သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ကျန်ရှိနေသော ထောင့်မလဲ၊ သဲမကော်နေ့ရက်များသို့ January 27, 2011

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 10:00 AM

ငါတို့ ဖြိုချခဲ့သမျှ သက္ကရာဇ်တွေထဲမှာ
ဘယ်အရာက ပြန်ကောက်လို့
အကောင်းဆုံးဖြစ်မလဲ။

ဟို နှစ်များဆီက ငါတို့တွေဟာ
မစားကောင်းတဲ့အသီးကို
ရှုရှိုက်မိကောင်း ရှုရှိုက်ခဲ့မိမယ်
မသွားသင့်တဲ့အရပ်ကို
ခြေလှမ်း ပြန်ကောင်းပြင်ခဲ့မိမယ်
စိတ်ထဲမှာ အရိပ်လိုခွေနေတဲ့
နာနာကျဉ်းကျဉ်းတွေကို မေ့မောခြင်းလည်းရှိခဲ့ဘူးမယ်
ပြာပူပုံပေါ် လက်ကလေးနဲ့ရက်ရင်း
အေးမြခြင်းကို ဆာလောင်ဖူးခြင်းမျိုးလည်းရှိမယ်။

ရှိပါလေ့စေ
အဲဒါတွေဟာ မနက်ဖြန်အတွက်တော့
အရည်ပျော်ခဲ့တဲ့ ချိုချဉ်တခဲသာသာပဲ
တန်ကြေးရှိတော့မယ်။

အဆိုးအညစ်တွေကို ဖယ်ရှား
အကောင်းအသစ်တွေ ပွားရင်း
ရာစုသစ်ဆီ သွားဖို့
မွေးဖွားခဲ့ရာ နာရီလက်တံကနေ ပြန်အစပြုရမယ်

ဒီနေ့ဒီရက်ကစလို
ကျန်ရှိတဲ့ဘ၀စာမျက်နှာမှာ
ပြဿဒါးတွေ ကင်းဝေးပါစေ သူငယ်ချင်း။

နှင်း@ နှင်းနုလွင်

26.01.2011
သူငယ်ချင်း အောင်ပိုင် မွေးနေ့လက်ဆောင်
 

“ချစ်သူသည်သာ ငြိမ်းချမ်းသောနယ်မြေ”

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 9:59 AM

အရိပ်လိုနေပြဖို့ အခွင့်အရေးမရသေးသမျှ

အတိတ်ကံကိုပဲ ကြိတ်လို့ ကျိန်ဆဲရမယ်

ဝေးကွာခြင်းဟာ (ငါတို့) သစ္စာတရားကို

မှောက်မှားစေပါ့မလား။

 

ငါ့အတွက်အလင်းရောင်ဆိုတာ

လရောင်လေးတွေ ကြမ်းပေါ်ကျွံကြ

ကြယ်လှလှလေးတွေ တေးဆိုသံကြားတိုင်း

မသဲမကွဲရေရွတ်မိရာ

တစ်လုံးတည်းသော နင့်နာမည်လေးလည်းဖြစ်တယ်။

 

ငါ့ရဲ့ ရှေ့ဖြစ်ဟောစာတမ်းဆိုတာ

ဖောက်လွဲဖောက်ပြန်ရာသီကြား

ဘယ်လိုသွေးထိုးစကားမျိုးနဲ့မှ

အရောင်ပြောင်းမသွားနိုင်တဲ့

နင့်ဘယ်ဘက်အိတ်ကပ်ထဲက

တစ်ဘ၀စာ ခရီးသွားလက်မှတ်လည်းဖြစ်တယ်။

 

ငါ ဘ၀ရဲ့ တက်ကျမ်းဆိုတာ

ငါတို့ခင်းတဲ့လမ်းထက်က

ကြည်နူးခြင်းကို ရေတွက်နိုင်ရာ

ငါတို့ချင်းသာ နားလည်ထားတဲ့

သင်ပုန်းကြီးဖတ်စာလည်းဖြစ်တယ်။

 

ငါရဲ့ကြည့်မှန်ဆိုတာ

နာရီမပြတ် လှည့်ပတ်စီးဆင်း

သွေးကြောထဲသွင်းမိတဲ့မူးယစ်ဆေးလို

ငေးမောတွယ်တာ ခဏခဏရှုရှိုက်မိရာ

နင့်ရုပ်ပုံလွှာလည်း ဖြစ်တယ်။

 

