သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

”ယု” December 21, 2010

နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်ထားမိသော်လည်း သူမ၏ မျက်ဝန်းထဲမှ မျက်ရည်ကြည်များက ထွက်ကျ မလာ။ ”ငိုချင်ရင် ငိုချလိုက် ယုဝေ” လို့ဘေးပတ်ဝန်းကျင်မှ ပြောသော အသံသည် သူငယ်ချင်းတစ်ဦးဦး သို့မဟုတ် မောင့်၏ညီမငယ် ဖြစ်ကောင်းဖြစ်လိမ့်မည်။ သူတို့သည် စကားပေါင်းများစွာကို ပြောဆိုနေကြသည်။ ဖြစ်ရပ်တစ်ခု တည်းကိုပဲ သုံးသပ်ချက်အမျိုးမျိုးပေးနေကြသော်လည်း ယခုအချိန် ယုအနားတွင် မည်သူတို့ရှိပြီး မည်သို့ ဖြစ်ပျက်နေ သည်ကို အာရုံမထားမိ။ ယုသည် ဝမ်းနည်းသည်လား၊ နောင်တရနေသည်လား မကွဲပြားသော်လည်း သူမရင်တခုလုံး ဆို့နင့်နေသည်။ ယု သည် လတ်တလော ကာလကိုမေ့ထားချင်သည်။ သို့မဟုတ် ယခုအခြေအနေမှ ထွတ်ပြေး လွတ်မြောက် သွားချင်သည်။ အိပ်မက်တစ်ခုဆိုလျှင်လည်း မိမိကိုယ့်ကို မြန်မြန်နိုးထချင်နေမိသည်
.
”ကောင်မလေးက သနားပါတယ်”
”ဒီလောက် ပွေချင်တဲ့ကောင်၊ ဖြစ်မှာပေါ့”
”ယု ကိုပြောပါတယ်။ ဒီကောင်မျိုးကို ပြန်မကြိုက်ပါနဲ့လို့”

.
ထိုအသံများနောက်ကွယ်တွင် ယုသည် မောင့်ကို လိုက်လံရှာဖွေနေမိသည်။ မောင်သည် ယု အနားတွင်သာ ရှိလိမ့်မည်ဟု ယုံကြည်နေမိသည်။ မောင်သည် ယုအနားမှ လွဲပြီး တခြားသို့ လွယ်လွယ်ကူကူ ထွက်သွားနိုင်မည် မဟုတ်ပေ။ မောင့်ကို အော်ခေါ်ချင်နေမိသော်လည်း အာခေါင်တွေ ခြောက်ကပ်နေမိသည်။ တနေရာရာကို စိုက်ကြည့် နေဟန်တူသော်လည်း ယု သည် ဘယ်အရာကိုမျှ မမြင်နိုင်ပေ။
.
မောင်
.
ယုကို မောင်က ချစ်သည်ဟု ဆိုခြင်းသည်လည်ကောင်း၊ မောင့်အချစ်ကို ယုက လက်ခံခဲ့ခြင်းသည် လည်းကောင်း အားလုံးအတွက် အထူးအဆန်း ဖြစ်နေခဲ့သည်။ ယု ကဲ့သို့ မာထန်ထန်မျက်နှာထားနှင့် မာရေကျောရေ နိုင်လွန်းလှသော မိန်းကလေးသည် ယုတို့မြို့၏ နှုတ်ခမ်းနီမလေးများကြား တွင် ရေပန်းစားသော၊ မျက်နှာများသူဟု နာမည်ကျော်ကြား လှသော မောင့်လိုလူတစ်ယောက်ကို ချစ်သူအဖြစ်လက်ခံခြင်းသည် နောက်ဆုံးပေါ် အကျီစဒီဇိုင်း ကဲ့သို့ပင် မိန်းမပျိုလေး များကြားတွင် ခေတ်အမီဆုံးသတင်းအဖြစ် နေရာယူသွားခဲ့သည်။
.
”ကိုယ့်လက်ထဲရောက်မှ ခြေငြိမ်သွားတယ်ဆိုတာမျိုးက ၁ဝရေး ၁ ရေးတောင်မရှိပါဘူး ယုဝေရယ်။ ငြိမ်းမောင် က နင်နဲ့ ချစ်သူဖြစ်ပြီးသွား ရင်လည်း အရင်ကလို ခြေမရှုပ်ဘဲ နေနိုင်မှာမဟုတ်ပါဘူး။ အလကားသက်သက် စိတ်ညစ် မခံချင်စမ်းပါနဲ့” ဆိုပြီးတားမြစ်လာသော ယု၏ မိန်းကလေး သူငယ်ချင်းတော်တော်များများနှင့် အတိုက်အခံ လုပ်ကာ ယုက မောင့်ကို ပြန်ချစ်ခဲ့ခြင်းဖြစ်သည်။ ယုက မောင့်ကို ပြုပြင်ပေးချင်သော စိတ်သဘောမျိုးနှင့် ချစ်ခဲ့ခြင်း မဟုတ်ကြောင်းကို သူငယ်ချင်းများက နားလည်မည်မဟုတ်ပေ။ သူတို့သိအောင်လည်း ဘယ်သောအခါမျှလည်း ထုတ်ဖော် ပြောမည်မဟုတ်ပေ။
.
”ယု…မောင့်ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လား” ဆိုသော မေးခွန်းကို အထပ်ထပ် အခါခါမေးခဲ့သည့် အခါတိုင်း ”မောင်က ဘယ်လိုထင်လို့လဲ” ဆိုသော မေးခွန်းများဖြင့်သာ သူမ ပြန်ပြီး တုံ့ပြန်မေးခဲ့မိသည်။ ”ယုက သူငယ်ချင်းတွေတားလို့သာ ယုရဲ့ ဇွတ်တရွတ်စိတ်ထားအတိုင်း မောင့်ကို ပြန်ချစ်ခဲ့တာမလား” ဟု မောင်ပြောလျှင် ယုက အထူးတလည် ပြန်ပြီး ငြင်းချက်မထုတ်မိပေ။ ”မောင့်ကို အရမ်းချစ်တာပဲ” ဟု ယု ဖြေချင်မိသည်။ သို့သော် များပြားလှသော မောင့်၏ ချစ်သူအမည်ခံ မိန်းကလေးများသည်လည်း ထိုသို့ပြောဖူး လိမ့်မည်ဟု တွေးမိလိုက်ချိန်တွင် ယု၏နီရဲသောနှုတ်ခမ်းများသည် သိသိသာသာ တွန့်ကွေးသွားခဲ့သည်။ တနည်းအားဖြင့်တော့ ထုံပေပေ လူတစ်ယောက် ၏ မဲ့ပြုံးအဖြစ် ပုံစံပြောင်းလဲသွားခဲ့ရသည်ကို မောင်ကသိလိမ့်မည်မဟုတ်။
.
ချစ်သူတို့သဘာဝအတိုင်း မောင့်ပခုံးလေးကို ခေါင်းလေးမှီကာ ”ယုကို ဘာကြောင့်ချစ်တာလဲမောင်၊ သို့မဟုတ် ယုကို ဘယ်လောက်ချစ်သလဲ မောင်” ဆိုပြီး တခါတရံတွင် မေးချင်မိသော်လည်း ထိုဆန္ဒသည် ပကတိ စိတ်ကူးသက်သက်မျှသာ ဖြစ်ခဲ့သည်။ ထိုစကားတို့သည် အိပ်မက်ထဲတွင်မေးသော စာလုံးများ သို့မဟုတ် မောင်နှင့် ဆုံချိန်တွင် လည်ချောင်းထဲတွင်သာ ပျော်ဝင်သွားသော စကားလုံးများသာဖြစ်ခဲ့သည်။ ယုမမေးဘဲနှင့် မောင်က ပြောပြ သင့်သည်ဟု ယူဆသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။
.
တခါက မောင်နှင့် အအေး ဆိုင်ထိုင်ရင်း မောင့်အကျီကော်လာတွင် အစွန်းရာတစ်ခုတွေ့၍မေးမိသည်ကို ”ချစ်သူဟောင်းတွေရဲ့ နှုတ်ခမ်းနီရာ ထင်လို့လားယု၊ သဝန်တိုနေတာလား’ ဟု မောင်က ရယ်ကျဲကျဲနှင့် ပြန်ပြီး မေးခဲ့ဖူးသည်။ ထိုအခါတွင် ယု၏ ပုံစံအတိုင်း နှာခေါင်းရှုံ့၍ ”စိတ်မဝင်စားဘူးမောင်” ဟု ပြန်ဖြေခဲ့သော်လည်း ရင်ဘက်ထဲက စူးပြီး အောင့်ခဲ့ရသည်ကို ယုက မှတ်မိနေသည်။ ယုနှင့်ချစ်သူမဖြစ်ခင် နှုတ်ခမ်းနီပေါင်းများစွာနှင့် ရင်းနှီးခဲ့ပြီးဖြစ်သည်ကို ယုသိထားသော်လည်း ယခုကဲ့သို့ ပွင့်လင်းစွာမေးလာသော ရိုက်ခတ်မှုကို ဘယ်လိုနည်းနှင့်မျှ ယု မခံစားနိုင်ပေ။
.
တကယ်တော့ ယုသည်လည်း သာမန် မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် မနာလိုခြင်း၊ သဝန်တိုတတ် ခြင်းတို့ ရှိသည်ကို မောင်သိသင့်သည်။ ငယ်စဉ်ကတည်းက မျက်နှာထား တည်တည်နေတတ်သောအကျင့်ရှိသည့် ယုတွင် ပျော်ရွှင်ခြင်းလည်းရှိသည်။ ဝမ်းနည်းခြင်းလည်းရှိသည်။ ကြည်နူးခြင်း၊ ကြေကွဲခြင်းတို့သည်လည်း ရှိနေသည်။ သို့သော် ထိုအရာတို့ကို ယု၏ မျက်လုံးများမှ လည်းကောင်း၊ နှုတ်ဖျားမှ စကားအဖြစ်လည်းကောင်း ဘယ်သောအခါမှ ခြေရာခံခွင့်မရနိုင်ပေ။ မရယ်မပြုံးမျက်နှာဟု သူငယ်ချင်းများသတ်မှတ်ကြသည့်အတိုင်း မောင်သည်လည်း ယု၏ အပြင်ပန်းသွင်ပြင်ကိုသာ ရှု့ကြည့်ခဲ့သူဖြစ်လိမ့်မည်။
.
ယုကိုယ်တိုင်က သူတပါးပုံသွင်းလောင်းခြင်းခံရသည်ကို မနှစ်သက်သကဲ့သို့ တခြားသူတစ်ယောက်ကိုလည်း အမိန့်၊ ကတိတွေဖြင့် ပုံစံ ပြောင်းပေးရန် ဘယ်သောအခါကမျှ စိတ်မကူးခဲ့ပေ။

