သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ဆေးလိပ်နဲ့ ဆေးဝါး December 15, 2010

 

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၈)

ဆေးလိပ်နှင့် ဆေးဝါးများ


ညီမလေးရေ

”ဆေးတံတိုတညိုလောက် ရော့သောက်တော့ပေး…”၊ ”မဝယ်ဘူး၊ မယ်ခူးတဲ့ဖက်စို…” ဆိုပြီး နှစ်သက် ကြည်နူးဖို့ကောင်းတဲ့ ကဗျာလေးတွေကို မမတို့တွေရွတ်ဆိုဖူးကြတယ်နော်။ ဆရာမတွေရှေ့မှာ လက်ကလေးပိုက်ပြီး ကဗျာတွေကို အလွတ်ပြန်ရွတ်ပြကြတာကို မမခုထိ မှတ်မိနေသေးတယ်။ အဲဒီကဗျာလေးတွေကို ပြန်သတိရမိတော့ ညီမလေးကို ဆေးလိပ်အကြောင်းကို ပြောပြချင်လာတယ်။ တစ်တောင်လောက်ရှိတဲ့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေကို မမတို့အဖိုး၊ အဖွားတွေ သောက်တာ တွေ့ဖူးကြတယ်နော်။ အခုနောက်ပိုင်းကျတော့ အဲဒီလောက်ကြီးတဲ့ ဆေးလိပ်ကြီး တွေကို မသောက်ကြတော့ပေမယ့် ဆေးလိပ်သောက်တဲ့သူအရေအတွက်က သိသိသာသာကြီး လျော့မသွားသေးဘူး ဆိုတာကိုတော့ ညီမလေးလည်း သတိထားမိမှာပေါ့။

`~

ဈေးဆိုင်တန်းတွေ၊ ဆိုက်ကားဂိတ်၊ ကားဂိတ်တွေ၊ လဘက်ရည်ဆိုင်တွေမှာဆိုရင် ဆေးလိပ်ငွေ့တွေ ပျံ့နှုံ့နေတာပဲ။ အရက်သောက်တဲ့သူထက် ဆေးလိပ်သောက်တဲ့သူက ပိုများတယ် ညီမလေး။ ပြီးတော့ ဆေးလိပ်က ဘိန်းတွေ၊ အရက်တွေထက်တောင် မြန်မြန်စွဲနိုင်တယ်လေ။ အရက်တွေ၊ ဘိန်းတွေကမှ တကူးတက သွားဝယ်ရဦးမယ်။ ဆေးလိပ်ကိုကျတော့ လမ်းဘေးမှာကအစ လွယ်လွယ်နဲ့ ဝယ်လို့ရတော့ လူတွေ ဆေးလိပ်စွဲတာ ဘယ်လိုလုပ်ပြီး ထူးဆန်းတော့မလဲနော်။ စီးပွားရေးသမားတွေကလည်း ဆေးလိပ်ကြော်ငြာလှလှတွေနဲ့ လူတွေရဲ့ အာရုံစူးစိုက်မှုကို ရယူခဲ့ကြသေး တာပဲမလား။

.

ဆေးလိပ်သောက်တာဟာ မကောင်းဘူးဆိုတာကို လူတွေက မသိကြတာမဟုတ်ဘူးညီမလေး။ သိကြတယ်။ လက်တွေ့ကြုံဖူးကြတယ်။ ဒါပေမယ့် ဆေးလိပ်က သူတို့ကို လန်းလန်းဆန်းဆန်းဖြစ်စေတယ်၊ အာရုံစူးစိုက်မှုကိုကောင်း စေတယ်၊ စိတ်ကိုတည်ငြိမ်စေတယ်ဆိုပြီး အကြောင်း အမျိုးမျိုး ပြပြီး သောက်ကြတယ်လေ။ လူငယ်တွေထဲမှာလည်း ဆေးလိပ်သောက်တဲ့စတိုင်လ်လေးကို သဘောကျလို့ သောက်တတ်တဲ့လူငယ်လေးတွေရှိသလို စိတ်ဖိစီးမှုတွေရဲ့ ထွက်ပေါက်အနေနဲ့ သောက်တဲ့လူငယ်တွေလည်းရှိတာပဲ ညီမလေး။ တချို့လူကြီးတွေကျတော့ သူတို့သောက်မယ့်ဆေး လိပ်ကို ကလေးတွေကို မီးသွားညှိခိုင်းတတ်တယ်။ အဲဒါကို အစမ်းဖွာကြည့်ရင်းနဲ့ ဆေးလိပ်စွဲသွားတဲ့ ကလေးတွေ လည်း ရှိတာပေါ့။

.

ဆေးလိပ်သောက်ရင် အဆုတ်တွေ၊ လေပြွန်တွေပျက်စီးတယ်၊ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ပြဿနာ တွေကို ဖြစ်လာနိုင်တယ်ဆိုတာကို ညီမလေးလည်း ကြားဖူးမှာပေါ့။ ပြီးတော့ သူ့ကြောင့် လည်ချောင်း၊ ခံတွင်း၊ ဆီးအိတ်တွေ၊ သားအိမ်ခေါင်း၊ အစာရေမြို>ွပန်တွေမှာ ကင်ဆာတွေ ဖြစ်လာတတ်တယ်။ အရင်တည်းက နှလုံးရောဂါရှိ သူတွေ၊ ဆီးချိုသမားတွေဆိုရင်လည်း ဆေးလိပ်ကြောင့် ရောဂါပိုဆိုးရွားလာတယ်။ ဆေးလိပ် ငွေ့ဟာ အာရုံကြောတွေ ကို ပျက်စီးစေတယ်။ ဒီတော့ အရသာခံနိုင်စွမ်းတွေ၊ အနံ့ခံနိုင်စွမ်းတွေလျော့ကျလာတာပေါ့။ သွားတွေ၊ လက်ချောင်း တွေမှာလည်း အရောင်တွေပြောင်းလာတယ်။ ညိုညစ်ညစ်တွေဖြစ်လာတယ်။ သူတို့ဝတ်ဆင်တဲ့ အဝတ်အစားတွေ၊ ဆံပင်တွေမှာ ဆေးလိပ် နံ့တွေစွဲနေတယ် ဆိုတာကိုတော့ ကာယကံရှင်တွေက သတိပြုမိချင်မှ ပြုမိလိမ့်မယ် ညီမလေး။

.

မိဘတွေဟာ သူတို့ကလေးတွေ အုန်းပင်အောက်သွားဆော့လို့ အုန်းသီးခေါင်းပေါ်ကို ကြွေကျမှာကို စိုးရိမ်တတ်ကြတယ်။ အဲ..ဒါပေမယ့် သူတို့သောက်တဲ့ဆေးလိပ်ငွေ့ကြောင့် သူတို့ရင်သွေးငယ်တွေ အန္တရာယ် ဖြစ်မှာ ကိုတော့ တွေးပြီးမကြောက်ကြဘူးညီမလေး။ ကိုယ်ဝန်ဆောင်သည် မိခင်တစ်ယောက်ဟာ ဆေးလိပ်ကြောင့် ကိုယ်ဝန် ပျက်ကျနိုင်တယ်။ လမစေ့ဘဲကလေး မွေးတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးတာမျိုးတွေလည်း ဖြစ်နိုင်တယ်ညီမလေး။ အဲဒီလိုပဲ ဆေးလိပ်ငွေ့ရှိတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကလေးတွေဆိုရင် တခြားကလေးတွေထက် ကူးစက်ရောဂါ တွေကို ခံစားရတတ်တယ်။ နားပြည်ယိုတာ၊ အနာပေါက်တာမျိုးတွေ ပိုဖြစ်နိုင်တာပေါ့ ညီမလေးရယ်။

.

ဆေးလိပ်ကပေးလာတဲ့အန္တရာယ်တွေဟာ ဒီလောက်နဲ့တင် ရပ်သွားလားဆိုတော့ မရပ်ပြန်ဘူးညီမလေးရေ။ သူတို့က မမတို့ သောက်ကြတဲ့ ဆေးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆိုးရွားပြင်းထန်တဲ့အာနိသင်တွေကို ပေးတတ်တယ် ညီမလေး။ လူတယောက်ရဲ့ကျန်းမာရေးကို အထောက်အကူပြုဖို့ သုံးလိုက်တဲ့ဆေးတွေရဲ့အာနိသင်ဟာ ဆေးလိပ် ကြောင့် ပျက်စီးသွားတယ်။ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပိုပြီးဆိုးရွားသွားစေတယ် ဆိုတာကို ဆေးလိပ်သောက်တဲ့သူ တော်တော်များများက သတိမထားမိတတ်ကြဘူးလေ။

.

အဲဒီလိုမျိုး ဆေးလိပ်နဲ့ ဆေးဝါးတွေရဲ့ ဓါတ်ပြုမှုတွေအကြောင်းကို သုတေသန အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြတာ ညီမလေး။ မမတို့သောက်လိုက်တဲ့ ဆေးတွေကနေ တကယ့်အလုပ်လုပ်မယ့် ပစ္စည်းတွေအဖြစ်ပြောင်းလဲတဲ့နေရာမှာ ဆေးလိပ်က အနှောင့်ဖြစ်စေတယ်။ အဲဒီတော့ ဆေးတွေကနေ အာနိသင်ကောင်းကောင်းမပေးနိုင်တော့ဘူးပေါ့ ညီမလေးရယ်။ ပြီးတော့ ဆေးတွေကို စုပ်ယူတဲ့နေရာ၊ တနေရာကနေ တနေရာကို ပို့တဲ့နေရာ၊ စွန့်ထုတ်တဲ့ နေရာတွေမှာပါ အတားအဆီးတွေဖြစ်စေတယ်လေ။ ဆေးတွေကို ချေဖျက်ပေးမယ့် အင်ဇိုင်းတွေကို သူတို့က ပိုပြီးအားပေးတော့ ဆေးတွေ ပြိုကွဲမှုတွေမြန်လာတယ်။ ဆေးတွေရဲ့ တုံ့ပြန်မှုတွေပါ ပြောင်းလဲလာတာပေါ့။

.

အဲဒီအထဲက လူတိုင်းလိုလိုသိထားသင့်တဲ့ ဆေးနဲ့ ဆေးလိပ်ရဲ့အကြောင်းတွေကို ညီမလေးကို ပြောပြထားမယ်နော်။ ညီမလေးသိထားတော့ အနားပတ်ဝန်းကျင်ကလူတွေကို အကြံပေးလို့ရတာပေါ့။ ပထမဆုံး မမပြောပြချင်တာက ရင်ကျပ်ရောဂါမှာ သုံးတဲ့ဆေးတွေနဲ့ ဆေးလိပ်ရဲ့ဆက်စပ်မှု။ ရင်ကျပ်တတ်တဲ့လူတိုင်းလိုလို Theophylline & Aminophylline တို့နဲ့ ရင်းနှီးကြတယ် ညီမလေး။ သူတို့ကို ရင်ကျပ်ရောဂါကို ကုသဖို့သုံးကြတယ်။ ကြိုတင် ကာကွယ်ဖို့သုံးကြတယ်။ နာတာရှည်လေပြွန်ရောင်တာတွေ၊ လေအိတ်မှာ လေအောင်းပြီး ပျက်စီးတဲ့ဝေဒနာတွေကို သက်သာဖို့သုံးကြတယ်။

.

အဲဒီဆေးတွေဟာ ဆေးလိပ်သောက်တတ်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာတော့ အချိန်ကြာကြာမနေနိုင်ဘူး ညီမလေးရဲ့။ ဆေးလိပ်မသောက်တတ်သူတွေနဲ့နှိုင်းယှဉ်ရင် ဆေးလိပ်သောက်သူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဆေးပမာဏက သိသိသာသာကို လျော့နည်းနေတော့ အာနိသင်ကောင်းကောင်းမပြနိုင်ဘူးပေါ့။ အဲဒီတော့ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်တတ်သူတစ်ယောက်မှာ ရင်ကျပ်ရောဂါရှိနေရင် ဝေဒနာခံစားရတဲ့ သက်တမ်းက ပိုပြီးတာရှည်လာတယ် ညီမလေး။ အသက်ရှုလိုက်တိုင်း ဖားဖိုကြီးလို ရှိုက်ရှိုက်ရှုနေရတဲ့ ဦးလေးကြီး၊ အဒေါ်ကြီးတွေကိုမြင်ရင် မမလေ သိပ်ပြီး စိတ်မကောင်းဖြစ်မိတာပဲ။ ဆေးလိပ်ဖြတ်လိုက်တယ်ဆိုရင်တောင်မှ အဲဒီအာနိသင်က ၆ လကနေ ၃ နှစ်လောက်အထိ ကြာတတ်သေးတယ်ဆိုတော့ သတိပြုစရာပေါ့ညီမလေးရယ်။

.

နောက်တစ်မျိုးကကျတော့ သွေးပေါင်ကျဆေးတွေ၊ နှလုံးရောဂါသက်သာဖို့အတွက်သုံးကြတဲ့ဆေးတွေလေ။ Propranolol, Enalapril တို့လို ဆေးမျိုးတွေပေါ့။ အဲဒီလိုဆေးမျိုးတွေကို ဆေးလိပ်က တံမြက်စည်းလှဲသလို ဖယ်ထုတ်ပစ်တော့ ခန္ဓာကိုယ်ရဲ့ပြင်ပကို မြန်မြန်ပြန်ထွက်သွားရတယ်။ သွေးထဲမှာ ဆေးရဲ့အာနိသင်က လျော့နည်း နေတော့ ထိရောက်တဲ့ အာနိသင်မပေးနိုင်တော့ဘူးပေါ့ ညီမလေးရယ်။ ရုတ်တရက်နှလုံးရောဂါ ထဖောက် တတ်သူတွေ အတွက် အသုံးပြုတဲ့ဆေးတွေ၊ နှလုံးခုန်သံကို ထိန်းချုပ်ဖို့သုံးကြတဲ့ဆေးတွေ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အသုံးပြုတဲ့ဆေးတွေကိုလည်း ဒီလိုနည်းနဲ့ဖယ်ထုတ်ပစ်တော့ အရေးကြီးလို့ ဆေးသုံးမယ့် အခြေအနေတွေ အတွက် ဘယ်လိုလုပ်ပြီး အထောက်အကူ ပြုနိုင်တော့မလဲကွယ်။

.

