သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ပလတ်စတစ်နှင့် ကျန်းမာရေး January 31, 2011

Filed under: ကျန်းမာ သုတ — thetsonehnin @ 5:53 AM
Tags:

နယ်ကအိမ်ကိုပြန်တုန်းက မုန့်ဟင်းခါးစားဖို့ သွားဝယ်တော့ ဆိုင်ရှင်အမကြီးက မုန့်ဟင်းခါးကို ငှက်ပျောဖက်နဲ့ ထုပ်ပြီးပေးတော့ ဆရာမဂျုးရဲ့ ”ကျွန်မချစ်သောမြို့တစ်မြို့” ကို သွားပြီးသတိရမိတယ်။ ဆရာမရဲ့မြို့လေးနဲ့ ရင်းနှီး နေတော့ နေရောင်ပြထားတဲ့ ဖက်ရွက်လေးနဲ့ထုပ်ထားတဲ့ မုန့်ဟင်းခါးက ဖက်နံ့လေးသင်းလို့။ တူမလေးတွေကတော့ ပြောတာပေါ့။ ဒီဆိုင်က ခေတ်သိပ်မမှီဘူးနော် အန်တီလေးတဲ့။ သူတို့မွေးတည်းက ကျွတ်ကျွတ်အိတ်နဲ့ ရင်းနှီးခဲ့ရတော့  ငှက်ပျောဖက်နဲ့ထုပ်တာကို မတွေ့ဘူးသေးဘူး။ ”ကျွန်မချစ်သောမြို့တစ်မြို့” အကြောင်းကို ပေးဖတ်ရဦးမည်။ အခု နောက်ပိုင်းမှာ ကျွတ်ကျွတ်အိပ်သုံးတဲ့ ယဉ်ကျေးမှုက အတော်ကိုလျော့နည်းသွားပြီ။ ကျွတ်ကျွတ်အိတ်ရဲ့  အန္တရာယ်ကို ဟန့်တားလာနိုင်ပြီ ဆိုတော့၊ နောက်တစ်ခုထပ်ပြီး စဉ်းစားရမှာက ပလတ်စတစ်တွေရဲ့ အန္တရာယ်။

~

ကျွန်မတို့စားသုံးနေတဲ့ အစားအစာတွေထဲမှာ ပလတ်စတစ်နဲ့ကင်းတယ်ဆိုတာ အတော်ကို ရှားပါတယ်။ အစား အသောက်တွေကို ဝယ်ခြမ်းတာကနေ ပြင်ဆင်ချက်ပြုတ်တဲ့အထိ သုံးတဲ့ပစ္စည်းတိုင်းမှာ ပလတ်စတစ် မပါတဲ့ပစ္စည်းဆိုတာ သိပ်မရှိဘူး။ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်မှာ ပလတ်စတစ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ပစ္စည်း တွေကိုသုံးကြတယ်။ အစားအစာတွေကို တနေရာကနေတနေရာကို ပို့ဆောင်တဲ့ ကွန်တိန်နာ (Container)တွေ၊ အစားအစာထည့်တဲ့ဘူး၊ စည်သွတ်ဘူး၊ မုန့်ဘူးတွေ၊ အိမ်ထဲမှာတိုလီမုတ်စထည့်တဲ့ဘူး၊ သိမ်းဆည်းတဲ့ဘူး၊ အစားအစာ တွေကိုပြန်နွေးတဲ့ တန်ဆာပလာတွေအထိ ပလတ်စတစ်က အသုံးတွင်ကျယ်နေပါတယ်။ အဲဒီလိုမျိုး ပလတ်စတစ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ အသုံးတွင်ကျယ်လာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်မှုရှိ၊ မရှိဆိုတာ ကိုပါထည့်သွင်းစဉ်းစား ဖို့လိုလာပါတယ်။

~

သိပ်မကြာသေးခင်က ဒီပြဿနာကိုအဖြေရှာမယ်ဆိုပြီး စမ်းသပ်မှုတွေ အများကြီးပြုလုပ်ခဲ့ပါတယ်။ အဲဒီ မှာ Biphenol A လို့ခေါ်တဲ့ ဓါတုပစ္စည်း Chemical ဟာ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတာကို သွားတွေ့ပါတယ်။ Biphenol A ဆိုတာ အစားအသောက်တွေကို ထုပ်ပိုး ပြင်ဆင်တဲ့အခါမှာ အဓိကထားပြီးသုံးတဲ့ Chemical ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက Biphenol A ကို အန္တရာယ်ကင်းတယ် လို့ ယူဆထားကြပေမယ့် အခုတော့ Biphenol A နဲ့ပတ်သက်ပြီး မေးစရာမေးခွန်းတွေ အများကြီးရှိလာပါပြီ။ အစားအသောက်တွေပြင်ဆင်ဖို့၊ စားသောက်ဖို့၊ သိမ်းဆည်းဖို့ အထိ အဆင်ပြေပေမယ့် သူ့ကြောင့် ကျန်းမာရေးမှာ ပြဿနာတွေဖြစ်ပေါ်လာတယ်လို့ ဆိုကြပါပြီ။

