သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

“ဖေဖေပြုံးနေသည်” February 5, 2011

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 3:00 AM

“မနက်ဖြန်ခါ သားတို့၊ သမီးတို့ ဆုပေးပွဲမှာ ထူးထူးခြားခြားဖြစ်သွားဖို့ ဆရာကြီးက အစီအစဉ်သစ်တခု ထည့်ထားတယ်။ သိချင်ကြလား´´

“သိချင်ပါတယ် ဆရာကြီး”

ကျွန်တော်တို့ အားလုံးသံပြိုင်ပြောလိုက်သောအသံသည် စောစောက ကျောင်းသီချင်းဆိုစဉ်က အသံထက်တောင် ပို၍ မြိုင်သေးသည်ဟု ကျွန်တော်ထင်မိသည်။ ကျွန်တော်တို့ အလက ၂ တွင် မနက်ပိုင်း ကျောင်းစာသင်ချိန်မစခင် ကျောင်းရှေ့အလံတိုင်တွင် နိုင်ငံတော်သီချင်းသီဆို၊ ပြီးလျှင် ဆရာကြီးက ဆုံးမသြ၀ါဒစကားပြောမြဲ ဖြစ်သည်။ ယနေ့တွင် သြ၀ါဒ စကားမပြောကြားသေးဘဲ ကျွန်တော်တို့မမျှော်လင့်ထားသောအကြောင်းအရာတစ်ခုကို ကြေငြာမည်ဆိုတော့ အားလုံးက အံသြသင့်သွားကြသည်။

`မနက်ဖြန်ခါ သားတို့၊ သမီးတို့ရဲ့ ပညာရည်ချွန်ဆုပေးပွဲနဲ့ ကျောင်းသားစုံညီပွဲတော်ကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင် ဆရာကြီးက ကျပန်းစကားပြောပြိုင်ပွဲလေးတစ်ခု ထည့်ပေးချင်တယ်။ ကျောင်းသားတိုင်းပါဝင်ခွင့်ရတယ်။ ဆုတက်ရောက်ယူမယ့်ကျောင်းသား၊ ကျောင်းသူတွေ ကတော့ မဖြစ်မနေပါဝင်စေချင်တယ်။ ဆရာကြီးက ဒီအစီအစဉ်ကို စဉ်းစားထားတာ ကြာပြီ။ ကလေးတို့ကို ဒီနေ့မှ အသိပေးရတာကတော့ သားတို့သမီးတို့ရဲ့ မနက်ဖြန်ခါမှာ စွမ်းရည်ကို ဘယ်လိုအသုံးပြုမလဲဆိုတာကို သိချင်လို့ပဲ။ ကလေးတို့ ကြိုက်နှစ်သက်တဲ့ ခေါင်းစဉ်ကို ပြိုင်လို့်ရတယ်။

ကိုယ့်ရည်မှန်းချက်တွေ၊ ၀ါသနာတွေ၊ ကိုယ့်အတွေ့အကြုံတွေ၊ ကိုယ့်ကျောင်းအကြောင်း စသည်ပေါ့လေ။ တစ်ခုရှိတာက မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့အကြောင်းအရာမျိုး၊ တစ်ယောက်ယောက်ကို ထိခိုက်မယ့် ခေါင်းစဉ်မျိုးကို ရှောင်ပြီးတော့ စဉ်းစားရမယ်နော်။ တစ်ယောက်ကို အချိန်ကတော့ ၁၀ မိနစ်လောက်ရမယ်။ ဒီည စဉ်းစားလာခဲ့ကျကွယ်။ အခု စာသင်ခန်းထဲကိုရောက်ရင် ကိုယ့်အတန်းပိုင် ဆရာတွေ၊ ဆရာမတွေကို စာရင်းပေးလို့ရတယ်။ ကလေးတို့ကရော စိတ်ဝင်စားကြလား´´

“စိတ်ဝင်စားပါတယ် ဆရာကြီး´´

“ဟုတ်ပါပြီ…အားလုံး သွားနိုင်ကြပါပြီကွယ်။´´

ဆရာကြီးက ခွင့်ပေးလိုက်သည်နှင့်တပြိုင်နက် ကျွန်တော်တို့အားလုံး စီတန်းပြီး နှစ်ယောက် တစ်တွဲစီ လှည့်ပြန်လိုက်ကြသည်။  ကျောင်းစည်းကမ်းအရ အတန်းကြီးသည့် ၈တန်းသမားများ၊ သူတို့ပြီးလျှင် ကျွန်တော်တို့ ၇တန်း၊ ထို့နောက်မှ ၆တန်း၊ ၅ တန်းတို့က စနစ်တကျအလှည့်နှင့်ပြန်ရသည်။ တစ်ဦးကိုတစ်ဦးစနောက်ခြင်း၊ ကျော်တက်ခြင်း မပြုရဘဲ မိမိအတန်းထဲသို့ ရောက်အောင်ပြန်ရသည်။ ကျောင်းခန်းထဲရောက်သည့်အထိ ကျွန်တော့်စိတ်ထဲတွင် ဆရာကြီးပြောလိုက်သော အကြောင်းအရာတို့ကို ထပ်ခါတလဲလဲ ကြားယောင်နေမိသည်။ မနက်ဖြန်ခါ ဆုပေးပွဲ၊ မနက်ဖြန်ခါ ကျပန်းစကားပြောပြိုင်ပွဲဆိုသော စကားသံတို့က ပဲ့တင်ထပ်နေသည်။

“ထူးကျော်…သားမနက်ဖြန်ခါအတွက် ပြင်ဆင်လာခဲ့မယ်မလား၊ သားက စာစီစာကုံးလည်း အရေးကောင်းတယ်ဆိုတော့ အကောင်းဆုံးကြိုးစားနော်´´

“ဟုတ်ကဲ့ ဆရာမ´´

အတန်းပိုင်ဆရာမဒေါ်ရီရီက ကျပန်းစကားပြောပြိုင်ပွဲအတွက် စာရင်းကောက်ချိန်တွင် ကျွန်တော့်နာမည်ကို ပထမဦးစွာ မေးလိုက်ပြီး စာရင်းသွင်းလိုက်သည်။ ဆုရကျောင်းသား၊ ကျောင်းသူတိုင်းပါဝင်စေချင်သည်ဟု ဆရာကြီးက ပြောလိုက်သည် မဟုတ်လား။ ကျွန်တော်က မနက်ဖြန်ခါတွင် ဆုယူရမည်။ ခြောက်တန်းတွင် ပထမဆုရခဲ့သော ကျွန်တော်သည် မနက်ဖြန်ခါဆုပေးပွဲတက်ရောက်ရမည်ဖြစ်သည်။ ကျွန်တော်စာသင်နေသော်လည်း စာထဲတွင် စိတ်က သိပ်မရှိ။ မနက်ဖြန်ခါအတွက် စိတ်စောနေမိသလို အဖေများ မေ့နေမလားဟု တွေးကာ ပူပန်နေမိသည်။ အမှန်ဆိုရလျှင် ကျွန်တော်သည် မနက်ဖြန်ခါ ကျပန်းစကားပြောပွဲကို သိပ်ပြီး စိတ်ပါဝင်စားခြင်းမရှိလှ။ ဆုပေးပွဲကို မည်သို့လာရမည်ကိုသာ စိတ်စောနေမိသည်။

ကျောင်းကနေ အိမ်ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း ကျွန်တော်ထိုအကြောင်းကိုသာ စဉ်းစားနေမိသည်။ မနက်ဖြန်ခါတွင် အကျီအသစ်လေးများ ၀တ်ရပါ့မလား ဟုတွေးပြီး ပူပန်နေမိသည်။ ညတုန်းကတော့ အဖေ့ကို ထပ်ပြောရန်သတိရသော်လည်း အဖေ့မျက်နှာ သိပ်မကောင်းသောကြောင့် မပြောဖြစ်ခဲ့။ ညစာ ထမင်းစားချိန်တွင် ကျွန်တော်ထမင်းပန်းကန်ထဲသို့ ငါးကြော်၂ ကောင်ထည့်ပေးပြီး အဖေကထမင်းကိုသာ ငုံ့စားနေသည်။ ထမင်းစားပြီးချိန်တွင်လည်း သူဖွာနေကျ ဂျိုးသိန်း ဆေးပေါ့လိပ်ကြီးကို ဖွာကာ အိမ်ရှေ့ကွပ်ပျစ်တွင် သွားထိုင်နေသည်။ ကျွန်တော့်ကို စကားတစ်ခွန်းမျှမပြော။ ထို့အတွက် အဖေ နေမကောင်းများ ဖြစ်လာသလား၊ ဈေးထဲမှာများ အဆင်မပြေဖြစ် လာလားဟု တွေးကာ ကျွန်တော်ပြောချင်သော စကားများကို ထပ်မပြောဖြစ်တော့။

မနက်က ကျွန်တော်အိပ်ရာနိုးတော့ အဖေမရှိတော့။ ကျွန်တော့်အတွက် ထမင်းကြမ်းကို ကြော်ပေးပြီး ၀ါးအုပ်ဆောင်းလေးနှင့် ဖုံးထားခဲ့သည်။ အဖေက သူကုန်ထမ်းမည့်ဈေးသို့  မိုးမလင်းခင်သွားတတ်သည်။ ကျွန်တော်တို့နေထိုင်ရာအိမ်နှင့် ဈေးသည် ၁၅ မိနစ်ခန့်လမ်းလျှောက် ရသေးသည်။ မနက်ဝေလီဝေလင်းတွင် ကုန်ကားများကနေ အသီး၊ အရွက်၊ ပန်းတို့ကို ဆိုင်တွေဆီကို ချပေးရသည်။ ဈေးချိန်တွင်လည်း ဆိုက်ကားဂိတ်၊ ကားဂိတ်များသို့ ထမ်းပိုးပို့ရသောကြောင့် အဖေက အိမ်မှ စောစောထသွားတတ်သည်။ နေ့လည်ခင်း ကျွန်တော်ကျောင်းသွား ချိန်မျိုးတွင် အဖေက ပြန်လာပြီး ချက်ပြုတ်ထားကာ ညနေဈေးအချိန်မတိုင်ခင် ပြန်ပြေးရသည်။ ကျွန်တော် ကျောင်းကနေ ပြန်ရောက်ပြီး အတော်ကြာသည်အထိ အဖေက ပြန်မရောက်တတ်သေး။

အဖေက စောပြီးပြန်ရောက်နေလျှင်လည်း ကျွန်တော်နှင့် ရယ်ရယ်မောမောနေသည်ကရှားသည်။ အဖေသည် စကားများများမပြောတတ်။ ကျွန်တော့်၏ ဆုံးသွားသည်ဟု ဆိုသော အမေကိုတမ်းတနေရင်းနှင့် တခါတခါတော့ ကျွန်တော်သည် အဖေ့၏ သားအရင်းမဟုတ်ဟု သံသယ၀င်မိသည်။ အဖေသည် ကျွန်တော့ကို သူသောက်နေကျ ဆေးပေါ့လိပ်လောက်တောင် မခင်တွယ်။ ကျွန်တော့်ကို မချစ်ဟု ထင်သည်။ ကျွန်တော် ကျောင်းတက်ချိန်တွင် လိုအပ်သော အသုံးအဆောင်များ၊ မုန့်ဖိုးပိုက်ဆံများကို အလုံအလောက် ပေးတတ်သော်လည်း ကျွန်တော့်ကို အဖေသည် တခါဖူးမျှ ကျောင်းလိုက်မအပ်ဖူးပေ။ အိမ်နီးနားချင်း ဆရာမ ဒေါ်တင်တင်အောင်ကနေတဆင့်သာ ကျောင်းအပ်ဖို့ အကူအညီတောင်းတတ်သည်။ ကျွန်တော်ကို ဆူပူကြိမ်းမောင်းလေ့ သိပ်မရှိဆိုသော်လည်း ကျွန်တော်ဆော့ နေချိန်မျိုးတွင် အဖေနှင့် တိုးလျှင် အဖေ့မျက်နှာက ပို၍ခက်ထန်သွားတတ်သည်။

“သွား…စာသွားကျက်။ မင်း…လူမိုက်ဖြစ်ချင်သလား´´

“ကျောင်းထွက်ပြီးတော့ ကစားချင်သလား´´

“ငါလုပ်လိုက်ရ နာတော့မယ်၊ ကျောင်းသားက ဘာလုပ်ရမယ်ဆိုတာ မသိဘူးလား´´

အဖေက ထိုသို့မာမာထန်ထန်ပြောကာ မျက်ထောင့်နီနှင့် စိုက်ကြည့်သည်ကို ကျွန်တော်ကြောက်သည်။ ကျွန်တော်တင်ပါးကို အဖေ့လက်ဖ၀ါး ကြမ်းကြမ်းကြီးနှင့် ရိုက်သည်ကို ကျွန်တော်ကြောက်သည်။ ထို့အတွက် အဖေ့ကို ကျွန်တော်မချစ်။ အဖေ့နှိပ်စက်ခြင်းကို ခံရဖို့ လူဖြစ်လာသူဟု ကိုယ့်ကိုယ်ကို ထင်နေမိသည်။ ကြာတော့ ကျွန်တော်တို့သားအဖသည် တစ်အိမ်တည်းနေရင်းနှင့် အတော်ဝေးဝေးကိုရောက်နေခဲ့သည်။

မနက်ဖြန်ခါကျောင်းတွင် ဆုယူရမည့်အကြောင်းကိုလည်း အဖေ့ကို လွန်ခဲ့သော တစ်လလောက်တည်းက ကြိုပြောထားဖူးသည်။ အရင်နှစ်တွေက ဆုပေးပွဲမတိုင်ခင် ၄ ရက်လောက် အလိုတည်းက ကျွန်တော့်ကို အ၀တ်အစားအသစ် ၀ယ်ပေးပြီးဖြစ်သည်။ ဒီနှစ်တွင်တော့ ယခုထက်ထိ မရသေး။“သူသတိရလို့ ၀ယ်ပေးတော့လည်း အကျီအသစ်ရတယ်။ မေ့ပြီးတော့ မ၀ယ်ပေးတော့လည်း ရှိတာနဲ့ပဲ သွားတာပေါ့´´ ဟု စိတ်ကို ဖေါ့ပြီးတွေးထားသော်လည်း ကျွန်တော် လိုချင်နေမိသည်က အမှန်ဖြစ်သည်။

အိမ်သို့ပြန်ရောက်တော့ လွယ်အိတ်ကို တိုင်က သံချိတ်တွင်ချိတ်လိုက်ပြီး ကျွန်တော့် အ၀တ်အစားများထည့်ထားသည့် ထင်းရှုးပုံး အဟောင်းလေးနားကို သွားကြည့်လိုက်သည်။ ကျွန်တော် ကျောင်းကပြန်မရောက်ခင် အဖေများ ၀ယ်ထားလေမလားဟု တွေးကြည့်မိသည်။ သို့သော ပတ္တာပြုတ်နေသော ကျွန်တော့ ထင်းရှုးပုံးလေးသည် မနက်တုန်းက အတိုင်းပင်။ “မွေးတုန်းကတော့ မွေးထားပြီး ဒါလောက်လေးတောင် လုပ်မပေးချင်ဘူး။ ဘယ်လို အဖေလဲမသိဘူး´´ အကျီအဖြူလေးကို စွပ်ကျယ်အကျီလေးနှင့် လဲဝတ်နေရင်း အဖေ့ကို ကျွန်တော် အပြစ်တင်လိုက်မိသည်။ တန်းပေါ်တွင် မနက်က ချွတ်ထားခဲ့သာ ဘောင်းဘီတိုလေးကိုလဲဝတ်ကာ အိမ်နောက်ဘက် ရေကပျဉ်တွင် ထွက်ထိုင်နေလိုက်မိသည်။ သုံးရေအိုးထဲကို ကြည့်လိုက်တော့ ရေကမရှိ။ အိမ်ကနေ ထိုင်စောင့်နေမည့်အစား ရေခပ်ထားနှင့်မည်ဟု စိတ်ကူးကာ ရေထမ်းပုံးလေး ၂ ပုံးကို ထမ်းပိုးတွင် လျှိုကာ လမ်းထိပ်က ရေတုံကင်တွင် ရေသယ်သွားရန်တာစူလိုက်မိသည်။

ထိုရေတုံကင်သည် ကျွန်တော်တို့ ရပ်ကွက်ရှိ တစ်ခုတည်းသော ရေတွင်းဖြစ်သည်။ ထိုရေတွင်းကို တူးထားသည်မှာ သိပ်မကြာသေး။ ကျွန်တော်တို့လမ်းထဲရှိ ရေတွင်းတူသည့် ဦးကြီး ကျော်ဦးတို့အော်ကြောလန်သော ရေတွင်းဖြစ်သည်။ ကျွန်တော်တို့လမ်း၏အနောက်ဘက် ၃ လမ်းထဲတွင် ရေတွင်းတူးစဉ်က ပေ ၂၀ ကျော်လေးနှင့် ရေကျောကိုမိသော်လည်း ကျွန်တော်တို့ လမ်းတွင်တော့ ပေ ၆၀ ကျော်သည် အထိရေကြည်မလိုက်သေး။ ပေ ၈၀ ကျော်လောက်ရောက်တော့မှ ရွံ့ရေက လွတ်သည်။ သို့သော်ကျွန်တော်တို့ တွင်းမှရေသည် အသုံးပြုရတာ အတော့်ကို အဆင်ပြေသည်။ ရေသည် နံခြင်း၊ ပေါ့ရွှတ်ခြင်းမျိုးမရှိ။ သူများတွင်းရေများလို ရေကြောင့် အသုံးအဆောင်ပစ္စည်းတွေ ပြာသွားခြင်းမျိုးလည်း မရှိ။ ဒီညရေကို သယ်ပြီးအိုးထဲတွင် တိမ်ထားလျှင် နောက်နေ့မနက်တွင်သောက်ရေအဖြစ်တောင် သုံးနိုင်သေးသည်။ ထို့အတွက် ကျွန်တော်တို့အားလုံးက ထိုရေတွင်းကိုသာ အားကိုးအားထားပြုပြီး သုံးစွဲကြသည်။

ကျွန်တော် ရေတွင်းနားကို ရောက်ချိန်တွင် ကျွန်တော့သူငယ်ချင်း အေးမိုးကို ရေတုံကင်နားတွင် တွေ့သည်။ သူမက လမ်းဒီဘက်တွင် နေသောကြောင့် ကျွန်တော်နှင့် လမ်းထဲမှာ သိပ်မဆုံဖြစ်။

“အေးမိုး…နင်ရေလာခပ်တာလား´´

ကျွန်တော့်ကို ရေတုံကင်နားတွင်တွေ့လိုက်တော့ အေးမိုးက အံ့သြသင့်သွားပုံရသည်။ အေးမိုးက ဟုတ်တယ် ဟု  “နင်ကရော….ရေတွေ၊ ဘာတွေခပ်လို့ပါလား´´ ဟု တုံ့ပြန်မေးလိုက်သည်။ အင်းလေ..ကျွန်တော်က တခါမှ ရေမခပ်ဘူးပေ။ ကျွန်တော်ချိုးမည့်ရေကအစ အိမ်မှာ အဆင်သင့်မဟုတ်လား။

“အေးမိုး…နင်မနက်ဖြန်ခါအတွက် ခေါင်းစဉ် စဉ်းစားပြီးပြီလား´´

ကျွန်တော်မေးတော့ အေးမိုးက ခေါင်းခါပြသည်။ ဒီတစ်ခါတော့ နင်ရောဟု မမေးတော့ဘဲ

“ဦးလေးပြန်မရောက်သေးဘူးလား။´´ဟု မေးရင်း “ဦးလေးက နင့်ကို တော်တော်ချစ်တယ်နော်´´ ဟုပြောလိုက်သည်။

“နင်မသိလို့ပါ အေးမိုးရာ။ အဖေက ငါ့ကို ချစ်တာမဟုတ်ဘူး။ ငါ့ကိုဆို စကားကောင်းကောင်းပြောတာမဟုတ်ဘူး။ ပြီးတော့ အဖေက မနက်မိုးလင်ရင် အလုပ်သွား၊ ညနေ ပြန်လာတော့ ငါ့ကို စာကျက်ခိုင်း။ သူဖြစ်ချင်တာသာ မဖြစ်ဖြစ်အောင် ခိုင်းနေတာ´´

“နင်အထင်မှားနေတာဖြစ်မယ် ထူးကျော်။ ဦးလေးက နင့်ကို ကောင်းစားစေချင်တာပါ။ ငါလူတတ်ကြီး လုပ်ပြောတာတော့ မဟုတ်ဘူးနော်။ ငါထင်သလောက်လေး ပြောကြည့်မယ်။ ဦးလေးက ဒီရေတွင်းတူးတဲ့သူတွေလိုပဲဖြစ်ရမယ်။ ရေကြည်သောက်ရအောင် အပင်ပန်းခံပြီး တွင်းကို နက်နက်တူးနေတာ။ ရေကြောလွယ်လွယ်မိထားတာမှမဟုတ်တာ။ ချွေးသံတရွဲရွဲနဲ့ရေတွင်းတူးနေရတော့ စကားချိုချိုဘယ်ပြောဖြစ်မလဲဟာ။ နင်အထင်မမှားပါနဲ့´´

အေးမပြောသောစကားကို ဆုံးအောင် နားထောင်ပြီးတော့ ရေထမ်းပုံးကို ထမ်းကာ လှည့်ထွက်လာခဲ့လိုက်သည်။ ကျွန်တော်ရေအိုးထဲသို့ ရေဖြည့်နေချိန်တွင် အဖေပြန်လာသည်ကို ရိပ်ခနဲ့တွေ့လိုက်သည်။ ရာဝင်အိုးထဲ ရေကိုသွန်ထည့်၊ ရေစိုခြေထောက်ကို လာကပ်နေသော အမှိုက်များကို ဆေးချလိုက်ပြီး နောက်ဖေးပေါက်ကာ တက်ကာ မနက်က အဖေချက်ခဲ့သော ဟင်းကို ပြန်နွေးရန်ပြင်ဆင်လိုက်မိသည်။

“ထူးကျော်…ဘာလုပ်နေလဲ။ ဒီကို ခဏလာဦး´´

အဖေ့ခေါ်သံကြားလျှင် ပြန်ထူးမနေတော့ဘဲ အိမ်ရှေ့ဘက်ကို ထွက်လာလိုက်မိသည်။ အဖေသည် အလုပ်က ပြန်လာသော အ၀တ်အစားနှင့်ပင် ရေနွေးကြမ်းထိုင်သောက်နေသေးသည်။

“မနက်ဖြန်ခါ ဆုပေးပွဲအတွက် ၀ယ်လာတာ။ ဈေးထဲက အလုပ်သမားဂိုဏ်းမှာ လူတွေကများ၊ အလုပ်အကိုင်ကရှားဆိုတော့ ဒီနှစ် ၀ယ်တာနောက်ကျသွားတယ်´´

သူ့လွယ်အိတ်အဟောင်းလေးထဲမှ အထုပ်နှစ်ထုပ်ကို ထုတ်ယူကာ ကျွန်တော့်ဘက်သို့ ကမ်းပေးလိုက်သည်။ အဖေကမ်းပေးသော စက္ကူအညိုရောင်အိတ်လေး ၂ အိတ်ကို လှမ်းယူလိုက်တော့ ကျွန်တော့်လက်တွေတုန်နေသည်။ သိချင်စိတ်နှင့် အိတ်အသေးလေးကို အရင်ဖွင့်ကြည့်လိုက်တော့ ကျွန်တော်သိပ်လိုချင်နေသည့် အုန်းနှစ်ပင် ပုဆိုးအစိမ်း အသစ်ကလေး။ နောက်အိတ်အကြီးထဲတွင်တော့ ကော်လံကတုံး ရှပ်အကျီလေးနှင့် ကျွန်တော့အရွယ်ဝတ် တိုက်ပုံအကျီအသေးလေးတစ်ထည်။ အော်…အဖေဟာ ကျွန်တော့်အတွက် တိုက်ပုံအကျီလေးက အစ စဉ်းစားပေးခဲ့သည်ပဲ။ အဖေသည် ကျွန်တော့်စိတ်ကို ဖတ်နိုင်သည်။ ကျွန်တော့်အတွက် ဘာလိုအပ်သည်ကို အဖေသိနေသည့် အကြောင်းကို တွေးမိတော့ ၀မ်းသာစိတ်ဖြင့် ကြက်သီးများပင်ထသွားသည်။

“ငါ့လို ကုန်ထမ်းသမား မဖြစ်စေနဲ့ကွာ´´ ဟု တစ်ခွန်းသာ ပြောပြီး အဖေသည် သူသောက်လက်စ ရေနွေးကြမ်းပန်းကန်ထဲသို့ ရေနွေးကို ငှဲ့ထည့်နေသည်။ အလုပ်ကြမ်း၊ ဘ၀ကြမ်းသမား အဖေသည် ထိုစကားတစ်ခွန်းနှင့်ပင် ကျွန်တော့်ကို မည်မျှလောက်ချစ်ကြောင်း၊ မည်မျှ အထင်ကြီးကြောင်း။ မည်မျှ မျှော်လင့်ထားကြောင်းကို ကျွန်တော်သိသွားသည်။ အဖေသည် သူ့မေတ္တာကို နှုတ်ဖျားနှင့် မဆိုခဲ့။ နူးညံ့ညင်သာစွာ မဖော်ပြခဲ့။ သို့သော် အေးမိုးစကားအတိုင်းပြောရမည်ဆိုလျှင်တော့ အဖေသည် စကားများများ မပြောဘဲ အလုပ်များများလုပ်ကာ ရေတွင်းနက်နက်တူးနေခြင်းဖြစ်လိမ့်မည်။

