သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

“တကယ်ကောင်းတဲ့ဆေးဖြစ်အောင်” December 23, 2010

Filed under: ဆေးဝါးသုတ — thetsonehnin @ 8:11 AM
Tags:

ဆေးတွေဟာ လူတွေကို ကျန်ကျန်းမာမာနဲ့အသက်ရှည်ရှည်နေနိုင်ဖို့ ကူညီပေးပါတယ်။ သူတို့ကြောင့် သက်တောင့်သက်သာနေနိုင်လာပါတယ်။ ဝေဒနာခံစားရမှုတွေလျော့နည်းလာပါတယ်။ ကျွန်မတို့တွေက ဆေးတွေဆီက ကောင်းတဲ့အာနိသင်ကိုသာ အလိုရှိပေမယ့် သူတို့ကြောင့် ပြဿနာတွေပြန်ဖြစ်နိုင်တယ်ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ ဆေးတွေကို ခန္ဓာကိုယ်ကနေ တုံ့ပြန်မှုပေးရာကနေ ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့တချို့ ပြဿနာတွေဟာ မထူးဆန်းပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်ခံရပုံချင်းမတူကြပါဘူး။ အချိန်ခဏိုင်းမျှသာံစားရပြီး ပြန်သက်သာ သွားတာမျိုးရှိသလို ဆေးရုံဆေးခန်းကို အချိန်မီသွားရောက်ဖို့လိုတဲ့အထိ ပြင်းထန်တာမျိုးကိုလည်း ကြုံတွေ့ရ တတ်ပါတယ်။

.

ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် လူနာတွေ၊ လူနာရှင်တွေအနေနဲ့ ဆေးတွေကို စနစ်တကျ သုံးစွဲဖို့လိုအပ်ပါတယ်။ အဲဒီအတွက် ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေထံကနေ လမ်းညွှန်မှုတွေကို ရယူနိုင်သလို မိမိတို့ကိုယ်တိုင် နားလည်ထားသင့်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ မိမိရဲ့ရောဂါ သက်သာစေဖို့ အသုံးပြုနေတဲ့ ဆေးဟာ မိမိအတွက် ကောင်းမွန်သင့်တော်တဲ့ဆေး ဖြစ်သင့်သလို စိတ်ချစွာနဲ့ သုံးစွဲနိုင်တဲ့ ခြေအနေမျိုးလည်း ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် ဆေးသုံးစွဲမယ့်သူတွေအနေနဲ့ မိမိသုံးလိုက်တဲ့ဆေးဟာ တကယ်ကောင်းတဲ့ ဆေးဖြစ်အောင် အချက် ၆ ချက်ကို လိုက်နာပေးဖို့လိုပါတယ်။

.

၁။ အချိန်မှန် ဆေးသောက်ရန်သတိရပါ။


အသက်ကြီးတဲ့သူတွေ၊ ဆေးတွေကို အချိန်ခွဲပြီးသောက်နေရတဲ့သူတွေဟာ ဆေးသောက်ဖို့မေ့တာ၊ ဆေးသောက်ချိန်ကျော်သွားတာမျိုး ဖြစ်တတ်ပါတယ်။ တချို့သူတွေကျတော့ ဆေးသောက်ပြီးသားကိုမေ့ပြီး ထပ်သောက် မိတတ်ပါတယ်။ ပိုးသတ်ဆေးလိုဆေးမျိုးဟာ ဆေး သောက်ချိန်အတိအကျထားရင် အလုပ်လုပ်တဲ့အာနိသင် ပိုကောင်း ပါတယ်။ ပိုးတွေက ဆေးယဉ်လာတာမျိုးကို ရှောင်နိုင်ဖို့အတွက်ဆိုရင် မိမိ ရောဂါအတွက် သင့်တော်တဲ့ဆေးတွေကို ပမာဏအပြည့်အဝ သောက်ဖို့က အရေးအကြီးဆုံးပါပဲ။

.

ဒါကြောင့် ဆရာဝန်က ဆေးအသစ်တစ်မျိုးကို ညွှန်ကြားလိုက်တဲ့အခါမျိုးမှာ အဲဒီဆေးနာမည်ကို အထပ်ထပ် အခါခါရွတ်ကြည့်ပါ။ စိတ်ထဲက ဖတ်ကြည့်ပါ။ အသံထွက်ပြီးပြောကြည့်ပါ။ စိတ်ထဲကစွဲသွားလောက်တဲ့အထိ ညွှန်ကြား ချက်တွေကို ပြောကြည့်ပါ။ အပြင်ကနေ ပြန်လာချိန်မှာ မြင်သာတဲ့နေရာမျိုးတွေမှာ သောက်ရမယ့် ဆေးနဲ့ပတ်သက်တဲ့ သတိပေးရုပ်ပုံတွေ၊ စာတမ်းတွေချိတ်ဆွဲထားရင်လည်း ဆေးသောက်ဖို့မမေ့ တော့ပါဘူး။

.

နောက်ထပ်လုပ်လို့ရသေးတာက ဆေးသောက်ပြီးကြောင်းအမှတ်အသားတွေ ထားဖို့ပါ။ တနေ့တာ သောက်ရမယ့် ဆေးတွေကို ဆေးဘူးငယ် တစ်ခုထဲထည့်ထားပြီး မနက်၊ နေ့လယ်၊ ည အလိုက် အကန့်လေးတွေခွဲ သိမ်းထားလိုက်ရင် ဆေးသောက်ဖို့ မေ့သွားတာ၊ ဆေးသောက်ချိန် ကျော်သွားတာမျိုးကို ရှောင်လို့ရသွားပါတယ်။ ဆေးသောက်ပြီးကြောင်းကို ပြက္ခဒိန်မှာအမှတ်အသားလုပ်ထားတဲ့နည်းလမ်းကလည်း အကျိုးရှိပါတယ်။

.

၂။ ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအတိုင်းအတိအကျသောက်ပါ။


မိမိအသုံးပြုနေတဲ့ဆေးကြောင့် အန္တရာယ်ဖြစ်တာမျိုးကို ရှောင်ဖို့အတွက်ဆိုရင် ညွှန်ကြားချက်တွေအားလုံးကို လိုက်နာဖို့လိုအပ်ပါတယ်။ သောက်ရမယ့်ဆေးပမာဏ၊ ဆေးသုံးရမယ့်ပုံစံနဲ့ပတ်သက်ပြီး ဆရာဝန်တွေ၊ ဆေးဝါး ပညာရှင်တွေဟာ လိုအပ်တဲ့သတင်းအကုန်လုံးကို ပေးနိုင် ပါတယ်။ လူနာတွေအနေနဲ့လည်း အရင်တုန်းက မသုံးဖို့ တားထားတဲ့ဆေးကို အခုတစ်ခေါက်မှာပေးလာတဲ့အခါမျိုး၊ ညွှန်ကြားချက်တွေကို နားမလည်တာမျိုးရှိရင် ချက်ခြင်းမေး ဖို့လိုပါတယ်။

.

ဆေးသောက်ရင် သတိထားရတဲ့အုပ်စုထဲမှာ အသက်ကြီးတဲ့ အဖိုး၊ အဖွားတွေလည်း ပါဝင်ပါတယ်။ အသက်အရွယ်ပေါ်မူတည်ပြီး ခန္ဓာကိုယ် ထဲမှာ ဆေးတွေအလုပ်လုပ်တဲ့ပုံစံ ပြောင်းလဲသွားတတ်တာကြောင့် သူတို့ သောက်ရမယ့် ဆေးအမျိုးအစား၊ ဆေးပမာဏတွေဟာ လူငယ်တွေနဲ့ မတူညီတတ်ပါဘူး။ ဒါကြောင့် လူကြီးတွေ အတွက် ဆေးရွေးချယ်တဲ့အခါမျိုးမှာ သောက်ရမယ့်ဆေးပမာဏ၊ သောက်သင့်တဲ့ အခြေအနေတွေကို တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ပထမဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မိမိသသောနှင့်မိမိ ဆေးပမာဏပြောင်းလဲခြင်း၊ သောက်နေတဲ့ ဆေးအမျိုး အစားပြောင်းလဲပေးခြင်းမျိုးကို မလုပ်သင့်ပါဘူး။ လူကြီးတွေ ဆေးသောက်တဲ့အခါမှာ ဆေးလုံးကြီးလို့ မျိုချရခက်တာ၊ ဆေးကအတွင်းပိုင်းမှာ မြန်မြန်ပျော်သွားတာလိုမျိုး ပြဿနာတွေကို ရှောင်နိုင်ဖို့အတွက် ဆေးကို ရေအများကြီးနဲ့သောက်ပေးလို့ရပါတယ်။

.

ဆေးသောက်လိုက်လို့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေခံစားရလာရင် ဘယ်လိုအချိန်မှာဖြစ်တယ်။ ဘာတွေခံစားရတယ်၊ ဒီလက္ခဏာ တွေမပေါ်မှီ ဘယ်အချိန်လောက်က ဆေးကိုနောက်ဆုံးထားသောက်ခဲ့သလဲဆိုတာကို ချရေးထားပါ။ ဆေးသောက်လိုက်ပြီး အချိန်ဘယ်လောက် အတွင်းမှာ အဲဒီလို လက္ခဏာတွေပေါ်လာသလဲ၊ ခံစားရချိန်ဘယ်လောက်ကြာသလဲ၊ ဘာတွေဆက်ဖြစ်လဲဆိုတာကိုပါ မှတ်သားထားပြီး ဆရာဝန် နဲ့နောက် တစ်ကြိမ် ပြန်တွေ့တဲ့အခါမျိုးမှာ ပြန်ပြောပြဖို့လိုပါတယ်။

.

၃။ ဆေးတွေ ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်၊ မလုပ်ကိုစောင့်ကြည့်ပါ။


ဆေးတွေ ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်နေတာကို မိမိတို့ကိုယ်တိုင်သိနိုင်သလို ဆရာဝန်တွေကလည်း စမ်းသပ်စစ်ဆေးမှု တွေလုပ်ပြီး သိနိုင် ပါတယ်။ မိမိကိုယ်တိုင်သိဖို့ဆိုရင်တော့ အာရုံစူးစိုက်ဖို့လိုပါတယ်။ ဆေးမသောက် ခင်အချိန်နဲ့ ဆေးသောက်ပြီးချိန်မှာဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှု တွေကို အာရုံစိုက်ကာ ချရေးထားပြီး ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေနဲ့တွေ့ဆုံချိန်မှာ ပြန်ပြောပြသင့်ပါတယ်။

.

ဒီဆေးတွေကို သောက်လိုက်တဲ့အတွက် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုစေသလဲ၊ ဘယ်လိုပြောင်းလဲမှုမျိုးတွေဖြစ်နိုင်သလဲ၊ ဆေးသောက်လိုက်တဲ့အတွက် ရောဂါခံစား ရတာတွေသက်သာသွားနိုင်တဲ့အပြင် တခြားနောက်ဆက်တွဲ ပြဿနာတွေကိုပါခံစားရသလား ဆိုတာ ကို တတ်ကျွမ်း သူတွေနဲ့ တိုင်ပင်ဆွေးနွေးထား သင့်ပါတယ်။ အဲဒီလိုမျိုး မိမိကိုယ်ကို ပြန်ပြီး ဆန်းစစ်နေခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ပြင်း ပြင်း ထန်ထန်ခံစား ရတာမျိုးကို ရှောင်နိုင်သလို ရောဂါမြန်မြန်ပျောက်အောင်လည်း ကူညီပေးနိုင်ပါတယ်။

.

သွေးတိုးရောဂါ၊ အဆီပိတ်ခြင်း၊ ဆီးချိုရောဂါတို့ကိုကုသတဲ့ဆေးတွေ၊ သွေးကျဲဆေးတွေသောက်နေတဲ့သူတွေ အတွက် ဆိုရင်တော့ ဆရာဝန်က သွေးကို စစ်ဆေးပြီး ရောဂါအခြေအနေတိုးတက်ကောင်းမွန်မှုကို သိနိုင်ပါတယ်။ တချို့ရောဂါတွေအတွက် ဆီးစစ်ရင်လည်း အခြေအနေမှန်ကို သိနိုင်ပါတယ်။ တကယ်လို့ ဆရာဝန်တစ်ယောက် ထက်ပိုပြီး ပြနေတဲ့သူ ဆိုရင်တော့ မိမိလုပ်ထားတဲ့ စစ်ဆေးမှုတွေ အကြောင်းကို အသိပေးဖို့လိုအပ်ပါတယ်။ သွေးပေါင်အတက်အကျ၊ သွေးတွင်းအဆီဓါတ်၊ ပုံမှန်နှလုံးခုန်သံ စတာတွေကို မှတ်သားထားတာကလည်း လူနာတွေကို အများကြီး အထောက်အကူရစေပါတယ်။

.

