင်းမွန်မှု၊ ဖွံ့ဖြိုး တိုးတက်မှုကစပြီး ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်း၊ အခြေအနေတိုင်းအတွက် ဗီတာမင်တွေဟာ မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့တွေပါပဲ။ ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှုအတွက်တော့ သဘာဝကပေးလာတဲ့ လက်ဆောင်မွန်တွေ ဟာ ဗီတာမင်တွေ ပါပဲ။

~
ခန္ဓာကိုယ်ဟာ စက် ပစ္စည်းတစ်ခုသာဖြစ်မယ်ဆိုရင် ဗီတာမင်တွေဟာ Engine Oil ပါပဲ။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အလုပ်ပေါင်းများစွာ လုပ်ကိုင်နိုင်ဖို့အတွက် ဗီတာမင် ပမာဏ နည်းနည်းလေးစီကို မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီဗီတာမင်တွေသာ မရှိခဲ့ရင် ပုံမှန်လည်ပတ်ရမယ့် ခန္ဓာကိုယ်ဟာ ချွတ်ချော်တိမ်းစောင်းလာပါတယ်။ အစားအစာတွေကို ဖြိုခွဲချေဖျက်ပြီး အလုပ်လုပ်ဖို့လိုအပ်နေတဲ့ စွမ်းအင်တွေယူဖို့၊ တစ်သျှူးတွေဖြစ်ပေါ်ဖို့အတွက် လူတိုင်းဟာ ဗီတာမင်ြ<ွကယ်ဝတဲ့အစားအစာတွေကို မဖြစ်မနေစားသုံးပေးဖို့ကို လိုအပ်ပါတယ်။
~


ဗီတာမင်အုပ်စုများ

ဗီတာမင်ကြယ်ဝတဲ့အစားအစာတွေကို များများစားသောက်တဲ့သူတွေဟာ ကျန်းမာရေးကောင်းမွန်ကြပြီး အနည်းငယ်ပဲ စားသုံးသူတွေကတော့ နေမကောင်းဖြစ်လွယ်ကြပါတယ်။ လူတွေအတွက် အရေးပါတဲ့ အဲဒီဗီတာမင်တွေမှာ အဆီထဲမှာ ပျော်ဝင်တဲ့ (Fat Soluble Vitamins) အုပ်စုနဲ့ ရေထဲမှာတော့ ပျော်ဝင်တဲ့ (Water Soluble Vitamins) အုပ်စုဆိုပြီး ၂ စု ရှိပါတယ်။ အဆီထဲမှာပျော်ဝင်တဲ့ Vitamin A, D, E နဲ့ K တို့ပါဝင်ပြီး ရေထဲမှာပျော်ဝင်တဲ့ ဗီတာမင်တွေထဲမှာတော့ Vitamin C & B အုပ်စု တို့ပါဝင်ကြပါတယ်။
~
ဗီတာမင်တွေကို သဘာဝအသီးအနှံတွေ၊ အသားငါး၊ ပဲအမျိုးမျိုးကနေ ရတယ်ဆိုတာကို ကျွန်မတို့တွေ အကြမ်း ဖျင်းသိကြပါတယ်။ ဒီထက်ပိုပြီး တိတိကျကျပြောရရင် Vitamin A ဆိုရင် ငါးကြီးဆီ၊ အသည်းတွေကနေရမယ်။ အစိမ်းရောင်အရွက်တွေ၊ အဝါရောင် အသီးအနှံတွေကဆိုရင် Carotenoid အနေနဲ့ရနိုင်ပြီး ခန္ဓာကိုယ် ကလိုအပ်တဲ့ အချိန်ရောက်ရင် Vitamin A တွေ အဖြစ်ပြောင်းလဲသွားတယ်။ Vitamin D ကိုတော့ နေရောင်ခြည်ကရတဲ့ ဗီတာမင် လို့ ပြောလို့ရပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ Vitamin D ဟာ နေရောင်ခြည်နဲ့ ထိတွေ့ပြီးရင် အလုပ်လုပ်နိုင်တဲ့ဗီတာမင် ဖြစ်သွားပါတယ်။ ကလေးငယ်တစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီတွေကို သူတို့ရဲ့ပါး ၂ဘက် နေရောင်နဲ့ မိနစ် ၂ဝ လောက် ထိတွေ့မှုရှိရင် ရနိုင်ပါတယ်။ အစားအစာတွေထဲမှာလည်း ငါးကြီးဆီ၊ ဥအမျိုးမျိုး၊ ထောပတ်တွေ ကနေ လည်း ရနိုင်ပါသေးတယ်။
~
Vitamin E ကိုတော့ အစေ့အဆန်တွေမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဗာဒံစေ့ဟာ Vitamin Eြွကယ်ဝတဲ့ အစားအစာတမျိုးဖြစ်ပေမယ့် လှော်လိုက်တဲ့အချိန်မှာတော့ ၈ဝ ရာခိုင်နှုန်းဆုံးရှုံးသွားတယ်လို့ ဆိုကြပါတယ်။ ဥအနှစ်၊ နို့ နဲ့ တခြားအစားတွေမှာလည်း ပမာဏအနည်းငယ် ရှိတတ်ပါတယ်။ သွေးတိတ်စေတဲ့ အာနိသင်ရှိတဲ့ Vitamin K ကိုတော့ အစိမ်းရင့်ရောင်အရွက်တွေ၊ ဝက်အသည်း၊ ပဲပိစပ်တွေမှာ တွေ့ရတတ်ပါတယ်။ အဲဒီလိုပဲ Vitamin B 1 ဆိုရင် ကောက်ပဲသီးနှံ၊ Vitamin B2 ဆိုရင် ပဲအမျိုးမျိုး၊ Vitamin B3 က အစိမ်းရောင်အရွက်တွေကနေ ရနိုင်ပါတယ်။
~


Vitamin C ကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီတာမင် တမျိုးပါပဲ။ သက်ရှိတွေရဲ့ ခန္ဓာကိုယ် ထဲမှာ သူ့ကို ထုတ်လုပ်ပေးနိုင်ပေမယ့် လူတွေရဲ့ ခန္ဓာကိုယ်ထဲကနေတော့ မထုတ်လုပ်နိုင်ပါဘူး။ ဗီတာမင်စီနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်သူတစ်ယောက်ကတော့ သူတို့ကို ခန္ဓာကိုယ်က တစ်ကြိမ်ထုတ်ပေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဗီတာမင်စီြ<ွကယ်ဝတဲ့ တခြားအသီးအရွက်တွေကို စားလိုက်တဲ့အချိန်မှာ သူတို့က ဆုံးရှုံးသွားတယ်လို့ ဆိုကြပါတယ်။ ဗီတာမင် စီကြယ်ဝတဲ့အစားအသောက်တွေကို ပုံမှန်စားသောက်ပေးရင် နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်နိုင်ချေတွေ သိသိသာသာကို လျော့ကျသွားနိုင်ပါတယ်။
~

ှဗီတာမင်ချို့တဲ့ခြင်း

ဗီတာမင်ချို့တဲ့မှုတွေကြောင့် နာမကျန်းမှု အမျိုးမျိုးကို ခံစားရတတ်ပါတယ်။ Vitamin A ချို့တဲ့ရင် အမြင်အာရုံ ချို့တဲ့မှုတွေ ဖြစ်နိုင်တယ်။ အသားအရေတွေ မလှမပဖြစ်လာမယ်။ Vitamin B အုပ်စု တွေချို့တဲ့ရင် သွေးနီဥဖြစ်ပေါ်မှုမှာ ပြဿနာရှိလာသလို အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါတွေ၊ အစားအစာတွေကို ချေဖျက်တဲ့နေရာတွေမှာ အခက်အခဲတွေရှိ လာတယ်။ Vitamin B3 ချို့တဲ့ရင် အဖုအပိန့်ထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ ပါးစပ်မှာ အနာပေါက်ခြင်းတို့ကို ခံစားရတတ်ပါတယ်။
~
ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးတဲ့ Vitamin D သာ ချို့တဲ့ခဲ့ရင် အရိုးပျော့တဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဆဲလ်တွေ၊ အရေပြားတည်မြဲမှုကို အားပေးတဲ့ Vitamin E သာ ချို့တဲ့မှုကြောင့် အရွယ်ကျတာမျိုးကို ကြုံတွေ့ရတတ် ပါတယ်။ Vitamin C သာချို့တဲ့ခဲ့မယ်ဆိုရင် Scurvey လို့ခေါ်တဲ့ ရောဂါဖြစ်နိုင်ပြီး သွေးအားနည်းခြင်း၊ အားအင်ချိနဲ့ခြင်း၊ သွားဖုံးမှသွေးယိုခြင်း၊ သွေးထွက်လွန်ခြင်းတို့ကိုခံစား ရတတ်ပါတယ်။ လတ်ဆက်တဲ့ အသီးအရွက်တွေကို စားသုံးပေးရင် ခံစားနေရတဲ့ အခြေအနေတွေကနေ ပြန်ကောင်းနိုင်ပါတယ်။
~
အဲဒီလိုအစားအသောက်တွေကနေ ရလာတဲ့ ဒီလိုဗီတာမင်တွေ ချို့တဲ့မှုဖြစ်ရတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ အစားအစာတွေကို လုံလောက်လောက်မစားတာကြောင့် ဖြစ်နိုင်သလို စားတဲ့အစာထဲမှာပါဝင်တဲ့ ဗီတာမင်တွေ ပျက်စီး သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ှဗီတာမင်များ ပျက်စီးခြင်း

သံနဲ့အောက်ဆီဂျင်ဓါတ်ပြုလို့ သံချေးတက်တဲ့အခါမှာ အဲဒီသံတွေပျက်စီးသွားသလိုပါပဲ။ အသီးအနှံတွေထဲမှာပါတဲ့ ဗီတာမင်တွေဟာ အောက်ဆီဂျင်နဲ့ ဓါတ်ပြုမှုဖြစ်ပွားတဲ့အခါမှာ အလွယ်တကူပျက်စီးသွားပါတယ်။ အပူကြောင့် ပျက်စီး တတ်သလို အစားအသောက်တွေကို ကြာရှည်ခံအောင်စီစဉ်ထားခြင်းကလည်း ဗီတာမင်တွေ ဆုံးရှုံးမှုဖြစ်စေတဲ့ အချက် တစ်ချက်လို့ သတ်မှတ်လို့ရပါတယ်။ အချဉ်ဖောက်ခြင်း၊ ဆားရေစိမ်ခြင်း၊ သနပ်လုပ်ခြင်း၊ ဆားဖြင့်ထပ်ထားခြင်းတို့ကြောင့် ဗီတာမင်တွေ ဆုံးရှုံးသွားပါတယ်။ ပဲအမျိုးမျိုးအပါအဝင် အသီးအရွက် တွေမှာပါဝင်တဲ့ ဗီတာမင်တွေဟာ စည်သွပ်ဗူးထဲမှာ ထည့်လိုက်ရင် ငါးဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဆုံးရှုံးသွားပါတယ်။
~
သဘာဝကပေးလာတဲ့ အသီးအရွက်တွေထဲမှာ ပါတဲ့အတိုင်း အပြည့်အဝရတယ်ဆိုတဲ့ ဗီတာမင်ဟာ အတော့်ကို ရှားပါတယ်။ အစားအသောက်တွေ ကို ပိုးသတ်ပြီးသန့်စင်တဲ့နေရာမှာလည်းညွှန်ကြားချက်တွေကိုသာ စနစ်တကျ မလိုက်နာ ရင် ဗီတာမင် တွေဟာ ၃ဝ-၅ဝ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပါတယ်။ ဆန်စပါးတွေကို ကြိတ်ခွဲခြင်းဖြင့် သူတို့မှာပါတဲ့ ဗီတာမင်တွေဟာ ဆုံးရှုံးကုန်ပါတယ်။ အက်ဆစ်ဓါတ်မြင့်မားတဲ့ အခြေအနေ၊ ထုံးဓါတ်မြင့်မားတဲ့အခြေအနေတွေ၊ အလင်းရောင်ထိတွေ့မှု၊ သိမ်းဆဲထားတဲ့ သက်တမ်းတို့ပေါ်မူတည်ပြီး ပျက်စီးသွားတတ်ပါတယ်။
~
အဲဒီအခြေအနေတွေအပြင် ဗီတာမင်တစ်ခုချင်းစီအလိုက် ပျက်စီးသွားရတဲ့ အကြောင်းအရင်းတွေကလည်း သီးခြားရှိနေပါတယ်။ အောက်ဆီဂျင်ရှိနေတဲ့အချိန်မှာ အပူများရင် Vitamin A တွေပျက်စီးသွားတတ်ပါတယ်။ Vitamin B1 ကတော့ အပူနဲ့ ထိတွေ့မှု၊ ထုံးဓါတ်၊ ဆာလဖိတ်တို့ကြောင့်လည်း ပျက်စီးသွားတတ်ပါတယ်။ Vitamin B2 ကတော့ အလင်းရောင်ထိတွေ့မှုကြောင့် ပျက်စီးသွားနိုင်ပြီး အထူးသဖြင့် အယ်ကာလီသဘာဝရှိတဲ့အချိန်ဆို ပိုပြီးမြန်နိုင်ပါတယ်။ Vitamin B6 ကတော့ အပူနဲ့ထိတွေ့မှုရှိရင် အာနိသင်မဲ့သွားနိုင်သလို နေရောင်ခြည်၊ လေတို့ကြောင့်လည်း အာနိသင်မရှိ ဖြစ်သွားတတ်ပါတယ်။
~
ပူနွေးတဲ့ ထုံးဓါတ်၊ အက်ဆစ်ဖျော်ရည်တို့နဲ့ထိတွေ့မှုရှိရင် Vitamin B12 က မတည်မြဲတော့ပါဘူး။ အချဉ်ဓါတ်များတဲ့ အချိန်မှာ အပူနဲ့ထိတွေ့မှုရှိရင် ဖောလစ်အက်ဆစ်တွေ ပျက်စီးသွားရသလို အစားအသောက်ထဲမှာရှိတဲ့ ဖောလစ်အက်ဆစ်တွေကတော့ အခန်း အပူချိန်မှာပဲ ပျက်ဆီးသွားတတ်ပါတယ်။ Vitamin Cကတော့ အောက်ဆီဂျင်နဲ့ ပေါင်းပြီး ဓါတ်တိုးရာကနေ အလွယ်တကူပျက်စီးသွားတတ်ပါတယ်။ အပူကတော့ အဲဒီဓါတ်ပြုမှုကို မြန်စေတာကြောင့် ချက်ပြုတ်ခြင်းဖြင့် Vitamin C တွေဟာ ဆုံးရှုံးသွားပါတယ်။
~
အဲဒီဗီတာမင်တွေထဲမှာ မဖြစ်မနေဖြည့်စွက်စားပေးဖို့လိုအပ်တာကတော့ Vitamin B12 ပါပဲ။ အသီးအရွက် တွေကိုသာ ဦးစားပေးစားသောက်သူ၊ သက်သက်လွတ်စားသူများတွင်သာ Vitamin B12 ချို့တဲ့တယ်လို့ လူတွေက ထင်ကြပေမယ့်လည်း တခြားသူတွေမှာပါ ဖြစ်နိုင်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ Vitamin B12 ချို့တဲ့မှုဟာ သွေးထဲမှာ Homocystine တွေမြင့်တက်မှုနဲ့ ဆက်စပ်နေပါတယ်။ Homocystine တွေသာ သွေးထဲမှာ များနေရင် သွေးကြောတွေ၊ အာရုံကြောတွေပျက်စီးပြီး ကျန်းမာရေးကိုထိခိုက်လာပါတယ်။ Vitamin B12 ချို့တဲ့မှုကြောင့် ခြေလက်များ ထုံကျင်ခြင်း၊ ဥာဏ်ရည်နိမ့်ကျခြင်း၊ စိတ်နေစိတ်ထားပြောင်းလဲခြင်း၊ တွေဝေခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။ Vitamin B12 ချို့တဲ့လို့ ဖြစ်လာတဲ့ အာရုံကြောပျက်စီးမှုတွေဟာ တခါတလေမှာတော့ ပြန်မကောင်းနိုင်တော့ပါဘူး။
~