ငါ့မြတ်နိုးခြင်းဆိုတာ

မျက်စိကမှိုင်း နားကထိုင်းချိန်

ဆံဖြူအဖွားအို ပါးပြင်ထက်

တယုတယပေးအပ်လာမယ့်

နင့် အကြင်နာ နှုတ်ခမ်းလေးလည်း ဖြစ်တယ်။

 

ငါဆင်မြန်းလိုတဲ့ပန်းဟာ

နင့်နှုတ်တစ်ရာနဲ့ သီကုံးဖွဲ့နွဲ့ပါတဲ့

ဖြူစင်မွှေးပျံ နင်တို့ခြံထွက်

ပန်းမြတ်စံပယ်လည်းဖြစ်တယ်။

 

ငါ့ဘ၀ရဲ့တောင်းဆုဆိုတာ

မိုးညို့ညို့ တိမ်ပြာပြာ

နင့် ပုခုံးပေါ် ပါးကိုအပ်

ရတုနှစ်များစွာရေတွက်လိုတဲ့

နေမ၀င် ကဗျာတွေတည့်တံ့စေမှုလည်း ဖြစ်တယ်။

 

ငါကလေ…နင့်ရင်ခွင်ကလွဲရင်

ဘယ်သစ်ပင်ကိုမှ

အရိပ်ရတယ်လို့မထင်မိတော့

ငှက်မောင်နှံ တေးသံကျူးတိုင်း

ရင်ဘက်ထဲက စူးစူးနစ်နစ်ကို လွမ်းနေမိရဲ့။

.

.

နှင်းနုလွင်

26၊ 01၊ 2011

 

 

ကျောရိုးဆစ်ပြုတ်နေ့စွဲနှင့် ရှင်သန်ခြင်း January 14, 2011

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 6:30 AM

ကိုယ့်သမိုင်းကိုယ်ပြန်စစ်တော့ ဖြတ်လျှောက် သင်္ကေတတွေက

ရှိရင်းစွဲအသက်ထက် တစ်လက်မလောက် မနီးရိုးစွဲ ရှည်နေတာ

မနေ့က လက်ကျန်ကော်ဖီကို ဒီနေ့အနံ့ခံကြည့်တော့

လျစ်လျူရှုခံသဘောတရားတွေက အထင်အရှားကို မျက်နှာပြလာ


~

ကျွန်တော်တို့ဟာ၊ ခင်ဗျားတို့ဟာ

သီချင်းတော်တော်များများကို ဘာသာမပြန်ဘဲနားထောင်ခဲ့ကြ

စာပေတော်တော်များများကို မသိသလိုသာ ဖတ်ခဲ့ကြ

ပန်းရနံ့ကို မေ့လျော့ရင်း ပန်းခင်းထဲကို ဖြတ်ကူးခဲ့ကြ

ရုပ်ဝါဒီတိုက်ပွဲကို အကြိမ်ကြိမ်နွှဲရင်း

ဆင်အချင်းချင်းကျီစားရာ ကျွန်တော်တို့ဟာ

ဆိတ်ကလေးလို လက်ဝင်လျှိုခဲ့ကြတာ


~

ကျွန်တော်တို့ဟာ၊ ခင်ဗျားတို့ဟာ

အားလုံး အားလုံးဟာ 21 ရာစုအမှီ ခေါက်ရိုးချိုးခံခဲ့ရ

နေ့ရက်အဟောင်းတိုင်းကို ကြေးစားဆန်ဆန်ပေါင်နှံရောင်းချရင်း

ကြေးစားလက်စစ်စစ်ရဲ့ ရိုက်ပုတ်၊ ပုံသွင်း၊ ထုဆစ်ခြင်းအတိုင်းပဲ

ကျွန်တော်တို့ကိုယ်တိုင်က ရောင်းကုန် (သို့မဟုတ်)