၎။ ဆေးအချင်းချင်းဓါတ်ပြုမှုတွေကို သတိထားပါ။


သောက်ရတဲ့ဆေးပမာဏများလာတာနဲ့အမျှ ဆေးအချင်းချင်းဓါတ်ပြုမှုတွေကိုပိုပြီး ကြုံတွေ့လာနိုင်ပါတယ်။ လူကြီးတွေမှာ ဆရာဝန်ညွန်ကြား တဲ့ဆေးတွေရော၊ ပုံမှန်သုံးစွဲနေကြဆေးတွေကိုပါ ပေါင်းလိုက်ရင် အနည်းဆုံး ဆေး ၃ မျိုးလောက်တော့ သောက်ရပါတယ်။ ဒါကြောင့် လူကြီး တွေဟာ တခြားသူတွေထက်စာရင် ဆေးရဲ့တန်ပြန်ဆိုးကျိုးတွေကို ပိုပြီးခံစားရတတ်ပါတယ်။ သူတို့အတွက် စိတ်အချရဆုံးဖြစ်ဖို့အတွက် ဆေးသောက်သုံးနေမှုနဲ့ပတ်သက်တဲ့ သီးခြား မှတ်တမ်းထားပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

.

ဆေးတွေဟာ အချင်းချင်းသာဓါတ်ပြုနိုင်တာမဟုတ်ပါဘူး။ စားသောက်လိုက်တဲ့ အစာအာဟာရတွေ၊ နေထိုင်မှု၊ လှုပ်ရှားမှုတွေ ပေါ်မူတည်ပြီး အာနိသင်အမျိုးမျိုး ပေးလာနိုင်ပေမယ့် လူတော်တော်များများကတော့ အဲဒါတွေကို သတိမထားမိကြပါဘူး။ ဒါကြောင့် ဆေးသောက် တော့မယ် အချိန်မှာ ဒီဆေးတွေဟာ တခြားဘာတွေနဲ့ ဓါတ်ပြုနိုင်သလဲ၊ ဘယ်လိုအစားအသောက်မျိုးတွေကို ရှောင်ဖို့ လိုသလဲဆိုတာကို ကြိုတင်မေးမြန်း ထားသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ဆေးဖြစ်ဖြစ်၊ တခြား OTC ဆေးတွေပဲဖြစ်ဖြစ် သတိထားပေးဖို့လိုပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်ချေရှိ လာနိုင်တဲ့ ဓါတ်ပြုမှုအချို့ကိုဖော်ပြလိုက်ပါတယ်။

.

(က) ဆေးဝါးနဲ့အရက်
OTC ဆေးတွေ၊ အပင်အနှံတွေကနေထုတ်ယူသုံးစွဲတဲ့ဆေး Herbal Medicines အပါအဝင်ဆေးတော်တော် များများဟာ အရက်နဲ့ ဆိုးဆိုးရွားရွား ဓါတ်ပြုနိုင်ပါတယ်။ ဘီယာ၊ ဝိုင်၊ ကော့တေးအပါအဝင် အရက်အားလုံးဟာ ဆေးတွေ အလုပ်လုပ်တဲ့ပုံစံကို ပြောင်းလဲပေးနိုင်ပါတယ်။ ဆေးတွေ ချေဖျက်မှုကို ဟန့်တားပေးသလို ဆေးတွေစွန့်ထုတ် မှုကိုလည်း အနှောင့်အယှက်ပေးတာကြောင့် လူတွေကို အန္တရာယ်ဖြစ်စေပါတယ်။ အထူး သဖြင့် နှလုံးရောဂါ၊ ဦးနှောက်နဲ့အာရုံကြောမှာအလုပ်လုပ်တဲ့ဆေးတွေကို သုံးစွဲနေရတဲ့အချိန်မျိုးမှာ အရက်သောက်လိုက်မိရင် နှလုံးခုန်သံ မမှန်တာကနေ မိမိကိုယ်ကို ဟန်ချက်ညီအောင်ထိန်းဖို့ခက်ခဲတာမျိုးအထိဖြစ်လာနိုင်ပါတယ်။ အသည်းရောဂါရှိနေ တဲ့သူတွေ အတွက် ပိုပြီးစိုးရိမ်ဖို့ကောင်းပါတယ်။

(ခ) ဆေးဝါးနဲ့ယာဉ်ကားမောင်းနှင်မှု
လေးလံထိုင်းမှိုင်းစေတဲ့အာနိသင်ရှိတဲ့ဆေးတွေ၊ အိပ်ငိုက်စေတဲ့အာနိသင်ရှိတဲ့ဆေးတွေကို သုံးစွဲပြီးချိန်မျိုးမှာ ယာဉ်တွေမောင်းနှင်မှု မလုပ်သင့်ပါဘူး။ ဆေးတွေကြောင့် မိမိကိုယ်ကို ဟန်ချက်ညီအောင်ထိန်းဖို့ခက်နေတဲ့ အချိန်မျိုးမှာ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်စွမ်းလည်း နည်းနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသက် အန္တရာယ်မထိခိုက်ရလေအောင် အထူးသတိထားပေးရပါတယ်။ အသက်ကြီးလို့ မိမိကိုယ်ကို ထိန်းရခက်နေတဲ့ အခြေအနေမျိုးမှာ ဆေးတွေကြောင့်လည်း ပိုဆိုးလာနိုင်တာကို သတိရသင့်ပါတယ်။

.

ဆရာဝန်ညွှန်ကြားချက်နဲ့သောက်နေရတဲ့ဆေးတွေတောင်မှ ယာဉ်မောင်းရင်း အန္တရာယ်ဖြစ်စေတာကြောင့် ဆေးသောက်နေချိန်မှာ ကြုံတွေ့လာနိုင်တဲ့တုံ့ပြန်မှုတွေကို သတိထားပေးဖို့လိုပါတယ်။ ဆေးကြောင့် အိပ်ငိုက်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ကို ခံစားလာတဲ့အချိန်မျိုးမှာ ကားမောင်းတာ၊ စက်ပစ္စည်းတွေ ကိုင်တွယ်နေတာတွေကို ဆက်မလုပ်သင့်တော့ပါဘူး။

.

ဆေးတစ်မျိုးသောက်ထားလို့ သူနဲ့ပတ်သက်တဲ့ အာနိသင် တစုံတရာမပြမချင်း စက်ပစ္စည်းတွေကို မကိုင်တွယ် ရပါဘူး။ ဆေးအသစ်တစ်မျိုးကို သောက်ပြီးလို့ ဒီဆေးကို ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်တာလဲဆိုတာကို သိပြီးမှသာ ကားမောင်းသင့်ပါတယ်။ ဆေးကြောင့် ဘယ်လို ထိခိုက်မှုမျိုးကိုမှ မကြုံတွေ့ရအောင်ဆရာဝန်တွေကို မမေးမြန်းဘဲ အရက် ဒါမှမဟုတ် အရက်ပါတာတွေ သောက်သုံးတာကို ရှောင်ဖို့လိုပါတယ်။

.

(ဂ) ဆေးဝါးနဲ့အစားအစာ
စားသောက်လိုက်တဲ့အစားအစာတိုင်းဟာ ဆေးဝါးတွေ အလုပ်လုပ်တာကိုနှောင့်ယှက်ပေးပါတယ်။ အစားအစာ တွေကြောင့် ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးပိုပြီး ပြင်းထန်လာတာမျိုးရှိသလို အာနိသင်လျော့ကျသွားတာမျိုးလည်း ရှိပါတယ်။ ဆေးအမျိုးစားပေါ်မူတည်ပြီး အစားနဲ့ တွဲသောက်ရမယ့် ဆေးရှိသလို အစာအိမ်ထဲမှာ ဘာမှမရှိတဲ့အချိန် သောက်ရမယ့် ဆေးမျိုးလည်း ရှိပါတယ်။ ဆေးတစ်မျိုးနဲ့ တစ်မျိုးဖွဲ့ စည်းမှုပေါ်မူတည်ပြီး အစာနဲ့ တွဲသင့်၊ မတွဲသင့်ကွာခြားနေပါတယ်။ အဲဒီလို အစာနဲ့ဆေးတွေ ဓါတ်ပြုမှုဖြစ်တာမျိုးကို ကာကွယ်ဖို့အတွက် ဒီဆေးကို ဘယ်လိုသောက်ရမလဲဆိုတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုလိုက်နာဖို့လိုအပ်ပါတယ်။

.

ဆေးတွေဟာ အစားအသောက်နဲ့ဓါတ်ပြုနိုင်သလို အပင်အနှံကရတဲ့  Herbal Medicines တွေနဲ့လည်း ဓါတ်ပြုမှုတွေဖြစ်ကာ လူ့ကို အန္တရာယ်ဖြစ်စေပါတယ်။ အထူးသဖြင့် သွေးပျစ်ခြင်း၊ သွေးတိုးခြင်း၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ပင်ကင်ဆန်ရောဂါ၊ စိတ်နဲ့ပတ်သက်တဲ့ရောဂါ၊ ကိုယ်ခံစွမ်းအားနဲ့ပတ်သက်တဲ့ရောဂါ၊ အခြားပြင်းထန်တဲ့ကူးစက်ရောဂါတို့ကိုခံစားနေရတဲ့အချိန်မှာ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်မရှိဘဲ ဘယ်လိုဆေးမျိုးကိုမှ ထပ်ပေါင်းမသောက်သင့်ပါဘူး။ ဂျင်ဆင်းအားဆေး၊ ပျားရည်၊ ပန်းဝတ်မှုန်၊ နွယ်ချို၊ ကြက်သွန်ဖြူတို့ကနေ ထုတ်ထားတဲ့တိုင်းရင်းဆေးတွေဟာလည်း ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တယ် ဆိုတာ ကိုတော့ အားလုံးက သိထားသင့်ပါတယ်။

.

၅။ ဘေးထွက်ဆိုးကျိုးများကို ကြို၍လေ့လာထားပါ။


ဆေးတိုင်းဟာ ဘေးထွက်ဆိုးကျိုးကင်းတယ်ဆိုတာ သိပ်ပြီးတော့ မရှိပါဘူး။ အသက်ကြီးလာတာနဲ့အမျှ တချို့ဆေးတွေကို ခံနိုင်စွမ်းအားကျဆင်းလာပါတယ်။ ဆေးတွေကို စုပ်ယူတာ၊ ချေဖျက်တာတွေမှာ ငယ်ငယ် တုန်းကနဲ့မတူတော့ပါဘူး။ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဟန့်တားလို့မရပေမယ့် သက်သာ အောင်တော့ လုပ်ပေးနိုင်ပါတယ်။ မိမိရဲ့ဆရာဝန်ညွှန်ကြားချက်မရှိဘူးဆိုရင် ဆေးတွေရောသောက်တာမျိုးမလုပ်ဘဲ မိမိအတွက်ညွှန်ကြားထားတဲ့ဆေးကိုသာ သတ်မှတ်ထားတဲ့ရက်အတိုင်း သောက်သင့်ပါတယ်။ တခြားသူတွေသုံးတဲ့ ဆေးတွေကို မသုံးသင့်ပါဘူး။ သက်တမ်းကုန်ဆုံးနေတဲ့ဆေးတွေဟာ ပိုပြီးဆိုးရွားတဲ့ အန္တရာယ်ကိုဖြစ်စေတာကြောင့် မသောက်ဖြစ်အောင် သတိထားရပါတယ်။

.

ဆရာဝန်နဲ့တွေ့ဆုံတဲ့အခါမှာလည်း ဒီဆေးကြောင့် ဘယ်လိုမျိုးတွေ ခံစားရတယ်ဆိုတာကို ပြောပြဖို့လိုအပ်သလို နောက်ထပ်ကြုံတွေ့လာနိုင်တဲ့ လက္ခဏာတွေကိုလည်း မေးမြန်းထားသင့်ပါတယ်။ လက္ခဏာတွေက ပြင်းထန်တာကြောင့် ဆေးပမဏအတိုး အလျော့လုပ်လို့ရ၊မရကိုလည်း မေးပါ။ တကယ်လို့မိမိခံစားရတဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်ဟာ အရမ်းပြင်းထန်တယ်ဆိုရင် နောက်တစ်မျိုးကို အစားထိုးသုံးလို့ရ၊ မရကို ဆရာဝန်နဲ့တွေ့ဆုံမေးမြန်းသင့်ပါတယ်။ ဆေးအသစ်တစ်မျိုးကို စတင်သုံးစွဲချိန်မှာ မိမိရဲ့ ခန္ဓာကိုယ်ကနေ ဘယ်လိုမျိုးတုံ့ပြန်ပေးသလဲဆိုတာကို အသေအချာ သတိထားရပါမယ်။

.

၆။ ဆေးတွေကို လုံခြုံတဲ့နေရာမှာ သိမ်းဆည်းပါ။

တော်တော်များများဟာဆေးတွေကို စုပေါင်းပြီး ဗူး၊ ခွက် တစ်ခုခုထဲမှာ ရောသိမ်းထားတတ်ပါတယ်။ အဲဒီလိုမျိုးပေါင်းထည့်ထားရင် ဆေးတွေဟာ တစ်မျိုးကို တစ်မျိုးက အပြန်အလှန်သက်ရောက်မှုတွေပေးကာ အာနိသင်တွေလျော့ကျသွားပါတယ်။ အဲဒီလိုမျိုးဆေးတွေသောက်လို့ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝေ၀ါးခြင်း၊ နားအူခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ အနီကွက်ထခြင်း၊ ဝမ်းလျှောခြင်း၊ အစာမကြေခြင်းတို့ကို ကြုံတွေ့ရရင် သူတိုကို မသုံးစွဲသင့်တော့ပါဘူး။

.