ဗီတာမင်များ ဖြည့်စွက်ခြင်း

အဲဒီလို ချို့တဲ့မှုတွေကို ကာကွယ်ဖို့အတွက် ကျွန်မတို့တွေဟာ ဖြည့်စွက်အစားအစာတွေ၊ အားဆေးတွေကို အားထားလာခဲ့ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် နေထိုင်မှုပုံစံကွဲပြားမှုပေါ်မူတည်ပြီး ဗီတာမင်လိုအပ်မှုဟာ မတူညီနိုင်တာကြောင့် ဖြည့်စွက်သောက်သုံးတဲ့နေရာမှာ သတိထားရတဲ့အချက်တွေ ရှိနေပါတယ်။ အသက် ၅ဝနဲ့ အထက်လူကြီးတွေဆိုရင် အစားအသောက်ထဲမှာပါတဲ့ Vitamin B12ကို ကောင်းကောင်းမစုပ်ယူနိုင်တာကြောင့် သူတို့သောက်မယ့် အားဆေးတွေမှာ Vitamin B12 ကို ထည့်ပေးရမယ်။ အသက်ကြီးတဲ့သူတွေ၊ အသားအရမ်း ညိုတဲ့သူတွေ၊ နေရောင်ခြည်နဲ့ ထိတွေ့မှုအရမ်းနည်းတဲ့သူတွေကျတော့ Vitamin D ပါတဲ့ဖြည့်စွက်အားဆေးတွေကို သောက်ပေးဖို့လိုတယ်။ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေမှာတော့ သံဓါတ်၊ ဖောလစ်အက်ဆစ်တို့ကို ဦးစားပေးရပါလိမ့်မယ်။ ဒါပေမယ့် သုတေသနပြုလုပ်တဲ့သူတွေကတော့ တချို့သူတွေမှာ ဗီတာမင်ဟာ လိုအပ်တာထက် ပိုများနေတယ်လို့ ဆိုကြပါတယ်။
~
ရေထဲမှာ ပျော်ဝင်တဲ့ဗီတာမင်တွေဟာ လိုအပ်တဲ့ပမာဏထက် ပိုများခဲ့ရင် သူတို့ဟာ ဆီးကနေ တဆင့် အပြင်ကို ထွက်သွားပြီး လူတွေကို အန္တရာယ်တစ်စုံတစ်ရာမဖြစ်စေပါဘူး။ အဆီထဲမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေကိုတော့ အသည်းနဲ့ အဆီတစ်သျှူးတွေမှာသိမ်းထားပြီး ခန္ဓာကိုယ်က လိုအပ်တဲ့အချိန်ကျမှ ထုတ်ယူသုံးစွဲကြပါတယ်။ ဒါကြောင့် သူတို့ပါတဲ့ အစားအသောက်တွေကို တစ်ပတ်လောက်မစားပေမယ့်လည်း သူတို့ဟာ ချို့တဲ့နေတဲ့ လက္ခဏာတွေကို မပြတတ်ပါဘူး။ ဒါပေမယ့် သိုလှောင်ထားတာဟာ များသွားရင်တော့ သူတို့ဟာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။
~
ဗီတာမင် အေ၊ ဒီနဲ့ ကေ တို့ကို အလွန်အကျွံစားရင် အသက်အန္တရာယ်ဖြစ်စေတတ်ပါတယ်။ အသီးအရွက်တွေကို အလွန်အကျွံစားတဲ့ လူတစ်ယောက်မှာတော့ Vitamin A လွန်ကဲမှု တွေ့ရခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပင်အနှံ တွေကနေရတဲ့ Carotenoid တွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ အချိန်ရောက်မှသာ Vitamin A အဖြစ်သို့ ပြောင်းလဲ သွားနိုင်ပါတယ်။ ဒါကြောင့် အူကလီစာ စားတဲ့သူတစ်ယောက်ဟာ Vitamin A လွန်ကဲနိုင်ပေမယ့် အသီးအရွက် ကြောင့်တော့ အသက်အန္တရာယ် ဖြစ်တယ်ဆိုတာ အတော့်ကိုရှားပါတယ်။
~
ဗီတာမင်တွေဟာ တခုနဲ့တခု ဆက်စပ်မှုရှိနေပါတယ်။ ဥပမာပြောရရင် Vitamin A, D နဲ့ E တို့ဟာ တစ်ခုကို တစ်ခု ဆန့်ကျင်နိုင်ကြတာကြောင့် ဗီတာမင်တွေများသွားတဲ့အခြေအနေတွေကို ကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။ Vitamin A များနေတဲ့သူတစ်ယောက်ကို Vitamin D ဖြည့်စွက်အားဆေးတွေ တိုက်ပေးနိုင်ပါတယ်။ Vitamin D များနေတဲ့သူတွေဆိုရင်လည်း Vitamin A ဖြည့်စွက်အားဆေးတွေ တိုက်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် တွေ မြင့်တက်နေရင် Vitamin A တွေဆုံးရှုံးသွားနိုင်ပါတယ်။ မဂ္ဂနီဆီယမ်တွေသာ များနေရင် Vitamin D တွေ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် မိမိမှာ ဘယ်ဟာက ချို့တဲ့နေတာလဲဆိုတာကို ကွဲကွဲပြားပြားမသိဘဲနဲ့ ဖြည့်စွက်ဆေးတွေ၊ အစာတွေကိုသာသုံးမိရင် ခန္ဓာကိုယ်ထဲမှာ မညီမျှမှုတွေဖြစ်နိုင်ပါတယ်။
~
လူတစ်ယောက်ဟာ နေမကောင်း မဖြစ်တာနဲ့ပဲ ကျန်းမာနေတယ်လို့ သတ်မှတ်လို့မရသေးပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် ကြီးကို ထိန်းထားနိုင်ဖို့ ပြည့်ဝတဲ့အာဟာရကို လိုအပ်နေပါတယ်။ ပြီးပြည့်စုံတဲ့ အာဟာရဖြစ်ဖို့အတွက် ကစီဓါတ်၊ အသား ဓါတ်၊ အသီးအနှံ၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကို ညီညီမျှမျှ စားပေးဖို့လိုပါတယ်။ အသက်အရွယ်အလိုက် ဖြည့်စွက် ပေးဖို့ လိုအပ်တဲ့အခြေအနေတွေကိုလည်း မျက်ခြေဖြတ်ထားလို့မရဘူး။ အဲဒီလို ဖြည့်စွက်အားဆေး၊ အစားအစာတွေကို စားသုံးမယ်ဆိုတိုင်း မိမိနဲ့သင့်တော်တဲ့အမျိုးအစား၊ ပမာဏဟုတ်၊ မဟုတ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီကနေ အကြံ ဥာဏ်ယူဖို့ကိုလည်း အမြဲသတိချပ်သင့်ပါတယ်။
~

Nwe Lah Hnin@hninnulwin
Health For All Magazine
January, 2011

 

စိတ်ကျရောဂါနှင့် ကြုံတွေ့လာလျှင်… November 26, 2010

စိတ်ကျရောဂါဟာ အံ့သြဖို့ကောင်းလောက်အောင်ကို အဖြစ်များတဲ့ပြဿနာပါပဲ။ အရွယ်ရောက်ပြီးတဲ့သူတွေ ထဲက ငါးယောက်မှာ တစ်ယောက် လောက်ဟာ သူတို့ဘဝသက်တမ်းတစ်လျှောက်မှာ စိတ်ကျရောဂါကို ခံစားဖူးတဲ့သူတွေ ချည်းပါပဲ။ စိတ်ကျရောဂါဖြစ်ပွားမှုဟာ အခုနောက်ပိုင်း နှစ်တွေမှာ ပိုများလာပါတယ်။ တိုးတက်လာတဲ့ အခြေအနေတွေ မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ဖိစီးမှုတွေ ပိုများလာတာနဲ့အမျှ စိတ်ဓါတ်ကျတဲ့ ဝေဒနာက ပိုတိုးလာပါတယ်။ ဒီရောဂါကို အသက်အရွယ်မရွေးကြုံတွေ့ရတတ်ပြီး အမျိုးသားတွေ ထက်စာရင် တော့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေက ၂ ဆပိုများပါတယ်။ ကလေးငယ်တွေ၊ ဆယ်ကျော်သက်အရွယ်တွေမှာလည်း စိတ်ကျရောဂါဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုလည်း ကျွန်မတို့ မေ့ထားလို့မရပါဘူး။

.

အကြောင်းအရာများ

စိတ်ကျရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ အများကြီးပါပဲ။ တစ်စုံတစ်ရာကိုဆုံးရှုံးရချိန်၊ ဝမ်းနည်း ကြေကွဲမှုတွေကို ကြုံတွေ့ရချိန် မျိုးမှာဆိုရင် စိတ်ကျဝေဒနာကို ခံစားရတတ်သလို အကြောင်းအရင်းတိတိကျကျ ရှာလို့ မရပေမယ့် ဦးနှောက်ထဲမှာရှိတဲ့ (Chemicals) တွေ ပြောင်းလဲမှုကြောင့်လည်း (Endogenous Depression) ဖြစ်ပေါ် တတ်ပါတယ်။ အရမ်းဆိုးရွားလာတဲ့အချိန်မှာ စိတ်နေစိတ်ထား မမှန်တော့သလို အဖြစ်အပျက်တစ်ခုကို အမှန်၊ အမှားသေချာခွဲခြားသိနိုင်တော့မှာ မဟုတ်ပါဘူး။ လူတစ်ယောက်မှာ စိတ်ကျရောဂါရှိနေလား ဆိုတာကို ကြိုတင်ပြီး ခြေရာခံမိနိုင်ဖို့၊ အချိန်မှီကုသနိုင်ဖို့ အရေးကြီးပါတယ်။ မကုသဘဲနဲ့ထားလိုက်မိရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှု၊ လူမှုဆက်ဆံရေးပြောင်းလဲမှုများကို ဆက်လက်ပြီး ကြုံတွေ့နိုင်တာကြောင့် သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးဖို့၊ အကြံပြုဆွေးနွေးပေးဖို့လိုအပ်ပါတယ်။

.

သတိထားသင့်သော လက္ခဏာများ

စိတ်ကျရောဂါဟာ ပုံစံအမျိုးမျိုးနဲ့ ရောက်လာနိုင်ပါတယ်။ ဘဝမှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲ အဖြစ်အပျက်တွေနဲ့ ရုတ်တရက်ကြုံတွေ့ရတဲ့ အချိန်မှာ စိတ်ကျရောဂါကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ အကြောင်းပြချက်တိတိကျကျမရှိဘဲနဲ့ တဖြည်းဖြည်းချင်းဝင်ရောက် နေတတ်ပါတယ်။ အဲဒီပုံစံ၂ မျိုးစလုံးမှာ ကြုံတွေရ မယ့် လက္ခဏာတွေကတော့ သိသာထင်ရှားပါတယ်။ ကျွန်မတို့ အနီးပတ်ဝန်းကျင်က မိတ်ဆွေ တွေဟာ ပုံမှန်လုပ်နေကျ အလုပ်တွေကို စိတ်ပါဝင်စားမှုနည်းလာမယ်၊ ဝမ်းနည်းလွယ်မယ်၊ ထက်ထက်မြက်မြက်မရှိတော့ဘူး၊ အသက်ရှင် နေရတာ မထိုက်တန်ဘူးလို့ ထင်မြင်လာမယ်ဆိုရင် စိတ်ကျရောဂါရှိနေလားဆိုတာကို သတိထားပေးဖို့လိုပါလိမ့်မယ်။

.

အာရုံစူးစိုက်မှုလျော့နည်းလာခြင်း၊ ဥာဏ်ရည်လျော့နည်းခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း တို့ကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ အရမ်းဆိုးရွားလာတဲ့အခြေအနေမျိုးမှာဆိုရင် ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မိမိကိုယ့်ကို သေကြောင်းကြံစည်လိုတဲ့ အတွေးအခေါ်တွေပေါ်လာခြင်း၊ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းတို့ကို တွေ့နိုင်ပါတယ်။ သူတို့မှာစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရှိရုံသာမက ညဘက်အိပ်မပျော်ခြင်း၊ နံနက်ဘက် စောစောနိုးနေခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ အမြဲလိုလို နုံးနေခြင်း တို့လိုမျိုး ရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေပါရှိလာပါတယ်။ တချို့ဆိုရင် ရောဂါတစ်စုံတစ်ရာမရှိဘဲနဲ့တောင် ရောဂါစွဲကပ် နေတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။

.

စိတ်ဓါတ်ကျလိုက်၊ ကြွလိုက်ဖြစ်နေတဲ့သူတွေမှာတော့ လူနာတွေဟာ စိတ်ဓါတ်ကျနေပြီး တချိန်တည်းမှာပဲ စိတ်ဓါတ်တက်ကြွလွန်းတဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။ အထူးသဖြင့် စိတ်ကြီးဝင်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ စကားမြန်မြန်ပြောခြင်း၊ အိပ်ချိန်နည်းလာခြင်း၊ စကားပြောဆိုရာမှာ ချိုချိုသာသာမပြောခြင်းတို့ကို ကြုံတွေ့လာနိုင်ပါ တယ်။ ကလေးမီးဖွားပြီးချိန်မှာ စိတ်ဓါတ်ကျတာကိုတော့ အမျိုးသမီး ၁၅ ရာခိုင်နှုန်းမှာတွေ့ရတတ်ပြီး မီးဖွားပြီး ၂ နှစ် လောက်အထိ ကြာတတ်ပါတယ်။ အဲဒီအမျိုးသမီးတွေမှာတော့ သီးခြားနေထိုင်လိုခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ ကလေးငယ်နှင့် ခပ်ခွါခွါနေခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။

.

ပြုစုစောင့်ရှောက်ခြင်း

စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာဟာ တော်တော်တော့ မလွယ်ပါဘူး။ သူတို့ကို ဂရုတစိုက်လုပ်ပေးရင် အချိန်ကြာလာတာနဲ့အမျှ အံ့သြဖို့ကောင်းတဲ့ ရလဒ်ကောင်းတွေကို ရလာနိုင်ပေမယ့် စလုပ်လုပ်ချင်းမှာတော့ အခက်အခဲတွေကို အတော်ကို ကြုံတွေ့ရနိုင်ပါတယ်။ သူတို့ကို ကူညီပေးနေတယ်လို့လည်း အသိအမှတ်မပြုပါဘူး။ ဒါကြောင့် သူတို့ကို ပြုစုစောင့်ရှောက်တော့မယ်ဆိုရင် စိတ်ရှည်သည်းခံဖို့လိုအပ်သလို ခိုင်မာတဲ့ ဇွဲလုံ့လရှိဖို့လည်း လိုအပ်ပါတယ်။

.

သူတို့ကို ပုံမှန်အနေအထားအတိုင်းပြန်လည်ရောက်ရှိစေဖို့ ကြိုးစားတဲ့အခါမှာ အနားပတ်ဝန်းကျင်ကနေ ကူညီဖေးမမှုတွေပေးတာဟာ အဲဒီလူရဲ့ ဘဝကို ကယ်တင်နိုင်တဲ့အခြေခံအကြောင်းအရာတွေပါပဲ။ လူနာတစ်ယောက် အနားမှာ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ၂၄ နာရီလုံးစောင့်ကြပ် ကြည့်ရှုနိုင်မှာ မဟုတ်တာကြောင့် အိမ်သူအိမ်သား များအနေနဲ့ လူနာမှာ ဘာတွေပြောင်းလဲလာသလဲ၊ ဘယ်လိုတိုးတက်မှုတွေရှိနေလဲဆိုတာကို သေချာစောင့်ကြပ် ကြည့်ရှုဖို့လိုပါတယ်။

.

ကြုံတွေ့နိုင်တဲ့ အခက်အခဲများ

စိတ်ကျရောဂါဟာ တခြားကျန်းမာရေးပြဿနာတွေနဲ့ အတော်ကိုကွာခြားမှုတွေ ရှိနေပါတယ်။ ဝေဒနာခံစား နေရတဲ့သူတွေဟာ သူတို့အခြေအနေမှန်ကို ပြောပြပြီး အကူအညီတောင်းခံတယ်ဆိုတာ အတော်ကိုနည်းပါတယ်။ စိတ်ကျရောဂါဝင်နေတဲ့သူတစ်ယောက်ဟာ သူတို့ကိုယ်သူတို့အပြစ်ရှိသူတစ်ယောက်လို စိတ်ထဲမှာ အခိုင်မာစွဲထင်နေပြီး သူတို့ကိုယ် သူတို့တန်ဖိုးမဲ့သူများလို့ ထင်မြင်နေကြပါတယ်။ သူတို့ကိုယ်သူတို့ယုံကြည်မှုလျော့နည်းလာကြသလို သူတို့ လုပ်နေကျ ပုံမှန်အပြုအမူတွေကို စိတ်ပါဝင်စားမှုလျော့နည်းလာပါတယ်။

.

အဲဒီလို စိတ်ခံစားမှုတွေကနေ မိသားစုအသိုင်းအဝိုင်းကနေ သီးခြားခွဲထွက်နေလိုခြင်း၊ ကက်သီးကက်ဖဲ့ လုပ်ခြင်း၊ မှုန်တေတေလက္ခဏာတို့ကို ကြုံတွေ့ရတတ်တာကြောင့် သူတို့တွေနဲ့ လိုက်လျောညီထွေအောင် နေတတ်ဖို့က အတော်ကို ခက်ခဲပါတယ်။ ကျွန်မတို့ပေးလိုက်တဲ့အကူအညီတွေ၊ အထောက်အကူတွေကို လက်မခံတာမျိုးကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ စိတ်ကျရောဂါနဲ့ပတ်သက်ပြီးကြုံတွေ့လာမယ့် လက္ခဏာတွေကို ကောင်းကောင်း နားလည်ထားမယ်၊ သူတို့နဲ့သင့်တော်အောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေကို သိထားရင်တော့ သူတို့ရဲ့ပြဿနာ တွေကို ကူညီဖြေရှင်းပေးရတာ အတော်ကို အဆင်ပြေသွားပါလိမ့်မယ်။

.