ကျွန်တော်တို့ဟာ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူ

ကျွန်တော်တို့ရဲ့သက်ဝင်မှုဟာ တစတစနဲ့ ပြာနှမ်းလာ


~

ကျွန်တော်တို့ဟာ၊ ခင်ဗျားတို့ဟာ

ကမ္ဘာ့ရွာကြီးကို ချိန်သားတကျ ပုံဖော်ပြရင်း

မိရိုးဖလာဘာသာစကားကို မုသာဝါဒနဲ့ တွဲဖက်ကိုးကွယ်ခဲ့ရ

ကြမ္မာရိုင်းငင်တဲ့နေ့တွေဆို ကိုယ့်တပ်ကိုယ်ပြန်နင်းရင်း

အရိုးဆွေးလောက်တဲ့သတိတရနဲ့ ကျွန်တော့်တို့နှလုံးသားကို

နက်နဲစွာ သို့မဟုတ် ပေါ့ပါးဟန်နဲ့ မထိတထိ သဂြိုဟ်ခဲ့ကြ

ကျွန်တော်တို့ဟာ ဖောင်ရှိရာကူးခတ်ရင်း တဖြည်းဖြည်းနဲ့ရေငတ်လာ


~

ကျွန်တော်တို့လက်ရာကို ကျွန်တော်တို့တသီးတသန့်ခံစားဖို့

ကျွန်တော်တို့ရင်တွင်းဖြစ်ကို ကျွန်တော်တို့ကိုယ်တိုင်တီးခတ်ဖို့

ကျွန်တော့်တို့မြစ်ကို စကားလုံးကျစ်ကျစ်နဲ့စီးဆင်းစေဖို့

ကျွန်တော်တို့ကွင်းမှာ ကျွန်တော်တို့လူကျွံခြင်းမခံရဖို့

ရှောင်ရင်း၊ ကွင်းရင်း၊ ထိုးစစ်ဆင်ရင်းနဲ့

ကျွန်တော်တို့၊ ခင်ဗျားတို့မျက်နှာထက်မှာ

သွေးဟာ မျက်ရည်လိုစီးလို့။


~
~
နှင်းနုလွင်
13၊ 01၊ 2011

 

လွမ်းမိတဲ့ည January 10, 2011

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 7:47 AM

မှောင်ထဲ မည်းထဲ
သတိရစိတ်က ငုတ်တုတ်ထိုင်
ငေးမိငေးရာကိုငိုင်နေရင်း
လွမ်းတဲ့စိတ်က
အိပ်ရာခင်းလို တွန့်ကြေလာ။

မမြင်မှုန်ဝါးဝါးမှာ
စိတ်ဟာ ခန္ဓာ ကိုခွာ
အတိတ်လိုလို အရိပ်လိုလို
တစ္ဆေတစ်ကောင်လိုလွင့်မျော
ညနက်နက်မှာ
အလွမ်းတွေက အရောင်ရင့်ရင့်လာ။

သောတရှင်ရဲ့လိုရာတေးမှာ
ရင်ဘက်ချင်းညှိသံတွေ
ကြေကွဲဖွယ်ဆွတ်ပျံ့
အလွမ်းဓါတ်ခံဂီတမှာ
ကြယ်တွေဟာ အလိုက်သင့်ကြွေ။

ခရေကောက်သူတစ်ယောက်သာ
အရှိုက်ထိတဲ့ သတိတရတွေ
သီရင်း ကုံးရင်း
အချစ်ရယ်
ဝေးကွာခြင်းကို ဘယ်သို့ နာရမယ်..
သတိတရနဲ့ ဘယ်နှစ်ကြိမ် အိုရမယ်
ကွယ်..လွမ်းရခက်လေတယ်။

နှင်းနုလွင်
03၊ 01၊ 2011

 

“နှစ်ဟောင်းသို့နှုတ်ဆက်ခြင်း” December 31, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 10:02 AM