နောက်ထပ် သတိထားရမှာက ဆေးတွေရဲ့ သက်တမ်းကိုပါ။ ဆေးတွေကို စပြီးထုတ်လုပ်တဲ့အချိန်တည်းက အချိန်အတိုင်းတစ်ခုအထိသာ သူတို့ရဲ့အာနိသင်ကို ထိန်းထားကြပါတယ်။ သတ်မှတ်ရက်ကုန်ဆုံးသွားတာနဲ့ ဆေးတွေရဲ့ ဖွဲ့စည်းမှုဟာ ပြောင်းလဲသွားပါတယ်။ အာနိသင်ပေးနိုင်စွမ်းလျော့ကျသွားပါတယ်။ တချို့ဆေးတွေကျတော့ သတ်မှတ် ရက်မကုန်သေးပေမယ့် အပူငွေ့၊ နေရောင်ခြည်၊ ရေငွေ့တို့ကြောင့် စောစီးစွာ ပျက်စီးနေတတ်ပါတယ်။ ဒါကြောင့် ဆေးတွေမှာ အရောင်ပြောင်းခြင်း၊ ပုံသဏ္ဍန်ပြောင်းလဲလာခြင်း၊ ကျိုးလွယ်ကြေလွယ်ခြင်း၊ ဆေးရည်များ အနည်ကျခြင်း တို့ကို ကြုံတွေု့လာရင် အဲဒီဆေးတွေကို ဆက်မသုံးတာက လူနာအတွက် ပိုပြီးအကျိုးရှိပါတယ်။

 

 

နှင်းနုလွင် (ဆေးဝါး)

Ziwaka Magazine

January, 2011

 

ဆေးတွေပေးလာသည့် အန္တရာယ် September 23, 2010

Filed under: ဆေးဝါးသုတ — thetsonehnin @ 7:23 AM
Tags:

”တစ်နှစ်မှာ လူ၁.၅ သန်းဟာ ဆေးဝါးတွေကို မှားယွင်းသုံးစွဲမှုကြောင့် နေမကောင်းဖြစ်တာ၊ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးတာမျိုးတွေဖြစ်နိုင်ပြီး အဲဒီအထဲက လူတစ်သိန်းလောက်ကတော့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်” တဲ့။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ကာကွယ်ဖို့ပါ။ ကျွမ်းကျင်တဲ့ဆေးဝါး ပညာရှင်တွေကတော့ ဆေးဝါးတွေကြောင့် အန္တရာယ်ဖြစ်ရတဲ့ အကြောင်းအရင်း ၁ဝ ချက်ရှိ တယ်လို့ဆိုပါတယ်။ သူတို့ကြောင့် လူနာတွေအသက်သေဆုံးခဲ့ရသလို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ပျက်စီးရတာကြောင့် ကြိုတင်ရှောင်ရှားနိုင်စေဖို့ သိသင့်သိထိုက်တဲ့အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

*

(၁) အသံထွက်ဆင်တူသောဆေး ၂ မျိုး ရောထွေးသွားခြင်း။

ဆေးပေးတဲ့နေရာတိုင်းမှာ ဒီပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ ဆရာဝန်ရဲ့လက်ရေးကို အလွယ်တကူမဖတ် နိုင်တာ၊ ဆေးကောင်တာရှိ ကွန်ပျူတာအတွင်းသို့စာရင်းသွင်းရာတွင် မှားပြီးသွင်းမိတာတို့ကြောင့်ဖြစ်နိုင်သလို စင်ပေါ် ကနေ ချထားတဲ့ဆေးတွေထဲက မှားပြီးဆွဲယူမိတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေရာဒေသတော်တော် များများက ဆေးဆိုင်တွေမှာ ဆေးတွေကို နေရာချတဲ့အခါမှာ ဆေးတွေရဲ့ အက္ခရာနာမည်အလိုက် စင်ပေါ်မှာ ထားတတ်ကြပါတယ်။ ဒီလိုထားတာကြောင့် ကပ်လျက်ရှိတဲ့ နာမည်ချင်းဆင်တူတဲ့ဆေးတွေကိုလည်း လှမ်းယူ မိတတ်ပါတယ်။ အဲဒီလိုဆေး နာမည်တူတာကြောင့်ဖြစ်ရတဲ့ပြဿနာဟာ ဆေးဝါးကြောင့်ဖြစ်ရတဲ့ ပြဿနာတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ရှိတာကို တွေ့ရပါတယ်။

*

ဒီလိုပြဿနာမျိုး မဖြစ်ရအောင် ဆေးညွှန်းစာရွက်အသစ်တစ်ရွက်ရလာရင် ဆရာဝန်ကို သေသေချာချာ မေးထားဖို့လိုပါတယ်။ ရေးထားတဲ့ဆေးအမည်၊ ဆေးပမာဏတို့ကို မရှင်းလင်းရင် ထပ်မေးဖို့လိုပါတယ်။ ဆေးကောင် တာကနေ ချထားပေးတဲ့ဆေးကိုယူသွားတော့မယ်ဆိုရင်လည်း အညွှန်းစာရွက်ထဲကအတိုင်း ဟုတ်၊ မဟုတ်ဆိုတာကို သေချာဖတ်ကြည့်ပါ။ မိမိလက်ထဲကိုရောက်နေတဲ့ဆေးအမည် (Trade Name & Generic Name) ၊ ဆေး ပမာဏ၊ သုံးစွဲရမယ့်ညွှန်ကြားချက်တွေဟာ ဆရာဝန်ပေးလိုက်တဲ့ စာရွက်ထဲအတိုင်း ဟုတ်ရဲ့လားဆိုတာကို ဆေးသုံး စွဲမယ့်သူအနေနဲ့ သေချာအောင်စစ်ဖို့လိုပါတယ်။ တကယ်လို့ မိမိဘာသာ စစ်ကြည့်ဖို့ခက်ခဲတယ်ဆိုရင်လည်း ဆေးကောင် တာမှ တာဝန်ရှိသူတို့ရဲ့ အကူအညီကို ရယူဖို့သင့်ပါတယ်။

*

(၂) ဘေးထွက်ဆိုးကျိုးကိုပိုဆိုးစေသော တခြားဆေးတမျိုးနှင့်တွဲသုံးမိခြင်း။

ကျွန်မတို့သောက်လိုက်တဲ့ ဘယ်ဆေးမှာမဆိုဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ အဲဒီ ပြဿနာတွေဟာ ဆေး ၂မျိုး၊ ၃ မျိုးကို တချိန်တည်းမှာသောက်လိုက်မိရင် ပိုပြီးပြင်းထန်သွားပါတယ်။ အဲဒီဆေးတွေဟာ တနည်းမဟုတ် တနည်း အပြန်အလှန်သက်ရောက်မှုတွေပေးကြလို့ အာနိသင်တွေပိုပြီးပြင်းထန်လာပါတယ်။ ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေကလည်း ပိုပြီးကြီးထွားလာတယ်။ ဆေးတစ်မျိုးရဲ့ အာနိသင်ကို နောက်တစ်မျိုးက အဆတိုးစေသလို ဘေးထွက်ဆိုးကျိုးကလည်း တိုးပွားလာတယ်။ အဲဒီ ပြဿနာတွေထဲမှာ အဖြစ်အများဆုံးနဲ့ အန္တရာယ် အရှိဆုံးကတော့ သွေးပေါင်အတက်အကျနဲ့ ခေါင်းမူးတာပါပဲ။ ဥပမာပြောရရင် သူတစ်ယောက်ဟာ သွေးတိုးစေတဲ့ ဘေးထွက်ဆိုးကျိုးရှိတဲ့

*

ဆေး ဗကိုသောက်နေတယ်ဆိုပါစို့။ အဲဒီအချိန်မှာပဲ ဒီလိုမျိုးဘေးထွက်ဆိုးကျိုးရှိတဲ့ နောက်ထပ် ဆေးြ ကိုသောက် လိုက်မိရင် သွေးဖိအားဟာ အန္တရာယ်ရှိလောက်တဲ့အထိ တိုးသွားပါတယ်။ တချို့ဆေးတွေရဲ့အာနိသင်မှာကျတော့ ခေါင်းမူးစေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုအာနိသင်ချင်းတူနေတဲ့ဆေးတွေကို ပေါင်းသုံးမိရင် ချော်လဲတာ၊ ကျိုးတာ၊ ယာဉ်စက်မောင်းနှင်တဲ့နေရာမျိုးတွေမှာ အန္တရာယ်ဖြစ်တာမျိုးအထိ ကြုံတွေ့ရတတ်ပါတယ်။

*

နောက်တစ်ခါ ဆေးအချင်းချင်းဓါတ်ပြုနိုင်တဲ့အထဲမှာ အကြောက်ရဆုံးက သွေးကျဲဆေး ဃသကာမေငည ပါ။ အဲဒီ ဆေးဟာ မိမိတို့ ခန္ဓာကိုယ်အတွက် တကယ့်ကိုလိုအပ်နေတဲ့ အချိန်အဆအတိုင်းပေးမှသာ သင့်လျော်အောင် အလုပ်လုပ်နိုင်မှာပါ။ တကယ်လို့ဆေးပမာဏ အရမ်းများသွားတာ၊ နည်းသွားတာမျိုးဆိုရင် နှလုံးမှာ ပြဿနာဖြစ်နိုင်ပါ တယ်။ တခြားဆေးတော်တော်များနဲလည်း ဓါတ်ပြုနိုင်တာကြောင့် သူ့လိုဆေးမျိုးဆိုရင် အတော်ကို သတိထားဖို့ လိုပါတယ်။

*

ဒီလိုမျိုးပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားဖို့အတွက်ဆိုရင် ဆေးအသစ်တမျိုးကိုသုံးမယ်ဆိုတိုင်း ဒီဆေးနဲ့ပတ်သက်ပြီးကြုံတွေ့လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့အကြောင်းကို သက်ဆိုင်ရာ ဆရာဝန် (သို့) ဆေးဝါး ပညာရှင်တို့နဲ့ တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။ ဒီဆေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဖိုင်လေးတွဲပြီး သိမ်းထားပါ။ နောက်တစ်ကြိမ်ဆေးပေးတဲ့အခါမှာ အရင်ကပေးတဲ့ဆေးနဲ့တူအချက်အလက်တွေ တူ၊ မတူကို ပြန်စစ်ကြည့် လို့ရပါတယ်။ မတူညီတဲ့ဆေးတွေထဲက တူညီတဲ့ဘေးထွက်ဆိုးကျိုးမျိုးကို ပြလာတဲ့အခါ တတ်ကျွမ်းတဲ့သူကို တစ်ခေါက် ပြန်မေးဖို့ ဝန်မလေးသင့်ပါဘူး။

*

*
*

(၃) အာနိသင်တူသောဆေးဝါးများကို ပေါင်းသုံးမိရာမှ ဆေးပမာဏလွန်သွားခြင်း။

နာကျင်မှုသက်သာဖို့အတွက် ညွှန်ကြားလိုက်တဲ့ဆေး၊ စိုးရိမ်ပူပန်မှုလျော့ချဖို့သုံးတဲ့ဆေး၊ အိပ်ဆေးအနေနဲ့သုံးရန် ညွှန်ကြားလိုက်တဲ့ဆေး၊ အဲဒီလိုဆေးတွေကို တပြိုင်နက်သောက်လိုက်မိတယ်ဆိုပါစို့။ သူတို့အားလုံးမှာ တူညီတဲ့အချက်က တော့ ဦးနှောက်ကို လေးလံထိုင်းမှိုင်းစေတာကြောင့် ပေါင်းသုံးမိတဲ့အခါ အန္တရာယ်ဖြစ်လာပါတယ်။ ဒီလိုမျိုး အန္တရာယ်ရှိ ကိုတော့ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း အလုပ်လုပ်တာကို ဟန့်တားတဲ့ဆေး (CNS Depressants) တွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် ဘိန်းအုပ်စုဝင် အကိုက်အခဲပျောက်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ၊ Benzodiazepine, Valium တို့လို စိတ်ငြိမ်ဆေးတွေ၊ စိုးရိမ်ပူပန်မှုလျော့ချ ဖို့သုံးတဲ့ဆေးတွေ၊ အအေးမိ၊ နှာစေးပျောက်ဖို့အတွက်သုံးတဲ့ Antihistamine လိုဆေးတွေ၊ မူးဝေအော့အန်ရင်သုံးတဲ့ဆေးမျိုးတွေဟာ ဆေးလွန်သွားရင် အန္တရာယ်ဖြစ်လာပါတယ်။ အဲဒီလို အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ ပြင်းထန်တာမျိုးကို လူငယ်တွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။