စကားပြောဆိုရာမှာ သတိထားပါ

”ဝမ်းနည်းမနေပါနဲ့။ မင်းအသက်ရှင်ဖို့ တခြားအရာတွေအကုန်လုံးကျန်နေပါသေးတယ်” ဆိုတဲ့စကားလို စေတနာနဲ့ပြောတဲ့စကားတွေ၊ ”ဒါလောက်လေးတောင် အိနြေ္ဒမဆည်နိုင်ဘူးလား၊ စိတ်ညစ်ခံမနေစမ်းပါနဲ့” ဆိုတာလိုမျိုး စာနာစိတ်မဲ့တဲ့စကားတွေ အားလုံးဟာ သူတို့ကို အထောက်အကူမပြုနိုင်ပါဘူး။ လူတိုင်းဟာ စိတ်ညစ်ရမယ့်အကြောင်း အရာမျိုးတွေကို တယုတယမွေးမြူထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ဟာ စိတ်ညစ်ခံမနေပါနဲ့ ဆိုတဲ့စကားကို လိုက်နာဖို့တော့ အတော်ကို ခက်ခဲပါလိမ့်မယ်။ သူတို့ဘာသာသူတို့ ပျော်ရွှင်အောင် နေနိုင်ပြီဆိုရင်တော့ သူတို့ဟာ ပုံမှန်အနေအထားအတိုင်း ဆက်ပြီး ဖြတ်သန်းနိုင်ပါလိမ့်မယ်။

.

အကောင်းဆုံးနည်းလမ်း

သူတို့ရဲ့ခံစားချက်တွေ၊ ပြဿနာတွေအကြောင်းကို စိတ်ပါဝင်စားစွာနဲ့ ဆွေးနွေးပြောဆိုကြည့်ပါ။ သူတို့ပြောလာတဲ့အကြောင်းအရာတွေဟာ မမှန်ကန်ဘူး၊ အဓိပ္ပါယ်မရှိဘူးလို့ ထင်နေရင်တောင်မှ စာနာစိတ်ထားပြီး ဂရုစိုက်နားထောင်ပေးလိုက်ပါ။ ကမ္ဘာမြေကြီးကို သူတို့လက်ခံထားတဲ့ အမြင်အတိုင်း လက်ခံပေးသင့်ပါတယ်။ ကျွန်မတို့ အလိုရှိနေတဲ့ ကျိုးကြောင်းဆီလျော်တဲ့ အခြေအနေမျိုးကို သူတို့ချက်ခြင်းပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။

.

စိုးရိမ်ကြောင့်ကြမှုပြေပျောက်စေဖို့ဆိုပြီး အခြေအမြစ်မရှိတဲ့၊ လှိုက်လှဲမှုမရှိတဲ့ အကြံဥာဏ်မျိုးကိုလည်း မပေးသင့်ပါဘူး။ သူတို့ပြောတာကို နားထောင်ပေးပြီး ကုသမှုခံယူဖို့အတွက်တော့ သူတို့ရဲ့ ဆရာဝန်နဲ့ အချိန်မှန် တွေ့ဆုံနိုင်အောင် စီစဉ်ပေးသင့်ပါတယ်။ သူတို့ဝေဒနာတွေ သက်သာဖို့အတွက် ဆေးဝါးကုသမှုခံယူတာကသာ အကောင်းဆုံးနည်းလမ်းပါပဲ။ ဆရာဝန်နဲ့ချိန်းဆိုထားတဲ့ဆီကို သူတို့ကိုခေါ်သွားဖို့ လိုအပ်ပေမယ့် မဖြစ်မနေလိုက်ရမယ် လို့တော့ ဖိအားမပေးသင့်ပါဘူး။ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။

.

တိုးတက်မှုကို စောင့်ကြည့်ပါ

စိတ်ကျဝေဒနာကို တဖြည်းဖြည်းချင်းခံစားခဲ့ရတာဖြစ်တာကြောင့် လူနာဟာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် အချိန်လိုပါတယ်။ သူတို့အတွက် အကောင်းဆုံးကတော့ သိမ်မွေ့နူးညံ့မှုနဲ့ စိတ်ရှည်သည်းခံမှုပါပဲ။ ဒါကြောင့် သူတို့ကို အသေအချာ စောင့်ကြပ်ကြည့်ရှု့ပြီး တိုးတက်မှုတွေကို အကဲဖြတ်ချင့်တွက်ဖို့လိုပါတယ်။ တိုးတက်မှုမရှိလာဘဲနဲ့ သူတို့အခြေအနေဟာ ပိုပြီးဆိုးရွာလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့နောက်တစ်ကြိမ် တွေ့ဆုံသင့်ပါတယ်။ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံတဲ့အတွက် လက်ရှိကုသနေတဲ့ ကုသမှုတွေအကြောင်းအပါအဝင် နောက်တစ်ကြိမ်တွေ့ဆုံရမယ့် ရက်၊ ညွှန်ကြားထားတဲ့ ဆေးအမျိုးအစား၊ မှန်ကန်တိကျတဲ့ပမာဏ၊ ကြုံတွေရမယ့် ဘေးထွက်ဆိုးကျိုးတို့အကြောင်းကို ရှင်းရှင်းလင်း လင်းသိနိုင်ပါတယ်။

.

စိတ်ကျရောဂါကို အသက်အရွယ်မရွေးခံစားရတယ်ဆိုပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ ဝေဒနာက ပိုပြီး ပြင်းထန်ပါတယ်။ သူတို့ရဲ့ဘဝ တစ်လျှောက်မှာ စိတ်ဖိစီးမှုတွေကို အတော်အသင့်ကြုံတွေ့ခဲ့ရဖူးပြီ။ နာတာရှည်ဝေဒနာ တွေ၊ အာရုံကြောထိခိုက်ပျက်စီးမှုတွေ၊ နှလုံးရောဂါ၊ မသန်စွမ်းခြင်း၊ သီးခြားနေခြင်း၊ နာတာရှည်နာကျင်မှုများ၊ ဆွေမျိုးသားချင်းများဆုံးရှုံးရမှု စတဲ့ အကြောင်းကြောင်းတွေကြောင့် စိတ်ကျဝေဒနာကို ပိုပြီး ခံစားရလွယ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ သူတို့တွေကို ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးမချို့တဲ့ရလေအောင် ဝိုင်းဝန်းကြိုးပမ်းပေး ဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်ဖို့၊ အာဟာရပြည့်ဝအောင်စားဖို့၊ သွေးဖိအား၊ သွေးတွင်းအဆီဓါတ်တွေကို လျော့ချဖို့ ကြိုးစားပေးမယ်။ လှုပ်လှုပ်ရှားရှားနေရအောင်၊ လူမှုကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်အောင် လက်တွဲခေါ်သွားပေး မယ်ဆိုရင်တော့ သူတို့အနာဂတ်တွေဟာ ပြန်လည်ပြီးလှပလာဦးမှာ အမှန်ပါပဲ။

.

.

နှင်းနုလွင် (ဆေးဝါး)

အာရောဂျံ မဂ္ဂဇင်း

 

ဇရာနှင့် ခြေလက်တုန်ခြင်း November 13, 2010

.

”အသက်ကြီးလို့ ညဘက်အိပ်မပျော်တော့ဘူး၊ အရိုးတွေမကောင်းတော့ဘူး၊ အမောမခံနိုင်တော့ဘူး” ဆိုတဲ့ စကားသံတွေကို ကျွန်မတို့ပတ်ဝန်းကျင်မှာ အကြိမ်ကြိမ်ကြားနေရပါတယ်။ စကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါပြောမယ်၊ ငယ်ငယ်တုန်းက အကြောင်းအရာတွေကို ပြန်အောက်မေ့ပြီး တမေ့တမော့ပြန်ပြောပြတတ်တဲ့ အဖိုးအဖွားတွေလည်း ရှိနေ ပါတယ်။ ဒါတွေကတော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့သူတွေပေါ့။ အသက်ကြီးလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကတော့ အမျိုးမျိုးပါပဲ။ အဲဒီအထဲကမှ ကျွန်မတို့သိပ်ပြီး သတိမထားမိသေးတဲ့ ပြောင်းလဲမှုတစ်ခု ကတော့ ရွေ့လျားမှုနဲ့ ပတ်သက်တဲ့အခြေအနေပါ။ လှုပ်ရှားမှုတွေလေးလံနှေးကွေးသွားတာ၊ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းဖို့ ခက်လာတာ၊ ကြွက်သားများ တောင့်တင်းတာ၊ တုန်လာတာတွေဖြစ်လာတယ်။ ဆရာဝန်တွေရဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ခေါင်းစဉ်တပ်လို့ရတဲ့ ဒီပြောင်းလဲမှုကတော့ ပါကင်ဆန်ရောဂါ Parkinson’s Disease ပါပဲ။

.

ရောဂါဖြစ်ရတဲ့အကြောင်းအရင်း

အသက်ကြီးတဲ့အခါမှာ တွေ့ရများတဲ့ ဒီရောဂါဟာ ဖြစ်ရတဲ့အကြောင်းအရင်းဟာ ဘာလဲ။ ကျွန်မတို့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ဦးနှောက်ဆဲလ်များဟာ ဦးနှောက်ရဲ့ ထိပ်ပိုင်းမှာရှိနေပါတယ်။ အဲဒီဆဲလ်တွေအလုပ်လုပ်ဖို့ကတော့ Dopamine လို့ခေါ်တဲ့ ဦးနှောက်ရဲ့ Chemicals တွေ ပေါ်မှာ မူတည်နေပါတယ်။ Dopamine ဟာ ဦးနှောက်ထဲမှာရှိတဲ့ဆဲလ်တွေကိုလှုံဆော်ပေးပြီး လူတွေကိုလှုပ်ရှားနိုင်စေ ပါတယ်။ ပါကင်ဆန်ရောဂါကို ခံစားရတဲ့အချိန်မှာ ဦးနှောက်ရဲ့ substantia nigra နေရာကနေ Dopamine ထုတ်လုပ်မှုဟာ ကျဆင်းသွားပြီး ရွေ့လျားမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ဘာကြောင့် Dopamine တွေလျော့နည်းသွားသလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။

.

ဦးနှောက်နဲ့ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ဦးနှောက်အတွင်း အကျိတ်ဖြစ်ခြင်း၊ ဒါဏ်ရာရခြင်း၊ ဗိုင်းရပ်စ်များကြောင့် Dopamine တွေလျော့နည်းသွားနိုင်သလို Dopamine ထုတ်ပေးတဲ့ ဆဲလ်တွေကို ပျက်စီးစေတဲ့တခြားသော ဓါတုပစ္စည်းများဝင်ရောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ရောဂါကိုကုသတဲ့ ဆေးဝါးများ e.g., Haloperidol၊ ပျို့အန်ခြင်းတို့အတွက်သုံးသော ဆေးဝါးများ e.g., Metoclopramide ကလည်း ဒီရောဂါကို ခံစားရတတ်တယ်လို့ ဆိုကြပါတယ်။

.

တချို့မိသားစုတွေမှာ မွေးရာပါဆက်ခံနိုင်တာကို တွေ့ရတာကြောင့် မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုထားကြပါတယ်။ ရောဂါဖြစ်တဲ့ပုံစံ၊ ခံစားရတဲ့ပုံစံတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ရောဂါခံစားရတဲ့သူ အများစုဟာ အသက် ၆ဝ ကျော်တွေများပါတယ်။ လူငယ်တစ်ချို့မှာလည်း ဒီရောဂါကိုခံစားရတတ်တာကြောင့် ဒါကိုပုံသေ သတ်မှတ်လို့ မရပါဘူး။ အသက် ၄ဝ ကျော်သွားပြီးတဲ့ လူ ၂၅ဝ မှာ တစ်ယောက်၊ အသက် ၆၅ နှစ်ပြည့်ပြီးတဲ့ လူ၁ဝဝ မှာ တစ်ယောက် လောက်ဟာ ပါကင်ဆန်ရောဂါကို ခံစားရတတ်ပါတယ်။

.

ကလေးဘဝတုန်းက ပါကင်ဆန်ရောဂါကို ကြုံတွေ့ခဲ့ရသူတွေဟာ အသက် ၅၇ နှစ်ပြည့်ပြီးရင် ဒီရောဂါ လက္ခဏာ တွေ ပြန်ပေါ်လာတတ်ပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေဟာ ပါကင်ဆန်ရောဂါကို ပိုပြီး ခံစားရလေ့ ရှိပါတယ်။ ပါကင်ဆန်ရောဂါဟာ လူကို သေစေတတ်တဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါခံစားရပြီးတဲ့ အချိန်တွေမှာဆိုရင်တော့ အဆုတ်ရောင်ရောဂါ၊ အစာနင်ခြင်း၊ အလွန်အမင်း စိတ်ဓါတ်ကျခြင်းတို့ကနေ သေစေလောက်တဲ့ အထိ ဆိုးရွားသွားတတ်တာကြောင့် သူတို့ကို အနားကပ်စောင့်ရှောက်ပေးဖို့လိုပါတယ်။

.

.

ရောဂါလက္ခဏာများ


ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ကောင်းကောင်းမထိန်းနိုင်တော့တာကြောင့် လမ်းလျှောက်တဲ့နေရာ၊ အထိုင်အထ လုပ်တဲ့အခါမျိုးမှာ လှုပ်ရှားမှုတွေ နှေးကွေးလာတတ်ပါတယ်။ လမ်းလျှောက်ရင်လည်း တရွှတ်တိုက်ပြီး လျှောက်လေ့ ရှိပါတယ်။ ကြွက်သားများတောင့်တင်းနေတာကြောင့် လှုပ်ရှားမှု ရှိရင် နာကျင်လာပါတယ်။ ရောဂါဖြစ်တဲ့သူတွေထဲက ၉ဝ ရာခိုင်နှုန်းလောက်မှာတော့ လက်မောင်း၊ လက်ချောင်း၊ ခြေထောက်၊ ပါးစပ်နဲ့မေးစေ့ တွေဟာ တုန်နေတတ်ပါတယ်။

.

အဲဒီလို ခြေလက်တုန်ခြင်းကို အနားယူနေတဲ့အချိန်တွေမှာတောင် ကြုံတွေ့ရတတ်ပါတယ်။ စကားပြောရင်လည်း မပီမသနဲ့ ဗလုံးဗထွေး ပြောတတ်ပါ တယ်။ မျက်နှာမှာရှိတဲ့ကြွက်သားတွေကလည်း လှုပ်ရှားမှု နည်းသွားတာကြောင့် မျက်နှာဖုံးစွပ်ထားသလို မျက်နှာသေကြီး ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့တဲ့အတွက် ရွှေ့လျားတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်လာပြီး ရုတ်တရက်လဲကျကာ အသက် အန္တရာယ်ကိုတောင် စိုးရိမ်ရပါ တယ်။ ပါကင်ဆန်ရောဂါရှိတဲ့သူတိုင်းဟာ အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေထဲက အချို့ကို ပူးတွဲ ကြုံတွေရ တတ်ပါတယ်။

– အစာနင်ခြင်း၊ အစာမြိုချရန်ခက်ခဲခြင်း

– ချောင်းဆိုးခြင်း၊ သွားရည်ကျခြင်း

– မှတ်ဥာဏ်စွမ်းရည်များလျော့နည်းလာခြင်း

– စိုးရိမ်ပူပန်ခြင်း၊ စိတ်ကျဝေဒနာခံစားရခြင်း

– သီးခြားနေလိုခြင်း၊ အိပ်စက်ရန်ခက်ခဲခြင်း

– မျက်နှာနဲ့ဦးခေါင်းရှိ အရေပြားခြောက်ခြင်း၊ အဖတ်ကွာကျခြင်း

– ဝမ်းချုပ်ခြင်း၊ ချွေးထွက်လွန်ခြင်း

– ဆီး၊ ဝမ်းထိန်းချုပ်မှုခက်ခဲလာခြင်း

– မေးခွန်းများကို တုံ့ပြန်မှုနှေးကွေးလာခြင်း

– စာရေးရာမှာ နှေးကွေးလာခြင်း၊ မောပန်းလွန်းခြင်း

– လက်ကို မလွှဲနိုင်ခြင်း၊ အသံတိုးလာခြင်း

– အနံ့အာရုံခံစားမှုလျော့နည်းလာခြင်း

.