ကိုယ်ဝန်တားဆေးသောက်နေရတဲ့သူတွေဆီမှာ ဆေးလိပ်ရဲ့တုံ့ပြန်ပုံကကျတော့ တမျိုးညီမလေးရဲ့။ တားဆေးတွေရဲ့ အာနိသင်ကို လျော့ကျသွား စေတာမဟုတ်ဘူး။ ကိုယ်ဝန်တားဆေးသောက်ရင်ကြုံတွေ့လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုပြီးဆိုးသွားစေတာညီမလေး။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ လေသင်တုန်း၊ လေဖြတ်တာမျိုးတွေ၊ သွေးကြောပိတ်တာမျိုးတွေပိုပြီးဖြစ်နိုင်လာတယ်။ ကင်ဆာအထိဖြစ်လာနိုင်တော့ သတိထားစရာ ပေါ့ညီမလေးရယ်။ သောက်လိုက်တဲ့ ဆေးလိပ်အရေအတွက်ရယ်၊ အသက်အရွယ်တွေပေါ်မူတည်ပြီး တချို့သူတွေမှာတော့ ခံစားရတာက အရမ်းပြင်းထန်တတ်တော့ ကိုယ်ဝန်တားဆေးသောက်နေတဲ့အမျိုးသမီးတွေဟာ ဆေးလိပ်ကို ရှောင်ဖို့လိုတာပေါ့။

.

ဆေးလိပ်ဟာ ဦးနှောက်နဲ့အာရုံကြောတွေကို သွားပြီးလှုံဆော်မှုပေးနိုင်တယ်။ ဒီတော့ စိတ်ငြိမ်စေဖို့၊ အိပ်ပျော် စေဖို့သုံးတဲ့ဆေးတွေရဲ့ အာနိသင်တွေ က လျော့ကျသွားတယ်ညီမလေး။ အအန်ပျောက်ဆေးတွေ၊ စိတ်ရောဂါအတွက် အသုံးပြုကြတဲ့ဆေးတွေ၊ အတက်ကျဆေးတွေကြောင့် ဖြစ်လာ နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သူတို့က ပိုပြီးဆိုးရွား သွားစေတယ်။ ဆေးလိပ်သောက်တဲ့လူတစ်ယောက်မှာအရေးပေါ်သွေးတိုးနေလို့၊ ဒါမှမဟုတ် ဖောရောင်နေလို့ ဆီးဆေး သုံးရတော့မယ်ဆိုရင်လည်း ဆီးဆေးရဲ့ အာနိသင်ကို အပြည့်အဝမရနိုင်ဘူးဆိုတော့ သတိထားစရာပေါ့ ညီမလေးရယ်။

.

ဆေးလိပ်သောက်တတ်သူတွေမှာ သတိထားရသေးတာက ဗီတာမင်တွေညီမလေး။ သူတို့တွေရဲ့ ခန္ဓာကိုယ် ထဲမှာ ဗီတာမင်တွေဟာ လွယ်လွယ်ကူကူနဲ့ ပျက်စီးသွားတယ်။ ပုံမှန်လူတွေထက် သူတို့က ၄ဝ ရာခိုင်နှုန်းလောက် ပိုပြီး လိုအပ်တတ်ကြတယ်လေ။ အဲဒါကိုသာ မဖြည့်ပေးနိုင်ရင် ခန္ဓာကိုယ်ထဲမှာ ဗီတာမင်တွေ ချို့တဲ့လာတယ်။ အဲဒါကနေ ဆက်စပ်ပြီး ကူးစက်ရောဂါဖြစ်တာ၊ အားအင်ချိနဲ့တာမျိုးကိုပါ ကြုံလာရတယ်။ ဆေးလိပ်ကြောင့် ဗီတာမင် ဘီ တွေဟာ ဆီးထဲကနေ အပြင်ကို မြန်မြန်ထွက်သွားတယ်။ ဒီတော့ ခြေလက်ထုံကျင်တာ၊ မမြဲတာမျိုးတွေကို ခံစားရတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်သူတွေဟာ တခြားသူတွေထက် ပိုပြီး ဝေဒနာတွေကို ခံစားရတတ်တယ်လို့ ဆိုကြတာပေါ့ ညီမလေး။

.

ဆီးချိုသမားတွေ ဆေးလိပ်သောက်ရင်ရော။ ဆေးလိပ်က အင်ဆူလင်တွေ စုပ်ယူမှုကို ဟန့်တားလိုက်တယ် ညီမလေး။ အင်ဆူလင်ကို ဖျက်ဆီးပေးမယ့်ပစ္စည်းတွေကို ထွက်ပေါ်စေတော့ အင်ဆူလင်က ကောင်းကောင်းအလုပ် မလုပ်နိုင်တော့ဘူး။ သွေးထဲက သကြားဓါတ်ကို ညီမျှအောင်ထိန်းရတာ ခက်လာတယ်။ အင်ဆူလင်ထိုးဆေးသုံးနေ ရတဲ့သူတွေမှာ ဆေးလိပ်ကြောင့် အင်ဆူလင်က အာနိသင်မပြနိုင်တော့ သွေးထဲမှာ သကြားဓါတ်က မကျနိုင်တော့ဘူး ပေါ့။ ဆီးချိုသွေးချိုကို ထိန်းချုပ်ရတာခက်သွားနိုင်တယ်လေ။

.

ဆေးလိပ်သောက်နေသူတွေဟာ မမပြောသွားတဲ့ဆေးတွေသောက်နေရတယ်ဆိုရင် အတော်ကို သတိထားရမှာပေါ့နော်။ ဆေးတွေကနေ ထိရောက်တဲ့ အာနိသင်ကို ပြည့်ပြည့်ဝဝမရနိုင်ဘူးဆိုတာကို အမြဲသိထားရမယ်။ ဆေးလိပ်သောက်တတ်သူတစ်ယောက်မှာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ရင်ကျပ်တာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေမယ်ဆိုရင် ဆေးသောက်တဲ့နေရာမှာ လုံးဝကိုမျက်ခြေပြတ်ခံလို့ကို မဖြစ်တော့ဘူး။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး ဆေးပမာဏ အတိုးအလျော့လုပ်ကြည့်ဖို့လိုတယ်။ တကယ်တော့ ညီမလေးရေ ကျန်းမာရေး ပြဿနာတွေ မဖြစ်ရအောင် ဆေးလိပ်ကို လုံးဝရှောင်သင့်တာမလား။

.

ညီမလေးရေ..ကိုယ့်ဘာသာကိုယ်ဆေးလိပ်သောက်ပြီး ရှုမိရင် အဲဒါကို Primary Smoking၊ တခြားသူ သောက်တာကို တဆင့်ခံ ရှုမိရင် Secondary Smoking၊ အဲ နောက်တစ်ခါ ကိုယ်ဝန်ဆောင်သည်မိခင်တစ် ယောက်က ရှုမိလို့ ဗိုက်ထဲက ကလေးကို ထိခိုက်မိရင် Tertiary Smoking။ တခြားသူအတွက် ကောင်းကျိုးမပေးသလို ကိုယ့်ကျန်းမာရေးအတွက် သောက်တဲ့ဆေးတွေကိုပါ ဟန့်တားလာတယ်ဆိုတော့ အတော့်ကို ရှောင်ရှားသင့်တဲ့အရာပေါ့။ အဲဒီလို ပိုက်ဆံကိုမီးရှို့ပြီး ရောဂါတွေကို ရှိုက်ရှိုက်ရှုနေကြတာကို မမတို့တွေက အတတ်နိုင်ဆုံးတားဆီးပေးရမယ်လေ။ ဒီတော့ ညီမလေးရေ ”ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေသည်” ဆိုတဲ့ စကားလုံးရဲ့နောက်မှာ ”ဆေးလိပ်သည် ဆေးဝါးများ၏အာနိသင်ကို သိသိသာသာ လျော့ကျစေပါသည်” လို့ သတိပေးလိုက်ကြပါစို့။

 

ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ
နှင်းနုလွင် (ဆေးဝါး)
စရဏ မဂ္ဂဇင်း (ဇန်န၀ါရီ၊ ၂၀၁၀)



 

 

 

 

 

 

 

အလွယ်မသုံးသင့်သောဆေး သို့မဟုတ် ပိုးသတ်ဆေးများ November 9, 2010

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၇)

အလွယ်မသုံးသင့်သောဆေး သို့မဟုတ် ပိုးသတ်ဆေးများ


ညီမလေးရေ

ရာသီဥတုအကူးအပြောင်းအချိန်ကို ရောက်လာပြီနော်။ ဟိုလူတုပ်ကွေး၊ ဒီလူတုပ်ကွေးဆိုပြီး အအေးမိတဲ့ အသံတွေ ကြားရတော့မယ်။ ရာသီဖျားလေ။ လူများများနဲ့ထိတွေ့နေရတဲ့သူတွေဆိုရင် အလွယ်တကူအအေးမိနိုင်တယ် ညီမလေးရဲ့။ ဒီတော့ ကျောင်းသူ၊ ကျောင်းသားအများကြီးနဲ့နေ့တိုင်းထိတွေ့နေရတဲ့ ညီမလေးတို့လို ဆရာ၊ ဆရာမတွေ၊ လူနာတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ဆရာဝန်တွေ၊ သူနာပြုတွေဆိုရင် ပိုပြီးသတိထားရတာပေါ့။ အကောင်းဆုံးကတော့ အအေးမမိအောင် ကြိုတင် ကာကွယ်တဲ့နည်းလမ်းပေါ့ကွယ်။ အဲဒီလိုအအေးမိတာနဲ့ပတ်သက်ပြီးတော့လေ အရင်အပတ် က မမဖတ်လိုက်ရတဲ့ သတင်းလေးတစ်ပုဒ်အကြောင်းကို ညီမလေးကို ပြောပြရဦးမယ်။

.

ခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ရိုစီဟာ အသက်၎ဝ လောက်ရှိရောပေါ့။ ဒီဇင်ဘာလရဲ့အစမှာ သူမဟာ ကိုယ်နည်းနည်းပူပြီး ချောင်းလည်းဆိုးလာတော့ သူမနားမှာ အလွယ်တကူရှိတဲ့ အမောက်ဆလင် Amoxicillin ဆေးတောင့်ကို သောက်လိုက်သတဲ့။ ဆေးသောက်ပြီးလို့ အချိန်နည်းနည်းကြာတော့ သူမမှာ အင်ပျဉ်ထ သလို အနီကွက်တွေထလာတယ်။ အဲဒါနဲ့ ဆေးဆိုင်ကိုသွားပြတော့ ဆေးဆိုင်ကဆေးရောင်းတဲ့သူက ပင်နီဆလင် အုပ်စုနဲ့ မတည့်လို့ဖြစ်ရတာဆိုပြီး Cephalosporins အုပ်စုဝင် တခြားပိုးသတ်ဆေးတစ်မျိုးကို သောက်ဆေးအနေနဲ့ ပေးလိုက်တယ်။ မသက်သာရင် ပြန်လာခဲ့ဖို့လည်း မှာလိုက်တာပေါ့။

.

ဒါနဲ့ပဲ ဆေးဆိုင်ကပေးလိုက်တဲ့ဆေးကို တစ်ပတ်လောက် ဆက်သောက်တယ်။ ဒါပေမယ့် ဆေးသောက်ပြီးချိန် မှာလည်း ကိုယ်ပူတာနဲ့ ချောင်းဆိုးတာက နည်းနည်းကျန်နေသေးတော့ စိတ်ပူလာတယ်။ ဒါနဲ့ ဆေးခန်းကိုသွားပြတော့ ဆရာဝန်က Erythromycin လို့ခေါ်တဲ့ နောက်ထပ်ပိုးသတ်ဆေးတစ်မျိုးကို ပေးလိုက်တယ်။ နောက် ၂ ပတ်လောက် ကြာတဲ့အခါမှာတော့ ရိုစီဟာ အူရောင်တဲ့ လက္ခဏာတွေနဲ့ ဆေးရုံကို ရောက်လာတယ်။ ရောဂါရှာကြည့်လိုက်တော့ Clostridium difficile လို့ခေါ်တဲ့ ပိုးကြောင့် အူရောင်နေတာကို သွားတွေ့သတဲ့။

.

အဲဒီပိုးတွေဟာ ပုံမှန်အချိန်မှာတောင် အူလမ်းကြောင်းထဲမှာ ရှိနေတတ်တာ ညီမလေး။ ဒါပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုပေးတဲ့ ပိုးကောင်အရေအတွက်ကများနေတော့ သူတို့ကဘယ်လို အန္တရာယ်မျိုးကိုမှ မပေးနိုင်ဘူး။ အဲ..ပိုးသတ်ဆေးတွေ သောက်ပါများလို့ အကျိုးရှိတဲ့ပိုးကောင်တွေသေဆုံးသွားရင်တော့ သူတို့က ထြ<ွကလာတယ်။ လူတွေကို အန္တရာယ်ပေးတော့တယ်။ အမှန်တော့ ညီမလေးရေ ရိုစီခံစားခဲ့ရတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ Influenza ပဲ။ မလိုအပ်ဘဲ ပိုးသတ်ဆေးတွေကို သွားသောက်မိတော့ အသက်ဆုံးရှုံးရတာပေါ့။

.

ညီမလေးရေ..အဲဒီလိုအဖြစ်မျိုး၊ ပုံစံတူပြဿနာတွေကို မမတို့ဆီမှာလည်း ကြုံတွေ့ရတာပဲလေ။ သတိမထား မိလို့သာနေမယ်။ အဲဒါနဲ့ဆက်စပ်ပြီးလေ ညီမလေးကို ပိုးသတ်ဆေးတွေအကြောင်းကို ပြောပြရဦးမယ်။ ပိုးသတ်ဆေး ဆိုလို့ သိပ်ပြီးကြီးကျယ် တဲ့ဆေးတွေ၊ လူတွေသိပ်ပြီး မသုံးကြတဲ့ဆေးတွေလို့များ ညီမလေး တွေးနေသလား။ မဟုတ်ဘူး ညီမလေးရေ။ ပိုးသတ်ဆေးတွေဆိုတာ မမတို့နဲ့ လက်တစ်ကမ်းအကွာမှာ အမြဲတမ်းရှိနေတဲ့ ဆေးတွေပဲ။ စောစောတုန်းက ရိုစီသောက်လိုက်တဲ့ Amoxicillin & Erythromycin တွေ၊ Tetracycline တက်ထရာ ဆိုက်ကလင်း၊ စီကောလို့ခေါ်ကြတဲ့ Chloramphenicol တွေ၊ အဲဒီဆေးတွေပေါ့။

.