”ယုကို ချစ်ရင် ဆေးလိပ်မသောက်နဲ့နော်၊ ဆိုင်ကယ်စီးတာ ဖြေးဖြေးစီးနော်၊ သူငယ်ချင်းတွေနဲ့ လဘက် ရည်ဆိုင်မထိုင်နဲ့နော်၊ ဘီယာမသောက်နဲ့နော်၊ ရည်းစားဟောင်းတွေနဲ့ ပြန်မဆက်သွယ်နဲ့နော် ဆိုပြီး ယုက ပြောမှာ မဟုတ်ဘူးနော်။ ဘာဘာညာညာဆိုပြီး ယုက ချုပ်ချယ်မှာ မဟုတ်ဘူး။ အားလုံးကိုမောင့်သဘောအတိုင်းလုပ်။ တခုရှိတာက မောင်လုပ်တဲ့ ကောင်းကျိုးတိုင်း၊ ဆိုးကျိုးတိုင်းကို ယုပါ လိုက်ပြီးခံစားနေရတာကိုတော့ မောင်မမေ့နဲ့၊ ယုအပေါ် မောင်ချစ်ခြင်း၊ မချစ်ခြင်းက မောင့်အပြောနဲ့ မဆိုင်ဘူး။ မောင့်အပြုအမူနဲ့ပဲ ဆိုင်တယ်”
.
ထိုသို့ ယုပြောခဲ့စဉ်က မောင်ဟက်ဟက်ပက်ပက်ရယ်ခဲ့ဖူးသည်။ ”လည်လိုက်တာကွာ” ဆိုပြီး ယု နဖူးကို လက်ဖြင့် ဖွဖွလေးတောက်လိုက်ချိန်တွင် မောင့်အနားမှာ ကလေးတစ်ယောက်လိုတွယ်ကပ်နေချင်စိတ်က ကြီးစိုးလာ သည်။ သို့သော် ယုသည် ယုသာဖြစ်ရမည်။ ယခင်မောင် တွဲခဲ့ဖူးသော မူနွဲ့နွဲ့ မိန်းကလေးများနှင့် ပုံသဏ္ဍန်မတူချင်ပေ။ သူတို့လိုမျိုး မောင့်အနားတွင် တောက်တဲ့လိုတွယ်ကပ်နေပြမှရလာမည့် မောင့်အချစ်မျိုးကို ယု မလိုချင်ပေ။ ထို့အတွက်ကြောင့် ယုကို အေးစက်သော မိန်းကလေးဟု မောင်က သတ်မှတ်ခဲ့ခြင်းဖြစ်မည်။
.
မျက်နှာများသူတစ်ယောက်ကို ချစ်ခဲ့မိသည့်အတွက် တနေ့ကျရင် ခံစားရမှာပဲဆိုသည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက စောင့်ကြည့်နေသည့် မျက်လုံးမျိုးကို ယုက ရွံမုန်းသည်။ မောင့်၏ များပြားလှစွာသော ကောင်မလေး များအကြောင်းကို မောင်နှင့် သို့မဟုတ် မောင့်မိတ်ဆွေများနှင့် စကားဝိုင်းဖွဲ့ပြီးပြောဖြစ်သည်။ ယုချစ်သလောက် မောင်ကလည်း ချစ်သည်၊ မောင်တကယ်ချစ်သောသူသည် ယု သာဖြစ်သည်ဟု ရူးမိုက်စွာ ယုံကြည်ခဲ့သည့် အတွက်ကြောင့်လည်းပါသည်။ တချို့အကြောင်းအရာများသည် ရှင်းပြရန်အလွန်ခက်ခဲသည်။ မောင့်အကြောင်းကို သူများပြောပြသည်ကိုလည်း လက်မခံလို။ မောင်ကိုယ်တိုင်သာ ပြောစေချင်သည်။ သို့သော် မောင်ကိုယ်တိုင် ပြောသော အခါတွင်လည်း အမှန်တွေ မဖြစ်စေချင်။
.
ယု၏ ခံယူချက်တချို့သည် တချို့မိန်းကလေးများနှင့် ဖြောင့်ဖြောင့်ကြီးကို ကွာခြားသွားသည်လည်း ရှိသည်။ မသိမသာ ကွဲပြားမှုလည်း ရှိနေသည်။ ယုက ”အမေ့ချစ်တဲ့သားတစ်ယောက်ကသာ အမေဖြစ်လာမည့် မိန်းမကို ချစ်တတ်လိမ့်မယ်”လို့ ပြောသည်ကို သူမတို့အထည်ဆိုင်အနီးသို့ ရောက်နေသော မောင့်မေမေက ကြားသွားခဲ့သည်။ ချစ်သူနှင့် မိခင် နှစ်ယောက်ကြားမှာ မိခင်သည်သာ ပဓာနကျသည်ဆိုသော ယု၏ ခံယူချက်ကြောင့်ပင် ယု သည် မောင့်မေမေ၏ အသည်းစွဲဖြစ်လာခဲ့ရသည်။ မောင့် မေမေ၊ မောင့်ညီမငယ်တို့နှင့် တသားတည်း ကျသွားခဲ့သည်။ မောင်နှင့်ပတ်သက်လာလျှင် ယု ကသူ့ကိုယ်သူ အိမ်တစ်ဆောင်ဟု သတ်မှတ်ထားသည်။ မောင်သည် သွားချင်သော အရပ်တိုင်းသို့ သွားခဲ့ပြီးပြီ။ ယခု အချိန်တန်သောကြောင့် အိမ်သို့ ပြန်လာရသည်။ ထိုသို့ မှတ်ယူထားပြီး စိတ်ချမ်း သာနေသော ယုတို့ ကြားသို့ မကောင်းဆိုးဝါးသည် မဖိတ်ခေါ်ပါဘဲနှင့် ရောက်ရှိလာခဲ့သည်။
.
ထိုနေ့ညနေကလည်း ပုံမှန်ပါပဲ။ ယု ဆိုင်မသိမ်းခင်တွင် မောင်က ကြိုရောက်လာပြီး သူမကို စကားပြောစရာရှိသည်ဆိုကာ လာစောင့်ခေါ်ခဲ့သည်။ သူမ မှတ်မိနေသည်။ ထိုနေ့က မောင်သည် သူမ အနှစ်သက်ဆုံး ကွမ်းရိုးစင်း အကျီလက်ရှည်ကို ဝတ်လာခဲ့သည်။ ထိုနေ့တွင် ချစ်သူသက်တမ်းတစ်လျှောက်လုံးတွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ရှားရှားပါးပါးကတောက်ကဆ ဖြစ်ခဲ့သည်။
.
”ယု…အရင်တုန်းကလေ မောင်နဲ့အွန်လိုင်းကနေသိတဲ့ ကောင်မလေးက မောင်တို့မြို့ကိုလာမယ်။ ဖေဖော်ဝါရီ ၁၃၊ ၁၄ လောက်တဲ့။ မောင်နဲ့တွေ့ချင်တယ်တဲ့။ အဲဒါ မောင်သွားတွေ့ရမလား”
.
ယုက ဘယ်လောက်တောင် သဘောထားကြီးနိုင်သည်ဟု မောင်မျှော်လင့်ထားသလဲ။ တကယ်ဆို ဘဝတစ်သက်တာအတွက် လက်တွဲသွားရန် ရည်ရွယ်ထားသော ချစ်သူရှိပြီးသား လူတစ်ယောက်သည် ထိုစကားမျိုး မပြောသင့်ဆိုသည်ကို လူရည်ပါးနပ်သော မောင်သိမည်မှာ မြေကြီး လက်ခတ် မလွဲပေ။ ထိုအချိန်မျိုးတွင် မောင်က ”ယု..မောင်မအားဘူးလို့ ငြင်းလိုက်တယ်သိလား။ အဲဒီရက်က မောင်နဲ့ ယုတို့ရဲ့ ပထမဆုံး ချစ်သူများနေ့လေ။ အဲဒီတနေ့လုံး မောင်နဲ့ယုက အတူရှိနေမယ်” ဆိုသော စကားမျိုးကိုသာ ယုကို ပြောပြသင့်သည် မဟုတ်လား။
.
လူချင်းတခါဖူးမျှ မဆုံဖူးသေးသည့် အမျိုးသမီးတစ်ယောက်နှင့် တွက်ဖက်ပြီးပြောရသည်မှာ အတော့်ကို ရှက်စရာကောင်းလှသည်ဟု ယု ထင်မိသည်။ ယု သည် အွန်လိုင်းကတဆင့် သိရသော မိန်းကလေးလောက်တောင် အလေးအနက်ထားစရာမကောင်းဘူးလား။ ထို့သို့လည်း ကိုယ့်ကိုယ်ကို မယူဆချင်။ ယု၏ သဝန်တိုစိတ်ကို မောင့်က စမ်းသပ်နေခဲ့သည်ဟု ထင်နေမိသည်။ ယုတစ်ယောက် ရူးနေတာဖြစ်မည်။ သူမ၏အေးစက်သော အမူအရာသည် သဝန်တိုတတ်ခြင်းဟူသော မောင်မမြင်နိုင်သည့် အရာကို ဖုံးကွယ်ထားခဲ့သည်။
.
”ရတယ်မောင်။ သိဟောင်းကျွမ်းဟောင်းတွေ ဆုံတယ်လို့ပဲ ယုသတ်မှတ်မယ်။ တစ်ခုတော့ ရှိတယ်။ အဲဒီအမျိုး သမီးကို ယုရှေ့ကိုခေါ်မလာပါနဲ့။ ချစ်သူရှိပြီးသားလူတစ်ယောက်ကို ရည်စားဟောင်းအထာမျိုးနဲ့ လာတွေ့ဆုံတဲ့သူ တစ်ယောက်ကို ယု ဘယ်လိုမှ နှုတ်မဆက်နိုင်ဘူး။ အခု ယုက သဘောထားပြည့်ဝလွန်းလို့ ခွင့်ပြုပေးတာလို့ မထင်နဲ့နော်မောင်။ ယုအပေါ်မှာ မောင် တကယ်လုပ်ရက်လား၊ မလုပ်ရက်ဘူးလား သိချင်တာ။”
.
”ယု မောင်တို့က ပြိုင်ပွဲဝင်နေတာမဟုတ်ဘူးနော်။ မောင့်ကို စိမ်မခေါ်နဲ့။ အခု ယုလုပ်နေတဲ့ပုံစံမျိုးက မောင်လုပ်ရဲရင် လုပ်လိုက်လို့ ပြောနေသလိုပဲ။ တကယ်တော့ ယုက မောင့်ကို တခါဖူးမှ ချစ်ခဲ့တာမဟုတ်ဘူး။ ယုရဲ့ အကျင့်အတိုင်း ရွဲ့ချင်နေတာ။ အခုယု တားလေ။ မောင်မလုပ်နဲ့လို့ ပြောရင် ဘာမှကို မလုပ်ဘူး။”
.
”ယုက မလုပ်နဲ့လို့တားလို့မလုပ်တာဟာ ယုသဘောကြီး ဖြစ်နေတာလေ။ မောင်က ကောင်းမယ်ထင်လို့ စဉ်းစားထားတဲ့အရာမှ မဟုတ်တာ။ မောင့်သဘောအတိုင်းပဲဆုံးဖြတ်ပါလို့ ပြောပြီးပြီလေ။ တော်ပြီမောင်။ ယု စကား မပြောချင်တော့ဘူး။ စကားပြောလို့လည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဒီနေ့ လိုက်မပို့နဲ့တော့။ ယုပြန်ပြီ”
.
မောင်စဉ်းစားကြည့်ခဲ့ဖို့ကောင်းသည်။ ချစ်သူဖြစ်စ ပထမဆုံး ချစ်သူများနေ့တွင် ယုသည်လည်း မောင်နှင့်သာ အတူရှိနေချင်သည်။ မောင်သည် ချစ်သူများစွာ ထားခဲ့ဖူးသူတစ်ယောက်ဖြစ်သောကြောင့် မိန်းကလေးတစ်ယောက်၏ စိတ်ကို သိနေလိမ့်မည်ဟု ယုက တစ်ထစ်ချ ယုံကြည်ထားသည်။ ထို့အတွက် ယုက တစ်စုံတစ်ရာမတောင်း ဆိုပေမယ့် လည်း ယု၏စိတ်ကူးလေးကို သိနေလိမ့်မည်ဟု တွက်ဆထားမိသည်။
.
သို့သော် လက်တွေ့တွင်မူ မောင်သည် အတ္တကြီးသည်လား သို့မဟုတ် သူမ၏ မထုံတက်ထေးဟန်ပန်ကို ပြန်ပြီး အရွဲ့တိုက်လိုသည့်အတွက်လား မသိ။ သူနှင့် အင်တာနက်မှ တဆင့်သိခဲ့ရသော ရန်ကုန်မှ မိန်းကလေးသည် ယုတို့ တောင်ပေါ်မြို့လေးကို အလည်အပတ်ရောက်လာခဲ့သည်။ ဟိုဟိုသည်သည်မှာ တွေ့နေရသည်ဟု သူငယ်ချင်းမိတ်ဆွေ များက ပြောသည့်အခါတိုင်းတွင် ယုက အေးစက်စွာ ပြုံးနေခဲ့သည်။ ထိုသို့ ပြုံးတတ်ဖို့အတွက် ယုဘယ်လောက် ရင်းနှီး ခဲ့ရသည်ကို မသိသော မိတ်ဆွေများကတော့ ”ငါတို့မပြောလား။ ငြိမ်းမောင်ဟာ ဒုံးရင်းက ဒုံးရင်းပါပဲ” ဟု မညှာမတာ ဝေဖန်ခဲ့ပါသေးသည်။
.
ယုသည် ထိုကိစ္စနှင့် ပတ်သက်ပြီးဘာမျှ ထွေထွေထူးထူးမခံစားရ၊ ပြောင်းလဲမှုတွေ ရှိမနေပါဟု အများက သတ်မှတ်ကြလိမ့်မည်။ သို့သော် ယု စောင့်နေမိသည်။ အိပ်ရာဝင်ခါနီးအခါတိုင်းတွင် ခေါက်ထားသော ငှက်ရုပ်လေး ၁၅ဝဝ ကို ဖန်ပုလင်း အကြည်လေးတွင် ထည့်ထားရင်း ၁၄ ရက်နေ့ မနက်ခင်း သို့မဟုတ် နေ့လည်လောက်တွင် မောင်ရောက်လာမည်ဟု တဘက်သတ် ယုံကြည်ရင်း စောင့်စားနေမိသော်လည်း ညနေသာ စောင်းသွားခဲ့သည်။
.
”ခြောက်ကွေ့မှာ ဆိုင်ကယ်မှောက်လို့။ အမျိုးသားရော၊ အမျိုးသမီးရော ပွဲချင်းပြီးတာပဲ” ဆိုသော သတင်းစကားကို ယု ဆိုင်သိမ်းနေစဉ်မှာ ကြားရသော်လည်း မဆိုင်သလိုသာ နားထောင်ခဲ့သည်။ ပုံမှန်ဖြစ်နေကြ သတင်းတစ်ပုဒ်အဖြစ်သာ မှတ်ယူခဲ့သည်။ သို့သော် ”မမယု.. ကိုကိုဆိုင်ကယ်မှောက်လို့” ဆိုသော မောင့်ညီမလေး၏ ဖုန်းဆက်အသိပေးမှုကိုကြားမှသာ ယု့ဘဝထဲမှ မောင်သည် ထာဝရ ထွက်ခွါသွားတော့မည်ကို တုန့်လှုပ်ခြောက်ခြား စွာသိခဲ့ရသည်။
.
တခြားသူများကတော့ မောင့်သည် နောက်တစ်ယောက်နှင့်တွဲသွားခြင်းကနေ ထိုသို့ ဖြစ်သွားသည်ဟု ယူဆကြလိမ့်မည်။ သို့သော် ယု ကတော့ မိမိအပြစ်မကင်းဟု ယူဆသည်။ မောင်နှင့် ကတောက်ကဆဖြစ်သော ညနေကသာ ယုသည် မိန်းကလေးပီသစွာ ချစ်သူအပေါ်တွင် သဝန်တိုစွာ သို့မဟုတ် မူနွဲ့စွာ စိတ်ကောက်ပြခဲ့လျှင် မောင်တစ်ယောက် ယခုကဲ့သို့ ကြုံတွေ့ရမည်မဟုတ်။ ”ယုရယ်…မိန်းမဆန်ဆန်နေစမ်းပါ။ တခါတလေ မောင့်လက်ကို ကိုင်ပြီး စကားတွေတတွတ်တွတ်နဲ့ပြောပါလား ယုရယ်” ဆိုသော စကားကို ပြန်ကြားချိန်တွင် ယုသည် မိမိလက်ခုံကို ငုံကြည့်ရင်း မျက်ရည်တွေ တွေတွေကြီး ကျလာသည်။

===========================

”ကဲ.. ဂူသွင်းတော့မယ်။ ကလေးမကိုခေါ်သွားတော့။”
နှုတ်ဆက်ခဲ့သည် မောင်။ ယုကို ပေးခဲ့သော ပျော်ရွှင်စရာနေ့ရက်များအတွက် မောင့်ကို တကယ်ပဲ ကျေးဇူးတင်မိပါသည်။ မောင်သွားနှင့်လိုက်ပါ။ ယုကတော့။ အင်း ယုကတော့ ရင်နာခြင်းကို ၂ ခါခံစားနေရပြီမောင်။ ချစ်သူဘဝကလည်း မောင့်သတင်းများကို သဘောထားကြီးပြီး အရေးမစိုက်သယောင်ဟန်ဆောင်ပြသောကြောင့် တိုးတိတ်စွာရင်နာရသည်။ ယခုလည်း…။ ။ ။ ။
.
.


နှင်းနုလွင်
၁၉၊ ၁၂၊ ၂၀၁၀

 

နီထွေးကလေး လှသွားပြီ November 30, 2010

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 6:45 AM
Tags:

 

ကျွန်မ ၅ တန်းတက်လို့ နှစ်ဝက်မကျိုးခင်မှာပဲ ဖေဖေဟာ ဧရာဝတီတိုင်းအတွင်းက နယ်မြို့လေးတစ်မြို့ကို ပြောင်းရွှေ့ဖို့ အကြောင်းဖန်လာပါတယ်။ အစောပိုင်းကတော့ ကျွန်မနဲ့မေမေကို ထားခဲ့ပြီး ဖေဖေက အရင်သွားနှင့်မယ်၊ နောက်မှ ကျွန်မတို့ကလိုက်သွားမယ်ပေါ့။ ဒါပေမယ့် မေမေကို ကူညီပေးမယ့်သူမရှိတာရယ်၊ ဖေဖေတစ် ယောက်တည်း နေရေး၊ စားရေးအဆင်မပြောမှာရယ်ကို စိုးရိမ်ပြီး ကျွန်မတို့ပါ တခါတည်း လိုက်ခဲ့လိုက်ပါတယ်။ ငယ်ငယ်လေးတည်းက တွဲလာတဲ့သူငယ်ချင်းတွေကိုခွဲသွားရမှာဆိုတော့ ကျွန်မလေ ဝမ်းနည်းနေမိတယ်။ ကျွန်မမှတ်မိ နေသေးတယ်။ ကျွန်မတို့ကျောင်းမှာ ကျောင်းပြောင်းခွင့်သွားယူတဲ့နေ့ကဆို သူငယ်ချင်းတွေက ဝမ်းနည်းနေပြီး စကားတောင် ကောင်းကောင်း မပြောနိုင်ကြဘူး။

~

ဒီလိုနဲ့ မိုးတွေသည်းကြီးမည်းကြီးရွာတဲ့တနေ့မှာ ဖေဖေအလုပ်တာဝန်ကျရာမြို့လေးကို ကျွန်မတို့တွေပြောင်းရွှေ့ ခဲ့ပါတယ်။ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးကနေ ခွဲဆင်းလာတဲ့လမ်းမအတိုင်း အတော်ကြာကြာသွားမိတဲ့အခါမှာတော့ ကျွန်မတို့နေထိုင်ရမယ့် မြို့လေးကို ရောက်ပါတယ်။ ဒီမြို့လေးကို ရောက်ရောက်ခြင်းမှာ ပထမဆုံး စိတ်ပျက်သွားတာက ကတ္တရာလမ်းဟောင်းလေးပါ။ ချိုင့်ရာတွေ ထင်နေတဲ့လမ်းတွေဟာ ဘယ်လိုပဲကြည့်ကြည့် အရုပ်ဆိုး အကျည်းတန်နေ ပါတယ်။ ရှေးဟောင်းအိမ်လို ရေနံချေးတွေ သုတ်ထားတဲ့ နှစ်ထပ်အိမ်တွေကို ဒီမြို့လေးမှာ အများအပြားတွေ့ရပါတယ်။ ခြံစည်းရိုးတွေကလည်း သစ်တိုင်နဲ့၊ ရေနံချေးမည်းမည်းတွေနဲ့ပေါ့။

~

ကျွန်မတို့နေဖို့စီစဉ်ထားတဲ့ အိမ်ဆိုရင်လည်း ဒီအတိုင်းပဲ။ ကျွန်မရဲ့ တီရှပ်ဖြူဖြူလေးတွေ၊ ဘောင်းဘီဖြူဖြူလေး တွေ မည်းသွားမှာကို အရမ်းကြောက်လို့ အိမ်နံရံတွေနဲ့ မထိမိအောင် အတော်ကို သတိထားနေရတယ်။ တကယ်ဆိုရင် ကျွန်မဟာ အဖြူရောင်တွေကို အရမ်းနှစ်သက်တဲ့ ကောင်မလေးပါ။ ကျွန်မရဲ့ ကျောင်းဝတ်စုံလေးဟာ အမြဲဖြူဖွေး ရှင်းသန့်နေတယ်။ ကျောင်းလွယ်အိတ်လေးကလည်း အဖြူရောင်ပဲ။
~

ကျွန်မကိုချစ်တဲ့ မေမေကလည်း ကျွန်မအတွက်ဆိုရင် ဖိနပ်လေးကအစ အဖြူရောင်ကိုပဲ ဆင်ပေးပါတယ်။ မနက်ကျောင်းသွားရင် ပုခုံးလောက်ပဲရှိတဲ့ ဆံပင်နက်နက်လေးကို မေမေက နှစ်ဘက်ခွဲပြီး အဖြူရောင်ဖဲကြိုးလေးနဲ့ ချည်နှောင်ပေးပါတယ်။ မြို့ကျောင်းမှာအဖြူရောင်မင်းသမီးလေးလို ကျောင်းတက်ခဲ့တဲ့ကျွန်မဟာ ဖေဖေအလုပ်ပြောင်း ရွှေ့တဲ့မြို့ငယ်လေးကို ရောက်တဲ့အချိန်မှာ ရုပ်ဆိုးတဲ့ လမ်းဟောင်းတွေရယ်၊ အိမ်အိုတွေရယ်ကိုကြည့်ပြီး အတော်ကို စိတ်ညစ်သွားပါတယ်။ မေမေနဲ့ဖေဖေကတော့ လေကောင်းလေသန့်ရှုရတဲ့မြို့လေး၊ ရိုးသားဖြူစင်တဲ့မြို့လေးဆိုပြီး အရမ်းကိုနှစ်သက် သဘောကျနေလေရဲ့။
~

မြို့ရဲ့တစ်ခုတည်းသော အထက်တန်းကျောင်းအိုလေးမှာ ကျောင်းဆက်တက်ရပေမယ့် ကျွန်မလေ အုတ်ချပ် နီနီတွေမိုးထားတဲ့ အဲဒီကျောင်းကို မနှစ်သက်ဘူး။ ကျွန်မတို့နေတဲ့အိမ်ကနေ ၁ဝ မီးနစ်လောက် လမ်းလျှောက်သွားရင် ရောက်နိုင်တဲ့ အဲဒီကျောင်းလေးရဲ့နံဘေးမှာ မြက်ခင်းစိမ်းစိမ်းတွေရှိပေမယ့်ြေ>ွမကြောက်တတ်တဲ့ ကျွန်မကတော့ အဲဒီမြက်ခင်းတွေကို စိတ်ထဲမှာ မနှစ်သက်ဖြစ်နေမိတယ်။

~

အဲဒီလိုမျိုးအရာရာကို ဇီဇာကြောင်တတ်တဲ့ ကျွန်မဟာ ကျောင်းရောက်ပြီးလို့ တစ်ပတ်ပြည့်သွားတဲ့အချိန် အထိသူငယ်ချင်း မရှိသေးဘူး။ အရင်တုန်းက ကောင်မလေးတစ်ယောက်တည်းထိုင်တဲ့ခုံမှာ ကျွန်မကို နေရာချ ထားပေးပေမယ့် အခုအဲဒီကောင်မလေးက ခွင့်ယူထားတာကြောင့် ကျွန်မဘေးမှာ ထိုင်မယ့်သူငယ်ချင်းလည်း မရှိသေးဘူး။ တစ်ခုကံကောင်းတာက ကျွန်မတို့အိမ်နဲ့ အတန်းပိုင်ဆရာမနဲ့က အိမ်ချင်းနီးတယ်။ ဒီတော့ ကျောင်းသွား၊ ကျောင်းပြန်အတွက်တော့ အဖော်ရှိတယ်လို့ ဆိုရမှာပေါ့။

~

ညနေစောင်း ဖေဖေရုံးကပြန်လာချိန်ရောက်ရင် ကျွန်မတို့တွေ မြို့လေးရဲ့အပြင်မှာ ရစ်ခွေစီးဆင်းနေတဲ့ မြစ်နံဘေးကို လမ်းလျှောက်ထွက်ကြပါတယ်။ ရွှံ့ပေမှာကို စိုးပေမယ့် ဖေဖေတို့နဲ့ အတူတူသွားရတော့ နည်းနည်းတော့ ပျော်နေမိတယ်။ ဖေဖေနဲ့မေမေတို့ အသက် ၄ဝ နားရောက်မှ ကျွန်မကို မွေးခဲ့တာဆိုတော့ အခု ကျွန်မအသက် ၁ဝ နှစ် လောက်ရောက်တဲ့အချိန်မှာ ဖေဖေတို့က ၅ဝ ကျော်နေပြီ။ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ကျွန်မကို တုန်နေအောင် ချစ်သလို ကျွန်မလိုချင်ရာမှန်သမျှကို ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေတို့ဟာ ကျွန်မမနှစ်သက်တဲ့၊ အရုပ်ဆိုးအကျည်းတန်တဲ့ ဒီမြို့လေးကို ဘာလို့များ နှစ်သက်နေတာပါလိမ့်ဆိုတာကို ကျွန်မ စဉ်းစားလို့ကို မရနိုင်ပါဘူး။