*

ဒီလို ပြဿနာတွေကို ကာကွယ်ချင်တယ်ဆိုရင် ဆေးတွေမှာပါတဲ့ သတိပေးညွှန်ကြားချက်တွေကို အာရုံစိုက်ဖတ် ဖို့လိုအပ်ပါတယ်။ အထူးသတိပေးပြီး ဖော်ပြတတ်တဲ့စကားလုံးတွေကတော့ အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ မအီမသာဖြစ်ခြင်း၊ ထိုင်းမှိုင်းနေခြင်း၊ မိမိကိုယ်ကို ဟန်ချက်ညီမအောင် မထိန်းနိုင်းခြင်းဆိုပြီး ပြောပြထားတတ်ပါတယ်။ တကယ်လို့ မိမိသောက်နေတဲ့ဆေးတစ်မျိုးမျိုးကို ကားမောင်းနေချိန်မသောက်ရဘူးလို့ တားမြစ်ခဲ့ရင် ဒီဆေးဟာ အိပ်ငိုက်နိုင်တဲ့ ဆေးဆိုတာကို သတိရသင့်ပါတယ်။ တနည်းအားဖြင့်တော့ ဒီဆေးတွေဟာ ဦးနှောက်နဲ့ အာရုံကြောမှာ သွားပြီး ဖိနှိပ်တဲ့ဆေးလို့ ညွှန်ပြရာရောက်ပြီး သူနဲ့အာနိသင်ချင်းတူတဲ့တခြားဆေးတွေနဲ့ တွဲမသုံးသင့်ဘူးလို့ သတိပေးတာနဲ့လည်း တူပါတယ်။

*

(၄) ဆေးပမာဏမှားယွင်းခြင်း။

ညွှန်ကြားလိုက်တဲ့ဆေးတွေကို တိုင်းတာတဲ့နေရာမှာလည်း အတိုင်းအတာက အမျိုးမျိုးရှိပါတယ်။ ဒသမနေရာ တစ်နေရာစာလေး လွဲမှားရုံကနေ ဆေးပမာဏလွန်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် 1.0 mg လို့ ဆေးမျိုးကို 10 mg နဲ့ မှားသုံးမိရင် ဆေးပမာဏဟာ ၁ဝ ဆကွာသွားနိုင်သလို လူကိုသေစေနိုင်လောက်တဲ့အထိ ဆေးပမာဏလွန်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုအမှားမျိုးကို ထိုးဆေးတွေမှာ အများဆုံးတွေ့ရပါတယ်။ ဆီးချို ရောဂါအတွက်သုံးတဲ့ဆေးတွေမှာ ဆေးပမာဏကွာသွားတာနဲ့အမျှ လူနာရဲ့အခြေအနေ ပြောင်းလဲမှုကြီးဖြစ်ပေါ်လာပါ တယ်။ အဲဒီမှာ နောက်ထပ်မှားတဲ့အမှားကတော့ ဆေးသောက်တဲ့အကြိမ်ရေပါပဲ။ တစ်နေ့ကို တစ်ကြိမ်ပဲ သုံးရမယ့် ဆေးကို ၄ ကြိမ်ခွဲသုံးမိရင် အာနိသင်အပြည့်အဝမရတာမျိုးဖြစ်နိုင်သလို ၁ ကြိမ်ပဲသောက်ရမယ့်ဆေးကို ၄ ကြိမ် ထပ်သုံးမိတာကြောင့် အန္တရာယ်ဖြစ်ရတာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။

.

ဒီပြဿနာကိုဟန့်တားဖို့အတွက်ဆိုရင် မူရင်းဆေးညွှန်းစာမှာကတည်းက ဆရာဝန်လက်ရေးကို ရှင်းရှင်း လင်းလင်း နားလည်ထားဖို့ လိုပါတယ်။ မသဲကွဲတဲ့ ပမာဏ၊ ဆေးအမည်ဆိုရင် ချက်ခြင်းပြန်မေးရပါမယ်။ ဆေးကောင်တာကနေ ဆေးတွေကိုယူပြီး မထွက်ခွါခင်မှာ အညွှန်းစာရွက်ထဲကအတိုင်း ရှိသင့်တဲ့အတိုင်းအတာ၊ ပမာဏဟုတ်ရဲ့လားဆိုတာကို သေချာအောင် စစ်ကြည့်ပါ။ ဆေးရုံမှာဆိုရင်လည်း သူနာပြုတစ်ယောက်ဟာ ဆေးအသစ်တစ်မျိုးကို တိုက်တော့မယ်ဆိုရင် ဒီဆေးဟာ ဘာဆေးလဲ၊ ပမာဏဘယ်လောက်သောက်ရမလဲဆိုတာကို သေချာအောင် မေးမြန်းထားသင့်ပါတယ်။ တစ်ကြိမ်သောက်တဲ့ဆေးနဲ့နောက်တစ်ကြိမ်သောက်တဲ့ဆေးတွေ လွဲနေတယ်၊ အချိုးအစားမမှန်ဘူးလို့ထင်ရင် တစ်ခါတည်း ရှင်းရှင်းလင်းလင်းပြောဖို့ ဝန်မလေးပါနဲ့။

.

*

.

(၅) အရက်နှင့် ဆေးရောသုံးမိခြင်း။

”ဒီဆေးသောက်နေတဲ့အချိန်မှာ အရက်မသုံးစွဲပါနှင့်” ဆိုပြီး တားမြစ်ထားတဲ့ဆေးတွေဟာ အများကြီးပဲရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ အဲဒီအချက်ကို လျစ်လျူရှု့ဆဲပါပဲ။ ဆေးတွေရဲ့အာနိသင် ပိုကောင်းအောင်ဆိုပြီးတော့တောင် ဆေးကိုကော့တေး၊ အရက်ပါဝင်တဲ့ ဖျော်ရည်တွေနဲ့ သောက်ကြပါတယ်။ တကယ် တော့ အရက်ဟာ အိပ်ဆေးအပါအဝင် ဆေးတော်တော်များများ နဲ့ပေါင်းနိုင်ပြီး သေစေနိုင်လောက်တဲ့အထိ အဆိပ်သင့် စေပါတယ်။ ဘယ်ဆေးကိုပဲသောက်သောက်၊ သောက်နေချိန်မှာရော၊ သောက်ပြီးချိန်မှာပါ အရက်ကိုရှောင်ဖို့ လိုအပ် ပါတယ်။ ဒါ့အပြင် အရက်ဟာ ချောင်းဆိုးပျောက်ဆေးရည်၊ အအေးမိနှာစေးတာအတွက်သုံးတဲ့ OTC ဆေးတွေနဲ့တောင် အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ အပြန်အလှန်ဓါတ်ပြုမှုတွေရှိနေတတ်ပါတယ်။

.

အဲဒီလိုဆေးမျိုးတွေကို အရည်ပုံစံအနေနဲ့ထုတ်လုပ်တဲ့နေရာမှာလည်း ဆေးတွေပျော်ဝင်ဖို့ဆိုပြီး အရက်ကို ထည့်သုံးတတ်တာကြောင့် မမျှော်လင့်ဘဲ အရက်ကြောင့် အဆိပ်သင့်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့ဆေးတွေရဲ့ စုပ်ယူမှုကို အရက်ကဝင်ရောက်နေရာ ယူတတ်တာကြောင့် သွေးထဲမှာ ဆေးပမာဏမြင့်တက်ကာ အန္တရာယ်ရှိ လာပါတယ်။ အရက်နဲ့ စိတ်ကျရောဂါအတွက်သုံးတဲ့ဆေးတွေကို တွဲသုံးမိရင် သွေးပေါင်တက်လာနိုင်ပါတယ်။ အရက်နဲ့ အိပ်ဆေးဆိုရင် နှလုံးခုန်နှုန်းတွေကျလာပြီး တာရှည် သတိလစ်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။

.

ဒါကြောင့် ဆေးညွှန်းစာရွက်အသစ်ရလာတဲ့အချိန်မှာ ဒီဆေးတွေသောက်နေချိန် အရက်သောက်မိရင် အန္တရာယ် ကင်း၊ မကင်း ဆရာဝန် ဒါမှမဟုတ် ဆေးဝါးနဲ့ပတ်သက်တဲ့ ပညာရှင်ကို သေချာမေးမြန်းထားသင့်ပါတယ်။ အရက်ကို မသောက်ရ၊ မနေနိုင်လောက်အောင် အရမ်းကြိုက်တဲ့သူဖြစ်နေမယ်ဆိုရင်လည်း ဆရာဝန်ကို သေချာမေးမြန်းထားပါ။ အစားထိုးရွေးချယ်လို့ရတဲ့ ဆေးတစ်မျိုးမျိုးကို ဆရာဝန်က လမ်းညွှန်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့ ဆေးညွှန်းစာရွက်နဲ့အတူ တွဲပါလာမယ့် အရက်သောက်ရင် အန္တရာယ်ရှိ၊ မရှိ ဆိုတဲ့ဖော်ပြချက်ကို သတိထားရပါ့မယ်။ OTC ဆေးအားလုံးရဲ့ Label ကို သေချာဖတ်ပါ။ တချို့ဆေးတွေမှာ အရက်ကြောင့် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့ ဖော်ပြချက်ပါရှိတတ်သလို တချို့ဆေးတွေမှာတော့ အရက်ကို ထည့်သွင်းထားကြောင်း ဖော်ပြထားတတ်ပါတယ်။

*

(၆) နာမည်သာကွဲပြီး ပါဝင်ပစ္စည်းတူသောဆေးများကိုပေါင်းသုံးမိခြင်း။

လူသိများတဲ့ ဆီးဆေး Frusemide ဟာ ရောင်းဝယ်တဲ့နေရာမှာတော့ Lasix ဆိုတဲ့ နာမည်နဲ့ပါ။ ဆီးဆေးသုံးစွဲမယ့် လူတစ်ယောက်ရဲ့လက်ထဲမှာ Frusemide အနေနဲ့ရော Lasix အဖြစ်ပါ ရောက်ရှိနေနိုင်ပေမယ့် လူနာဟာ ဒီ ၂မျိုး အတူတူပဲဆိုတာကို သိချင်မှ သိပါလိမ့်မယ်။ ပေါင်းသုံးမိရင် လူနာဟာ သူတကယ်သုံးစွဲရမယ့် ပမာဏထက် ၂ ဆ ပိုသွားပါလိမ့်မယ်။ ဆေးတွေရဲ့ မူလနာမည်နဲ့ ဈေးကွက်ထဲမှာ ရောင်းဝယ်နေတဲ့နာမည်ရဲ့ ချိတ်ဆက်မှုကို မသိဘဲ တူနေတဲ့ ဆေး ၂ မျိုးကို တပြိုင်နက်တည်း သုံးမိလို့ ဆေးပမာဏ ၂ ဆတိုးရတဲ့ အဖြစ်မျိုးကို မမျှော်လင့်ဘဲ ကြုံတွေ့ ရတတ်ပါတယ်။

.

ဒါကြောင့် ဆရာဝန်က ဆေးအသစ်တစ်မျိုးသုံးဖို့ ညွှန်ကြားတဲ့အချိန်မှာ ဒီဆေးနဲ့ပတ်သက်ပြီးသိထားသင့်သမျှကို အသေးစိတ်သိရအောင် ကြိုးစားဖို့လိုပါတယ်။ ဆရာဝန်က ဆေးနာမည်တစ်မျိုးကိုရေးချပေးတဲ့အခါ ဆေးရဲ့ မူလနာမည် (Generic Name)၊ ရောင်းဝယ်ကြတဲ့နာမည် (Brand Name)၊ ဒီဆေးဟာ ဘာအတွက်လဲ၊ ပမာဏဘယ်လောက် သောက်ရမလဲ၊ ဘယ်အချိန်တွေမှာ သောက်ရမလဲဆိုတာကိုပါ သေချာအောင်မေးထားရပါမယ်။ နောင်တစ်ချိန်အတွက် အကျိုးရှိအောင် ဆေးရဲ့နာမည် ၂ မျိုးလုံးကိုပါ မှတ်သားထားသင့်ပါတယ်။ မိမိကိုညွှန်ကြားလိုက်တဲ့ဆေးတွေရဲ့ မူရင်းနာမည်ကိုသိအောင်လုပ်ဖို့လိုအပ်သလို မူရင်းနာမည်သာသိနေတဲ့ဆေးတွေကို ဈေးကွက်ထဲမှာဘယ်လိုနာမည်မျိုးနဲ့ ရောင်းဝယ်ကြသလဲဆိုတာကိုပါ သိအောင်လုပ်ထားဖို့လိုပါတယ်။

.