မမတို့ပတ်ဝန်းကျင်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးကောင်တွေက အများကြီးပဲ ပျံနှံ့နေတာကိုတော့ ညီမလေး သိတယ်နော်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုတွေ၊ အမျိုးမျိုးပေါ့လေ။ မတူညီတဲ့ ပိုးကောင်တွေကြောင့် ရလာနိုင်တဲ့ ကူးစက်ရောဂါတွေကလည်း မတူကြဘူး။ ဘက်တီးရီးယားပိုးတွေကြောင့် အရေပြား၊ အဆုတ်၊ လည်ချောင်း၊ ကျောက်ကပ်တွေမှာ ကူးစက်ရောဂါတွေဝင်လာတယ်။ ဗိုင်းရပ်စ်တွေဝင်ရင်တော့ အအေးမိမယ်၊ တုတ်ကွေးဖြစ်မယ်၊ အသည်းရောင်လာမယ်။ မှိုတွေစွဲရင်တော့ ပွေး၊ ညှင်း၊ နှင်းခူတွေဖြစ်လာတယ်။ အဲဒီလို မတူတဲ့ရောဂါတွေကို ကုသတဲ့ဆေးတွေကလည်း ဘယ်တူမလဲနော်။

.

မမတို့အသုံးပြုကြတဲ့ ပိုးသတ်ဆေး Antibiotics ဆိုတာဟာ ဘက်တီးရီးယားကြောင့် ဖြစ်လာတဲ့ ရောဂါတွေ ကို ကုသဖို့သုံးတဲ့ဆေးတွေပဲ ညီမလေး။ သူတို့က သဘာဝအတိုင်းရတဲ့ ပစ္စည်းတွေဖြစ်နိုင်သလို ဆန်းစစ်ထုတ်လုပ်ထား တဲ့ ပစ္စည်းတွေလည်း ဖြစ်နိုင်တာပဲညီမလေးရဲ့။ သူတို့တွေက တချို့ပိုးတွေကို အသေသတ်ပေးတယ်။ တချို့ပိုးတွေကို ကျတော့ မျိုးမပွားနိုင်အောင် ဟန့်တားပေးတယ်။ ဒါပေမယ့် ညီမလေးရဲ့..မမတို့အနားပတ်ဝန်းကျင်က လူတိုင်းလိုလိုက ဘက်တီးရီယားတွေကို သတ်တဲ့ ပိုးသတ်ဆေးတွေကို နေရာတိုင်းမှာ သုံးနေကြတယ်။

.

လူတွေကလေ အအေးမိတယ်၊ ဖျားတယ်ဆိုတာနဲ့ သူတို့ကို သောက်ကြတော့တာပဲ။ မမစိတ်ထင်ပြောရရင် လူနာတွေထဲမှာ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ပိုးသတ်ဆေးကို တိတိကျကျသောက်တဲ့လူနာက ၃ ပုံ ၁ ပုံလောက်ပဲ ရှိလိမ့်မယ်ထင်တယ်။ ဒီနေရာမှာ မမတို့ မမေ့သင့်တာက ပိုးသတ်ဆေးဆိုတာ ဘာလဲပေါ့နော်။ အအေးမိတဲ့အချိန်ဆို Antibiotics တွေကို ဘယ်လောက်ပဲသောက်သောက် လူနာမှာ ဘာမှ ထူးခြားမှုရှိမှာမဟုတ်ဘူး။ အကောင်းဆုံး နည်းလမ်းက အာဟာရပြည့်ဝအောင်စား၊ အနားယူ၊ အရည်များများသောက်၊ ကိုယ်ပူကျချင်ရင်တော့ ပါရာစီတမော လောက်ပဲ သောက်ရမှာပေါ့။

.

အဲလိုမလုပ်ကြဘူး ညီမလေးရေ။ လူတော်တော်များများကလေ နေမကောင်းဖြစ်ရင် ဆေးဆိုင်မှာ အပူကျဆေး နဲ့ ပါရာစီတမောပေးပါဆိုပြီး သွားဝယ်တော့တာပဲ။ ဆိုင်တွေကလည်း ပါရာစီတမော Paracetamol နဲ့ အမောက်ဆလင် Amoxicillin ကို တွဲပေးလိုက်တယ်လေ။ တချို့လူတွေကျတော့ Amoxicillin ကို ဒီအတိုင်းဝယ် သောက်တယ်။ လည်ချောင်းနာလည်း သောက်၊ အာသီးရောင်လည်း သောက်၊ သူတို့သဘောနဲ့ သူတို့စိတ်ရှိတိုင်း သောက်နေကြတာပဲ။ အဲဒီအထဲမှာလေ ကလေးအမေတွေတောင် ပါသေးတယ်။

.

သူတို့ကလေးတွေ ကိုယ်ပူရင် ပါရာစီတမောအရည်နဲ့ Amoxicillin ဆေးရည်ကို တွဲပြီးတိုက်တော့တာပဲ။ အမှန်တော့ ညီမလေးရေ.. ပါရာစီတမောမှာ အကိုက်အခဲပျောက်တဲ့အာနိသင်ရော၊ အပူကျတဲ့အာနိသင်ရော ရှိပြီးသား။ မလိုအပ်ပါဘဲနဲ့ ပိုးသတ်ဆေးတွေကို တွဲဖက် သုံးစွဲနေတော့ မခက်ပေဘူးလား။ အဲဒီလိုသုံးတဲ့သူတွေ ထဲမှာလေ အရပ်သားတွေရော၊ ကျန်းမာရေးနယ်ပယ်က လူတွေပါ ရှိတယ်ဆိုရင် ညီမလေး အံ့သြနေမလားပဲ။ အဟုတ်ပဲ ညီမလေးရေ။ ပိုးသတ်ဆေးတွေကို ပေါ့ပေါ့တန်တန်သဘောထားပြီး သုံးစွဲကြသူတွေဟာ အတော်များတယ်။ ဒါနဲ့လေ ပိုးသတ်ဆေးသုံးစွဲတာနဲ့ ပတ်သတ်ပြီး ကြုံတွေ့လာနိုင်တဲ့ အခြေအနေ ၂ မျိုးကို ပြောပြရဦးမယ်။

.

လူတစ်ယောက်က နေမကောင်းလို့ ဆေးခန်းသွားပြတယ်ဆိုပါတော့ ညီမလေးရယ်။ သူ့ကို ဆရာဝန်က သင့်တော်တဲ့ ပိုးသတ်ဆေးကို ညွှန်လိုက်တယ်။ အဲဒီဆေးမကုန်ခင် ရောဂါသက်သာလာတော့ ဆေးကိုရပ်ပစ်လိုက် တယ်။ ဆေးကို လိပ်ပတ်လည်အောင် မသောက်တော့ဘူး။ ဒီတော့ သူ့ရောဂါကို အမြစ်ပြတ်အောင် ကုဖို့ခက်သွား တယ်။ ပိုးကောင်တွေကို အသေမသတ်နိုင်သလို သူတို့ပွားတာကိုလည်း မတားနိုင်တော့ဘူး။ အဲဒီတော့ ကုသရမယ့် အချိန်က မကြာသင့်ဘဲကြာလာသလို ကုန်ကျစရိတ်တွေလည်း တိုးလာတယ်။

.

ညီမလေးရဲ့တပည့်တွေထဲမှာ ဂျစ်ကန်ကန်နိုင်တဲ့ ကလေးတွေရှိသလို ပိုးကောင်တွေထဲမှာလည်း မထုံတက် တေးနဲ့ ပိုးကောင်တွေရှိတယ်ညီမလေး။ သူတို့ဆိုရင် ခြိမ်းခြောက်လို့လည်းမရ၊ ဟန့်တားလို့လည်း မရဘူး။ ပိုးသတ်ဆေး သောက်နေရင်းနဲ့ လက္ခဏာတွေက ပိုပိုပြီးဆိုးရွားလာတယ်။ မိသားစုဝင်တွေ၊ အနီးကပ်နေတဲ့သူတွေကိုတောင် ဖျားနာ စေတယ်။ ဒါက ဆေးတွေကို လွဲမှားစွာသုံးမိလို့ ဆေးယဉ်သွားရင် နောက်ထပ် ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေပေါ့။

.

တချို့ကျတော့ ဆေးများများသောက်ရင် မြန်မြန်လေးနေကာင်းသွားမယ်လို့ထင်နေတြတယ်ညီမလေးရဲ့။ ဒီတော့ နည်းနည်းလေး နေမကောင်းဖြစ်တာနဲ့ ပိုးသတ်ဆေးတွေထည့်သောက်တော့တာပဲ။ အိမ်ကမိသားစုတွေ နေမကောင်းဖြစ်တုန်းက သုံးဖူးတဲ့ ဆေးတွေကို သောက်ကြတယ်။ အဲလိုမဟုတ်ရင်လည်း အရင်အကြိမ်တွေ နေမကောင်း ဖြစ်တုန်းက သောက်ဖူးတဲ့ ပိုးသတ်ဆေးတွေ ထည့်သုံးကြတာမျိုးကိုလည်း မမတွေ့ဖူးတယ်။ တကယ်တော့ ညီမလေး ရယ်..ပိုးကောင်တွေဟာ တစ်ခါနဲ့တစ်ခါဘယ်တူပါ့မလဲနော်။

.

ပြီးတော့ ပိုးသတ်ဆေးဆိုတာကလည်း အကျိုးပြုတဲ့ပိုးကောင်တွေရော၊ အကျိုးမပြုတဲ့ပိုးကောင်တွေကိုပါ သတ်ပစ်တာဆိုတော့ အန္တရာယ်ရှိတဲ့ အကောင်တွေက ထြ<ွကလာတယ်။ အထူးသဖြင့် အစာခြေလမ်းကြောင်းမှာရှိတဲ့ ပိုးကောင်တွေသေသွားတော့ ဝမ်းလျှောတာ၊ အူရောင်တာ တွေဖြစ်လာတယ်ညီမလေးရဲ့။ ဆေးရုံတက်နေရတဲ့သူတွေ၊ အရမ်းပြင်းထန်တဲ့ အခြေအနေမျိုးတွေအတွက်ပဲသုံးတဲ့ ပိုးသတ်ဆေးပြင်းတွေကို ကိုယ့်သဘောနဲ့ကိုယ်သောက်တော့ အသက်ကို ရန်ရှာလာတာပေါ့။

.

မမတို့ပတ်ဝန်းကျင်မှာ နောက်ထပ်အသုံးများကြတာက ပိုးသတ်ဆေးပါတဲ့ လိမ်းဆေးတွေ။ ထိခိုက် ရှနာ၊ အပူလောင်နာ၊ ဝက်ခြံထွက်ရင် လိမ်းကြတာလေ။ ညီမလေးမြင်ဖူးမယ်တော့ထင်တယ်။ မမတို့ အိမ်မှာသုံးဖူးတဲ့ TEO Ointment) တက်ထရာဆိုက်ကလင်း လိမ်းဆေးတောင့်လိုမျိုးလေ။ Gentamycin လိမ်းဆေး၊ Chloramphenicol လိမ်းဆေးဆိုပြီး အမျိုးမျိုးရှိတယ်ညီမလေးရဲ့။ အဲဒီလိုမျိုး လိမ်းဆေးတွေ သုံးရင်လည်း သတိထားရသေးတယ်။ ”သောက်ဆေးအနေနဲ့ သုံးမှာသာ ဆေးယဉ်တာမဟုတ်ဘူး။ လိမ်းဆေးအနေနဲ့သုံးရင်လည်း ဆေးယဉ်နိုင်လို့ သူတို့ကို အချိန်ကြာကြာစွဲပြီး မသုံးရဘူး” ဆိုတာကိုတော့ ညီမလေးအမြဲတမ်း မှတ်ထားနော်။

.

ဒါပေမယ့် ညီမလေးရေ မမတို့အနားပတ်ဝန်းကျင်က လူတိုင်းလိုလိုကလေ အဲဒီလိုလိမ်းဆေးတွေကို အကြာ ကြီး သုံးကြတယ်လေ။ တောမကျ၊ မြို့မကျဒေသတွေဆို ပိုဆိုးသေး။ အနာဖြစ်ရင် ဆေးလိမ်းရမယ်ဆိုတာကိုတော့ သိပါရဲ့။ ဘယ်လောက်ကြာကြာသုံးရမယ်၊ ဘယ်အမျိုးအစားကို သုံးရမယ်ဆိုတာကို သေချာမလေ့လာထားမိတော့ အခက်ကြုံရတာပေါ့။ ”ဆေးတစ်မျိုးဟာ ဘယ်လောက်ပဲ အာနိသင်တွေကောင်းနေပါစေ၊ သူနဲ့ပတ်သက်တဲ့ညွှန်ကြား ချက်တွေကို တိတိကျကျမလိုက်နာရင် အဲဒီဆေးဟာ ဘယ်လိုလုပ်ပြီး အစွမ်းထက်တော့မလဲနော်”။ မမတို့တွေအတွက် သိပ်ပြီး အသုံးဝင်ပါတယ်ဆိုတဲ့ အဲဒီလိမ်းဆေးတွေ မသုံးရတဲ့နေရာတွေလည်း ရှိနေသေးတယ်ညီမလေးရဲ့။

.

ဥပမာပြောရရင်ကွယ်.. ပြဲကွဲနေတဲ့ ဒါဏ်ရာတွေ၊ အရမ်းကြီးတဲ့ ဒါဏ်ရာတွေမှာသုံးဖို့ မသင့်တော်ဘူး။ တချို့ သူတွေကျတော့ ကလေးငယ်တွေ အနှီးပွန်းတာတို့၊ ပေါင်ပွန်းတာတို့ဆိုရင် ပိုးသတ်ဆေးပါတဲ့ လိမ်းဆေးတွေကို သုံးလိုက်တာပဲ။ တကယ်ဆိုရင် အသက် ၂ နှစ်အောက် ကလေးတွေမှာ ဆရာဝန်ရဲ့ တိကျတဲ့ ညွှန်ကြားချက်မရှိရင် ပိုးသတ်ဆေးတွေကို သွားသုံးလို့မရဘူး။ အဲဒါမျိုးကျတော့ အရမ်းအန္တရာယ်ရှိတယ်ညီမလေး။

.