~

ဒီလိုနဲ့ တနင်္လာနေ့ကျောင်းဖွင့်ရက် တရက်မှာတော့ ကျွန်မဘေးနားမှာထိုင်မယ့် သူငယ်ချင်းအဖော်ဟာ ကျွန်မထက် စောပြီးကျောင်းကို ရောက်နေပါတယ်။ သူ့ဘေးနားကို ဝင်ထိုင်ပြီး သူ့ကိုအကဲခတ်ကြည့်လိုက်တယ် ဆိုရင်ပဲ

”အလိုလေး … တော်တော်ကို အရုပ်ဆိုးလိုက်တဲ့ ကောင်မလေးပါလား”

~

သူမရဲ့အသားဟာ ညိုတယ်ဆိုတာထက် လွန်ကဲပြီး အတော်ကိုမည်းတဲ့အထဲမှာ ပါနေပါတယ်။ မျက်လုံး ပေါက်ကလေး ပါတယ်ဆိုရုံလေး။ သူမစာရေးတဲ့ညာဘက် လက်ခုံမှာလည်း အမာရွတ်ကြီးနဲ့။ သူမရဲ့ ကျောင်းဝတ်စုံဟာ နွမ်းဖတ်လို့။ ကျွန်မလို ဖဲကြိုးဖြူလေးစည်းမထားတဲ့သူမရဲ့ ဆံပင်ဟာ နီကျင်ကျင်နဲ့။ အဲဒီဆံပင်နီကြောင်ကြောင်နဲ့ ကောင်မလေးဟာ ကျွန်မကို တစ်ချက်လေး စောင်းငဲ့ကြည့်ပြီး ရယ်ပြလိုက်တဲ့အခါ သူမရဲ့ သွားတွေကလည်း ကျိုးတိုး ကျဲတဲနဲ့။

~
ကျွန်မကိုဘာလို့များ သူ့အနားမှာထားတာပါလိမ့်။ ကျွန်မတို့နဲ့ အိမ်နီးချင်းဆရာမဟာ ကျွန်မအသန့်ကြိုက်မှန်း သိပါရက်နဲ့ ဘာလို့များ ဒီခုံမှာ ကျွန်မကို နေရာချထားပါလိမ့်။ စိတ်ညစ်ညစ်နဲ့ ဆရာမကို လှမ်းကြည့်တဲ့အချိန်မှာ ကျွန်မအကြည့်ကိုနားလည်တယ် ထင်ပါရဲ့။ ကျွန်မကို ပြုံးကြည့်နေတယ်။ ညနေကျောင်းဆင်းတော့ ဆရာမကိုမေးချင်တဲ့ မေးခွန်းတွေပြည့်နေတယ်။ ဝိုင်းပြီးနှုတ်ဆက်နေကြတဲ့တပည့်တွေကို ပြုံးပြုံးလေးနဲ့ စကားပြောနေတဲ့ ဆရာမဟာ တကယ့်ကို ချောမောလှပတဲ့ အမျိုးသမီးလေးပါ။ ဒါနဲ့များ ဘာလို့ ဒီလိုရုပ်ဆိုးဆိုးမြို့လေးမှာ ဆရာမ လာလုပ် နေတာပါလိမ့်။ ကျွန်မခေါင်းထဲမှာ မေးခွန်းတွေက ချာချာလည်နေတယ်။ ကျွန်မသိချင်စိတ်ကို ဘယ်လိုမှ မအောင့် အည်းနိုင်တော့တဲ့အဆုံးမှာ-

”ဆရာမ၊ ဒီမြို့လေးက အရမ်းရုပ်ဆိုးတာပဲနော်။ လမ်းတွေကလည်း ဆိုးတယ်၊ ခြံတွေကလည်း မလှဘူး။ ပြီးတော့ သမီးဘေးနားက နီထွေးဆိုတဲ့ ကောင်မလေးကလည်း ရုပ်ဆိုးတယ်။ ဒီလောက် အကျည်းတန်တဲ့ မြို့လေးမှာ ဆရာမချောချောလေးက ဘာဖြစ်လို့ ဆရာမလာလုပ်နေတာလဲ”

~

ကျွန်မမေးတာကို ဆရာမက ဘာမှ အဖြေမပေးသေးဘဲနဲ့ သူမကို နှုတ်ဆက်နေတဲ့ တပည့်တစ်ယောက်ကို ပြန်ပြီး စကားပြောနေတယ်။ ကျွန်မတို့ရှေ့ကို နည်းနည်းလျှောက်သွားတော့ ကလေးတွေကို မိုးပျံပူဖောင်းရောင်းနေတဲ့ ဦးလေးကြီးတစ်ယောက်ကိုတွေ့ပါတယ်။ ကျောင်းဆင်းချိန်ဆိုတော့ မူလတန်း ကလေးတွေဟာ သူ့အနားမှာ ဝိုင်းအုံလို့။ ဟိုကလေးက တစ်လုံးဆွဲလိုက်၊ ဒီကလေးက တစ်လုံးဆွဲလိုက်နဲ့ အတော်တော်လေးကို ရောင်းရပါတယ်။ အဲဒီပူစီဖောင်းရောင်းနေတဲ့ ဦးလေးကြီးကို ကြည့်ပြီး ဆရာမက ကျွန်မကို မေးခွန်းတစ်ခု မေးပါတယ်။

~

”သမီး အခုရောင်းနေတဲ့ ပူစီဖောင်းတွေထဲမှာ ဘယ်အရောင်မပါဘူးလဲ”
ကျွန်မစိတ်ထဲကနေ အရောင်တွေကို ရေတွက်ကြည့်လိုက်တယ်။ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ ပန်းရောင်ဆိုပြီး အရောင်တွေ အမျိုးမျိုးတွေ့ပေမယ့် အနက်ရောင်မရှိဘူး။

~
”အနက်ရောင်မရှိတာ၊ ဆရာမ”
”အင်း၊ ဟုတ်တယ်သမီး၊ အနက်ရောင်မရှိဘူး။ ဘာလို့ မိုးပျံပူဖောင်း အနက်ရောင်မရှိတာလဲသမီး”
”အနက်ရောင်က လှမှ မလှတာ ဆရာမ”
ကျွန်မက ချက်ခြင်းပြန်ဖြေတော့ ဆရာမက ခေါင်းညိမ့်ပြတယ်။
”ဟုတ်တယ် သမီး။ ကလေးတွေက အရောင်လှလှ မိုးပျံပူဖောင်းလေးတွေကို သဘောကျတယ်၊ အနက်ရောင်ဆိုရင် အရောင်မလှတော့ ကလေးတွေက ဘယ်ကြိုက်မလဲ၊ ဒါဆို မရောင်းရတော့ဘူးလေ ဟုတ်တယ်မလားသမီး။”
”ဟုတ်တယ် ဆရာမ။ သမီးဆို အရောင်လှလှ မိုးပျံဘောလုံးလေးပဲ ယူမယ်”
”အင်း၊ ဟုတ်ပါပြီသမီးရယ်။ ဒါဆို ဘောလုံးလေးတွေ မိုးပေါ်ပျံတက်နိုင်တာ ဘာလို့လဲဆိုတာကို ပူဖောင်း ရောင်းတဲ့ ဦးလေးကြီးကို သွားမေးကြည့်လိုက်ပါကွယ်”

~

ဒါနဲ့ကျွန်မလည်း ပူဖောင်းရောင်းတဲ့ဦးလေးကြီးနားကို သွားပြီးမေးလိုက်မိတယ်။

”လေးလေး၊ ဘောလုံးလေးတွေ မိုးပေါ်ပျံနိုင်တာ ဘာလို့လဲဟင်”
ဘောလုံးရောင်းနေတဲ့ ဦးလေးကြီးဟာ ခုနက ကလေးတစ်အုပ်ကြီးကို ရောင်းလိုက်ရတော့ အတော့်ကို ပင်ပန်းနေတဲ့ ပုံပေါ်နေပါတယ်။ သူ့နဖူးပေါ်စီးကျနေတဲ့ ချွေးတွေကို လက်ခုံနဲ့သုတ်၊ သူ့ဦးထုပ်လေးကို ချွတ်ပြီးယပ်ခတ် နေရာကနေ ကျွန်မကို တစ်ချက်မော့ကြည့်ပြီး အဖြေပေးတယ်။

~

”ဘောလုံးလေးတွေ မိုးပေါ်ပျံနိုင်တာ သူ့အထဲမှာပါတဲ့ဓါတ်ငွေ့ကြောင့်ပေါ့ သမီးငယ်ရဲ့။ ဘာဖြစ်လို့လဲ”
ကျွန်မခေါင်းခါပြရင်းနဲ့ ထပ်မေးမိတယ်။

~

”ဒါဆို လေးလေး ဘောလုံးအနက်ရောင်လေးတွေကရော မိုးပေါ်ပျံနိုင်လားဟင်”
”ပျံနိုင်တာပေါ့ သမီး။ ဘောလုံးလေးတွေ မိုးပေါ်ပျံတက်ဖို့က သူတို့အထဲမှာထည့်တဲ့ ဓါတ်ငွေ့နဲ့ပဲဆိုင်တယ်။ အရောင်လှပေမယ့် ဓါတ်ငွေ့မထည့်ထားရင် အပေါ်ကို မပျံတက်နိုင်ဘူး။ အရောင်လှတိုင်း မိုးပေါ်ပျံမယ့် ပူဖောင်းမဟုတ်ဘူးပေါ့ကွယ်”

ကျွန်မဆရာမကို အဲဒီအကြောင်းပြောပြလိုက်တော့ ဆရာမက ခေါင်းငြိမ့်နားထောင်နေရာကနေ…..

”ဟုတ်တယ်သမီး။ ပူစီဖောင်းလေးတွေ မိုးပေါ်ပျံတက်ဖို့က အဲဒီဘောလုံးရဲ့ အရောင်နဲ့ မဆိုင်ဘူးသမီး။ ဘယ်လိုအရောင်မျိုးပဲဖြစ်ဖြစ်အပေါ်ကို တက်နိုင်တယ်။ အဲ..ဒါပေမယ့် သူမှာတော့ အမြင့်ရောက်စေတဲ့ ဓါတ်ငွေ့လိုတယ်။ အဲဒီလိုပဲ လူတစ်ယောက်ရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေဟာ သူ့ရဲ့ အပေါ်ယံရုပ်အလှနဲ့ မဆိုင်ဘူးသမီး။ သူခံယူထားတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားနဲ့ပဲ ဆိုင်တယ်။ သမီးဘေးနားမှာ ထိုင်တဲ့ နီထွေးဟာ တကယ့်ကို ပညာကို လိုချင်စိတ်ရှိတဲ့ကလေးမလေးပဲ သမီး။

ကျောင်းနေချင်လွန်းလို့ သူ့အမေရဲ့ အကြော်ဆိုင်ကိုကူရင်းကနေ ကျောင်းတက်နေရတာ။ ကျောင်းတက် ချိန်မှီအောင် မနက်အစောကြီးထပြီး အကြော်ရောင်းရသေးတယ်သမီး။ သူ့လက်က ဒါဏ်ရာကလည်း သူ့အမေရဲ့ အကြော်တဲမှာ ကူပေးရင်းနဲ့ ဆီပူလောင်လို့ ဖြစ်သွားတာ။ တကယ်တော့ နီထွေးလေးဟာ မိုးပေါ်ပျံတက်မယ့် အနက်ရောင် ပူဖောင်းလေးပဲသမီး။ ရုပ်အလှပြည့်စုံမှသာ လူရာဝင်ဆံ့တယ်ဆိုတာကို ဖြစ်သင့်ရဲ့လားဆိုတာကို သမီးလေး တွေးကြည့်ပေါ့ကွယ်။”

~

ဆရာမက စကားကို အရှည်ကြီးပြောပြီး လမ်းဘေးကို တစ်ချက်စောင်းကြည့်လိုက်တယ်။ မြက်ခင်းပျော့ပျော့ လေးဟာ လေတိုက်တိုင်း ယိမ်းနွဲ့လို့။ မြို့လေးရဲ့အပြင်ဘက်က မြစ်ပြင်ကို ဖြတ်ပြီးလာခဲ့တဲ့ လေနုအေးလေးဟာ စိတ်ကို လန်းဆန်းသွားစေသလို ဆရာမစကားကလည်း ကျွန်မစိတ်တွေကို ကြည်လင်လာစေတယ်။ လူတစ်ယောက်ရဲ့ ဘဝအတွက် ဘာက ပိုပြီးအရေးကြီးတာကို ကျွန်မ သိသွားပြီ။ နူးညံ့သိမ်မွေ့ပြီး ပကာသနကင်းတဲ့ မြို့ကလေးဟာ အခုတော့ လှနေပြီ။ လမ်းလေးတွေလည်း လှနေပြီ၊ နီထွေးလေးလည်း လှသွားပါပြီ။

~

~


Happy Times Magazine

December, 2010

 

အတုံ့အလှည့်မိုး November 26, 2010

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 5:43 AM

 

ကျူရှင်ကနေ အိမ်ကိုပြန်လာလို့ ခြံရှေ့မှာ စက်ဘီးကို ရပ်လိုက်ချိန်၊ လေးငယ်ကို တွေ့တော့ ကျွန်မ မျက်နှာထားကို ချက်ခြင်းပြောင်းပစ်လိုက်တယ်။ စက်ဘီးခြင်းထဲမှာ ထည့်ထားတဲ့ လွယ်အိတ်ကိုယူ၊ စလွယ်သိုင်း လွယ်လိုက်ပြီး စက်ဘီးကို အိမ်ရှေ့ရောက်တဲ့အထိ အားကုန်နင်းချလိုက်တယ်။ လေးငယ်ရပ်နေတဲ့ နေရာရဲ့ မလှမ်း မကမ်းမှာ စက်ဘီးကိုရပ်၊ ဒေါက်ထောက်သလိုလိုနဲ့ စက်ဘီးကို တွန်းလှဲပစ်လိုက်တယ်။

.

”ဟဲ့…မိနှင်း..ဘယ်လိုလုပ်နေတာလဲ။ မိန်းကလေးဖြစ်ပြီး ကြမ်းတမ်းလိုက်တာ၊ မတော်တဆ ထိခိုက်သွားမယ်လေ။ ခြေလက်ကျိုးသွားရင် ဘယ်လိုလုပ်မလဲ”

.

ရပြီ။ ဒါက လေးငယ်ဆီကနေ ကျွန်မကြားချင်နေတဲ့အသံ ကြားရပြီ။

.

”အနော့်ကို လာမပြောပါနဲ့။ လေးငယ်စက်ဘီးကို ထိတာဟုတ်ဘူး။ အနော့်ဘီးကိုပဲ အနော်လုပ်တာ၊ ပြီးတော့ အနော့်ကျိုးသွားလည်း လေးငယ်စိတ်မပူနဲ့။ လေးငယ်စိတ်ပူချင်ရင် လေးငယ်ဟာမလေးကိုပဲ စိတ်ပူ။ ကြိုပြီးသတိပေးထားမယ်နော်။ အဲဒီမိန်းမ အိမ်ကို လာရင်လာကြည့်။ ခွေးနဲ့စူးတိုက်မယ်။ ခွေးလှေးယားသီးနဲ့ သုတ်မယ်။ ထမင်းစားရင် ကနခိုတွေ ထည့်ကျွေးမယ်။ အဲဒီကျတော့မှ နော့်ကို လာမဆူနဲ့။ တခါတည်း ပြောပြီးသား”

.

အဲဒီလိုမဆီမဆိုင် ဘုတောပြီး အိမ်တံခါးကို ဝုန်းခနဲ တွန်းဖွင့်ပြီး ခြေသံပြင်းပြင်းနဲ့ အိမ်ထဲကို ဝင်လိုက်တယ်။ လေးငယ်မြင်နိုင်လောက်တဲ့ နေရာလောက်မှာ လွယ်အိတ်ကို ဗုန်းခနဲ ပစ်ချလိုက်တယ်။ ရေအိုးစင်နားကို သွားပြီး အသံမြည်အောင် ရေကိုခပ်ကာ တဝကြီး မော့ချလိုက်တယ်။ ရေသောက်နေတဲ့ ပြတင်း ပေါက်နားကနေ လှမ်းကြည့်လိုက်တော့ လေးငယ်ဟာ ခုနက စက်ဘီးလဲတဲ့နေရာလေးမှာ ငြိမ်ပြီး ရပ်လို့။ ကျွန်မလေးငယ်ကို တစ်ခါမှ အခုလိုခံမပြောဖူးဘူး။ အခုလည်း ပြောပြီးတော့ ကျွန်မရင်ထဲ ဝမ်းနည်းလာတော့ အခန်းထဲကိုဝင်၊ တံခါးချက်ချပြီး ငိုနေမိတယ်။

.

လေးငယ်ဆိုတာက မေမေရဲ့မောင်အငယ်ဆုံး။ နာမည်အရင်းက အံ့ထူးမောင်။ အိမ်မှာက အံ့ကြီးလို့ ခေါ်ကြတယ်။ လေးငယ်က အသားဖြူတယ်။ အရပ်ကလည်း ခြောက်ပေလောက်အထိရှည်တယ်။ ကျွန်မတို့အိမ်က အထက်တန်းကျောင်းနဲ့ နီးတော့ လေးငယ်က ကျောင်းဖွင့်ရက်ဆို အိမ်မှာနေတယ်။ ကျောင်းပိတ်ရက်ကိုရောက်မှ ဖွားဖွားတို့ဆီကို ပြန်တယ်။ လေးငယ်က စနစ်ကျတယ်။ စာအုပ်အဟောင်းတွေကအစ အဖုံးဖုံးပြီးမှ ကိုင်တယ်။ အိမ်ပေါ်မှာဆိုလည်း အမှိုက်တစ်စတောင်မတင်စေရ။ ကျွန်မကို သန့်သန့်ရှင်းရှင်းနေအောင်၊ စည်းစနစ်ကျအောင် ပြပေးခဲ့တာလည်း လေးငယ်ပါပဲ။

.