ကျွန်တော့်ကို ရေကောင်းရေသန့်သောက်ရအောင် အဖေရေတွင်းတူးနေခဲ့သည်ကို ကျွန်တော်ခုမှ သိသည့်အတွက်ရယ်၊ အဖေ့ကို စိတ်နှင့် ပစ်မှားခဲ့မိသည့်အတွက် ကျွန်တော်နောင်တ ရလိုက်မိသည်။  အရွယ်ရောက်ခါစ ကျွန်တော့်ကို ကျောင်းနှုတ်ပြီး တခြားကလေးများလို အလုပ်လုပ်ခိုင်းခဲ့လျှင် အဖေတောင်သက်သာ ဦးမည်။ ကျွန်တော်သည်လည်း လမ်းမပေါ်တွင် ပျော်သည့်ကလေးတစ်ယောက်သာ ဖြစ်လာမည်။ ဆူပူပြီး ကျွန်တော့်ကို စာမကျက်ခိုင်းခဲ့လျှင် ကျွန်တော်သည် စာတော်သော ကျောင်းသားတစ်ယောက် ဖြစ်လာမည်မဟုတ်။ အဖေ့ကျွန်တော့ကို ချစ်သောနည်းလမ်းသည် အများအမြင်တွင် မှန်ကန်သော နည်းလမ်းဟုတ်ချင်မှ ဟုတ်မည်။ သို့သော် ကျွန်တော့်ကို အမြင့်သို့ရောက်စေလိုသော အဖေ့စေတနာသည် အရိုင်းပန်း ဆန်ကောင်းဆန် နေမည်ဖြစ်သော်လည်း ရနံ့ကြွယ်သည်ကို ကျွန်တော်သိသွားပြီ။ တခြားသူများ၏ အဖေတွေကဲ့သို့ပင် အဖေ ကျွန်တော့်ကိုချစ်သည်ကို ကျွန်တော်အကြွင်းမဲ့ယုံကြည်သွားသည်။

“အဖေသားကို မချစ်ဘူးလို့ ထင်နေတာ´´

ကျွန်တော်က အ၀တ်အစားအသစ်တွေကို ရင်ဘက်မှာကပ်ထားရင်းပြောတော့ အဖေက “ငါ့သားအိပ်မှပဲ အဖေနမ်းရတာ။ ဒီနားကို လာပါဦးကွာ´´ ဆိုပြီး ကျွန်တော့်ကို သူ့ပေါင်ပေါ်သို့တင်လိုက်သည်။ ထိုအခိုက်အတန့်လေးတွင် ကျွန်တော်သည် မိမိကိုယ်ကို လသားအရွယ် ကလေးလေး တစ်ယောက် ဖြစ်သွားသည်ဟု ခံစားမိသွားသည်။ မာကြောတောင့်တင်းနေသော အဖေ့ပုံခုံးပေါ်ကနေ လမ်းဘက်ကိုကျော်ကြည့်တော့ အိမ်ကလေးတွေ သေးသွားပြီး အဖေ့ကိုယ်လုံးက ကြီးနေသည်။ အဖေ့ချွေးနံ့ကို ရှုရှိုက်ကာ ကျွန်တော် မျက်စိလေးကို မှိတ်ပြီး အသာလေး ငြိမ်နေလိုက်သည်။ အဖေ့ပေါင်ပေါ်တွင် ထိုင်နေသော်လည်း ကျွန်တော်ကိုယ့်ကျွန်တော် ကျောင်းစတိတ်စင်ပေါ်တွင် ကျပန်းစကားပြောနေသည်ဟု ထင်လာသည်။ ကျွန်တော်ပြောနေသောခေါင်းစဉ်သည် `ဖေဖေပြုံးနေသည်´´ဖြစ်ပြီး စတိတ်စင်အောက်က အားပေးနေသည့် ဖေဖေကလည်း မိန်မိန့်ကြီးပြုံးလျက်။

နှင်းနုလွင်
04.02.2011

Advertisements
 

“လရောင်ဆမ်းသည့် မြင်းမိုရ်တောင်´´ February 1, 2011

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 10:06 AM



“အေးမရေ….နောက်ကျနေပြီလား´´

“ဟုတ်ကဲ့…ဒေါ်ကြီးစာ….အခုမှ မီးမွှေးရမှာ…´´

“အေးအေးဆေးဆေးပေါ့အေ…တနေ့တည်း အလုပ်မှမဟုတ်တာ…အပြန်ကျရင် ၀င်ခဲ့လိုက်မယ်အေးမရေ´´

 

“ဟုတ်ကဲ့´´ ဟု ပဲပြုတ်သည် ဒေါ်ကြီးစာကိုပြန်နှုတ်ဆက်လိုက်ပြီး  မီးဖိုထဲကနေ ပြာအဟောင်းများကို ဖယ်ထုတ်လိုက်သည်။ ပြာတွေ ကုန်သွားတော့ ထင်းမာမာ ၃ ချောင်းလောက်ကို တေ့ဆိုင်လိုက်ပြီး လွှစာမုန့်များကို အပေါ်ကနေ တင်လိုက်သည်။ ပြီးမှ ၀ါးခြမ်းပြားအခြောက်လေးများကိုထပ်တင်ပြီး မီးညှိပေးလိုက်သည်။ လွှစာမုန့်တွေကို တဖျစ်ဖျစ်နှင့် မီးစွဲလောင်သွားတော့ ထင်းသားအမာတွေကို ထပ်ထည့်လိုက်သည်။ မီးအရှိန်ရလာတော့မှ အကြော်ဆီထည့်ထားပြီးသား ဒယ်ပိုင်းကို တင်လိုက်သည်။

 

ဆီဆူအောင် စောင့်နေချိန်တွင် ဇလုံထဲထည့်ထားသည့် မုန့်နှစ်များကို ရေနှင့် ပြန်ဖောက်လိုက်သည်။ ယိုးဒယားမယ် ဆော်ဒါမုန့်ကိုလည်း ခပ်နည်းနည်းထည့်ပြီး သမအောင် မွှေလိုက်သည်။ ဆော်ဒါမုန့်များသွားလျှင် အကြော်က ကြွပ်ရွနေသော်လည်း စားမကောင်း ဖြစ်တတ်သောကြောင့် အေးမက ခပ်နည်းနည်းသာ ထည့်တတ်သည်။ ပြီးလျှင် ပဲကြော် ကြော်ရန် စိမ်ထားသော ပဲခြမ်းများကို ရေစစ်လိုက်ကာ မုန့်နှစ်နှင့် စပ်ပြီး ကော်ဇလုံတစ်ခုထဲသို့ ထည့်လိုက်သည်။ မနက်ပိုင်းတွင် တခြားအကြော်များ ထက် ဘူးသီးကြော်နှင့် ပဲကြော်က ပိုပြီးရောင်းရသည်။ ဈေးထဲတွင် မုန့်ဟင်းခါး၊ အသုပ် ရောင်းသူတချို့က အေးမ ဆိုင်ကနေ အကြော်ဖောက်သည်ယူတတ်သည်။ အေးမနောက်ကျလျှင် သူတို့လည်း ကရိကထ များရသည်။ ထို့အတွက် သူတို့ဈေးထွက်ချိန် မှီိအောင် ခပ်စောစောလေးကြော်ပေးရသည်။

 

ပုံမှန်ဆိုလျှင် မနက် ၄ နာရီခွဲလောက်တွင် အေးမနိုးနေပြီး အကြော်ကြော်ရန် ပြင်ဆင်လေ့ရှိသည်။ မနေ့ညကတော့ တော်တော်နှင့် အိပ်မပျော်။ ဟိုဟိုသည်သည် တွေး၇င်းနှင့် ညဥ့်နက်သွားသည်။ မီးကင်တဲက သံချောင်းခေါက်သံ ၂ ချက်ကြားသည်အထိ အိပ်၍ မရသေး။ အင်းလေ.. အိပ်မပျော်ဖြစ်ရသည့် အကြောင်းရင်းက ရှိလာခဲ့ပြီမဟုတ်လား။ မနေ့ညနေက ဒေါ်ကြီးစာပြောသော  အကြောင်းများကို ပြန်စဉ်းစားရင်းနှင့် ဖြစ်ပါ့မလား..ဖြစ်ပါ့မလားဆိုသော စိုးရိမ်စိတ်ဝင်လာမိသည်ကလည်း အကြိမ်ကြိမ်။ မကြောက်ပါနှင့်ဟု ကိုယ့်ကိုယ်ကို အားတင်းထားသည်။ သက်ပြင်းချလိုက်ရင်းနှင့်  ဆီပူအိုးထဲသို့ မုန့်နှစ်ကို ဇွန်းခွက်နဲ့ခပ်ပြီး ခပ်ဖြည်းဖြည်းထည့်လိုက်သည်။ ဆောင်းဦးနံနက်ခင်းတွင် မြောက်လေက ဟိုဟိုဒီဒီတိုက်ခတ်နေသော်လည်း အေးမအတွက်တော့ ချမ်းရမည်မှန်းမသိ။ မနက်ဝေလီဝေလင်းတည်းက မီးဖိုနားကပ် နေရသောကြောင့် ချွေးများပင်စို့နေသည်။

 

“အေးမရေ…ပဲကြော် ၂၀ ရပြီလား ဟေ့´´

“ဘူးသီးကြော် ..ရပြီလား..အေးမ´´

“အစုံသုပ်နဲ့ ဟင်းခါးပို့လိုက်ရဦးမလား အေးမ´´

“မပို့နဲ့တော့ မသန်းတင်။ အေးမ စားချင်စိတ်သိပ်မရှိလို့။ စားချင်မှပဲ လှမ်းအော်လိုက်တော့မယ်´´

 

အေးမ နေသော ဈေးအနောက်ဘက် တဲသာသာ အိမ်လေးကနေ လှမ်းအော်လိုက်လျှင် မသန်းတင်တို့ အသုပ်တန်းနေရာကနေ ကောင်းကောင်းကြားရသောကြောင့် မနက်စာကို ထိုဆိုင်များကပင် မှာပြီးစားသောက်တတ်သည်။ ယနေ့မနက်တွင်တော့ အသုပ်ကို လုံးဝမစားချင်ပေ။ တခြားမုန့်လည်း မစားချင်။ ထမင်းစားမည်ဆိုလျှင်လည်း ဟင်း အနံ့ရတည်းက အန်ချင်နေသည်။ ထို့အတွက် မနက်စာ အဆာပြေမစားတော့ဘဲ ငှက်ပျော်သီးကြော်၊ ပဲကပ်ကြော်တို့ကို ဆက်ပြီးကြော်နေလိုက်သည်။ အကြော် ကြော်နေရင်း၊ ရောင်းနေရင်းနှင့် ဒေါ်ကြီးစာ ပြန်လာမည့် အချိန်ကို စောင့်မျှော်နေမိသည်။

 

မိဘမရှိ၊ သားချင်းမရှိသည့် အေးမသည် အသက်ငယ်ငယ်နှင့်ပင် အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့သည်။ အတန်းပညာ ဆုံးခန်းထိရောက်အောင် သင်ယူတတ်မြောက်ခြင်းမရှိ၊ အလုပ်အကိုင် မည်မည်ရရလည်း မလုပ်နိုင်သော အေးမသည် ကိစ္စတစ်ခုကို သိပ်ပြီး အလေးအနက်ထား၍ မတွေးတတ်။ အိမ်ထောင်တခုကို အလွယ်တကူတည်ဆောက်ပြီး အလွယ်တကူပင် ဖြိုဖျက်ခဲ့သည်။ တပိုင်တနိုင် အကြော်လေးရောင်းရင်းနှင့် သက်မွေးဝမ်းကြောင်းပြုလာခဲ့သည်။ ယခုလို အရေးကိစ္စရှိပြီဆိုတော့ အားကိုးအားထားပြုစရာလင်ယောက်ျားမရှိတော့သည့် အေးမအတွက် အိမ်နီးချင်း ဒေါ်ကြီးစာသည်သာလျှင် မိဘ၊ မိတ်ဆွေဖြစ်လာတော့သည်။

“သေချာတာတော့ သေချာပါပဲအေးမရယ် ငါ့တူမတွေတုန်းကလည်း ငါကြည့်ပေးခဲ့ဖူးတာပဲ၊ ညည်းမှာ ကိုယ်ဝန်ရှိတာပဲ ဖြစ်ရမယ်၊ ညည်းက နဂိုတည်းက ကျန်းမာရေးကောင်းတာ မဟုတ်တော့ နည်းနည်းတော့် စိုးရိမ်ရမလားပဲဟယ်´´ ညက ဒေါ်ကြီးစာ နှင့် ထမင်းစားနေစဉ် အေးမအန်တော့ ဒေါ်ကြီးစာက ထိုသို့ပင်ပြောလိုက်သည်။ ထိုစကားကြားချိန်တွင် အေးမ တုန်လှုပ်သွားသည်။ သူမအသက်သည် ယခုမှ ၁၉ နှစ်။ ယခုအချိန်ထိ ပေါ့ပေါ့တန်တန်နေထိုင်ခဲ့သည်။ ကလေးတစ်ယောက်ကို မည်သို့ထိန်းကျောင်းရမည်ဆိုသည်ကို အေးမ မသိသေး။ “ကလေးလေးတစ်ယောက်ကို ငါလွယ်ထားတာပါလား´´ ဟု တွေးရင်း ဗိုက်ကို ခဏခဏ ငုံ့ကြည့်နေမိသည်။

နေမြင့်လို့ ဒေါ်ကြီးစာ ပဲပြုတ်ရောင်းက ပြန်လာတော့ အေးမတို့အနားရှိ ရပ်ကွက်ဆေးခန်းလေးသို့ သွားပြရန်ထွက်လာခဲ့သည်။ ရပ်ကွက်ဆေးခန်းလေးနှင့် နီးလာလေ အေးမ ရင်တွေတုန်လာလေဖြစ်သည်။ စမ်းသပ်ပေးနေသော ဆရာဝန်မ၏ မျက်နှာကို အားကိုးတကြီးမော့ကြည့်ရင်း ပြောလာမည့် စကားများကို ရင်ခုန်စွာ စောင့်စားနေမိသည်။

 

“စမ်းကြည့်ရတာတော့ ကိုယ်ဝန်က ၃ လလောက်ရှိနေပြီသမီးရဲ့။ ခက်တာက သမီးရဲ့ နှလုံးခုန်သံက ပုံမှန်မဟုတ်ဘူး။ မိဘမျိုးရိုးမှာ နှလုံးရောဂါတွေ ရှိဖူးလား´´

 

“သမီးက ငယ်ငယ်တည်းက မိဘတွေ မရှိပါဘူး ဆရာမ။ အဒေါ်တွေနဲ့ပဲ နေလာတာ။ ငယ်ငယ်တည်းကတော့ အကြမ်းသိပ်မခံနိုင်ဘူး။ တအားမောပြီး အသက်ရှုမ၀ဖြစ်တတ်တာမျိုးတော့ ခဏခဏဖြစ်တတ်တယ်´´

 

“အင်း။ သမီးမှာ နှလုံးရောဂါ အခံရှိနေတယ်ကွယ်။ သေချာအောင်တော့ အီးစီဂျီဆွဲကြည့်ရမှာပဲ။ နှလုံးရောဂါသည် တစ်ယောက် ကိုယ်ဝန်ဆောင်ရတာ အရမ်းအန္တရာယ်များလိမ့်မယ်ကွယ်။ အမေရော၊ ကလေးအတွက် စိတ်ချရဖို့က ကျန်းမာရေး စောင့်ရှောက်မှု အတော့်ကို လိုတယ်။ အမျိုးသားကရော ခရီးတွေ၊ ဘာတွေများ သွားနေလားကွယ်´´

 

အမျိုးသမီး ၂ ယောက်သာ လာသည့်အတွက် ဆရာမမေးလိုက်တော့ အေးမ ခေါင်းခါပြလိုက်သည်။

 

“သူ့အမျိုးသားနဲ့က ရှေ့လကမှ ကွဲသွားတာ ဆရာမ။ ညွှန့်မောင်က ဆန်စက်ထဲမှာ စပါးသယ်တယ်ဆရာမ။ အဲဒီမှာ သူတို့အလုပ်သမားထဲက မိန်းမတစ်ယောက်နဲ့ ဘာလိုလို သတင်းထွက်လာတော့ လင်မယားတွေ ရန်ဖြစ်ပြီး ကွာလိုက်ကြတာ။ အခု ဟိုအကောင်ကလည်း ပင်လယ်ကို ငါးဖမ်းထွက်မယ့် သင်္ဘောနဲ့ပါသွားတယ်။….´´

 

ဒေါ်ကြီးစာက အေးမကိုယ်စား ပြန်ဖြေတော့ ဆရာမမျက်နှာတွင် စိတ်မကောင်းသည့် အရိပ်အရောင်တွေ များစွာ ဖြတ်ပြေးသွားသည်။ သက်ပြင်းချသံကိုလည်း ကြားလိုက်သည်။

 

“အင်းလေ။ ဘယ်တတ်နိုင်မလဲ သမီးရယ်။ အားတင်းထားပေါ့ကွယ်။ သမီး ဆေးရုံကို တစ်ပတ် တစ်ခါ သွားရမယ်နော်။ ဆေးရုံးကျတော့ သမီးလေးအတွက် ပိုပြီးစိတ်ချရတယ်။ ဆရာမတွေလည်း ရှိနေမယ်။ ဒါဟာ သမီးအတွက်ရယ်၊ သမီးရင်သွေးလေး အတွက်ရယ်၊ သမီးမဖြစ်မနေလုပ်ရမယ့်အရာပဲ။ ကိုယ်ဝန်ဆောင်အတွက် အားဆေးတွေကို ဆရာမပေးမယ်။ သမီးကတော့ ဆရာမပြောသမျှကို နားထောင်ရမယ်။ ဟုတ်လား´´

 

အေးမ ခေါင်းကို သွက်သွက်ငြိမ့်လိုက်ရင်း ဆရာမပေးသည့် ဆေးများကို ယူကာ အိမ်ပြန်လာသည်။ လမ်းတွင်တော့ အေးမရော ဒေါ်ကြီးစာရော အတွေးကိုယ်စီနှင့် နှုတ်ဆိတ်လျက်။ အေးမသည် မမြင်ရသေးသော၊ ယောက်ျားလေး၊ မိန်းကလေးမှန်း မသိရသေးသည့် ရင်သွေးငယ်ကို စကားပေါင်းများစွာပြောဆိုနေမိသည်။ “ကလေးရယ်… မင်းရောက်နေမှန်းသာသိရင် မင်းရဲ့အဖေကို မေမေမကွာခဲ့ပါဘူး။ မေမေ့ကလေးကို အဖမဲ့တဲ့ကလေး ဘယ်အဖြစ်ခံပါ့မလဲကွယ်..အခုတော့..အားမငယ်ပါနဲ့ ကလေးရယ်။ မင်းမှာ အဖေမရှိပေမယ့် မေမေတော့ရှိပါတယ်ကွယ်။ ကလေးအတွက် မေမေဟာ ကျန်းကျန်းမာမာရှိနေရမယ်။ ကလေးဟာ မေမေရဲ့ တစ်ဦးတည်းသော ဆွေမျိုးပါကွယ်၊ ကလေးအတွက် မေမေ သတ္တိရှိရမယ်။ အကြော်သည်မရဲ့ကလေး၊ ရောဂါသည်မရဲ့ကလေးပေမယ့် မင်းကို မေမေ အတတ်နိုင်ဆုံးဂရုစိုက်ပါ့မယ်ကွယ်။ မင်းအတွက် အဖေမရှိတော့ပေမယ့် မြင်းမိုရ်တောင် ပြိုတာ မဟုတ်ပါဘူး။ ကလေးကို မေမေ လူ့လောကထဲကို ကျန်းကျန်းမာမာနဲ့ ခေါ်ဆောင်လာခဲ့မယ်ကွယ်။

 

ထိုနေ့မှစ၍ အေးမသည် လက်လွတ်စပါယ်နေတတ်၊ စားတတ်သော မိန်းမလေးမျိုးမဟုတ်တော့ပေ။ စားနေကျ လက်သုပ်စုံကို ဖြတ်လိုက်သည်။ ကြုံရာဆိုင်တွင် စားတတ်သော အကျင့်ကို ပြင်လိုက်သည်။ အပူအစပ်စားရင် ကလေးဆံပင်မပေါက်ဘူးလို့ ဆိုကျတော့ အေးမ အဖြူထည်သက်သက်ချက်သော ဟင်းတို့ကိုသာ စားတော့သည်။ အရင်လို ဈေးရောင်းရင်းနှင့် အစပ်ထုပ်၊ အချဉ်ထုပ်စားသည့်  အကျင့်ကို မနည်းပျောက်အောင်ကြိုးစားရသည်။ ကိုယ်ဝန်လရင့်လာတော့ အေးမ အကြော်မကြော်တော့။ ဆရာမကြီး ချိန်းသည့်နေ့တိုင်း ဒေါ်ကြီးစာကို အဖော်ခေါ်ပြီး ဆေးရုံကို မှန်မှန်သွားတတ်သည်။ နောက်တော့ ဒေါ်ကြီးစာက သူ့အိမ်လေးကို တူ၊  တူမတွေနှင့် ထားပြီးအေးမနှင့် လာနေသည်။ အေးမတွင် အမေသာရှိလျှင်..ဆိုသော အတွေးကို တွေးမိတော့ မျက်ရည်လည်လာသည်။

 

“ငါသာ ကျန်းမာရေးကို ဂရုမစိုက်လျှင် ငါ့ကလေးလည်း မိဘမဲ့ကလေးဖြစ်တော့မှာပဲ။ ကလေးရယ်..မေမေတို့ကို ကံတရားက မျက်နှာသာပေးရင် သိပ်ကောင်းမှာပဲကွယ်´´။ ကလေး၏ အဖေသည် အေးမကို ရက်ရက်စက်စက် ပြုလုပ်ခဲ့သမျှကို အေးမကကြိုးစားပြီး မေ့ဖျောက်ထားလိုက်သည်။ အရင်လို ကျိန်ဆဲပြီး ဒေါသထွက်နေသည်ထက် “ငါ့အတွက် အဖော်တစ်ယောက်ထားပေးခဲ့တာကိုပဲ ကျေးဇူးတင်ပါတယ်´´လို့ ဖြေတွေးတတ်လာသည်။ တနည်းအားဖြင့်တော့ အေးမ၏စိတ်ကို သူမ၏၀မ်းဗိုက်ထဲက ကလေးက နူးညံ့ပျော့ပျောင်းသွားစေသည်။ သို့သော် မိမိ၏ ရင်သွေးလေးသည် သမီးမိန်းကလေးသာဖြစ်နေရင် အေးမကဲ့သို့ မကြုံတွေ့ရအောင်တော့ သွန်သင်ဆုံးမပြရဦးမည်။ ယောက်ျားလေးသာ ဖြစ်နေလျှင်လည်း အိမ်ထောင်တစ်ခုကို အလွယ်တကူ မထူထောင်ဖို့၊ ကိုယ့်ဇနီးမယားအပေါ်မှာ သစ္စာရှိဖို့ ဆုံးမရမည် ဟု အေးမက ကြိုတွေးထားမိသည်။

 

မိမိရင်သွေးလေးသည် ကိုယ်လက်အင်္ဂါ အပြည့်အစုံနှင့် လူ့လောကထဲသို့ ရောက်လာပါ့မလား၊ နှုတ်ခမ်းလေးတွေများ ကွဲနေမလား၊ ရုပ်ရှင်ကားတွေ၊ အေးမကြည့်ဖူးသည့် မဂ္ဂဇင်းထဲကလို ပုံပန်းပျက်နေသည့် ကလေးလေးများ မွေးလာမလား ဆိုပြီး အတွေးပေါင်းများစွာနှင့် အိပ်ရေးပျက်ခဲ့ရသော ညပေါင်းများစွာရှိခဲ့ဘူးသည်။ မိမိဝမ်းဗိုက်ထဲက ကလေးအတွက် ကံတရားရယ် မျက်နှာသာပေးပါ လို့ အကြိမ်ကြိမ်ဆုတောင်းဖူးသည်။ လမ်းထဲတွင် ဆူညံနေအောင် ဆော့နေကြသော ကလေးများ၊ ဖြတ်သွားဖြတ်လာ ကလေးများကို ကြည့်ရင်းနှင့် သူတို့လေးတွေလို သူမကလေးကို ရှင်သန်စေလိုသော ဆန္ဒဖြင့် ဘုရားတွင် ဆုတောင်းရသည်မှာလည်း အမော။ သည်လိုနှင့် အေးမတစ်ယောက် ကလေးကို ခွဲမွေးဖို့ အချိန်ရောက်ခဲ့သည်။

 

အေးမ သတိရလာတော့ ဒေါ်ကြီးစာက အနှီးနှင့် ထုပ်ထားသည့် ကလေးနီရဲလေးကို ပွေ့ပိုက်ထားသည်။ “သမီးလေး မွေးတာ အေးမ´´ ဟု ဒေါ်ကြီးစာကပြောတော့ “ကိုယ်လက် အင်္ဂါစုံရဲ့လား´´ ဟု အေးမက အလောတကြီးမေးမိသည်။ ဒေါ်ကြီးစာက ချက်ခြင်း ပြန်မဖြေဘဲ အနှီးကို ဖွင့်နေတော့ အေးမ ရင်ထဲတွင် ဗလောင်ဆူနေသည်။ ကလေးနီတာရဲလေးကို ကြည့်ရင်း နှုတ်ခမ်း၊ ခြေကလေးတွေ၊ လက်ချောင်းကလေးတွေ၊ အိုး…အားလုံးပြည့်ပြည့်စုံစုံပါပဲ။ အေးမကို ကြည့်ရင်းနှင့် ဒေါ်ကြီးစာကလည်း ပြုံးလို့။

 