~

အစားအသောက်ထည့်ထားတဲ့ ပလတ်စတစ် Container ထဲကနေ Chemical အနည်းငယ်ဟာ  အစား အသောက်တွေထဲကို စိမ့်ထွက်လာပါတယ်။ အဲဒီလိုမျိုးအစားအသောက်တွေထဲ စိမ့်ထွက်လာတာကို Migration လို့ခေါ်ကြပါတယ်။ Container တွေကိုထုတ်လုပ်လိုက်တဲ့ စက်ရုံတွေအနေနဲ့ကလည်း ဒီလိုမျိုး ပြောင်းရွှေ့ဝင်ရောက် တာကို ဟန့်တားလို့မရပါဘူး။  ဘယ်လောက်ပမာဏအထိဆိုတာကို အတိအကျမသိရပေမယ့် အစားအသောက်တွေ ထည့်တဲ့ ဘူးတွေ၊ ခွက်တွေထဲက ဓါတုပစ္စည်းတိုင်းဟာ အစားအသောက်တွေထဲကို ဝင်ရောက်သွားနိုင်တာချည်းပါပဲ။

~

ပလတ်စတစ် Container ထဲမှာ ထည့်ထားတဲ့အစားအသောက်တွေကို အပူပေးလိုက်ရင် ဓါတုပစ္စည်းတွေ ရွှေ့ ပြောင်းမှုက ပိုမြန်ပါတယ်။ အဆီများများပါတဲ့အစားအစာ၊ အငန်ပါတဲ့အစာ၊ အချဉ်ပါတဲ့အစားအစာတွေကိုထည့်ထားတဲ့ Container တွေဟာ အပူနဲ့ထိတွေ့ရင် ရွှေ့ပြောင်းဝင်ရောက်မှုက ပိုမြန်ပါတယ်။ ခန္ဓာကိုယ်ထဲကို ဘယ်လောက် အတိုင်း အတာအထိ ဝင်သွားတယ်ဆိုတာကိုတော့ အတိအကျပြောဖို့ခက်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်းတွေ ပြုလုပ်တဲ့နေရာ မှာလည်း အများစုဟာ ဘေးကင်းတယ်လို့ သတ်မှတ်ထားကြပေမယ့်လည်း အမြဲတမ်းအတွက်တော့ အကြုံးမဝင်ပါဘူး။

~

အစားအစာတွေထည့်တဲ့ ပလတ်စတစ် Container တွေကနေ ထွက်လာတဲ့ ဓါတုပစ္စည်းတွေဟာ ကျန်းမာရေးကို ဘယ်လိုထိခိုက်လဲဆိုတာကို သုတေသနလုပ်ထားတာတွေဟာ နည်းသေးတာကြောင့် ဘယ်လောက် အတိုင်းအတာအထိ စိတ်ချလက်ချသုံးလို့ရတယ်ဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ အထူးသဖြင့် အချိန်ဘယ်လောက် ကြာကြာသုံးလို့ရသလဲဆိုတဲ့အချက်ဟာ အဓိကပါပဲ။ ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမယ့် ဓါတုပစ္စည်း ၂ မျိုးရှိပါတယ်။ တစ်ခုကတော့ Biphenol A ဖြစ်ပြီး နောက်တစ်ခုကတော့ Phthalates ပါ။

~

Plastic & Biphenol A

Biphenol A ဟာ မာပြီးပေါ့ပါးတဲ့ Polycarbonates လို့ခေါ်တဲ့ ပလတ်စတစ်တစ်မျိုးပါ။ ကလေးအသုံးအ ဆောင်တွေ၊ ရေဘူးတွေကို Biphenol A နဲ့ပြုလုပ်ထားပါတယ်။ တစ်နှစ်မှာ Biphenol A ထုတ်လုပ်မှုဟာ ၆ ဘီလီယန် လောက်ရှိပါတယ်။ Biphenol A ဟာ ရေဘူးတွေမှာ အဆိပ်သင့်စေတဲ့အရာတစ်ခုအနေနဲ့ သိကြပေမယ့် တကယ်တမ်း သူနဲ့ထိတွေ့မှုများတာဟာ အစားအသောက်တွေထည့်တဲ့ စည်သွပ်ဘူးတွေရဲ့အနားကြောင့်ပါ။ Biphenol A ဟာ စည်သွပ်ဘူးနှုတ်ခမ်းထဲကနေ ထွက်လာပြီး အထဲမှာသိမ်းထားတဲ့ အစားအစာတွေဆီကို ရောက်သွားပါတယ်။ အစားအစာ ထဲမှာပါလာတဲ့ Biphenol A ဟာ သွေးစီးကြောင်းကိုရောက်လာပါတယ်။