ငယ်ငယ်လေးတည်းက ကျွန်မဟာ လေးငယ်နဲ့ပဲ အနေများခဲ့တယ်။ အရေးအခင်းကာလတွေတုန်းက မေမေနဲ့ ဖေဖေဟာ တခြားရွာလေးတွေကို လှေတစင်းနဲ့ ကုန်လဲဖို့ထွက်သွားရင် ၂ နှစ် သမီး ကျွန်မဟာ လေးငယ်နဲ့ ကျန်ခဲ့ရသတဲ့။ ကလေးပေါက်စလေးကို သနပ်ခါးဖွေးဖွေးလေးတွေ အမြဲလိမ်းထားပေးသတဲ့။ အဲဒီ အဖြစ်တွေကို ကျွန်မမသိပေမယ့် လေးငယ် သနပ်ခါးကျွေးတာကိုတော့ မှတ်မိနေတယ်။ ကျွန်မငယ်ငယ်က အပြစ်တစ်ခုခု လုပ်မိလို့ အဖေက ရိုက်ရင် လေးငယ်ကအနားမှာ မနေတော့ပါဘူး။ တစ်စုံတစ်ရာဝင်ပြီး မဟန့်တားပေမယ့် ဖေဖေ့ကို စိတ်ဆိုးပြီး အိမ်ကိုလေးငယ်မလာတော့ပါဘူး။ ကျွန်မကို အရမ်းချစ်တဲ့ ဦးငယ်ဟာ သူစာကျက်တဲ့ အချိန်မှာတောင် ကျွန်မကို သူ့ပေါင်ပေါ်တင်ပြီး စာကျက်ပါတယ်။ ကျွန်မ ၆ တန်းလောက်ရောက်တဲ့အထိလည်း ဦးငယ်ရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး စာကျက်ခဲ့တာပါပဲ။

.

လွန်ခဲ့တဲ့ တစ်လလောက်က လေးငယ်ရဲ့ စာကြည့်စားပွဲကို သွားဖွရင်းနဲ့ အပြာရောင်စာအိတ် လေးတစ်လုံးကို တွေ့ပါတယ်။ ဖောက်ထားတဲ့ စာအိတ်လေးရဲ့ ထောင့်စွန်းကနေ စာရွက်လေးတစ်စထွက်နေတာနဲ့ ကျွန်မလည်း ထုတ်ပြီးဖတ်ကြည့်မိပါတယ်။ စာရွက်လေးရဲ့ ထိပ်ဆုံးမှာက ”ကိုကြီး”တဲ့။ တက္ကသိုလ်တက်နေတဲ့ လေးငယ်များ ရည်းစားထားနေသလား။ ဟင့်အင်း မဟုတ်လောက်ပါဘူး။ လေးငယ်က ငါကလွဲရင်ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ပါဘူး။ အဲလိုစိတ်တင်းထားပြီး တုန်တုန်ရီရီနဲ့ စာကိုဆက်ဖတ် လိုက်ပါတယ်။

.

စာရဲ့အောက်ဆုံးမှာက မိုးတဲ့။ ပြီးတော့ ပို့စကဒ်လှလှလေးတွေ၊ အားလုံးဟာ မိုးရွာနေတဲ့ ပုံပါတဲ့ ကဒ်လေးတွေပါပဲ။ အဲဒီ ကဒ်လေးတွေကို ကြည့်ရင်းနဲ့ ကျွန်မရင်ထဲ လှိုက်တက်လာတယ်။ လေးငယ်ရဲ့ စာကြည့်စားပွဲပေါ်မျက်နှာမှောက်ပြီး ငိုနေမိတယ်။ အဲဒီနေ့က တနေ့လုံးငိုနေတယ်။ နောက်ပိုင်းလည်း သတိရတိုင်း ထငိုမိတယ်။ အိုး ကျွန်မနေမကောင်းဖြစ်တဲ့ အထိတောင် ငိုနေမိတယ်။ ကျွန်မကြောင့်ပဲ လေးငယ် ရည်းစားထား တာကို တအိမ်လုံးသိသွားတယ်။ နေပြန်ကောင်းလာတော့ ကျွန်မစိတ်ထားပြောင်းလာပြီ။ ဝမ်းနည်းပြီး ငိုစရာမလိုဘူး၊ ငါ့လေးငယ်ကို ငါပဲပိုင်တယ်။ ဒီတော့ မိုးနဲ့ အဆက်အသွယ် ပြတ်ကိုပြတ်ရမယ်။

.

အဲဒီအချိန်ကနေစပြီး ကျွန်မဟာ လေးငယ်ကို နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်တော့တာပဲ။ လေးငယ်လိုက်ပို့ နေကျ ကျူရှင်ကို ကိုယ့်ဘာသာ တစ်ယောက်တည်းသွားတယ်။ မဖျား ဖျားအောင် မိုးရေထဲမှာ ရေစိုခံတယ်။ အဆူခံရရင် ပေကပ်ပြီးနေတယ်။ လေးငယ်ရဲ့ ဂရုစိုက်မှုကို ကျွန်မတစ်ယောက်တည်းပဲ ရချင်နေမိတယ်။ လေးငယ်ရဲ့ မိုးဆိုတာကို ကျွန်မမမြင်ဖူးသေးဘူး။ မိုးရဲ့ပုံစံကို ကျွန်မမသိ၊ သူမ ဖြူသလား၊ ညိုသလား၊ စိတ်နေစိတ်ထား ဘယ်လိုရှိသလဲဆိုတာ ကျွန်မ မသိသေးဘူး။ ကျွန်မသိတာက ကျွန်မရင်ဘက် ထဲကနေ ကျွန်မရဲ့ လေးငယ်ကို တချိန်ချိန်မှာ ဆွဲထုတ်သွားမယ့်သူ။ ဒါကြောင့် မိုးကို ကျွန်မလုံးဝ (လုံးဝ)ကိုအလိုမရှိ။

.

လေးငယ်ရဲ့ပစ္စည်းတွေကို ဖွလို့ မိုးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ ပစ္စည်းတစ်ခုခုကိုတွေ့ရင် ဥပမာပြောရရင် မိုးရွာနေတဲ့ ပို့စကဒ်လေးတွေ၊ မိုးလို့ နာမည်ထိုးထားတဲ့ လက်ကိုင်ပုဝါ၊ ဒါမှမဟုတ် လေးငယ်က မိုး စကားလုံးပါတဲ့သီချင်းဆိုနေရင်၊ လေးငယ်စာအုပ်ထဲမှာ မိုး လက်မှတ်ထိုးထားတဲ့ သူမရဲ့ဓါတ်ပုံကိုတွေ့ရင် အဲဒီနေ့ဟာ ကျွန်မ သောင်းကျန်းတဲ့နေ့ပါပဲ။ ကျွန်မဆယ်တန်း ဖြေခါနီးအထိ မိုးနဲ့ ဆက်သွယ်နေတုန်းပဲဆိုတာကို သိတော့ ကျွန်မလေးငယ်ကို စိမ်ခေါ်ခဲ့သေးတယ်။

.

”လေးငယ် မိုးကို အဆက်အသွယ်မဖြတ်ရင် အနော် လုံးဝ စာမေးပွဲမဖြေဘူး” လို့ ခေါင်းမာမာနဲ့ ဆန္ဒပြခဲ့တဲ့အတွက် (တကယ်ပြတ်တာ မပြတ်တာ အသာထား) ကျွန်မရှေ့မှာတင် လမ်းခွဲတဲ့စာကို ရေးပြီး မိုးဆီကို ပို့ခဲ့ရပါသေးတယ်။ အဲဒီအချိန်တုန်းက ကျွန်မလက်ခံခဲ့တာက အချစ်ဆိုတာ မိသားစုကနေ ကင်းကွာ သွားအောင် ဆွဲထုတ်သွားမယ့် အရာရယ်လိုပေါ့။

.

လေးငယ်နဲ့ မိုးတို့ အဆက်အသွယ်မရှိဘူးဆိုရင် ဝမ်းသာသွားလိုက်၊ အဆက်အသွယ်ရှိမှန်းသိသားရင် ပြန်ပြီး ပူညံပူညံလုပ်လိုက်ဆိုပေမယ့် လေးငယ်ဟာ ကျွန်မကို အလိုလိုက်ဆဲပါပဲ။ ရန်ကုန်ကနေ ကျောင်းပိတ်လို့ အိမ်ပြန်ရင် ဦးငယ်က လာကြိုမြဲ။ အိမ်မှာ ၁ဝ ရက် လောက်နားခွင့်ရရင် လေးငယ်နားမှာ ကပ်နေတာက ၇ ရက်လောက် ရှိပါလိမ့်မယ်။ အိမ်နဲ့ ၁ဝ မိနစ်လောက်ပဲဝေးတဲ့ ဈေးကို သွားတာကအစ လေးငယ်လိုက်ပို့မှပဲ သွားတယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင် ရပ်ကွက်ထဲမှာ ပွဲလုပ်ရင်လည်း လေးငယ်ခါးကို ဆွဲပြီး ကျွန်မလျှောက်လိုက်နေဆဲပဲ။

.

လေးငယ်ကိုယ်တိုင်ကလည်း မေမေတို့နဲ့ သွားမှာကိုတောင် စိတ်မချဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ချင်တယ် ဆိုရင် လေးငယ်ကိုယ်တိုင် လိုက်ပြမှ၊ သင်္ကြန်ပြန်ရင်လည်း ဦးငယ်ရဲ့ ဆိုင်ကယ်နောက်ကနေ နေရမှ။ အဲဒီလောက်အထိ ကျွန်မချစ်တဲ့ လေးငယ်ဟာ တခြားသူတစ်ယောက် အနားမှာ သွားနေမှာကို ကျွန်မစိတ်ကူးထဲမှာ ယောင်ပြီးတောင်ထည့်လို့မရပါဘူး။ မိဘတွေဆီကနေ ခွင့်ပြုချက်ရပြီးပေမယ့် ကျွန်မက မကြည်ဖြူတာနဲ့ပဲ လေးငယ်တို့ရဲ့ ဖူးစာဟာ အချိန်ကြာသထက်ကြာလာခဲ့တယ်။ ကျွန်မကတော့ ချစ်သူနဲ့ တူမအကြားမှာ အဆင်ပြေမှုရအောင် ကြိုးစားချင်တဲ့ လေးငယ်ရဲ့ ခံစားချက်ကို ပက်ပက်စက်စက်ကြီးကို လျစ်လျူရှုခဲ့ပါတယ်။

.

အဲဒီလို ကျွန်မရဲ့ ဇွတ်တရွတ်နိုင်တဲ့ မပြောင်းလဲနိုင်တဲ့ သဘောတရားကြားမှာ ပြောင်းလဲလာခဲ့တာက လေးငယ်ရဲ့ ကျန်းမာရေးပါ။ ကိုယ်ဝန်လမစေ့ဘဲ မွေးခဲ့ရတဲ့ လေးငယ်ဟာ နှလုံးတစ်ခြမ်းကြီးနေပြီး ကျောက်ကပ်တွေ ပျက်စီးနေတာကိုသိတဲ့အချိန်မှာ ကျွန်မနောက်ဆုံးနှစ်ကျောင်းတက်နေတဲ့အချိန်ပေါ့။ နယ်မြို့လေးကနေ ရန်ကုန်ကို ဆေးကုသဖို့ရောက်လာတဲ့အချိန်ဟာ လေးငယ်အတွက်တော့ အဆိုးရွားဆုံးနေ့ရက်တွေပါပဲ။ သောက်ရတဲ့ဆေးတွေ၊ သွင်းရတဲ့သွေးတွေများလာတာနဲ့အမျှ လေးငယ်ဟာ စိတ်တိုစိတ်ဆတ်လာပါတယ်။ မုတ်ဆိတ်မွှေး ရိတ်တာကအစ ကျွန်မကလွဲရင် ဘယ်သူမှ သူ့အနားကို အကပ်မခံတော့ဘူး။

.

တစ်ညတော့ လေးငယ်အိပ်ပျော်နေချိန် ဖေဖေတို့လူကြီးတွေ အပြင်ထွက်သွားတုန်း လေးငယ်ဟာ ” မိုး၊ မိုး” ဆိုပြီး ကယောင်ကတမ်းတွေပြောလာတယ်။ ဒါနဲ့ ကျွန်မလည်းလေးငယ်ကို နှိုးပြီး

”လေးငယ်၊ ဘာလို့လဲ၊ မိုးကို တွေ့ချင်လို့လား’‘ လို့မေးလိုက်မိတယ်။ အဲဒီတော့ လေးငယ်ဟာ မျက်လုံးလေး ပွင့်လာပြီး ကျွန်မလက်ကိုယူပြီး သူ့ရင်ဘက်ပေါ်ကို တင်ထားပါတယ်။ ပြီးတော့ ညာဘက်လက်နဲ့ ကျွန်မဆံပင်ကို ထိုးမွှရင်း..

”လေးငယ်က င့ါတူမကိုပဲ ချစ်တာ၊ မိုးကို မချစ်ပါဘူး”တဲ့။

”အော်..လေးငယ်ရယ်…အနော်ဟာ အတော်ကို ဆိုးသွမ်းတဲ့ ကလေးမ ဖြစ်နေပြီလား။ လေးငယ် စိတ်မချမ်းသာအောင် အနော်လုပ်ခဲ့တာတွေများနေပြီလား။ ဒီတစ်ခါ လေးငယ်နေပြန်ကောင်းရင် အနော့်အမှား တွေကို ပြန်ပြီး ပြင်ဆင်ခွင့်ပြုပါ”လို့ စိတ်ထဲကနေ တောင်းပန်နေမိတယ်။ ဒါပေမယ့် ကျွန်မဆုတောင်း မပြည့်ခဲ့ပါဘူး။ ကျောက်ကပ်အကြိမ်ကြိမ် ဆေးတာတောင် သွေးတိုးကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့တဲ့ လေးငယ်ဟာ မြို့ကိုပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သူ့ကိုချစ်တဲ့သူတွေ အားလုံးကို ခွဲခွါခဲ့ပါတယ်။

.

လေးငယ်ရဲ့ နောက်ဆုံးထွက်သက်မှာ ကျွန်မရန်ကုန်မှာပဲ ရှိနေပါသေးတယ်။ ကျွန်မအိမ်ကိုပြန်ရောက် သွားတော့ အသက်မဲ့နေတဲ့ လေးငယ်ကိုပဲ တွေ့ခွင့်ရခဲ့တယ်။ ကျွန်မရဲ့ အတ္တကြီးမှုတွေကြောင့် လေးငယ်သေဆုံးတဲ့ အချိန်မှာ မိုးဟာ အိမ်ကို ထင်ထင်ရှားရှားမလာခဲ့ရပါဘူး။ လေးငယ်မရှိတော့လို့ ကျွန်မစိတ်ထိခိုက်နေချိန် မိုးကိုတွေ့ရင် ပိုဆိုးမယ်ဆိုပြီးတော့ လူကြီးတွေက မိုးကို တောင်းပန်ခဲ့သတဲ့။ လေးငယ်ကို ဂူသွင်းတဲ့အချိန်မှာ လာခဲ့တယ်ဆိုတဲ့ မိုးကို ကျွန်မ မတွေ့လိုက်ခဲ့ပေမယ့် လေးငယ်အသည်းအသန်နေမကောင်းဖြစ်နေတုန်းက သတင်းလာမမေးခဲ့တဲ့အတွက် ကျွန်မစိတ်ဆိုးမိပါသေးတယ်။ (ဒီလောက်ဆိုးသွမ်းနေတဲ့ ကျွန်မရှိနေတဲ့ အချိန် ဘယ်လာမေးမလဲနော်)။ အမှန်တော့ ကျွန်မမိုးကို မုန်းခဲ့တာမဟုတ်ဘူး။ လေးငယ်ကိုသာ မျှဝေမပေးချင်တာပါ။

.

နောက်ထပ် ၁ နှစ်ခွဲလောက်အကြာမှာ မိုးရဲ့ မင်္ဂလာဆောင်ဖိတ်စာကိုရတော့ မဆီမဆိုင် ငိုခဲ့မိတယ်။ ဘာဖြစ်လို့ ငိုမိတယ် ဆိုတာကိုလည်း အခုထိ မသိသေးဘူး။ ”ငါဖျက်တုန်းကတော့ သဲသဲလှုပ် ချစ်ခဲ့ကြပြီး ငါ့လေးငယ်သေလို့ ဘယ်လောက်မှ တောင်မကြာသေးဘူး။ ဒင်းကတော့ မင်္ဂလာဆောင်ပြီ။ လတ်စသတ်တော့ အချစ်ဆိုတာ တစ်ယောက်မရှိလည်း တခြား တစ်ယောက်နဲ့ အစားထိုးလို့ ရတာပဲလို့” စဉ်းစားမိပါတယ်။ အရင်တုန်းကတော့ အချစ်ဆိုတာကို မုန်းတယ်။ အဲဒီအချိန်ကျတော့ အချစ်ဆိုတာကို အယုံအကြည်မဲ့ခဲ့တယ်။ ”အချစ်ဆိုတာ နင်နေ၊ ငါသွားဆိုတဲ့ ဟိတ်ဟန်ကြီးသမား” ဆိုတဲ့ စာသားကို အပြည့်အဝ ထောက်ခံခဲ့တာပေါ့။

.

ကျောင်းပြီးသွားတော့ ကျွန်မလည်း ရန်ကုန်မှာ ကိုယ်အလုပ်ကိုယ်လုပ်ရင်းနဲ့ မေမေ့အိမ်ကို ပြန်တာနည်းလာတယ်။ လေးငယ်မရှိတော့တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ အလုပ်ထဲမှာ အခက်အခဲတွေရှိရင် မေမေတို့ကို သတိမရဘဲ လေးငယ်ကိုသာ တမိနေတတ်တယ်။ တနေ့တော့ မေမေက ရန်ကုန်အိမ်ကို ဖုန်းဆက်လာတယ်။

.