*

(၇) ဆေးများနှင့် အစားအသောက်များ ဓါတ်ပြုနိုင်သည်ကို နားမလည်ခြင်း။

ဒီနေရာမှာ အထူးသတိထားရတာက Grape Fruit သီးပါ။ သူ့ကြောင့်ဆေးတွေရဲ့အာနိသင် လျော့ကျ ပျက်စီးသွားတာမျိုး ဖြစ်နိုင်သလို ပိုပြီး အလုပ်လုပ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Grape Fruit သီးဟာ ဆေးတော်တော်များများကို ချေဖျက်ပေးတဲ့ Enzyme တွေကို ဟန့်တားပါတယ်။ သူ့ကြောင့်အသည်းဟာ ပိုပြီး အလုပ်လုပ်လာရပါတယ်။ ဆေးအား လုံးကို မချေဖျက်နိုင်တာကြောင့် သွေးထဲမှာ ဆေးပမာဏဟာ မြင့်တက်ကာ လူကိုသေစေလောက်တဲ့အထိ ဓါတ်ပြုမှုက ပြင်းထန်တတ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ဓါတ်ပြုမှုကတော့ ကော်ဖီနဲ့ သံဓါတ်ပါ။ ကဖင်းဟာ သံဓါတ်စုပ်ယူမှုကို ဟန့်တားပါတယ်။

*

လူတစ်ယောက်ဟာ သံဓါတ်ပါတဲ့အားဆေးကို ကော်ဖီနဲ့တွဲသောက်ရင် အဲဒီလူရဲ့ သွေးအားနည်းရောဂါ ဟာ ဘယ်တော့မှ သက်သာပျောက်ကင်းမှာ မဟုတ်တော့ပါဘူး။ သံဓါတ်ဟာ ချို့တဲ့မြဲချို့တဲ့နေဦးမှာပါ။ ဒါကြောင့် ဆေးတစ်မျိုးသောက်တော့မယ်ဆိုရင် ဒီဆေးဟာ အစာနဲ့တွဲလို့ရ၊မရ တကယ်လို့တွဲလို့ရတယ်ဆိုရင်လည်း အစာနဲ့ ဘယ်လောက်ကြာကြာခွာသောက်သင့်သလဲ၊ ဘယ်လိုအစားအသောက်မျိုးကိုတော့ အထူးသတိထားပြီး ရှောင်မလဲ ဆိုတာကို သက်ဆိုင်ရာ ဆရာဝန် (သို့) ဆေးဝါးပညာရှင်ကိုကြိုတင်မေးမြန်းထားသင့်ပါတယ်။

*

(၈) အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါခံစားနေရချိန်တွင် ဆေးပမာဏ အတိုးအလျော့လုပ်ရန် မေ့လျော့သွားခြင်း။

လူတစ်ယောက်ရဲ့ အသည်း သို့မဟုတ် ကျောက်ကပ်မကောင်းဘူးဆိုရင် အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ် အတောက်ရှိတဲ့ ပစ္စည်းတွေ၊ ပြင်ပကဝင်လာတဲ့ Foreign Substances တွေကို ဖယ်ထုတ်တဲ့နေရာမှာ အခက်အခဲတွေ ရှိလာပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာဆေးတွေစုပုံများပြားလာပြီး ရှိသင့်တဲ့ပမာဏထက်မြင့်တက်လာပါတယ်။ ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေအပါအဝင် ဆေးပေးတဲ့သူတော်တော်များများဟာ လူနာမှာ အသည်း၊ ကျောက်ကပ် ရောဂါရှိချိန်ဆေးပမာဏ အတိုးအလျော့မလုပ်တာပါပဲ။

.

အသည်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို စစ်ဆေးပြီးမှ ပေးသင့်တဲ့ဆေးတွေ တော်တော်များများကို ရှိပါတယ်။ ဒါကြောင့်ဆေးအသစ်တမျိုးကိုသုံးရတော့မယ့်အချိန်မှာ ဆေးအညွှန်းစာရွက်မှာ အသည်း၊ ကျောက်ကပ်နဲ့ပတ် သက်ပြီး ဘယ်လိုမှားကြားချက်တွေရှိသလဲဆိုတာကို သေချာဖတ်ဖို့လိုပါတယ်။ အသည်း၊ ကျောက်ကပ်နဲ့ပတ် သက်ပြီး မိမိမှာ မသင်္ကာတဲ့အချက်ရှိနေရင်လည်း ဆရာဝန်တွေနဲ့ သေချာမေးမြန်းဆွေးနွေးရပါမယ်။

.

*

(၉) မိမိအသက်အရွယ်အတွက် စိတ်မချရတဲ့ဆေးကိုသုံးခြင်း။

အသက်ကြီးလာတာနဲ့အမျှ ဆေးတွေကို ချေဖျက်တုံ့ပြန်တဲ့ဖြစ်စဉ်ကြီးဟာ သိသိသာသာကို ကွဲပြားလာပါတယ်။ အသက်ကြီးလာချိန်မှာ စိတ်ပျံလွင့်တာ၊ မူးဝေတာ၊ လဲကျတာ၊ သွေးပေါင်တက်တာတို့လိုမျိုးကို ခံစားရပါတယ်။ အဲဒီအချိန် ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးပေးနိုင်တဲ့ ဆေးတွေကိုသာ ကြာရှည်သုံးမိရင်အသက် အန္တရာယ်ရှိလာပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်ကျော်တဲ့လူကြီးတွေဟာ ပိုပြီး သတိထားရပါတယ်။

သူတို့အတွက်ဆေးတွေစဉ်းစာတဲ့နေရာမှာ အတော်ကိုသတိထားရပါတယ်။ သူတို့သောက်နေတဲ့ဆေးစာရင်းကို ဆရာဝန် ဆီကို ယူသွားပြီး ဒီအသက်အရွယ်အတွက်သင့်တော်တဲ့ဆေးဟုတ်၊ မဟုတ်ကို အချိန်ယူပြီး ဆွေးနွေးသင့် ပါတယ်။ အဲဒီအထဲက မသင့်တော်တာတချို့ရှိခဲ့မယ်ဆိုရင်လည်း တခြားလဲသုံးလို့ရမယ့်တစ်မျိုးမျိုးကို စဉ်းစားသင့်ပါတယ်။

*

(၁ဝ) တိုင်းရင်းဆေးများနှင့်တွဲသုံးမိခြင်း။

မိမိသောက်နေတဲ့ ဆေးတွေနဲ့ သဘာဝအပင်အနှံကရတဲ့ဆေးတွေ ဘယ်လိုမျိုး ဓါတ်ပြုနိုင်တယ်ဆိုတာကို တော်တော်များများက မသိပါဘူး။ ဥပမာပြောရရင်နှလုံးရောဂါအတွက် ဆေးသောက်နေတဲ့သူတွေဟာ နွယ်ချိုပါတဲ့ ဆေးတွေကို သုံးမိရင် နှလုံးခုန်နှုန်းနေရာမှာ ပြဿနာတွေရှိလာပါတယ်။ ဒါကြောင့် ဆရာဝန်က ဆေးတစ်မျိုးကို ညွှန်ကြားတဲ့အခါမှာ မိမိဘာဆေးတွေသောက်နေသလဲ၊ ဘယ်လိုတိုင်းရင်းဆေးတွေ၊ ဖြည့်စွက်အားဆေးတွေသောက်နေ သလဲဆိုတာကို ပွင့်လင်းစွာပြောပြဖို့လိုပါတယ်။ ဆရာဝန်ကို မတိုင်ပင်ဘဲ ဆေးတွေထပ်ပေါင်းသောက်တာမျိုးကိုတော့ မလုပ်သင့်ပါဘူး။

.

*

နှင်းနုလွင် (ဆေးဝါး)

Ziwaka Magazine

October, 2010

 

ဆေးတွေကိုဘယ်နေရာမှာ သိမ်းမလဲ August 18, 2010

Filed under: ဆေးဝါးသုတ — thetsonehnin @ 3:32 AM
Tags:

အိမ်ရဲ့ဘယ်နေရာတွေမှာ ဆေးတွေသိမ်းမလဲ။ ဆေးဗီရို၊ အဝတ်ဗီရို၊ အိပ်ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ စသည်ဖြင့်ပေါ့လေ။ ထားမယ်ဆိုရင်တော့ နေရာတိုင်းမှာ ထားလို့ရပါတယ်။ ဒါပေမယ့် မိဘ၊ ဘိုးဘွား၊ ဒါမှမဟုတ်ရင်လည်း အိမ်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့တော့ ဆေးတွေကို ပေါ့တီးပေါ့ဆ မထားသင့်ပါဘူး။ မိမိဆေးသိမ်းလိုက်တဲ့နေရာဟာ လိုအပ်တဲ့အချိန်မှာ အလွယ်တကူထုတ်ယူဖို့လွယ်တဲ့ နေရာမျိုးဖြစ်ဖို့လိုသလို လုံခြုံစိတ်ချ ရတဲ့နေရာမျိုးလည်း ဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ၊ မိသားစုဝင်မဟုတ်တဲ့ သူစိမ်းတွေ အလွယ်တကူမယူနိုင်တဲ့နေရာမျိုးသာ ဖြစ်သင့်ပါတယ်။ ဒီလိုမျိုးဂရုတစိုက်သိမ်းဆည်းထားလိုက်ရင် ဆေးဝါးတွေကြောင့် ရုတ်တရက်အန္တရာယ်ဖြစ်တာကိုကာကွယ်ပေးနိုင်သလို ဆေးဝါးတွေကို အလွဲသုံးစားမလုပ်ဖြစ်အောင် ဟန့်တားလိုက်တာ နဲ့တူပါတယ်။

.

ဆေးဝါးတွေကို စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် သိမ်းဆည်းတော့မယ်ဆိုရင် ပထမဆုံး မိမိဆီမှာရှိနေတဲ့ ဆေးတွေကို စာရင်းပြုစုပြီး လက်ရှိအသုံးပြုနေတဲ့ဆေးတွေကို သီးခြားခွဲထုတ်သင့်ပါတယ်။ ဒီနေရာမှာ ဆေးဝါးတွေရဲ့ သက်တမ်းကုန်ဆုံးမယ့်နေ့ကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါတယ်။ ကြာကြာမခံနိုင်တဲ့ဆေးတွေဟာ အလုပ်ကောင်း ကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ မိမိလက်ထဲမှာရှိနေတဲ့ဆေးဝါးတွေမှာ အရောင်ပြောင်းခြင်း၊ ခြောက်လာခြင်း၊ ဆေးလုံးတွေပဲ့နေခြင်း၊ ကွဲထွက်ခြင်း၊ ဆေးရည်များ အနည်ကျခြင်းတို့အပါအဝင် ဆေးတွေရဲ့ မူလအသွင်သဏ္ဍန် ပြောင်းလဲခြင်းရှိ၊ မရှိကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ရပါမယ်။

မျက်စဉ်း၊ နှာခေါင်းအတွင်း အစက်ချဆေး၊ နားအတွင်း အစက်ချတဲ့ဆေးရည်၊ နားသန့်ဆေးတွေရဲ့ သက်တမ်းကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။ ဒီဆေးတွေဟာ အာနိသင်ကြာရှည်ပေးနိုင်တဲ့ဆေးတွေ မဟုတ်သလို သက်တမ်းကုန်ဆုံးသွားတဲ့ ဒီလိုဆေးမျိုးတွေကို သုံးမိရင် လက်ရှိခံစားနေရတဲ့ ရောဂါတွေကိုတောင်ပိုဆိုးလာစေပြီး ပိုးမွှားတွေ၊ မှိုတွေ ကျင်လည်ကျက်စားရာနေရာတောင်မှ ဖြစ်စေပါတယ်။ မူလ အနံ့အရသာတွေ ပြောင်းလာတာ၊ ဆေးလုံးတွေ တစ်လုံးနဲ့တစ်လုံးကပ်နေတာ၊ မာနေတာ၊ ဆေးကဒ်တွေ၊ ဘူးတွေထဲက ထုတ်ရခက်ခဲတာမျိုးတွေ ရှိနေရင်တော့ ဒီလိုဆေးမျိုးတွေကို ထပ်ပြီးမသုံးသင့်တော့ပါဘူး။

.

နောက်တစ်ခုက ဆေးကျန်တွေကို လွှင့်ပစ်ဖို့ပါ။ မကြာခင်ရက်အတွင်းက နေမကောင်းဖြစ်လို့ ဒါမှမဟုတ် ဆေးသောက်ဖို့လိုအပ်လို့ ဆရာဝန်က ညွှန်ကြားထားတဲ့အားဆေးတွေ၊ ဖြည့်စွက်ဆေးတွေလည်း မိမိတို့ဆီမှာ ရှိနေတတ်ပါတယ်။ အမှန်တကယ်တော့ လူတစ်ယောက်အတွက် ပိုနေတဲ့ဆေးဆိုတာ မရှိပါဘူး။ အဲဒီလူကြုံတွေ့နေရတဲ့ အခြေအနေ၊ ရောဂါလက္ခဏာတွေကိုလိုက်ပြီး သင့်တော်တဲ့ ဆေးတွေကို ဆရာဝန်တွေ ကညွှန်ကြားလေ့ရှိတဲ့အတွက် ဆေးတွေကိုသတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအထိ သောက်ပေးရပါမယ်။ ဆေးအတိုးအလျော့လုပ်တာ၊ ဆေးရပ်လိုက်တာ၊ အချိန်ကျော်ပြီးသောက်တာ၊ မေ့သွားလို့ နှစ်ခေါက်စာပေါင်းသောက်တာမျိုးကို မိမိသဘောနဲ့ မိမိ မလုပ်သင့်ပါဘူး။ ရောဂါသက်သာ လာပြီဆိုပြီးတော့လည်း သုံးနေတဲ့ဆေးကိုရပ်လိုက်လို့လည်း မရပါဘူး။ အနိမ့်ဆုံးပြောရရင်ပွေးတွေ၊ ညှင်းတွေပေါက်လို့ ဆေးလိမ်းနေရင်တောင် သက်သာသွားတာနဲ့ ရပ်လိုက်လို့မရသေးဘူး။ နောက်တစ်ခါထပ်မဖြစ်အောင် ကာကွယ်ဖို့ (၁)ပတ်လောက် ဆေးထပ်လိမ်းရပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိမိသုံးနေတဲ့ဆေးဟာ ပိုသွားမယ်ဆိုရင် ဒီဆေးကို သိမ်းမထားသင့်တော့ပါဘူး။ တစ်ခါတည်းသာလွှင့်ပစ်လိုက်ပါ။

.