အဲဒီလိုပဲ အရမ်းနက်တဲ့ ပြဲကွဲဒါဏ်ရာတွေ၊ သွေးတွေအဆက်မပြတ်ထွက်နေတဲ့နေရာ၊ ချုပ်ဖို့လိုတဲ့ဒါဏ်ရာတွေ မှာ ပိုးသတ်ဆေးကို လိမ်းလိုက်ရင် ဆေးကအလုပ်မလုပ်နိုင်ဘူး။ အဲဒီတော့ ပိုးကောင်တွေက ဆေးကို မကြောက် တော့ဘူး။ တကယ်ပျောက်ဖို့ ဆေးသုံးရတဲ့နေရာမှာ ပြဿနာတွေရှိလာတယ်။ ဒါဏ်ရာထဲမှာ တစ်ခုခု စိုက်ဝင်နေတာ မျိုးတွေ၊ ခွေးတွေ၊ ကြောင်တွေလို အကောင်တွေဘာတွေကိုက်ထားရင်လည်း ကိုယ့်အနားမှာရှိတဲ့ လိမ်းဆေးလေး ကောက်ထည့်လိုက်လို့မရဘူး။ ဆေးခန်းကိုသွားပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံရမှာပေါ့။

.

ကိုယ်ဝန်ဆောင်သည်တွေဆီမှာတော့ ဖြစ်နိုင်ရင် ပထမဆုံး ၃ လအတွင်းမှာ ဘယ်ဆေးကိုမှ မသုံးနဲ့။ တကယ်လို့ ပိုးသတ်ဆေးတွေကို သုံးဖို့လိုအပ်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပေါ့ကွယ်။ အဲဒီလိုပဲ နို့တိုက်မိခင်တွေ၊ ကလေးယူမယ့်အမျိုးသမီးတွေဆိုရင်လည်း ဆေးမသုံးခင် ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေး မေးမြန်းဖို့လိုတယ်နော်။ ပိုးသတ်ဆေးတွေဟာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်မယ်ဆိုရင် တကယ့်ကို စိတ်ချရတဲ့ ဆေးတွေပါ ညီမလေး။ တချို့လူတွေမှာတော့ ပိုးသတ်ဆေးတွေနဲ့ ဓါတ်မတည့်တာ၊ တုံ့ပြန်တာတွေ ဖြစ်နိုင်လို့ ပိုးသတ်ဆေးတွေသုံးခါနီးမှာ ဆရာဝန်က ဆေးတွေနဲ့ ဓါတ်မတည့်တာမျိုးဖြစ်ဖူးလား ဆိုတာကို မေးပါလိမ့်မယ်ကွယ်။ မှန်ကန်သင့်လျော်တဲ့ ပိုးသတ်ဆေးကို စိတ်ချလက်ချ ရွေးချယ်နိုင်ဖို့ အဓိက အချက်ဖြစ်တာကြောင့် ဘယ်ဆေးနဲ့ မတည့်သလဲဆိုတာကို သေသေချာချာ မှတ်ထားဖို့လိုတယ်နော်။

.

မမနည်းနည်းတော့ ထပ်ပြီး သတိပေးချင်သေးတယ်ညီမလေးရဲ့။ ဒီဆေးတွေကလေ ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို ထိန်းချုပ်ထားပေးတယ်ဆိုပေမယ့် သူတို့ကြောင့် မှိုစွဲနိုင်တယ်။ မှိုစွဲတယ် ဆိုတာလေ ညီမလေးမြင်ဖူးမယ်ထင်တယ်။ အဲဒီတော့ သူတို့ကို သုံးတဲ့အခါမှာ မှိုသတ်ဆေးတွေကို တွဲသုံးဖို့ လိုသလား၊ မလိုဘူးလားဆိုတာကို ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေကို ကြိုပြီး မေးထားနော်။ မျက်စိမှာ သုံးလို့ရတယ်လို့ ဆေးအညွှန်းမှာ ဖော်ပြမထားရင် သူတို့ကိုမျက်စိမှာ သွားမသုံးနဲ့ပေါ့။ သူတို့ကိုသုံးလို့ ဓါတ်မတည့်တဲ့ လက္ခဏာ တွေပေါ်လာတာတို့၊ ဆေးသုံးပြီး ၅ ရက်လောက် ကြာတဲ့အထိ ဘာမှ ထူးထူးခြားခြားမသက်သာလာတာ တို့ဆိုရင် ဆက်မသုံးနဲ့တော့နော်။ ဆရာဝန်နဲ့ ပြန်ပြီး ပြကြည့်ပါကွယ်။

.

ညီမလေးရေ…နေမကောင်းလို့ ဆေးခန်းသွားပြလို့ ဆေးခန်းက တစ်စုံတစ်ရာမညွှန်ကြားဖူးဆိုရင်လည်း ညီမလေးတို့က သတိတရနဲ့ မေးပါကွယ်။ ဆေးတစ်မျိုးနဲ့ တစ်မျိုးသတိထားရတဲ့အချက်တွေက မတူဘူးလေညီမလေးရဲ့။ ဥပမာပြောရရင် ညီမလေးရယ် Azithromycin လိုဆေးမျိုးဆို အစာနဲ့တွဲသောက်ရင် အာနိသင်ကောင်းကောင်း မရတော့ဘူး။ ဒါပေမယ့် Amoxicillin လိုဆေးမျိုးကျတော့ အစာနဲ့တွဲသောက်တာ၊ မသောက်တာတွေက သိပ်ပြီးတော့ ပြဿနာမရှိဘူးလေ။ အဲဒီလိုအသေးစိတ်အချက်အလက်တွေကျတော့ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်း ကပဲ ညွှန်ကြားပေးနိုင်မှာပေါ့နော်။

.

တချို့ပိုးသတ်ဆေးတွေကျတော့ အရည်ဖျော်သုံးရမယ့်ပုံစံနဲ့လာတယ်။ သူတို့ဆီကနေ အာနိသင်အပြည့်အဝ လိုချင်ရင်တော့ ဆေးကိုမသုံးသေးခင် ပုလင်းကို သေသေချာချာလှုပ်ပေးဖို့လိုတယ်လေ။ ပိုးသတ်ဆေးတွေကို မသုံးဘဲ ချွေတာပြီးသိမ်းထားတာတို့၊ နောက်တစ်ကြိမ်ပြန်သုံးတာတို့ဆိုရင် ဆေးတွေက သက်တမ်းကုန်သွားပြီလေ။ အာနိသင် တွေ မပေးနိုင်တော့သလို ဘေးထွက်ဆိုးကျိုးကလည်း ပြင်းထန်လာမယ်။ ”အမှည့်လွန်သွားတဲ့သစ်သီး တစ်လုံးကိုစား ရင်တောင် အနည်းဆုံးတော့ ဝမ်းလျှောနိုင်သေးတယ်ဆိုတော့ သက်တမ်းကုန်ဆုံးသွားတဲ့ ပိုးသတ်ဆေးကို သောက်မိရင် ဆက်ဖြစ်လာမယ့် အန္တရာယ်တွေကို ညီမလေး ချင့်တွက်ကြည့်ပါကွယ်”။

မကြာခင်မှာ ဆောင်းဦးပေါက်တော့မယ်။ နေမကောင်းမဖြစ်အောင် ဂရုစိုက်နော် ညီမလေး။ ညီမလေးရဲ့ အနားပတ်ဝန်းကျင်က ကျောင်းသားတွေပဲဖြစ်ဖြစ်၊ သူတို့မိသားစုတွေပဲဖြစ်ဖြစ် နေမကောင်းဖြစ်ရင် အပူကျဆေးနဲ့ ပါရာစီတမောတွဲသောက်လို့ သွားပြီး မညွှန်ကြားနဲ့နော်။ သူတို့သောက်နေတယ်ဆိုရင်လည်း ကျန်းမာရေးဝန်ထမ်း တွေကညွှန်မှ သောက်ပါလို့ အကြံပေးလိုက်ပါကွယ်။ အကောင်းဆုံးကတော့ နေမကောင်းမဖြစ်အောင်နေ၊ တကိုယ်ရေ သန့်ရှင်းရေးကိုဂရုစိုက်၊ ကျန်းမာရေးနဲ့ သင့်တော်မယ့် အစားအစာတွေကိုပဲ စားပေါ့။ နောက်တစ်ခေါက်ကျရင်တော့ ပိုးသတ်ဆေးတစ်မျိုးချင်းစီရဲ့သတိထားရမယ့် အချက်တွေကို ပြောပြမယ်လေ။ အခုလောလောဆယ်တော့ ”ပိုးသတ်ဆေး ဆိုတာ အလျဉ်းသင့်သလိုသုံးလို့ရတဲ့ဆေးမဟုတ်ဘူး” ဆိုတာကို ညီမငယ်လေးတို့ အားလုံးသတိရပေးနော်။

ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ

နှင်းနုလွင် (ဆေးဝါး)

Sayana Magazine
November, 2010


 

ဆေးဝါးနဲ့ ခန္ဓာကိုယ် October 12, 2010

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၆)

ဆေးဝါးနဲ့ ခန္ဓာကိုယ်
ညီမလေးရေ

.

.
ပြီးခဲ့တဲ့ ရုံးပိတ်ရက်က အိမ်အတွက်လိုအပ်နေတဲ့ ပစ္စည်းတွေဝယ်ဖို့ဆိုပြီး မမတို့ အိမ်နားကကုန်တိုက် တစ်ခုကိုသွားခဲ့တယ်ညီမလေး။ ကုန်တိုက်မှာလည်း ရုံးပိတ်ရက်တွေရဲ့ ထုံးစံအတိုင်း ဈေးဝယ်တွေနဲ့ ကျိတ်ကျိတ်တိုး နေတာပေါ့။ မမလည်း ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေကို ရွေးရင်းနဲ့ လူတစ်ယောက်ကိုတွေ့တဲ့အချိန်မှာ အရမ်းကို အံ့သြသွားမိတယ်။ မမတို့ရဲ့စီနီယာ အမတစ်ယောက်၊ ကျောင်းတက်တုန်းက ပိန်ပိန်သေးသေး၊ အရပ်ရှည်ရှည်လေးဟာ အခုတော့ အတော်ကို ဝနေတာညီမလေးရဲ့။ ”ဘယ်လောက်စားစား၊ ငါတို့မျိုးရိုးက မဝဘူး”ဆိုပြီး အမြဲကြွေးကြော်တတ်တဲ့ မမတို့ရဲ့စီနီယာ။ တကယ်လည်းစားပါရဲ့။ ဘယ်တုန်းကမှာ ပေါင် ၁ဝဝ မကျော်ခဲ့တဲ့ အမဟာ အခုတော့ ၁၆ဝ လောက်တော့ အသာလေးရှိမယ်ထင်တယ်။

.
သူလည်း ပစ္စည်းတွေရွေးရင်းကနေ မမကိုတွေ့သွားတယ်။ မတွေ့တာအတော်ကြာနေတော့ တစ်ယောက် အကြောင်း တစ်ယောက်မေး၊ တစ်ယောက်လိပ်စာ တစ်ယောက်ကိုပေးပြီး အပြေးအလွှားပဲ စကားပြောရတယ်။ ဒါနဲ့ပဲ အမက ”ညီမလေးရေ…အမတော့ Prednisolone တန်ခိုးနဲ့ တိုးပြီးရင်းတိုးလာတာပဲ ”တဲ့။ ဘာဖြစ်လို့လဲလို့ အမ မေးတော့ ”အဆစ်အမြစ်တွေရောင်ကိုက်လို့ သောက်တာ။ ပြီးတော့ အမက အရင်တည်းက အစားမရှောင်တဲ့သူ ဆိုတော့ ပိုဝလာတာပေါ့”လို့ ပြောပြီး ကောင်တာကို ငွေရှင်းဖို့ထွက်သွားတာပဲ။ သူ့ကို ကြည့်နေရင်းနဲ့ အရင်တုန်းက ပိန်ပိန်သွယ်သွယ်ဟန်လေးက ပေါ်လာတယ်။
.

.
ဆေးကြောင့်ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ပေါ့ ညီမလေးရယ်။ ဆေးသောက်လို့ ဝလာတာမျိုးဟာ မမတို့မြင်သာတဲ့ပြောင်းလဲမှုမျိုးပေါ့။ မမတို့ မျက်စိနဲ့ မမြင်နိုင်တဲ့ ပြောင်းလဲမှုတွေဟာ ဆေးသောက်လိုက်တိုင်း ဖြစ်ပျက်နေတာညီမလေးရဲ့။ မမတို့ကသာ သတိမထားမိတာ။ သူတို့ ကြောင့် ဖြစ်တာတွေက ပြောင်းလဲမှန်းမသိသာအောင် ငြင်သာတော့လည်း မမတို့တွေ ဘယ်သတိပြုမိတော့မလဲနော်။ အဲဒီလိုသတိမပြုမိပေမယ့် အသက်ကို ခြိမ်းခြောက်လာတဲ့အထိ ပြင်းထန်တာမျိုးကျတော့ ဘယ်လိုလုပ်ပြီး လျစ်လျူရှု့ထား လို့ရမလဲနော်။ ညီမလေးကရော…ဆေးဝါးတွေကြောင့် ခန္ဓာကိုယ်မှာဖြစ်ပေါ်လာနိုင်တဲ့ ပြောင်းလဲမှုတွေ အကြောင်းကို မသိချင်ဘူးလား။

ဒီအကြောင်းကိုမပြောခင် အရင်ဆုံးမမတို့ ခန္ဓာကိုယ်ထဲမှာ ဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာ ပြောပြမယ်နော်။ မမတို့ အနားပတ်ဝန်းကျင်မှာရှိတဲ့ ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေး၊ ရှုဆေးတွေဟာ ပုံစံတွေ ဘယ်လောက်ကွဲကွဲ ခန္ဓာကိုယ်ထဲရောက်သွားရင်တော့ သူတို့အလုပ်လုပ်တဲ့ပုံစံတွေဟာ ၃ မျိုးပဲ ရှိတော့တယ် ညီမလေးရဲ့။ ပထမဆုံးကတော့ လိုအပ်နေတဲ့ ပစ္စည်းတွေကို ပြန်ဖြည့်ပေးတာမျိုးလေ။
.