”သမီးရဲ့လေးငယ် လူဝင်စားပြန်ဖြစ်နေတယ်။ အခုအဲဒီကလေး နေမကောင်းလို့ ခမဲ ပေးဖို့ အိမ်ကိုရောက်နေတယ်။ သမီးငယ်ပြန်လာခဲ့ဦး”

အိုး…ကျွန်မလေ ဘယ်လိုခံစားလိုက်ရတယ်မှန်းကို မသိဘူး။ ဝမ်းသာလွန်းလို့ တနေ့လုံးလုပ်သမျှ အရာရာဟာ လွဲချော်ကုန်တာပဲ။ ရင်ထဲမှာလည်း ကတုန်ကယင်ကြီးနဲ့။ ဘဝခြားသွားပေမယ့် လေးငယ်ကို တစ်ခေါက် ပြန်တွေ့ခွင့်ရဦးမှာကိုး။ အဲဒီသတင်းကြားပြီး နောက်တနေ့မှာပဲ ခွင့်ယူပြီး ကျွန်မအိမ်ကို ချက်ခြင်းပြန်သွားခဲ့ပါတယ်။ ဝမ်းနည်း၊ ဝမ်းသာခံစားမှု ၂ ခုကြားမှာ ဗျာများနေတဲ့ ကျွန်မဟာ ကလေးရဲ့ မိဘတွေ ဘယ်သူ၊ ဘယ်ဝါဆိုတာ မမေးမိသေးဘူး။ အိမ်ပေါ်ကို လှမ်းအတက်၊ ကလေးကို ဖက်ထားတဲ့ အမျိုးသမီးကိုအမြင်မှာ ကျွန်မလက်ထဲက ခရီးဆောင်အိတ်လွတ်ကျသွားပါတယ်။

.

”ဘုရားရေ….မိုးပါလား”

မိုးရဲ့လက်ထဲကနေ ကျွန်မဆီကိုလာချင်လို့ ကော့လန်ထိုးနေတဲ့ကလေးလေးဟာ ဘယ်သူလဲဆိုတာ ကျွန်မမေးဖို့ မလိုတော့ပါဘူး။ သူ့အမေလက်ထဲမှာ တဗြဲဗြဲနဲ့ငိုနေတဲ့ ကလေးဟာ ကျွန်မလက်ထဲကို အရောက်မှာ တိတ်လို့။ မျက်နှာအစိမ်း သက်သက်ဖြစ်နေတဲ့ ကျွန်မကို ပြုံးပြနေတဲ့ သားပုလေးဟာ ”ငါတို့ကို ထပ်ပြီး မနှောင့်ယှက်နဲ့နော်”ဆိုပြီး မျက်နှာချိုသွေးနေသလိုပါပဲ။ သားပုလေးနဲ့ ကျွန်မကိုကြည့်ရင်းနဲ့ မိုးလည်းငိုလို့။

”သားပုရယ်…နင်လူဖြစ်စရာနေရာ ဒီလောက်တောင်ရှားသလားကွယ်”။

ကျွန်မ အရှုံးပေးလိုက်ပါပြီလေ။ အခုတော့ ချစ်ခြင်းရဲ့အဓိပ္ပါယ်ကို ကျွန်မနားလည်ခဲ့ပါပြီ။ အချစ်ဆိုတာ ပေါင်းစပ်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အေးချမ်းစွာစီးဆင်းတတ်တဲ့ မြစ်တစင်းဆိုတာကို ကျွန်မသိခဲ့ပါပြီ။ အဲဒီလိုသိတဲ့အသိနဲ့အတူ ကျွန်မ စတင်တုန်လှုပ်ခြောက်ခြားခဲ့မိပါပြီ။ ”နင်ချစ်တတ်တဲ့တနေ့ ဝဋ်လည်လိမ့်မယ်” လို့ အကြိမ်ကြိမ်ပြောခဲ့တဲ့ သူငယ်ချင်းတွေ စကားကိုကျွန်မပြန်ကြားယောင်မိပါတယ်။

.

ကျွန်မ ချစ်တဲ့သူနဲ့ ကျွန်မကြားမှာ (အတိတ်တုန်းက ကျွန်မ ဆိုးခဲ့သလို) ကြားဝင်နှောင့်ယှက်မယ့် တစ်စုံတစ်ယောက်ကို ထိတ်လန့်နေမိပြီ။ ”ချစ်ခြင်းမုန်းခြင်းကင်းတဲ့ သူဖြစ်ရပါလို၏” လို့ ဘုရားမှာ အကြိမ်ကြိမ် တောင်းမိခဲ့တဲ့ ကျွန်မရဲ့ဆုတောင်း ဘယ်အတိုင်းအတာအထိ ပြည့်မလဲဆိုတာကို ကျွန်မမခန့်မှန်းတတ်ပါ။ ဒါပေမယ့် ကိုယ်ခင်းတဲ့ အိပ်ရာ၊ ကိုယ်အိပ်ရမယ် မဟုတ်လား။ ကံဇာတ်ဆရာအလိုကျ ကဟေ့ဆိုတဲ့ တနေ့ကျရင်တော့ မနွဲ့စတမ်းဖျော်ဖြေရမယ့် ကျွန်မနှလုံးသားထိတ်လန့်နေရတဲ့ အဖြစ်ဟာ အိပ်မက်တစ်ခုသာဆို ဘယ်လောက်များ ကောင်းလိုက်မလဲနော်။

 

နှင်းနုလွင်

၂၃၊ ၁၁၊ ၂၀၁၀

 

ဘွန်ဆန်နီ November 3, 2010

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 2:48 AM
Tags:

ပျော်ခြင်းလည်းမမည်၊ ဝမ်းနည်းခြင်းလည်း မဟုတ်သော ခံစားမှုတစ်မျိုးကို သူမခံစားနေရသည်။ သူမစိတ်နှလုံးတွင် အံ့သြစိတ်တို့ဖြင့် ပြည့်နှက်နေသည်။ ကြည်နူးခြင်းလို့လည်း ခေါ်၍ရနိုင်သည်။ ထိုကဲ့သို့သော ခံစားမှုမျိုးကို သူမ တသက်တာတွင် တခါမျှ မကြုံဖူးပေ။ စင်စစ်တော့ သူမသည် နူးညံ့ပျော့ပျောင်းသော မိန်းကလေးတစ်ယောက် မဟုတ်ပေ။ စိတ်ကူးယဉ်ဖို့ဆိုရင် ပိုဝေးသည်။ သူမကို ချစ်သော သူမ၏ဖေဖေ၊ မေမေနှင့် သူမချစ်သူ မောင်။ ထိုသူတို့မှလွဲလျှင် ကျန်မိတ်ဆွေ၊ ဆွေမျိုးအားလုံးက သူမကို မာရေကျောရေနိုင်သူဟုသာ သတ်မှတ်သည်။ ထိုအသိအမှတ်ပြုမှုအတွက် သူမကိုယ်တိုင်ကလည်း နှစ်သက်ကြည်နူး နေမိသည်။

.

ထိုသို့ လေပြေမွှေ့တိုင်း ယိမ်းနွဲ့ခြင်းမရှိသော သူမကမ္ဘာသို့ ချဉ်းနင်းဝင်လာခဲ့သူမှာ ၂ နှစ်ခန့်သာရှိသော ကလေးလေး တစ်ဦးပင်ဖြစ်သည်။ ပါးဆုံများ မို့အစ်နေသောကလေးမလေး၏ အသားအရေသည် နီသည့်ဘက်သို့အတန်ငယ်လုသည်။ ထိုကလေး မလေးသည် သူမနှစ်သက်သော အစိမ်းနုရောင် အကျီင်္လေးကို ဝတ်ဆင်ထားသည်။ ဆံပင်နက်နက်ကလေးများက ကလေးမလေး၏ လည်တိုင်အထိ ဝဲကျနေသည်။ ထိုကလေးမလေးသည် သူမအနီးတွင်ရှိသော အင်္ဂလိပ်လိုရေးထားသော ကြော်ငြာစာရွက်များကို ဖတ်ပြသွားသောအခါ သူမအံ့သြလွန်းစွာ ငေးကြည့်နေမိသည်။ သူမကို ပြုံးပြလျက် ”ဘွန်ဆန်နီ..ဘွန်..ဆန် ..နီ..” ဟုသီဆိုပြနေသည်။ ထိုကလေးမလေးသည် သူမဆီသို့ အပြေးလာချိန်တွင် သူမအိပ်ရာမှ နိုးလာတော့သည်။

.

ထိုအိပ်မက်၏အဓိပ္ပါယ်ကို သူမအမျိုးမျိုးပုံဖော်ကြည့်သည်။ သူမသာ အိမ်ထောင်ရှိသော အမျိုးသမီးတစ်ယောက် သာဖြစ်နေလျှင် ထိုအိပ်မက်သည် အတော်ကို စိတ်ဝင်စားဖွယ်ကောင်းပါလိမ့်မည်။ မိမိတို့ထံ ကလေးတစ်ယောက်လာနေသည်ဟု အိပ်မက် မြင်မက်လျှင် မကြာမီ ရင်သွေးငယ်တစ်ယောက် လူ့လောကကို ဝင်ရောက်လာတော့မည်ဟု ယူဆလျက် မိဘ ၂ ပါးက ရွှင်လန်းနေလိမ့်မည်။ သူမကဲ့သို့ အိမ်ထောင်မပြုရသေးသော အမျိုးသမီးတစ်ယောက်အတွက် ထိုအိပ်မက်သည် မည်သည်ကို ကိုယ်စားပြုသနည်း။ သူမအမျိုမျိုး စဉ်းစားကြည့်ဖူးသည်။

.

ဘွန်ဆန်နီဆိုသောစကားတွင် မည်သည့်အဓိပ္ပါယ်ရှိသနည်း။ လူတစ်ဦးတစ်ယောက်၏နာမည်လား။ လူမျိုးစု၏ နာမည်လား။ သို့မဟုတ် သူမ မသိသော ကျွန်းစုတစ်ခု၏နာမည်၊ တိုင်းပြည်တစ်ခု၏ နာမည်လား။ သူမ ဘာဆိုဘာမျှမသိ။ သို့သော်သူမ အိပ်ပျော်ချိန်တွင် အလည်ရောက်လာတတ်သော ”ဘွန်ဆန်နီ..ဘွန်..ဆန်..နီ” ဟူသည့် မပီကလာပီကလာ အသံလေးကို သူမနှစ်သက်နေသည်။ ထိုကလေးမလေးကို ”ဘွန်ဆန်နီ” ဟုပင် နာမည်ပေးထားသည်။ သူမဆီကို ဘွန်ဆန်နီလေး အလည်ရောက်လာတတ်သည်မှာ ၁ ပတ်ပြည့်သွားပြီ။ ယခုဆိုလျှင် ညအိပ်ရာဝင်ခါနီးတိုင်း သူမသည် ဘွန်ဆန်နီလေးကို မျှော်၍ ပျော်နေတတ်သည်။ ထိုကလေးမလေးကို သူမတွယ်တာနေသည်။

.

ညက မက်သော အိပ်မက်တွင် ဘွန်ဆန်နီလေးသည် မောင့်လက်ကို တွဲပြီး သူမကို သီချင်းဆိုပြနေသည်။ မောင့်ဘက်ကို လှည့်ပြီး ”ဖေဖေ” ဟုခေါ်လိုက်သည်။ ထို့နောက် သူမကိုပြုံးပြလျက် သူမရှိရာသို့ ပြေးလာသော ဘွန်ဆန်နီလေးကို ဆီးပွေ့ရန် ကြိုးစားလိုက်ချိန်တွင် နိုးစက်မြည်သံကြောင့် သူမအိပ်ရာမှ နိုးလာခဲ့သည်။ မောင်သည် ထိုကလေး၏ ဖေဖေဖြစ်လျှင် မေမေသည် မည်သူဖြစ်မည်နည်း။ မောင့်အမျိုးသမီးသည် သူမသာလျှင် ဖြစ်ရမည်။ သို့သော် ဘွန်ဆန်နီလေး၏ မျက်လုံးသည် အပြာရောင်လဲ့နေသည်ဟု သူမထင်နေမိသည်။ သူမ၏ မျက်ဝန်းသည် အနက်ရောင်ဖြစ်ပြီး မောင်က အညိုရောင်မျက်ဝန်းကို ပိုင်ဆိုင်ထားသည်။

.

မောင်နှင့် သူမ ချစ်သူသက်တမ်း ၅ နှစ်ပြည့်ခဲ့ပြီး ယခုနှစ် မောင်ပြန်လာလျှင် လက်ထပ်ရန် တိုင်ပင်ထားသည်။ သို့သော်လည်း သူမတို့မင်္ဂလာပွဲအတွက် မောင့်မိဘများဘက်မှသာ စီစဉ်နေခြင်းဖြစ်သည်။ သူမ မိဘများကတော့ သူမ၏်မင်္ဂလာ ကိစ္စနှင့်ပတ်သက်ပြီး တဆိတ် သွေးအေးလွန်းလှသည်ဟု သူမ ထင်မြင်မိသည်။ သူတို့သည် မောင်နှင့်သာမဟုတ်။ သူမကို မည်သူ နှင့်မျှ လက်မထပ် စေချင်သေးပေ။ သူတို့၏ ရင်ငွေ့ဖြင့်သာ အစဉ်ရွှင်လန်းတောက်ပနေစေချင်သေးသည်။ မိဘ၏ ရင်ခွင်ရိပ်သည် အေးမြမှန်း သူမသိသည်။ အပူအပင်ကင်းမဲ့မှန်းသူမသိသည်။

.

သို့သော် တဦးတည်းသော သမီးဖြစ်သည့် သူမသည် အဖော်အပေါင်းတစ်ဦးဦးကို သူမအနားတွင် ရှိနေစေချင်သည်။ ထို့အတွက် သူမကိုဦးဆောင်လမ်းပြပေးသော၊ တယုတယနှင့် ဂရုစိုက်တတ်သော မောင့်ကို ချစ်သူအဖြစ်၊ ဘဝလက်တွဲဖော်အဖြစ် ရွှေးချယ်ခဲ့သည်။ မောင်နှင့်သူမ အသက်ကွာလွန်းသည်ဟု သူမ မိဘများက အကြောင်းပြသည်။ သူမအသက်ငယ်သေးသည် ဟုဆို ကာ မင်္ဂလာကိစ္စကို အချိန်ဆွဲထားသည်။ သူမအသက်သည် ၂၅ နှစ်သာ ရှိသေးသော်လည်း ယခုလာမည့် အောက်တိုဘာလတွင် မောင့်အသက် ၃၅ ပြည့်မည်။ သူမထက် ၁ဝ နှစ်တိတိကြီးသော သူတစ်ယောက်ကို မောင် ဟု ခေါ်ဝေါ်ခြင်းသည် တချို့သူများ အတွက် ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မည်။ သို့သော် မောင်ကိုယ်တိုင်က ထိုသို့ခေါ်ခြင်းကို ပို၍လိုလားနှစ်ခြိုက်တတ်သည်။

.

မိဘတို့ သဘောမတူသေးသော မောင်သည် သူမတို့အိမ်အတွက် သူစိမ်းတရံဆန်သူ မဟုတ်ပေ။ မဥူလမ်းသွယ်ထဲတွင် လမ်း၏ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း မျက်နှာချင်းဆိုင်တွင် သူမတို့နေကြသည်။ မောင့်မိဘများကို သူမသည် အချိန်မရွေး ခေါင်းထိုး၍ ချွဲနိုင်သည်။ မောင်သည်လည်း သူမတို့အိမ်သို့ တံခါးမရှိ၊ ဓါးမရှိ ဝင်ထွက်သွားလာနိုင်သည်။ မောင်သည် သတ္တဗေဒ ဌာနမှူး ဖြစ်သည့် သူမမေမေနှင့် စာဆွေးနွေးဘက်ဖြစ်သလို သူမဖေဖေနှင့်အတူ အီရတ်၊ အစ္စရေးမှစ၍ နိုင်ငံတကာသတင်းများ အကြောင်းကို ဆွေးနွေးနိုင်သည်။ သူမညံ့ဖျင်းလှသော အတွက်အချက်ဘာသာရပ်ကို သူမတက္ကသိုလ်ပြီးဆုံးချိန်အထိ ကူပြပေးသည်။ မောင့်လက်ချောင်းသွယ်သွယ်လေးများဖြင့် သူမခေါင်းကို အကြိမ်ကြိမ်ခေါက်ခဲ့ဖူးသည်။

.

ဘွန်ဆန်နီလေးမှသည် မောင့်အကြောင်းကို တွေးတောနေမိသောသူမသည် ထိုနေရာအရောက်တွင် ငယ်ထိပ်တွင် ပူခနဲ ဖြစ်သွားသလိုခံစားလိုက်ရသည်။ အိပ်ရာမှ မထသေးဘဲ မိမိဘာသာ အတွေးနယ်ချဲ့နေသောအဖြစ်ကို တွေးရင်း ရှက်ပြုံးပြုံး လိုက်မိသည်။ သူမအနီးရှိ စားပွဲတင်နာရီကို ကြည့်လိုက်တော့ မနက် ၇ နာရီကို ညွှန်ပြနေသည်။ ထိုနာရီလေးသည်လည်း သူမတက္ကသိုလ်စတက်စဉ်က မောင်ဝယ်ပေးခဲ့ခြင်းဖြစ်သည်။ အအိပ်မက်သော သူမကို မေမေလာမနှိုးခင် ထတတ်အောင်ဆိုပြီး မောင်ဝယ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုနာရီသည် မောင့်ကောင်မလေးအတွက် ဝယ်လာသည်ဟု ပြောပြီးနောက်ခဲ့စဉ်က သူမအချိန် အတော်ကြာစိတ်ကောက်ခဲ့ဖူးသည်။ ထိုစဉ်က သူမသည် မောင့်ချစ်သူမဟုတ်သေးပေ။

.

အိပ်ရာပေါ်မှ မထသေးဘဲ စိတ်ကူးတွေပျံ့ကျဲနေရာမှ သူမ အလုပ်သွားရမည်ကို သတိရလာသည်။ သူမခုတင်ဘေးရှိ စာကြည့်စားပွဲတွင် တင်ထားသောရေသန့်ဗူးထဲမှရေကို တဝမော့ချလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်ချိန်တွင် အတွေး တစ်ခုရသွား သည်။ နံနက်စာစားချိန်တွင် ဘွန်ဆန်နီ၏ အဓိပ္ပါယ်ကို သူမဖေဖေကို မေးကြည့်ရမည်။ ထိုအတွက် အဖြေကို ဖေဖေသိလိမ့်မည်ဟု သူမထင်နေသည်။ သို့သော်လည်း ”ဖေဖေ့ကို မေးစရာရှိတယ်” ဟု သူမ စကားအစပျိုးချိန်တွင် ဖေဖေ့ လက်ကိုင်ဖုန်းသည် မြည်လာခဲ့သည်။ ဖုန်းဆက်လာသောဖေဖေ့သူငယ်ချင်းသည် နံနက်စာစားနေသော စားပွဲဝိုင်းမှ ဖေဖေ့ကို ဆွဲခေါ်သွားသည်။ ”ညနေမှ မေး..နဒီ။ ဖေဖေသူငယ်ချင်းခေါ်လို့ အပြင်ခဏသွားလိုက်ဦးမယ်” ဟုပြောချိန်တွင် သူမ ခေါင်းသာ ငြိမ့်ပြလိုက်မိသည်။

.