“ကဲ…ကလေးအမေ….အားလုံးအဆင်ပြေတယ်နော်…ဘယ်လိုနေသေးလဲ…အသက်ရှုလို့ရလား၊ ရင်တွေဘာတွေ တုန်နေလား.. အခု သမီးလေးကို ဆရာမကြီးက ကြည့်မလို့တဲ့…ဆရာမကြီးကတောင် ပြောနေသေးတယ်။ ဒီသားအမိက ကုသိုလ်ကံကောင်းတယ်။ အားလုံးကျန်းကျန်းမာမာပဲ။ သမီးလေးက မယ်လပြည့်လေး၊ မယ်ကံကောင်းလေးလို့တောင် ဆရာမကြီးက စနေသေးတယ်… ခဏနားလိုက်ဦး …အဆင်ပြေတယ်နော်´´

 

စစ္စတာ၏အမေးကို ခပ်ဖွဖွလေးပြုံးရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်မိသည်။ ဆေးရုံပြတင်းပေါက်ကနေ ကျလာသောလရောင်အောက်တွင် အေးမသည် သမီးလေးမျက်နှာဝိုင်းဝိုင်းလေးကို ကြည့်ရင်း အမျိုးအမည်ဖော်ရခက်သော ခံစားမှုမျိုးကို ထိတွေ့နေရသည်။  “သမီးလေး´´ ဆိုသော အသိသည် အေးမ ပင်ပန်းနေသမျှကို လွင့်စင်သွားစေသည်။ “သမီးလေး´´ ဟုခပ်တိုးတိုးလေး ရေရွတ်လိုက်ရုံနှင့် အေးမ ခံစားနေရသော နာကျင်စိတ်များက သက်သာပျောက်ကင်းသွားသည်။ အေးမသည် တစ်ကောင်ကြွက်မဟုတ်တော့။ ကိုယ်ပွားသမီးလေး တစ်ယောက်ရှိနေပြီ။ သမီးလေးသည် အေးမ၏ ဘ၀ဖြစ်သည်။ သမီးလေး၏ ရှင်သန်မှုသည် အေးမ၏ အနာဂတ်မျှော်လင့်ချက် ဖြစ်သည်။ အေးမအနားတွင် သမီးလေးရှိနေသမျှ ကာလပတ်လုံး လောကဓံကိုလည်း ကြောက်ရွံမည်မဟုတ်။

 

သမီလေးလက်ကို ဆုပ်ကိုင်ရင်း အေးမ ကျောင်းလိုက်ပို့ရမည်။ သမီးလေးအတွက် အ၀တ်အစားတွေချုပ်ပေးရဦးမည်။ သနပ်ခါးတွေ ဖုံနေအောင် လိမ်းထားမည့် သမီးလေး၏ ပါးပြင်လေးသည် မွှေးမြနေလိမ့်မည်။ ကျောင်းစိမ်းလွယ်အိတ်လေး လွယ်ထားသည့် သမီးလေးက အေးမကို “မေမေ´´ ဟု လှမ်းခေါ်နေသံကို ကြားယောင်လာသည်။ သမီးလေးကို နာမည်တခုခုပေးဖို့စဉ်းစားရဦးမည်။ ဘ၀တိုက်ပွဲမှန်သမျှကို ဖြတ်ကျော်ရန်အတွက် သမီးလေးသည် ခွန်အားကိုဖြစ်စေလိမ့်မည်။ သမီးလေးကို ညှော်မမိစေရန်အတွက် အကြော်ရောင်းသည့် အလုပ်ကိုတော့ မလုပ်ရန် ဆုံးဖြတ်ထားပြီးပြီ။  လောလောဆယ်တော့ ဈေးသွားသည့်လမ်းဘေးတနေရာရာတွင် အသုပ်ဆိုင်ဖွင့်ရောင်းလျှင် အဆင်ပြေမည်။ နောက်မှ  ၀င်ငွေကောင်းကောင်းရနိုင်မည့် အလုပ်မျိုးကို ပြောင်းလုပ်မည်။

 

မျက်လုံးများကို မှိတ်ထားသော်လည်း အေးမ အိပ်ပျော်သွားသည် မဟုတ်ပေ။ အတွေးပေါင်းများစွာနှင့် သမီးလေးဘ၀ကို ပုံဖော်နေမိသည်။ ထိုအချိန်တွင် အေးမနားတွင်းသို့ ရှိုက်သံသဲ့သဲ့လေးက တိုးဝင်လာသောကြောင့် မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။ အေးမခုတင်နှင့် ၂ လုံးကျော်အကွာတွင် အရာရာ ပြည့်စုံပုံပေါ်သောအမျိုးသမီးလေး တစ်ယောက်ကို အမျိုးသားက နှစ်သိမ့်ပေးနေသည်။ “၅ လမ်းထဲကလေ..သူဌေးဦးမောင်မောင်ရဲ့သမီး။ ကလေးတအား လိုချင်နေတာ၊ ကလေးရူး ရူးနေတာ၊ သူတို့အိမ်က ခြံစောင့်မာလီက ပဲပြုတ်ဝယ်ရင်းနဲ့ အမြဲပြောပြတယ်။ အခုတော့ ကိုယ်ဝန်ပျက်ကျသွားတယ်တဲ့။ သနားပါတယ်´´

 

ဒေါ်ကြီး စာက လေသံခပ်တိုးတိုးနှင့်ပြောပြတော့ အေးမ သူတို့အတွဲကို ထပ်ပြီး ကြည့်လိုက်မိသည်။ မိန်းကလေးအနားတွင် နိုင်ငံခြားဖြစ် အစားအစာမျိုးစုံ၊ အားဆေးပုလင်းမျိုးစုံက စုပုံနေသည်။ အိမ်ဖော်ဖြစ်ဟန်တူသူ ကောင်မလေးက ထည့်ပေးသော ဆန်ပြုတ်ကို အမျိုးသားက ချော့မော့ပြီး တိုက်နေသော်လည်း အမျိုးသမီးငယ်လေးထံမှ ရှိုက်သံကသာ မှန်မှန်ထွက်နေသည်။ သူတို့ကို ကြည့်ရင်း အေးမ မျက်ရည်ကျသည်။ ထိုမျက်ရည်သည် အေးမ ယောက်ျားကို လွမ်းပြီးကျလာသော မျက်ရည်မဟုတ်ပေ။ သမီးလေးကို လူ့လောကထဲသို့ ချောမွေ့စွာခေါ်ဆောင်လာနိုင်ခြင်းကြောင့် ကျသောမျက်ရည် တနည်းအားဖြင့်တော့ ကြည်နူးဝမ်းသာကြောင့်သာ ကျလာသော မျက်ရည်သာဖြစ်သည်ကိုတော့ အေးမကောင်းကောင်း သိနေပါသည်။

 

နှင်းနုလွင်

25၊ 01၊ 2011

 

အကြွေစောတဲ့ ကြယ်ပွင့်ငယ် January 17, 2011

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 2:26 PM


“ဇွဲကပင်တောင်ကြီးတောင် အသက်ဝင်နေပြီမူဝါးရေ၊ နင်ကတော့ အားလုံးကို လျစ်လျူရှု့ပြီး ငြိမ်းအေးတဲ့နေရာမှာ ပျော်နေရောပေါ့။ ကျန်ခဲ့ရတဲ့ ငါ့မှာသာ အလွမ်းအဆွေးတွေ၊ သောကတွေ တပုံကြီးနဲ့ပေါ့”

လူတွေအားလုံးက အံ့သြကြတယ်။ အကြောင်းက အတန်းထဲမှာ အဆိုးဆုံး၊ အညံ့ဆုံး စောမူဝါ်းနဲ့ အတော်ဆုံး၊ အလိမ္မာဆုံး နန့်အိုင်ဆိန်တို့က အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်လို့ပဲတဲ့။ ဘာဖြစ်ဖြစ် ငါ အရမ်းပျော်ခဲ့တယ်မူဝါ်း။ အရမ်းပျော့ညံ့တဲ့ငါ့အတွက် နင်က Hero ပဲလေ။ ဘယ်သူက ဘာကိစ္စနဲ့ပဲစစ၊ နင်က အမြဲ ငါ့ရှေ့မှာ ရပ်တည်ခဲ့တယ်။ အဲဒီအတွက် ငါ့ အမြဲ ကျေနပ်ခဲ့ရတယ်သူငယ်ချင်း။

 

ကျောင်းတက်ရင် အမြဲအိပ်ငိုက်တတ်တဲ့ နင်က ငါ့ကို အိုင်းစတိုင်းတဲ့။ နင်က ငါ့ကို တင်စားတာလေ။ အမှန်တော့ နင်လည်း ဥာဏ်ထက်တဲ့သူပဲ။ စာသင်တဲ့အချိန်စိတ်ဝင်စားမှုမရှိလို့သာ နင်စာမရတာပေါ့။ နင်အမြဲ ပြောလေ့ရှိတယ်မဟုတ်လား။ “ငါ့ကိုယ်ငါ ဆိုးမှန်ေးတာ့တယ်သိတယ် အိုင်ဆိန်၊ ဒါပေမယ့် နင်စဉ်းစားကြည့်လေ။ ငါ့ဘ၀မှာ ဘယ်အရာမများ ပျော့ပျောင်းညင်သာတာ ရှိလို့လဲ။ အမှန်တော့ ငါလည်းမဆိုးချင်ပါဘူးကွာ”

 

ငါ နားလည်ပါတယ်ဟာ။ နင်တို့မှာ Family case ရှိတယ်။ တစ်ဦးတည်းသောသားနင့်အတွက် အဖေတစ်ကွဲ၊ အမေတစ်ကွဲနဲ့ အဒေါ်တွေနဲ့ သာ နေရတဲ့ဘ၀မှာ ဘာအလိုအပ်ဆုံးလဲဆိုတာကိုပေါ့။ ဆိုဆုံးမမယ့်သူကင်းမဲ့တဲ့ နင့်အတွက် ဆိုးသွမ်းမှုဆိုတာ မထူးဆန်းတော့ဘူးပေါ့။

“ငါအမြဲ လိုချင်ခဲ့တဲ့၊ တောင့်တခဲ့တဲ့အရာက အနွေးထွေးဆုံး၊ အလှိုက်လှဲဆုံး၊ အကြင်နာဆုံး မိဘမေတ္တာပဲ။ အဲဒါကိုရဖို့အတွက် ငါဘာမဆို စွန့်လွှတ်ရဲတယ်။ လုယူရဲတယ်”

အသက်ကလေး ၁၃ နှစ်လောက်ပဲရှိသေးတဲ့အရွယ်တည်းက အဲဒီလိုစိတ်ထားမျိုးရှိနေခဲ့တဲ့ နင့်အတွက် ငါ့ဟာ အမြဲ တိုင်ပင်ဖော်ဖြစ်ခဲ့ရတယ်။ နုနယ်သေးတဲ့နင့်ရဲ့ နှလုံးသားမှာ မိဘနှစ်ပါးရဲ့ ပဋိပက္ခတွေက ဒဏ်ရာတွေ အပြည့်ဖြစ်စေခဲ့တယ်။ အစပိုင်းမှာ ပျော့တိပျော့ညံ့နေတဲ့ နင့်အတွက် တခြားသူတွေရဲ့ သနားစရာလေးဆိုတဲ့ အကြည့်တွေက လောကကို အရွဲ့တိုက်ချင်တဲ့ ရူးမိုက်တဲ့ စိတ်ရိုင်းတွေ နင့်ဆီကို အရှိန်ပြင်းပြင်း ၀င်လာစေခဲ့တယ်ဆိုတာကို ငါနားလည်ပါတယ် သူငယ်ချင်း။

“နင့်ရဲ့ အမိုးနဲ့အပါးက အရမ်းချစ်တတ်ကြတာပဲနော်၊ ငါ့မှာသာ အဲဒီလိုမိဘမျိုးရှိနေခဲ့ရင် ဘယ်လောက်ပဲ ဆင်း၇ဲဆင်းရဲ ဘ၀ကို ငါရင်ဆိုင်ရဲတယ်။ အခုတော့ ငါ့ဘ၀က ကျောက်ဆစ်ရုပ်တွေကြားက ကလေးငယ်နဲ့တူတယ်” တဲ့။ နင်ငယ်ငယ်တည်ညးက ငါ့တို့အိမ်မှာ လာဆော့ရင်း စားလိုက်သောက်လိုက် နေတတ်တာမို့ ငါ့ရဲ့ မိဘတွေကိုလည်း နင်တွယ်တာလာတယ် မဟုတ်လား မူဝါး..်။

မေတ္တာလွှမ်းခြုံထားတဲ့ ငါတို့ရဲ့ အိမ်ကလေးဟာ နင့်အတွက် နတ်ဘုံတစ်ခုဖြစ်ခဲ့ရသလို မွေးချင်းမရှိတဲ့ ငါ့အတွက်လည်း အစ်ကိုတစ်ယောက် ရခဲ့တာပေါ့။ ငါတို့ ဆယ်တန်းတက်တဲ့နှစ်ရောက်တော့ နင်က ရည်းစားလည်း ထားတတ်လာတယ်နော်။ အဲဒီအတွက် နင့်ရဲ့ ဆင်ခြေက

“မိန်းမတိုင်းမှာ မိခင်မေတ္တာရှိတယ်ဆိုလို့ပါတဲ့” ဟုတ်တာ မဟုတ်တာ အသာထား၊ လောလောဆယ် ရန်ပွဲတွေ ကျဲသွားတဲ့အတွက်မို့ ငါတို့မိသားစုတွေ နင့်အတွက် စိတ်ချမ်းသာခဲ့သေးတယ်လေ။ အဲဒီအချိန်အထိ ငါတို့ဟာ လက်တွဲမဖြုတ်တဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ နင့်ကိုငါက စာကျက်ဖို့ကလွဲရင် ဘယ်လိုဖိအားမျိုးမှ မပေးခဲ့ဖူးဘူး။ အဲဒါကြောင့်မို့ နင်က ငါ့ကို အမောပြေလို့ အမြဲပြောခဲ့တာမဟုတ်လား။

“အိုင်ဆိန်…နင်က ငါတွေ့နေရတဲ့ မိန်းကလေးတွေနဲ့ ဘယ်နေရာမှာမှ မတူဘူး။ နင်က ဘယ်တော့မှ ငါ့ကို စည်းတွေ၊ ဘောင်တွေနဲ့နေဖို့ ပုံစံမချခဲ့ဘူး။ အရေးရှိရင်တောင်မှ ၀င်ပြီး အားပေးကူညီသေးတယ်။ မိဘမေတ္တာဆိုတာ ဒီလိုမျိုးပဲဖြစ်မှာပါနော်” လို့ ဖြူစင်စွာပြောခဲ့တဲ့ စကားတွေအတွက် ငါဂုဏ်ယူခဲ့မိတယ် မူဝါး။

ဒီလိုနဲ့ပဲ ငါတို့တွေ စာမေးပွဲကြီး ဖြေဆိုပြီးခဲ့တယ်။ အဲဒီအချိန်မှာ နင့်ဆီကို မမျှော်လင့်ထားတဲ့ အခြေအနေဆိုးကြီးတစ်ခု ရောက်လာခဲ့တယ်မဟုတ်လား။

“ပါးပါး နောက်အိမ်ထောင်ပြုတော့မယ် အိုင်ဆိန်”

ဒီအကြောင်းပြောလာတဲ့နင့်ကို အလန့်တကြားမော့ကြည့်လိုက်တော့ နင့်မျက်ဝန်းထဲမှာ ၀မ်းနည်းရိပ်၊ နာကျည်းရိပ်တွေ အပြန်အလှန်ကူးလူးနေတာကို တွေ့လိုက်ရတယ်လေ။ အဲဒီနောက်ပိုင်း နင်ဘယ်သူနဲ့မှ အဆက်အသွယ်သိပ်မလုပ်တော့ဘူး။ ငါတို့ဆီကိုလည်း အလာပါးသွားခဲ့တယ်နော်။

“စောမူဝါး ဆေးချတတ်နေပြီ” ဆိုတဲ့ သတင်းကို ကြားကြားချင်း ငါနင့်ဆီကို လာခဲ့ပါတယ် မူဝါး။ ငါလက်လျော့ပြီး ပြန်လာလို့ တစ်ပတ်လောက် ကြာတော့ နင် ငါ့ဆီကို ရောက်လာခဲ့တယ်နော်။ “ငါ မြ၀တီက ဦးလေးတွေဆီကို အလည်သွားရင်းနဲ့ အလုပ်ကူလိုက်ဦးမယ်။ အားနေတဲ့အချိန် စိတ်ပြေလက်ပျောက်ပေါ့” အထုပ်အပိုးပြင်ဆင်ပြီးမှ လာနှုတ်ဆက်တဲ့ နင့်ကို ငါ့တို့ဘာမှ မတားမြစ်ခဲ့ဘူး။ တစ်ပတ်ကို တစ်ခါလောက်တော့ အိုင်ဆိန်တို့ဆီကို ပြန်လာမှာပါ လို့ ပြောခဲ့တဲ့စကားကိုပဲ ငါတို့ကျေနပ်ခဲ့တယ်။

နင်စနေနေ့တိုင်း ငါတို့ဆီကို ပြန်လာတတ်တယ်။ ဒီလို ကူးချည်သန်းချည် လုပ်နေတဲ့နင်က တစ်နေ့မှာ ငါ့ကို စကားအထူးအဆန်းတခုပြောလာခဲ့တယ်နော်။

“အိုင်ဆိန်၊ ငါလေ ဘားအံကို ပြန်လာရင် တောင်ကြားကနေ မူဝါး…မူဝါး နဲ့ ခေါ်သံတွေ ကြားတယ်။ ငါ ကြက်သီးမွှေးညင်းတောင် ထတယ်” လို့ဆိုတော့ ငါက နင့်ကို မကြောက်ဖို့ အားပေးရင်းနဲ့ နင်နဲ့ အဖော်ရအောင်ဆိုပြီး ငါ့ရဲ့လက်ခလယ်မှာစွပ်ထားတဲ့ ဆင်မြီးလက်စွပ်လေးကို ပေးလိုက်တယ်။ နင်က ကျေးဇူးတင်တယ်လို့ပြောရင်းနဲ့ နင့်ရဲ့ ညာဘက်လက်သန်းမှာ ၀တ်ထားခဲ့တယ်နော်။ ချမ်းသာကြွယ်ဝတဲ့နင်က ငါပေးတဲ့ အဖိုးမတန်တဲ့လက်စွပ်လေးကို တယုတယနဲ့ ၀တ်ထားခဲ့တော့ ငါပျော်ခဲ့မိတယ် မူဝါး..။

 

အဲဒီအချိန်မှာ နင့်ရဲ့ မိုးမိုးက နင့်ကို အတူတူနေဖို့ ပြောလာခဲ့တယ်နော်။ ငါ မှတ်မိနေတယ် မူဝါး..။အဲဒီအကြောင်းကို လာပြောပြတဲ့နေ့က နင့်ရဲ့မျက်လုံးတွေက အရောင်တောက်ပနေပြီး သူလိုရာရတဲ့ ကလေးတစ်ယောက်လို ရွှင်ပြုံးကြည်လင်နေတာပေါ့။ နောက်ပိုင်း နင် ဆေးဖြတ်လိုက်တယ်။ အရင်လို သူများတွေနဲ့ ချိန်းပွဲတွေ မထိုးတော့ဘူးဆိုလို့ ငါအရမ်းဝမ်းသာမိတယ်။ နင့်ရဲ့ဘ၀ကလေး အဲဒီအတိုင်းရှိနေပါစေလို့ ငါဆုတောင်းမိတယ်။ တက္ကသိုလ်တွေတက်ဖို့အချိန်ရောက်လာတော့ ငါက ရန်ကုန်မှာကျောင်းတက်ဖြစ်တယ်။ နင်ကတော့ အဝေးသင်တက္ကသိုလ်တက်ပြီး  နင့်မိုးမိုးရဲ့ စီးပွားရေးတွေကို ဦးစီး လုပ်ခဲ့တယ်မဟုတ်လား။ “လိမ္မာနေပြီ” ဆိုတဲ့ သူငယ်ချင်းနင့်အတွက် ကံကြမ္မာကိုတောင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါရဲ့လေ။။

=================================

မူဝါးရေ….။

ငါပထမနှစ် စာမေးပွဲဖြေပြီးလို့ အိမ်ပြန်ရောက်ရောက်ချင်းနေ့မှာပဲ..“မူဝါး…ဆေးပြန်သုံးရင်းနဲ့ ပိုက်တန်းလန်းနဲ့ ဆုံးပြီ” ဆိုတဲ့ သတင်းက ဆီးကြိုလိုက်တယ်။ မတွေ့ရတာကြာနေတဲ့ငါ့ကို နင်ရဲ့ကြိုလိုက်ပုံလေးကလေ ငါအဲဒီအရပ်မှာတင် မူးမေ့လဲသွားလောက်အောင်ပဲ သူငယ်ချင်း။ မယုံဘူး မူဝါးရေ။ နင်ရဲ့ ပျော်ရွှင်နေတဲ့ ဘ၀လေးကို နင်ဒီလို ဖျက်ဆီးမှာ မဟုတ်ဘူးဆိုတာကို ငါသိနေတယ်။နောက်ရက်တွေကျတော့မှ ငါအကြောင်းစုံကို ပြန်သိရတော့တယ် မူဝါး။ နင့်အမေက နင့်ကို ပြန်ခေါ်ထားတာ အကြောင်းရှိတယ်။ သူလည်း နောက်အိမ်ထောင်ပြုမှာမို့ သားဖြစ်သူကို ခဏစည်းရုံးတဲ့သဘောနဲ့ ခေါ်ထားတာတဲ့။

ဒါဆို ငါအားလုံးကို နာ်းလည်လိုက်ပြီ မူဝါး။ အိမ်ထောင်သစ်နှစ်ခု တည်ထောင်သွားတဲ့ မိဘနှစ်ပါးအတွက် နင်ဟာ စိတ်ရဲ့ လွတ်မြောက်ရာ ထွက်ပေါက်ကို ရှာမိပြီပေါ့။ နင်ဆေးပြန်မသုံးခင် တခြားသူတွေကို ပြောပြသေးတယ်ဆို။ “ငါ့သူငယ်ချင်းရဲ့ လက်စွပ်ကလေးကမျ ငါ့ကို နွေးထွေးစေတယ်။ အခက်အခဲတွေ၊ အကြောက်အလန့်တွေကို ဝေးစေသေးတယ်။ မိဘတွေက ငါ့အတွက် ချမ်းသာမှုကိုပဲ ပေးပြီး နှစ်သိမ့်စေတယ်။ မိသားစုရဲ့ နွေးထွေးမှုမေတ္တာကို ငါ မရခဲ့ဘူး”တဲ့။ အဲဒါအတွက် ငါ ၀မ်းသာရမှာလား။ နင့်ကိုပဲ မိုက်မဲတယ်လို့ပြောရမလား။ ဒါမှ မဟုတ် နင့်ရဲ့ မိုးမိုးနဲ့ပါးပါးကိုပဲ အပြစ်တင်ရမလားဟာ။


=================================


အခုလို ဖားစည်သံတဝေေ၀နဲ့ ဒုံးယိမ်းကကြတဲ့အချိန်ကိုရောကရင် နင့်ကို ငါ အရမ်းလွမ်းနေမိတယ် မူးဝါး။ မေတတ္တာတရားရဲ့နွေးထွေးမှုကို ကြွယ်ဝခမျးသာမှုထက် ပိုမိုမြတ်နိုးနှစ်သက်တဲ့နင့်အတွက် ဘ၀ဆက်တိုင်းဆက်တိုင်းမှာ မိသားစုရဲ့ နွေးထွေးမှု၊ ကြင်နာမှုတွေကို အပြည့်အ၀ ခံစားနိုင်ပါစေလို့ ငါဆုတောင်းမိတယ်။ မိဘတိုင်းကလည်း ကိုယ့်သားသမီးတွေရဲ့ နုနယ်တဲ့စိတ်ကို အနာတရမဖြစ်ရအောင် ဂရုစိုက်ပြီး သူတိုရဲ့ လိုလားချက်တွေကို မိဘမေတ္တာနဲ့ ဖြည့်စွက်ပေးနိုင်ပါစေလို့ ဇွဲကပင်မြေက ကရင်သူလေးက တောင်းဆုခြွေမိပါရဲ့။

 

2006 တုန်းက ကျောင်းမဂ္ဂဇင်းအတွက်ရေးတဲ့ ၀တ္တုတိုပါ။

 

”ဖိနပ်ဖိုး” January 4, 2011

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 2:21 PM
Tags:

”မုန့်ဖက်ထုပ် …ပူပူလေး၊ အုန်းသီး မုန့်ဖက်ထုပ် ပူပူလေး…”

အေးပြီး တိတ်ဆိတ်နေသော ညချမ်းတွင် တာတီး၏ မုန့်ဖက်ထုပ်ရောင်းသော အသံလေးကသာ ဘူတာရုံလမ်းတစ်ဝှိုက်တွင် ပူပူနွေးနွေးပေါ်ထွက်နေသည်။ လမ်းဘေးရှိ တချို့အိမ်တွေက မီးမလင်းတော့။ မိုးလေးခပ်စိမ့်စိမ့်နှင့်ဆိုတော့ စောစောစီးစီးမီးပိတ်ကာ ကွေးနေကြပြီထင်သည်။ လဘက်ရည်ဆိုင်အချို့ကလည်း သိမ်းတောင်သိမ်းပြီနေပြီ။ တချို့အိမ်များဆီကတော့ သီချင်းသံ သဲ့သဲ့လေး တွေ ပျံ့နှံထွက်နေသည်။ တာတီးအတွက်တော့ သီချင်းသံထက် ”မုန့်သည်လာပါဦး” ဆိုသောအသံကသာ ပိုပြီးနားဝင်ချိုသည်။ မိုးကာစအနီလေးကို ပုခုံးကနေ ခြုံသိုင်းထားသည့်ကြားကပင် လေက ဖြူးလိုက်တော့ ကြက်သီးမွှေးညှင်းတွေ ထသွားသည်။ ယခု တိုက်တန်းနေရာတွင် ဟစ်သာဟစ်နေရသည်။ သူ့ဆီက တခါမှ မုန့်ဝယ်မစားဖူးသည်ကို တာတီးကသိနေသည်။ ထို့အတွက် သူပုခုံး ပေါ်ရှိ မုန့်တောင်းလေးကိုဖုံးထားသည့် မိုးကာအကြည်စလေးကို လေမလွှင့်ရအောင် သေသေချာချာ ဖိကိုင်လိုက်ပြီး ခြေလှမ်းကို ခပ်သွက်သွက်လှမ်းလိုက်သည်။ ည ၉ နာရီကျော်လောက်ပြီဆိုတော့ ဗိုက်က သိသိသာသာဆာလာပြီ။ သို့သော် တောင်းထဲမှ မုန့်များ မကုန်မချင်း တာတီးက အိမ်သို့မပြန်ချင်ပေ။ မုန့်ကလည်း လက်ကျန် ၅ ထုပ်လောက်သာ ရှိတော့သည်မဟုတ်လား။

”ယူကြဦးမလား၊ မုန့်ဖက်ထုပ် ပူပူလေး….”