တစ်နှစ်ပတ်လုံး ဆင်ခဲ့မြန်းခဲ့
နွမ်းသည်လည်းရှိ
လန်းသည်လည်းရှိ
ပကတိတန်းဖိုးမပျောက်သေးတဲ့
ဟောဒီ ၀တ်ရုံလွှာလေး
စနစ်တကျ ခေါက်သိမ်းလိုက်ရအောင်
ခမျာ
ပင်ပန်းလွန်းခဲ့ပြီမလား။
ငိုပါရှိုက်ပါများလို့
မျက်ဝန်းလေးလည်း မို့ခဲ့ရ
ရယ်ရယ်မောမောနဲ့
ပျော်ခဲ့ရတာတွေရှိနေရ
သူ့ကောင်းကင်မှာ
ဆင်ခြင်တုံငှက်လေးတွေ
အားသွန်ခွန်စိုက် ပျံသန်းဖူးမှာပေါ့။
ဘ၀လည်းမမြင်
ဘ၀င်လည်းမမြင့်
ရိုးရိုးကျင့်လို့
သူသူငါငါကို
အတင့်ဆန်းစေခဲ့ပြီးပြီ။
အိုနာသေဘေး
ခပ်နာနာတွေး
ဆွေးချက်တွေ မပြယ့်တပြယ့်
ဆေးချက်တွေ ရေးရေးခြယ်ရင်း
ဘ၀ ဘ၀တွေ
(သူ)က
အသစ်ဖြစ်စေပြီးပြီ မဟုတ်လား။
ကောင်းသည်လည်းရှိ
ဆိုးလည်းရှိ
ငါတို့၊ သူတို့တွေ
သူ့ဝမ်းကြာတိုက်မှာ
စနစ်တကျ သန္ဓေတည်ခဲ့ပြီးပြီပဲမဟုတ်လား။
သူမှားကောင်းမှားခဲ့ဖူးတာတွေရှိရဲ့
ကျားကုတ်ကျားခဲနဲ့
သူ့အသက်သူ
တခက်တခဲဆယ်ယူခဲ့တယ်မှတ်
ခု သူ
ငါတို့အပါးက
မဆုံသောလမ်းနဲ့
ထာဝရ လက်ပြရတော့မယ်။
ကဲ
သူ့ကျေးဇူးတွေကိုတမ်းတ
သူ့ဆွတ်ပျံဖွယ်ရာကို ပြန်နမ်းရှိုက်ရင်း
မျက်စိကို ခဏမှိတ်
သူ့ထွက်ခွာမှုကို
အလေးအနက်ပြုလိုက်ရအောင်
နှုတ်ဆက်ခြင်း ဒီဇင်ဘာရဲ့ ည ၁၂ နာရီတိတိ။
နှင်းနုလွင်
31၊ 12၊ 2010

 

“ကျုပ်လူကောင်း မဟုတ်ပါဘူးဗျာ” December 30, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 3:46 AM

ဘယ်လိုမကောင်းတာမှန်းတော့ မသိဘူး။
သေချာတာက ကျုပ်ဟာ
ကောင်းကို မကောင်းဘူး။
ချိုချဉ်ဖန်ခါး မြည်းစမ်းကြည့်လို့မရပေမယ့်
ကျုပ်ဟာ အရသာမြောက်တဲ့ ဟင်းတစ်ခွက်ကို မဖြစ်သေးဘူး။

အမေ့ရဲ့ ဖွင့်ဆိုမှုအရတော့
ကျုပ်ဟာ တစ်အိမ်လုံးရဲ့ ခေါင်းလောင်းဖြစ်တယ်။
ဆိုတော့
ကျုပ်ရှိမှ အသံမြည်မယ်ပေါ့။
ဒါဟာလည်း တကယ်တော့ မကောင်းဘူး မဟုတ်လား။
လူကောင်းလေးပါလို့ထင်တိုင်း
မကောင်းပါဘူးဆိုတဲ့အကြောင်းကို
တရေးတယူထုတ်ပြချင်တာ
ဒီမှာ ကြည့်ဗျာ
ကျုပ်ဟာ သိပ်ပြီး အတ္တကြီးတယ်။
(ခင်ဗျားအစွယ်တွေနဲ့ လူတွေ သေပြီးပြီးလားတဲ့)
ဒါတော့ မဟုတ်သေးဘူးဗျ ဆိုတော့
ဒါဆို မင်းဟာ လူကောင်းလေးပါတဲ့။

မဟုတ်သေးဘူးဗျာ။
ကျုပ်က မောက်မယ်တယ်ဗျာ။
(ခင်ဗျား ဘယ်နှယောက်ကို သိမ်းပိုက်ပြီးပြီလဲတဲ့)
အဲဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါဆို မင်းက လူကောင်းလေးပါတဲ့။

လွဲနေပြီထင်တယ်ဗျာ။
ကျုပ်ဟာ တစ်ကိုယ်ကောင်းဆန်တယ်။
(ဘယ်နှဧကလောက် ယက် သွင်းပြီးပြီလဲတဲ့)
အဲဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါဆို မင်းက လူကောင်းလေးပါတဲ့။