ပါကင်ဆန်ရောဂါနှင့် စိတ်နေစိတ်ထား ယို့ယွင်းခြင်း (Dementia)

ပါကင်ဆန်ရောဂါဟာ ကြွက်သားတွေနဲ့ ဆက်စပ်တဲ့ ပြဿနာဆိုပေမယ့် သူကြောင့် စိတ်အခြေအနေတွေ ယို့ယွင်းလာတာကို ကြုံတွေ့ရပါတယ်။ ပါကင်ဆန်ရောဂါ ခံစားနေရတဲ့သူတွေထဲက ၂ဝ ရာခိုင်နှုန်းလောက်မှာ စိတ်နဲ့ ပတ်သက်တဲ့ (Dementia) ကို တွေ့ရတတ်ပါတယ်။ ထင်ယောင်ထင်မှားဖြစ်လာမယ်၊ အသိဥာဏ်နဲ့ ပတ်သက်တဲ့ ပြဿနာရှိလာရင် သူဟာ (Dementia) ဖြစ်ဖို့ အခွင့်အရေးတွေ ပိုလာပါပြီ။ (Dementia) စဖြစ်ဖို့ အချိန် ၁၅ နှစ်လောက် လိုတာကြောင့် ကြားကာလမှာ ဘယ်လိုသတိပေး လက္ခဏာတွေ ပေါ်လာသလဲဆိုတာကို စောင့်ကြည့် နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ စီနီယာတွေကို (Dementia) အန္တရာယ်ကနေကာကွယ်ပေးလို့ရပြီ။ အထူးသဖြင့် မှတ်ဥာဏ်နဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ်လာမယ်၊ စိုးရိမ်သောကရောက်နေပြီး စိတ်ရှုပ်ထွေးမှုတွေ ပေါ်နေတယ်ဆိုရင် ကျွန်မတို့ သတိထားသင့်ပြီ။ စဉ်းစားတာတွေက နှောင့်နှေးလာမယ်၊ သူများတွေနဲ့ လိုက်လျောညီထွေ အောင် မနေနိုင်တော့ဘူး၊ စိတ်ရှုပ်ထွေးမယ်၊ စိတ်ဆိုးလွယ်မယ်၊ ထင်ယောင်ထင်မှားတွေဖြစ်လာမယ်ဆိုရင်တော့ သက်ဆိုင် ရာဆရာဝန်တွေနဲ့ ထပ်ပြီး တွေ့ဆုံဖို့လိုနေပါပြီ။ တကယ်တော့ (Dementia) ကိုခံစားရတာ ပါကင်ဆန်ရောဂါတစ်ခုတည်း ကြောင့်တော့ မဟုတ်ပါဘူး။ လူကြီးတွေမှာ စိတ်တိုလွယ်ခြင်း၊ တစ်စုံတစ်ခုအပေါ်မှာ ယုံကြည်မှုလွန်ကဲနေခြင်း၊ ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲများကြုံလာခြင်း၊ မှတ်ဥာဏ်ချို့တဲ့မှုတွေကို ကြုံလာရင် ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး တိကျတဲ့ အဖြေကို ရှာပေးပါလိမ့်မယ်။ ဗီတာမင် ဘီ ၁၂ ချို့တဲ့မှု၊ လည်ပင်းရှိ သိုင်းရွိုက်အကျိတ်က အလုပ်လုပ်နိုင်စွမ်း နည်းလာခြင်း တို့ကြောင့် (Dementia) ဖြစ်ရတာဆိုရင်တော့ ကုသမှုက ကွဲပြားသွားနိုင်ပါတယ်။ ပါကင်ဆန်ရောဂါရှိတဲ့သူတွေမှာ နောက်ထပ်တွဲဖက်ပါလာတတ်တဲ့ ပြဿနာကတော့ စိတ်ဓါတ်ကျသည့်ဝေဒနာ Depression ပါပဲ။ သူကလည်း (Dementia) နဲ့ ဆင်တူတဲ့ လက္ခဏာတွေ ဖြစ်ပေါ်စေပြီး မှားယွင်းရောဂါရှာမိတတ်ပါတယ်။

 

ရောဂါရှာဖွေမှု

ပါကင်ဆန်ရောဂါကို ကုသဖို့အတွက် တိကျတဲ့ စမ်းသပ်မှုတွေ မရှိသေးပါဘူး။ အာရုံကြောနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေကဆင့်ြ<ွကက်သားများရဲ့လှုပ်ရှားနိုင်မှု၊ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီထိန်းနိုင်စွမ်း၊ တခြားသူများနဲ့ လိုက်လျော ညီထွေနေနိုင်မှုတို့ကို စစ်ကြည့်နိုင်ပါတယ်။ အာရုံကြောများအလုပ်ကောင်းကောင်းလုပ်နိုင်စွမ်း ရှိ၊ မရှိ၊ ကျောရိုးဆစ်များ နေရာလွဲနေခြင်း၊ တခြားရောဂါကြောင့် ခြေလက်တုန်းခြင်းတို့ကိုပါ စစ်ဆေးဖို့လိုပါတယ်။ တခြားဖြစ်နိုင်ချေတွေအတွက် ဆရာဝန်က ဦးနှောက်ဓါတ်မှန်ရိုက်ဖို့၊ ဆီး၊ ဝမ်း၊ သွေးစစ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ လက်ရှိကျန်းမာရေး၊ ဆေးဝါးကုသမှုကို တုံ့ပြန်ပုံ၊ မြင်သာတဲ့ လက္ခဏာတို့ ပေါင်းစုပြီးမှ ရောဂါအမှန်ကို နာမည်တပ်နိုင်ပါတယ်။ ရောဂါစဖြစ်ခါစမှာ ဒါဟာ ပါကင်ဆန်ရောဂါကြောင့်လား၊ တခြားအကြောင်းကြောင့်လားဆိုတာကို ခွဲခြားဖို့ခက်ခဲပါတယ်။

.

ကုသမှု

ပါကင်ဆန်ရောဂါကို လုံးဝကြီးပျောက်ကင်းသွားအောင်ကုသလို့ မရသေးပေမယ့် သူ့ကြောင့်ဖြစ်လာတဲ့ လက္ခဏာတွေကို သက်သာဖို့တော့ ကျွန်မတို့စွမ်းဆောင်နိုင်ကြပါတယ်။ ရောဂါကုသဖို့အတွက်ဆေးတွေသုံးကြတဲ့နေရာမှာ အများအားဖြင့်တော့ Dopamine တွေကို ပြန်ဖြည့်ပေးတဲ့ဆေးတွေ၊ Dopamine နဲ့ အာနိသင်ချင်းတူတဲ့ဆေးတွေကို သုံးကြပါတယ်။ ဒါပေမယ့် Dopamine ဟာ ဦးနှောက်အမြှေးပါးကို မဖြတ်သန်းနိုင်တဲ့အတွက်သူ့ကို ဆေးအနေနဲ့ တိုက်ရိုက်ကြီး သုံးလို့မရပါဘူး။ Levodopa ကတော့ ဦးနှောက်အမြှေးပါးကို ဖြတ်သန်းနိုင်ပြီး အတွင်းကိုရောက်တဲ့ အချိန်မှာ Dopamine အဖြစ်ပြန်ပြီး ပြောင်းလဲသွားနိုင်တာကြောင့် Levodopa ကိုပဲ သုံးကြပါတယ်။ သူနဲ့အတူ Carbidopa , Benserazide, Entacapone, MAOIs တို့ကိုပါ တွဲဖက်သုံးစွဲကြပါတယ်။ လူကြီးတွေကို ဆေးမတိုက်ခင်တည်းက သောက်ရမယ့်ဆေး အမျိုးအစား၊ ဆေးပမာဏ၊ သတိထားရမယ့်အချက်တွေကို ဆရာဝန်ကို သေချာမေးမြန်းထားသင့်ပါတယ်။ တချို့သူတွေဟာ ဆေးဝါးကုသမှုခံယူတာတောင် ခြေလက်တုန်တာတွေမသက်သာသွားဘူး၊ လမ်းလျှောက်တဲ့နေရာမှာလည်း တိုးတက်မှု မရှိဘူးဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နေပါတယ်။

.

ပါကင်ဆန်ရောဂါနှင့် အစားအစာ

ကျွန်မတို့အနားပတ်ဝန်းကျင်ကတစ်စုံတစ်ယောက်ဟာ ပါကင်ဆန်ရောဂါကိုခံစားနေရတယ်ဆိုပါတော့။ သူအတွက် ကျွန်မတို့ ဘာတွေလုပ်ပေးနိုင်မလဲ။ ဘယ်လိုလမ်းညွှန်မှုတွေကို ပေးမလဲ။ ဒါကိုစဉ်းစားတဲ့အခါ ပထမဆုံး ကျွန်မတို့ ဂရုစိုက်ပေးသင့်တာက သူတို့စားမယ့် အစားအသောက်ပါ။ သူတို့ဟာ အစာစားရင် နင်နိုင်တဲ့အတွက် တခြားသူတွေစားတဲ့ အသီးစိတ်တွေ၊ ဟင်းတွေကို မျိုမချနိုင်ပါဘူး။ ဒါကြောင့် အစားအစာတွေကိုပြင်ဆင်တဲ့အခါမှာ အရွယ်သေးသေးလေး တွေသာ လုပ်ပေးထားသင့်ပါတယ်။ ဒီလိုဆိုရင် အစာကြေတာလည်း မြန်သွားပါတယ်။ အစားစားပြီးပြီးချင်းမှာလည်း အိပ်ရာထဲမှာ သွားလှဲနေလို့မရဘူး။ အနည်းဆုံးတော့ မီးနစ် ၃ဝ လောက် စောင့်သင့်ပါတယ်။ ပါကင်ဆန်ရောဂါကြောင့် ဝမ်းချုပ်နိုင်သလို ရောဂါကုသတဲ့ဆေးတွေကလည်း ဝမ်းသွားရခက်ခဲစေတာကြောင့် အသီးအရွက်တွေကို ဦးစားပေးပြီး ကျွေးဖို့လိုပါတယ်။ အရည်များများလည်း တိုက်ရပါမယ်။ လိုအပ်တယ်ဆိုရင် ဆရာဝန်က ဖြည့်စွက်အားဆေးတွေ၊ ဝမ်းနှုတ်ဆေးတွေ သုံးစွဲဖို့ ညွှန်ကြားပါလိမ့်မယ်။ အစားအစာကနေရတဲ့ ပရိုတင်း တွေဟာ ရောဂါကုသဖို့သုံးတဲ့ Levodopa လိုဆေးမျိုးရဲ့ စုပ်ယူမှုကို ဟန့်တားလိုက်ပါတယ်။ ဒါကြောင့် အသားပါတာ တွေကို မစားခင် နာရီဝက်လောက်အလို၊ အသားစားပြီး ၁ နာရီ နောက်ပိုင်းမှသာ ဆေးတိုက်သင့်ပါတယ်။

.

ပါကင်ဆန်ရောဂါနှင့် ကြွက်သားလှုပ်ရှားမှုလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် အသင့်တော်ဆုံးအားကစားတစ်ခုကို ရွေးချယ်နိုင်စေဖို့ အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မျက်နှာနဲ့ မေးရိုးကို လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကိုတော့ အချိန်ရရင် ရသလို လုပ်ပေးဖို့ လိုအပ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းတွေ၊ အကွေးအဆန့် လေ့ကျင့်ခန်းတွေလုပ်ပြီး ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို ပြန်ပြီး အလုပ်လုပ်နိုင်အောင် နှိုးဆော်ပေးနေဖို့လိုအပ်ပါတယ်။

.

ကြမ်းပြင်ပေါ်မှာ လေ့ကျင့်ခန်းမလုပ်နိုင်တဲ့သူတွေဆိုရင်လည်း အိပ်ရာပေါ်မှာပဲ လေ့ကျင့်ခန်းလှုပ်နိုင်အောင် ကူညီပေးရပါ့မယ်။ သူတို့အိပ်ရာထဲမှာလှဲနေချိန်မှာ ဘေးကနေ ခြေထောက်၊ လက်တွေကို အကွေးအဆန့်လုပ်ပေး လို့ရပါတယ်။ ခြေထောက်က လွတ်လွတ်လပ်လပ်ရွေ့လျားလို့ မရသေးပေမယ့် ကိုင်စရာတန်းတစ်ခုရှိတဲ့နေရာမှာဆိုရင် လမ်းလျှောက်ဖို့တိုက်တွန်းပေးသင့်ပါတယ်။ ဘေးနားက ကူညီပေးမယ့်သူ ရှိရင် ရေထဲမှာ လေ့ကျင့်ခန်းလုပ်ပေးကြည့်ပါ။ ဒီနည်းလမ်းကတော့ သူတို့ရဲ့ အဆစ်တွေကို အတော်လေးအထောက်အကူ ပြုနိုင်ပါတယ်။

.

ပါကင်ဆန်ရောဂါနှင့် ဘေးကင်းတဲ့ပတ်ဝန်းကျင်

နောက်ထပ်စဉ်းစားရမယ့် အချက်က ပါကင်ဆန်ခံစားနေရတဲ့သူတွေကို အန္တရာယ်ကင်းအောင်ဘယ်လိုထားမလဲ။ ဆရာဝန်နဲ့ကြိုတင်တိုင်ပင် ဆွေးနွေးထားပြီး ကျွန်မတို့လုပ်ပေးနိုင်တာလေးတွေကို ပြင်ဆင်ထားလို့ရပါတယ်။ ဆိုပါတော့ သူတို့တွေအတွက် ရေချိုးခန်းထဲမှာ ဆုပ်ကိုင်စရာ တန်းတွေထားပေးမယ်။ ဒါဆိုရင် ရုတ်တရက်လဲကျတဲ့ အန္တရာယ်ကို ကာကွယ်ပေးလို့ရပြီ။ အကြာကြီးမတ်တပ်ရပ်ပြီး ရေချိုးမယ့်အစား ထိုင်ပြီးချိုးလို့ ရအောင် ထိုင်ခုံလေးတွေ လုပ်ပေးထား လို့ရတယ်။ ဒီလိုမျိုးခုံတွေ၊ တန်းတွေကို သူတို့လျှောက်မယ့်လမ်းနဲ့ လွတ်တဲ့နေရာမျိုးမှာ ထားပေးဖို့တော့ လိုပါတယ်။ သူတို့သွားမယ့်လမ်းဟာ ရှုပ်ပွနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

.

ကြမ်းပြင်ဟာ ရှင်းလင်းနေဖို့လိုပေမယ့် ချောနေတဲ့ မျက်နှာပြင်ဆိုရင်တော့ သူတို့အတွက် အန္တရာယ်ရှိပါတယ်။ သူတို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေ ကိုလည်း သူတို့ဘာသာအလွယ်တကူ ယူလို့ရတဲ့ နေရာမျိုးတွေမှာပဲ တစ်စုတစ်စည်း တည်း ထားနိုင်ရင် ပိုကောင်းပါတယ်။ ရေချိုးခန်းတွေ၊ အိမ်ရဲ့ စင်္ကြံတွေမှာ ညထွန်းမီးလုံးလေးတွေ တပ်ဆင်ထားပေးရင် ရုတ်တရက် ခလုတ်တိုက်လဲမှာ မဟုတ်တော့ပါဘူး။ သူတို့ကို လမ်းလျှောက်ဖို့ ပြင်ဆင်ပေး တဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဆင်ပေးပြီး သက်တောင့်သက်သာရှိတဲ့ရှူးဖိနပ်မျိုးကိုသာ စီးပေးသင့်ပါတယ်။ Slipper ဖိနပ်တွေ နဲ့တော့ လမ်းမလျှောက်သင့်ပါဘူး။ ကော်ဇော၊ အခင်းတွေက ပေါက်ပြဲနေရင် ချော်လဲနိုင်ပါတယ်။

.

ပါကင်ဆန်ရောဂါကို ခံစားနေရတဲ့သူတော်တော်များများမှာ စိတ်နဲ့ပတ်သက်တဲ့ရောဂါတို့ကို ကြုံတွေ့ရတတ်ပါ တယ်။ မှတ်ဥာဏ်၊ အာရုံစူးစိုက်မှုတို့နှင့်ပတ်သက်တဲ့ အခက်အခဲတွေရှိလာပြီး သူငယ်ပြန်လာပါတယ်။ လူကြီးတွေမှာ ပါကင်ဆွန်ရောဂါရှိ၊ မရှိကို အပေါ်ယံအမြင်နဲ့ ခွဲခြားလို့မရပါဘူး။ ဒါပေမယ့် ကျွန်မတို့အနား ပတ်ဝန်းကျင်က အဖိုးအဖွား တွေဆီမှာ ဒီရောဂါနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို အနည်းနဲ့အများဆိုသလို ကြုံတွေ့နေပါတယ်။ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို ကျွန်မတို့ ဝေမျှခံစားနိုင်မှာမဟုတ်ပေမယ့် သက်သာရာရအောင်တော့ ကူညီပေးနိုင်ပါတယ်။ သူတို့နဲ့သင့် တော်တဲ့ နေထိုင်၊ စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲပေးခြင်း၊ တကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပေးခြင်း၊ အထီးကျန်မှု တို့ကို ဖေးမကူညီခြင်း တို့ဟာ ဇရာကြောင့် ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးနိုင်တဲ့ နည်းလမ်းကောင်း တွေပါပဲ။

နွေလဲ့နှင်း

Health For All (Appeton Nutrition)

November, 2010.