ဂိတ်ဟောင်းနေရာနားသို့ ရောက်ခါနီးလျှင် အသံကို ပုံမှန်ထက် နည်းနည်းလေးဆွဲပြီး အော်လိုက်သည်။ ခြေလှမ်းကို ခပ်ဖြေးဖြေးသာလှမ်းလိုက်သည်။ လက်ခုပ်တီးပြီး ”လာပါဦး” ဟု ခေါ်မည့် အသံကို နားစွင့်လိုက်သည်။ ဒီနေရာတစ်ဝိုက်တွင် တာတီး၏ဖောက်သည်များရှိသည်။ တာတီးထင်ထားသည့် အတိုင်းပါပဲ။ လမ်းမနှင့်ကပ်နေသည့် ဝယ်နေကျအိမ်က ကောင်မလေး တစ်ယောက်ထွက်လာသည်။ မိုးကာအကျီလှလှလေးဝတ်ထားသော ကောင်မလေးသည် တာတီးနှင့်ရွယ်တူလောက်တော့ရှိမည်။ ကောင်မလေးက မုန့်တောင်းကို ဖွင့်ကြည့်ပြီး ”နင်ပြောတော့ ပူပူလေးဆို၊ အခုဘယ်မှာ ပူလို့လဲ” ဟု ရယ်ရယ် မောမောနှင့် ပြောပြီး မုန့်ဖက်ထုပ်ကို ၅ ခုစလုံး ဝယ်သွားသည်။ အင်းလေ..ညနေ ၆ နာရီလောက်ကတည်းက သူ့ပုခုံးပေါ်က စိတ်တောင်းလေးထဲသို့ ရောက်နေသောမုန့်များသည် ပုဆိုးစုတ် အဟောင်းလေးဖြင့် ဖုံးထားသည်ဆိုပေမယ့် ယခု အချိန်အထိတော့ ဘယ်လိုလုပ်ပြီး ပူနွေးနေ တော့မလဲ။ ”နောက်နေ့လည်း လာရောင်းဦးမယ်မလား”ဟု မေးတော့ တာတီးက ခေါင်းညိမ့်ပြလိုက်သည်။ လာရမည်လေ။ တာတီးက မုန့်သည်ပဲမဟုတ်လား။ ကျောင်းပြန်တက်လျှင် ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ ဝယ်ရန်အတွက် လုံလောက်သော ပိုက်ဆံရ အောင် ဈေးရောင်းရမည်။ စာအုပ်ဖိုးရလျှင်ရော၊ ထိုအခါကျလျှင်လည်း ရောင်းရဦးမည်ပဲလေ။ တခုခုသုံးရန်အတွက် တာတီး ဈေးရောင်းရဦးမည်မဟုတ်လား။

 

ယခုကောင်မလေးက မုန့်လက်ကျန်များကို အကုန်ဝယ်သွားသည်ဆိုတော့ အိမ်ပြန်ရမည်ပေါ့။ ဗိုက်ကလည်း ဆာလာပြီ မဟုတ်လား။ မုန့်တောင်းအလွတ်လေးကို ထမ်းပြီး အိမ်ပြန်လာတော့ တာတီးအဖေ့ကို သတိရမိသွားသည်။ အဖေသာ သူ့အနား မှာရှိရင် ဆိုသည့် အတွေးကို တွေးမိတော့ တာတီး မျက်ရည်လည် လာသည်။ ”အဖေရယ် သားကို ဘာလို့များ တစ်ယောက်တည်း ထားခဲ့ရတာလဲဗျာ။ အဖေနဲ့အတူတူ သားပါ ပါသွားရင် ဘယ်လောက် ကောင်းမလဲ”။ အတော့်ကိုရိုးသားအေးဆေးပြီး စကားပြော လျှင် ညင်ညင်သာသာပြောတတ်သောအဖေနှင့် အလှအပကို အလွန်မက်မောပြီး စကားပြောကြမ်းသော အမေတို့ မည်သို့ရေ စက်ဆုံခဲ့သည်ကို တာတီးမခန့်မှန်းတတ်။ တာတီးငယ်ငယ်က အမေသည် နို့တိုက်လျှင် အလှပျက်မည်ဆိုပြီး နွားနီနို့မှုန့်ကိုသာ ဖျော်ပြီး တိုက်သည်တဲ့။ ထိုစဉ်က တာတီးတို့အခြေအနေသည် ယခုလောက်အထိ မဆိုးသေးပေ။ ပေ ၂ဝ ပတ်လည်လောက်ရှိသော မြေကွက်လေးတွင် ကိုယ်ပိုင်အိမ်လေး ရှိသေးသည်။

အမေက မနက်မိုးလင်းသည်နှင့် ရေမိုးချိုး၊ ဖီးလိမ်းပြင်ဆင်ပြီး အပြင်ထွက်ဖို့တာစူနေတတ်သည်။ ”တာတီးလေးကို ခဏကြည့်ထားပါဒေါ်လေး.. အပြုံးဒီနားခဏ” ဆိုပြီး အိမ်နားရှိ ဘွားလေးအုန်းတို့ လင်မယားထံတွင် တာတီးကိုထားခဲ့တတ်သည်။ နောက်ပိုင်းကျတော့ အကျင့်လိုဖြစ်သွားသည်။ မနက်မိုးလင်းချိန် အဖေအလုပ်သွားလျှင် အမေကပါ အပြင်ကိုထွက်သည်။ တာတီးလေးသည် ဘွားလေးအုန်းတို့နှင့်ပင် ကြီးပြင်းလာခဲ့ရသည်။

 

တာတီးလမ်းလျှောက်တတ်ချိန်တွင် ဘွားလေးအုန်းတို့အိမ်ကနေ အဖေပန်းရံအလုပ်က ပြန်လာမည်ကို စောင့်နေတတ် သည်။ အဖေ့အရိပ်ကို မြင်၍ တာတီးကပြေးသွားလျှင် အဖေက ပုခုံးပေါ်ထမ်းတင်ပြီး သီချင်းဆိုပြသည်။ ဘေးလွယ်အိတ်ထဲက ချိုချဉ်ကို ထုတ်ပြီးပေးတတ်သည်။ တခါတခါတွင် ကရေကရာမုန့်တွေ ပါလာတတ်သည်။ အလုပ်ကနေမောမောပန်းပန်းပြန်လာပြီး အိမ်ပြန်ရောက်၍ စားစရာချက်ထားပြီးသား မရှိလျှင်လည်း အမေ့ကို တစ်စုံတစ်ရာ မပြော။

”ကိုမြင့်မောင်နော်..အပြုံးအလှကြိုက်တယ်လို့ အရင်တည်းကပြောပြီးသားနော်”

”ခုမှလာမပြောနဲ့၊ အပြုံးတို့က အပျိုတည်းက ဒီလိုပဲလွတ်လွတ်လပ်လပ်နေတတ်တာ”

”ဒီလိုလုပ်လို့ကတော့ အပြုံးတို့က မရဘူးနော်”

အဖေသည် အမေ့ကိုမည်သို့ပြောနေသည်ကိုမကြားရသော်လည်း အမေ့ပြန်ပြောသောအသံ၊ ပြန်အော်သောအသံတို့ကို တော့ ဘွားလေးအုန်းတို့အိမ်ကနေ တာတီးလေးကြားရသည်။ ကြာတော့ အမေသည် တာတီးလေးကို မေ့လျော့နေသလို တာတီး ကိုယ်တိုင်ကလည်း အမေ့ကို တမ်းတမ်းတတ မရှိတော့။ မတွယ်တာတော့။ အမေနှင့် စကားပြောရသည်ကို ကြောက်လာသည်။ အဖေရှိလျှင် ဘဝလုံခြံပြီဟု တာတီးလေးက သဘောထားလာသည်။ သို့သော် တာတီး သူငယ်တန်းတက်သောနှစ်တွင် သူ၏ မြင်မိုရ် တောင် တခြမ်းပြိုခဲ့သည်။ တိုက်အမြင့်မှ ပြုတ်ကျပြီး အဖေဆုံးသည်။ မတော်တဆ ထိခိုက်မှုနှင့်လုပ်ငန်းခွင်မှာ ဆုံးသောကြောင့် အမေက လျော်ကြေးငွေတော်တော်များများရလိုက်သည်။ တာတီးအတွက်ကတော့ အနွေးထွေးဆုံးအရိပ်ကြီး ဆုံးရှုံးသွားခဲ့သည်။ အစောပိုင်းတည်းက အမေ့ကို ကြောက်နေသောတာတီးသည် အဘွားလေးအုန်းတို့အိမ်တွင်သာ အနေများတော့သည်။

 

တာတီးလေး နည်းနည်းကြီးလာတော့မှ အမေသည် ရပ်ကွက်အတွင်းလည်ပြီး ဖဲရိုက်တတ်သည်ကို သိလာသည်။ အဖေနှင့် ခဏခဏ ကတောက်ကဆ ဖြစ်ရသည်မှာလည်း ထိုပြဿနာကြောင့် ဆိုသည်ကို သိလာသည်။ အဖေမရှိတော့သော်လည်း အမေ သည် ရပ်ကွက်အတွင်း ဟိုဟိုသည်သည်နှင့် အလည်မပြတ်ခဲ့။ နောက်ပိုင်း အဖေ့ညီ ဦးမြင့်အောင်နှင့် ယူလိုက်သည်။ ဟိုလူကြီးသည် တာတီးအပေါ်တွင် ကောင်းပုံပြသည်။ အမေ့ကိုလည်း ဖေးဖေးမမ ရှိပုံပေါ်သည်။ နောက်ပိုင်းအဖေ၏ သေစာပိုက်ဆံလေးကုန် သွားတော့ ဦးမြင့်အောင်က အုံနားကြေးယူပြီး ဆိုက္ကားနင်းသည်။ သူရှာသော ပိုက်ဆံနှင့် သူသောက်သော ပိုက်ဆံသည် အချိုးကျ ကုန်မြဲဖြစ်သည်။ သူတို့လက်ထဲတွင် ပိုက်ဆံစ ရွှင်နေသော အချိန်မျိုးတွင် အိမ်တွင် ငြိမ်းချမ်းနေတတ်ပြီး ပိုက်ဆံ ပြတ်သော အခါမျိုးတွင် ဦးမြင့်အောင်က တာတီး၏အမေကို ဆဲသံ၊ ရိုက်သံတို့ ဆူညံနေတတ်သည်။ သို့မဟုတ်လျှင်လည်း ဦးမြင့်အောင်ကို အမေက အော်ကြီးဟစ်ကျယ် ရန်တွေ့နေတတ်သည်။

 

ထိုအခါမျိုးတွင် တာတီးလေး တအား စိတ်ဆင်းရဲရသည်။ နောက်တနေ့ ကျောင်းတက်လျှင် သူငယ်ချင်းများက ဝိုင်းပြီး စကြဦးမည်။ ”နင့်အမေက ကြမ်းတမ်းလိုက်တာဟာ။ နင့်ကိုရော နင့်ပထွေးက ရိုက်သေးလား” ဟု သူငယ်ချင်းများက မေးတတ် သည်။ သူတို့ကို ပြန်ဖြေပေးရမည်ကို တာတီးက ရှက်သည်။ ထို့အတွက် သူငယ်ချင်းများနှင့် မပေါင်းဘဲ တစ်ယောက်တည်းသာ နေတတ်လာသည်။ တခါတရံတွင် တာတီးသည် ညီလေးဖြစ်ဖြစ်၊ ညီမလေးဖြစ်ဖြစ်၊ တစ်ယောက်လောက်တော့ လိုချင်မိသည်။ အမေတို့နှင့် သူနွေးနွေးထွေးထွေး မနေရလျှင်တောင် ညီမလေးတို့နှင့် နေနိုင်သေးသည်။ သို့သော် တဘက်ကလည်း ပြန်စဉ်းစား ကြည့်တော့ သူ့အောက်မှာ အငယ်တွေ မရှိတာကိုတောင် ကျေးဇူးတင်ရမည်။ မတော်တဆရှိနေလျှင် သူကဲ့သို့ပင် ညီလေး၊ ညီမလေးတို့တတွေ စိတ်ရှုပ်နေလိမ့်မည်။

မနှစ်က အမေတို့ ၂ လုံးထီတော်တော်များများရှုံးသွားသည်။ အကျိုးဆက်အနေဖြင့် တာတီးတို့လက်ရှိနေထိုင်သော အိမ်လေးမှ ဆင်းပေးလိုက်ရပြီး ၄ ရပ်ကွက်အကျော်လောက်တွင် ၁ဝ ပေပတ်လည်လောက်သာရှိသော အိမ်လေးတစ်လုံးကို ငှားရမ်း ပြီး နေထိုင်ခဲ့ရသည်။ ထိုအိမ်လေးသည် အတော့ကို ကျဉ်းသည်ဆိုသော်လည်း ထားစရာပစ္စည်းမယ်မယ်ရရမရှိတော့သော တာတီး တို့အတွက်တော့ နေဖို့ လုံလောက်သည်။ အမေနှင့် သူ့ယောက်ျားက အခန်းထဲတွင် အိပ်သည်။ တာတီးလေးက မီးဖိုချောင် လို့ပြော၍ရသော နေရာလေးတွင် အိပ်သည်။ အရင်လိုသွားနေစရာအဘွားလေးအုန်းတို့အိမ်လည်း မရှိတော့။ ထိုနေရာမှာပင် တာတီး စာကျက်ရသည်။ ဘာပဲဖြစ်ဖြစ် တာတီးကို အမေကျောင်းထားပေးတာပဲ ဝမ်းသာနေသည်။ တခါတခါတော့ တာတီး စိတ်ကူးကြည့်ဖူးသည်။ ဦးမြင့်အောင် တာတီးကို မနှိပ်စက်ရအောင် အမေကိုယ်တိုင်ကသာ ဆူပူကြိမ်းမောင်းနေတာ ဖြစ်လိမ့်မည်ဟု မရဲတရဲ တွေးကြည့်ဖူးသည်။ သို့သော်ထိုအတွေးသည် တာတီး ၄ တန်းတက်သော နှစ်မှစ၍ ပျောက်ကွယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အမေက တာတီးစာကျက်မည့်အချိန်ကို ဈေးရောင်းထွက်ခိုင်းခဲ့သည်။

 

တာတီးတို့ကျောင်းက မနက်၊ ညခွဲတက်ရသော ကျောင်းဖြစ်ပြီး တာတီးက ညနေကျောင်းတက်ရသည်။ ထို့အတွက် မနက်ပိုင်း ကျောင်းမတက်ခင်စပ်ကြားတွင် ဈေးရောင်းနိုင်သည်။ တာတီးတို့ရပ်ကွက်နားရှိဈေးကနေ စံပယ်ပန်း၊ ဇွန်ပန်းကုံးများကို ဖောက်သည်ယူပြီး ဈေးနားနှင့် ကားမှတ်တိုင်နေရာတွင် ရောင်းရသည်။ စရောင်းခါစတုန်းကတော့ တာတီးရှက်သည်။ အော်ပြီး မရောင်းရဲ။ ပန်းကုံးလေးတွေကို ကိုင်ရင်း လူစုံရာတွင် မိုးတိုးမတ်တပ် ရပ်နေတတ်သည်။ နောက်ပိုင်း ဝယ်သူတွေလာတော့မှ အော် ရောင်းရသည်ကို သိလာသည်။ စပြီးအော်ရောင်းသောနေ့တွင် တာတီးသည် အဖေ့ကိုသတိရလွန်းသောကြောင့် ကားဂိတ်တွင် မတ်တပ်ရပ်ရင်း ရှိုက်ကြီးတငင်ငိုခဲ့သည်။ နောက်ပိုင်းတွင် မိမိကဲ့သို့ ပန်းရောင်းနေသော ကလေးများနှင့် တွေ့ပြီး ပျော်ပျော်နေ တတ်လာသည်။ ကျောင်းပိတ်ရက်များတွင် သူတို့နှင့်အတူတူ ဆော့တတ်လာသည်။ ”ဇော်ကြီး” ဆိုသော ကောင်ကလေးက ညဘက်တွင် သူလိုမျိုး မုန့်ဖက်ထုပ်လိုက်ရောင်းပါလားဟု အဖော်စပ်လာချိန်တွင် တာတီးက ဝမ်းသာသွားခဲ့သည်။ အိမ်တွင် ဆူဆူပူပူနှင့်နေရမည့်အစား ဈေးရောင်းထွက်ရတာမှ ကောင်းသေးသည်။ ဈေးဖိုးအရင်းကတော့ ပေးစရာမလို။ ဒေါ်ကြီးမြက သူ့မုန့်ဖက်ထုပ်များကို ရောင်းပေးလျှင် တနေ့ကို ၃ဝဝ လောက်ပေးသည်။ ထိုသို့တာတီးညနေဘက် အိမ်ပြန်နောက်ကျလျှင်လည်း အမေသည် ဘာတစ်ခုမျှ မပြောပေ။ စောပြန်လျှင်သာ ပြဿနာ။

 

တခါက တာတီး အိမ်ကို စောပြန်သွားဖူးသည်။ ဈေးရောင်းနေရင်းနှင့် ခြေထောက်အနာက ရောင်ကိုက်လာသောကြောင့် အိမ်ကို ညနေ ၇ နာရီလောက် ပြန်သွားမိသည်။ တာတီးပြန်ရောက်သွားချိန်တွင် အိမ်အတွင်းခန်း၌ ယောကျာ်းကြီးများ၊ မိန်းမကြီးများ အုပ်စုဖွဲနေကြသည်။ သူတို့ ဝိုင်းကောင်းနေချိန်တွင် တာတီးက အိမ်ကိုပြန်ရောက်လာသောကြောင့် အတော့်ကို ရှုပ်တဲ့ကလေးဆိုပြီး လမ်းဘေး ခွေးတစ်ကောင်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်သည်။ ထိုညက အမေက တာတီး၏ ဗိုက်ခေါက်ကို လိမ်ဆွဲသည်။ ”ဒီအချိန် အိမ်ပြန်မလာနဲ့။ နောက်တစ်ခါဆို အမှုန်ဖြစ်အောင် ကြိတ်ပစ်မယ်”ဟု ကြိမ်းမောင်းခဲ့ဖူးသည်။ ထို့အတွက် တာတီး၏ အိမ်ပြန်ချိန်၊ အိပ်တန်းတက်ချိန်သည် အစောဆုံး ည ၉ နာရီဖြစ်သည်။ တခါတရံ မုန့်စောစောကုန်သွားရင်လည်း လမ်းထိပ် ကင်းတဲတွင် ထိုင်နေတတ်သည်။ အိမ်ပြန်တာထက်စာလျှင် ကင်းတဲတွင်အေးအေးဆေးဆေးထိုင်နေရသည်က နားအေးပါးအေး ရှိသေးသည် မဟုတ်လား။

ပြီးလျှင် မုန့်ဖောက်သည်ယူသည့် ဒေါ်ကြီးမြတို့အိမ်သို့ ပိုက်ဆံသွားရှင်းပေးသည်။ နောက်တစ်နေ့မနက်မှ ရှင်းပေးလျှင် ရသော်လည်း အိမ်သို့ပိုက်ဆံများများပြန်ပါသွားလျှင် အမေသို့မဟုတ် ဦးမြင့်အောင်က ယူသုံးလိုက်မည်ကို စိုးရိမ်သည်။ ဖောက်သည် ပေးနေသော ဒေါ်ကြီးမြအေးတို့ကို မျက်နှာမပျက်ချင်။ ပြီးတော့ တာတီးက သူ့နေ့တွက်ခရသော ပိုက်ဆံကိုလည်းမယူသေး။ ဒေါ်ကြီးမြကသာ သိမ်းထားပေးသည်။ ”နင့်အမေက အသုံးကကြမ်းကြမ်း၊ နှုတ်က ကြမ်းကြမ်း၊ နင့်ပထွေးက အရက်သမား၊ နင့်အစား ရင်လေးတယ် တာတီး။ နင့်ကိုပေးမယ့် နေ့တွက်ခ ပိုက်ဆံကို ငါသက်သက် သိမ်းထားပေးမယ်ကြားလား။ ကျောင်းအပ်ခတွေ၊ စာအုပ်တွေဝယ်ဖို့သုံး။ ကျောင်းဖွင့်ရင်နင့်ကို ငါကျောင်းစိမ်းတစ်စုံသပ်သပ်ချုပ်ပေးမယ်။ ဘယ်လိုအမေမျိုးဆီမှာ နင်လူလာဖြစ်ရ တာလဲ တာတီးရယ်။ အင်းလေ..ကျောင်းထားပေးတာပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ”

 

ထိုအစီအစဉ်ကို တာတီးကလည်းသဘောကျသောကြောင့် မုန့်ဖိုးလေး ၅ဝ၊ ၁ဝဝ လောက်သာ လက်ထဲတွင် စုထားသည်။ အမေက သိပ်ပြီးသဘောကျသည့် ပုံမပြပေသော်လည်း ဘာတစ်ခုမှတော့ ဝင်မပြော။ မနက်ပိုင်းပန်းရောင်းရသော ပိုက်ဆံကိုသာ သူ့ကိုပေးရသည်။ တနည်းအားဖြင့်တော့ တာတီးသည် မုန့်ဖက်ထုပ်ရောင်းရင်း မိမိကျောင်းစရိတ်ကို မိမိဘာသာ ရှာဖွေနေရခြင်းဖြစ် သည်။ အတန်းကြီးလာတော့ အခန်းထဲတွင် ဘာကြေး၊ ညာကြေးတွေက ပိုပိုများလာသည်။ စာအုပ်ဖိုးတွေက မြင့်လာသည်။

 

အရာရာခြိုးခြံချွေတာနေရချိန်တွင် တာတီးသည် ဖိနပ်လေး တရံလောက်လိုချင်နေမိသည်။ ဟုတ်သည်။ ဖိနပ်ကောင်းကောင်း တစ်ရံလိုချင်နေမိသည်။ ကောင်းကောင်းဆိုသည်ကလည်း နာမည်ကြီး၊ ဈေးကြီး ဖိနပ်မျိုးမဟုတ်။ ကတ္တီပါ ဖိနပ် မဟုတ်။ သူ့ခြေဖဝါးလေးလုံနိုင်မည့် မြင်းကြယ် သို့မဟုတ် ဆင်ကြယ်ဖိနပ်မျိုးဖြစ်သည်။ သူယခုစီးနေသော နောက်ပိုင်းပြတ်လုနီးပါး ပါးနေ သော တာယာဖိနပ်ထက် ကောင်းသော ဖိနပ်မျိုးဖြစ်သည်။ ထိုတာယာဖိနပ်၏ သက်တမ်းသည် အတော်ကြာနေသောကြောင့် ဖိနပ်နောက်ပိုင်းသည် မရှိတော့သလောက် ပါးနေပြီ။ ၆ တန်းကျောင်းသားဖြစ်တော့မည့် တာတီးသည် နောက်မြီးတိုနေသော တာယာဖိနပ်ကို စီးရမည်ကို ရှက်တတ်နေပြီ။ ညဘက် မုန့်ဖက် ထုပ်ရောင်းချိန်တွင် ဖိနပ်မစီးရသည်က သိပ်ပြီးမသိသာလှသော်လည်း မနက်ပိုင်းပန်းရောင်းချိန်တွင်တော့ ဖိနပ်မစီးရသည်ကို တာတီးကရှက်သည်။ လမ်းကြို၊ လမ်းကြားအိမ်များအထိပါ လိုက်လျှောက်ရောင်းချိန်တွင် တာတီးတွင်ရှိသောနောက်မြီးတို ဖိနပ်ကလေးကိုလည်း ချမစီးရက်။ မတော်တဆသာ ပြတ်သွားခဲ့လျှင်ဆိုသောအတွေးက အမြဲတမ်းချီတုံချီချဖြစ်စေသည်။ ခြေပြောင် ဖြင့် သွားလာနေရသောကြောင့် တာတီး၏ ခြေထောက်သည် ပုံမှန် ၁၁ နှစ်သား ကလေးတစ်ယောက်၏ ခြေထောက်ထက် ၂ ဆခန့်ကြီးနေပြီး လူကြီးတစ်ယောက်၏ ခြေဖဝါးကဲ့သို့ မာကြောနေပြီဟု ကိုယ့်ကိုယ်ကို ထင်မိသည်။

 