မေမေ့ကို မေးလျှင်ရော။ သိပ်တော့ထူးခြားမည်မထင်။ မေမေသည် သူတို့ဌာနရှိ အကောင်ငယ်လေးများ၏ နာမည်နှင့် ဘဏ်စာရင်းထဲရှိ ငွေအသွင်း၊ အထုတ်စာရင်းမှ လွဲပြီး တခြားကိစ္စများကို ခေါင်းထဲထည့်တတ်သူ မဟုတ်ချေ။ နေပါစေတော့။ ပြီးမှ အင်တာနက်တွင် ရှာကြည့်ရင်ရော။ ဖြစ်နိုင်ချေအနည်းငယ်ရှိသေးသည်။ မြန်မာလို ရှာမတွေ့လျှင်တောင် အင်္ဂလိပ်နာမည်နှင့် ရှာလျှင် အနီးစပ်ဆုံးအဖြေတစ်ခုခုကို ရပေလိမ့်မည်။

.

စိတ်မြန်လက်မြန်ရှိသောသူမသည် ထိုစိတ်ကူးကိုရသည်နှင့်တပြိုင်နက် နံနက်စာစားချင်းကို အမြန်လတ်စသတ်ကာ သူမအခန်းသို့ပြန်တက်လိုက်သည်။ သူမ၏ ကွန်ပျူတာကိုဖွင့်၊ အင်တာနက်စာမျက်နှာမှာ စတင်ရှာလိုက်သော အချိန်တွင် လျှပ်စစ်မီးက ပြတ်တောက်သွားခဲ့သည်။ နာရီဝက်ခန့်စောင့်ဆိုင်းနေသည့်တိုင်အောင် မည်သို့မျှ မထူးခြားလာခြင်းအတွက် ညနေကျမှဆက်ကြိုးစားတော့မည်ဟု စိတ်လျော့လိုက်ကာ သူမအလုပ်ခန်းရှိရာ ၃၉ လမ်းသို့သွားဖို့ ပြင်ဆင်လိုက်သည်။ သူမတို့ သူငယ်ချင်း ၂ ယောက်စပ်တူဖွင့်ထားသော ဖက်ရှင်ဆိုင်တွင် အသင့်ချုပ်ပြီးသား အဝတ်အထည်တို့ကို ရနိုင်သလို လိုအပ်သောဒီဇိုင်း တို့ကိုလည်း ပုံဖော်ပေးကြသည်။

.

အလုပ်သွားရန်ပြင်ဆင်ပြီး အောက်ဆင်းလာချိန်တွင် သူမအတွက် ထမင်းဘူးကို မေမေ့ကိုယ်တိုင် ထည့်ပေးပြီးနေပြီ။ ကားသော့လာပေးရင်းနှင့် သူမကို တချက် နမ်းကာ ”ကားမောင်းတာ..သတိနဲ့မောင်းမီးငယ်” ဟု သတိပေးသည်။ ဒါ သူမမေမေလုပ်နေကျ ကိစ္စတစ်ခုဖြစ်သည်။ ပြီးလျှင် သူမကိုကားနားအထိလိုက်ပို့မည်။ သူမကားမောင်းထွက်သွားလျှင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးမှ အိမ်ထဲသို့ ပြန်ဝင်လိမ့်မည်။ မေမေ့ကို မမြင်တော့ဘူးဆိုတော့မှ သူမသည် ကားကို အရှိန်မြင့်တင်လိုက်မည်။ သူမနှစ်သက်သော သီချင်းတစ်ပုဒ်တည်းကိုပဲ သူမအလုပ်ခန်းနားကို ရောက်သည်အထိ ဖွင့်မည်။

.

တနေ့တာ၏ အစကို ထိုသို့ တက်ကြွလန်းဆန်းမှုများနှင့်စတင်ဖွင့်လှစ်လိုက်သော သူမအတွက် ရက်စက်စွာ နှုတ်ဆက် လိုက်သော အသံကို အခန်းတံခါးဆွဲဖွင့်လိုက်ချိန်တွင် ကြားလိုက်ရသည်။ ”ခွမ်း” ဆိုသော အသံနှင့်အတူ တစ်စုံတစ်ရာ ကွဲသွားသောအသံ။ သူမအခန်းကို သန့်ရှင်းရေးဝင်လုပ်ပေးသောမိန်းကလေး၏ လက်နှင့်တိုက်မိပြီးကွဲသွားသော ဖန်တုံးလေး။ သူမစားပွဲပေါ်တွင် တင်ထားသောဖန်တုံးလေးသည်ကြမ်းပြင်တွင် အစိတ်အမွှာမွှာ ကွဲလျက်။ ထိုဖန်တုံးလေးသည် မောင်နှင့်သူမ ချစ်သူဖြစ်သောနေ့တွင် မောင်ပေးခဲ့သော ပထမဆုံးလက်ဆောင်ဖြစ်သည်။ အရပ်ရှည်ရှည် မင်းသားရုပ်လေးက ပွေ့ချီထားသော မျက်လုံးဝိုင်းဝိုင်းနှင့် အရုပ်မလေးသည် သူမနှင့် တူသည်ဟု မောင် ပြောဖူးသည်။ ပထမဆုံးလက်ဆောင် ဖြစ်သောကြောင့် သူမအသက်ထက်ပို၍ တန်ဖိုးထားသည်။

.

သူမက အိမ်တွင်သိမ်းထားလိုသော်လည်း ”အကျိုးရှိအောင် သုံးဖို့ပေးထားတာ” ဟုဆိုသော မောင့်စကားများကြောင့် သူမအလုပ်ခန်းသို့ ယူလာခဲ့မိခြင်းဖြစ်သည်။ ယခု ထိုအရုပ်လေးသည် အပိုင်းပိုင်းကြေလျက်ရှိပေပြီ။ အောက်ခံအပြားလေးသည် လည်းကောင်း၊ မင်းသားရုပ်နှင့် မင်းသမီးရုပ်လေးသည်လည်းကောင်း လွင့်စင်လျက်။ သူမအခန်းကို သန့်ရှင်းရေးလုပ်ပေးသော မိန်းကလေး၏ မျက်နှာသည် ဇီးရွက်ခန့်သာ ရှိတော့သည်။ သူမသည် ထိုမိန်းကလေးကို ဆူဖို့ထက် ဝမ်းနည်းမှုတွေ လှိုက်လှိုက်တက် လာသည်။ အနီးတွင်ရပ်နေသော မိန်းကလေးကို အပြင်သို့ထွက်သွားစေပြီးမှ အခန်းတံခါးပိတ်ကာ သူမရှိုက်ကြီးတငင်ငိုချလိုက် တော့သည်။

.

ငိုနေရင်းနှင့်ပင် မနေ့ညက သတင်းတွင်ကြည့်ခဲ့ရသော မောင်ရောက်ရှိနေရာ ဒေသ၏ ဆိုးရွားလှသော ရာသီဥတု အကြောင်းက သူမခေါင်းထဲ တိုးဝင်လာသည်။ ဆီးနှင်းများဖုံးလွှမ်းနေသော အိမ်များ၊ လမ်းများအကြောင်းကိုပြန်စဉ်းစားမိရာကနေ သူမ နေမထိ ထိုင်မသာဖြစ်လာသည်။ မောင်အိပ်နေမည့် အချိန်မှန်းသိသော်လည်း သူမသည် ဖုန်းနံပတ်အချို့ကို ခေါ်လိုက်မိသည်။ အချိန် အတော်ကြာသည်အထိ တစ်စုံတစ်ရာ တုံ့ပြန်မှုမပေးလာသည်ကို နင့်နင့်နည်းနည်း မုန်းတီးလိုက်မိသည်။ ဆွဲလက်စ ဒီဇိုင်းအတွက် စိတ်ကိုအတည်ငြိမ်ဆုံးကြိုးစားပြီး အလုပ်စားပွဲတွင် ထိုင်ချလိုက်သော်လည်း အာရုံစူးစိုက်၍မရ။ ”နေ့လည်စာကို ၁ နာရီ ထက်နောက်ကျပြီး မစားနဲ့” ဆိုသော မောင့်အသိပေးစကားကို အမှတ်ရလာသော်လည်း ထမင်းစားလို စိတ်က အနည်းမျှ ဖြစ်ပေါ်မလာပေ။

.

ချစ်သူကို စိုးရိမ်ကြောင့်ကြလာမှုနှင့်အတူ ဆောက်တည်ရာကင်းမဲ့နေသည်။ တအုံ့နွေးနွေးနှင့် လှိုက်ကာပူနေသော ဝေဒနာကို မခံစားနိုင်တော့သည့် အဆုံးတွင် သူငယ်ချင်းဖြစ်သူကို ဆိုင်ပိတ်သည်အထိ နေပေးရန်ပြောပြီး သူမကမူ ကားရှိရာသို့ လျှောက်သွား လိုက်မိသည်။ မောင့်အိမ်သို့ဖုန်းဆက်ပြီး မေးနိုင်သည်ကို မေ့လျော့လျက် မောင့်အိမ်ရှိရာ၊ သူမတို့လမ်းသို့ ကားကို ဦးတည်မောင်းနေမိသည်။ ဖွဲဖွဲလေးရွာနေရာမှ ရုတ်ခြည်းသည်းလာသော မိုးရေအောက်တွင် ကားလေး၏ အမြန်နှုန်းသည် သတ်မှတ်မိုင်ထက် အတော်လေးကို ကျော်နေသည်။

.

ဘယ်ညာယိမ်းထိုးနေသော ရေသုတ်တံလေးများကြားမှ သူမမြင်ကွင်းထဲသို့ ဝင်လာသော အင်တာနက်ဆိုင်တစ်ဆိုင်၏ ဆိုင်းဘုတ်ကို တွေ့လိုက်ချိန်တွင် သူမ၏စိတ်ကူးသည် ရုတ်တရက်ပြောင်းလဲသွားသည်။ အိမ်သို့ပြန်လျှင် အချိန်ကုန်မည်။ ထိုအစား အင်တာနက်ဆိုင်ကနေ ဖုန်းခေါ်မည်။ မေးလ်ပို့မည်ဆိုသော အတွေးနှင့် လမ်း၏ဘယ်ဘက်သို့ ရုတ်တရက်ကွေ့ချလိုက်ချိန်တွင် သူမကဲ့သို့ပင် အရှိန်ပြင်းပြင်းဖြင့် မောင်းလာသော ကားတစ်စီး၏ စူးရှသောမီးရောင်၊ ကျယ်လောင်သော အသံတို့၏ နောက်တွင်…။

.

မျက်လုံးအတွင်းသို့ စေးပျစ်သော အရည်များစီးဝင်လာမှုနှင့်အတူ သူမ၏ အသိတရားသည် ဝေဝေဝါးဝါး။ ”ကားမောင်းရင် သတိထား မီးငယ်” ဆိုသော သူမမေမေ၏အသံ။ ”ညနေမှ မေး…နဒီ” ဆိုသော သူမဖေဖေ၏ အသံကိုပြန်ကြားလာချိန်တွင် သူမ ဖေဖေနှင့် စကားပြောရဦးမည်ကို သတိရလာသည်။ အားတင်းထားသည့်ကြားမှ သတိရတစ် ချက်၊ မရတစ်ချက်။ ထိုအချိန်တွင် သူမ၏အကြားအာရုံသို့ ”ဘွန်ဆန်နီ” ဆိုသော ချိုရှရှအသံလေးက တိုးဝင်လာသည်။ ကလေးမလေး၏ ”ဖေဖေ” ဆိုသော ခေါ်သံအဆုံးတွင် ပေါ်လာသောမောင့်ပုံရိပ်။ သီချင်းဆိုပြီး ပြေးလာသောကလေးမလေး၏ ”မာမီ” ဆိုသောခေါ်သံ နောက်တွင် အသားနီစပ်စပ်နှင့် မျက်လုံးပြာသော အမျိုးသမီးတစ်ယောက်။

.

သူမသည် တစ်စုံတစ်ရာကို သဘောပေါက်လိုက်သည်။ သူမနားမလည်သော ဘွန်ဆန်နီသည် သူမနှင့် မည်သို့မျှ မသက်ဆိုင်သည့်အကြောင်း၊ ထို့ထက် ဖန်တုံးလေးကွဲသော်လည်း မောင့်တွင် အသက်အန္တရာယ်မရှိတော့ကြောင်းကို သူမ အသေအချာ သိလိုက်သည်။ ဘွန်ဆန်နီလေး၏ မိဘနှစ်ပါးတို့ကို ပုံဖော်ကြည့်ပြီးသည့် နောက်တွင် သူမသည် တင်းထားသမျှ စိတ်ကို လျော့ချလိုက်တော့သည်။ ကားချင်းတိုက်မိရာသို့ ဝိုင်းအုံလာကြသော အနီးပတ်ဝန်းကျင်မှလူများကတော့ သူမနောက်ဆုံး ထွက်သက်တွင် မပီမသ ရေရွတ်သွားသော ”ဘွန်ဆန်နီ” ဆိုသော စကား၏ အဓိပ္ပါယ်ကို စဉ်းစားလျက်။

.
.

နှင်းနုလွင်
၁၀၊ ၁၀၊ ၂၀၁၀


 

October 27, 2010

Filed under: ရေးမိရေးရာ စာတိုပေစ — thetsonehnin @ 10:22 AM
Tags:

နတ်တော်လပြည့်ည၏ ရွှန်းမြထည်ဝါသော လရိပ်အောက်တွင် ကလေးငယ်များ၏ ညောင်ပင်တစ္ဆေဆော့ကစားသံဟာ ပျဉ်းမကုန်း တစ်ရွာလုံးကို ဖုံးလွှမ်းထားပါတယ်။ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်အခွဲလေးတစ်ခုဖြစ်တဲ့ သဲခုံမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ဒီရွာလေးမှာနေထိုင်ကြတဲ့ ရွာသူရွာသားတွေဟာ လယ်ယာအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတဲ့သူတွေ များပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသပေမို့ ရေရှားပါးမှုဒါဏ်ကို မခံရပေမယ့် မြစ်ရေကြီးရင်တော့ စိုက်ပျိုးထားသမျှက ပလုံစွပ်ပဲ။ ဒီနှစ်တော့ မိုးလေဝသက မနှိပ်စက်တော့ အိမ်တိုင်းလိုလိုဟာ ဝမ်းစာစပါးကို စပါးကျီထဲကို ထည့်ပြီးနေကြပြီ။
.
”ဒီနှစ် မတ်ပဲတွေကတော့ တော်တော်ကောင်းတယ်….မိသောင်းစိန်ရေ”
”ဟုတ်ပတော်…..ကျုပ်တို့ သက်တမ်းတစ်လျှောက်မှာ ဒီနှစ် အကောင်းဆုံးပဲ”

”အေး ….မတ်ပဲကြားထဲ ထည့်ပက်ထားတဲ့ ဘိုကိတ်ပဲတွေကလည်း မဲလို့၊ ခဲလို့ဟေ့။ ပြီးတော့ ဒီနှစ် ပဲဈေးကလည်း တော်တော်မြောက်မယ်ဆိုပဲ”
.
လယ်ပိုင်ရှင်ကြီး ဦးထွန်းရှိန်တို့ လင်မယားကတော့ အိမ်ရှေ့မရမ်းပင်အောက်က ကွက်ပျစ်မှာ ထိုင်ပြီး ဂျင်းနည်းနည်းရော ထားတဲ့ လဘက်လေးကို စားလိုက်၊ ရေနွေးကြမ်းလေးသောက်လိုက်နဲ့ ပဲအထွက်ကို ခန့်မှန်းနေကြပါတယ်။ အဘိုးကြီး၊ အဘွားကြီး ၂ ယောက်ဟာ တွက်ရေးနဲ့ သူဌေးဖြစ်နေကြတုန်းမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ သူတို့သမီးဖြစ်သူ မနှင်းရုံရဲ့အသံကြောင့် ခုနက စိတ်ကူးနေတာတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။
.
”အမေရေ….လုပ်ပါဦး..အဘရေ..အထဲက ကန်နေတယ်၊ လာပါဦး”
”ဟဲ့…ဟဲ့…မိသောင်းစိန်….အမြန်ထပါဟဲ့။ နင့်သမီးဘာဖြစ်လဲမသိဘူး။ အို…..အရေးထဲ..သူကတမှောင့်”
.
ဒူးခေါင်းနာနေလို့ ချက်ခြင်းမထနိုင်သေးတဲ့ ဒေါ်သောင်းစိန်ကို အားမလိုအားမရ ဖြစ်ကာ ဦးထွန်းရှိန်ဟာ သမီးဖြစ်သူဆီကို အပြေးအလွှားသွားလိုက်တယ်။ ပါးစပ်ကလည်း ကြိမ်းမောင်းကာ လက်သီးလက်မောင်းတန်းပြီး သမီးအခန်းထဲပြေးဝင်သွားတဲ့ ဦးထွန်းရှိန်နောက်ကို ဒေါ်သောင်းစိန်ပါ ထမီမနိုင်၊ ပုဝါမနိုင်နဲ့ အပြေးအလွှား လိုက်ဝင်လာတယ်။ မတော်တဆ ခြေလွန် လက်လွန်ဖြစ်ကုန်ရင် အခက်သား။