(ခြောက်ဆယ်အသက် ကျော်ကာတက်)


 

အသက်အရွယ်နှင့် အိပ်စက်မှု November 3, 2010

အချိန်ရဲ့ရွှေ့လျားမှုကို လိုက်ပါလည်ပတ်ရင်းနဲ့ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တွေထဲမှာ အိပ်စက်ခြင်း လည်းပါဝင်ပါတယ်။ အိမ်သူအိမ်သားအားလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်မှာ အဖိုးအဖွားတို့က မျက်စိတွေ ကြောင်နေတတ်ပါတယ်။ တချွတ်ချွတ်နဲ့ တရေးနိုးနေပြီး
အလွယ်တကူပြန်အိပ်မပျော်တော့ပါဘူး။ လူငယ်လူရွယ်တွေ အိပ်မက်ခရီးဆန့်နေချိန်မှာ အဖိုးအဖွားတို့ကတော့ အိပ်ပျော်ဖို့တောင် မနည်းကြိုးစားနေရပါတယ်။ ဒါကြောင့် အသက် ကြီးတဲ့သူတွေကို စောင့်ရှောက်မှုပေးတဲ့အခါမှာ အိပ်စက်အနားယူမှုနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အခက်အခဲတွေ၊ ကြိုတင်ကာကွယ်ပေးနိုင်မယ့်နည်းလမ်းတွေကို သိထားဖို့လိုပါတယ်။
.
လူ့သက်တမ်းရဲ့ သုံးပုံ တစ်ပုံလောက်ကို အိပ်စက်ဖို့အသုံးပြုကြပါတယ်။ အရွယ်ရောက်ပြီးတဲ့လူတစ်ယောက် ဟာ ည ၁ဝ-၁၁ နာရီလောက်ဆိုရင် အိပ်ရာဝင်တတ်ပြီး မနက် ၆-၈ နာရီအတွင်းမှာ နိုးလာတတ်ပါတယ်။ အသက် ကြီးလာရင်တော့ အဲဒီလို အိပ်-ထလုပ်တဲ့ ခန္ဓာကိုယ်ရဲ့ နိုးစက်ကြီးဟာ ယို့ယွင်းပြောင်းလဲသွားပါတယ်။ ညဘက်ဆိုရင် ၉ နာရီ လောက်တည်းက အိပ်ရာထဲကို သွားချင်နေပြီး မနက် ၄-၅ နာရီလောက်ဆို နိုးနေပါပြီ။ တခါတလေ နောက်ကျပြီး အိပ်တာတောင် မနက်ဆိုရင် ၄ နာရီလောက်ကတည်းက နိုးနေပါပြီ။ ကောင်းကောင်းမအိပ်ခဲ့ရတော့ အဲဒီနေ့တစ်နေ့လုံး နုံးနေပါလိမ့်မယ်။
.
လူကြီးတွေမှာ အခုလိုမျိုးအိပ်စက်တာနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုကြုံတွေ့ရတာဟာ သူတို့ ခန္ဓာကိုယ်ထဲက ထွက်နေတဲ့ ဟော်မုန်းအပြောင်းအလဲနဲ့ ဆက်စပ်နေပါတယ်။ ညဘက်ရောက်ရင် ဦးနှောက်မှာရှိတဲ့ Pineal Gland ကနေMelatonin တွေကို ထုတ်ပေးပါတယ်။ အဲဒီ Melatonin တွေဟာ ၂၄ နာရီအတွင်းဖြစ်ပွားနေတဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲနေမှုတွေကို စည်းချက်ဝါးချက်ညီအောင်ထိန်းပေးပါတယ်။ အိပ်စက်မှု၊ စိတ်နေစိတ်ထားကနေ မျိုးဆက် ပြန့်ပွားမှု၊ အကြိတ်ဖြစ်ပေါ်မှုတို့ကိုပါ ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ အသက် ၅ဝ ကျော်သွားရင် အဲဒီဟော်မုန်း ထုတ်လုပ်မှုက သိသိသာသာကိုလျော့ကျသွားပါတယ်။
.
အိပ်ချိန်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်ပေါ်ရတာက ဒီအချက်နဲ့ ဆက်စပ်နေသလို တခြားအကြောင်း အရာတွေလည်း ပေါင်းစပ်ပါဝင်နေပါတယ်။ အိပ်တဲ့အလေ့အကျင့်မှားယွင်းနေခြင်း၊ အိပ်တဲ့ပတ်ဝန်းကျင် အနေအထား မသင့်တော်ခြင်းတို့ဟာ အဓိကကျကျ ပါဝင်နေတာကို တွေ့ရပါတယ်။ အိပ်တဲ့အကျင့်မှားယွင်းတယ် ဆိုတာကတော့ အိပ်တဲ့အချိန် မမှန်တာ၊ အိပ်ယာဝင်ခါနီးမှာ အရက် ဒါမှမဟုတ်လည်း အရက်ပါဝင်တဲ့ ဖျော်ရည်တွေသောက်တာ၊ နေ့ဘက်တွေမှာ တမှေးအိပ်တဲ့အချိန်လွန်သွားတာတွေပါပဲ။
.
ဒါကနေ ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ အတော်ကိုများပါတယ်။ နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခက်ခဲခြင်း၊ ညအချိန်မှာ ခဏခဏနိုးနေခြင်း၊ မနက်ပိုင်းဆိုရင်လည်း အစောကြီးနိုးနေပြီးလန်းလန်းဆန်းဆန်းမရှိခြင်း၊ ညနေစောင်းကတည်းက အိပ်ရာပေါ်ကို အစောကြီး သွားပြီးနားနေလိုခြင်း၊ နေ့ခင်းဘက်တွေမှာ ပင်ပန်းနွမ်းနယ် နေခြင်း၊ တမှေးလောက် အိပ်ချင်နေခြင်းတို့ကို တစ်ယောက်မဟုတ် တစ်ယောက်မှာ ကြုံတွေ့ရပါတယ်။ လူကြီးတွေ သက်တောင့်သက်သာနေနိုင်ဖို့ဆိုရင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့လိုပါတယ်။
.
အိပ်စက်ခြင်းနဲ့ လူနေမှုပုံစံ
အဖိုးအဖွားတွေရဲ့ကျန်းမာရေးနဲ့ ဘဝရှင်သန်မှုဟာ သူတို့ရဲ့အိပ်စက်မှုနဲ့ ဆက်စပ်နေပါတယ်။ ကျန်းမာရေး ကောင်းတဲ့လူကြီးတွေဟာ ကောင်းကောင်းအိပ်ပျော်နိုင်ပါတယ်။ အပြန်အလှန်ပြောရရင် နေမကောင်းတဲ့သူ၊ မကြာခဏ ရောဂါရှာဖွေမှုခံယူနေရတဲ့သူတွေဟာ အိပ်မပျော်တဲ့ပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ အိပ်ရေးဝအောင် အိပ် ထားရတဲ့လူကြီးတွေဟာ တခြားသူတွေထက် အကောင်းမြင်နိုင်စွမ်းမြင့်မားသလို ခံယူချက်တွေကလည်း အပြုသဘော ဆောင် နေကြပါတယ်။ ပိုပြီးတော့လည်း တက်ြ<ွကလန်းဆန်းနေပါတယ်။
.
အဖိုးအဖွားတွေမှတင် မဟုတ်ပါဘူး။ အားလုံးဟာ ဘယ်အသက်အရွယ်ကိုပဲရောက်ရောက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်နေစိတ်ထားတို့ကို အထောက်အကူပြုဖို့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့လိုပါတယ်။ အိပ်ရေးဝအောင် အိပ်ထားရရင် အာရုံစူးစိုက်မှုကောင်းမွန်လာသလို မှတ်ဥာဏ်စွမ်းရည်လည်း မြင့်တက်လာပါတယ်။ နေ့အချိန်ကပျက်စီး သွားတဲ့ ဆဲလ်တွေကို အိပ်ချိန်မှာ ပြန်လည်ပြင်ဆင်စေပါတယ်။ ရောဂါတွေကိုကာကွယ်ပေးတဲ့ ကိုယ်ခံစွမ်းအား အဖွဲ့ အစည်း (Immune System) ကိုလည်း အားအင်တွေပြန်လည်ပြည့်ဝစေပါတယ်။ ဒါကြောင့် လူတိုင်းဟာ ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့ လိုအပ်ပါတယ်။
.
တနေ့ကို ၇-၉ နာရီလောက်အိပ်စက်ရတဲ့သူတွေဟာ တခြားသူတွေနဲ့ သဟာဇာတတည့်အောင်နေနိုင်ပါတယ်။ ပြဿနာတွေကိုဖြေရှင်းဖို့၊ ကျန်ရှိနေတဲ့သက်တမ်းတစ်လျှောက်လုံးကို တက်တက်ြ<ွကြ<ွကဖြတ်သန်းဖို့ကို ပိုပြီး စိတ်အား ထက်သန်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ တခြားသူတွေနဲ့ အဆင်ပြေပြေ အချိတ်အဆက် မိမိနေနိုင်ဖို့ အတွက်လည်း အိပ်ရေးဝအောင် အိပ်စက်ပေးဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကိုစားသောက် တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေဟာ ကောင်းကောင်းအိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။
.

ှအိပ်စက်ခြင်း၊ နာကျင်မှုနှင့် ဆေးဝါးများ
နာကျင်မှုတွေ၊ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ပြဿနာတွေဟာ လူကြီးတွေရဲ့ အိပ်ချိန်ကို အနှောင့်အယှက်ပေးပါ တယ်။ ရေအိမ်ကို ခဏခဏသွားလိုခြင်း၊ လေးဘက်နာ၊ သွေးဆုံးဝေဒနာ၊ အဆစ်အမြစ်ရောင်ကိုက်ခြင်း၊ ရင်ကျပ် ပန်းနာ၊ ဆီးချို၊ အရိုးပွခြင်း၊ ညအချိန်တွင် ရင်ပူခြင်း၊ သက်ကြီးအတိတ်မေ့ရောဂါတို့ကြောင့်လည်း ခဏခဏနိုးနေ တတ်ပါတယ်။ မသက်မသာခံစားရတဲ့ ဝေဒနာတွေကြောင့် ပြည့်ပြည့်ဝဝအိပ်ပျော်ဖို့ ခက်ခဲလာပါတယ်။

ဒီလိုရောဂါဝေဒနာတွေကိုကုသဖို့ သောက်လိုက်တဲ့ဆေးတွေကြောင့်လည်း အိပ်မပျော်ဖြစ်တတ်ပါတယ်။ လူငယ်တွေထက်စာရင် လူကြီးတွေသောက်နေရတဲ့ဆေးတွေကလည်း ပိုများပါတယ်။ ဆေးတွေပေါင်းပြီးသောက်လို့ပဲဖြစ် ဖြစ် ဒါမှမဟုတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်တွေမမှန်ဖြစ်လာတယ်။ ဒီအခက်အခဲ တွေကို ဖြေရှင်းနိုင်ဖို့အတွက် ဆေးသောက်တဲ့အချိန်ပြောင်းလဲခြင်း၊ သောက်နေတဲ့ဆေး အမျိုးအစားကို ပြောင်းလဲ လိုက်ခြင်း၊ ဆေးပမာဏလျော့ချပေးခြင်းတို့ကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါတယ်။
.

ှအိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှုများ
အသက်ကြီးလာချိန်မှာ ဆွေမျိုးသားချင်း သို့မဟုတ် ချစ်ခင်တဲ့မိတ်ဆွေတွေကို ပိုပြီးဆုံးရှုံးသွားတာကြောင့် စိတ်ဖိစီးမှုတွေကို ကြုံတွေ့လာပါတယ်။ အထီးကျန်သကဲ့သို့ခံစားမှုတွေကနေ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှုတွေဝင်လာပြီး ကောင်းကောင်း မအိပ်နိုင်တော့ပါဘူး။ တကယ်တော့ လူတိုင်းမှာ စိုးရိမ်စရာတွေ၊ နောက်တနေ့မှာ လုပ်ရမယ့်အလုပ် တွေ ရှိနေပါတယ်။ ဒါပေမယ့် အိပ်ချိန်နီးရင်တော့ သူတို့ကို ထည့်သွင်းစဉ်းစားမနေတော့ပါဘူး။ စိတ်ဖိစီးမှုတွေကြောင့် အိပ်ရေးပျက်တာမျိုးမဖြစ်ရအောင် ကြိုးစားကြည့်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။
.

င်္- စိုးရိမ်ပူပန်မှု၊ လုပ်ရမယ့် အလုပ်တွေနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို မှတ်တမ်းတစ်စောင်ထားပါ။
င်္- နောက်တနေ့လုပ်ရမယ့် အလုပ်စာရင်းမှာ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေကိုသာ ထည့်သွင်းထားပါ။
င်္- ညင်သာတဲ့ တေးသီချင်းတို့ကို နားဆင်ပါ။
င်္- သက်တောင့်သက်သာဖြစ်စေမယ့်စာအုပ်မျိုးကို ဖတ်ရှု့ပါ။
င်္- သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်အောင်နေပါ။
င်္- မိမိရဲ့ အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေတဲ့အကြောင်းတွေကို ဖွင့်ပြောဖို့ တစ်စုံတစ်ယောက်ကို စဉ်းစားထားပါ။
.
ှတမှေးအိပ်ခြင်း
တချို့ကတော့ အဖိုး၊အဖွားတွေကို နေ့ခင်းဘက်မှာ မအိပ်သင့်ဘူးလို့ ယူဆကြပါတယ်။ နံနက်ခင်း နိုးလာတဲ့ အချိန်တည်းက နွမ်းနယ်နေရင် နေ့လည်နေ့ခင်းမှာ အိပ်ဖို့ အကြံပေးနိုင်ပါတယ်။ အဲဒီအချိန်ဟာ အိပ်ရာဝင်ခါနီး အချိန်နဲ့ နီးနေရင် ညဘက်အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေပေမယ့် နေ့လည်နေ့ခင်းမှာ တမှေးလောက်အိပ်တာဟာ တက်ြ<ွက လန်းဆန်းစေနိုင်ပါတယ်။ ကျန်နေတဲ့ နေ့အချိန်တွေကို တက်ြ<ွကစွာကုန်ဆုံးဖို့ အားအင်တွေပေးနိုင်ပါတယ်။ အိပ်တဲ့အချိန်အတွင်းမှာလည်း ကောင်းကောင်းမွန်မွန်အိပ်ပျော်နိုင်ဖို့အတွက် ဆူညံသံတွေ၊ စူးရှတဲ့ အလင်းရောင်တွေ မရှိတဲ့နေရာမျိုးကိုသာ ရွေးသင့်ပါတယ်။ ဒါပေမယ့် တမှေးအိပ်ဖို့အတွက် အချိန်ကို ၁၅-၃ဝ မိနစ်လောက်ပဲ ထားသင့်ပါတယ်။ ဒီထက်ပိုပြီး အိပ်ခဲ့ရင်တော့ မူးနောက်ရီဝေပြီး အာရုံကောင်းကောင်းမစိုက်နိုင်တော့ပါဘူး။
.
ှအိပ်စက်ခြင်းနှင့် အစာအာဟာရ
လူကြီးတွေအတွက် အစားအသောက် ပြင်ဆင်ပေးတဲ့အခါမှာ သတိထားရတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဖိုးအဖွားတွေ ညဘက်ကောင်းကောင်းအိပ်မပျော်တာဟာ နေ့ဘက်တွေမှာ စားသောက်လိုက်တဲ့ အစာအာဟာရနဲ့ လည်း ဆက်စပ်နေပါတယ်။ တချို့အစားအစာတွေဟာ အိပ်ချင်စိတ်ကို လျော့ကျစေပြီး တချို့ကတော့ ညဘက်ဆီးသွား စေတာကြောင့် သူတို့နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိဖို့လိုအပ်ပါတယ်။
.
င်္- နေ့ခင်းအချိန်တည်းက ကဖင်းပါတဲ့အစားအသောက်တွေကို ကန့်သတ်စားသုံးရပါမယ်။ ကော်ဖီ၊ လဘက်ရည်၊ကိုလာ၊ ချောကလက်တို့ကို ညနေစောင်းချိန်မှာ မစားသောက်သင့်ပါဘူး။
င်္- အိပ်ရာမဝင်ခင် အရက်၊ အရက်ပါတဲ့ဖျော်ရည်တွေကို မသောက်သင့်တော့ပါဘူး။ အိပ်ပျော်ဖို့ဆိုပြီး အရက်သောက်တဲ့ အကျင့်ဟာ မသင့်တော်ပါဘူး။ အရက်ကြောင့် အိပ်ပျော်နေရင်းနဲ့ ရုတ်တရက်လန့်နိုးတတ်ပါတယ်။
င်္- ညဘက်အိပ်နေရင်းနဲ့ ဗိုက်မဆာရလေအောင် ကြိုတင်ပြင်ဆင်ထားပေးပါ။ အချိုပါဝင်မှုနည်းပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့ ခရက်ကာ၊ ကွေကာ၊ နို့တို့ကို စီစဉ်ထားပေးနိုင်ပါတယ်။
င်္- အိပ်ရာဝင်ခါနီးမှာ အစာများများစားခြင်း၊ ပူစပ်တဲ့အစားများ စားခြင်းကို မလုပ်သင့်ပါဘူး။ ဒီအစားအစာတွေဟာအစာမကြေဖြစ်တတ်တာကြောင့် အိပ်ရာမဝင်ခင် ၃ နာရီလောက်အလိုတည်းက အစာနည်းနည်းပဲစားသင့်ပါတယ်။
င်္- မအိပ်ခင်အရည်များများသောက်တာကို လျော့ချပါ။ အိပ်ရာမဝင်ခင် ၁ နာရီခွဲလောက်အလိုတည်းက အရည်များများမသောက်သင့်တော့ပါဘူး။
.