ကျုပ်က သွေးစွန်းလွယ်တယ်ဗျာ။
(ဘယ်သူ့အမြီးကို မင်းဖျက်ဆိးပြီးပြီလဲတဲ့)
ဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါလည်း မင်းဟာ လူကောင်းဖြစ်သေးတာပဲတဲ့။

ကဲ
ဟုတ်တယ်ဗျာ
ကျုပ်က လူကောင်းဗျာ
ကျုပ်ကောင်းတာ အများကြီးလုပ်ခဲ့တယ်။
နေရာတိုင်းမှာ ကျုပ်ထင်ဟပ်ခဲ့တဲ့ အရိပ်တွေ ရှိတယ်ဗျာ။
ကဲ ဖွင့်လှစ်တယ်ဗျာ
ကျုပ်ဟာ လူကောင်းပဲ။
ဒီလိုဆိုတော့လည်း
ကျုပ်ဟာ လူကောင်းမဟုတ်တော့ပြန်ဘူးတဲ့။

ပြောပါတယ်ဗျာ
ကျုပ်ဟာ ဘယ်ခါမှ လူကောင်းမဟုတ်ပါဘူး။
ကျုပ်ဟာ ဘာတစ်ခုမှ မကောင်းသေးပါဘူး။
ကျုပ်သိသလောက်တော့
ကျုပ်ဟာ ဘယ်နေရာမှာမှ မကောင်းသေးပါဘူး။။



နှင်းနုလွင်
30၊ 12၊ 2010

 

“သတိရနေတယ်” December 27, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 4:06 AM

ကောင်လေးရဲ့ သစ်ပင်ဆိုပေမယ့်
ရေသောက်မြစ်လေးက ပါးပါးလျလျလေးရှိသေးတာဆိုတော့
ငါတို့နီးစပ်ရေးက နဖူးပေါ်လက်တင်တွေးတာထက်
မသိမသာလေး ပိုနက်နေသေးတာ။
ဆယ်ကျော်သက်လို စိတ်ကူးယဉ်ကြည့်ရင်တော့
နင်ကကောင်းကင်ဆို ငါက ကြယ်စင်ပေါ့။
လင်းသည်ဖြစ်စေ မှောင်သည်ဖြစ်စေ
ငါတို့တည်မယ့် သစ္စာဟာ
ငါတို့လက်ဖ၀ါးရဲ့နွေးထွေးမှု အတိုင်းတည်စေရမယ်။
ငါတို့်မီးအိမ်လေးကို
ငါတို့ အကြင်နာတွေနဲ့ ဂရုတစိုက်နဲ့ လင်းထိန်ပေးမယ်။
ဟောဒီလောကအလယ်
မမှိန်တဲ့ အလင်းနဲ့ မကြွေနိုင်တဲ့ကြယ်ဟာ
ငါတို့ အနာဂတ်လေးဖြစ်စေရမယ်။
နင်ဖွင့်ဟရာနှုတ်တရာကို
ငါတယုတယနဲ့ စာပန်းကုံးသီမယ်
နင်ပန်ဆင်ပေးမယ့် မေတ္တာပန်းတွေတော့
ငါ့ကေသာထက်မှာ
မနွမ်းမခြောက်တည်ပါစေ။
ငါ့ဘ၀ရဲ့ တောင်းဆုဆိုတာလည်း
နင်ဂရုတစ်စိုက်စီမယ့်
ဒိုင်ယာရီရဲ့အသံအနေအထားအတိုင်း
မတိမ်းမစောင်းတည်စေချင်တာ
ကောင်လေးရေ
ဖောက်လွဲဖောက်ပြန်ရာသီကြား
ရင်ထဲက ပန်းရောင်လေး
တရံတခါတောငှ် မဆွေးမြေ့စေနဲ့။
သတိတရနဲ့ ခေါ်သံကြားတဲ့အခါ
သတိတရနဲ့သာ အကြောင်းပြန်ပါ
အခုရပ်နေတဲ့ လမ်းဆုံ၊ လမ်းခွဲက
အတွေ့ဆိုတာထက်
အတွေးတွေသာ နီးစပ်ခွင့်ရှိတဲ့ ကာလ
ကောင်ကလေးရယ်
ငါတို့လိပ်ပြာတွေ ခွဲထားရတာ
ခဏတဖြုတ်ပါကွယ်။။။။

~


နှင်းနုလွင်
26၊ 12၊ 2010