ရောဂါလက္ခဏာတွေဆင်တူပေမယ့် သောက်ရမယ့်ဆေးတွေက ကွာခြားတာတွေရှိပါတယ်။ ဥပမာပြောရရင် လူတစ်ယောက်ဟာ ရင်ဘက်ထဲကတင်းပြီး အသက်ရှုကျပ်တယ်။ ရင်ကျပ်ပန်းနာအတွက် သုံးတဲ့ဆေးတွေကို ဆရာဝန်က ညွှန်ကြားလိုက်မယ်။ ရောဂါနဲ့ ဆေးတည့်တော့ သက်သာသွားတယ်။ နောက်တစ်ခါ ရင်ဘက်ထဲကအောင့်မယ်၊ အသက်ရှုလို့မဝဖြစ်မယ်။ နှလုံးရောဂါရဲ့လက္ခဏာတွေဖြစ်နေတယ်။ ဒါကိုသေသေ ချာချာမသိဘဲ အရင်တစ်ခေါက်က သုံးထားတဲ့ဆေးပြန်သုံးလိုက်တယ်။ လုံးဝထိရောက်မှုရှိမှာမဟုတ်ပါဘူး။ တချို့ဆေးတွေဆိုရင် ရောဂါပိုဆိုးသွားတာမျိုး အထိဖြစ်တတ်ပါတယ်။ မိမိဖြစ်ဖူးတဲ့လက္ခဏာနဲ့ဆင်တူလို့ဆိုပြီး မိမိသုံးနေတဲ့ဆေးတွေကိုလည်း တခြားလူတွေကို မဝေမျှရပါဘူး။ ဒါကြောင့် သုံးပြီးသားဆေးတွေ ထပ်ပြီးမသုံးမိအောင်၊ တခြားလူတွေကို မဝေမျှဖြစ်အောင် အရင် တစ်ခါကသုံးခဲ့တဲ့ဆေးတွေကို လွှင့်ပစ်ဖို့လိုအပ်ပါတယ်။ ဆေးသိမ်းတယ်ဆိုတဲ့နေရာမှာ အခု “လောလောဆယ် အသုံးပြု နေတဲ့ဆေးဝါးတွေ” လောက်သာ ထားသင့်ပါတယ်။

.

အခုလိုမျိုး အသုံးပြုနေတဲ့ ဆေးနဲ့ မသုံးတော့တဲ့ဆေးတွေ ခွဲထုတ်ပြီးရင် နောက်တစ်ဆင့်အနေနဲ့ ဆေးတွေကို အန္တရာယ်မဖြစ်စေ တဲ့နေရာမှာထားဖို့ စဉ်းစားသင့်ပါတယ်။ ဆေးတွေကိုသိမ်းထားမယ့်နေရာဟာ ပူလွန်းတဲ့နေရာ၊ အေးလွန်းတဲ့နေရာ၊ ရေငွေ့ရိုက်ပြီး စွတ်စိုထိုင်းမှိုင်းတဲ့ နေရာမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီလိုနေရာမျိုးမှာ ဆေးတောင့်တွေ၊ ဆေးလုံးတွေကိုသာသွားထားမိရင် သက်မှတ်ရက်ထက်စောပြီး အာနိသင်ကုန်ဆုံးသွားနိုင်သလို လူကိုလည်းအန္တရာယ်ဖြစ်စေပါသေးတယ်။ ဥပမာပြောရရင် အက်စပရင်လိုဆေးဟာ စွတ်စိုထိုင်းမှိုင်းတဲ့ နေရာမျိုးမှာ ထားမိရင် ဆယ်လီစလစ်အက်ဆစ် (Salicylic Acid) နဲ့ အက်စီတစ်အက်ဆစ် (Acetic Acid) ဆိုပြီး ပြိုကွဲထွက်သွားပါတယ်။ ဒီအက်ဆစ်နှစ်မျိုးစလုံးဟာ အစာအိမ်ကိုဒုက္ခဖြစ်စေပါတယ်။ ဒါကြောင့် ဆေးတော်တော်များများကို အေးပြီး ခြောက်သွေ့တဲ့ နေရာမျိုးမှာ ထားရပါတယ်။ အေးတဲ့နေရာမှာထားရမယ့် ဆေးအချို့ကိုတော့ သီးခြားထပ်ပြီး ညွှန်ကြားလေ့ရှိပါတယ်။

.

ရေချိုးခန်းမှာ သိမ်းရမယ်လို့ ညွှန်ကြားလိုက်တဲ့ဆေးကိုလည်း အဖုံးသေသေချာချာပိတ်ဖို့လိုအပ်ပါတယ်။ ခဏ၊ ခဏ ဖွင့်လိုက်၊ ပိတ်လိုက်လုပ်တာမျိုး၊ ပြန်ထုတ်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ မီးဖိုချောင်ထဲမှာ ထားရမယ့်ဆေး ဆိုရင်လည်း မီးဖို၊ ဘေစင်၊ အပူငွေ့ရိုက်နိုင်တဲ့နေရာမျိုးနဲ့ ဝေးတဲ့နေရာမှာပဲထားသင့်ပါတယ်။ အမှန်တကယ်ကတော့ ရေချိုးခန်း၊ မီးဖိုလိုနေရာမျိုးတွေမှာ အပူတွေ၊ ရေငွေ့တွေကြောင့် မပျက်စီးနိုင်တဲ့ ပစ္စည်းတွေလောက်ပဲ ထားသင့်ပါတယ်။ ဥပမာပြောရရင် ဆေးဂွမ်းလိပ်၊ ပတ်တီး၊ ပိတ်ကျဲ၊ ဇာဂနာ၊ အနာကပ်ပလာစတာ၊ ဆေးဖယောင်းချက်တွေလောက်ပါပဲ။ ဆေးတွေကို နည်းလမ်းတကျ မသိမ်းမိရင် ဆေးကနေ ဘေးပြန်ဖြစ်နိုင်ပါတယ်။

.

မိမိထားလိုက်တဲ့နေရာဟာလည်း ဘေးကင်းဖို့လိုပါတယ်။ မိမိရဲ့အိမ်မှာ ကလေးတွေရှိရင် သူတို့တွေလက်လှမ်း မမှီနိုင်တဲ့နေရာမျိုးလည်း ဖြစ်ဖို့လိုအပ်ပါတယ်။ သော့ခတ်သိမ်း ထားလို့ရတဲ့ ဗီရို၊ အံဆွဲတွေဟာ ပိုပြီးစိတ်ချရပါတယ်။ အကိုက်အခဲပျောက်ဆေး၊ အိပ်ဆေးတွေ၊ အန္တရာယ်မရှိဘူးလို့ထင်ရတဲ့ အားဆေးတွေကအစ သေသေချာချာ သိမ်းထားသင့်ပါတယ်။ ဒီလိုသိမ်းလိုက်တာဟာ တခြားသူတွေအနေနဲ့ အလွယ်တကူယူမသုံး ဖြစ်အောင်၊ ဆေးတွေ အလွဲသုံးစားမလုပ်ရအောင် ကာကွယ်ပေးလိုက်တာနဲ့တူပါတယ်။

.

မိမိသောက်နေတဲ့ဆေးကို ဇနီးသည်၊ ခင်ပွန်း၊ သားသမီးတွေအတွက်သုံးတဲ့ဆေးနဲ့ ရောမထားသင့်ပါဘူး။ သီးခြားဗီရို၊ အံဆွဲ၊ သေတ္တာ၊ စင်လေးတွေနဲ့ ခွဲထားရပါမယ်။ တစ်ယောက်ရဲ့ ဆေးကို တခြားတစ်ဦးက မှားသုံးမိတာမျိုး၊ ဆေးမှားသောက်တာမျိုးကို ဒီလိုနည်းနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဆေးတွေသိမ်းထားတဲ့နေရာဟာ အလင်းရောင် ကောင်းကောင်းရတဲ့နေရာဖြစ်ဖို့လိုပါတယ်။ အလင်းရောင်ထင်ထင် ရှားရှားရမှသာ မိမိတကယ်သောက်ရမယ့်ဆေးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ မှောင်တဲ့နေရာမျိုးမှာ ဆေးသောက်တာ၊ ကလေးတွေကိုဆေးယူခိုင်းပြီး မကြည့်ဘဲ သောက်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး။

.

နောက်တစ်ချက် အရေးကြီးတာက ဆေးတွေကို နေရာပြောင်းပြီးမသိမ်းဖို့ပါ။ သူ့ကိုတင်သွင်းရောင်းချတဲ့မူလ ပုံစံအတိုင်းသာထားသင့်ပါတယ်။ ပယင်းရောင်ပုလင်းဟာ ဆေးတွေကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ရအောင် ကာကွယ်ထားပါတယ်။ အဲဒီဆေးပုလင်းတွေရဲ့အပေါ်မှာ ဒီဆေးနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို အစုံအလင်ဖော်ပြ ထားတတ်ပါတယ်။ ဒီဆေးရဲ့ဂုဏ်သတ္တိ၊ အသုံးဝင်ပုံ၊ ထားသိုရမယ့်အခြေအနေတွေကို ဖော်ပြထားတတ်ပါတယ်။ တချို့ဆေးပုလင်းတွေဆိုရင် ပြန်ဆက်သွယ်ရမယ့် လိပ်စာတွေတောင်ပါတတ်ပါသေးတယ်။ မတူညီတဲ့ဆေးတွေကို ပုလင်း၊ ဗူးတစ်ခုထဲမှာပဲ စုပုံပြီးလည်း မထားသင့်ပါဘူး။ ဆေးတွေမှားသောက်မိတတ်ပါတယ်။ အထဲမှာရှိတဲ့ဆေးတွေကလည်း တစ်မျိုးရဲ့တည်မြဲမှုကို တစ်မျိုးက လာပြီးဖျက်ဆီးပစ်တာမျိုးရှိပါတယ်။ တကယ်အလုပ်လုပ်ရမယ့်နေရာမှာ အခက်အခဲတွေ ရှိလာတတ်လို့ သတိထားရပါတယ်။

.

ခရီးသွားတဲ့အခါမှာ ဆေးတွေသယ်သွားရင်လည်း သေသေချာချာသိမ်းပြီးယူသွားသင့်ပါတယ်။ မိမိသောက်မယ့် ဆေးတွေကို ခရီးဆောင်အိတ်ကြီးထဲမှာ ထည့်မထားဘဲ မိမိရဲ့ ဘေးလွယ်အိတ်၊ လက်ကိုင်အိတ်တွေထဲမှာသာထားသင့် ပါတယ်။ အရေးကြုံလို့ထုတ်သုံးတဲ့အခါမှာ အလွယ်တကူ ထုတ်လို့ရဖို့က အရေးကြီးပါတယ်။ ဆေးထည့်ထားတဲ့အိတ်ဟာ အပူငွေ့တွေနဲ့ ထိတွေ့မှုမရှိအောင်လည်း သတိထားသင့်ပါတယ်။ မိမိသွားမယ့်ခရီးစဉ်ဟာ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနိုင်တဲ့အတွက် ဆေးအပိုတွေလည်း ယူသွားသင့်ပါတယ်။ အိမ်ကနေမထွက်ခင်ကတည်းက မိမိသောက် နေတဲ့ဆေးတွေနဲ့အတူ မိမိပြသနေတဲ့ဆရာဝန်၊ ဆေးခန်းရဲ့နာမည်၊ ဖုန်းနံပါတ်တွေပါ တပါတည်းယူဆောင်သွားသင့် ပါတယ်။

.

မိမိအသုံးမပြုတော့တဲ့ဆေးတွေဟာ တခြားသူတွေအတွက်လည်း အသုံးမဝင်နိုင်တဲ့အတွက် ဒီလိုဆေးတွေကို ဘယ်လိုစွန့်ပစ်သင့်တယ် ဆိုတာကိုပါ ပူးတွဲဖော်ပြလိုက်ပါတယ်။

.