အိပ်စက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု
တနေ့လုံး ထသွားထလာမရှိဘဲ အထိုင်များနေမယ်ဆိုရင် ကောင်းကောင်းအိပ်မပျော်တာတွေဖြစ်လာနိုင်သလို အချိန်တိုင်းမှာ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ Chemicals တွေဟာ နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ တစ်ခုစဉ်းစားဖို့က ဘယ်အချိန်မှာ လုပ်မလဲဆိုတာပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ လူတွေဟာ တက်ကြွနေတတ်တာကြောင့် ညဘက်အနားမယူခင် ၆ နာရီလောက်အချိန်ကို ရွေးချယ်တာက အသင့်တော်ဆုံးပါပဲ။ ကိုယ်ကာယတောင့်တင်းဖို့၊ အပိုကယ်လိုရီတွေကို လောင်ကျွမ်းသွားစေဖို့၊ ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ဖို့ အားကစားခန်းမမှာမဟုတ်ဘဲနဲ့ မိမိဘာသာလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိနေပါတယ်။
.
ရေကူးတာဟာ ခန္ဓာကိုယ်ကို င်္ငအ ဖြစ်စေသလို အဆစ်များနာကျင်ခြင်း၊ ကြွက်သားများ အားပျော့နေခြင်း တို့အတွက် အသင့်တော်ဆုံး အားကစားပါပဲ။ နိုင်ငံတိုင်းလိုလိုမှာ လူကြီးတွေကို ရေကူးဖို့အတွက် အစီအစဉ်တွေကို စီစဉ်ထားကြပါတယ်။ ဥယျာဉ်ခြံစိုက်ပျိုးခြင်းဟာ လူကြီးတွေကို လှုပ်လှုပ်ရှားရှားနေစေပါတယ်။ ဒါပေမယ့် ဥယျာဉ် စိုက်မယ့် အဖိုးအဖွားတွေမှာ ပန်းဝတ်မှုန်များနဲ့ ဓါတ်မတည့်မှုတွေ၊ ရင်ကျပ်ရောဂါတွေ မရှိမှသာ ဒီနည်းလမ်းက အဆင်ပြေပါလိမ့်မယ်။ လှုပ်ရှားနိုင်တယ်ဆိုရင်တော့ ပြေးတာ၊ စက်ဘီးစီးတာတို့ကို လုပ်နိုင်ပါတယ်။

.
ှလူကြီးတွေမှာ အိပ်ချိန်မှန်စေဖို့
ဇရာရဲ့ရွှေ့ပြောင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အိပ်မပျော်ခြင်းတွေကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီအချက်အလက်တွေကို အဖိုးအဖွားတို့ သိနားလည်အောင် ပြောပြထားသင့်သလို ပြုစုစောင့် ရှောက်ပေးမယ့် သူတွေကလည်း စနစ်တကျ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။

င်္- အိပ်ချိန်စာရင်းအတိအကျထားပါ။ တနေ့နဲ့တနေ့အိပ်ချိန်၊ ထချိန် မှန်သင့်သလို အပတ်တိုင်း၊ လတိုင်းကိုလည်းမှန်မှန်အိပ်နိုင်၊ ထနိုင်အောင် ကြိုးစားရပါမယ်။
င်္- အိပ်ရာကို ညဘက်စောစောဝင်ပါ။ ညဘက်အိပ်ရာဝင် ချိန်ကိုစောပြီး ညှိထားပါ။ အိပ်ရာပေါ်သွားနားမယ့် အချိန်နဲ့တကယ့်အိပ်ရာဝင်ချင်တဲ့ အချိန်ကိုက်ညီအောင် ချိန်သားချထားပါ။
င်္- တကယ်အိပ်ချင်တဲ့အချိန်ရောက်မှသာ အိပ်ရာဝင်ပါ။ စာအုပ်ဖတ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့အတွက် အိပ်ရာပေါ်မှာလဲမနေသင့်ပါဘူး။
င်္- နေရောင်ခြည်ခံပေးပါ။ တောက်ပတဲ့နေရောင်ဟာ မယ်လတိုနင်တွေကို တိုးစေပါတယ်။ လူကြီးတွေဟာ တနေ့ကို အနည်းဆုံး ၂ နာရီ ခန့် နေရောင်နဲ့ထိတွေ့ပေးဖို့လိုပါတယ်။
င်္- ဟောက်သံကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဖြစ်တတ်တာကြောင့် ဟောက်သံမကြား ရအောင်ကြိုးစား ကြည့်ပါ။ နားကိုဆို့ပြီးအိပ်တာ၊ သာယာပျော့ပျောင်းတဲ့အသံတွေကို နားထောင်တာမျိုးကို လုပ်ကြည့်ပါ။ ဒီလိုလုပ်လို့မှမအောင်မြင်ရင်တော့ ဟောက်တတ်သူနဲ့အတူတကွမအိပ်ဘဲ ခွဲအိပ်ပါ။
င်္- ဆေးလိပ်ထဲမှာပါတဲ့ နစ်ကိုတင်းဟာ ဦးနှောက်နဲ့အာရုံကြောကို လှုံဆော်ပေးပြီး နိုးနေစေပါတယ်။ ချက်ခြင်းဆေးလိပ်မဖြတ်နိုင်ရင်တောင် အိပ်ချိန်မတိုင်ခင် ၃ နာရီလောက်အလိုတည်းက ဆေးလိပ် မသောက်သင့်တော့ပါဘူး။
င်္- အိပ်ယာဝင်ခါနီးမှာ မိမိယုံကြည်ရာ ဘာသာတို့ရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ကြိုးစားကြည့်ပါ။ ပုတီးစပ်ခြင်း၊ တရားစာရွတ်ခြင်း၊တို့ကို အိပ်ရာဝင်ခါနီးမှာ ပြုလုပ်ပေးနိုင်ပါတယ်။
င်္- ဒိုင်ယာရီတစ်ခုထားပြီး စားသောက်တဲ့အစားအစာ၊ ကဖင်းနဲ့နစ်ကိုတင်းသုံးစွဲမှု၊ သောက်နေတဲ့ဆေးဝါးများ၊ ကိုယ်လက်လှုပ်ရှားမှု၊ ဘဝနေထိုင်မှုပုံစံပြောင်းလဲသွားတာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတို့ကိုထည့်သွင်း ရေးသားထားပါ။
.
အမျိုးသားကြီးတွေမှာ ဆီးကျိတ်ကြီးလာတာ၊ အမျိုးသမီးကြီးတွေမှာ ညဘက်အိပ်ရင်းနဲ့ ဆီးထွက်သွားတာတွေ ကြောင့် ခဏခဏနိုးနေပါတယ်။ အခန့်မသင့်ရင်ညဘက် အိမ်သာသွားရင်းနဲ့ လဲကျတတ်ပြီး ဒါဏ်ရာရတာ၊ သေဆုံးရတာမျိုးအထိ ဖြစ်တတ်ပါတယ်။ လူကြီးတွေဟာ ကောင်းကောင်းမအိပ်ရလို့ အာရုံစူးစိုက်မှုမရှိတော့သလို မှတ်ဥာဏ်နဲ့ ပတ်သတ်ကဲ့ ပြသနာတွေကိုလည်း ခံစားရတတ်ပါတယ်။ အဲဒီကနေ စိတ်ကျရောဂါဝင်သွားတတ်တယ် ဆိုတာကိုတော့ အားလုံးက နားလည်ထားဖို့လိုအပ်ပါတယ်။
.
လူကြီးတွေနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးရတဲ့အလုပ်ဟာ တနေ့ တစ်ရက်တည်းနဲ့ ပြီးသွားတာမျိုး မဟုတ်ပါဘူး။ မိမိတို့ ကူညီပေး လိုက်တဲ့ နည်းလမ်းဟာ အဖိုး၊ အဖွားတို့ကို အမှန်တကယ့် အထောက်အကူပြုသလား ဆိုတာကို သိဖို့ဆိုရင် အနည်းဆုံး၂ ပတ်လောက် စောင့်ကြည့်ပါတယ်။ မိမိတို့ကူညီနိုင်တဲ့နည်းလမ်းဟာ အထောက်အကူ မပြုဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်ရယူသင့်ပါတယ်။ အဲဒီလို ဆရာဝန်တွေနဲ့ ဆုံတွေ့တဲ့အချိန်မှာ အဖိုး၊ အဖွားတွေရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ သောက်သုံးနေတဲ့ ဆေးဝါးတွေ၊ အားဆေး တွေ၊ တိုင်းရင်းဆေး၊ ဖြည့်စွက်စာအာဟာရ၊ အသီးအနှံတို့အကြောင်းကိုလည်း ပြည့်ပြည့်စုံစုံပြောပြဖို့လိုပါတယ်။ ”အိပ်ဆေး သုံးတာဟာ အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းမဟုတ်သလို ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခြားပြဿနာ တွေကိုပါ လမ်းစဖွင့်ပေးနိုင်တယ်” ဆိုတာကို အဖိုးအဖွားတို့ကို စောင့်ရှောက်မှုပေးမယ့်သူတိုင်း နားလည်လက်ခံ ထားပေးရပါမယ်။

.

.

နွေလဲ့နှင်း
အောက်တိုဘာ
Health For All Mag

 

လူကြီးတွေကို ဘယ်လိုစောင့်ရှောက်မလဲ October 13, 2010

 

ကျွန်မတို့ကို လူရယ်ဆိုပြီးမမွေးဖွားခင်ကတည်းက ကျွန်မတို့အတွက် ရပ်တည်ပေးခဲ့တဲ့သူ၊ နောက်ထပ် သားသမီးတွေ မွေးဖွားလာတဲ့အထိလည်း ကျွန်မတို့ဘေးနားမှာ နေပေးခဲ့သူ၊ အဲဒီလိုမားမားမတ်မတ် ရပ်တည်ပေးတဲ့ ကျွန်မတို့ရဲ့ မိဘဘိုးဘွားတွေနဲ့ အတူနေခွင့်ရတယ်၊ စောင့်ရှောက်ခွင့်ရတယ်ဆိုတာ တကယ့်ကိုအခွင့်အရေးထူး ကြီးပါပဲ။ ကျွန်မတိုရဲ့သဘာဝကို နားလည်ပြီး ထိန်းကျောင်းပေးခဲ့တဲ့သူတွေကို ပြန်ပြီး နားလည်နိုင်ဖို့အတွက် ကျွန်မတို့မှာ ကြိုတင်ပြင်ဆင်စရာတွေ အများကြီးပဲရှိပါတယ်။ သူတို့ကိုပြန်လည်စောင့်ရှောက်ခွင့်ရတဲ့ အချိန်မှာ ဘယ်လိုမျိုးလေးတွေဂရုစိုက်ရမလဲ၊ အသက်ကြီးလို့ ကြုံလာတဲ့ အခက်အခဲတွေကို ဘယ်လိုကာကွယ်ပေးမလဲ၊ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေဖို့ ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတာတွေကိုတော့ အလေးအနက် ထားပြီး လေ့လာထားရပါတယ်။

.

အမှန်တကယ်တော့ လူကြီးတွေကို စောင့်ရှောက်မှုပေးတယ်ဆိုတာ ပြောသလောက် လွယ်တဲ့ တာဝန်တစ်ခု တော့ မဟုတ်ပါဘူး။ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းသလို၊ ငွေရေးကြေးရေးကိုပါ ထည့်သွင်းစဉ်းစားထားတဲ့အခြေအနေပါ။ ခုချက်ခြင်းလုပ်လို့ ခုပြီးသွားတဲ့ ကိစ္စတစ်ခုလည်း မဟုတ်ပါဘူး။ ကျွန်မတို့ဘက်နေလုပ်ပေးနေရုံနဲ့လည်း ပြီးပြည့်စုံသွား ပြီလို့ သတ်မှတ်လို့ မရပါဘူး။ ကျွန်မတို့ပေးလိုက်တဲ့ ဂရုစိုက်မှုတွေဟာ လူကြီးတွေမှာ ဘယ်လိုပြောင်းလဲမှု တွေဖြစ်စေသလဲ၊ တကယ်ပဲ အကျိုးသက်ရောက်မှုရှိရဲ့လားဆိုတာတွေကို အမြဲတမ်းပြန်လည်ဆန်းစစ်နေရပါတယ်။

”ကျွန်မတို့ချစ်တဲ့အဘိုးအဘွားတွေ တကယ်အဆင်ပြေပြီး ပျော်ရွှင်တဲ့သူတွေဖြစ်ဖို့ ဘယ်လိုအချက်တွေကို သေသေချာချာလုပ်မလဲ။”

ပထမဆုံးလုပ်သင့်တာကို တာဝန်ကို ခွဲဝေယူဖို့ပါ။ မိသားစုဝင်တွေမှာ ဘယ်သူကတော့ ဘယ်လိုအလုပ် တွေကို ကူညီပြီးလုပ်ပေးနိုင်သလဲ ဆိုတာကို မိသားစုဝင် အချင်းချင်း ညှိနှိုင်းဆွေးနွေးကြည့်သင့်ပါတယ်။ အဘိုး၊ အဘွားမိဘတွေကို ပြုစုစောင့်တဲ့နေရာမှာ ဆယ်ကျော်သက်အရွယ်တွေ ပါဝင်လုပ်ပေးနိုင်သလို ကလေးငယ် တွေလည်း ဝင်ပြီးကူညီလို့ရတာတွေရှိပါတယ်။ အဘိုး၊ အဘွားတွေဆီကို ပုံမှန်သွားရောက် လည်ပတ်တာ၊ ဖုန်းဆက်ပြီး စကားပြောပေးတာ၊ အိမ်မှုကိစ္စတွေကို ကူညီပေးတာ၊ တောက်တိုမယ်ရအလုပ်လေးတွေ လုပ်ပေးတာမျိုး ကို မူလတန်းအရွယ်ကလေးငယ်တွေကအစ လုပ်ပေးလို့ ရပါတယ်။

.

အခုလိုမျိုးလူကြီးတွေကို စောင့်ရှောက်ရတဲ့အလုပ်ဟာ အနေနီးတဲ့ မိသားစုဝင်တွေရဲ့ တာဝန်လို့ပဲ ပြောလို့မရပါဘူး။ အဝေးရောက်နေတဲ့ဆွေမျိုးသားချင်းတွေအနေနဲ့လည်း လုပ်ပေးနိုင်တာတွေရှိပါတယ်။ အဝေး တနေရာကနေ သတိတရနဲ့ ပုံမှန်ဖုန်းဆက်တာ၊ ပို့စကဒ်လှလှလေးတွေ ပို့ပေးတာ၊ စာပို့တာ၊ အမှတ်တရတွေကို သိမ်းထားဖို့ စာအုပ်လေးတွေပို့ပေးတာမျိုးတွေကြောင့် လူကြီးတွေဟာ ”ငါတို့ကို အသိအမှတ် ပြုဆဲပါလား” ဆိုပြီး နှစ်သက်ဝမ်းမြောက်ပါလိမ့်မယ်။

.
တကယ်လို့ မိဘဘိုးဘွားတွေဟာ သူတို့အိမ်နဲ့သူတို့နေတာဆိုရင်တော့ သူတို့နဲ့ရင်းနှီးကျွမ်းဝင်နေတဲ့ သူတို့အိမ်ပတ်ဝန်းကျင်မှာပဲ နေစေတာက ပိုကောင်းပါတယ်။ သူတို့အတွက် ပိုပြီးသက်တောင့်သက်သာရှိစေပါတယ်။ လူတိုင်းဟာ အသက်ကြီးလာတာနဲ့အမျှ လွတ်လပ်ခွင့်ကို ပိုပြီးမြတ်နိုးတန်ဖိုးထား တတ်တာကြောင့် မိမိအိမ်မှာပဲ နေရတာကို နှစ်ခြိုက်ပါလိမ့်မယ်။ ယုံကြည်ရတဲ့ဆရာဝန်တစ်ယောက်ရှေ့မှာ လူကြီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ပေးချင်တယ်ဆိုတာကို မိဘဘိုးဘွားတွေသိအောင် ပြောပြတာက တော်တော်ကောင်းပါတယ်။
သူတို့က ငြင်းပယ်ချင်တယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး မလုပ်မဖြစ်၊ လိုအပ်လို့လုပ်ရတယ် ဆိုတဲ့အချက်ကို ဆရာဝန်က ကြားကနေ ဝင်ရောက်ဆုံးဖြတ်ပေးနိုင်ပါတယ်။ ကျွန်မတို့ကလည်း ဒီအဘိုး၊အဘွားတွေနဲ့ ဘယ်လိုတော်စပ်တယ်၊ ဘယ်လိုတာဝန်ရှိတယ်ဆိုတာကို ဆရာဝန်ကို ကြိုပြီးပြောပြထားဖို့တော့ လိုပါတယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ကျွန်မတို့ကို ဘာလုပ်သင့်တယ်၊ ဘယ်လိုနေရာတွေမှာ သတိထားသင့်တယ်ဆိုတဲ့အချက်တွေကို ပွင့်လင်းစွာ အကြံပေးနိုင်မှာဖြစ်ပါတယ်။

.