တာတီးဖိနပ် လိုချင်ကြောင်း အမေ့ကို မပြောပြရဲပေ။ ထို့အတွက် တာတီးဘာသာ ပိုက်ဆံကို ကြိတ်ပြီးစုရသည်။ တာတီးပန်းရောင်းရသော အထဲကနေ ပိုက်ဆံ ၅ဝ လောက်၊ မုန့်ဖက်ထုတ်ဖိုးထဲက ၅ဝ လောက်သာ ပုံမှန်စုသွားနိုင်လျှင် ခဏလေးနှင့် ပိုက်ဆံပြည့်မည်။ သို့သော် သူတနေ့ ပန်းရောင်းလျှင် အမြတ်ဘယ်လောက် ကျန်မည်ကို အမေက သိနေသည်။ ထို့အတွက် ပန်းဖိုးထဲကနေ ပိုက်ဆံစုဖို့ကို တာတီး စိတ်မကူးရဲ။ ဖိနပ်ကလည်း တကယ့်ကို လိုအပ်နေပြီဖြစ်သောကြောင့် ဒေါ်ကြီး မြပေးသော ပိုက်ဆံလေးကိုသာ မုန့်မစားဘဲ၊ ဒိုးလှိမ့်တမ်းမကစားဘဲနှင့် စုထားဖြစ်သည်။

 

ဆူဆူညံညံအသံများကိုကြားတော့မှသာ တာတီးတို့လမ်းထိပ်သို့ ရောက်နေသည်ကို သတိရလိုက်သည်။ စရိုက်စုံသော သူတို့ ရပ်ကွက်တွင်တော့ ဒီနေရာလေးသည် လူအစုံဆုံးသောနေရာဖြစ်သည်။ ဒီဆိုင်တွင် ချက်အရက်ရောင်းသည်။ ဘီအီးရောင်းသည်။ အမြည်းအဖြစ် ပဲခြမ်းကြော်သုတ်နှင့် ကဇွန်းရွက်သာရသည်။ တစ်ခါတုန်းက ဦးမြင့်အောင် သွားဝယ်ခိုင်းတုန်းက တာတီးလာဖူးသည်။ အဲဒီတုန်းက အမေနှင့် ဦးမြင့်အောင် အကြီးအကျယ်ရန်ဖြစ်ကြသည်။ ”နင် မျိုမယ့်၊ ဆိုမယ့်ဟာ ကိုယ့်ဘာသာသွားဝယ်၊ နောက်တစ် ခါ တာတီးကို ဝယ်ခိုင်းရင် ဟောဒီဓါးနဲ့ ခုတ်သတ်မယ်” ဟု အမေက ဓါးမကိုပြပြီး ကြမ်းကြမ်းတမ်းတမ်း ကြိမ်းမောင်းဖူးသည်။ အဲသည့်အချိန်နောက်ပိုင်းမှစပြီး ဦးမြင့်အောင်က တာတီးကို ဘာမှ မခိုင်းရတော့။ အဲသည်လိုဆိုတော့လည်း အမေသည် တာတီးကို သံယောဇဉ်ရှိပုံရသေးသည်ပဲ။

 

အိမ်တံခါးဖွင့်ဝင်လိုက်ပြီး ခြေကို ခပ်ဖွဖွနင်းကာ မီးဖိုချောင်သို့တခါတည်း တန်းဝင်သွားလိုက်သည်။ ဒယ်အိုးအဖုံးကို လှပ်ကြည့်လိုက်တော့ ပင်လယ်ငါးခြောက်ကို ကင်ပွန်းချဉ်ရွက်၊ ငရုတ်သီး ခပ်စပ်စပ်နှင့် ချက်ထားသည့်အဆီမပါသော ဟင်းတစ်ခွက်။ ဝိုင်းမှာ အမေရှုံးထားသည်နှင့်တူပါသည်။ြေ<ွကရည်သုတ်ဇလုံထဲသို့ ထမင်းနှင့် ဟင်းကို ပုံထည့်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ အလောတကြီးစားလိုက်မိသည်။ ထမင်းစားပြီးလျှင် ဖျာကြားထဲတွင် ထည့်ထားသော ပိုက်ဆံလေးများကို ထုတ်ယူကြည့်လိုက်သည်။ ဖျာကို ချုပ်ထားသည့် ကြိုးကိုနည်းနည်းလေး ဟပြိး ထည့်ထားသောကြောင့် တာတီးပိုက်ဆံစုသော နေရာကို မည်သူမှ မသိနိုင်။ ပုံမှန်စုဖြစ်သည်မဟုတ်သော်လည်း တခါတရံတွင် ၅ဝ သိမ်းထားလိုက်၊ ၃ဝ သိမ်းထားလိုက်နှင့် သူစုထားတာ ၄၊ ၅ လလောက်ရှိနေပြီ။ လက်ကတုန်တုန်ရီရီ ဖြင့် ရေတွက်ကြည့်လိုက်တော့ ပိုက်ဆံက ၁၅ဝဝအတိ။ နောက်တစ်ပတ် လောက်တွင် ပိုက်ဆံပြည့်ပြီ။ မြင်းကြယ်ဖိနပ်လေး ဝယ်စီးရတော့မည်။ သူငယ်ချင်းများက ဖိနပ်ချွတ်ပြီး ကစားလျှင် တာတီးလည်း ဝင်ပါနိုင်ပြီ။ ”နောက်မြီးတို”ဟုလည်း တာတီးကို ဘယ်သူကမှ စတော့မည်မဟုတ်။ ထိုသို့တာတီးလေး စိတ်ကူးနှင့် ပျော်နေချိန်တွင် သူ့အနားသို့ ဦးမြင့်မောင်ရောက်လာသည်။ တာတီးက မမြင်မိ။ ဟိုက သူ့ပိုက်ဆံတွေကို မြင်သွားသည်။ ”အောင်မယ်..ကောင်လေး..ပိုက်ဆံတွေနဲ့ပါလား၊ မင်းမအေ ပိုက်ဆံလား” အထိတ်ထိတ်အပျာပျာနှင့် ပိုက်ဆံကို နောက်သို့ဝှက်လိုက်သော်လည်း နောက်ကျသွားပြီ။ ဦးမြင့်အောင်က သေသေချာချာကြီးကို တွေ့သွားပြီ။ နောက်ခန်းထဲက ”ပိုက်ဆံ” ဆိုသော အသံကြောင့် တာတီးအမေလည်း ထလာသည်။ ”တာတီး..အဲဒါ ဘယ်သူ့ပိုက်ဆံတွေလဲ။ နင် ဘယ်သူ့ဆီက ခိုးလာတာလဲ”

တာတီး ချွေးတွေပြန်လာသည်။ သူ့ပိုက်ဆံဟု ပြောလျှင်လည်း အမေက ယူသွားမည်။ ခိုးလာသည်ဟုဆိုလျှင်လည်း လိမ်ညာပြီး မပြောချင်။ ဘယ်လိုပြောရမလဲ။ တာတီး အာခေါင်တွေ ခြောက်ကပ်လာသည်။

”ကျ..ကျ နော့် ပိုက်.. ပိုက် ဆံတွေ အမေ”

”ဘာ..နင့်ပိုက်ဆံ..ဟုတ်လား။ နင်က ဘယ်တုန်းက ပိုက်ဆံရှိဖူးလို့လဲဟဲ့ ငနာလေးရဲ့၊ ပြောစမ်း..အဲဒါ နင်ဘယ်ကနေ ယူလာတာလဲ၊ နင်မကောင်းတဲ့ အတတ်တွေတတ်နေပြီလား”

”တ. တ..ကယ် ပြော ပြော တာပါ အမေရဲ့။ တာတီးဈေးရောင်းရင်းနဲ့ စုထားတာပါ”

”အော်..လက်စသတ်တော့ ဈေးဖိုးဆိုတော့ ငါ့ပိုက်ဆံပေါ့ဟဲ့။ အောင်မလေး..ငါ့ပိုက်ဆံကို ပြန်ခိုးတာပဲ အိမ်တွင်းသူခိုးလေးရဲ့။ ပေးစမ်း မနက်ကျရင် နေ့ပြန်တိုးပေးရမယ်.”

”မလုပ်ပါနဲ့ အမေရယ်။ တာတီး ဖိနပ်ဝယ်ဖို့ စုထားတာပါ။ ပြီးတော့ အမေ့ပိုက်ဆံထဲက ခိုးတာမဟုတ်ပါဘူး။ မုန့်ဖက်ထုပ် ရောင်းရင်းနဲ့ ဒေါ်ကြီးမြအေး ပေးတဲ့ မုန့်ဖိုးပါ အမေရဲ့။ တာတီးမှာ စီးစရာ ဖိနပ်မရှိတော့လို့၊ ဖိနပ်အသစ်ဝယ်ချင်လို့ပါ..”

တာတီးက ပြောပြောဆိုဆို သူ့အမေကို သနားခံသောမျက်လုံးများနှင့်မော့ကြည့်လိုက်တော့ ဒေါ်အပြုံး တွေဝေသွားသည်။ တာတီးဆီက ပိုက်ဆံကို ဆက်မတောင်းတော့။

သို့သော်.ဦးမြင့်အောင်က.

”ကဲစမ်းပါ..နင်တို့သားအမိတွေ လျှာရှည်မနေစမ်းပါနဲ့။ ပေး..ပေး ငါ့ကို အဲဒီပိုက်ဆံ။ ငါ ရေချိန်မကိုက်သေးဘူး။ လမ်းထိပ်က ဆိုင်ကို သွားမယ်”

ပြောလည်းပြော၊ ပိုက်ဆံကိုလည်း လှမ်းလုသည်။ တာတီး၏လက်ကို လှမ်းချုပ်ကာ လက်ထဲက ပိုက်ဆံကို လုယူဖို့ ကြိုးစား သည်။ တာတီးက ရုန်းသည်။ သူ့ပိုက်ဆံကို ရင်ဘက်ကြားထဲသို့ ထိုးထည့်လိုက်သည်။ ဒါကို ဦးမြင့်အောင်က မြင်တော့ တာတီးကို အတင်းဆွဲသည်။ အကျီရင်ဘက်ကို လက်နှိုက်ပြီး ပိုက်ဆံကို ယူသည်။ လူကြီးအားနှင့် ကလေးအားဆိုတော့ တာတီးမှာ မရုန်းသာ။ ”မလုပ်ပါနဲ့။ မယူပါနဲ့။ ကျနော် ဖိနပ် ဝယ်ချင်လို့ပါ ဟီး..ဟီး”ဆိုသော စကားများကိုသာ လည်ချောင်းသံဗလုံးဗထွေးနှင့် အော်နေသည်။ ဦးမြင့်အောင်က ပိုက်ဆံကို ရတော့ တာတီးကို ဆောင့်တွန်းလိုက်သည်။ ထရံထောင့်တွင် ခွေခွေလေး လဲကျသွား၍ နာရသည်ထက် ပိုက်ဆံလေးကို နှမျောတသဖြစ်နေမိသည်။ ဒေါ်အပြုံးကတော့ သက်ပြင်းတစ်ချက်သာချပြီး တာတီးကို တွေတွေကြီး စိုက်ကြည့်နေသည်။

ဇိုးသမားကြီးနောက်သို့ပါသွားသော သူ့ပိုက်ဆံလေးကို တာတီးက နှမျောနေသည်။ နေကျဲကျဲတောက်ပူသော မတ်လ လောက်က ကြုံခဲ့ရသည့် ဖိနပ်မရှိသည့် ဒုက္ခမျိုးကို ထပ်ပြီး ခံစားရဦးတော့မည်။ နွေကတည်းက သူကျစ်ကျစ်ပါအောင် စုထားသော ပိုက်ဆံလေးသည် ဘုံဆိုင်တွင် ရေထဲမျောသွားတော့မည်။ အဖြစ်အပျက်သည် မိနစ်ပိုင်းမျှသာ ကြာသော်လည်း ခုနက တာတီးသည် ပိုက်ဆံ တစ်ထောင့်ငါးရာတိတိပိုင်သေးသည်။ ယခုတော့ တာတီးတွင် ရင်ဘက်နာနေသော ဒါဏ်ရာသာ ကျန်ခဲ့တော့သည်။ သွားပါပြီ ပိုက်ဆံလေးရယ်။ တာတီးသည် အိမ်အပြင်ဘက်သို့ တယီးတယိုင်နှင့် ထွက်သွားသော ဦးမြင့်အောင်၏နောက်ကျောကို မျက်ရည်အရွှဲသားဖြင့် လိုက်ကြည့်နေမိသော်လည်း ကွဲကွဲပြားပြားမမြင်တော့။ လျှပ်စီးတစ်ချက်အလက်တွင် မြင်လိုက်ရသော ဦးမြင့်အောင်၏ ယိုင်တိယိုင်တိုင် လမ်းလျှောက်နေပုံသည် သရဲကြီးတစ်ကောင်နှင့် တူနေသည်ဟု တာတီး ထင်လိုက်မိသည်။

ထိုညက တာတီးတော်တော်နှင့် အိပ်မပျော်နိုင်။ ယခင်နေ့ညများကဆိုလျှင် သူ့ဖိနပ်လေးရလာမည့် အကြောင်းကို စိတ်ကူးနေတတ်သည်။ အိပ်ရာမှ လန့်နိုးချိန်တိုင်းတွင် သူ့ပိုက်ဆံလေးကို ထစမ်းတတ်သည်။ ယခုညတော့ ထိုသို့လုပ်စရာမလိုတော့။ ဖျာစုတ်လေးပေါ်တွင် ခေါင်းအုံးတင်လိုက်ချိန်တွင် တာတီးသည် သူ့ကိုယ်သူ အသက်ရှိသောလူတစ်ယောက်ဟု မထင်မိတော့။ အိပ်ပျော်ဖို့ကြိုးစားရင်း မျက်စိမှိတ်လိုက်ချိန်တွင် မျက်ရည်တွေ စီးကျလာသည်။ ”ငါ ယောက်ျား၊ မငိုရဘူး။ ပိုက်ဆံက ပြန်စုရင် ပြည့်တယ်” ဟု စိတ်တင်းထားသော်လည်း ခဏလောက်တော့ ငိုချလိုက်ချင်သည်။ ထိုညက အိပ်မက်ထဲတွင် ဟိုဘက် လမ်းထဲက ဘာဘူတို့ဆိုင်တွင် မြင်းကြယ်ဖိနပ်လေးသွားဝယ်သည်။ သူ့ကြိုက်သော ဖိနပ်သဲကြိုးအစိမ်းရောင်ကို ရွေးဝယ်သည်။ ဖိနပ်ဖိုးပေးရန် ပိုက်ဆံကို ထုတ်လိုက်ချိန်တွင် ဦးမြင့်အောင် ရောက်လာပြီးဆွဲလုသည်။ သူက ပြန်လုချိန်တွင် ဦးမြင့်အောင်က ဆောင့်တွန်းလိုက် သောကြောင့် တာတီး ကတ္တရာလမ်းပေါ် ဖင်ထိုင်လဲကျပြီး တင်ပါးနာသွားသည်။ ထိုအချိန်တွင် အနားမှ ဆူဆူညံညံအသံများနှင့် ဝိုင်းအော်ကြသည်။

”ဟဲ့..ဟဲ့..အပြုံး..ထစမ်း..နင့်ယောက်ျား မြင့်အောင် လမ်းထိပ်က ရေမြောင်းဘေးထဲကို ကျနေလို့”

”ညတုန်းတည်းက မူးမူးနဲ့ လဲကျနေတာ။ အခု တစ်ကိုယ်လုံးအေးစက်နေပြီ”

”သေတောင် သေနေပြီလားမသိဘူး”

ထိုအသံများကို ကြားလိုက်ချိန်တွင် တာတီးသည် အိပ်မက်မက်နေတာမဟုတ်မှန်းကို နားလည်လိုက်ပြီး အိပ်ရာမှ လူးလဲ ထလိုက်သည်။ ညတုန်းက ငိုပြီး အိပ်သွားသောကြောင့် မျက်စိများက ကျိန်းစပ်နေသည်။ ချက်ခြင်းဖွင့်လို့မရသေး။ မျက်စိကို လက်နှင့်နာနာပွတ်ကာ အိမ်ရှေ့ထွက်လာတော့ အမေ့ကို အိမ်ပေါ်မှာမတွေ့တော့။ လမ်းပေါ်ရောက်နေပြီ။ တခြားသူများ လာခေါ် ရာသို့ ဆံပင်စုတ်ဖွားနှင့် ထွက်လိုက်သွားသော အမေ့နောက်သို့ တာတီးပါ ရောယောင်ပြီး လိုက်သွားလိုက်သည်။ တာတီးတို့ အိမ်သို့မရောက်ခင် လမ်းမီးတိုင် ၅ တိုင်ခန့်အကွာတွင် လူစုကြီးကို တွေ့ရသည်။ တာတီးတို့လာတာမြင်တော့ သူတို့က လမ်းရှဲ ပေးသည်။ သူ့ယောက်ျားအနီးသို့ အမေက အပြေးသွားလိုက်သည်။ အသေကောင်ကို ကြည့်ပြီး အမေက ခုနှစ်သံချီနှင့် ငိုနေချိန်တွင် တာတီးက ဘေးဘေးဘီဘီကို ပြူးတိပြူးကြောင်လေးနှင့် လိုက်ကြည့်မိသည်။

 

ရေမြောင်းနှုတ်ခမ်းတွင် မြင့်အောင်၏ ဖိနပ်တစ်ဘက်ကိုတွေ့ရသည်။ နောက်တစ်ဘက်ကမြောင်းထဲတွင် ကျနေသည်။ မြင့်အောင်သေသည့်ကိစ္စနှင့်ပတ်သက်ပြီး လူတွေက ထင်ကြေးအမျိုးမျိုးပေးကြသည်။ ဒါက ရဲအမှုဟေ့၊ မကိုင်ကြနှင့်လည်း ပြောနေ ကြသည်။ ရပ်ကွက်လူကြီးကို သွားခေါ်ဖို့လည်းပြောနေကြသည်။ ”ဆရာဝန်ဆေးမှတ်တမ်းယူလည်း ဒီကောင်သွေးထဲမှာ အရက်ပဲရှိ နေမှာပဲ။ အလကား အလုပ်ရှုပ်တဲ့ကောင်”ဟု စိတ်ပျက်လက်ပျက်ဖြစ်နေသောအသံနှင့် ပြောနေကြသူများရှိနေကြသကဲ့သို့ ”ဆန်ကုန် မြေလေး တစ်ယောက်တော့ လျော့သွားပြီ”ဟု ဝန်ပေါ့သွားသောအသံနှင့်လည်းပြောနေကြသည်။ ထိုခဏတွင် တာတီးသည် ငိုနေသော အမေ့ကိုလည်း သနားစိတ်ဖြစ်မလာမိ။ ဟိုလူကြီးအတွက်လည်း စိတ်ထဲတွင် မည့်သို့သော ခံစားမှုမျှ ဖြစ်ပေါ်မလာ။ တာတီး စိတ်ဝင်တစားနှင့် မျက်ခြေမပြတ် လိုက်ကြည့်နေသည်က မြင့်အောင်၏ ဖိနပ်။

 

လူသေအလောင်းကို ရင်ခွဲရုံသို့ပို့ရန်လုပ်နေချိန်တွင် တာတီးသည် မြောင်းဘောင်ပေါ်က ဖိနပ်နှင့် မြောင်းထဲက ဖိနပ်တစ်ဘက်တို့ကို ဆယ်ယူပြီး အိမ်ပြန်လာခဲ့သည်။ ညက ရိုက်နှက်သွားသည်ကို စိတ်နာသောကြောင့် အဲဒီလူ၏ဖိနပ်ကိုတောင် မမြင်ချင်ဘူးလို့လည်း တာတီးမလုပ်နိုင်။ တခြားသူကောက် သွားမှဖြင့် ဒုက္ခ။ ဖိနပ်က ခုံလည်း ကောင်းသေးသည်။ သဲကြိုးကလည်း ကောင်းသေးသည်။ စီးကြည့်လိုက်တော့ ဖိနပ်က သူနှင့် အနည်းငယ်ချောင်နေသည်။ ကိစ္စမရှိ။ တာတီးလည်း တနေ့တွင် လူကောင် ဒီထက်ကြီးလာဦးမည်။ အဲဒီကျရင် တော်သွားလိမ့်မည်။ အဲဒီမတိုင်ခင်တော့ မပြတ်အောင် ဂရုစိုက်ရလိမ့်မည်။ လောလောဆယ် အနေအထားတွင် သူကျောင်းတက်ချိန်အမှီ အမေက ဖိနပ်အသစ်ဝယ် ပေးနိုင်သည့် ပုံမပေါ်။ ဒီဖိနပ်ကိုသာ စီးရမည်။ စဉ်းစားနေရင်း ဒီဖိနပ်စီးကာ ဈေးရောင်းကြည့်ချင်လာသည်။ ဒါဆို ကျောက်ခဲစူးစရာမလိုတော့။ ခြေဖဝါးတွေမနာနိုင်တော့။ အတော့် ကို အဆင်ပြေသည်။ အမေ ဒုတိယအကြိမ် မုဆိုးမဖြစ်တာကို တာတီးက ပျော်နေတာလား။ ဒါတော့မဟုတ်။ ဦးမြင့်အောင် သေသွားသောကြောင့် ဝမ်းသာနေသည်လား။ အဲဒီလိုကြီးလည်းမဟုတ်ပြန်။ တာတီးတွင် ယခု ဖိနပ်စီးစရာရသွားကို ကျေနပ်နေခြင်းဖြစ်သည်။

ဒီဖိနပ်အတွက် ကျသင့်သောအခကြေးငွေကို သူပေးချေပြီးပြီမဟုတ်ပါလား။

 

နှင်းနုလွင်

3.1.2010

 

”အမှတ်တမဲ့နှင့် စခဲ့သော” December 27, 2010

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 4:18 AM
Tags:

ဒီဇာတ်လမ်းအကြောင်းကို ပြောရမယ်ဆိုရင် ခေးရဲ့ရှပ်ပြာရှပ်ပြာနိုင်တဲ့အကျင့်ကစပြောရမယ်။ ခေး ငယ်ငယ် တည်းက နမော်နမဲ့နိုင်တယ်။ လမ်းလျှောက်ရင် ဘေးဘေးဘီဘီကို ဘယ်တော့မှ မကြည့်ဘဲနဲ့ ခေါင်းကိုမော့၊ လက်ကို တအားလွှဲပြီးတော့ကို လျှောက်တာ၊ မြင်တဲ့သူက ရှောင်ပဲ။ မဟုတ်ရင်တော့ တိုက်ပြီသာမှတ်။ မြင်မြင်သမျှ လက်နဲ့ မလွတ်တာမှန်သမျှ အကုန်တိုက်ချပစ်တယ်။ ကုန်ကုန်ပြောရရင် အိမ်ပေါ်မှာ လမ်းလျှောက်လို့ အဝတ်ပုံ တွေ့ရင်တောင် ခလုတ်တိုက်တာ။ ခေး မှတ်မိသေးတယ်။ ငယ်ငယ်က ကုန်ခြောက်ဈေးတန်းတွေထဲကို ဈေးသွား ဝယ်ရင် ခေးကို မေမေက ဘယ်တော့မှ အထဲအထိ ခေါ်မသွားဘူး။ ဈေးတန်းထိပ်က ဈေးကောက်ရုံမှာ ထားပစ်ခဲ့တယ်။ အဲဒါက မေမေ့အလွန် တော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခေးရဲ့လက်ကို မေမေက ကြောက်တာကိုး။ 

~

ခေးတို့ ဈေးဝယ်နေကျ ဒေါ်ကြီးပုတို့ဆိုင်က ဈေးတန်းရဲ့ အလယ်လောက်မှာ ရှိတယ်။ အဲဒီဆိုင်မရောက်ခင် ကြားထဲမှာ ဆိုင်တော်တော် များကလည်း ရှိသေးတယ်။ လမ်းကလေး ကျဉ်းကျဉ်းလေးမှာ အာလူးတွေ၊ ကြက်သွန်အနီ၊ အဖြူ၊ ငြုတ်သီးတောင့်တွေကို ဗန်းတွေနဲ့ ထည့်ပြီး ခင်းထားလိုက်တာများ ဆိုင်းဝိုင်းကြီးလိုပဲ။ အဲဒီ ဈေးတန်းထဲကို ခေး လိုက်လာပြီဆိုရင် ငြုတ်သီးဗန်းကို လက်နဲ့တိုက်၊ ဒါမှမဟုတ်ရင်လည်း ကြက်သွန်ဗန်းကို တိုက်ချ၊ ခေးလက်နဲ့ လွတ်ဖူးတဲ့ဆိုင်ဆိုတာက မရှိဘူး။ နောက်ဆုံးတစ်ခေါက်ကတော့ အတော့်ကိုဆိုးတယ်။ အဲဒီတုန်းက အိမ်မှာ ဝါဆို သင်္ကန်းကပ်တော့ မုန့်ဟင်းခါးချက်ဖို့ ကုလားပဲလိုလို့ သွားဝယ်တာ။ မေမေ မအားတော့ တီတီလေးရယ်၊ ခေးရယ် သွားဝယ်ပြီး ပြန်အထွက် ခေးရဲ့ ညာလက်နဲ့ ပဲထည့်ထားတဲ့ တောင်းကို သွားတိုက်မိတော့။ ဘယ်ပြောကောင်းမလဲ။ မိုးတွင်းစိုစိုစွတ်စွတ်မှာ ဈေးလမ်းကြားထဲ ကုလားပဲတွေ ဝါထိန်သွားတာ။