၁။ သက်တမ်းကုန်ဆုံးသွားတဲ့ဆေးတွေ၊ အသုံးမဝင်တော့တဲ့ဆေးတွေကို သူတို့ရဲ့မူလဘူး၊ ပုလင်း၊ ကဒ်တွေ ထဲကနေ ခွဲထုတ်ပစ်လိုက်ပြီး မီးဖိုချောင်က ထွက်တဲ့အမှိုက်၊ စက္ကူအမှိုက်တွေနဲ့ ရောလိုက်ပါ။ ကလေးတွေ၊ တိရစ္ဆာန်တွေ ဖွတဲ့ရန်ကို ကာကွယ်ပေးပြီးသားဖြစ်သလို မိမိဘာဆေးသောက်တယ်ဆိုတာကို တခြားသူတွေ တိတိကျကျ မသိနိုင် တော့ပါဘူး။

.

၂။ ဒီလိုစုရောထားတဲ့အမှိုက်တွေကို အလုံပိတ်လို့ရတဲ့အိတ်၊ ဘူး၊ သံဘူးတွေထည့်ပြီးမှသာ ပစ်သင့်ပါတယ်။ ဒါမှသာ ဆေးတွေ အပြင်ကိုထွက်မကျ လာနိုင်မှာပါ။

.

၃။ ဘူးလိုက်လွှင့်ပစ်မယ့်ဆေးတွေဆိုရင်လည်း ဘူးခွံပေါ်မှာပါတဲ့ သတိပေးချက်တွေ၊ ဖော်ပြချက်တွေ၊ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်တာ တွေအားလုံးကို ခြစ်ပြီးဖျက်ပစ်သင့်ပါတယ်။ မိမိရဲ့ကျန်းမာရေးကို မသိနိုင်တော့သလို မိမိရဲ့ဆေးကို တကျော့ပြန်မသုံးဖြစ်အောင် ကာကွယ်လိုက်ခြင်းဖြစ်ပါတယ်။

.

၎။ မိမိရဲ့ မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးတွေကို မိမိရဲ့ဆေးတွေ မဝေငှပါနဲ့။ သူတို့နဲ့ သင့်တော်တဲ့ဆေး၊ ညွှန်ကြားချက်ကို သူတို့ရဲ့ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ မိမိရဲ့ဆေးဟာ သူတို့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။

.

၅။ ဆေးတချို့ကိုအိမ်သာထဲကို လွှင့်ပစ်နိုင်ပေမယ့် ရေမြောင်း၊ မြစ်ချောင်း၊ အင်းအိုင်တွေထဲကို လွှင့်မပစ် သင့်ပါဘူး။

“ဆေးဝါးထားသိုမှု၊ စွန့်ပစ်မှုတွေနဲ့ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိလာရင် သက်ဆိုင်ရာ ဆရာဝန်တွေ၊ ဆေးဝါးနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေနဲ့ တိုင်ပင်ပြီးမှသာ ဆောင်ရွက်သင့်ပါကြောင်း အကြံဥာဏ် ပေးလိုက်ပါတယ်။”

နှင်းနုလွင် (ဆေးဝါး)

စရဏမဂ္ဂဇင်း (မတ်၊ ၂၀၁၀)



 

ဆေးညွှန်းတစ်ရွက် ဖတ်ကြည့်မယ် July 7, 2010

Filed under: ဆေးဝါးသုတ — thetsonehnin @ 9:59 AM
Tags:

ကျွန်မတို့ဆီမှာတော့ ဆေးဝယ်ရတာ လွယ်သည်။ ဆရာဝန်ပေးလိုက်သော ဆေးညွှန်းစာကို ပြသည်။ ဆေးဆိုင်၊ ဆေးကောင်တာ ကရောစပ်ပေး လိုက်သည့်အတိုင်း ယူလာမည်။ ဘယ်အချိန်သောက်ပါဆိုသည့်အတိုင်း လိုက်နာသည်။ ဒါက နည်းနည်း ကရိကထများသေးသည်။ ကွမ်းယာ ဆိုင်၊ လမ်းဘေးဆေးဆိုင်က ဆေးရောင်းသည်။ တွဲပေးသည်။ ဒီအတိုင်းသောက်၊ မနက်တစ်ခါ၊ ည တစ်ခါ၊ ဒီလိုမှာသည်။ ခဏတဖြုတ်သက်သာ သွားတာရှိသလို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဘေးထွက်ဆိုးကျိုးခံစားလိုက် ရတာလည်းရှိသည်။ ဆေးဝါးကိုအပျင်းပြေ ချိုချဉ်စားသလို သဘောထားလာကြသည်။ ပညာမတတ်၊ ဆင်းရဲသည့် လူတန်းစားတွေသာမဟုတ်၊ အားလုံးနီးပါးက ထိုစနစ်ကို ကျင့်သုံးနေကြသည်။ မိမိ သုံးလိုက်သော ဆေးသည် ဘာဆေးလဲ၊ ဘာရောဂါအတွက် သုံးလို့ရနိုင်သောဆေးလဲ။ သိဖို့မလို၊ လောလောဆယ် သက်သာသွားရင် ရပြီ။ နောက်တစ်ခေါက်မှ ဆေးခန်းကိုပြမည်။ ဒီလိုနဲ့ နောက်ထပ်၊ နောက်ထပ် အခါပေါင်းများစွာ……။ တတ်ကျွမ်းသူများက ဒီလိုမသောက်ရဘူး၊ ဒီအစာနဲ့ တွဲမသုံးရဘူးလို့ အကြံပေးသောအခါ “ပိုလွန်းတယ်၊ ဟုတ်ရောဟုတ်ရဲ့လား” ဆိုသည့် သံသယ အကြည့်တွေ တပွေ့ တပိုက်ကြီး လက်ဆောင်ရတတ်သည်။
.

ထိုကဲ့သို့အလွယ်တကူ ရောင်းလိုက်၊ ဝယ်လိုက်လုပ်နေသော ဆေးဗူးလေး၏ထောင့်တစ်နေရာတွင် မျက်နှာငယ်လေးနှင့် စာရွက်လေးတစ်ရွက် ရှိနေတတ်သည်။ ဆေးများအားလုံး၏ အသက်၊ သို့သော် သူရှိနေသည်ကို မည်သူမျှ ဂရုမစိုက်ကြ။ ကျွန်မကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြချင်သည်။ ကျွန်မတို့ ကျောင်းသူဘဝတုန်းက ဆေးဝါးနဲ့ပတ်သတ်ပြီး စာတမ်းတွေတင်ရသည်။ ဈေးကွက်ထဲမှာ အသုံးများသော ဆေးများ ကို စာရင်းကောက်ရသည်။ ဆေးဆိုင်တော်တော်များကနေ ဆေးအညွှန်းစာရွက်များကိုလိုက်စုရသည်။ မနက်ခင်းတည်းက ဆေးဆိုင် တော်တော် များများကနေ လိုက်ကောက်ထားရတော့ နည်းနည်းပင်ပန်းနေကြပြီ၊ နောက်ဆုံးဆိုပြီး ရွေးထားတဲ့ဆိုင်ကိုဝင်၊ ဆေးအကြောင်းမေး၊ ဒီအထိ အဆင်ပြေ နေသေးတယ်။ အားလုံးမေးမြန်းပြီးလို့ “အမ…..Insert စာရွက်လေးရနိုင်မလား” လို့မေးလိုက်တော့ ကြောင်ပြီးကြည့်နေတယ်။ “ဆေးအညွှန်းစာရွက်လေးကို ပြောတာအမ” ဆိုတော့ “ ဘာလုပ်ဖို့လဲ၊ အမတို့တောင် မဖတ်ဘူး” တဲ့။ “ဒီလိုဆို ဒီဆေးတွေအကြောင်း အမတို့ ဘယ်လိုသိလဲ၊ ဘယ်လိုရောင်းလဲ” မေးလိုက်တော့ “သုံးနေကြမို့သိပါတယ်။ ဒီစာရွက်တွေက အသုံးမဝင်ပါဘူး” တဲ့။ ဒီလိုပြောပြီး ဈေးဝယ်လာ သူတစ်ယောက်ကို သံလွင်ဆီက ဘယ်လိုကောင်းကြောင်း၊ ဘယ်လိုသုံးရမလဲဆိုတဲ့အကြောင်းကို အကျအန ပြောပြနေပါတယ်။ “ဪ်….. ဆေးဝါးဆိုတာ ခေါင်းလိမ်းဆီလောက်တောင် သိဖို့မလိုပါလား”။ ဒီလိုနဲ့ ကျွန်မတို့ ခေါင်းငိုက်စိုက်ကျခဲ့ရသေးသည်။
.

“ဆေးအညွှန်းစာရွက်က မြန်မာလိုမဟုတ်လို့ မဖတ်တတ်တာပါ၊ ဆေးပညာ အသုံးအနှုန်းနဲ့မို့မသိတာပါ” ဆိုပြီး ဆင်ခြေပေးကောင်းပေး နိုင်ပါသည်။ သို့သော် ကျွန်မတို့ ရောင်းဝယ်ဖောက်ကားနေသည်မှာ ချိုချဉ်၊ သကြားလုံးများမဟုတ်သည်ကို ကျွန်မတို့ အားလုံးသိသင့်သည်။ အားလုံးပြည့်ပြည့်စုံစုံ သိရမည်လို့ တော့မဆိုလိုပါ။ အခြေခံအကြောင်းအရာလောက်တော့ သိရမည်။ ဆေးဗူးထဲမှာပါသည့် စာရွက်လေးကို အရေးတယူလုပ်ပြီး ခဏလောက်ကြည့်စေချင်သည်။ သူတို့နှင့် ရင်းနှီးသွားအောင် မိတ်ဆွေဖွဲ့ပေးချင်သည့် ကျွန်မ၏ စေတနာကို နားလည်စေချင်ပါသည်။
.

ကျွန်မတို့ရောင်းဝယ်နေသော ဆေးအားလုံးမှာ နာမည်နှစ်မျိုးရှိသည်။ မူရင်းနာမည် (Generic Name) ရှိသောဆေး (ဥပမာ- Paracetamol) ကို ကုမ္ပဏီတွေက ဆေး A၊ ဆေး B စသည်ဖြင့် အမည်အမျိုးမျိုးနဲ့ တင်သွင်းကြသည်။ ထိုအမည်များကို (Trade Name, Brand Name) လို့သတ်မှတ်ကြသည်။ တချိုလူနာများသည် ဆေးဆိုလျှင် များများသောက်မှ မြန်မြန်ပျောက်မည်ဟု ထင်နေကြသည်။ ထို့ကြောင့် အကိုက်အခဲပျောက်ဆေးဖြစ်ပါလျက် ဆေး A၊ ဆေး B တို့ကို အတွဲလိုက်ကြီးသောက်လိုက်သည်။ မလိုအပ်ပါဘဲ ဆေးများစွာသုံး သည့်အတွက် မမျှော်လင့်သည့် ဘေးထွက်ဆိုးကျိုးများကို ခံစားရသည်။ ပိုးသတ်ဆေးကဲ့သို့ဆေးမျိုးဆိုလျှင် ဆေးယဉ်တာမျိုးဖြစ်နိုင်သည်။ တကယ်လက်တွေ့ သုံးရမည့်နေရာတွင် ဆေးကအသုံးမဝင်တော့ပေ။
.

တစ်ခါက လူတစ်ယောက် ဆေးရောင်းသည်။ ဘာအတွက်ကြောင့်ပဲ ဝယ်ဝယ် ဆေးတစ်မျိုးသာ ရောင်းသည်။ ခေါင်းကိုက်တယ်ဆိုလျှင် လည်း ဒီဆေး၊ နှာစေးချောင်းဆိုးဖြစ်လို့ဝယ်ရင်လည်း ဒီဆေး၊ ညောင်းညာ ကိုက်ခဲသည်ဆိုလျှင်လည်း ဒီဆေး၊ ပေးသမျှ ဆေးအားလုံးသည် အိပ်ဆေးချည်းပင်။ အားလုံးက သူ့ကို မကျေနပ်တော့။ ဒီဆေးချည်းဆိုတော့ သူတစ်ကယ်သိလို့ ပေးတာမဟုတ်ဘူးလို့ သံသယဝင်လာကြသည်။ သူခံယူချက်သည်လည်း မဆိုးလှပါ။ ဘာကိုပဲသုံးသုံး ခံစားနေရသော လက္ခဏာ သက်သာ သက်သာသွားဖို့သာ လိုရင်းဖြစ်သည်။ တစ်နေ့တော့ လင်မယားနှစ်ယောက်ဆေးလာဝယ်သည်။ အခုမှ ညားကာစ လင်မယားတွေ၊ ကလေးမယူချင်သေးသောကြောင့် ကိုယ်ဝန်တားဆေးလို့ချင် သည်တဲ့။ ဒီအခါမှာလည်း အိပ်ဆေးကိုပဲပေးသည်။ ဆေးရောင်းသူကို ကောင်းကောင်းအပြစ်တင်လို့ ရပြီဆိုပြီး ကြိတ်ဝမ်းသာသွားသော လင်မယားခမျာ ဆေးရောင်းတဲ့သူ ပြောလိုက်သော စကားကြောင့် ဘာဆက်လုပ်ရမယ်မှန်းမသိဖြစ်သွားပါသည်။ “ ဒီဆေးက အမျိုးသမီး သောက်ဖို့ မဟုတ်ဘူး၊ အမျိုးသားသောက်ရမှာ” တဲ့။
.