သူတို့ကို ဂရုစိုက်တယ်ဆိုပေမယ့် လူကြီးတွေကတော့ သူတို့ကို မျက်စိဒေါက်ထောက်ကြည့်နေတယ်။ သူတိုရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်တယ်။ သူတို့ရဲ့ လွတ်လပ်မှုဆုံးရှုံးသွားတယ်လို့ ထင်တတ်ပါတယ်။ အဲဒီလို သံသယတွေ ဝင်လာတာနဲ့ ကျွန်မတို့လုပ်ပေးသမျှကိစ္စတိုင်းကို မနှစ်သက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အကြံပေးမှုမပါဘဲ၊ သူတို့နဲ့သက်ဆိုင်တဲ့ ဘာကိစ္စကိုမှ ဆုံးဖြတ်ချက်မချသင့်ပါဘူး။ မတော်တဆသာ လုပ်ဖြစ်ခဲ့ရင် ရေရှည် ပြုစုစောင့်ရှောက်တဲ့နေရာမှာ အခက်အခဲတွေအများကြီးကြုံလာနိုင်ပါတယ်။

.

”ကျွန်မတို့ယူရမယ့် တာဝန်နဲ့ပတ်သက်ပြီး အဆင်သင့်ဖြစ်ပြီလား”

.

ပြုစုစောင့်ရှောက်မှုပေးမယ့် သားသမီးတွေဟာ အိမ်ထောင်သည်တွေသာဖြစ်နေရမယ်ဆိုရင် မိသားစုအရေး ကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လူကြီးတွေကို ကိုယ်ဖိရင်ဖိစောင့်ရှောက်တဲ့နေရာမှာ ကိုယ့်မိသားစုအတွင်းမှာ ဘယ်လိုမျိုးတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုတာကိုပါ ထည့်သွင်းတွက်ဆထားဖို့လိုပါတယ်။ အထူးသဖြင့် လူကြီးတွေမှာ စိတ်ပျံ့လွင့်တာလိုမျိုး စိတ်နဲ့ပတ်သက်တဲ့ရောဂါတွေ၊ မသန်မစွမ်းဖြစ်နေမယ် ဆိုရင် ခင်ပွန်း၊ ဇနီးမယား သားသမီးတွေ နေရာကနေလည်း ဝင်ပြီး စဉ်းစားထားဖို့လိုပါတယ်။ ပြုစုစောင့်ရှောက်ပေးမယ့် မိဘသားချင်းတွေကို အိမ်မှာ အတူလာနေဖို့ မဖိတ်ခေါ်ခင်ကတည်းက ဒီအခက်အခဲကို ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။

.
အဲဒီကိစ္စအတွက် အဆင်ပြေတယ်ဆိုရင်လည်း နေဖို့ထိုင်ဖို့မပြင်ဆင်ခင် သေချာစာရင်းပြုပြီး စဉ်းစားထား ရမှာတွေ အများကြီးပဲရှိပါသေးတယ်။ လူကြီးတွေနေမယ့် အခန်းအကျယ်အဝန်း၊ အစားအသောက်၊ ဖြည့်စွက် အားဆေး၊ တကိုယ်ရေသန့်ရှင်း ရေးအပါအဝင် တခြား ကျန်းမာရေးအခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ အားလုံးအတွက် အကောင်းဆုံး ဖြစ်မယ့် အသေးစိတ်အစီအစဉ်ကိုသာ မချနိုင်ရင် ဒီကိစ္စဟာ အတော်ကို ခက်တဲ့ ပြဿနာပါပဲ။ လူကြီးတွေကို စောင့်ရှောက်ပေးမယ့်သူတိုင်း တာဝန်ဝတ္တရားတစ်ခုလို သဘောမထားဘဲ ပျော်ပျော်ရွှင်ရွှင်ဆောင်ရွက်နိုင်အောင် အောက်မှာပါတဲ့ အကြံပေးချက်တွေအတိုင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။

.

(၁) အိပ်ခန်း
လူကြီးတွေအတွက်တော့ သန့်ရှင်းပြီး စိမ့်အေးမှုမရှိတဲ့၊ လေစိမ်းမတိုက်တဲ့အခန်းနေရာကသာ အသင့်တော ဆုံးပါပဲ။ အခန်းနံရံမှာ စိတ်ကိုအေးငြိမ်းစေပြီး အမောပြေစေတဲ့ ဆေးရောင်နဲ့ သုတ်ထားရင် လူကြီးတွေက ပိုပြီးနှစ်ခြိုက်ပါလိမ့်မယ်။ အိပ်ယာရဲ့ဘေးဘက်မှာ သူတို့ထိုင်ဖို့ထိုင်ခုံလေးတွေကိုလည်း မမေ့မလျော့ထားပေးဖို့ လိုပါတယ်။ သူတို့အိပ်တဲ့အိပ်ခန်းမှာ တီဗီထားမယ်ဆိုရင်လည်ျးွနာသအန ဃသညအမသူ ကို အလွယ်တကူ ယူလို့ရအောင်ထားပေးသင့်ပါတယ်။

.
အသက်ကြီးလာချိန်မှာ သွေးဖိအားအပြောင်းအလဲကြောင့် အိပ်ယာကနေ အထိုင်အထမှာ ရုတ်တရက် ခေါင်မူးတတ်ပါတယ်။ စောင့်ကြည့်ပေးမယ့်သူမရှိရင်လဲတာမျိုးတွေဖြစ်နိုင်တာကြောင့် သူတို့ရဲ့အိပ်ယာ နံဘေးမှာ ဆွဲဆုပ်ကိုင်စရာ လက်တန်းလေး ထားပေးသင့်ပါတယ်။ အဲဒီတန်းကို ဆွဲဆုပ်ထားတဲ့အတွက် သူတို့ကိုယ်အလေးချိန်ကို သူတို့ဘာသာ ထိန်းမပြီး အထိုင်အထလုပ်နိုင်သလို ရုတ်တရက် မူးပြီးလဲတာမျိုးကိုလည်း ကာကွယ်နိုင်ပါတယ်။ အဆင်ပြေမယ်ဆိုရင် သူတို့ရဲ့ အိပ်ရာနားမှာ အရေးပေါ်လိုအပ်ရင်ခေါ်ဖို့ ဗူမော တွေကို တပ်ဆင်ထားပေးပါ။

.
လူကြီးတွေနေဖို့ အသင့်တော်ဆုံးအိပ်ခန်းနေရာဟာ အိမ်ရဲ့အောက်ထပ်၊ ရေချိုးခန်း၊ အိမ်သာတွေတွဲပါတဲ့ အခန်းမျိုးသာ ဖြစ်သင့်ပါတယ်။ အဲဒီအခန်းဟာ အလင်းရောင်ကောင်းစွာရရှိဖို့လည်း လိုအပ်ပါတယ်။ အလင်းရောင် ကောင်းကောင်းမရလို့ အမြင်တွေဝေဝါးတာရဲ့ နောက်မှာ ရုတ်တရက် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေ အများကြီး ရှိပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် လျှောက်လမ်း၊ လှေခါး၊ နံရံကပ်ဗီရိုတွေမှာကအစ မီးထွန်းထားပါ။ စာဖတ်တာကို နှစ်သက်တဲ့လူကြီးတွေအတွက်တော့ သင့်တော်တဲ့စာကြည့်မီး၊ မျက်မှန်တို့ကို ထားရှိပေးသင့်ပါတယ်။

.

(၂) ရေချိုးခန်း
ရေချိုးခန်းကြမ်းပြင်ဟာ မချောတဲ့ မျက်နှာပြင်ဖြစ်ဖို့လိုပါတယ်။ ရေချိုးခန်းထဲမှာ အခင်းခင်းထားမယ်ဆိုရင် အဲဒီအခင်းဟာ ကြမ်းပြင်ပေါ်မှာ ချောနေတဲ့အခင်းမျိုးမဖြစ်သင့်သလို ခြေထောက်မှာလည်း ချောကျိကျိဖြစ်စေတဲ့ အခင်းမျိုး မဖြစ်သင့်ပါဘူး။ အားအင်ချိနဲ့နေပြီး မသန်မစွမ်းဖြစ်နေတဲ့သူတွေ ဘေးကင်းစွာရွှေ့လျားနိုင်ဖို့ ရေချိုးခန်း ထဲမှာ လက်ကိုင်တွေ ထားပေးဖို့လိုပါတယ်။

.
နာကျင်ကိုက်ခဲနေတဲ့လက်တွေနဲ့ မှီတဲ့နေရာမှာ မီးခလုတ်တွေကို ထားရှိသင့်ပါတယ်။ ရေချိုးတာဟာ အသက်ကြီးတဲ့လူကြီးတွေအတွက်တော့ အညောင်းမိစေတဲ့အတွက် ရေချိုးခန်းမှာ ထိုင်ဖို့ ထိုင်ခုံတွေ၊ ခွေးခြေလေး တွေကို ထားပေးသင့်ပါတယ်။ ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး လဲတာကို ကာကွယ်ဖို့အတွက် ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ တဘက်တို့ကို လက်လှမ်းမှီတဲ့နေရာတွေမှာ ထားပေးဖို့လိုသလို ရေချိုးခန်းထဲမှာ ပစ္စည်းချိတ်စရာ ချိတ်၊ တန်း တို့ကို ထားပေးသင့်ပါတယ်။

.

(၃) အိမ်သာ
လူကြီးတွေအတွက် အထိုင်အထမှာ စိတ်ချရတဲ့ အိမ်သာဘောင်မျိုးကိုသာ ရွေးချယ်တပ်ဆင်သင့်ပါတယ်။ အသက်ကြီးလာတဲ့အချိန် အရိုးတွေ ကျွတ်ဆတ်လာတာ၊ြ<ွကက်သားတွေ အားပျော့လာတာမျိုးကို အနှေးနဲ့အမြန် ဆိုသလို မလွဲမသွေကြုံတွေ့ရနိုင်တာကြောင့် သူတို့ကို ထိခိုက်ဒါဏ်ရာမရအောင် ကာကွယ်ဖို့လိုအပ်ပါတယ်။ အိမ်သာသုံးစက္ကူ၊ တစ်သျှူးလိပ်တို့ကိုလည်း သူတို့အလွယ်တကူလက်လှမ်းမီတဲ့ နေရာမျိုးမှာသာ ထားသင့်ပါတယ်။ လက်ဆေးဖို့ ဆပ်ပြာကိုလည်း အဆင်သင့်ထားပေးဖို့လိုပါတယ်။

.

(၄) ကြမ်းခင်း
ရုတ်တရက်ချော်လဲတာ၊ ထိခိုက်ဒါဏ်ရာရတာမျိုးကို ကာကွယ်ဖို့အတွက်ဆိုရင် ကြမ်းခင်းကို အတော်လေး ဂရုစိုက်ရပါလိမ့်မယ်။ လူသွားတဲ့ စကြံင်္ရဲ့ ကြမ်းခင်းမှာ ချော်လဲနိုင်ချေရှိတဲ့ ကော်ဇော၊ အခင်းတွေကို ဖယ်ထားသင့် ပါတယ်။ ကြမ်းအခင်း၊ြေ<ွကပြားတွေမှာ အက်တာ၊ ကွဲတာရှိ၊ မရှိကိုလည်း ပုံမှန်စစ်ပေးသင့်ပါတယ်။ ကြမ်းပြင်အတွက် အခင်းရွေးတဲ့အခါမှာ ခြေထောက်ကိုလည်း မလျောစေတဲ့ အခင်းမျိုးကိုသာ ဦးစားပေးပြီး စဉ်းစားရပါတယ်။ မီးကြိုးတွေတစ်စွန်းတစ်စ ထွက်ပေါ်နေရင် သူ့ကို ခလုတ်တိုက်မိပြီး ချော်လဲနိုင်တာကြောင့် မီးကြိုးတွေကို အခင်းရဲ့ အောက်မှာ သေချာမြှုပ်နှံထားဖို့လိုပါတယ်။ ပေါင်ဒါအမှုန့်လို အမှုန့်တွေကြမ်းခင်းမှာ ကျနေရင်လည်း ချော်လဲနိုင်တာ ကြောင့် မသုံးဖြစ်အောင် သတိထားရပါတယ်။

(၅) တခြားလိုအပ်မှုများ
လူကြီးတွေဟာ ရေချိုးတဲ့အချိန်၊ အိမ်သာကို အသုံးပြုနေတဲ့အချိန်မျိုးမှာ အသေးစိတ်လိုအပ်မှုလေးတွေ ရှိနေ တယ်ဆိုတာကို ကျွန်မတို့တွေ သတိထားမိဖို့လိုပါတယ်။ ဒါပေမယ့် အဲဒီလိုအပ်ချက်လေးတွေကို လုပ်ပေးတာကိုတော့ မိဘဘိုးဘွားတွေက သိပ်ပြီး ခွင့်မပြုချင်ပါဘူး။ တချို့လူကြီးတွေကတော့ သူတို့ရဲ့ ချို့ယွင်းချက်တွေကို ရှက်နေတတ်ပြီး အဲဒီအပေါ်မှာ စိတ်တိုတာစိတ်ဆတ်တာ၊ ဒေါသထွက်တာမျိုးဖြစ်နေ တတ်ပါတယ်။ ဒီလိုစိတ်ဆိုးတာဟာ ကျွန်မတို့ကို မဟုတ်ပါဘူး။ သူတို့ရဲ့ မပြည့်စုံတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုတွေကြောင့်ဆိုတာကို ကျွန်မတို့က နားလည်ထား ရပါမယ်။

.

နောက်တစ်ခါ အသက်ကြီးတဲ့သူတွေ အလိုမရှိတဲ့အချက်ကတော့ ခါးတောင်းကျိုက်ပိတ်စ ခံထားပေးတဲ့ ကိစ္စပါ။ ဆီး၊ ဝမ်းမထိန်းနိုင်တဲ့ အခြေအနေမျိုးမှာဆိုရင် သူတို့ရဲ့ ခါးဝတ်အတွင်းကနေ ပိတ်စခံထားပေးဖို့လိုပါတယ်။ ဆီး၊ ဝမ်းသွားတာကိုသာ သတိမထားလိုက်မိရင် အရေးပြားတွေစိုစွတ်ပြီး ပွန်းပဲ့ကာပိုးဝင်နိုင်ပါတယ်။ အနာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူကြီးတော်တော်များများကတော့ သူတို့ကို ဒီလိုလုပ်ပေးရင် မကြိုက်ပါဘူး။ အထူးသဖြင့် သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိတတ်တဲ့သူမျိုးဆိုရင်ပိုပြီး ဆိုးပါတယ်။ အဲဒီလိုမျိုး မလုပ်မဖြစ်လုပ်ရမယ့် အခြေအနေ မျိုးဆိုရင်လည်း အားတုံ့အားနာဖြစ်ကာ ရေးကြီးခွင်ကျယ်ချဲ့မနေသင့်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဟန်မပျက် ဆောင်ရွက်သင့်ပါတယ်။

.

တကယ်လို့ အိပ်ရာထဲမှာ လဲနေတဲ့သူဆိုရင်လည်း ဆီးခွက်၊ ဝမ်းခွက်တွေကို ထားပေးဖို့လိုပါတယ်။ အဲဒီ နောက်ဖေးခွက်တွေကို ဘယ်လိုသုံးရတယ် ဆိုတာကို ပြောပြထားပြီး အလွယ်တကူ ယူလို့ရတဲ့နေရာမှာသာ သိမ်းထား သင့်ပါတယ်။ သူတို့ကိုတစ်ယောက်တည်းထားခဲ့ခင် အိမ်သာသုံးစက္ကူ၊ တစ်သျှူးလိပ်တို့ကို သူတို့နဲ့ လက်လှမ်းမီတဲ့ နေရာမျိုးမှာ ထားပေးခဲ့ရပါမယ်။ လက်ဆေးဖို့ဆပ်ပြာထားခဲ့ဖို့ကိုလည်း မမေ့သင့်ပါဘူး။ အညစ်အကြေး တွေကို ချက်ခြင်းစွန့်ပစ်ပြီး နောက်ဖေးခွက်ကို တခါတည်း ဆေးကြောကာ ပြန်သိမ်းထားရပါမယ်။

.
အဲဒီလို အိပ်ရာထဲလှဲနေတဲ့ လူကြီးတွေအတွက်ထည့်သွင်းစဉ်းစားထားရမယ့် နောက်အချက်တစ်ခုက အိပ်ရာနာပါ။ တစ်နေရာတည်းမှာ အကြာကြီး လဲလျောင်းနေရင် အဲဒီနေရာတစ်ဝိုက်ကအသားတွေဟာ နီရဲလာပြီး ပြဲကွဲနေတဲ့ အနာတွေအဖြစ် အသွင်ပြောင်း လာပါတယ်။ အဲဒါကိုမှထပ်ပြီး လျစ်လျူရှု့ မိရင် ပိုးဝင်လာနိုင်ပြီး အနာကပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့် လှဲနေရတဲ့ လူကြီးတွေကို အချိန်အပိုင်းအခြားလေးထားပြီး ဘယ်ညာ လှည့်ပေးတာမျိုးကို ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ သူတို့ကိုနူးညံ့တဲ့အခင်း ဒါမှမဟုတ် အဝတ်တွေပေါ်မှာ လှဲလျောင်း ထားပေးခြင်းဖြင့် အိပ်ရာနာ မဖြစ်အောင် ကာကွယ်ပေးလို့ရပါတယ်။

.