~

 အဲဒီနောက်ပိုင်းတည်းက မေမေက ခေးကိုကို ဘယ်တော့မှ ဈေးကိုမခေါ်တော့ဘူး။ ဈေးဝယ်ရမှာများလို့ အဖော်ခေါ်ရမယ်ဆိုရင်လည်း တခြားသူတစ်ယောက်ကိုပဲခေါ်သွားတယ်။ အလှူပွဲတွေဆိုရင်လည်း မေမေက သူမပါဘဲ ဘယ်တော့မှ ခေးကို မလွှတ်ဘူး။ ခေးရဲ့ ဖေဖေနဲ့ဆို ပိုတောင်ဆိုးသေးတယ်။ ဘာလို့လဲဆိုတော့ စိတ်မြန်တဲ့ ဖေဖေက ခေးခလုတ်တိုက်မိရင် ”ပြာကလပ်စိန်” ဆိုပြီး တင်ပါးကို ဖျန်းခနဲ့ ချတတ်တယ်။ ဒီတော့ ဖေဖေနဲ့ ခေး အတူတူသွားရင် မေမေက ဘုရားတနေရတယ်။ ခေးများ ငိုလာမလား၊ ဘယ်သူ့ကိုများ လျော်ပေးရမလဲ။ ဘယ်သူ့ကများ လာတိုင်မလဲရယ်ပေါ့။ အဲဒီလို ဟို့လူ့ကို ခလုတ်တိုက်လိုက်၊ ဒီပစည်းတွေကို တိုက်လိုက်၊ နမော်နမဲ့နဲ့နှစ်ပါးသွားရင်း ခေးဆယ်တန်းအောင်ခဲ့တယ်။ 

 ~

ခေးကျောင်းပြီးတော့ သင်တန်းတစ်ခုမှာ စာသင်တယ်။ အဲ နောက်ပိုင်း စာသင်သက်ကလေး ၂ နှစ်လောက် ရလာတော့ သင်တန်းကနေထွက်ပြီး ဆေးကုမ္ပဏီတစ်ခုကို အလုပ်ဝင်လိုက်တယ်။ စာသင်ဖူးတဲ့ အတွေ့အကြုံ ကြောင့်ပဲဖြစ်မယ်။ ခေးက ဆရာဝန်တွေကို သွားတွေ့ရမယ့် ဝန်ထမ်းတွေ၊ ရိုးရိုးဆေးအရောင်းဝန်ထမ်းတွေကို ဆေး အကြောင်းတွေ ပြန်သင်ပေးရတဲ့ အလုပ်ကိုပါ တွဲပြီး လုပ်ရတယ်။ ခေးတို့ ရုံးက ရုံးခွဲ ၆ ခုရှိတယ်။ အထက် မြန်မာပြည်ဆိုရင် မန္တလေးရယ်၊ နေပြည်တော်ရယ်၊ တောင်ကြီးရယ်။ အောက်မြန်မာပြည်ကျတော့ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်ရယ်၊ ရန်ကုန်ကတော့ ရုံးချုပ်ပေါ့။

~

အဲဒီရုံး ၆ ရုံးမှာက ဝန်ထမ်းအပြောင်းအလဲတွေရှိတယ်။ ဆေးအသစ်တွေဝင်တာတွေရှိတယ်။ အဲဒီလူတွေကို Training ပေးဖို့ကျတော့ ရုံးခွဲတိုင်းကို လိုက်မသွားဘူး။ အောက်မြန်မာပြည်ဆို ရန်ကုန်၊ အထက်မြန်မာပြည်အတွက်ဆို မန္တလေးမှာ Training ပေါင်းပေးတယ်။ ၄ လတစ်ခါပေါ့။ အဲဒီကာလကတော့ အရောင်းဝန်ထမ်းတွေလည်း ခေါင်းပူ။ ခေးတို့လည်း ခေါင်းပူတဲ့ ကာလပဲ။ အခုလို ဒီဇင်ဘာဆိုပိုဆိုးပါတယ်။ နောက်တစ်နှစ်အတွက် ဘယ်လောက် ရောင်းရမယ်ဆိုတွဲှ့မေါနအ တွေဆွဲရတယ်။

တကယ်ရောင်းထွက်၊ မထွက်ကတော့ နောက်တစ်ကဏ္ဍပေါ့။ ဈေးရုံတွေမှာ မီးလောင်လို့ ဆုံးရှုံးသွားရတာတွေ ရှိသလို အရေးပေါ်ကျန်းမာရေး ကိစ္စတွေအတွက် ဆေးတွေကို ပိုပြီး အဝယ်လိုက်လာတာမျိုးတွေကလည်း ခြွင်းချက် အနေနဲ့ရှိတယ်။ ထားပါတော့။ ပြောချင်တာကတော့ ခေးက ရန်ကုန်နဲ့ မန္တလေးကို ၁ နှစ်ကို ၃ ခါ လောက် လွန်းပျံထိုးရတယ်ပေါ့။ ခေးတို့ မန်းလေးသွားရင် များသောအားဖြင့်တော့ ပြင်သစ်နိုင်ငံက ကိုယ်စားလှယ်မန်နေဂျာ Country Manager-CM ပါတယ်။ တခါတလေတော့ ဆရာလည်း ပါတတ်တယ်။ ဆေးတွေအကြောင်းသင်ရင်းနဲ့ အစည်းအဝေးကိုပါ ပေါင်းလုပ်တာကိုး။ သူတို့ပါရင်တော့ ခေးတို့က လေယာဉ်နဲ့ သွားရတယ်။ ခေးတစ်ယောက်တည်း ဆိုရင်တော့ ကားနဲ့ပဲ သွားရတယ်။

မနှစ်က ဒီဇင်ဘာကုန်ခါနီးပေါ့။ ခေးတို့ရုံးရဲ့ ထုံးစံအတိုင်း အထက်မြန်မာပြည်ကို ရွှေ့ဖို့လုပ်ရတယ်။ ဒီတစ်ခါ တော့ ပစ္စည်းအသစ်တွေ ဝင်ထားတော့ အချိန်က တော်တော်ယူရတယ်။ ၅ ရက်လောက်တောင် ဆိုတော့ နည်းနည်း တော့မလွယ်ကြောပဲ။ ဒါပေမယ့် CM ပါမယ်၊ သူကတော့ ဈေးကွက်အကြောင်းသင်မယ်။ ခေးက ဆေးပစ္စည်းတွေ အကြောင်းသင်မယ်။ တစ်လှည့်စီသင်ရမှာဆိုတော့ သိပ်ပြီးတော့ မပင်ပန်းလောက်ပါဘူးပေါ့။ ဒီလိုနဲ့သွားဖို့လုပ်တော့ မနက်ဖြန်ခါလို သွားမယ်လည်းဆိုရော ဒီနေ့ညနေ CM က ကားအက်ဆီးဒင့်တစ်ခု ဖြစ်တယ်။ နိုင်ငံခြားသားဆိုတော့ ရှင်းရတာကြာနေတဲ့ အပြင် နဂိုတည်းက နှလုံးရောဂါရှိတဲ့သူဆိုတော့ သူပြနေကြ ဆေးခန်းက ဆရာဝန်က လောလောဆယ် အနားယူရမယ်။ လေယာဉ်မစီးပါနဲ့ဦးတဲ့။

 ဟိုမှာကလည်း တခြားရုံးကလူတွေကို လာဖို့ဆိုပြီး အကုန်လုံးကို အကြောင်းကြားပြီးပြီဆိုတော့ ခေး တစ်ယောက်တည်း သွားဖို့အကြောင်းဖန်လာတာပေါ့။ ခေးက အရင်သွားနှင့်၊ နောက်ရက်တွေကျမှ ဆရာတို့တွေက လိုက်လာကြမယ်။ တောင်ကြီးဘက်ကို ဆက်ထွက်မယ်ပေါ့။ ခရီးထွက်ခါနီးမှ အဲလိုရုတ်တရက်ထဖြစ်တော့ စီစဉ်ထား တာတွေဟာ အကုန်လုံးအလွဲလွဲအချော်ချော် တွေဖြစ်ကုန်တာပေါ့။ စာသင်ဖို့အတွက် သယ်သွားရမယ့် ဖိုင်တွေ၊ ဟိုမှာ အစည်းအဝေး လုပ်ဖို့အတွက်အရေးကြီးတဲ့ ဖိုင်တွေ၊ အို…အားလုံး ခေးတစ်ယောက်တည်းပဲ သယ်ရတော့မယ်။

~

ဒါနဲ့ပဲ မရှပ်ပြာ ခေးတစ်ယောက် မနက်ဖြန်ခါသွားဖို့ကိစ္စကို ဒီညနေမှပဲ သုတ်သီးသုတ်ပြာ စီစဉ်ရတော့တယ်။ လက်ဆွဲခရီးဆောင်အိတ်လေးထဲကို အဝတ်အစားတွေထည့်၊ ယူသွားမယ့် စာရွက်၊ ဖိုင်တွေ ကိုတော့ သက်သက် တစ်အိတ်ထဲထည့်၊ Laptop ကိုတော့ လွယ်သွားမယ်ပေါ့။ ပျာတီးပျာယာလုပ်တတ်တဲ့ ခေးဟာ လေယဉ်လက်မှတ်ကို ဘယ်အချိန်လဲဆိုတာကိုတောင် သေချာမကြည့်မိဘူး။ ခေးစိတ်ထဲမှာ မနက် ၉ နာရီလို့ ထင်ထားပေမယ့် ကော်ဖီ သောက်တဲ့အချိန်ကျမှ ကြည့်လိုက်တော့ မနက် ၈ နာရီခွဲထွက်မှာတဲ့။ ဒီလိုဆိုတော့လည်း ခေးရဲ့ထုံးစံအတိုင်းပဲ  ဒုံးစိုင်းရတော့တာပေါ့။ ခေးစီးလာတဲ့ တက္ကစီက ပြည်တွင်းထွက်ခွာဆိုတဲ့ အပေါက်ဝကို အရောက်၊ Counter ပိတ်ပြီလို့ အဲဒီက ဝန်ထမ်းတွေက ပြောပါလေရော။

~

ဒီတော့ ကားပေါ်က ပစ္စည်းတွေကို ဆွဲချ၊ အလောတကြီးနဲ့ ပြေးအဝင်၊ ခြေလှမ်းတောင် ၄ လှမ်း ပြည့်အောင် မလှမ်းရသေးဘူး။ ခေးအရပ်ထက်နည်းနည်း ပိုရှည်နေတဲ့၊ ခေါက်ဝတ်ဖို့ မေ့လာခဲ့တဲ့ ဂျင်းဘောင်းဘီအောက်နားကို ဖိနပ်အချွန်နဲ့ တပ်နင်းအမိ၊ ဗိုင်းခနဲ့ အသံနဲ့အတူ ခေးကိုမျက်စိထဲမှာ ကြယ်တွေ၊ လတွေစုံသွားပါတယ်။ စောစောက ကျွတ်စီကျွတ်စီမြည်နေတဲ့ လေဆိပ်ဟာ တိတ်သွားတယ်။ အားလုံးရဲ့ မျက်လုံးတွေဟာ ခေးအပေါ်မှာ စုပြုံလာသလိုပဲ။ ကိုယ့်ဝတ်ထားတဲ့အဝတ်အစားကို ကိုယ့်ဘာသာ ပြန်နင်းမိလို့ ချော်လဲရတဲ့အဖြစ်ဟာ အတော့်ကို ရုပ်ပျက် ဆင်းပျက်နိုင်တာပေါ့။  ခေးလေ အငွေ့ဖြစ်ပြီး ပျောက်တောင် သွားချင်တယ်။

ပွင့်လင်းပေမယ့် ရှက်တတ်တဲ့ခေးဟာ မလှမ်းမကမ်းက ခုံမှာထိုင်နေတဲ့ ရွယ်တူကောင်လေးတွေကြောင့် အပေါ်ကိုတောင် မော့မကြည့်ရဲလောက်အောင်ဖြစ်သွားပါတယ်။ နာလည်းနာ၊ ရှက် လည်းရှက်နဲ့ အဲဒီနေရာလေးမှာပဲ ခြေထောက်ကို ပွတ်နေတဲ့အချိန်မှာပဲ ခေးနဲ့ လက်တစ်ကမ်းအကွာကို ရောက်သွားတဲူ့စေအသစ ရယ်၊ ပုခုံးပေါ်ကနေ လွင့်ထွက်သွားတဲ့ အိတ်ရယ်ကို ကောက်ယူနေတဲ့ တစ်စုံတစ်ဦးရဲ့ လက်၊ ပြီးတော့ ခေးဆီကို လှမ်းလာနေတဲ့ ညှပ်ဖိနပ် နီညိုရောင်စီးထားတဲ့ ခြေထောက် အစုံ။ ”အဆင်ပြေရဲ့လား…ချာတိတ်” လို့မေးသံကြားပေမယ့် ရှက်ရှက်နဲ့ ထူပူနေတဲ့ ခေးဟာ ခေါင်းညိမ့်ပြမိသလား၊ ခေါင်းခါပြမိသလားမသိဘူး။ သေချာတာကတော့ အဲဒီတစ်စုံတစ်ယောက်သောသူဟာ ခေးအနားမှာ ရပ်နေဆဲဆိုတာကိုပါပဲ။

 ~

”လမ်းလျှောက်လို့ ရရဲ့လားကွ” လို့ မေးသံထပ်ကြားတော့မှ ထရပ်ဖို့သတိရသွားတဲ့အထိ ကြောင်တောင် တောင်ကိုဖြစ်နေပါတယ်။ ခေးကို ဒုက္ခပေးသွားတဲ့ ချစ်လှစွာတဲ့ ဖိနပ်ထိပ်က ကြိုးတစ်ချောင်းပြတ်သွားလို့ ဖိနပ်စီးဖို့ရာ လည်း ဘယ်လိုမှကို အဆင်မပြေတော့ပါဘူး။ လမ်းလျှောက်ရတာလည်း အတော်ကို ကသိကအောက် ဖြစ်သွားပါတယ်။ ဒီအချိန်မှာ ကောင်တာကို သွားပြီးဝန်ထမ်းတစ်ချို့နဲ့ စကားပြောနေတဲ့ စောစောကလူရဲ့ ကျေးဇူးကြောင့် ခေးလည်း အတွင်းထဲကို အဆင်ပြေပြေ ဝင်လို့ရသွားပါတယ်။ ခေးရဲ့ ပစ္စည်းတွေကို စစ်တာ၊ သယ်တာကလည်း သူပဲ လုပ်ပေးခဲ့ တယ်နဲ့တူပါတယ်။

 ~

ငိုချင်နေတဲ့ ခေးဟာ ၅ မိနစ်လောက်ကြာတဲ့အထိ နာနေတဲ့ခြေထောက်ကိုပဲ လက်နဲ့ ပွတ်နေမိပါတယ်။ စိတ် ထဲကနေလည်း ”ငါနော်။ ဘာလို့များ လောမိတာပါလိမ့်။ ခုချက်ခြင်းလည်း လေယာဉ်က တက်သေးတာ မဟုတ်ဘဲနဲ့။ အခုတော့ အရှက်ကိုလုံးလုံးကွဲတာပဲ” ကိုယ့်ကိုယ်ကိုယ်ဘဲ အဲဒီလို အပြစ်တင်နေတော့ ခေးဘေးနားမှာရှိတဲ့ စောစော ကလူ ဘယ်ရောက်သွားမှန်းမသိလိုက်ဘူး။ လူတစ်ယောက်နဲ့ အလွယ်တကူမိတ်ဆွေမဖြစ်လွယ်တတ်တဲ့ မကောင်းတဲ့ ဥာဉ်လေးရယ်၊ ကျေးဇူးတင်စကားကိုတောင် အဆီအပေါက်တည့်အောင် မပြောတတ်တာရယ်ကြောင့် စောစောကလူကို စကားတစ်ခွန်းမှ မပြောဖြစ်သေးဘူး။

 ~

အဲဒီခဏလေးအတွင်းမှာ ခေးအနားကို စောစောကလူကြီး ပြန်ရောက်လာပြီး ဖိနပ်အပါးလေးတစ်ရံကို ”မင်းအတွက်” ဆိုပြီး ပေးလာပါတယ်။ သူပြောတဲ့ စကားသံနည်းနည်းလေးဝဲနေပြီး ခေးဆီကို ဖိနပ်လှမ်းပေးတဲ့ ညာဘက်လက်ခုံမှာ မှဲ့နက်နက်လေးတစ်လုံးရှိနေပါတယ်။ ခေးကိုပြုံးပြနေတဲ့ အဲဒီလူကြီးဟာ ခေးထက် အသက် ၆၊ ၇ နှစ်လောက်ကြီးပုံပေါ်ပါတယ်။ သူလည်း ခရီးသွားမယ့်သူပဲထင်ပါရဲ့။ သူရင်ဘက်မှာက့ ညေါသည ဗငမတပေ တဲ့။ ခေးနဲ့ လေယာဉ်ချင်းတော့မတူဘူးပေါ့။ သူတို့က နောက်ကျမယ်နဲ့ တူပါတယ်။ ခုနက သူ့ ပစ္စည်းတွေကို ဃ့နခှုည လုပ်နေ တုန်း ခေးချော်လဲလို့လာထူတာပေါ့။

 ~

”လန့်နေတယ် ထင်တယ်၊ သောက်လိုက်ပါဦး” ဆိုပြီး ခေးရှေ့ကို ကော်ဖီအေးတစ်ခွက်ပေးတော့လည်း ခေး က တုန်တုန်ရီရီနဲ့ ယူပြီးမော့သောက်ပစ်လိုက်တယ်။ သူ ဝယ်ပေးတဲ့ မုန့်၊ ဟမ်ဘာဂါ ဖြစ်မယ်ထင်တယ်။ အဲဒါကိုလည်း ယူစားလိုက်တယ်။ အဲဒီအချိန်အထိလည်း ကျေးဇူးတင်စကား မပြောဖြစ်ဘူး။ နှုတ်နှေးနေတဲ့ ခေးက ဘယ်လိုစကားစ ပြောရမှန်း မသိဖြစ်နေတုန်းမှာပဲ ”ဗငမြေါညေ လေကြောင်းလိုင်းနဲ့ မန္တလေး၊ ပုဂံကိုလိုက်ပါမည့် ခရီးသည်များ၊ …” ဆိုပြီး လေယာဉ်ပေါ်တက်ဖို့ သတိပေးသံကြောင့် ခေးလည်း မတ်တပ်ရပ်မိပါတယ်။ ဖိနပ်ရှာပေးခဲ့တဲ့အတွက်ရယ်၊ ခေးရှက် နေတဲ့အချိန်မှာ အဖော်ပြုပေးခဲ့တဲ့အတွက်ရယ်ကို ကျေးဇူးတင်စကား ပြောရမယ့်အစား ”သွားတော့မယ်နော်”  ဆိုတဲ့ စကားတစ်လုံးတည်းသာ အပြေးအလွှားပြောခဲ့ရတယ်။ သူ့အနားကထွက်ခါနီးတောင် သူ့ခြေထောက်ကို တစ်ခါထပ်ပြီး ခလုတ်တိုက်ဖြစ်လိုက်တဲ့ ခေး ကိုတော့ အတော် နမော်နမဲ့နိုင်တဲ့ မိန်းကလေးပဲ ဆိုပြီး ကောက်ချက် ချကောင်းချပါလိမ့်မည်။

~

အဲဒီအခေါက်က မန္တလေးကို ဘယ်လို ရောက်သွားမှန်းတောင်မသိဘူး။ လာကြိုတဲ့ကားပေါ်မှာ အထုပ်တွေ တင်ပြီးတော့ တည်းမယ့် ဟိုတယ်သာရောက်သွားတယ်။ ခေး အရှက်မပြေသေးဘူး။ နောက်တစ်ခေါက်သွားရင် ပစ္စည်း အားလုံးစုထည့်လို့ရအောင် Laggage ကိုပဲ ယူသွားတော့မယ်။ ဂျင်းပင်(န်) မဝတ်တော့ဘူး။ တပြေးတည်းညီတဲ့ ဖိနပ်ကိုပဲ စီးသွားတော့မယ်။ လေဆိပ်ကို အချိန်မှီရောက်အောင် သွားမယ်။ စိတ်ထဲကနေ အဲဒီလိုအရှက်ပြေ အစီအစဉ် ဆွဲနေရင်းနဲ့ အစောပိုင်းလေးက အကူအညီပေးခဲ့တဲ့ လူကြီးကို သတိရလာတယ်။ ကျေးဇူးတင်စကားတောင် မပြောဖြစ်ခဲ့ပါလား။

 ~

အဲဒီတစ်ခေါက် ပြန်လာပြီးကတည်းက ရန်ကုန်မှာ ဟိုဟိုဒီဒီသွားရင် လူကြီးကိုများ တွေ့မလားလို့ ကြည့်မိတတ် လာတယ်။ တကယ်တော့ ပြန်တွေ့ဖို့ဆိုတာကလည်း ဘယ်လိုလုပ် သေချာမလဲနော်။ ကဲ ပြန်တွေ့ပါပြီတဲ့။ ခေးက ဘာလုပ်မှာလဲ။ ကျေးဇူးတင်စကားပြောပါပြီတဲ့။ သူက ခေးကို မှတ်မိရင်တော်ရဲ့။ မမှတ်မိရင် ဘယ်လိုလုပ်မလဲ။ ခေးက သူငယ်ချင်းတွေကို အဲဒီအကြောင်းပြောပြတော့ သူတို့က ရယ်ကြတယ်။ ”နင့်လူကြီးလက်ခုံက မှဲ့မဖြစ်နိုင်ပါဘူး။ ကြွက်နို့ဖြစ်မှာပါတဲ့။” ခေးက အတည်ပြောတာကို သူတို့က လှောင်ကြတယ်။ ခေးကို သူတို့က ”ပူစီ” တဲ့။ ကြောင် လိုက်တာ လို့ပြောတာပေါ့။  ဒါပေမယ့် ခေး လူကြီးကို ပြန်တွေ့ချင်တာက တကယ်ပါ။

 ~

ခေးအလုပ်လုပ်နေရင်းနဲ့လည်း တခါတခါ အဲဒီလူကြီးကို သတိရနေမိတယ်။ သိပ်ကြာကြာတော့ ဘယ်သတိရ နိုင်မလဲနော်။ အလုပ်က အလုပ်ပဲ မဟုတ်ဘူးလား။ ရှေ့လတုန်းက ကုန်စည်ပြပွဲတွေလုပ်တော့ ခေးတို့ ရုံးကလည်း တနေရာယူလိုက်တယ်။ စားသောက်ကုန်ပြပွဲက ဆေးတွေနဲ့ဆိုင်တော့မဆိုင်ပေမယ့် ခေးတို့ဆီမှာ အစာကြေဆေး အသစ်တစ်မျိုး ဝင်ထားတာရှိတယ်။ ဒီတော့ ကုန်ပစ္စည်းအသစ်ကို လူတွေသတိပြုမိအောင် အဲဒီလို ပြပွဲတွေကနေ တဆင့်သွားတာပေါ့။ ခေးတို့ဆိုင်ခန်းပတ်လည်တွေက အကုန် စားသောက်ကုန်တွေချည်းပဲ။ မြန်မာမုန့်ကအစ လာပြီးခင်းကျင်းကျမှာလေ။ အဲဒီပြပွဲလေးရက်မှာ ခေးက ရှေ့ဆုံးတစ်ရက်၊ နောက်ဆုံး တစ်ရက် ၂ ရက်သွားရမယ်။ ပထမနေ့ကတော့ လူတွေ တော်တော်များများ လာကြတယ်။ ဌာနဆိုင်ရာ လူကြီးတွေ အဝင် အထွက်ကလည်း ရှိတော့ လူက ဖတ်ဖတ်ကို မောလို့။

 ~

ပြပွဲရဲ့ နောက်ဆုံးနေ့။ အဲဒီနေ့က လိုတဲ့ဆေးတွေကို ရုံးမှာ လှည့်ဝင်ယူဖို့ရှိပေမယ့် လှည်းတန်း မီးပွိုင့်က စောစောစီးစီးပိတ်နေတော့ ခေးရဲ့ ထုံးစံအတိုင်း သုတ်သီးသုတ်ပြာဖြစ်ရတာပေါ့။ ရုံးကို ကတိုက်တရိုက် သွားပြီး ဆေးတွေယူ၊ ပြီးတော့ ခန်းမရှိရာကိုသွား။ ပစ္စည်းတွေပါလာတော့ ရှေ့ပေါက်က မဝင်ဘဲနဲ့ ကားသမား ဦးလေးကြီးကို နောက်ပေါက်ကိုပဲ တန်းပြီး မောင်းခိုင်းရတယ်။ ပစ္စည်းတွေကိုမချသေးဘဲနဲ့ အဝကနေ လှမ်းကြည့် လိုက်တော့ ရောက်နှင့်နေတဲ့ ဝန်ထမ်းတွေက ရှိတဲ့ပစ္စည်းတွေနဲ့ ခင်းကျင်းပြီးနေပြီ။ ဒီတော့ ခေးက အေးဆေးပဲဆိုပြီး အတွင်းဘက်ကိုလျှောက်ဝင်လိုက်တုန်းမှာ လဖက်ထုပ်တွေကို သယ်လာတဲ့ ဝန်ထမ်းတစ်ယောက်က နောက်ကနေ ဝင်တိုက်တယ်။ လူကတော့ လဲမသွားပေမယ့် လက်ထဲမှာ ဟန်ပါပါနဲ့ကိုင်ထားတဲ့ စာအုပ်ရယ်၊ ဘောလ်ပင်ရယ်ကတော့ ပြုတ်ကျသွားတယ်။ ကိုယ်က မတိုက်တော့လည်း ကိုယ့်ကို လာဝင်တိုက်တယ်။