ဒါက ရယ်စရာဇာတ်လမ်းလေး တစ်ပုဒ်ပါ။ သို့သော် သူ့ကနေ ဆက်စပ်ပြီး တစ်ချို့အကြောင်းအရာတွေကို ဆက်စပ်ကြည့်စေချင်သည်။ ဘာကိုပဲသုံးသုံး သက်သာသည်ဆိုသော်လည်း အနာနှင့်ဆေး သင့်တာကိုသာရွေးသင့်သည်။ ထိုအချက် များအားလုံးကို ဆေးညွှန်းစာရွက်၌ ဖော်ပြပြီးဖြစ်သည်။ ဆေးတစ်လုံး သို့မဟုတ် ဆေးတစ်တောင့်တွင် အာနိသင်ပေးနိုင်သောပစ္စည်း (Active Ingredient) တစ်မျိုးသို့မဟုတ် ထို့ထက်ပိုပြီးပါနိုင်သည်။ တုပ်ကွေးမိလျှင် အသုံးပြုရန်ထုတ်လုပ်ထားသော ဆေးတွင် ခေါင်းကိုက်ပျောက်စေသောဆေး၊ အအေးမိနှာစေး ပျောက်စေသောဆေး၊ ချောင်းဆိုးပျောက်ဆေးတို့ပါ တွဲပါတတ်သည်။ ထိုအချက်များကို ဆေး၏ Composition တွင် ကြည့်ရှုနိုင်သည်။ ထိုဆေးမျိုးတွင် ဘာမီတွန်၊ ချောင်းဆိုးပျောက်ဆေးတို့ကို ထပ်မံဖြည့်စွက်ရန်မလိုအပ်ပေ။ အသုံးပြုရမည့် အခြေအနေတို့ကို (Indications) တို့ကို ထည့်သွင်းဖော်ပြထားသောကြောင့် ဆေးတစ်မျိုးကို သုံးတော့မည်ဆိုလျှင် အညွန်းစာရွက်ကို သေသေချာချာ လေ့လာသင့်ပါသည်။
မိမိသည် ဆေးအညွှန်းစာရွက်ကို ဖတ်ရန် အခက်အခဲရှိလျှင်လည်း တတ်ကျွမ်းသူများကို သေချာမေးမြန်းသင့်ပါသည်။
.

ကျောင်းသားတစ်ယောက်သည် သူတစ်ယောက်တည်းဆိုလျှင် ကျောင်းပြေးဖို့ စိတ်ပါချင်မှပါလိမ့်မည်။ သို့သော် နောက်ထပ်အဖော်တစ်ယောက်ရှိလျှင် သူတို့ကျောင်းပြေးနိုင်သလို စာတွေပိုလုပ်တာမျိုးလည်း ဖြစ်နိုင်သည်။ ကျွန်မတို့သုံးလိုက်သော ဆေးများ၏ သဘာဝကလည်း ထိုအတိုင်း ပင်။ ဆေးတစ်မျိုးက အခြားတစ်မျိုးအပေါ်တွင် သက်ရောက်သောကြောင့် ကောင်းကျိုးများ ဖြစ်လာနိုင်သကဲ့သို့ မလိုလားအပ်သော ဘေးထွက် ဆိုးကျိုးများလည်းဆက်ဖြစ်လာနိုင်ပါသည်။ ထိုအဖြစ်အပျက်များကို ဆေးအချင်းချင်းအပြန်အလှန်သက်ရောက်မှုများ (Drug Interaction) ဟုခေါ်ပါသည်။ Ampicillin ကဲ့သို့ဆေးကို ကိုယ်ဝန်တားဆေးနှင့် တွဲသောက်လျှင် တားဆေး၏အာနိသင်လျော့ကျသွားနိုင်သည်။ သံဓါတ် ပါသောအားဆေးကို နို့နှင့်တွဲသောက်ပါက အာနိသင်ရချိန် ကြာနိုင်သည်။ ဤကဲ့သို့ အချက်အလက်များကို သိထားလျှင် မည်သည့်အစာများနှင့် တွဲမသောက်သင့်ဘူး၊ မည့်သည့်ဆေးမျိုးကို တွဲမသောက်သင့်ဘူး ဆိုတာကိုသိလာနိုင်ပါသည်။
.

ဆေးအားလုံးနီးပါးကို ချေဖျက်သော အလုပ်ကို အသည်းကလုပ်ပေးပြီး စွန့်ထုတ်သော အလုပ်ကို ကျောက်ကပ်က လုပ်ပေးပါသည်။ ကျွန်မတို့ ဆေးကိုသုံးစွဲမည့် လူများထဲတွင် အသည်းနှင့်ပတ်သက်သော ရောဂါရှိသူ၊ ကျောက်ကပ်ပျက်စီးနေ သူများလည်း ပါကောင်းပါနိုင်သည်။ အသက်အရွယ်ကြီးသောကြောင့် ယင်းအစိတ်အပိုင်းများ ပျက်စီးနေသူများလည်းပါနိုင်သည်။ ထိုသူများကို ဆေးအများကြီးသုံးစွဲရန် ညွှန်ကြားသင့်ပါ သလား။ လူတစ်ယောက်တွင် အဆင်ပြေသောဆေးသည် နောက်လူတစ်ယောက် အတွက် အသုံးဝင်ချင်မှဝင်နိုင်ပါသည်။ မိမိညွှန်လိုက်သော ဆေးကြောင့် အထူးသဖြင့် ဘေးထွက်ဆိုးကျိုးများကြောင့် ရောဂါအခြေ အနေ ပိုဆိုးသွားခြင်းမျိုးလည်းရှိနိုင်ပါသည်။ ယင်းအခြေအနေမျိုးတို့တွင် သတိထားပြီး ဆေးကိုသုံးစွဲသင့်သည်။
.

ကျွန်မတို့အိမ်တွင် အလှူရှိသောကြောင့် အိမ်နီးချင်းတစ်ယောက်ကို ဖိတ်လိုက်သည်ဆိုပါစို့။ သူနှင့်အတူ အဖော်အပေါင်းများ ပါလာနိုင်သည်။ သူတို့ကို လိုက်မလာရဟု တားလို့မရပေ။ ကျွန်မတို့ သုံးစွဲသော ဆေးများသည်လည်း ယင်းနှင့်သဘောချင်းဆင်သည်။ ဆေး၏ ကောင်းကျိုးကိုလိုချင်လျှင် ဘေးထွက်ဆိုးကျိုးများလည်း (Side Effects) တွဲပြီးပါကောင်းပါလာနိုင်ပါသည်။ ယင်းသည် လူတစ်ယောက်အတွက် ပြင်းထန်ကောင်း ပြင်းထန်နိုင်သော်လည်း တချို့သူများတွင် သိပ်မသိသာပေ။ လူတိုင်းတွင် ခံစားရမည် ဟုပုံသေပြော၍မရသော်လည်း အနည်းနှင့် အများ ခံစားရနိုင်ပါသည်။
.

ဆေးတစ်မျိုးကို တစ်ခါသုံးဖူးသည်၊ မတည့်သည့် အရိပ်အရောင်တွေပြလာလျှင် ထိုဆေးကို နောက်တစ်ကြိမ်ထပ်ပြီး မသုံးစွဲသင့်ပေ။ ကိုယ်ဝန် ဆောင်မိခင်သုံးလိုက်သောဆေးသည် သူမ၏ကိုယ်ထဲတွင် ချေဖျက်ပြီးသည့်နောက် အစိတ်စိတ်ပြိုကွဲ သွားသည်။ ထိုဆေးမှုန်တို့သည် အချင်း ကိုဖြတ်ကာ ကလေးဆီကို ရောက်သွားနိုင်သည်။ နို့တိုက်မိခင်သောက်သုံးနေသော ဆေးဝါးတစ်ချို့၏ စွန့်ပစ်ပစ္စည်းများသည် နို့ရည်ထဲတွင် ပါလာတတ်သည်။ ထိုဆေးသည် ကလေးထံသို့ မရောက်မဟုတ်၊ ရောက်သွားနိုင်သည်။ အနောက်နိုင်ငံတို့တွင် မိခင်သောက်လိုက်သော အရက်သည် ကလေးဆီကိုရောက်နေသည့်အတွက် မမွေးခင်ကတည်းက အရက်စွဲနေသောကလေးများကို တွေ့ရတတ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်သည်၊ နို့တိုက်မိခင် အပါအဝင် ဆေးနှင့်မတည့်ဘူးသူတို့တွင် ဆေးကို သတိထားပြီးသုံးစွဲသင့်ပါသည်။
.

ဆေးတစ်မျိုး ကျွန်မတို့လက်ထဲရောက်လာလျှင် မည်သို့သိမ်းဆည်းရမလဲ ဆိုသောအချက်သည်လည်း အရေးကြီးပါသည်။ ဆေးအများစုသည် ရေငွေ့ကြောင့် ပျက်စီးသွားတတ်သည်။ အချို့ဆေးများသည် ရေခဲသေတ္တာထဲတွင် သိမ်းထားရန်လိုအပ်သည်။ တချို့နေရောင်ခြည်ဒါဏ် မခံနိုင်သောဆေးများကို ပယင်းရောင် ပုလင်းထဲတွင် သိမ်းထားရလိမ့်မည်။ ဆေးအညွှန်းစာရွက်မှာပါသည့် အတိုင်း လိုက်နာပါက ပိုးမွှားများရန် ကိုပါ ကာကွယ်နိုင်ပြီး ဆေးများပျက်စီးမှုကို လျော့ချပေးနိုင်သည့်အတွက် ဆေး၏သက်တမ်းပို ကြာတတ်ပါသည်။ နောက်ထပ် ကျွန်မတို့ သိသင့် သော အရာမှာ ဆေးဝါးများ၏သက်တမ်းဖြစ်သည်။ မဖွင့်ရသေးသော ဆေးဗူး၊ ပုလင်းများတွင် ပါလာသော နေ့စွဲကိုကြည့်ပြီး သက်တမ်းကုန်ဆုံး မည့်နေ့ကို သိနိုင်သည်။ ဆေးအရည်ဆိုလျှင်လည်း ဖွင့်ပြီး၊ ဖျော်စပ်ပြီးသည့်နောက် အချိန်မည်မျှကြာကြာ အထားခံသည်ကို သိနိုင်ပါသည်။ ဆေးအညွှန်းစာရွက်တွင် အခြားသော ဖော်ပြချက်များလည်း ပါရှိကောင်းပါရှိနိုင်ပါသည်။ အိပ်ငိုက်နိုင် သောကြောင့် ဆေးသုံးစဉ် ယာဉ်၊ ကားမောင်းပါက မသင့်တော် ကြောင်းပါရှိတတ်သကဲ့သို ဆေးအားလုံးကို ကလေးနှင့် လက်လှမ်းမမှီသောနေရာတွင်ထားရန်လည်း ရေးသား ထားလေ့ရှိသည်။ ဆေးသုံးမည့် အသက်အရွယ်၊ ရောဂါအခြေအနေတို့ကိုမူတည်ပြီး သူတို့အတွက်သုံးစွဲရမည့် ပမာဏများကိုလည်း ခွဲခြားပြီး ဖော်ပြထားတတ်ပါသည်။
.

ဆေးဝါးကို အနုပညာတစ်ရပ်လို့ ကျွန်မ တင်စားချင်သည်။ နူးညံသည်၊ အသေးစိတ်သည်၊ ထိချက်ပြင်းသည်၊ အယုတ်အလတ် အမြတ်မရွေး သက်ရောက်မူရှိသည်၊ သို့သော် သူတိုကို ကိုင်တွယ်မည့်လက်သည် သူတို့၏သဘာဝကို နားလည်ထားရန် လိုအပ်သည်။ ကျွန်မတို့ လက်ထဲ ရောက်လာမည့် လက်တစ်ဝါးသာသာ အညွှန်းစာရွက်လေးသည် ကျွန်မတို့ ခန္ဓာကိုယ်နှင့် ဆေးဝါးတို့ကို ထိန်းညှိပေးနိုင်ပါသည်။ ကျွန်မတို့ အတွက် အဖိုးမဖြတ်နိုင်သော အသိပညာကိုပေးနိုင်သည်။ ကျွန်မရေးနေသော ဤဆောင်းပါးသည် တစ်စုံတစ်ဦး ထိခိုက်စေလိုပြီး ရေးသား ထားသည်မဟုတ်ပေ။ အားလုံးကို သိစေလိုသော စေတနာကို အရင်းတည်ပြီး မွေးဖွားလိုက်သော ဤဆောင်းပါးကြောင့် တစ်စုံတစ်ယောက်၏ အသိဥာဏ်တစ်ချက် လက်ခနဲဖြစ်သွားသည်ဆိုလျှင် ကျွန်မ အပင်ပန်းခံပြီး ရေးရကျိုးနပ်ပါသည်။

နှင်းနုလွင်(ဆေးဝါး)
စရဏ မဂ္ဂဇင်း (နိုဝင်ဘာ၊ ၂၀၀၉
)