(၆) ဆေးဝါးနှင့်ဖြည့်စွက်အားဆေးများ
လူကြီးတွေကို ပြုစုစောင့်ရှောက်မယ်ဆိုတဲ့သူတစ်ယောက်အနေနဲ့ အဓိက ထားရမယ့်လုပ်ငန်းဆောင်တာတွေထဲမှာ ဆရာဝန်ညွန်ကြားလိုက်တဲ့ဆေး တွေ၊ အားဆေးတွေကို မှန်မှန်ကန်ကန်တိုက်ရမယ့်အချက်လည်း ပါပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မိသားစုဝင်တွေအနေနဲ့ ဘာအတွက်သုံးတဲ့ဆေးလဲ၊ ဒီဆေးဘယ်လိုအလုပ်လုပ်သလဲ ဆိုတာက သိထားရင်ပိုကောင်းပါတယ်။ အသက်ကြီးတဲ့သူတော်တော်များများဟာ နောက်ဆုံးအကြိမ် သူတို့ သောက်ခဲ့တဲ့ ဆေးတွေကိုမေ့လျော့ပြီး ထပ်သောက်မိတတ်သလို တခါတလေကျတော့လည်း ဆေးသောက်ရမယ့်အချိန်ကိုမေ့သွား တတ်ပါတယ်။

.

ဒီအခါမှာ ဆေးပမာဏလွန်သွားတာ၊ အာနိသင်အပြည့်အဝမရတဲ့အဖြစ်မျိုးတွေကို ကြုံရတတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ လူကြီးတွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ ဆေးဝါးသုံးစွဲမှုကို မျက်ချေပြတ်လို့ မဖြစ်ပါဘူး။ တစ်ပတ်အတွင်းမှာပဲ ဆေးသောက်ရမယ့်ရက်၊ ဆေးသောက်ရမယ့် အချိန်တွေဖော်ပြထားတဲ့ ဆေးဘူးလေးတွေကို အသုံးပြုပေးရင် ဒီပြသနာကို ဖြေရှင်းရတာလွယ်ကူပါတယ်။

.

(၇) အစာအာဟာရ
အစားအသောက်တွေကို ပြင်ဆင်တဲ့နေရာမှာ လူကြီးတွေစားဖို့အတွက် သီးသန့်အစားအသောက်ကို ထည့်သွင်းစဉ်းစားပေးရပါတယ်။ သူတို့ ကြိုက်တဲ့အစားအသောက်ဟာ သူတို့ရဲ့ကျန်းမာရေးကို ရုတ်တရက် ချို့ယွင်းသွားစေတဲ့ အစားအသောက်မျိုးမဟုတ်ဘူးဆိုရင် အဲဒီအစားအသောက် ကို ချက်ခြင်းမရပ်ပစ်သင့်ပါဘူး။ အသက်ကြီးလာချိန် လျှာမှာရှိတဲ့ အရသာခံနိုင်တဲ့အဖုလေးတွေ အလုပ်လုပ်မှုချို့ယွင်းတာ၊ ဦးနှောက်မှာရှိတဲ့ အစားစားချင်စိတ်ကိုထိန်းချုပ်ပေးတဲ့နေရာ (Appetite Center) တွေမှာ အပြောင်းအလဲရှိလာတာတွေကြောင့် အစားအသောက်တစ်ခုကို ရုတ်တရက် လက်မခံတာ၊ စားချင်စိတ်မရှိတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။

.
အစာစားချင်စိတ်သာမရှိဘူးဆိုရင် ကောင်းကောင်းစားမှာမဟုတ်သလို ကျန်းမာရေးကလည်းချိုတဲ့ လာတတ် ပါတယ်။ သူတို့အတွက် ပြင်ဆင်ပေးတဲ့ အစားအသောက်ဟာ အာဟာရပြည့်ဖို့လိုအပ်သလို အရသာရှိဖို့ (သူတို့ နှစ်သက်တဲ့ အရသာဖြစ်နေဖို့) လည်းလိုအပ်ပါတယ်။ ကလေးတွေအတွက် ပြင်ဆင်သလို သူတို့စားသောက်မယ့် အစားအစာတွေဟာ ဆွဲဆောင်မှုရှိဖို့လိုပါတယ်။ ထမင်းစားတဲ့အခါမှလည်း သူတို့ကို တစ်ယောက်တည်း ပေးမစားပါနဲ့။ တတ်နိုင်သမျှ သူတို့နဲ့ အတူတကွတစ်ဝိုင်းတည်းစားပေးသင့်ပါတယ်။

.

(၈) ဖျော်ဖြေမှု
အသက်ကြီးတဲ့သူတွေ အထူးသဖြင့် ငယ်ငယ်က စွန့်စွန့်စားစားအလုပ်မျိုး မလုပ်ခဲ့ရတဲ့သူတွေဟာ စာအုပ်ဖတ်တာ၊ တီဗီကြည့်ရတာကို ပိုပြီးနှစ်သက်ကြပါတယ်။ ဒီနေရာမှာ ပြဿနာရှိလာတာက အသံကိစ္စပါ။ နားကြားကိရိယာရဲ့ အကူအညီကိုသာ အားပြုနေရတဲ့ မိဘဘိုးဘွားတွေဟာ အသံကျယ်တဲ့ဒါဏ်ကို မခံစားနိုင်ပါဘူး။ ဒါကြောင့် လူငယ်တွေဟာ သီချင်းတွေကျယ်ကျယ်ဖွင့်တာ၊ တီဗီကိုအသံကျယ်ကျယ်နဲ့ ကြည့်မယ့်အစားံနေိ ဏ့သညနျ တွေကိုသာ သုံးသင့်ပါတယ်။ ကျန်ရှိတဲ့ မိသားစုဝင်တွေရဲ့ စိတ်အပန်းဖြေမှုဟာ ဘိုးဘွားတွေရဲ့ အနားယူမှုကို အနှောင့်ယှက်မဖြစ်အောင် သတိထားဖို့လိုပါတယ်။ အားလုံးတစ်စုတစ်ဝေးတည်းရှိတဲ့အချိန်မျိုးမှာ တီဗီကြည့်မယ့် အစား မိသားစုလိုက် ပါဝင်ဆင်နွှဲနိုင်တဲ့ ဥာဏ်စမ်းဖွက်တာ၊ ကဒ်ဆွဲတာတို့လို တခြားအပန်းပြေစေမယ့် နည်းလမ်းတွေ ကိုသာ သုံးသင့်ပါတယ်။

.

(၉) ကိုယ့်ကိုယ့်ကို တန်ဖိုးထားမှု
မနက်အိပ်ယာကနိုးရင် အဖေ၊ အဘိုးတို့ကိုမုတ်ဆိတ်ရိတ်ပေးလိုက်ရင် သူတို့ဟာ တနေ့တာလုံး သန့်ရှင်း လန်းဆန်းနေပါလိမ့်မယ်။ အမေတို့၊ အဘွားတို့ကိုလည်း ဒီလိုပါပဲ။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖီးပြီး သနပ်ခါး၊ မိတ်ကပ် ပါးပါးလေး လိမ်းပေးတာ၊ အဝတ်အစားလဲပေးတာမျိုးကို လုပ်ပေးသင့်ပါတယ်။ ဒီလိုမျိုးအသေးအဖွဲလေးတွေဟာ လူကြီးတွေအတွက်တော့ သူတို့ကိုယ်သူတို့ ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို ဆက်လက်ပြီး တည်မြဲနေစေပါတယ်။

.

တကယ်လို့လူကြီးတွေဟာ သူတို့အိမ်မှာပဲ သူတို့နေလိုတယ်ဆိုရင် ပထမဆုံး အစားအသောက်အတွက်ကို စဉ်းစားဖို့လိုပါတယ်။ လတ်လတ်ဆတ်ဆတ် ချက်ထားတဲ့ အစားအသောက်ကိုစီစဉ်ပေးဖို့ လိုအပ်သလို သယ်ယူပို့ဆောင်ဖို့ကိုလည်း စဉ်းစားထားရပါတယ်။ သူတို့ဘာသာ အိမ်မှာပဲ အခန်းအောင်နေမယ့်အစား သူတို့နဲ့ သက်တူရွယ်တူတွေနဲ့ ဆုံဆည်းနိုင်မယ့် အသင်းတွေ၊ အဖွဲ့တွေနဲ့ ဆုံဆည်းပေးဖို့လိုပါတယ်။

.
သူတို့ထက်အသက်ငယ်တဲ့သူတွေနဲ့ အပြန်အလှန်ဆက်သွယ်မှုကလည်း အရေးကြီးပါတယ်။ အဲဒီရင်းနှီးမှု ကနေ သူတို့ဟာ ပျော်ရွှင်မှုတွေအများကြီး ရနိုင်ပါတယ်။ တစ်စုတစ်ဝေးနေနေတဲ့အတွက် လူကြီးတွေစိတ်ဓါတ်ကျမှာကို နေ့ရောညပါ ပူပန်နေစရာလည်း မလိုတော့ဘူး။ အသက်ကြီးလာတဲ့ လူတစ်ဦးတစ်ယောက်အတွက် မိသားစုရဲ့ ထောက်ပံ့ပေးမှုနဲ့ လူမှုရေးအသင်းတွေရဲ့ ဝန်ဆောင်မှုဟာ အရမ်းကို ထိရောက်မှုရှိပါတယ်။ ဒါကြောင့် သူတို့ကို သီးသန့်နေစေတာထက် ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရှိအောင် အမြဲတမ်းစဉ်းစားထားပေးဖို့လိုပါတယ်။ ဖြစ်နိုင်ရင် သူတို့ဆီကို မကြာခဏသွား လည်ပြီး ဘယ်နေ့မှာ လာနေကျဆိုတဲ့ အကျင့်လေးတစ်ခုလုပ်ထားပါ။

.

”စိတ်ခံစားမှုတွေကို ရင်ဆိုင်ဖြေရှင်းခြင်း”

သူတို့ကို ဂရုစိုက်ဖို့ ကျွန်မတို့ဘက်က ခြေလှမ်းစတင်တာနဲ့ သူတို့ဟာ အစပိုင်းမှာ အလွန်အမင်းကို ဝမ်းသာသွားပါတယ်။ သူတို့ဟာ လျစ်လျူရှု့  မခံရတော့ဘူးဆိုတာကို သိရလို့ ကြည်နူးရသလို သူတို့ကို စောင့်ကြည့် ပေးမယ့်သူတွေရှိနေတဲ့ အတွက်လည်း ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် အချိန်ကြာလာရင်တော့ အဲဒီစိတ်ခံစားမှုဟာ ဒေါသအဖြစ်ကို ပြောင်းသွားတတ်ပါတယ်။ သူတို့ကြောင့် တခြားသူတွေမှာ ဝန်ထုပ်၊ ဝန်ပိုးသဖွယ် ဖြစ်လာကြပြီလို့ ထင်မြင်တဲ့အတွက် ရှက်စိတ်နဲ့အတူ ဒေါသပါထွက်လာပါတယ်။ သူတို့ကိုယ်သူတို့ အလိုမကျမှုတွေ၊ ရှေ့ဆက်ကြုံရမယ့် အနာဂတ်ကို တွေးကြောက်တာတွေကြောင့် ဒီလိုခံစားနေရတယ်ဆိုတာကို နားလည်ပေးဖို့လိုပါတယ်။

.
မိဘဘိုးဘွားတွေကို စောင့်ရှောက်မယ့်သူတွေဟာ တခြားသူတွေကို စောင့်ရှောက်မှုမပေးခင် မိမိကိုယ်မိမိ ဂရုစိုက်ရပါမယ်။ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ဖေးမလိုစိတ်ပြင်းထန်မှုတွေကသာ တခြားသူတွေကို ပြုစုစောင့်ရှောက် တဲ့နေရာမှာ နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ စိတ်ကို အနှောင့်အယှက်ဖြစ်အောင် တုံ့ပြန်မှုတွေပေးလာရင်လည်း စိတ်ရှည်သည်းခံပေးဖို့လိုပါတယ်။ မိမိတို့ပြောချင်တဲ့စကားတွေထက် လူကြီးတွေ ပြောပြတဲ့ စကားကို စိတ်ပါလက်ပါနားထောင်ပေးတာမျိုးသာ ဖြစ်သင့်ပါတယ်။

.
နားထောင်တာဟာ တကယ့်ကို အလုပ်သင့်ဆုံးပါပဲ။ သူတို့ပြောတာတွေကို ကြားရတဲ့ ကျွန်မတို့အတွက် အကျိုးရှိတယ်ဆိုတာ သူတို့ကိုလည်း ပြောပြထားပါ။ အဲဒီနေရာမှာ အရေးကြီးတဲ့ စည်းမျဉ်းတစ်ခုတော့ ထားရပါလိမ့်မယ်။ အတိတ်တုန်းက သူတို့နာကျင်ခံစားခဲ့ရတဲ့ အကြောင်းတွေကို တသသ တွေးမိစေတဲ့အဖြစ်မျိုးကို ရှောင်သင့်ပါတယ်။ သူတို့ရဲ့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို ပြောနေရင် ”ကြားရတာ စိတ်မကောင်း စရာပဲ” ဆိုတာလောက်နဲ့တင် စကားချီပြီး တခြားလမ်းကြောင်းပြောင်းသင့်ပါတယ်။ ကျွန်မတို့ သူတို့ကို ချစ်တယ် ဆိုတာ သူတို့သိအောင်ပြသင့်သလို သူတို့ကြားအောင်လည်း ပြောသင့်ပါတယ်။ လူကြီးတွေနဲ့ပတ်သက်ပြီး ဒီနေ့ပြောရမယ့် စကား၊ ဒီနေ့လုပ် ရမယ့် အလုပ်တွေကို နောက်နေ့ကို ထပ်ပြီး မရွှေ့ဆိုင်းပါနဲ့တော့။

.

တကယ်တော့ လူကြီးတွေကို စောင့်ရှောက်မှုပေးတယ်ဆိုတာ ထမင်းစား၊ ရေသောက်တာလို သာမန်လုပ် နေကျ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ရာသီစက်ဝိုင်းနဲ့အတူလည်ပတ်ခဲ့ရတဲ့ လူကြီးတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေရှိနေစမြဲပါ။ သူတို့ကိုယ်သူတို့ အလိုမကျမှုတွေကြောင့် ကျွန်မတို့လုပ်ပေးသမျှ စေတနာတိုင်းကို အမြင်မှားတာမျိုးတွေ ရှိတတ်ပါတယ်။ သူတို့လိုအပ်မှုတွေကို ကျွန်မတို့ နားလည်မပေးနိုင်တဲ့ အခြေအနေ မျိုးတွေနဲ့လည်း ကြုံတွေ့နိုင်ပါတယ်။ ဒီအတွက် ကျွန်မတို့ဘက်ကနေ စိတ်မရှည်တာ၊ အရေးမစိုက်တာလိုမျိုး အပြုအမှုတွေနဲ့ ပြန်ပြီးမတုံ့ပြန်မိဖို့လိုပါတယ်။ ဇရာနဲ့ ရင်ဆိုင်နေရတဲ့သူတွေဟာ စိတ်အလိုမကျမှုတွေကြောင့် နှုတ်ထွက်စကားကြမ်းကောင်း ကြမ်းနေနိုင်ပေမယ့် ချိုသာနူးညံ့တဲ့ စကားလုံးတွေကိုသာ နားထောင်လိုကြပါတယ်။ လူတွေနဲ့ကင်းကွာပြီးနေပေမယ့် နွေးထွေးတဲ့ ကြင်နာမှုတွေကို လိုအပ်နေကြပါတယ်။ ဒါကြောင့် ကျွန်မတို့အားလုံး ”စာနာမှုနဲ့ နားလည်ပေးနိုင်မှု” ကို လက်ကိုင်ထားပြီး အားနည်းသူတို့ကို ဖေးကူကြပါစို့လား။

နှင်းနုလွင် (ဆေးဝါး)

Health For All

(July + August), 2010