”သမီး ….နှင်းရုံ.သမီးကို ဘယ်သူကန်သလဲ…အဘကို ပြောစမ်း။ ဘယ်က အကောင်က မှောင်ရိပ်ခိုပြီး ငါတို့ခြံထဲ ဝင်လာသလဲ ပြောစမ်း”
”မဟုတ်…မဟုတ်ဘူး..အဘ..”
”ပြောစမ်းပါသမီးရယ်။ ဒီကောင့်ကို အဘလက်စွမ်းပြချင်လို့”
”ဒီ…ဒီ..ဒီမှာ ..အဘ”
ရေအိုးတစ်လုံးကိုမှောက်ထားသလို ပူတင်းဖောင်းကားနေတဲ့ သူမရဲ့ ဗိုက်ကို ညွှန်ပြလိုက်တယ်ဆိုရင်ပဲ ခုနက လက်သီးလက်မောင်းတန်းနေတဲ့ ဦးထွန်းရှိန်ရဲ့ လေသံက ချက်ခြင်းကို ပြောင်းသွားတယ်။
.
”ဟိုက်…ငါ့သမီးဗိုက်ထဲကတဲ့။ မိသောင်းစိန်….လုပ်ပါဦးဟ။ နင့်သမီး ဗိုက်ထဲကတဲ့”
”ဗိုက်နာတာများလား။ မွေးချင်ပြီလား သမီး”
”အား..အား..မသိဘူးအမေ။ သမီးမှ ကလေးမမွေးဘူးတာ”
”ဟုတ်ရဲ့လား နှင်းရုံရယ်။ တနေ့ကမှ မြို့ဆေးခန်းကပြန်လာတာ။ ညည်းကိုယ်ဝန်က ၁ လကျော်ကျော်တောင် လိုသေးတယ်ဆိုပဲ”
”ကဲပါ..နောက်မှ မေးစမ်းလုပ်။ အခု ဟိုအကောင် လှမြင့် ဘယ်မလဲ။ ဒေါင့်ကြီးဆေးရုံကိုသွားရအောင်။ ထော်လာဂျီပါ ယူခဲ့”
.
ဦးသောင်းစိန်ရဲ့ စကားအဆုံးမှာ ရွာတောင်ပိုင်းက သူ့အမေတွေအိမ်ကို ပိုက်ဆံသွားအပ်တဲ့ ကိုလှမြင့်ကို သုတ်သီး သုတ်ပြာနဲ့ သွားခေါ်ပြီး ပျဉ်းမကုန်းနဲ့ မိုင် ၃ဝ လောက်ဝေးတဲ့ မြို့ဆေးရုံကို ပြေးရတာပဲ။ ဆေးရုံကိုရောက်တော့ မနှင်းရုံက ဗိုက်မနာတော့ဘူး။ လုံချည်အနီဝတ် သူနာပြုဆရာမကြီးကတော့ ကလေးလှုပ်တာတဲ့။ မီးဖွားဖို့ ၁ လကျော်လောက်တောင် လိုသေးသတဲ့။ အချိန် ၁ လ လောက် လိုသေးတော့ ဒေါ်သောင်းစိန်က ပျဉ်းမကုန်းကို ပြန်ချင်တယ်။ ဦးထွန်းရှိန်က မြို့မှာပဲ နေမယ်။ သူ့မြေးကိုမြို့ဆေးရုံမှာပဲ မွေးမယ်တဲ့။ စိတ်ကြီးတဲ့ ဦးထွန်းရှိန်ကို ပြောမရတဲ့ အဆုံး မြို့ကအမျိုးတွေအိမ်မှာ မိသားစုလိုက် တည်းနေလိုက်တယ်။
.
စောင့်ကြည့်နေရင်းနဲ့ တစ်ပတ်ကနေ နှစ်ပတ်။ ဒါလည်း ဗိုက်ကမနာသေး။ နှစ်ပတ်ကနေ ၃ ပတ်။ ဒါလည်း ထူးခြားမလာ။ ဦးထွန်းရှိန်တစ်ယောက် စိတ်နည်းနည်း ညစ်စပြုလာပြီ။ မြို့နဲ့ရွာဆိုတာကလည်း အကွာကြီးကွာတာ။ ပျဉ်းမကုန်းမှာက ည ၉ နာရီဆို အသံတိတ်။ အိမ်တိုင်းလိုလို အိပ်ကြပေမယ့် ဒီမှာက နေ့တပူပူ။ ညတဆူဆူ။ ဟိုဘက်အိမ်က လေလည်သံကို ဒီဘက်အိမ်က အတိုင်းသား ကြားရတဲ့ အထိ အိမ်ခြေတွေက ခပ်စိတ်စိတ်။ ဆိုတော့ ဦးထွန်းရှိန် ဘယ်လိုမှ မအောင့်အည်းနိုင်တဲ့အဆုံးမှာ ရွာကိုပြန်ဖို့လုပ်ပါရော။ ရွာက သားဖွားဆရာမနဲ့ပဲ မွေးတော့မယ်ဆို ပြီးပြန်အလာ၊ ရွာအဝင်ဝပဲ ရှိသေးတယ်။
.
”အား..အားးးးး…နာ..နာ လာပြန်ပီအမေရေ။ တကယ့်ကို နာတာအဘရဲ့။”
”ကဲ..မောင်းဟေ့…အိမ်ကိုရောက်အောင်မောင်း။ လှမြင့်က သားဖွားဆရာမကို မြန်မြန်သွားခေါ်ခဲ့”
.
မြို့မှာ လေးပတ်လောက်သွားနေတုန်းက မမွေးဘဲ ရွာကိုပြန်ရောက်မှ မွေးတဲ့ကလေး။ မွေးချိန်က မနက် ကိုးနာရီ၊ နေတက်ရေတက်။ ကလေးက စနေနေ့မှာ မွေးတယ်ဆိုတော့ သက်ဦးစနေ၊ မီးလိုမွှေလိမ့်မယ်၊ စနေသားသမီး မနိုင်ရင် မိဘတွေကို ခိုက်လိမ့်မယ်။ အဖေက ဓါးထမ်းပြီး ကျော်ရမယ်တဲ့။ ကိုလှမြင့်တို့ အမေတွေက အကြံပေးတယ်။ ဒါကို ဦးထွန်းရှိန်က လက်မခံ။ သူတို့ရှာသမျှ သူတို့မြေး သုံးဖို့ထားတာ။ ခိုက်ချင်လည်း ခိုက်ပါလေ့စေ။ ကလေးကိုတော့ ဘုန်းနိမ့်မခံနိုင်ဘူး။ ကျော်ရဲတဲ့အကောင်ကျော်ကြည့်ဆိုပြီး စိန်ခေါ်တော့ ဟိုဘက်ဒီဘက် အခြေအနေတွေက တင်းမာလာတယ်။ တစ်ယောက်တစ်ခွန်း စကားများရာက ရွာဦးဘုန်းကြီး ဝင်ပြီး ကိစ္စဖြတ်ပေးတော့မှ ပြီးတော့မယ်။
.
”ကဲ…ဒီကလေးကို ဘဘုန်းမွေးစားတယ်။ ဒီတော့ ဘယ်သူမှ ကျော်စရာမလိုဘူး၊ ဘယ်သူကိုမှလည်း မခိုက်တော့ဘူး”
.
ဘဘုန်းရဲ့ တချက်လွတ်အမိန်ချမှုကြောင့် သက်ဦးစနေကိစ္စက ပြီးပြတ်သွားတယ်။ တကယ်တော့ ဒီကလေးကို အားလုံးကို ချစ်ကြတယ်။ မနှင်းရုံအသက် ၄ဝ နားနီးမှရတဲ့ ကလေး၊ နှစ်ဘက်အဘိုးအဘွားတို့ရဲ့ မြေးဦးဆိုတော့ သည်းသည်းလှုပ်အောင် ချစ်လိုက်တာများ။ မနှင်းရုံ မီးတွင်းထဲက ထွက်တော့ အုန်းထမင်းနဲ့ ကြက်သား ချက်ပြီး ကျွေးတယ်။ နောက် ကလေးရက် ၁ဝဝ ပြည့် ကင်ပွန်းတပ်ပွဲမှာ ငါးခြောက်နှပ်နဲ့ ထမင်းကျွေးတာ ရွာလုံးကျွတ်ပဲ။ မနှင်းရုံဘက်ကရော၊ ကိုလှမြင့်တို့ဘက်ကပါ တောသူဌေးဆိုတော့လည်း စိတ်တိုင်းကျကို ချဲကြတယ်။ အဲ..ဒါပေမယ့်…ကလေးရဲ့ ကင်ပွန်းတပ်ပွဲပြီးသွားပေမယ့် ရွာထဲကလူတွေကတော့ အဲဒီနာမည်ကို မခေါ်ဘူး။ မမွေးခင် တလလောက်တည်းက ဆေးရုံမှာ သွားနေတာရယ်၊ ဓါးထမ်းကျော်ရတဲ့ ကိစ္စတွေကို သတိတရနဲ့ ကလေးကို ခေါ်တဲ့ နာမည်က …။
.
.

”ဇ”

”ဗျာ..အမေ”
”ဗျာ..အသာထား..လူအရင်လာ”
”လူလာရင် လက်မပါဘူးလို့ အမေကတိပေးလား”
”အေး..အေး. ပေးတယ်..လာ…လာစမ်း..”
.
အသက်ကြီးမှမွေးတဲ့ ကလေးမို့ ဥာဏ်ရည်မမှီဘူးလို့ ထင်ရင်တော့ ကွက်တိကို လွဲမယ်။ ဇ တို့က ရွာကျောင်းမှာ ထိပ်ကပြေးနေတယ်။ ဘယ်လောက်ကဲကဲ ကျောင်းမှာတော့ စာရတယ်။ အဲဒီလိုရအောင်လည်း အမေဖြစ်သူ မနှင်းရုံက အနားမှာ တုတ်ကိုင်ပြီး စောင့်နေတယ်။ ဒီလိုမျိုးစောင့်တာတောင် စာတစ်ပိုဒ်မဆုံးခင် ဇ တို့က ထွက်ပေါက်ရှာနေပြီ။ ဘယ်လိုအကြောင်းပြပြီး လစ်ပြေးရမလဲဆိုတာကို လမ်းကြောင်းရှာနေတတ်တော့ လုံးဝ အလစ်မပေးရဲ။ အခုလည်း စာကျက်ခိုင်းထားတုန်း အိမ်နောက်ဘက်ကို ရောက်နေတဲ့ဇ။
.
”ဇရယ်…စာကောင်းကောင်းကျက်စမ်း။ နင့်ကို စာတစ်ခါကျက်ခိုင်းရတာ တီကောင်ကို ထုံးနဲ့တို့ရသလိုပဲ”
”တီကောင်ကို ထုံးနဲ့တို့တော့ ဘယ်လိုဖြစ်သလဲ အမေ
”ဒါဖြစ်တယ်ဟဲ့”..”ဒေါင်”

မနှင်းရုံရဲ့ဖြေသံနဲ့အတူ လက်က ခေါက်ပြီးနေပြီ။ ခေါင်းနာတာကို ဇတို့က သိပ်မမှု။ ဒါပေမယ့် သူသိချင်တာကို မသိရတော့ သိပ်ပြီးတော့ မကျေနပ်။ တီကောင်ကို ထုံးနဲ့တို့ရင် ဘာဖြစ်သလဲ။ ဘာဖြစ်သလဲ…..။
.
.
”မနှင်းရုံ..အဘရဲ့ ယွန်းကွမ်းအစ် ဘယ်သူ့နေရာရွှေ့သလဲ”
ဒေါသအိုး ဦးထွန်းရှိန်ရဲ့ ယွန်းကွမ်းအစ်ကို ဘယ်သူမှ မထိရဲမကိုင်ရဲ။ သူကိုယ်တိုင် ကွမ်းဝါးရင်တော့ ကြွေရည်သုတ်ကွမ်းအစ်ကို သုံးပေမယ့် ယွမ်းကွမ်းအစ်ကတော့ ဧည်သည်သောင်သည်လာရင် ဟန်ပြဧည့်ခံဖို့ထားတဲ့ ကွမ်းအစ်။ အိမ်ရဲ့ဗီရိုထဲကနေ ပွဲလမ်းသဘင်မရှိဘဲ အပြင်မထွက်ရတဲ့ ကွမ်းအစ်ကြီး ပျောက်နေပြီ။
.
”မကိုင်ဘူးအဘ။ ဗီရိုထဲမှာပဲ မဟုတ်ဘူးလား”
”အေးဟုတ်တယ်။ ခုနက ညောင်ပင်သာရွာက ဦးမြင့်စိန်တို့လာလို့ ထုတ်ပြီး ကွမ်းခွက်တည်တာ။ ဒီနားလေးတင်ထားပြီး အောက်ဆင်းသွားတာ။ အခုမရှိတော့ဘူး”
”အမေများ သိမ်းထား…ထား..
မနှင်းရုံတစ်စုံတစ်ခုကို သတိရသွားပြီး ပါးစပ်က ထွက်သွားတာက…
”ဇ”
.
.
အိမ်နောက်ဘက် ရေတုံကီအစပ်နားတွင် အလုပ်များနေတဲ့ဇ။ သူ့အဖိုးဖြစ်သူ ကွမ်းအစ်ကြီးက မြေကြီးပေါ်မှာ ပိုးလိုးပက်လက်။ လက်တစ်ဘက်က ဓါးပြားကိုကိုင်ပြီး မြေကြီးကိုဆွလျက်။ လက်တစ်ဘက်က ထုံးခွက်ကို ကိုင်လျက်။ တီကောင်ကို တွေ့လိုက်၊ ထုံးပုံပေးလိုက်။ တီကောင်က တွန့်လိမ်ပြီး မြေကြီးထဲကို တိုးဝင်ရင် ဓါးပြားနဲ့ကော်ထုတ်လိုက်နဲ့။ မနှင်းရုံပြောတဲ့ ထုံးကို တီနဲ့တို့တဲ့အတိုင်းပဲ ဆိုတဲ့ စကားကို လက်တွေ့ဖော်လျက် အလုပ်များနေတဲ့ ဇ။ ဇကို ချဖို့ ဆိုပြီး ဝါးစိမ်းကိုင်းချိုးနေတဲ့ သူ့အမေ မနှင်းရုံကို ဦးထွန်းရှိန်တို့ လှမ်းပြောလိုက်ပုံက ဒီလိုလေး။
”ငါ့မြေးက ဥာဏ်ကြီးတဲ့ကလေး။ ကလေးစူးစမ်းနေတာကို အနှောင့်အယှက်ပေးမယ်ဆိုရင် နင့်ယောက္ခမ အိမ်မှာ သွားနေရမယ်မှတ်”
.
ဒီတော့ ဇတို့က အေးဆေးပဲ။ ပျဉ်းမကုန်းရွာကို လွယ်အိတ်ထဲ ထည့်ထားလို့ရနေတယ်။ ဟိုဘက်အဖိုးအဖွားအိမ်၊ ဒီဘက်အဖိုးအဖွားအိမ်၊ ကြိုက်သလိုမွှေလို့ရတယ်။ ဇကြောက်တဲ့သူဆိုလို့ မြို့မှာနေတဲ့ သူ့ဘကြီး။ လှမြင့်တို့အစ်ကိုကြီး ကိုစိုးမြင့် တစ်ယောက်ပဲ ရှိတယ်။ အဲဒီ ဘကြီးကလည်း ရွာမှာ အမြဲမရှိတော့ ဇတို့က တော်ရုံဆို မမှုတော့။ ဇမှာရှိတဲ့ ကောင်းတဲ့အချက်က ဘယ်ကလေးနဲ့မှ ရန်မဖြစ်ဘူး။ ရွယ်တူကလေးတွေဆိုရင် ညှာပြီးတော့ကို ပေါင်းတယ်။ အဲ…သူနဲ့ဆော့တဲ့ကလေးတစ်ယောက် ယောက်ကိုသာ သူတို့အမေတွေ ရိုက်ကြည့်။ ဇတို့ ပညာပြပုံလေးက…
.
”အရီးလေးအုံးမြင့်…အရီးလေးအုံးမြင့်..”
”ဝေဝဝဝဝဝဝ…ဘယ်သူလဲ…အဲ..ဇ..”
”ဟုတ်တယ်…အဖွားက အရီးလေးအုံးမြင့်ဆီကို လွှတ်လိုက်တာ။ မနေ့က ယူသွားတဲ့ ကောက်စိုက်ပေး ပြန်ပေးတဲ့”
”ဟဲ့ ဗုဒ္ဓေါ..ကြံကြီးစီရာဟယ်။ နင့်အဖွားဘယ်တုန်းက အဲဒီလို လုပ်ဖူးလို့လဲ။ ပြီးတော့ ပိုက်ဆံက သုံးလို့ ကုန်ပြီလေ။ ဘယ်လိုလုပ်ရှိမလဲ”
”မသိဘူး…အဲဒါဆို အဖွားက သူနဲ့လာရှင်းတဲ့”
.
ဇရဲ့ အကျင့်လေးက အဲဒီလိုကို သင်းတာ။ သူ့ကို အလိုလိုက်တဲ့ အဖွားတွေနဲ့လှည့်ပတ်ပြီး ဇတို့က လက်တစ်လုံးခြားကို လှုပ်ရှားနေတာ။ အဲဒီတော့ ရွာထဲက ဇတို့နဲ့မကင်းနိုင်တဲ့သူတွေက သူတို့ကလေးကို ဆုံးမချင်ရင်တောင် ပုန်းလျှိုးကွယ်လျှိုးနဲ့ ဆုံးမရတဲ့အဖြစ်။ မနှင်းရုံကလည်း နောက်ထပ် ကလေးမမွေးတော့ အဲဒီ ဥ တစ်လုံးသမားလေး ဇဟာ ရွာထဲမှာရှိတဲ့ ကလေးမှန်သမျှ အကုန်လုံးကို သည်းခံတယ်။ အဖော်ကို အတော်လေးခုံမင်တယ်ပေါ့။ အဲ….သူ့အိမ်လာဆော့တဲ့ကလေးတွေ ပြန်ရင် မျက်နှာလေးက ငယ်လို့။ အိမ်မှာ ဧည့်သည်တွေလာပြီး ပြန်သွားရင် ဇ မနေတတ်တော့။ အဲဒီတော့ ဇ လုပ်တတ်တဲ့အကျင့်က
.
”ဖိနပ်ဝှက်ခြင်း”
.
အိမ်ကို လာဆော့တဲ့ကလေးတွေ၊ ဧည့်သည်တွေရဲ့ ဖိနပ်ကို အကုန်ဖွက်တယ်။ စပါးပုတ်တွေ၊ ပဲအိတ်တွေအောက်မှာ ဖွက်တယ်။ မီးဖိုချောင်ထဲမှာ ဖွက်တယ်။ ဖိနပ်ကို ကြိုးနဲ့ချည်ပြီး သစ်ပင်မှာချိတ်တယ်။ ဖိနပ်ဖွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဆောပလော်တီးရတာလည်း များနေပြီ။ သူ့ကို တီးရတာကလည်း အဘိုးအဘွားအလစ်ကို စောင့်၇သေးတာ။ ကြာတော့မနှင်းရုံတို့အထာသိနေပြီ။ ဧည့်သည်လာရင် ဇ ကိုပဲ ကြည့်နေတယ်။ ဇရှိတဲ့နေရာ ဖိနပ်ရှိတဲ့နေရာပဲ။ ဆိုတော့ ဇတစ်ယောက် ဖိနပ်ဖွက်တဲ့ ဂွင်က ကျဉ်းလာတယ်။ ဒါပေမယ့် ဇပဲလေ။ တခြားလူမှ မဟုတ်တာ။
.
အဲဒီနေ့ကတော့ မနှင်းရုံတို့ရဲ့ ဝမ်းကွဲညီမ အဝင်းလေးတို့ အိမ်လည်လာတဲ့နေ့။ ထိန်ပင်ရွာကနေ တကူးတကလာကြတဲ့ ဧည့်သည်တွေဆိုတော့ လူကြီးတွေဟာ စကားပြောကောင်းနေကြတဲ့အချိန်မှာ
”အို…မနှင်းရုံတို့ အိမ်ထောင့်ကို ဘာကောင်ဝင်လည်းမသိဘူး။ ဘာကောင်တွေ မွေးထားသေးလဲ”
မနှင်းရုံတို့ ဘကြီး၊ အဝင်းလေးတို့ အဖေက မေးတယ်။
”ဘာမှ မမွေးထားဘူးဘကြီး။ နွားတွေကလည်း ရွာပြင်မှာ လွှတ်ထားတယ်။ ဘာလို့လဲဘကြီး ”
”အေးအေး….ငါ့မျက်စိထဲမှာ ခြံထောင့်မှာ လှုပ်လှုပ်၊ လှုပ်လှုပ်နဲ့ ဘာကောင်မှန်းမသိလို့”
”ဘယ်မှာတုန်းဘကြီးမြင်တာ၊ ဘကြီးအမြင်မှားတာ ဖြစ်ပါလိမ့်မယ်”
ပြောလည်းပြော၊ ကြည့်လည်း ကြည့်လိုက်တော့ အဟုတ်ပဲ။ ခြံထောင့်နားက သောက်ရေကန်နားမှာ တလှုပ်လှုပ်။ ဘာကောင်များ လဲလို့ သွားကြည့်လိုက်တော့ ပထမဆုံးမြင်ရတာက ခြေထောက်လေး ၂ ချောင်း။ မိုးပေါ်ထောင်နေပြီး ယက်ကန်ယက်ကန် ဖြစ်နေတာ။ ရာဝင်အိုးထဲမှာ ခေါင်းစိုက်နေတဲ့ သတ္တဝါလေးကို ကြည့်လိုက်တော့…
”ဇ”
ရေတွေအန်ထွက်အောင်လုပ်ပေး၊ နှာနှပ်ပေးတော့မှ လူ့လောကနဲ့ ပြန်ပြီး အဆက်အသွယ်ရလာတယ်။ စိတ်ပူနေတဲ့ သူ့အဖိုးအဖွားတွေကို မျက်နှာသေလေးနဲ့ ဇ ပြောလိုက်တာက