~

စာအုပ်ကိုငုံ့ကောက်နေတုန်းမှာ ”စောစောက ဝန်ထမ်းလေးကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊ ကျွန်တော့်တို့လည်း ဒီပြပွဲမှာ လဖက်တွေကို လာပြီးခင်းကျင်းတာပါ” ဆိုတဲ့ ဝဲတဲတဲအသံကို ကြားလိုက်တော့ ခေးလေ ကြက်သီးတောင်ထသွားတယ်။ ၁ဝ လ လောက်ကြာတာတောင်မှ မမေ့နိုင်သေးတဲ့ အသံရှင်ပေါ့။ ခုနက တိုက်သွားတဲ့ ကောင်လေးကိုတောင် ကြံဖန်ပြီး ကျေးဇူးတင်မိတယ်။ တကယ်ပြောတာ။ လှုပ်ရှားနေတဲ့စိတ်ကို အတတ်နိုင်ဆုံး ထိန်း၊ ”ပြဿနာမရှိပါဘူး”လို့ ခေးကပြောပြီး မော့ကြည့်လိုက်တော့ သူလည်း ခေးကိုမှတ်မိသွားတယ်။ ”အော်. ချာတိတ်”တဲ့။

~

အခု ခေးလမ်းသွားရင် ခလုတ်တိုက်မိမှာ၊ လဲမှာ မစိုးရိမ်ရတော့ဘူး။ ဖေဖေ အပြင်သွားရင် တွယ်ကပ်ပြီး လိုက် မရှုပ်တော့ ပြာကလပ်စိန်လို့ အခေါ်မခံရတော့ဘူး။ ခေးအပြင်သွားမယ်ဆိုရင်လည်း မေမေက စိတ်ချလက်ချ လွှတ်ပြီ။ မေမေမပါပေမယ့်လည်း ခေးလျှောက်မယ့် လမ်းတွေကိုကြည့်ပေးမယ့်သူ ခေးဘေးမှာရှိနေလို့လေ။ ဘယ်သူလဲ ဆိုတာတော့ ခေးမပြောလဲ ရိပ်မိကြမှာပေါ့နော်။

~

 

ခေးကို

24၊ 12၊ 2010

 

”ယု” December 21, 2010

နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်ထားမိသော်လည်း သူမ၏ မျက်ဝန်းထဲမှ မျက်ရည်ကြည်များက ထွက်ကျ မလာ။ ”ငိုချင်ရင် ငိုချလိုက် ယုဝေ” လို့ဘေးပတ်ဝန်းကျင်မှ ပြောသော အသံသည် သူငယ်ချင်းတစ်ဦးဦး သို့မဟုတ် မောင့်၏ညီမငယ် ဖြစ်ကောင်းဖြစ်လိမ့်မည်။ သူတို့သည် စကားပေါင်းများစွာကို ပြောဆိုနေကြသည်။ ဖြစ်ရပ်တစ်ခု တည်းကိုပဲ သုံးသပ်ချက်အမျိုးမျိုးပေးနေကြသော်လည်း ယခုအချိန် ယုအနားတွင် မည်သူတို့ရှိပြီး မည်သို့ ဖြစ်ပျက်နေ သည်ကို အာရုံမထားမိ။ ယုသည် ဝမ်းနည်းသည်လား၊ နောင်တရနေသည်လား မကွဲပြားသော်လည်း သူမရင်တခုလုံး ဆို့နင့်နေသည်။ ယု သည် လတ်တလော ကာလကိုမေ့ထားချင်သည်။ သို့မဟုတ် ယခုအခြေအနေမှ ထွတ်ပြေး လွတ်မြောက် သွားချင်သည်။ အိပ်မက်တစ်ခုဆိုလျှင်လည်း မိမိကိုယ့်ကို မြန်မြန်နိုးထချင်နေမိသည်
.
”ကောင်မလေးက သနားပါတယ်”
”ဒီလောက် ပွေချင်တဲ့ကောင်၊ ဖြစ်မှာပေါ့”
”ယု ကိုပြောပါတယ်။ ဒီကောင်မျိုးကို ပြန်မကြိုက်ပါနဲ့လို့”

.
ထိုအသံများနောက်ကွယ်တွင် ယုသည် မောင့်ကို လိုက်လံရှာဖွေနေမိသည်။ မောင်သည် ယု အနားတွင်သာ ရှိလိမ့်မည်ဟု ယုံကြည်နေမိသည်။ မောင်သည် ယုအနားမှ လွဲပြီး တခြားသို့ လွယ်လွယ်ကူကူ ထွက်သွားနိုင်မည် မဟုတ်ပေ။ မောင့်ကို အော်ခေါ်ချင်နေမိသော်လည်း အာခေါင်တွေ ခြောက်ကပ်နေမိသည်။ တနေရာရာကို စိုက်ကြည့် နေဟန်တူသော်လည်း ယု သည် ဘယ်အရာကိုမျှ မမြင်နိုင်ပေ။
.
မောင်
.
ယုကို မောင်က ချစ်သည်ဟု ဆိုခြင်းသည်လည်ကောင်း၊ မောင့်အချစ်ကို ယုက လက်ခံခဲ့ခြင်းသည် လည်းကောင်း အားလုံးအတွက် အထူးအဆန်း ဖြစ်နေခဲ့သည်။ ယု ကဲ့သို့ မာထန်ထန်မျက်နှာထားနှင့် မာရေကျောရေ နိုင်လွန်းလှသော မိန်းကလေးသည် ယုတို့မြို့၏ နှုတ်ခမ်းနီမလေးများကြား တွင် ရေပန်းစားသော၊ မျက်နှာများသူဟု နာမည်ကျော်ကြား လှသော မောင့်လိုလူတစ်ယောက်ကို ချစ်သူအဖြစ်လက်ခံခြင်းသည် နောက်ဆုံးပေါ် အကျီစဒီဇိုင်း ကဲ့သို့ပင် မိန်းမပျိုလေး များကြားတွင် ခေတ်အမီဆုံးသတင်းအဖြစ် နေရာယူသွားခဲ့သည်။
.
”ကိုယ့်လက်ထဲရောက်မှ ခြေငြိမ်သွားတယ်ဆိုတာမျိုးက ၁ဝရေး ၁ ရေးတောင်မရှိပါဘူး ယုဝေရယ်။ ငြိမ်းမောင် က နင်နဲ့ ချစ်သူဖြစ်ပြီးသွား ရင်လည်း အရင်ကလို ခြေမရှုပ်ဘဲ နေနိုင်မှာမဟုတ်ပါဘူး။ အလကားသက်သက် စိတ်ညစ် မခံချင်စမ်းပါနဲ့” ဆိုပြီးတားမြစ်လာသော ယု၏ မိန်းကလေး သူငယ်ချင်းတော်တော်များများနှင့် အတိုက်အခံ လုပ်ကာ ယုက မောင့်ကို ပြန်ချစ်ခဲ့ခြင်းဖြစ်သည်။ ယုက မောင့်ကို ပြုပြင်ပေးချင်သော စိတ်သဘောမျိုးနှင့် ချစ်ခဲ့ခြင်း မဟုတ်ကြောင်းကို သူငယ်ချင်းများက နားလည်မည်မဟုတ်ပေ။ သူတို့သိအောင်လည်း ဘယ်သောအခါမျှလည်း ထုတ်ဖော် ပြောမည်မဟုတ်ပေ။
.
”ယု…မောင့်ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လား” ဆိုသော မေးခွန်းကို အထပ်ထပ် အခါခါမေးခဲ့သည့် အခါတိုင်း ”မောင်က ဘယ်လိုထင်လို့လဲ” ဆိုသော မေးခွန်းများဖြင့်သာ သူမ ပြန်ပြီး တုံ့ပြန်မေးခဲ့မိသည်။ ”ယုက သူငယ်ချင်းတွေတားလို့သာ ယုရဲ့ ဇွတ်တရွတ်စိတ်ထားအတိုင်း မောင့်ကို ပြန်ချစ်ခဲ့တာမလား” ဟု မောင်ပြောလျှင် ယုက အထူးတလည် ပြန်ပြီး ငြင်းချက်မထုတ်မိပေ။ ”မောင့်ကို အရမ်းချစ်တာပဲ” ဟု ယု ဖြေချင်မိသည်။ သို့သော် များပြားလှသော မောင့်၏ ချစ်သူအမည်ခံ မိန်းကလေးများသည်လည်း ထိုသို့ပြောဖူး လိမ့်မည်ဟု တွေးမိလိုက်ချိန်တွင် ယု၏နီရဲသောနှုတ်ခမ်းများသည် သိသိသာသာ တွန့်ကွေးသွားခဲ့သည်။ တနည်းအားဖြင့်တော့ ထုံပေပေ လူတစ်ယောက် ၏ မဲ့ပြုံးအဖြစ် ပုံစံပြောင်းလဲသွားခဲ့ရသည်ကို မောင်ကသိလိမ့်မည်မဟုတ်။
.
ချစ်သူတို့သဘာဝအတိုင်း မောင့်ပခုံးလေးကို ခေါင်းလေးမှီကာ ”ယုကို ဘာကြောင့်ချစ်တာလဲမောင်၊ သို့မဟုတ် ယုကို ဘယ်လောက်ချစ်သလဲ မောင်” ဆိုပြီး တခါတရံတွင် မေးချင်မိသော်လည်း ထိုဆန္ဒသည် ပကတိ စိတ်ကူးသက်သက်မျှသာ ဖြစ်ခဲ့သည်။ ထိုစကားတို့သည် အိပ်မက်ထဲတွင်မေးသော စာလုံးများ သို့မဟုတ် မောင်နှင့် ဆုံချိန်တွင် လည်ချောင်းထဲတွင်သာ ပျော်ဝင်သွားသော စကားလုံးများသာဖြစ်ခဲ့သည်။ ယုမမေးဘဲနှင့် မောင်က ပြောပြ သင့်သည်ဟု ယူဆသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။
.
တခါက မောင်နှင့် အအေး ဆိုင်ထိုင်ရင်း မောင့်အကျီကော်လာတွင် အစွန်းရာတစ်ခုတွေ့၍မေးမိသည်ကို ”ချစ်သူဟောင်းတွေရဲ့ နှုတ်ခမ်းနီရာ ထင်လို့လားယု၊ သဝန်တိုနေတာလား’ ဟု မောင်က ရယ်ကျဲကျဲနှင့် ပြန်ပြီး မေးခဲ့ဖူးသည်။ ထိုအခါတွင် ယု၏ ပုံစံအတိုင်း နှာခေါင်းရှုံ့၍ ”စိတ်မဝင်စားဘူးမောင်” ဟု ပြန်ဖြေခဲ့သော်လည်း ရင်ဘက်ထဲက စူးပြီး အောင့်ခဲ့ရသည်ကို ယုက မှတ်မိနေသည်။ ယုနှင့်ချစ်သူမဖြစ်ခင် နှုတ်ခမ်းနီပေါင်းများစွာနှင့် ရင်းနှီးခဲ့ပြီးဖြစ်သည်ကို ယုသိထားသော်လည်း ယခုကဲ့သို့ ပွင့်လင်းစွာမေးလာသော ရိုက်ခတ်မှုကို ဘယ်လိုနည်းနှင့်မျှ ယု မခံစားနိုင်ပေ။
.
တကယ်တော့ ယုသည်လည်း သာမန် မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် မနာလိုခြင်း၊ သဝန်တိုတတ် ခြင်းတို့ ရှိသည်ကို မောင်သိသင့်သည်။ ငယ်စဉ်ကတည်းက မျက်နှာထား တည်တည်နေတတ်သောအကျင့်ရှိသည့် ယုတွင် ပျော်ရွှင်ခြင်းလည်းရှိသည်။ ဝမ်းနည်းခြင်းလည်းရှိသည်။ ကြည်နူးခြင်း၊ ကြေကွဲခြင်းတို့သည်လည်း ရှိနေသည်။ သို့သော် ထိုအရာတို့ကို ယု၏ မျက်လုံးများမှ လည်းကောင်း၊ နှုတ်ဖျားမှ စကားအဖြစ်လည်းကောင်း ဘယ်သောအခါမှ ခြေရာခံခွင့်မရနိုင်ပေ။ မရယ်မပြုံးမျက်နှာဟု သူငယ်ချင်းများသတ်မှတ်ကြသည့်အတိုင်း မောင်သည်လည်း ယု၏ အပြင်ပန်းသွင်ပြင်ကိုသာ ရှု့ကြည့်ခဲ့သူဖြစ်လိမ့်မည်။
.
ယုကိုယ်တိုင်က သူတပါးပုံသွင်းလောင်းခြင်းခံရသည်ကို မနှစ်သက်သကဲ့သို့ တခြားသူတစ်ယောက်ကိုလည်း အမိန့်၊ ကတိတွေဖြင့် ပုံစံ ပြောင်းပေးရန် ဘယ်သောအခါကမျှ စိတ်မကူးခဲ့ပေ။

”ယုကို ချစ်ရင် ဆေးလိပ်မသောက်နဲ့နော်၊ ဆိုင်ကယ်စီးတာ ဖြေးဖြေးစီးနော်၊ သူငယ်ချင်းတွေနဲ့ လဘက် ရည်ဆိုင်မထိုင်နဲ့နော်၊ ဘီယာမသောက်နဲ့နော်၊ ရည်းစားဟောင်းတွေနဲ့ ပြန်မဆက်သွယ်နဲ့နော် ဆိုပြီး ယုက ပြောမှာ မဟုတ်ဘူးနော်။ ဘာဘာညာညာဆိုပြီး ယုက ချုပ်ချယ်မှာ မဟုတ်ဘူး။ အားလုံးကိုမောင့်သဘောအတိုင်းလုပ်။ တခုရှိတာက မောင်လုပ်တဲ့ ကောင်းကျိုးတိုင်း၊ ဆိုးကျိုးတိုင်းကို ယုပါ လိုက်ပြီးခံစားနေရတာကိုတော့ မောင်မမေ့နဲ့၊ ယုအပေါ် မောင်ချစ်ခြင်း၊ မချစ်ခြင်းက မောင့်အပြောနဲ့ မဆိုင်ဘူး။ မောင့်အပြုအမူနဲ့ပဲ ဆိုင်တယ်”
.
ထိုသို့ ယုပြောခဲ့စဉ်က မောင်ဟက်ဟက်ပက်ပက်ရယ်ခဲ့ဖူးသည်။ ”လည်လိုက်တာကွာ” ဆိုပြီး ယု နဖူးကို လက်ဖြင့် ဖွဖွလေးတောက်လိုက်ချိန်တွင် မောင့်အနားမှာ ကလေးတစ်ယောက်လိုတွယ်ကပ်နေချင်စိတ်က ကြီးစိုးလာ သည်။ သို့သော် ယုသည် ယုသာဖြစ်ရမည်။ ယခင်မောင် တွဲခဲ့ဖူးသော မူနွဲ့နွဲ့ မိန်းကလေးများနှင့် ပုံသဏ္ဍန်မတူချင်ပေ။ သူတို့လိုမျိုး မောင့်အနားတွင် တောက်တဲ့လိုတွယ်ကပ်နေပြမှရလာမည့် မောင့်အချစ်မျိုးကို ယု မလိုချင်ပေ။ ထို့အတွက်ကြောင့် ယုကို အေးစက်သော မိန်းကလေးဟု မောင်က သတ်မှတ်ခဲ့ခြင်းဖြစ်မည်။
.
မျက်နှာများသူတစ်ယောက်ကို ချစ်ခဲ့မိသည့်အတွက် တနေ့ကျရင် ခံစားရမှာပဲဆိုသည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက စောင့်ကြည့်နေသည့် မျက်လုံးမျိုးကို ယုက ရွံမုန်းသည်။ မောင့်၏ များပြားလှစွာသော ကောင်မလေး များအကြောင်းကို မောင်နှင့် သို့မဟုတ် မောင့်မိတ်ဆွေများနှင့် စကားဝိုင်းဖွဲ့ပြီးပြောဖြစ်သည်။ ယုချစ်သလောက် မောင်ကလည်း ချစ်သည်၊ မောင်တကယ်ချစ်သောသူသည် ယု သာဖြစ်သည်ဟု ရူးမိုက်စွာ ယုံကြည်ခဲ့သည့် အတွက်ကြောင့်လည်းပါသည်။ တချို့အကြောင်းအရာများသည် ရှင်းပြရန်အလွန်ခက်ခဲသည်။ မောင့်အကြောင်းကို သူများပြောပြသည်ကိုလည်း လက်မခံလို။ မောင်ကိုယ်တိုင်သာ ပြောစေချင်သည်။ သို့သော် မောင်ကိုယ်တိုင် ပြောသော အခါတွင်လည်း အမှန်တွေ မဖြစ်စေချင်။
.
ယု၏ ခံယူချက်တချို့သည် တချို့မိန်းကလေးများနှင့် ဖြောင့်ဖြောင့်ကြီးကို ကွာခြားသွားသည်လည်း ရှိသည်။ မသိမသာ ကွဲပြားမှုလည်း ရှိနေသည်။ ယုက ”အမေ့ချစ်တဲ့သားတစ်ယောက်ကသာ အမေဖြစ်လာမည့် မိန်းမကို ချစ်တတ်လိမ့်မယ်”လို့ ပြောသည်ကို သူမတို့အထည်ဆိုင်အနီးသို့ ရောက်နေသော မောင့်မေမေက ကြားသွားခဲ့သည်။ ချစ်သူနှင့် မိခင် နှစ်ယောက်ကြားမှာ မိခင်သည်သာ ပဓာနကျသည်ဆိုသော ယု၏ ခံယူချက်ကြောင့်ပင် ယု သည် မောင့်မေမေ၏ အသည်းစွဲဖြစ်လာခဲ့ရသည်။ မောင့် မေမေ၊ မောင့်ညီမငယ်တို့နှင့် တသားတည်း ကျသွားခဲ့သည်။ မောင်နှင့်ပတ်သက်လာလျှင် ယု ကသူ့ကိုယ်သူ အိမ်တစ်ဆောင်ဟု သတ်မှတ်ထားသည်။ မောင်သည် သွားချင်သော အရပ်တိုင်းသို့ သွားခဲ့ပြီးပြီ။ ယခု အချိန်တန်သောကြောင့် အိမ်သို့ ပြန်လာရသည်။ ထိုသို့ မှတ်ယူထားပြီး စိတ်ချမ်း သာနေသော ယုတို့ ကြားသို့ မကောင်းဆိုးဝါးသည် မဖိတ်ခေါ်ပါဘဲနှင့် ရောက်ရှိလာခဲ့သည်။
.
ထိုနေ့ညနေကလည်း ပုံမှန်ပါပဲ။ ယု ဆိုင်မသိမ်းခင်တွင် မောင်က ကြိုရောက်လာပြီး သူမကို စကားပြောစရာရှိသည်ဆိုကာ လာစောင့်ခေါ်ခဲ့သည်။ သူမ မှတ်မိနေသည်။ ထိုနေ့က မောင်သည် သူမ အနှစ်သက်ဆုံး ကွမ်းရိုးစင်း အကျီလက်ရှည်ကို ဝတ်လာခဲ့သည်။ ထိုနေ့တွင် ချစ်သူသက်တမ်းတစ်လျှောက်လုံးတွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ရှားရှားပါးပါးကတောက်ကဆ ဖြစ်ခဲ့သည်။
.
”ယု…အရင်တုန်းကလေ မောင်နဲ့အွန်လိုင်းကနေသိတဲ့ ကောင်မလေးက မောင်တို့မြို့ကိုလာမယ်။ ဖေဖော်ဝါရီ ၁၃၊ ၁၄ လောက်တဲ့။ မောင်နဲ့တွေ့ချင်တယ်တဲ့။ အဲဒါ မောင်သွားတွေ့ရမလား”
.
ယုက ဘယ်လောက်တောင် သဘောထားကြီးနိုင်သည်ဟု မောင်မျှော်လင့်ထားသလဲ။ တကယ်ဆို ဘဝတစ်သက်တာအတွက် လက်တွဲသွားရန် ရည်ရွယ်ထားသော ချစ်သူရှိပြီးသား လူတစ်ယောက်သည် ထိုစကားမျိုး မပြောသင့်ဆိုသည်ကို လူရည်ပါးနပ်သော မောင်သိမည်မှာ မြေကြီး လက်ခတ် မလွဲပေ။ ထိုအချိန်မျိုးတွင် မောင်က ”ယု..မောင်မအားဘူးလို့ ငြင်းလိုက်တယ်သိလား။ အဲဒီရက်က မောင်နဲ့ ယုတို့ရဲ့ ပထမဆုံး ချစ်သူများနေ့လေ။ အဲဒီတနေ့လုံး မောင်နဲ့ယုက အတူရှိနေမယ်” ဆိုသော စကားမျိုးကိုသာ ယုကို ပြောပြသင့်သည် မဟုတ်လား။
.
လူချင်းတခါဖူးမျှ မဆုံဖူးသေးသည့် အမျိုးသမီးတစ်ယောက်နှင့် တွက်ဖက်ပြီးပြောရသည်မှာ အတော့်ကို ရှက်စရာကောင်းလှသည်ဟု ယု ထင်မိသည်။ ယု သည် အွန်လိုင်းကတဆင့် သိရသော မိန်းကလေးလောက်တောင် အလေးအနက်ထားစရာမကောင်းဘူးလား။ ထို့သို့လည်း ကိုယ့်ကိုယ်ကို မယူဆချင်။ ယု၏ သဝန်တိုစိတ်ကို မောင့်က စမ်းသပ်နေခဲ့သည်ဟု ထင်နေမိသည်။ ယုတစ်ယောက် ရူးနေတာဖြစ်မည်။ သူမ၏အေးစက်သော အမူအရာသည် သဝန်တိုတတ်ခြင်းဟူသော မောင်မမြင်နိုင်သည့် အရာကို ဖုံးကွယ်ထားခဲ့သည်။
.
”ရတယ်မောင်။ သိဟောင်းကျွမ်းဟောင်းတွေ ဆုံတယ်လို့ပဲ ယုသတ်မှတ်မယ်။ တစ်ခုတော့ ရှိတယ်။ အဲဒီအမျိုး သမီးကို ယုရှေ့ကိုခေါ်မလာပါနဲ့။ ချစ်သူရှိပြီးသားလူတစ်ယောက်ကို ရည်စားဟောင်းအထာမျိုးနဲ့ လာတွေ့ဆုံတဲ့သူ တစ်ယောက်ကို ယု ဘယ်လိုမှ နှုတ်မဆက်နိုင်ဘူး။ အခု ယုက သဘောထားပြည့်ဝလွန်းလို့ ခွင့်ပြုပေးတာလို့ မထင်နဲ့နော်မောင်။ ယုအပေါ်မှာ မောင် တကယ်လုပ်ရက်လား၊ မလုပ်ရက်ဘူးလား သိချင်တာ။”
.
”ယု မောင်တို့က ပြိုင်ပွဲဝင်နေတာမဟုတ်ဘူးနော်။ မောင့်ကို စိမ်မခေါ်နဲ့။ အခု ယုလုပ်နေတဲ့ပုံစံမျိုးက မောင်လုပ်ရဲရင် လုပ်လိုက်လို့ ပြောနေသလိုပဲ။ တကယ်တော့ ယုက မောင့်ကို တခါဖူးမှ ချစ်ခဲ့တာမဟုတ်ဘူး။ ယုရဲ့ အကျင့်အတိုင်း ရွဲ့ချင်နေတာ။ အခုယု တားလေ။ မောင်မလုပ်နဲ့လို့ ပြောရင် ဘာမှကို မလုပ်ဘူး။”
.
”ယုက မလုပ်နဲ့လို့တားလို့မလုပ်တာဟာ ယုသဘောကြီး ဖြစ်နေတာလေ။ မောင်က ကောင်းမယ်ထင်လို့ စဉ်းစားထားတဲ့အရာမှ မဟုတ်တာ။ မောင့်သဘောအတိုင်းပဲဆုံးဖြတ်ပါလို့ ပြောပြီးပြီလေ။ တော်ပြီမောင်။ ယု စကား မပြောချင်တော့ဘူး။ စကားပြောလို့လည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဒီနေ့ လိုက်မပို့နဲ့တော့။ ယုပြန်ပြီ”
.
မောင်စဉ်းစားကြည့်ခဲ့ဖို့ကောင်းသည်။ ချစ်သူဖြစ်စ ပထမဆုံး ချစ်သူများနေ့တွင် ယုသည်လည်း မောင်နှင့်သာ အတူရှိနေချင်သည်။ မောင်သည် ချစ်သူများစွာ ထားခဲ့ဖူးသူတစ်ယောက်ဖြစ်သောကြောင့် မိန်းကလေးတစ်ယောက်၏ စိတ်ကို သိနေလိမ့်မည်ဟု ယုက တစ်ထစ်ချ ယုံကြည်ထားသည်။ ထို့အတွက် ယုက တစ်စုံတစ်ရာမတောင်း ဆိုပေမယ့် လည်း ယု၏စိတ်ကူးလေးကို သိနေလိမ့်မည်ဟု တွက်ဆထားမိသည်။
.
သို့သော် လက်တွေ့တွင်မူ မောင်သည် အတ္တကြီးသည်လား သို့မဟုတ် သူမ၏ မထုံတက်ထေးဟန်ပန်ကို ပြန်ပြီး အရွဲ့တိုက်လိုသည့်အတွက်လား မသိ။ သူနှင့် အင်တာနက်မှ တဆင့်သိခဲ့ရသော ရန်ကုန်မှ မိန်းကလေးသည် ယုတို့ တောင်ပေါ်မြို့လေးကို အလည်အပတ်ရောက်လာခဲ့သည်။ ဟိုဟိုသည်သည်မှာ တွေ့နေရသည်ဟု သူငယ်ချင်းမိတ်ဆွေ များက ပြောသည့်အခါတိုင်းတွင် ယုက အေးစက်စွာ ပြုံးနေခဲ့သည်။ ထိုသို့ ပြုံးတတ်ဖို့အတွက် ယုဘယ်လောက် ရင်းနှီး ခဲ့ရသည်ကို မသိသော မိတ်ဆွေများကတော့ ”ငါတို့မပြောလား။ ငြိမ်းမောင်ဟာ ဒုံးရင်းက ဒုံးရင်းပါပဲ” ဟု မညှာမတာ ဝေဖန်ခဲ့ပါသေးသည်။
.
ယုသည် ထိုကိစ္စနှင့် ပတ်သက်ပြီးဘာမျှ ထွေထွေထူးထူးမခံစားရ၊ ပြောင်းလဲမှုတွေ ရှိမနေပါဟု အများက သတ်မှတ်ကြလိမ့်မည်။ သို့သော် ယု စောင့်နေမိသည်။ အိပ်ရာဝင်ခါနီးအခါတိုင်းတွင် ခေါက်ထားသော ငှက်ရုပ်လေး ၁၅ဝဝ ကို ဖန်ပုလင်း အကြည်လေးတွင် ထည့်ထားရင်း ၁၄ ရက်နေ့ မနက်ခင်း သို့မဟုတ် နေ့လည်လောက်တွင် မောင်ရောက်လာမည်ဟု တဘက်သတ် ယုံကြည်ရင်း စောင့်စားနေမိသော်လည်း ညနေသာ စောင်းသွားခဲ့သည်။
.
”ခြောက်ကွေ့မှာ ဆိုင်ကယ်မှောက်လို့။ အမျိုးသားရော၊ အမျိုးသမီးရော ပွဲချင်းပြီးတာပဲ” ဆိုသော သတင်းစကားကို ယု ဆိုင်သိမ်းနေစဉ်မှာ ကြားရသော်လည်း မဆိုင်သလိုသာ နားထောင်ခဲ့သည်။ ပုံမှန်ဖြစ်နေကြ သတင်းတစ်ပုဒ်အဖြစ်သာ မှတ်ယူခဲ့သည်။ သို့သော် ”မမယု.. ကိုကိုဆိုင်ကယ်မှောက်လို့” ဆိုသော မောင့်ညီမလေး၏ ဖုန်းဆက်အသိပေးမှုကိုကြားမှသာ ယု့ဘဝထဲမှ မောင်သည် ထာဝရ ထွက်ခွါသွားတော့မည်ကို တုန့်လှုပ်ခြောက်ခြား စွာသိခဲ့ရသည်။
.
တခြားသူများကတော့ မောင့်သည် နောက်တစ်ယောက်နှင့်တွဲသွားခြင်းကနေ ထိုသို့ ဖြစ်သွားသည်ဟု ယူဆကြလိမ့်မည်။ သို့သော် ယု ကတော့ မိမိအပြစ်မကင်းဟု ယူဆသည်။ မောင်နှင့် ကတောက်ကဆဖြစ်သော ညနေကသာ ယုသည် မိန်းကလေးပီသစွာ ချစ်သူအပေါ်တွင် သဝန်တိုစွာ သို့မဟုတ် မူနွဲ့စွာ စိတ်ကောက်ပြခဲ့လျှင် မောင်တစ်ယောက် ယခုကဲ့သို့ ကြုံတွေ့ရမည်မဟုတ်။ ”ယုရယ်…မိန်းမဆန်ဆန်နေစမ်းပါ။ တခါတလေ မောင့်လက်ကို ကိုင်ပြီး စကားတွေတတွတ်တွတ်နဲ့ပြောပါလား ယုရယ်” ဆိုသော စကားကို ပြန်ကြားချိန်တွင် ယုသည် မိမိလက်ခုံကို ငုံကြည့်ရင်း မျက်ရည်တွေ တွေတွေကြီး ကျလာသည်။