မမတို့ ခန္ဓာကိုယ်ကြီးဟာ ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ သက်စောင့်ဓါတ်၊ သတ္ထုဓါတ်တို့ကို လိုအပ်တာပေါ့။ တကယ်လို့များ ဒီပစ္စည်းတွေသာ ချို့တဲ့ခဲ့ရင် ဒါကို ရောဂါအခြေအနေတစ်ခုလို့ သတ်မှတ်ကြတယ်လေ။ သံဓါတ် ချို့တဲ့ရင် သွေးအားနည်းရောဂါရမယ်။ ဗီတာမင် ဒီ သာချို့တဲ့ရင် အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေရမယ်။ အဲဒီလို အခြေအနေတွေကို ပြန်ထိန်းဖို့အတွက်ဆိုရင် လိုအပ်နေတာလေးတွေကို ထပ်ထည့်ပေးရတာပေါ့။ အဲဒီလိုပဲ အင်ဆူလင်ချို့တဲ့လို့ ဆီးချို့ရောဂါရရင် အင်ဆူလင်ထပ်ဖြည့်ပေးပြီးကုသကြရတယ်။ ချို့တဲ့မှုတွေကို ဖြည့်စွက်ပေးရတဲ့ အုပ်စုပေါ့။
.

.ဒုတိယအုပ်စုကျတော့ ဆဲလ်တွေရဲ့ အလုပ်လုပ်တာကို ပြောင်းလဲပစ်တဲ့ဆေးတွေပေါ့။ မမက ချော်လဲပြီး ဒါဏ်ရာ ရသွားတယ်ဆိုပါတော့။ ထိခိုက်မိသွားတဲ့ ဆဲလ်တွေကနေ ဓါတုပစ္စည်းတွေ (Chemicals) ဟာ အလိုအလျောက် ထွက်လာပြီး မမကို ရောင်ရမ်းတာ၊ နာကျင်တာမျိုးတွေကို ဖြစ်စေတယ်။ အဲဒီအချိန်မှာ မမကသာ အကိုက်အခဲပျောက် ဆေးတွေကိုသာ သောက်လိုက်ရင် သူတို့က ဆဲလ်တွေထဲကနေ ဓါတုပစ္စည်းတွေထွက်မလာအောင် တားလိုက်တယ်လေ။ အဲဒီတော့ နာကျင်မှုတွေ သက်သာသွားတာပေါ့ညီမလေးရယ်။ သွေးကျဲဆေးတွေ၊ နှလုံးရောဂါနဲ့ ပတ်သက်ပြီးသုံးရတဲ့ ဆေးတွေ၊ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါတွေမှာသုံးတဲ့ဆေးတွေလိုမျိုး ဆေးတော်တော်များများဟာ ဒီပုံစံအတိုင်း အလုပ်လုပ်ကြတယ်လေ။
.

နောက်ဆုံးအုပ်စုကတော့ ကူးစက်ဝင်ရောက်လာတဲ့ ပိုးတွေ၊ ပုံမှန်မဟုတ်ဘဲ ဖွံဖြိုးလာတဲ့ဆဲလ်တွေကို ဖျက်ဆီးပေး တဲ့ဆေးတွေပေါ့။ ကူးစက်ပိုးတွေဆိုတာကိုတော့ ညီမလေးသိမှာပါ။ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးတွေ၊ မှိုစွဲကပ်တာမျိုးတွေလေ။ ဒီလိုရောဂါတွေအတွက် သူတို့ကို သတ်တဲ့ဆေးတွေ သက်သက်ရှိတယ်။ ပွေး၊ ညှင်း၊ နှင်းခူတို့လို မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေဆိုရင် မှိုသတ်ဆေးတွေသုံးကြတယ်။ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတဲ့ ကူးစက် ရောဂါတွေဆိုရင်လည်း ဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ဆေးတွေသုံးရတယ်။ ကင်ဆာရောဂါကုသတဲ့ ဆေးတွေဆိုလည်း ဒီအုပ်စုထဲမှာပါတာပဲ။ ပုံမှန်မဟုတ်တဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးနိုင်တဲ့ဆေးပေါ့။
.
ဒီလိုနဲ့ ဆေးတွေဟာ သူတို့အလုပ်သူတို့လုပ်ရင်း၊ တိုက်ဖျက်စရာရှိတာကို တိုက်ဖျက်ရင်း၊ အနားပတ်ဝန်းကျင်က အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်မိတတ်တယ်။ ပြောင်းလဲမှုတွေဖြစ်စေတာပေါ့ညီမလေးရယ်။ ”တောင်ယာတစ်ခုကို မီးရှို့ ရင် အနားပတ်ဝန်းကျင်က သစ်ပင်တွေမီးမြှိုက်ခံရသလိုပေါ့”။ အဲဒီဆေးတွေကြောင့် ရောဂါသက်သာသွားရသလို သူတို့ကိုသုံးရင်းနဲ့ ခန္ဓာကိုယ်မှာ မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေကို ကြုံလာရတယ်လေ။
.
အဲဒီလိုဆေးတွေကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေထဲမှာ အန္တရာယ်ပေးနိုင်တဲ့ အချက်က ၂ ချက် ရှိတယ်ညီမလေး။ ပထမတစ်ခုက သွေးတိုးတာ။ Steroids ဆေးတွေဖြစ်တဲ့ Prednisolone, Dexamethasone, Cortisone တို့လိုဆေးတွေဟာ သွေးတိုးစေတယ်ညီမလေး။ သူတို့လိုပဲ သွေးပေါင်အတက်အကျဖြစ်စေတဲ့ တခြားဆေးတွေလည်း ရှိသေးတယ်။ စိက်ကျရောဂါအတွက်သုံးတဲ့ဆေးတွေ၊ Ibuprofen တို့လို အကိုက်အခဲ ပျောက်ဆေးတွေ၊ ခေါင်းတစ်ခြမ်းကိုက်တာကိုသက်သာစေတဲ့ ဆေးတွေ၊ နှာခေါင်းပိတ်တာကို သက်သာစေ တဲ့ဆေးတွေကလည်း သွေးတိုးနိုင်တာပဲ ညီမလေး။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်တားဆေးသောက်တဲ့အချိန် ဒါမှမဟုတ် ဟော်မုန်းအစားထိုးကုသမှုခံယူတဲ့ အချိန်နောက်ပိုင်းမှာ သွေးတိုးတဲ့ အန္တရာယ်ကိုပိုပြီး ရင်ဆိုင်ရတတ်တယ်တဲ့ ညီမလေး။
.

.

ညီမလေးရေ…အရင်တည်းက သွေးတိုးရောဂါရှိနေသူ၊ သွေးတိုးကျဆေးသောက်နေရသူတွေအနေနဲ့ ဒီလိုဆေးတွေကို သတိထားဖို့လိုတာပေါ့နော်။ ကိုယ့်ဆီမှာ သွေးပေါင်တက်နေမှန်း သတိမထားမိဘဲ အပေါ်မှာပါတဲ့ ဆေးတမျိုးမျိုးကိုသာ သောက်မိရင် သွေးအရမ်းတိုးလာပြီး အသက်အန္တရာယ်ရှိတာပေါ့။ ဒီလိုလူတွေဟာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပမာဏအတိုးအလျော့လုပ်ပေးသင့်သလို ”သွေးတိုးစေမယ့် အစားအစာတွေ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာမျိုးကို ရှောင်ဖို့လိုတယ်” ဆိုတာ ညီမလေး နားလည်ပြီပေါ့နော်။
.
နောက်တစ်ခါ ဆေးသောက်တဲ့လူတိုင်းလိုလိုမှာ ကြုံရတာက ခေါင်းမူးတာပဲ ညီမလေး။ စိုးရိမ်ပူပန်မှုလျော့ချဖို့ သုံးတဲ့ဆေးတွေ၊ အိပ်ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေ၊ ဓါတ်မတည့်မှုပျောက်ဆေးတွေ၊ စိတ်ရောဂါကုသတဲ့နေရာမှာ သုံးတဲ့ ဆေးတွေ၊ မူးဝေအော့အန်တာ သက်သာစေတဲ့ဆေးတွေ အပါအဝင် ဦးနှောက်မှာသွားပြီး အလုပ်လုပ်ကြတဲ့ဆေး တွေဟာ ခေါင်းမူးတဲ့လက္ခဏာ ကိုပြန်ပေးကြတယ်ညီမလေးရဲ့။ သူတို့ဟာ သူတို့နဲ့သက်ဆိုင်နေတဲ့ Center တွေမှာ အလုပ်လုပ်ရင်းနဲ့ ဆေးသုံးစွဲတဲ့သူတွေကို မူးနောက်တာ၊ ခေါင်းမကြည်တာမျိုးကို ပြန်ဖြစ်စေတယ်လေ။ အဲဒါကို သတိမမူမိဘဲ လျစ်လျူရှု့ထားမိရင် ချော်လဲတာ၊ ကျိုးတာမျိုးကနေ အသက်ဆုံးရှုံးရတဲ့အထိ ပြင်းထန်တတ်တယ်။ သူလိုမျိုးအာနိသင်တူတဲ့ တခြားဆေးတွေနဲ့တွဲသုံးမိရင်တော့ လူနာအနေနဲ့ ခံစားရတာဘယ်သက်သာမလဲနော်။
.
မမအပေါ်မှာ ပြောခဲ့တာတွေလောက်မမြန်ပေမယ့် လူ့ကို အန္တရာယ်ဖြစ်စေတဲ့ နောက်တစ်ချက်ကတော့ ကျောက်ကပ်ကိုပျက်စီးတာပဲ ညီမလေး။ ဆေးဝါးတွေသုံးတာများလို့ ကျောက်ကပ်ပျက်စီးသွားရင် သွေးပေါင်အတက်အကျကို ထိန်းချုပ်တဲ့နေရာမှာ အခက်အခဲတွေရှိလာတယ်။ သွေးအားနည်းတဲ့ လက္ခဏာတွေပေါ်လာတယ်။ ခန္ဓာကိုယ်ရဲ့ ဆားဓါတ်နဲ့ရေဓါတ် ညီမျှအောင် ထိန်းထားတဲ့နေရာမှာ ပြဿနာတွေ ပေါ်လာတယ်။ ဒီတော့ ကျောက်ကပ်ကို ဝန်ပိစေတဲ့ ဆေးအားလုံးကို အတိုးအလျော့လုပ်ပြီးမှပဲ သုံးသင့်သလို ဆေးရုံဆေးခန်းကိုသွားပြတဲ့အခါမှာလည်း မိမိဘာတွေခံစားနေရတယ် ဆိုတာ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့လိုတာပေါ့နော်။
.
ခုနကပြောတဲ့ မမရဲ့ စီနီယာလိုပဲ လူကိုဝလာစေတဲ့ဆေးတွေ အများကြီးရှိသေးတယ်ညီမလေး။ Sulphonylurea အုပ်စုဝင် ဆီးချိုကျဆေးတွေ၊ အတက်ရောဂါမှာသုံးတဲ့ Valproate လိုဆေးတွေ၊ စောစောကပြောတဲ့ Cortisone အုပ်စုဝင် Prednisolone & Cortisone ဆေးတွေ၊ စိတ်ကျရောဂါအတွက်သုံးတဲ့ဆေးတွေလည်းပါတာပေါ့နော်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါမှာ သုံးတဲ့ဆေးတွေလို လူသုံးနည်းတဲ့ဆေးတွေမှာလည်း ဝစေတဲ့အာနိသင်ရှိတာပဲ။ အရင်တည်းက ဝနေတဲ့သူ၊ အဝလွန်နေတဲ့သူတွေဆိုရင်လည်း ဒီအချက်ကို သတိထားဖို့ လိုအပ်တာပေါ့။ တချို့ဆေးတွေကျတော့ နှလုံးခုန်သံမမှန်တာ၊ အစာအိမ်ကနေ အက်ဆစ်ထွက်တာများစေတာမျိုး ဖြစ်တတ်တာ ညီမလေးရဲ့။
.
ဥပမာ ပြောရရင် ရင်ကျပ်ရောဂါမှာသုံးတဲ့ Salbutamol လိုဆေးမျိုး။ သူ့ကြောင့် ဆေးသောက်တဲ့သူတွေဟာ ရင်တုန်လာတယ်။ သွေးပေါင်ကျဖို့ အတွက်သုံးတဲ့ Propranolol လိုဆေးမျိုးကျတော့ လေပြွန်ကျဉ်းပြီး ရင်ကျပ်ပန်းနာက ပိုဆိုးလာတယ်ညီမလေးရဲ့။ ပိုးသတ်ဆေးတွေကို သောက်ရင် အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုတဲ့ ပိုးကောင်တွေက သေသွားတယ်။ အဲဒါဆို အူရောင်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လာတယ်။ လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးတာကို သက်သာစေဖို့အတွက်သုံးတဲ့ Dextromethorphan ကြောင့် နှလုံးခုန်တာကို မြန်လာတယ်ညီမလေး။ ဒါတွေကတော့ အဖြစ်များတာတွေပေါ့နော်။ မမတို့မသိသေးတာတွေလည်း အများကြီးရှိသေးတယ်မလား။
.
ဒီတော့ ညီမလေးရေ… အရင်တည်းက အစာအိမ်ရောဂါရှိသူ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါရှိသူ တွေအနေနဲ့ ဆေးတိုင်းကို မျက်ချေပြတ်လို့ဘယ်ဖြစ်မလဲ။ ဆေးတွေရဲ့ အလုပ်လုပ်တဲ့ပုံစံတွေကွဲပြားသလို သူတို့ကိုလက်ခံ ပေးတဲ့ မမတို့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကလည်း အမျိုးမျိုးဖြစ်နိုင်တယ်မလား။ ဒါကြောင့် ဆေးသုံးတဲ့အခါ သတိထားဖို့ လိုတယ်လို့ ပြောကြတာပေါ့။ သတိထားဆိုလို့လည်း ကိုယ့်သဘောနဲ့ကိုယ် ဆေးလျော့သုံးတာ၊ ဆေးရပ်ပစ်တာမျိုး လုပ်ဖို့ပြောတာ မဟုတ်ဘူးနော်။ မိမိရဲ့ လက်ရှိအခြေအနေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တခြားသင့်တော်ရာ တမျိုးမျိုးကို သုံးဖို့ပါညီမလေး။ ”ဆေးမှန်သမျှ လူတွေရဲ့ ခန္ဓာကိုယ်ကိုရဲ့ ပုံမှန်ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးကို ပြောင်းလဲနိုင်တယ်”ဆိုတာ မမေ့လိုက်ပါနဲ့ ညီမလေးရယ်။

ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ
နှင်းနုလွင် (ဆေးဝါး)

စရဏမဂ္ဂဇင်း၊
အောက်တိုဘာ၊ ၂၀၁၀။


 

သဘာဝဆေးပင်နဲ့ အနောက်တိုင်းဆေး  September 17, 2010

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ

(၄)

သဘာဝဆေးပင်နဲ့ အနောက်တိုင်းဆေး


ညီမလေးရေ ဆေးသုံးတာနဲ့ ပတ်သက်တဲ့ မရိုးမဆန်းဇာတ်လမ်းတွေဟာ တစ်ထောင့်တစ်ညပုံပြင်လို အရှည်ကြီးပဲနော်။ လူတွေနေထိုင်ကောင်းဖို့ဆေးဝါးတွေကို သုံးကြတယ်။ ဒီဆေးတွေကြောင့် ဝေဒနာခံစားရတာတွေ သက်သာလာတယ်။ ဆေးတွေကို လူတွေက လိုလားနှစ်ခြိုက်လာကြတယ်။ ဆေးတွေနဲ့ ရင်းနှီးကျွမ်းဝင်လာကြတယ်။ အဲဒီမှာ စဉ်းစားစရာ တစ်ခုရှိလာတာက မမတို့အခုသုံးနေကြတဲ့ အနောက်တိုင်းဆေးဆိုတာတွေကို သဘာဝဆေးပင်တွေနဲ့ တွဲသုံးရင် သင့်တော်ပါ့မလားဆိုတာပဲ။ ဒီအတွေးတွေ မမခေါင်းထဲကို ဝင်လာအောင် လှုံဆော်ပေးခဲ့တာက မမတို့ အခုနေနေတဲ့ အိမ်နားက ဒေါ်လေးမြင့်စိန်ပေါ့။ အသက် ၅ဝ ပြည့်ပြီးတဲ့ ဒေါ်လေးဟာ သွေးတိုးတက်လို့ သွေးကျဆေးသောက် နေရတာလေ။ မှတ်မှတ်ရရ ပြောရရင် Enalapril လို့ခေါ်တဲ့ဆေးပေါ့။ အပြင်က လူတွေတော်တော်များများ သိကြတဲ့ သွေးကျဆေးတစ်မျိုးပါပဲ။

.

လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ ဒေါ်လေးကို သူ့တူမတစ်ယောက်က သွေးတိုးတဲ့အခါ အင်္ဂလိပ်ဆေး Enalapril မသောက်ဘဲ ဒန်သလွန်ရွက် ပြုတ်စားဖို့ အကြံပေးသတဲ့။ ဒါနဲ့တစ်နေ့တော့ ဒေါ်လေးတို့မိသားစုတွေဟာ ဒန်သလွန်ရွက်ကို ဟင်းချိုချက်ပြီးစားတယ်တဲ့။ ထမင်းစားပြီးလို့ နာရီဝက်လောက်ကြာတော့ ဒေါ်လေးက ခေါင်းနည်းနည်း မူးလာလို့ဆိုပြီး သူသောက်နေကျ သွေးကျဆေးထပ်သောက်လိုက်သတဲ့။ အဲဒီအချိန်မှာ ခေါင်းတွေ အရမ်းမူးလာပြီး၊ ချွေးသီးချွေးပေါက်တွေကျလာတယ်။ ရပ်ကွက်ထဲက ဆေးခန်းကို အရောက်မြန်သွားတာ ကံကောင်းတယ်လို့ ပြောရမယ် သိလား။ ဘာလို့လဲဆိုတော့ သွေးဖိအား (Blood Pressure) က အရမ်းထိုးကျနေတာကိုး။ အဲဒီနေ့ကဆို ဒေါ်လေးတို့ တစ်အိမ်လုံး ပျာယာခတ်သွားတာပဲ။ သွေးကျဆေးသောက်နေတဲ့သူတစ်ယောက်ဟာ သွေးပေါင်ကျစေတဲ့ တခြားအစား အစာတွေကို ထပ်စားမိတော့ အန္တရာယ်ရှိတာပေါ့ညီမလေးရဲ့။

.

ဒီလို အန္တရာယ်မျိုးကို ”ဆေးမြီးတို”ကပေးတဲ့ အမှတ်တရလို့ နာမည်ပေးရင်ကောင်းမလားမသိဘူးနော်။ ဘာလို့လည်းဆိုတော့ မြို့ပြနဲ့အလှမ်းအကမ်းဝေးတဲ့ဒေသမှာရော၊ မြို့ပေါ်မှာပါ ”ဆေးမြီးတို” ဆိုတဲ့ စကားလုံးကို တော်တော်ရင်းနှီးကြတာ ညီမလေးရဲ့။ ကိုယ်တတ်သလောက်၊ မှတ်သလောက် ဆေးပင်၊ ဆေးမြစ်၊ ဆေးအခေါက်တွေကို ကိုယ့်အသိုင်းအဝိုင်းမှာ ပြန်ပြီးလက်ဆင့်ကမ်းဝေတတ်တဲ့ စေတနာကြောင့် ဒီလိုပျံနှံ့နေတာဖြစ်မယ်လို့ မမထင်တယ်။ အခု ဒေါ်လေးကိုပဲကြည့်ပါလား။ အဖိုးတန်တဲ့ သဘာဝကပေးလာတဲ့ဆေးဝါးတွေကို အိမ်မှာချက်ထားတဲ့ ဟင်းလို သဘောထား ပြီး အတိုင်းအဆမရှိ အလွယ်တကူသုံးနေကြတော့ မခက်ဘူးလားညီမလေး။ ”အစားလည်းဆေး၊ ဆေးလည်းအစာ” ဆိုပေမယ့် သုံးတတ်မှ ဆေးဖြစ်မှာပေါ့နော်။ ဒီစာကိုဖတ်ပြီး သဘာဝကပေးလာတဲ့ ဆေးတွေကို စိတ်ချလက်ချ သုံးလို့ မရဘူးလို့လည်း ထင်မနေနဲ့ဦးနော်။

.

သူတို့ဟာ တကယ့်ကိုအလုပ်လုပ်နိုင်တဲ့ ဆေးတွေပဲညီမလေးရဲ့။ သမားတော်ကြီးဇီဝကကို ညီမလေး ကြားဖူး လား။ အဲဒီဇီဝကလောင်းလျာ ကျောင်းသားလေးကို သူ့ဆရာက ဆေးပညာစုံ၊ မစုံသိချင်တော့ ဆေးဖက်မဝင်တဲ့ အပင်ကို ရှာခိုင်းသတဲ့။ အချိန်တော်တော်ကြာတဲ့အထိရှာတာတောင် ဇီဝကဟာ ဆေးဘက်မဝင်တဲ့ အပင်ရယ်ဆိုပြီး မတွေ့ခဲ့ရဘူး။ အပင်တိုင်းဟာ သူ့နေရာနဲ့သူ အသုံးဝင်နေတာကိုး။ အဲဒီလိုတန်ဖိုးရှိတဲ့ သဘာဝဆေးတွေဟာ ကျွမ်းကျင်စွာ စီမံနိုင်တဲ့ ပညာရှင်ရဲ့လက်ထဲမှာတော့ တကယ့်အသက်ကယ်ဆေးပဲ ညီမလေး။ အဲဒီလိုမှမဟုတ်ဘဲ တတ်ယောင်ကားဖန်တီးသူ တစ်ယောက်ကသာ အမှုမဲ့ အမှတ်မဲ့သုံးမိရင်ဖြစ်စေ၊ သူနဲ့အာနိသင်ချင်းတူတဲ့ တခြားဆေးတွေနဲ့သာ တွဲသုံးမိရင်ဖြစ်စေ ကြုံတွေ့လာနိုင်တဲ့လူနာတွေရဲ့ အဖြစ်ဟာ မတွေးရဲစရာပဲနော

.

ဒီမှာ မမနည်းနည်းပြောပြချင်တာက အနောက်တိုင်းဆေးဆိုပြီး မမတို့သုံးနေကြတဲ့ဆေးတွေ။ အဲဒီဆေးတွေရဲ့ ဖြစ်တည်ရာအစဟာ သဘာဝကလို့ပြောရင် ညီမလေး အံ့သြနေမလားပဲ။ ဟုတ်တယ်ညီမလေးရေ။ မမတို့အားလုံးသိကြတဲ့ ပင်နီဆလင်ရဲ့အစဟာ မှိုကနော်။ နောက်…တစ်ခေတ်တစ်ခါတုန်းက အကိုက်အခဲပျောက်ဆေး၊ အပူကျဆေးရယ်လို့ နာမည်ကြီးခဲ့ပြီး အခုအချိန်မှာလည်း သွေးကျဲဆေး၊ နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ဆေးရယ်လို့ အသုံးဝင်နေတဲ့ အက်စပရင်ဆေးဟာ မမတို့အိမ်နောက်ဘက်မှာစိုက်ထားတဲ့ မိုးမခပင်ရဲ့ အခေါက်ကနေရတာညီမလေးရေ။ သူတို့လိုပဲ တခြားဆေးတွေကိုလည်း သဘာဝထဲက ရှာဖွေရတာပေါ့။ ဒါကြောင့် အနောက်တိုင်းဆေး နဲ့ သဘာဝဆေးတွေရဲ့ ဆက်စပ်ချက်ကို ဟိုဘက်ဒီဘက်ရမ်းနေတဲ့ ”ချိန်သီးနာရီ”နဲ့ တင်စားကြတာလေ။ ဆေးအသစ်တွေဘယ်လောက်ပဲ ထွက်ပေါ်ပါစေ၊ အဲဒီဆေးတွေကို သဘာဝထဲမှာပဲ ပြန်ရှာဖွေရတာကိုး။

.

အဲဒီလိုသဘာဝက ပေးတဲ့နတ်ဆေးတွေကို ပေါ့ပေါ့တန်တန်သဘောထားပြီးသုံးစွဲလို့ သင့်တော်ပါ့မလားညီမလေး။ ပြီးတော့ အနောက်တိုင်းဆေးတွေကတောင် အချင်းချင်းဓါတ်ပြုမှုရှိနိုင်တယ်ဆိုရင် သဘာဝဆေးတွေမှာရော မဖြစ်နိုင်ဘူး လား။ ပြုပြင်ထုတ်လုပ်ထားတဲ့ အနောက်တိုင်းဆေးတွေဟာ အချင်းချင်းဓါတ်ပြုနိုင်သလို သဘာဝဆေးပင်တွေနဲ့လည်း ဓါတ်ပြုနိုင်တယ်ဆိုတာကို အမြဲတမ်းထည့်တွေးထားရတယ်ညီမလေးရဲ့။ သူတို့ဓါတ်ပြုတဲ့အခါ ပိုပြီးကောင်းတဲ့ အာနိသင် တွေပေးနိုင်သလို အနရာယ်ဖြစ်စေလောက်တဲ့အထိ ပြင်းထန်မှုတွေလည်း ကြုံတွေ့ရတတ်တယ်။ အဲဒီဓါတ်ပြုမှုတွေဟာ အသက်ကြီးတဲ့လူနာတွေ၊ ဆေး၂ မျိုး၊ ၃ မျိုးလောက် သောက်နေရတဲ့သူတွေ၊ ဆီးချို၊ သွေးတိုး၊ စိတ်ကျရောဂါရှိတဲ့သူ၊ အဝလွန်နေတဲ့သူ၊ နှလုံးရောဂါသည်တွေမှာဆိုရင် အရမ်းပြင်းထန်လွန်းလို့ သတိထားရတာပေါ့။ အဲဒီလိုလူမျိုးတွေဆိုရင် တိုင်းရင်းဆေးပဲသောက်သောက်၊ ဓါတ်စာပဲကျွေးကျွေး၊ ဆေးခန်းကိုသွားရင် သက်ဆိုင်ရာဆရာဝန်ကို အကြောင်းစုံ ပြောပြဖို့တော့ လိုမယ်နော်။ .

.

အခုဆို အခုနောက်ပိုင်းနိုင်ငံတော်တော်များများမှာ သူတို့ရဲ့ တိုင်းရင်းဆေးကို ပြန်ပြီးဖော်ထုတ်လာကြ တယ်ညီမလေးရဲ့။ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါးအဖိုးတန်တဲ့ သဘာဝဆေးတွေကို ပြန်ပြီးတူးဖော်လာကြတာပေါ့။ အဲဒီလိုတူးဖော်ရင်းနဲ့ ဆေးပင်တွေနဲ့ ဆေးတွေရဲ့ ဓါတ်ပြုမှုကို ကမ္ဘာကသိအောင် ကြော်ငြာလာတယ် ညီမလေးရဲ့။ မမှားသင့်တာတွေ၊ မမှားရအောင်ကြိုတင်ကာကွယ်ထားတာပေါ့။ အဲဒီကြော်ငြာချက်တွေထဲက အင်တာနက်စာမျက်နှာမှာ ဖတ်လိုက်ရတဲ့၊ မမတို့နဲ့ရင်းနှီးနေတဲ့ ဆေးပင်တွေအချို့အကြောင်းကို ပြောပြရဦးမယ်။

.