”ဖိနပ်ဖွက်စရာနေရာမရှိတော့လို့” တဲ့။

.

အဲဒီနောက်ပိုင်း လူကြီးတွေက ဇကို အတော်လေးကို သနားသွားတယ်။ ခမျာ အဖော်မင်လို့၊ ဘာညာဆိုပြီးပေါ့။ အဝင်းလေးကလည်း သူ့သားအငယ်ကောင် အပုလေးကို ဇ နဲ့အတူလာထားတယ်။ နောင်နှစ်ကျောင်းတက်ချိန်ကျရင် သူတို့ ၂ ယောက်လုံးက ခုနှစ်တန်းတက်ရတော့ မယ့်သူတွေ။ ဇတို့ ရွာမှာက မူလွန်ကျောင်းလေးပဲ ရှိတယ်။ ခြောက်တန်းလောက်အထိပဲ ထားတယ်။ အတန်းကြီးရင် သူတို့ ရွာကနေ နာရီဝက်လောက်ဝေးတဲ့ အထက်တန်းကျောင်းမှာ သွားထားရမယ်လေ။ ရေမွန်းထားတဲ့ အရှိန်ကို ကြောက်လို့လား။ အဖော်ပဲကောင်း နေလို့လားမသိ။ ဘယ်လိုအသံမျိုးကိုမှ မကြားရဘူး။ အဲ…ဒါပေမယ့် ကျောင်းတွေ ဖွင့်ခါနီးတဲ့ တနေ့တော့..။
.
ဇ အသစ်ထွင်ထားတဲ့ကစားနည်းလေးက ရဲဘော်လုပ်တဲ့နည်း။ သူတို့အိမ်က မောင်းထောင်ခွက်တွေကိုခေါင်းမှာစွပ်ပြီး ဂျပန်စစ်ဗိုလ် လုပ်ကြတယ်။ လူကောင်နည်းနည်းထွားတဲ့ ဇ အတွက်တော့ မောင်းထောင်ခွက်တွေကကွက်တိကိုက်။ ဒါပေမယ့် အပုလေးက အကောင်ခပ်ညှက်ညှက်။ မောင်းထောင်ခွက်နဲ့ဆို ခေါင်းက ချောင်နေတယ်။ ဒါနဲ့သူတို့ အဖွားလေးရဲ့ ထွေးခံခွက် ကိုယူပြီး ခေါင်းစွပ်ထားပေးတယ်။ ဒီလိုနဲ့ ဆော့ရင်း၊ ဆော့ရင်း ချွေးတွေသံတွေ ထွက်လာတော့ အပုလေးခေါင်းကနေ ထွေးခံခွက်က အောက်ထဲကို လျောကျလာတယ်။ နေ့လည်ကျတော့ လျောလျောလျူလျူ ချွတ်လို့မရတော့ဘူး။ နဖူးမှာ တစ်နေတယ်။ ဒီမှာတင် ဥာဏ်ကြီးရှင် ဇတို့က အပေါ်ကနေ ထွေးခံကို ဆွဲ၊ အိမ်နားက ကလေးတွေက အပုလေးရဲ့ ခြေထောက်ကိုကိုင်။ ကျားကန်ပြီး ဆွဲကြတာ။ လူကြီးတွေ အရောက်မြန်လို့။ မဟုတ်ရင် အပုလေးအဖြစ်က မစဉ်းစားရဲစရာ။ ဒါနဲ့ပဲ အပုလေးလည်း ထိန်ပင်ရွာ ပြန်ပြေးတော့တာပဲ။ ဘယ်လောက်တောင် ကြောက်သွားသလဲ ဆိုရင် ”ဇ” ဆိုတာနဲ့ ချွေးသီးချွေးပေါက်တွေ ကျတော့တဲ့အထိ။
.
ကျောင်းတက်တဲ့အချိန်မှာလည်း ဇ တစ်ယောက်ထူးထူးခြားခြားဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ တစ်ခုရှိတာက သူ့အိမ်နားက ပုတုမဆိုတဲ့ လူညှက်မလေးကို ရေအိုးထဲထည့်ပြီး လှည့်လို့။ ခြေထောက်ပြန်ထုတ်မရဖြစ်တာ။ ရေအိုးကို ခွဲလိုက်ရတာ။ ဒီလောက်ပဲရှိတယ်။ အဲ..ဒါပေမယ့် သူ့အမေ မနှင်းရုံကိုတော့ ”ဖရီးကစ်” ဆိုတာကို သင်ပေးသေးတယ်။
.
”အမေ…ဖရီးကစ် ဆိုတာကို သိလား”
ဂဏန်းတွက်နေရာကနေ သူ့အမေကို လှမ်းမေးလိုက်တယ်။ ဒီနေ့ သူတို့အိမ်ကို စပါးဖိုး ငွေလာချေတဲ့ ဧည့်သည်တွေရှိနေလို့ ဇ နည်းနည်း ငြိမ်နေတယ်။
”ဇ..ဘာတွေ ပေါက်တတ်ကရလိုက်မေးနေတာလဲ။ ကိုယ့်စာကိုယ်လုပ်စမ်း”
”ဟာ..အမေကလည်း ဇဆိုရင် အကောင်းကိုမမြင်ဘူး။ ကဲ…အမေမမြင်ဖူးဘူးမလား။ လုပ်ပြမယ်။ အမေကြည့်နေ။ အဲ..အမေ့လက်ထဲက ပိုက်ဆံတွေ ဘေးမှာထားပြီး အမေဒီနားလာ”
”ဒီမှာကြည့်နော်အမေ..ဇ လက်ထဲမှာ ဘာမှ မရှိဘူး။ ဖ၇ီးနော်။ အဲဒီ ဖရီးလက်ကလေးက အမေ့ပိုက်ဆံကို ဟောဒီလိုယူပြီး…ဟောဒီလို ကစ်ပြီးထွက်ပြေးတာကို..”
.
”ဇ” ဆိုတဲ့ သူ့အမေရဲ့ အော်သံမထွက်နိုင်သေးခင်မှာ ဇတို့က ရွာလယ်က မုန့်ဆိုင်ကို ရောက်နေပေပြီ။ အဲဒီလိုမျိုး မိဘဆီကနေ လိုသလောက်နှိုက်သုံး၊ အဖိုးအဖွားတွေရဲ့ ဖြည့်ဆည်းပေးမှုနဲ့ ကြီးပြင်းလာတဲ့ ဇ။ နွေရာသီ ကျောင်းပိတ်ရက်မှာ လုပ်ချလိုက်တဲ့ အပြစ်တစ်ခုကြောင့် ဇ ရဲ့ ဘဝကြီးအပြောင်းအလဲဖြစ်သွားတယ်ပေါ့။
.
”ဘိုးရင်ကြီး ခြံထဲမှာ မချစ်စုသီးတွေ ဝမ်းရောင်လိုက်နေပြီဟေ့”
ဒီသတင်းကို ဝမ်းသာအားရနဲ့သယ်လာသူက ဇ။ ဘိုးရင်ကြီးဆိုတာက ကျပ်သိပ်မပြည့်တဲ့ အဘကြီး။ ရွာနောက်ပိုင်းက ခြံကျယ်ကြီးထဲမှာ တစ်ယောက်တည်းနေတယ်။ ပုံမှန်အချိန်တွေဆိုရင် ရွာထဲကို ထွက်လာပေမယ့် စိတ်နောက်လာရင်တော့ လေးဂွတစ်လက်နဲ့ သူ့ခြံနားကပ်သမျှ လူတိုင်းကို ပစ်တော့တာပဲ။ ဒီတော့ အားလုံးလိုလိုက ဘိုးရင်ကြီးရဲ့ခြံနားကို မသွားကြဘူး။ အခု ဇ ပြောတာက အဲဒီအဘကြီးရဲ့ခြံ။
”ဟုတ်လားဇ။ နင်ဘယ်လိုလုပ် သိတာလဲ”
ချောစုမရဲ့အမေး။
”မနက်က အရီးလေးစံတို့အိမ်သွားရင်းနဲ့တွေ့တာ။ အသီးတွေ ချောလိုက်ပုံများ..စားလိုက်ရရင်တော့.. ရှလွှတ်”
”ကြည့်လည်းလုပ်ပါဟာ။ ဘဘိုးရင်ကြီး စိတ်ဖေါက်လာလို့ ဟုတ်ပေ့ဖြစ်နေမယ်”
အားလုံးထဲမှာ အသက်ကြီးတဲ့ မိသန်းတင်က ပြောတော့
”အေးပါ သန်းတင်ရယ်။ ဇ တို့က မပိုင်ရင် ဘာမှ မလုပ်ဘူး။ မနက်တုန်းက ငါ ဘိုးရင်ကြီးကို ထန်းလျက်တွေ သွားပေးထားတာ။ သူက ထန်းလျက်ကြိုက်တယ်ဟ။ ငါ့ကို မှတ်မိမှာပါ”
ဒီလိုနဲ့ ဇ တို့အုပ်စု ချီတက်သွားပြီး သရက်ပင်ပေါ်ကို တက်ချိန်မှာပဲ
.
”ဘယ်က အလေနတောကလေးတွေလဲ။ ငါ့အပင်ပေါ်တက်တာ။ ဆင်းစမ်းဟေ့။ ဗိုလ်အောင်ဒင်လေးဂွက အကြောင်းမရွေးဘူးဟေ့” ဆိုတဲ့ အသံနဲ့အတူ လောက်စလုံးသီးတွေ ပလူပျံကြလာတယ်။
”နင်ပြောတော့ ပိုင်တယ်ဆို ဇရဲ့။ အီး…ဟီး…”
အငယ်ဆုံးဖြစ်တဲ့ ချောစုမက ငိုတော့တာပဲ။
”မငိုစမ်းပါနဲ့ ချောစုမရယ်။ ငါအကြံတွေထုတ်တတ်ပါတယ်။ နင်တို့က အပင်ပေါ်က ဆင်းပြီး ခြံနောက်ကိုပြေး။ ငါ့ကိုတော့ ထန်းလျက်မျက်နှာနဲ့ မတီးလောက်ပါဘူး။ င့ါမျက်နှာ သွားပြလိုက်မယ်”
.
အဲဒီလို ဇာတ်ညွှန်းခွဲပြီး သရက်ပင်ပေါ်ကဆင်းလာတဲ့ ဇ ရဲ့ မျက်နှာတည့်တည့်ဆီကို လောက်စလုံးသီးတွေက တန်းပြီးလာတယ်။ ဖောက် ခနဲ အသံနဲ့အတူ နားထင်ကနေ သွေးတွေက ဖြာခနဲစီးကျလာတယ်။ ခြေဦးတည့်ရာ စွတ်ပြေးတော့ ဒူးလည်းကွဲသွားတယ်။ ကျန်တဲ့ကလေးတွေကလည်း ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေး။ သွေးမြင်တော့ ဘိုးရင်ကြီးကလည်း သူ့တဲနောက်မှာ သွားပုန်းနေတယ်။
.
ချုပ်လိုက်တော့ အဲဒီမချစ်စုသရက်သီး ဇာတ်လမ်းကြောင့် မြို့ပေါ်က သူ့ဘကြီးအိမ်ကို ”ဇ” ရောက်သွားတယ်။ ကလေး တစ်ယောက်ကိုတောင် နိုင်အောင် မထိန်းနိုင်ဘူးဆိုပြီး မနှင်းရုံတို့ကို အပြစ်တင်ပြီးတော့ မြို့မှာ ကျောင်းဆက်တက်ဖို့ ကျောင်းထွက် လက်မှတ်ပါတခါတည်း ယူသွားတယ်။ ပြီးတော့ ကလေးကို နာမည်ရင်းမခေါ်ဘဲ ”ဇ” လို့ ခေါ်တဲ့ကိစ္စ။ နောက်တစ်ခါ သူရွာလာလို့ ”ဇ” လို့ ခေါ်သံကြားရင် ကလေးနဲ့ သူတို့ကို တခါတည်း အဆက်အသွယ်ဖြတ်ပစ်မယ်ဆိုတော့ မိဘတွေက နှုတ်ကျိုးနေတာကို ပြန်ပြင်ရတော့တယ်။ ဘဘုန်းကတော့ ရွာသားတွေ ”ဇ” လို့ ခေါ်ရင် မြစ်ထဲက ဗေဒါတွေကို ဆယ်ရမယ်တဲ့။ ဒါနဲ့ ပျဉ်းမကုန်းရွာမှာ ”ဇ” ဆိုတဲ့ နာမည်ဟာ မိုးဥတု ၃ ခါကုန်ခါနီးတော့ မေ့မေ့ပျောက် ပျောက်ဖြစ်သွားတယ်။ ကိုလှမြင့်နဲ့ မနှင်းရုံကတော့ တခါတခါ မြို့တက်ပြီး သူတို့ရဲ့ ရင်နှစ်သည်းချာလေးကို သွားသွားကြည့်တာပေါ့။ ဒီမှာတင်ပဲ ”ဇ” ရဲ့ဇာတ်လမ်းက ပြတ်သွားသလားဆိုတော့…
.
ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ပျဉ်းမကုန်းရွာက မူလွန်ကျောင်းအတွက် တာဝန်ကျဆရာ၊ ဆရာမတွေနဲ့အတူ လုပ်အားပေး ဆရာမလေးတွေပါ ရောက်လာတယ်။ အဲဒီအထဲက ဆရာမပေါက်စလေး တစ်ယောက်ရဲ့ နားထင်မှာတော့ ထူးထူးခြားခြား အမာရွတ်တစ်ခုရှိနေပါတယ်။ အဲဒီအမာရွတ်ကိုတွေ့တဲ့သူတိုင်းက နာမည်တစ်လုံးကို ယောင်ပြီး ခေါ်မိမလို့ ဖြစ်ပြီးသွားခါမှ ဘဘုန်းရဲ့ ဗေဒါအမိန့်ကို သွားသတိရတော့ ခေါ်လိုက်တဲ့ နာမည်က…
.
”နေခြည်လင်း”

ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က နာမည်ပေးကင်ပွန်းတပ်ထားတဲ့ အဲဒီနာမည်ပိုင်ရှင်ရဲ့ နားထင်မှာ အမာရွတ် သာမရှိခဲ့ဘူးဆိုရင်တော့ ဒါဟာ နေတက်ရေတက်မှာမွေးတဲ့၊ သက်ဦးစနေ၊ ”ဇ” ပါလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်တော့ပါဘူး။ အဘိုးအဘွားတွေကတော့ ခုမှ မိန်းမနဲ့တူတဲ့ သူတို့မြေးမအတွက် ပြုံးလို့ပျော်လို့။ ဇရဲ့ ဒဏ်ကို ကောင်းကောင်းခံဘူးကြတဲ့ ရွာသား တွေကတော့ ဟုတ်မှ ဟုတ်ပ့ါမလား၊ ဖြစ်ရောဖြစ်ရဲ့လား ဆိုပြီး ရင်တထိတ်ထိတ်နဲ့ နားစွင့်ရင်း။ ဒီလိုအချိန်မှာ ပျဉ်းမကုန်းရွာလေးကို ပျံနှံလာတဲ့ လုပ်အားပေး ဆရာမလေး ဒေါ်နေခြည်လင်းရဲ့ စာသင်သံချိုချိုလွင်လွင်လေးက…
.
.

”ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လိုချီ၊
နေခြည်မှာ ရွှေရည်လောင်း၊
ငါတို့စာသင်ကျောင်း”
.
.



နှင်းနုလွင်
၂၂၊၁၀၊၂၀၁၀