===========================

”ကဲ.. ဂူသွင်းတော့မယ်။ ကလေးမကိုခေါ်သွားတော့။”
နှုတ်ဆက်ခဲ့သည် မောင်။ ယုကို ပေးခဲ့သော ပျော်ရွှင်စရာနေ့ရက်များအတွက် မောင့်ကို တကယ်ပဲ ကျေးဇူးတင်မိပါသည်။ မောင်သွားနှင့်လိုက်ပါ။ ယုကတော့။ အင်း ယုကတော့ ရင်နာခြင်းကို ၂ ခါခံစားနေရပြီမောင်။ ချစ်သူဘဝကလည်း မောင့်သတင်းများကို သဘောထားကြီးပြီး အရေးမစိုက်သယောင်ဟန်ဆောင်ပြသောကြောင့် တိုးတိတ်စွာရင်နာရသည်။ ယခုလည်း…။ ။ ။ ။
.
.


နှင်းနုလွင်
၁၉၊ ၁၂၊ ၂၀၁၀

 

နီထွေးကလေး လှသွားပြီ November 30, 2010

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 6:45 AM
Tags:

 

ကျွန်မ ၅ တန်းတက်လို့ နှစ်ဝက်မကျိုးခင်မှာပဲ ဖေဖေဟာ ဧရာဝတီတိုင်းအတွင်းက နယ်မြို့လေးတစ်မြို့ကို ပြောင်းရွှေ့ဖို့ အကြောင်းဖန်လာပါတယ်။ အစောပိုင်းကတော့ ကျွန်မနဲ့မေမေကို ထားခဲ့ပြီး ဖေဖေက အရင်သွားနှင့်မယ်၊ နောက်မှ ကျွန်မတို့ကလိုက်သွားမယ်ပေါ့။ ဒါပေမယ့် မေမေကို ကူညီပေးမယ့်သူမရှိတာရယ်၊ ဖေဖေတစ် ယောက်တည်း နေရေး၊ စားရေးအဆင်မပြောမှာရယ်ကို စိုးရိမ်ပြီး ကျွန်မတို့ပါ တခါတည်း လိုက်ခဲ့လိုက်ပါတယ်။ ငယ်ငယ်လေးတည်းက တွဲလာတဲ့သူငယ်ချင်းတွေကိုခွဲသွားရမှာဆိုတော့ ကျွန်မလေ ဝမ်းနည်းနေမိတယ်။ ကျွန်မမှတ်မိ နေသေးတယ်။ ကျွန်မတို့ကျောင်းမှာ ကျောင်းပြောင်းခွင့်သွားယူတဲ့နေ့ကဆို သူငယ်ချင်းတွေက ဝမ်းနည်းနေပြီး စကားတောင် ကောင်းကောင်း မပြောနိုင်ကြဘူး။

~

ဒီလိုနဲ့ မိုးတွေသည်းကြီးမည်းကြီးရွာတဲ့တနေ့မှာ ဖေဖေအလုပ်တာဝန်ကျရာမြို့လေးကို ကျွန်မတို့တွေပြောင်းရွှေ့ ခဲ့ပါတယ်။ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးကနေ ခွဲဆင်းလာတဲ့လမ်းမအတိုင်း အတော်ကြာကြာသွားမိတဲ့အခါမှာတော့ ကျွန်မတို့နေထိုင်ရမယ့် မြို့လေးကို ရောက်ပါတယ်။ ဒီမြို့လေးကို ရောက်ရောက်ခြင်းမှာ ပထမဆုံး စိတ်ပျက်သွားတာက ကတ္တရာလမ်းဟောင်းလေးပါ။ ချိုင့်ရာတွေ ထင်နေတဲ့လမ်းတွေဟာ ဘယ်လိုပဲကြည့်ကြည့် အရုပ်ဆိုး အကျည်းတန်နေ ပါတယ်။ ရှေးဟောင်းအိမ်လို ရေနံချေးတွေ သုတ်ထားတဲ့ နှစ်ထပ်အိမ်တွေကို ဒီမြို့လေးမှာ အများအပြားတွေ့ရပါတယ်။ ခြံစည်းရိုးတွေကလည်း သစ်တိုင်နဲ့၊ ရေနံချေးမည်းမည်းတွေနဲ့ပေါ့။

~

ကျွန်မတို့နေဖို့စီစဉ်ထားတဲ့ အိမ်ဆိုရင်လည်း ဒီအတိုင်းပဲ။ ကျွန်မရဲ့ တီရှပ်ဖြူဖြူလေးတွေ၊ ဘောင်းဘီဖြူဖြူလေး တွေ မည်းသွားမှာကို အရမ်းကြောက်လို့ အိမ်နံရံတွေနဲ့ မထိမိအောင် အတော်ကို သတိထားနေရတယ်။ တကယ်ဆိုရင် ကျွန်မဟာ အဖြူရောင်တွေကို အရမ်းနှစ်သက်တဲ့ ကောင်မလေးပါ။ ကျွန်မရဲ့ ကျောင်းဝတ်စုံလေးဟာ အမြဲဖြူဖွေး ရှင်းသန့်နေတယ်။ ကျောင်းလွယ်အိတ်လေးကလည်း အဖြူရောင်ပဲ။
~

ကျွန်မကိုချစ်တဲ့ မေမေကလည်း ကျွန်မအတွက်ဆိုရင် ဖိနပ်လေးကအစ အဖြူရောင်ကိုပဲ ဆင်ပေးပါတယ်။ မနက်ကျောင်းသွားရင် ပုခုံးလောက်ပဲရှိတဲ့ ဆံပင်နက်နက်လေးကို မေမေက နှစ်ဘက်ခွဲပြီး အဖြူရောင်ဖဲကြိုးလေးနဲ့ ချည်နှောင်ပေးပါတယ်။ မြို့ကျောင်းမှာအဖြူရောင်မင်းသမီးလေးလို ကျောင်းတက်ခဲ့တဲ့ကျွန်မဟာ ဖေဖေအလုပ်ပြောင်း ရွှေ့တဲ့မြို့ငယ်လေးကို ရောက်တဲ့အချိန်မှာ ရုပ်ဆိုးတဲ့ လမ်းဟောင်းတွေရယ်၊ အိမ်အိုတွေရယ်ကိုကြည့်ပြီး အတော်ကို စိတ်ညစ်သွားပါတယ်။ မေမေနဲ့ဖေဖေကတော့ လေကောင်းလေသန့်ရှုရတဲ့မြို့လေး၊ ရိုးသားဖြူစင်တဲ့မြို့လေးဆိုပြီး အရမ်းကိုနှစ်သက် သဘောကျနေလေရဲ့။
~

မြို့ရဲ့တစ်ခုတည်းသော အထက်တန်းကျောင်းအိုလေးမှာ ကျောင်းဆက်တက်ရပေမယ့် ကျွန်မလေ အုတ်ချပ် နီနီတွေမိုးထားတဲ့ အဲဒီကျောင်းကို မနှစ်သက်ဘူး။ ကျွန်မတို့နေတဲ့အိမ်ကနေ ၁ဝ မီးနစ်လောက် လမ်းလျှောက်သွားရင် ရောက်နိုင်တဲ့ အဲဒီကျောင်းလေးရဲ့နံဘေးမှာ မြက်ခင်းစိမ်းစိမ်းတွေရှိပေမယ့်ြေ>ွမကြောက်တတ်တဲ့ ကျွန်မကတော့ အဲဒီမြက်ခင်းတွေကို စိတ်ထဲမှာ မနှစ်သက်ဖြစ်နေမိတယ်။

~

အဲဒီလိုမျိုးအရာရာကို ဇီဇာကြောင်တတ်တဲ့ ကျွန်မဟာ ကျောင်းရောက်ပြီးလို့ တစ်ပတ်ပြည့်သွားတဲ့အချိန် အထိသူငယ်ချင်း မရှိသေးဘူး။ အရင်တုန်းက ကောင်မလေးတစ်ယောက်တည်းထိုင်တဲ့ခုံမှာ ကျွန်မကို နေရာချ ထားပေးပေမယ့် အခုအဲဒီကောင်မလေးက ခွင့်ယူထားတာကြောင့် ကျွန်မဘေးမှာ ထိုင်မယ့်သူငယ်ချင်းလည်း မရှိသေးဘူး။ တစ်ခုကံကောင်းတာက ကျွန်မတို့အိမ်နဲ့ အတန်းပိုင်ဆရာမနဲ့က အိမ်ချင်းနီးတယ်။ ဒီတော့ ကျောင်းသွား၊ ကျောင်းပြန်အတွက်တော့ အဖော်ရှိတယ်လို့ ဆိုရမှာပေါ့။

~

ညနေစောင်း ဖေဖေရုံးကပြန်လာချိန်ရောက်ရင် ကျွန်မတို့တွေ မြို့လေးရဲ့အပြင်မှာ ရစ်ခွေစီးဆင်းနေတဲ့ မြစ်နံဘေးကို လမ်းလျှောက်ထွက်ကြပါတယ်။ ရွှံ့ပေမှာကို စိုးပေမယ့် ဖေဖေတို့နဲ့ အတူတူသွားရတော့ နည်းနည်းတော့ ပျော်နေမိတယ်။ ဖေဖေနဲ့မေမေတို့ အသက် ၄ဝ နားရောက်မှ ကျွန်မကို မွေးခဲ့တာဆိုတော့ အခု ကျွန်မအသက် ၁ဝ နှစ် လောက်ရောက်တဲ့အချိန်မှာ ဖေဖေတို့က ၅ဝ ကျော်နေပြီ။ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ကျွန်မကို တုန်နေအောင် ချစ်သလို ကျွန်မလိုချင်ရာမှန်သမျှကို ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေတို့ဟာ ကျွန်မမနှစ်သက်တဲ့၊ အရုပ်ဆိုးအကျည်းတန်တဲ့ ဒီမြို့လေးကို ဘာလို့များ နှစ်သက်နေတာပါလိမ့်ဆိုတာကို ကျွန်မ စဉ်းစားလို့ကို မရနိုင်ပါဘူး။

~

ဒီလိုနဲ့ တနင်္လာနေ့ကျောင်းဖွင့်ရက် တရက်မှာတော့ ကျွန်မဘေးနားမှာထိုင်မယ့် သူငယ်ချင်းအဖော်ဟာ ကျွန်မထက် စောပြီးကျောင်းကို ရောက်နေပါတယ်။ သူ့ဘေးနားကို ဝင်ထိုင်ပြီး သူ့ကိုအကဲခတ်ကြည့်လိုက်တယ် ဆိုရင်ပဲ

”အလိုလေး … တော်တော်ကို အရုပ်ဆိုးလိုက်တဲ့ ကောင်မလေးပါလား”

~

သူမရဲ့အသားဟာ ညိုတယ်ဆိုတာထက် လွန်ကဲပြီး အတော်ကိုမည်းတဲ့အထဲမှာ ပါနေပါတယ်။ မျက်လုံး ပေါက်ကလေး ပါတယ်ဆိုရုံလေး။ သူမစာရေးတဲ့ညာဘက် လက်ခုံမှာလည်း အမာရွတ်ကြီးနဲ့။ သူမရဲ့ ကျောင်းဝတ်စုံဟာ နွမ်းဖတ်လို့။ ကျွန်မလို ဖဲကြိုးဖြူလေးစည်းမထားတဲ့သူမရဲ့ ဆံပင်ဟာ နီကျင်ကျင်နဲ့။ အဲဒီဆံပင်နီကြောင်ကြောင်နဲ့ ကောင်မလေးဟာ ကျွန်မကို တစ်ချက်လေး စောင်းငဲ့ကြည့်ပြီး ရယ်ပြလိုက်တဲ့အခါ သူမရဲ့ သွားတွေကလည်း ကျိုးတိုး ကျဲတဲနဲ့။

~
ကျွန်မကိုဘာလို့များ သူ့အနားမှာထားတာပါလိမ့်။ ကျွန်မတို့နဲ့ အိမ်နီးချင်းဆရာမဟာ ကျွန်မအသန့်ကြိုက်မှန်း သိပါရက်နဲ့ ဘာလို့များ ဒီခုံမှာ ကျွန်မကို နေရာချထားပါလိမ့်။ စိတ်ညစ်ညစ်နဲ့ ဆရာမကို လှမ်းကြည့်တဲ့အချိန်မှာ ကျွန်မအကြည့်ကိုနားလည်တယ် ထင်ပါရဲ့။ ကျွန်မကို ပြုံးကြည့်နေတယ်။ ညနေကျောင်းဆင်းတော့ ဆရာမကိုမေးချင်တဲ့ မေးခွန်းတွေပြည့်နေတယ်။ ဝိုင်းပြီးနှုတ်ဆက်နေကြတဲ့တပည့်တွေကို ပြုံးပြုံးလေးနဲ့ စကားပြောနေတဲ့ ဆရာမဟာ တကယ့်ကို ချောမောလှပတဲ့ အမျိုးသမီးလေးပါ။ ဒါနဲ့များ ဘာလို့ ဒီလိုရုပ်ဆိုးဆိုးမြို့လေးမှာ ဆရာမ လာလုပ် နေတာပါလိမ့်။ ကျွန်မခေါင်းထဲမှာ မေးခွန်းတွေက ချာချာလည်နေတယ်။ ကျွန်မသိချင်စိတ်ကို ဘယ်လိုမှ မအောင့် အည်းနိုင်တော့တဲ့အဆုံးမှာ-

”ဆရာမ၊ ဒီမြို့လေးက အရမ်းရုပ်ဆိုးတာပဲနော်။ လမ်းတွေကလည်း ဆိုးတယ်၊ ခြံတွေကလည်း မလှဘူး။ ပြီးတော့ သမီးဘေးနားက နီထွေးဆိုတဲ့ ကောင်မလေးကလည်း ရုပ်ဆိုးတယ်။ ဒီလောက် အကျည်းတန်တဲ့ မြို့လေးမှာ ဆရာမချောချောလေးက ဘာဖြစ်လို့ ဆရာမလာလုပ်နေတာလဲ”

~

ကျွန်မမေးတာကို ဆရာမက ဘာမှ အဖြေမပေးသေးဘဲနဲ့ သူမကို နှုတ်ဆက်နေတဲ့ တပည့်တစ်ယောက်ကို ပြန်ပြီး စကားပြောနေတယ်။ ကျွန်မတို့ရှေ့ကို နည်းနည်းလျှောက်သွားတော့ ကလေးတွေကို မိုးပျံပူဖောင်းရောင်းနေတဲ့ ဦးလေးကြီးတစ်ယောက်ကိုတွေ့ပါတယ်။ ကျောင်းဆင်းချိန်ဆိုတော့ မူလတန်း ကလေးတွေဟာ သူ့အနားမှာ ဝိုင်းအုံလို့။ ဟိုကလေးက တစ်လုံးဆွဲလိုက်၊ ဒီကလေးက တစ်လုံးဆွဲလိုက်နဲ့ အတော်တော်လေးကို ရောင်းရပါတယ်။ အဲဒီပူစီဖောင်းရောင်းနေတဲ့ ဦးလေးကြီးကို ကြည့်ပြီး ဆရာမက ကျွန်မကို မေးခွန်းတစ်ခု မေးပါတယ်။

~

”သမီး အခုရောင်းနေတဲ့ ပူစီဖောင်းတွေထဲမှာ ဘယ်အရောင်မပါဘူးလဲ”
ကျွန်မစိတ်ထဲကနေ အရောင်တွေကို ရေတွက်ကြည့်လိုက်တယ်။ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ ပန်းရောင်ဆိုပြီး အရောင်တွေ အမျိုးမျိုးတွေ့ပေမယ့် အနက်ရောင်မရှိဘူး။

~
”အနက်ရောင်မရှိတာ၊ ဆရာမ”
”အင်း၊ ဟုတ်တယ်သမီး၊ အနက်ရောင်မရှိဘူး။ ဘာလို့ မိုးပျံပူဖောင်း အနက်ရောင်မရှိတာလဲသမီး”
”အနက်ရောင်က လှမှ မလှတာ ဆရာမ”
ကျွန်မက ချက်ခြင်းပြန်ဖြေတော့ ဆရာမက ခေါင်းညိမ့်ပြတယ်။
”ဟုတ်တယ် သမီး။ ကလေးတွေက အရောင်လှလှ မိုးပျံပူဖောင်းလေးတွေကို သဘောကျတယ်၊ အနက်ရောင်ဆိုရင် အရောင်မလှတော့ ကလေးတွေက ဘယ်ကြိုက်မလဲ၊ ဒါဆို မရောင်းရတော့ဘူးလေ ဟုတ်တယ်မလားသမီး။”
”ဟုတ်တယ် ဆရာမ။ သမီးဆို အရောင်လှလှ မိုးပျံဘောလုံးလေးပဲ ယူမယ်”
”အင်း၊ ဟုတ်ပါပြီသမီးရယ်။ ဒါဆို ဘောလုံးလေးတွေ မိုးပေါ်ပျံတက်နိုင်တာ ဘာလို့လဲဆိုတာကို ပူဖောင်း ရောင်းတဲ့ ဦးလေးကြီးကို သွားမေးကြည့်လိုက်ပါကွယ်”

~

ဒါနဲ့ကျွန်မလည်း ပူဖောင်းရောင်းတဲ့ဦးလေးကြီးနားကို သွားပြီးမေးလိုက်မိတယ်။

”လေးလေး၊ ဘောလုံးလေးတွေ မိုးပေါ်ပျံနိုင်တာ ဘာလို့လဲဟင်”
ဘောလုံးရောင်းနေတဲ့ ဦးလေးကြီးဟာ ခုနက ကလေးတစ်အုပ်ကြီးကို ရောင်းလိုက်ရတော့ အတော့်ကို ပင်ပန်းနေတဲ့ ပုံပေါ်နေပါတယ်။ သူ့နဖူးပေါ်စီးကျနေတဲ့ ချွေးတွေကို လက်ခုံနဲ့သုတ်၊ သူ့ဦးထုပ်လေးကို ချွတ်ပြီးယပ်ခတ် နေရာကနေ ကျွန်မကို တစ်ချက်မော့ကြည့်ပြီး အဖြေပေးတယ်။

~

”ဘောလုံးလေးတွေ မိုးပေါ်ပျံနိုင်တာ သူ့အထဲမှာပါတဲ့ဓါတ်ငွေ့ကြောင့်ပေါ့ သမီးငယ်ရဲ့။ ဘာဖြစ်လို့လဲ”
ကျွန်မခေါင်းခါပြရင်းနဲ့ ထပ်မေးမိတယ်။

~

”ဒါဆို လေးလေး ဘောလုံးအနက်ရောင်လေးတွေကရော မိုးပေါ်ပျံနိုင်လားဟင်”
”ပျံနိုင်တာပေါ့ သမီး။ ဘောလုံးလေးတွေ မိုးပေါ်ပျံတက်ဖို့က သူတို့အထဲမှာထည့်တဲ့ ဓါတ်ငွေ့နဲ့ပဲဆိုင်တယ်။ အရောင်လှပေမယ့် ဓါတ်ငွေ့မထည့်ထားရင် အပေါ်ကို မပျံတက်နိုင်ဘူး။ အရောင်လှတိုင်း မိုးပေါ်ပျံမယ့် ပူဖောင်းမဟုတ်ဘူးပေါ့ကွယ်”

ကျွန်မဆရာမကို အဲဒီအကြောင်းပြောပြလိုက်တော့ ဆရာမက ခေါင်းငြိမ့်နားထောင်နေရာကနေ…..

”ဟုတ်တယ်သမီး။ ပူစီဖောင်းလေးတွေ မိုးပေါ်ပျံတက်ဖို့က အဲဒီဘောလုံးရဲ့ အရောင်နဲ့ မဆိုင်ဘူးသမီး။ ဘယ်လိုအရောင်မျိုးပဲဖြစ်ဖြစ်အပေါ်ကို တက်နိုင်တယ်။ အဲ..ဒါပေမယ့် သူမှာတော့ အမြင့်ရောက်စေတဲ့ ဓါတ်ငွေ့လိုတယ်။ အဲဒီလိုပဲ လူတစ်ယောက်ရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေဟာ သူ့ရဲ့ အပေါ်ယံရုပ်အလှနဲ့ မဆိုင်ဘူးသမီး။ သူခံယူထားတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားနဲ့ပဲ ဆိုင်တယ်။ သမီးဘေးနားမှာ ထိုင်တဲ့ နီထွေးဟာ တကယ့်ကို ပညာကို လိုချင်စိတ်ရှိတဲ့ကလေးမလေးပဲ သမီး။

ကျောင်းနေချင်လွန်းလို့ သူ့အမေရဲ့ အကြော်ဆိုင်ကိုကူရင်းကနေ ကျောင်းတက်နေရတာ။ ကျောင်းတက် ချိန်မှီအောင် မနက်အစောကြီးထပြီး အကြော်ရောင်းရသေးတယ်သမီး။ သူ့လက်က ဒါဏ်ရာကလည်း သူ့အမေရဲ့ အကြော်တဲမှာ ကူပေးရင်းနဲ့ ဆီပူလောင်လို့ ဖြစ်သွားတာ။ တကယ်တော့ နီထွေးလေးဟာ မိုးပေါ်ပျံတက်မယ့် အနက်ရောင် ပူဖောင်းလေးပဲသမီး။ ရုပ်အလှပြည့်စုံမှသာ လူရာဝင်ဆံ့တယ်ဆိုတာကို ဖြစ်သင့်ရဲ့လားဆိုတာကို သမီးလေး တွေးကြည့်ပေါ့ကွယ်။”

~

ဆရာမက စကားကို အရှည်ကြီးပြောပြီး လမ်းဘေးကို တစ်ချက်စောင်းကြည့်လိုက်တယ်။ မြက်ခင်းပျော့ပျော့ လေးဟာ လေတိုက်တိုင်း ယိမ်းနွဲ့လို့။ မြို့လေးရဲ့အပြင်ဘက်က မြစ်ပြင်ကို ဖြတ်ပြီးလာခဲ့တဲ့ လေနုအေးလေးဟာ စိတ်ကို လန်းဆန်းသွားစေသလို ဆရာမစကားကလည်း ကျွန်မစိတ်တွေကို ကြည်လင်လာစေတယ်။ လူတစ်ယောက်ရဲ့ ဘဝအတွက် ဘာက ပိုပြီးအရေးကြီးတာကို ကျွန်မ သိသွားပြီ။ နူးညံ့သိမ်မွေ့ပြီး ပကာသနကင်းတဲ့ မြို့ကလေးဟာ အခုတော့ လှနေပြီ။ လမ်းလေးတွေလည်း လှနေပြီ၊ နီထွေးလေးလည်း လှသွားပါပြီ။

~

~


Happy Times Magazine

December, 2010