မမတို့အားဆေးဆိုပြီးသုံးကြတဲ့ ဂျင်ဆင်းဆေးမြစ်တွေဟာ သွေးပေါင်နည်းနည်းတက်နိုင်တယ်တဲ့ ညီမလေးရဲ့။ အဲဒီဆေးတွေဟာ သွေးတိုးရောဂါထိန်းချုပ်ထားတဲ့လူနာတွေ၊ သွေးပေါင်ကျဆေး သောက်နေရတဲ့သူတွေအတွက် အန္တရာယ်ရှိတာပေါ့။ ဂျင်ဆင်းကို Coumarin လိုသွေးကျဲဆေးတွေနဲ့ တွဲသောက်မိရင်တော့ သွေးယိုစီးတဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်။ အဲဒီ Coumarin လိုဆေးဟာ အာနိသင်အရမ်းပြင်းထန်တာကြောင့် သူ့ကိုသောက်နေတဲ့ အချိန်မှာ ဆရာဝန်တွေနဲ့တိုင်ပင်ပြီးမှသာ တခြားအားဆေးတွေ၊ ဖြည့်စွက်ဆေးတွေကို သောက်ပေးသင့်တာပေါ့နော်။ ဂျင်ဆင်းသုံးတာများသွားရင် အိပ်မပျော်တာတွေဖြစ်တတ်ပြီး သူ့ကို Caffeine ပါတဲ့ အစားအစာတွေ၊ ကိုလာတွေနဲ့သာ တွဲသုံးမိရင်အစာအိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်နိုင်တယ်။ အမျိုးသမီးတစ်ချို့မှာ ရာသီသွေးဆင်းတာ၊ ရင်သားနာ ကျင်တာမျိုးတွေ ဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသုံးဖို့ပြောထားတယ်ညီမလေးရဲ့။

.

နောက်တစ်မျိုးက ကြက်သွန်ဖြူ။ မမတို့ငယ်ငယ်တုန်းက မီးအုံးပြီး စားခဲ့တယ်။ လူကြီးတွေကလည်း သူငယ်နာ ကင်းအောင်ဆိုပြီး ကျွေးခဲ့ကြတဲ့ကြက်သွန်ဖြူလေ။ အဲဒီကြက်သွန်ဖြူဟာ နှလုံးကို အများကြီး အထောက်အကူပြုနိုင်တာပဲ ညီမလေးရဲ့။ ဒါပေမယ့် ကြက်သွန်ဖြူ ဒါမှမဟုတ် သူပါတဲ့ဆေးကို ဆီးချိုကျစေတဲ့ဆေးတွေနဲ့တွဲသုံးမိရင် သွေးထဲမှာရှိတဲ့ သကြားဓါတ်ဟာ အန္တရာယ်ဖြစ်လောက်တဲ့အထိ ထိုးကျသွားတယ်။ အခန့်မသင့်ရင် ရှော Hypoglycemic shock တောင်မှ ရနိုင်တယ်တဲ့။ တချို့ကြက်သွန်ဖြူကို လက်မခံနိုင်တဲ့သူတွေမှာဆိုရင်လည်း ရင်ပူတာ၊ လေပွတာမျိုးတွေလည်း ဖြစ်လာတတ်တယ်။ စောစောတုန်းက ဂျင်ဆင်းလိုပဲ ကြက်သွန်ဖြူမှာလည်း သွေးခဲတာကို ဆန့်ကျင်နိုင်တဲ့အာနိသင်ရှိ တာကြောင့် သွေးကျဲဆေးသောက်နေရတဲ့သူတွေအတွက်တော့ သတိထားစရာပေါ့ညီမလေးရဲ့။

.

နောက်တစ်ခုက မမတို့ပတ်ဝန်းကျင်မှာ အတွေ့များတဲ့ နွယ်ချို။ လျက်ဆားတွေမှာ သုံးတယ်။ တိုင်းရင်းဆေးတွေ ဖော်စပ်တဲ့နေရာမှာ သုံးကြတဲ့နွယ်ချို။ အဲဒီနွယ်ချိုနဲ့ ဆီးဆေးတွေ တွဲမိရင် သွေးထဲမှာရှိတဲ့ ပိုတက်စီယမ်ပမာဏဟာ အရမ်းကျသွားပြီး ထုံကျင်တာ၊ ကြွက်သားတွေအားပျော့ပြီး နုံးလာတာ၊ နာကျင်တာတွေကနေ လေဖြတ်တာမျိုးအထိ ဖြစ်လာတတ်တယ်။ နှလုံးရောဂါမှာသုံးတဲ့ Digoxin ဆေးနဲ့ဆိုရင်တော့ နှလုံးခုန်သံ မမှန်တာကနေ ခုန်တာလုံးဝရပ်သွား တဲ့အထိ ပြင်းထန်လာတယ်။ သွေးတိုးကျစေတဲ့ဆေးတွေနဲ့တွဲသုံးမိရင် အန္တရာယ်ဖြစ်လောက်တဲ့အထိ ဓါတ်ပြုမှုတွေ ဖြစ်နိုင်တာကြောင့် ရှောင်ရမယ်လို့ ဆိုထားသေးတယ် ညီမလေး။

.

သဘာဝအတိုင်းသုံးလို့ လုံးဝကြီးဘေးကင်းတယ်လို့ထင်နေကြတဲ့ အယူအဆဟာ အမြဲတမ်းမမှန်ဘူးဆိုတာ ညီမလေးနားလည်ပြီလို့ မမထင်ပါတယ်ကွယ်။ အမှန်တော့ ပါးစပ်ထဲကိုရောက်လာတဲ့ ဆေးပဲဖြစ်ဖြစ်၊ အစာပဲဖြစ်ဖြစ် အစာအိမ်နဲ့အူလမ်းကြောင်း တစ်လျှောက်မှာချေဖျက်တာကို ခံရတာပဲလေ။ ပူးတွဲပြီးသောက်လိုက်တာတွေဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် သက်ရောက်မှုတွေပေးလို့ ဆေးတွေချေဖျက်တဲ့နေရာ၊ စုပ်ယူတဲ့နေရာတွေမှာပါ အဟန့်အတားတွေ ဖြစ်လာတာပဲ။ သဘာဝအပင်အနှံတွေကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သောက်နေရတဲ့ ဆေးတွေရဲ့အာနိသင်တွေ ပျက်သွားနိုင်သလို ဘေးထွက်ဆိုးကျိုးတွေပြင်းထန်လာတာမျိုးလည်း ရှိတာပဲ။ ဒီတော့ အနောက်တိုင်းဆေးပဲသောက် သောက်၊ သဘာဝဆေးပဲသောက်သောက် မိမိတို့ပြနေတဲ့ဆရာဝန်ကိုတော့ အကျိုးအကြောင်း စေ့စုံအောင် ပြောပြထား သင့်ပါတယ်ကွယ်။

.

နေမကောင်းလို့ ဆေးခန်းသွားပြရင် ဆရာဝန်ဆူမှာစိုးရိမ်ပြီး သောက်နေတဲ့ဆေးတွေအကြောင်းကိုမပြောဘဲနေ၊ ဆေးခန်းကပြန်လာတော့မှ သိမ်းထားတဲ့ဆေးတွေကို ပြန်သောက်တာမျိုးကိုလည်း ရှောင်သင့်တာပေါ့ကွယ်။ အရှင်းဆုံး ပြောရရင်တော့ ညီမလေးရယ် ကျန်းမာရေးကို အလေးအနက်ထားပြီးလူ့ဘဝကို သက်တမ်းစေ့ နေလိုသူတွေအနေနဲ့ ဆေး သောက်မယ်၊ ဆရာဝန်တွေနဲ့ တွေ့ဆုံတော့မယ်ဆိုရင် ”အရိုးသားဆုံးပွင့်လင်း” ဖို့လိုတာပေါ့နော်။ ဒီတော့မှ ဆရာဝန် ကလည်း လူနာရဲ့ကျန်းမာရေးအခြေအနေကိုလိုက်ပြီး ဓါတ်မပြုနိုင်တဲ့ တခြားဆေးအမျိုးအစားကို ရွေးချယ်နိုင်မှာပေါ့။ မြို့ပြနဲ့ အလှမ်းအကမ်းဝေးတဲ့နေရာတွေမှာလည်း သဘာဝဆေးမြစ်တွေကိုအားထားသုံးရင်းနဲ့ မဖြစ်သင့်တာတွေ မဖြစ်ရ အောင် ဒီအကြောင်းအရာတွေကို အားလုံးသိအောင် ကူညီကြပါစို့လား ညီမလေးရယ်။

ရွှင်လန်းချမ်းမြေ့ပါစေကွယ်

မမ

နှင်းနုလွင် (ဆေးဝါး)

Sayana Magazine,

August, 2010.

 

ဆေးဝါးနဲ့ အရက် September 16, 2010

ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ

(၃)
ဆေးဝါးနဲ့ အရက်

ညီမလေးရေ

အရက် ဒါမှမဟုတ် အရက်ပါတဲ့ ဖျော်ရည်တွေဟာ ကျန်းမာရေးကိုအထောက်အကူပြုစေတာဟာ ဟုတ်သလား လို့ မေးလာခဲ့ရင် ခေတ်ပညာတတ်လူငယ်တစ်ယောက်အနေနဲ့ ညီမလေး ဘယ်လိုဖြေမလဲ။ အရာရာကို စူးစမ်းလေ့လာ တတ်တဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေကို နည်းလမ်းပြပေးနေရတဲ့ ညီမလေးတို့အနေနဲ့ ဒီလိုမေးခွန်းမျိုးကို တစ်ချိန်မဟုတ်တစ်ချိန်မှာ ထိပ်တိုက် တွေ့ဆုံရမှာပဲမဟုတ်လားညီမလေး။ တနေ့ကို အရက်နည်းနည်းသောက်တာဟာ ကျန်းမာရေးအတွက်ကောင်းတယ်လို့ ဆိုကြပေမယ့် တခြားနည်းလမ်းတွေနဲ့ ကျန်းမာရေးကို အထောက်အကူရအောင် လုပ်တာက ပိုကောင်းတယ်လို့များ ညီမလေးမဖြေချင်ဘူးလား။ အရက်ကို နည်းနည်းသောက်တာပဲဖြစ်ဖြစ်၊ များများ သောက်တာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ထဲကို ရောက်သွားမှာပဲလေ။

.

အဲဒီလိုဝင်သွားပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘာတွေဆက်ဖြစ်မယ်လို့ထင်သလဲ။ တခါတလေသောက်တာမို့ ပြဿနာမရှိလောက်ဘူးဆိုပေမယ့် ”ထန်းသီြးေ<ွကခိုက်၊ ကျီးနင်းခိုက်” ဆိုတာကို ညီမလေး ကြားဖူးတယ်မလား။ အရက် ကလည်း တချို့ဆေးဝါးတွေလိုပဲ မူးဝေတာ၊ အိပ်ငိုက်တာ၊ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်ဖို့ခက်တာတွေ ဖြစ်တတ်တယ်။ သူနဲ့အာနိသင်ချင်းတူတဲ့ တခြားဆေးတွေနဲ့သာ တွဲသုံးမိရင် မတော်တဆဖြစ်လာနိုင်တဲ့ တုံ့ပြန်မှုတွေဟာ ကြောက်ဖို့ ကောင်းတယ်ညီမလေး။ ဒါကြောင့် ဆေးဝါးနဲ့ အရက်တွဲသုံးမိရင် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ပြောပြချင် တယ်ကွယ်။ ညီမလေးသိထားရင် အနားပတ်ဝန်းကျင်ကလူတွေ မမှားသင့်တာ မမှားရအောင်၊ ရှောင်နိုင်အောင် ကူညီပေးနိုင်တာပေါ့။
.

အရက်လို့ အမည်မတွင်ပေမယ့် အရက်ပါဝင်တဲ့ စားသောက်ကုန်တွေက အများကြီးပဲနော်။ Soft Drinks လို့အလွယ်တကူပြောနေကြတဲ့ အချိုရည်တွေမှာတောင် အရက်ကို အချိုးအစားတစ်ခု အနေနဲ့ ထည့်သွင်းထားတယ် ညီမလေးရဲ့။ အဲဒီလိုပဲ။ တခြားအအေးတွေ၊ ဖျော်ရည်တွေမှာလည်း အရက်က အတိုင်းအတာ တစ်ခုအထိ ပါဝင်တတ်တယ်လေ။ ကြီးကြီးငယ်ငယ်၊ အမျိုးသမီး အမျိုးသားမရွေး အကုန်သောက်လို့ရတဲ့အနေအထားပေါ့။ လူတွေရဲ့ လက်လှမ်းမှီရာမှာ အလွယ်တကူရှိနေတော့ ဆေးသောက်ခါနီးအချိန်တွေ၊ ဆေးသောက်ပြီးချိန်တွေမှာ မရည်ရွယ်ဘဲ တစ်ကြိမ်လောက် သောက်မိသွားတတ်တာပေါ့။

.
အဲဒီလို တစ်ငုံစာလောက် အရက် (သို့) ဖျော်ရည်တွေဟာ ကျန်းမာရေးကောင်းစေဖို့ သောက်နေတဲ့ ဆေးဝါးတွေရဲ့ အာနိသင်ကို နှောင့်ယှက်ပေးနေတာကိုတော့ လူတိုင်းဘယ်သိမလဲနော်။ ဆေးသောက်နေတဲ့အချိန် အရက်သောက်ရင် အန္တရာယ်ရှိ၊ မရှိ ဆိုတဲ့ အချက်ကို အဲဒီဆေးရဲ့ ဆေးအညွှန်းစာရွက်မှာ ဖော်ပြထားတတ်တယ် ညီမလေးရဲ့။ ဆေးအားလုံးဟာ အရက်နဲ့ ဓါတ်ပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးခံစားရတတ်လို့ ဒီအချက်ကိုတော့ သေသေချာချာ သတိထားဖို့လိုမယ်နော်။

.
ဆေးတွေကိုသောက်လိုက်လို့ အသည်းကနေ ဓါတ်ကူပစ္စည်းတွေ (Enzymes) သုံးပြီး မချေဖျက်သေးခင်၊ ဆီးထဲကနေ အပြင်ကို မစွန့်ထုတ်ခင်အချိန်မှာ ဆေးတွေဟာ သွေးထဲမှာပဲ လည်ပတ်နေကြတာပေါ့။ ဒီအချိန်မှာ အရက် သာသောက်လိုက်ရင် ဆေးတွေအလုပ်လုပ်မယ့်နေရာကို အရက်က ကြားဝင်နှောင့်ယှက်တော့တာပဲ ညီမလေးရေ။ ဆေးတွေကို ချေဖျက်ပေးမယ့် ဓါတ်ကူပစ္စည်းတွေ (Enzymes) ကိုအရက်က လုယူလိုက်တော့ ဆေးတွေဟာ ချေဖျက် တာလည်းမခံရ၊ စွန့်ထုတ် ပစ်ဖို့လည်း နောက်ကျပြီး သွေးထဲမှာပဲ အချိန်အကြာကြီးနေရတယ်။ အဲဒီလို ဆေးတွေက ပေးလာတဲ့အာနိသင်ဟာ အရမ်းပြင်းထန်သလို မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာလည်း ပိုပြီးများတာပေါ့။

.

တချို့ဆေးဝါးတွေမှာတော့ အရက်ရဲ့ မကောင်းတဲ့အာနိသင်ကို ပိုပြီးဆိုးရွားသွားစေတဲ့ ဂုဏ်သတ္တ္တိရှိတယ်။ သူတို့တွေရဲ့ တုံ့ပြန်မှုတွေဟာဘယ်လိုပဲဖြစ်နေပါစေကွယ်၊ နောက်ဆုံးခံစားရတာကျတော့ လူနာတွေပဲဖြစ်လို့ တွဲပြီးမသောက်ဖြစ်အောင် ရှောင်တာကသာ အကောင်းဆုံးပဲမဟုတ်လား။ ဆေးကောင်တာကနေ ဝယ်သုံးလို့ရတဲ့ဆေး တွေ (Over The Counter Drugs– OTC) ရော၊ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးလို့ရတဲ့ဆေးတွေ (Prescription Only Medicine – POM) အကုန်လုံးဟာ အရက်နဲ့တွေ့ရင် အာနိသင်တွေ ပြောင်းပြန်ဖြစ်ကုန်တတ်တယ် ညီမလေး။ အဲဒီအထဲကမှ လူသိများတဲ့ဆေးတွေနဲ့ အရက်ရဲ့တုံ့ပြန်မှု တချို့ကိုပြောပြမယ်နော်။

.
ပထမဆုံး မမ ပြောချင်တဲ့ဆေးကတော့ လူတိုင်းအားလုံးနီးပါးသောက်လေ့ရှိတဲ့ ဓါတ်မတည့်မှုပျောက်ဖို့သုံးကြ တဲ့ စီထရင်း (Cetrizine)၊ ဘာမီတွန် (Burmeton) တို့လိုဆေးမျိုးတွေပေါ့။ ညီမလေးလည်း တွေ့ဖူးမှာပါ။ လူတစ်ယောက်ဟာ တစ်ခုခုနဲ့ထိတွေ့မိပြီး ဓါတ်မတည့်လို့ကိုယ်တွေယားလာတာမျိုးတွေ၊ နှာရည်ယိုတာ၊ မျက်စိတွေ ယားလာတာမျိုးဖြစ်ရင် ဒီဆေးတွေကိုပဲ သောက်ကြတာလေ။ ဒီဆေးတွေသောက်နေတဲ့အချိန်မှာ မတော်တဆ အရက်သာသောက်လိုက်မိရင် အိပ်ငိုက်နိုင်တဲ့ အာနိသင်ကပိုပြီးပြင်းထန်လာတယ်။ ပိုပြီးမူးလာတာပေါ့။ ဒီအချိန်မှာ ကားမောင်းတဲ့သူတွေ၊ အန္တရာယ်ရှိတဲ့စက်ပစ္စည်းတွေကို ကိုင်တွယ်မောင်းနှင်နေရတဲ့သူတွေဟာ အသက်အန္တရာယ် ရှိနိုင်လို့ အတော်ကို သတိထားသင့်တယ်ညီမလေး။

.
ဒီလိုပဲ ညီမလေးရေ၊ အိပ်ပျော်ဖို့ခက်ခဲလို့ အိပ်ဆေးသောက်နေရတဲ့သူတွေမှာလည်း အရက်ကြောင့် မူးဝေတာ၊ အသက်ရှုရခက်ခဲတာ၊ စိတ်တွေဂယောင်ချောက်ခြားဖြစ်တာ၊ မှတ်သားနိုင်တဲ့ စွမ်းရည်ချို့တဲ့တာမျိုးတွေ ဖြစ်တတ် တယ်။ အအန်ပျောက်ဆေး သောက်ထားတဲ့သူတွေ၊ ကားရထားစီးလို့ ခေါင်းမူးပြီး ဆေးသောက်သူတွေမှာလည်း အရက်သောက်ထားတဲ့ အရှိန်ရှိနေသေးရင် ပိုပြီးမူးနိုင်၊ အန်နိုင်တယ်ညီမလေး။ ပြီးတော့ ဆေးပမာဏလွန်သွားနိုင်လို့ (Overdose)ဆေးမသောက်ခင်ကတည်းက အရက်ကို ကြိုရှောင်ထားဖို့ လိုတယ်နော်။

.

ပါရာစီတမောကိုလေ အရက်နဲ့သာ တာရှည်သောက်မိရင် အသည်းက လုံးဝပျက်စီးသွားတတ်တယ်တဲ့ ညီမလေးရဲ့။ ကြောက်ဖို့ကောင်းတယ်နော်။ သူလို့ပဲ တခြားဆေးတွေလည်းရှိပါသေးတယ်။ အဆစ်အမြစ်တွေရောင်လို့၊ ကိုက်လို့ဆိုပြီးသုံးကြတဲ့ ဒိုင်ကလိုဖန် (Diclofen)၊ အိုင်ဗျူပရိုဖန် (Ibuprofen) တို့လိုဆေးမျိုးတွေလေ။ အရက်နဲ့သာ ပေါင်းမိရင် သူတို့ဟာ အစာအိမ်မှာအနာဖြစ်ဖို့၊ အစာအိမ် သွေးကြောက်ပေါက်ဖို့ အခွင့်အလမ်းတွေပိုများသွားနိုင် သလို နှလုံးခုန်တာတွေလည်း ပိုမြန်လာနိုင်တယ်၊ သွေးပေါင်လည်း တက်နိုင်လို့ ရှောင်ထားဖို့လိုတာပေါ့။

.
ြ<ွကက်သားတွေပြေလျော့စေတဲ့ဆေးတွေ (Muscle Relaxant) သောက်နေတဲ့အချိန်မှာ အရက်ကိုသာ သောက်မိရင် အိပ်ငိုက်တာ၊ မူးတာတွေ၊ အသက်ရှုခက်တာမျိုးတွေအပြင် စိတ်နေစိတ်ထားတွေလည်း ပြောင်းလာတတ် တယ် ညီမလေးရဲ့။ Statin လို့ခေါ်တဲ့ သွေးတွင်း အဆီဓါတ်များနေတာတွေကိုကုသတဲ့ ဆေးတွေကို အရက်သောက် တဲ့အချိန်နဲ့ ကပ်ပြီးသုံးမိရင် အရေပြားတွေယားယံပြီး ပူနွေးလာတာမျိုးတွေဖြစ်တတ်သလို အသည်းပျက်စီးတာမျိုးအထိ ဖြစ်နိုင်တယ်ဆိုတာကိုလည်း မှတ်ထားနော် ညီမလေး။

.
ဆီးချိုရောဂါအတွက်သုံးတဲ့ဆေးတွေနဲ့ အရက်ပေါင်းစပ်မိသွားရင် ဖြစ်လာနိုင်တဲ့ ရလဒ်တွေကတော့ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ပြင်းထန်တယ် ညီမလေးရေ။ သွေးတွင်းသကြားဓါတ်ကို ကျစေဖို့ဆိုပြီး Metformin & Glipizide တို့လို ဆေးတွေသောက်ထားတဲ့ အချိန်အရက်သာသောက်လိုက်မိရင် သွေးထဲမှာရှိတဲ့ သကြားဓါတ်ဟာ ထိုးကျသွားတယ်။ ချွေးစေးတွေထွက်၊ နှလုံးခုန်တာတွေမြန်လာပြီး သွေးပေါင်အတက်အကျတွေ ချက်ခြင်းကြီး ပြောင်းလဲသွားတတ်တယ်။ အချိန်မီသာမသိလိုက်နိုင်ရင် တကယ်စိုးရိမ်ရတာပေါ့။

.
Losartan & Prazosin တို့လို သွေးပေါင်ကျစေတဲ့ ဆေးတွေနဲ့ဆိုရင်လည်း အရက်ဟာ နှလုံးခုန်တာ မမှန်စေသလို ပိုပြီးလည်း မူးလာနိုင်တယ်။ သွေးကြဲဆေး (Warfarin) သောက်နေတဲ့သူတွေမှာလည်း ခန္ဓာကိုယ် အတွင်းပိုင်းမှာ သွေးယိုစီးနိုင်တယ်။ ဒီလက္ခဏာကို ကြိုတင်ပြီးသာ ခြေရာမခံနိုင်ရင် အသက်အန္တရာယ်ရှိတာပေါ့။ တစ်ချို့ဆေး တွေကျတော့ ပါဝင်ပစ္စည်းတွေ အများကြီးရောနှောနေတတ်တာပြီး အဲဒီအထဲက တချို့တလေက အရက်နဲ့ ဓါတ်ပြုနိုင်တယ်လေ။ ဒီတော့ညီမလေးရေ မိမိတို့အသုံးပြုလိုက်တဲ့ဆေးဟာ အရက်နဲ့ ဓါတ်ပြုနိုင်၊ မပြုနိုင်ဆိုတာကို သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေကို သေချာမေးထားသင့်တယ်နော်။

.
ဒီလိုမျိုး ဆေးဝါးနဲ့ အရက်ရဲ့ တုံ့ပြန်မှုတွေကို ပြင်းပြင်းထန်ထန်ခံစားရတဲ့သူတွေထဲမှာ ထိပ်ဆုံးကပါဝင်သူတွေ ဟာ အသက်ကြီးတဲ့သူတွေဆိုတာ ညီမလေးလည်း တွက်ဆမိမှာပါ။ အသက်ကြီးလာရင် အရက်ကို ချေဖျက်တဲ့နှုန်းဟာ ကျဆင်းလာတယ်။ ဒီတော့ အရက်ဟာ ခန္ဓာကိုယ်အတွင်းပိုင်းမှာ အကြာကြီး နေရတယ်။ နောက်ပြီး ဒီအရွယ်လူကြီး တွေဟာ ဆေးတစ်မျိုးမျိုးကို သောက်နေရတာကြောင့် အဲဒီဆေးတွေထဲမှာ အရက်နဲ့ ဓါတ်ပြုနိုင်တဲ့ဆေးတွေ ပါကောင်း ပါနိုင်တာပေါ့။
ဒါကြောင့် အသက်ကြီးသူတွေဟာ အရက်သောက်ရင် ပိုပြီး အန္တရာယ်များတယ်လို့ ဆိုကြတာပေါ့။ အမျိုးသားနဲ့ အမျိုးသမီးမှာဆိုရင်လည်း အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အရက်ဟာ ပြင်းအားများတတ်လို့ ဆေးဝါးနဲ့ အရက် ဓါတ်ပြုမှုတွေအလွယ်တကူဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုထားကြတယ်ညီမလေးရဲ့။ ပြီးတော့ အသည်းလိုမျိုး ကိုယ်တွင်းအင်္ဂါတွေလည်း ပိုပြီးပျက်စီးနိုင်လို့ အမျိုးသမီးတွေအနေနဲ့ အရက် သို့မဟုတ် အရက်ပါတဲ့ ဖျော်ရည်တွေကို သတိထားသောက်သင့်တယ်နော်။

.
အကုန်လုံးကို ခြုံငုံပြီးပြောရရင် ဆေးတော်တော်များများဟာ အရက်နဲ့တွဲသောက်မိရင် ပျို့တာ၊ အန်တာ၊ ခေါင်းကိုက်တာ၊ အိပ်ငိုက်တာ၊ အသားအရေတွေ ဖြူဖျော့လာတာမျိုးတွေ ဖြစ်လာနိုင်သလို ခန္ဓာကိုယ်ကိုဟန်ချက်ညီ အောင် ထိန်းထားရတဲ့နေရာမှာလည်း ပြဿနာတွေရှိလာတတ်တယ်။ အဲဒီလိုမျိုးအပြင်ကနေသိသာတဲ့ လက္ခဏာတွေအပြင် ခန္ဓာကိုယ်အတွင်းပိုင်းမှာ သွေးယိုတာ၊ နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အသက်ရှုရခက်တဲ့ ပြဿနာတွေလို ကြောက်ဖို့ကောင်းတဲ့ အန္တရာယ်တွေလည်း ရှိသေးတယ်ညီမလေးရေ။

.
ဆေးတွေကို အရက်နဲ့တွဲသုံးမိရင် အန္တရာယ်ရှိတယ်လို့ကြော်ငြာထားတာဟာ တကယ်ဖြစ်လာနိုင်လို့သာ သတိပေးထားတာ ညီမလေးရဲ့။ မမအခုပြောပြသွားတာတွေဟာ အရက်နဲ့ တပြိုင်နက်တည်း တွဲသောက်မှပဲ ဖြစ်တာ မဟုတ်ဘူး။ အချိန်ခြားပြီး သောက်ရင်လည်း တွေ့ရတတ်တာပဲ။ အဲဒီလိုလက္ခဏာတွေဟာ ချက်ခြင်းကြီး ပေါ်လာတာ မျိုးရှိသလို လူတွေကိုတတိတိနဲ့ ဒုက္ခပေးတတ်တာမျိုးလည်းပါတယ်နော်။ ဒီတော့ ဘာဆေးကိုပဲသောက်သောက် ဆေးသောက်နေတဲ့အချိန်မှာ အရက် သို့မဟုတ် အရက်ပါတဲ့ ဖျော်ရည်တွေကို ရှောင်တာဟာ ဘေးအကင်းဆုံးဆိုတာကို အားလုံးမှတ်သားမိအောင် ညီမလေးလည်း တစ်ဘက်တစ်လမ်းကနေ ကူညီပေးပါလားကွယ်။

ရွှင်လန်းချမ်းမြေ့ပါစေကွယ်
မမ
နှင်းနုလွင် (ဆေးဝါး)

(Sayana Magazine- July, 2010)