~

လူ ၉ဝ ရာခိုင်နှုန်းရဲ့ သွေးထဲမှာရှိနေတဲ့ Biphenol A ဟာ တိုင်းတာကြည့်လို့ရလောက်တဲ့ ပမာဏအထိ များနေတတ်ပါတယ်။ ခန္ဓာကိုယ်ထဲကို ဝင်လာနိုင်တဲ့ ဓါတုပစ္စည်းတွေထဲမှာ Biphenol A ဟာ ပိုပြီးထင်ရှားပါတယ်။ သူဟာ ဟော်မုန်းတွေရဲ့လုပ်ဆောင်မှု၊ အထူးသဖြင့် Oestrogen လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်းရဲ့ လုပ်ဆောင်မှုကို နှောင့်ယှက်ပေးပါတယ်။ ဓါတ်ခွဲခန်းတွေမှာ တိရစ္ဆာန်လေးတွေကို စမ်းသပ်ကြည့်တဲ့အခါ Biphenol A ဟာ မျိုးပွားအင်္ဂါတွေရဲ့ ဖွံ့ဖြိုးမှုတွေကို ဟန့်တားတာကိုတွေ့ရပါတယ်။ လူတွေဆီကို ရောက်လာနိုင်တဲ့ Biphenol A ပမာဏဟာ အရမ်းနည်းနေပေမယ့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သန္ဓေသားကို ထိခိုက်မှုတွေ ဖြစ်စေတတ်ပါတယ်။

~

ဒီတော့ ကျွန်မတို့စားမယ့်အစားအစာတွေထဲမှာ  Biphenol A ပါဝင်မှုကို မဖြစ်မနေကို လျော့ချရပါမယ်။ အဲဒီလို လျော့ချဖို့အတွက်ဆိုရင်း

၁။ စည်သွပ်ထားတဲ့အစားအစာတွေအစား လတ်ဆတ်တဲ့အစားအစာ (သို့) ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အစားအစာမျိုး ကိုစားပေးသင့်ပါတယ်။

၂။ ကလေးတွေကို နို့မှုန့်ဘူးတွေတိုက်မယ့်အစား မိခင်နို့ကိုသာ အဓိကပြီးတိုက်ကျွေးတာဟာ အကောင်းဆုံးပါ။

၃။ ကလေးတွေအတွက် အသုံးအဆောင်ပစ္စည်းတွေရွေးချယ်တဲ့အခါမှာ တတ်နိုင်သမျှ ပလတ်စတစ်ပါတဲ့ပစ္စည်းတွေကို ရှောင်ပါ။ သံဘူးလိုဟာမျိုးတွေကိုသာ ရွေးချယ်ပါ။

ဒါတွေက Biphenol A ပါဝင်မှုကိုဟန့်တားတာပါ။ နောက်တစ်မျိုးလျော့ချဖို့ကြိုးစားရမှာက Phthalates။

~

Plastic & Phthalates

သူကတော့ Plasticizer လို့ခေါ်တဲ့ဓါတုပစ္စည်းအုပ်စုကြီးဖြစ်ပြီး သူ့ကို PVC ပိုက်ကနေ ရေမွှေးအထိ တွင်တွင် ကျယ်ကျယ် အသုံးပြုကြပါတယ်။ နှစ်စဉ် တန်ချိန် ပေါင်ဘီလီယန် ပေါင်းများစွာ ထုတ်လုပ်ပြီး နေရာတိုင်းမှာ အသုံးပြု ပါတယ်။ အမေရိကန်လူမျိုးတွေမှာ စစ်တမ်းကောက်လေ့လာမှုတွေအရ သူတို့ဆီက လူတော်တော်များများရဲ့ ခန္ဓာကိုယ် ထဲမှာ Phthalates ကို အတိုင်းအတာတစ်ခု အထိတွေ့ရပါတယ်။

~

သုတေသနပြုသူတွေအနေနဲ့ Phthalates တွေ ခန္ဓာကိုယ်ထဲကိုဝင်လာတာကို ယုံကြည်ပေမယ့် ဘယ်လိုဝင်လာ တယ်၊ ဘယ်လောက်အတိုင်းအတာထိရှိနေတယ်ဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ ကောက်ပဲသီးနှံတွေကနေ စားမယ့် အစားအစာတွေဆီကို ရောက်လာတာမျိုးဖြစ်နိုင်သလို သိုလှောင်ထားတဲ့ ဘူးတွေထဲကနေ အစားအသောက် ထဲကို ဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။ Phthalates သုံးထားတဲ့ မျက်နှာပြင်၊ ကြမ်းပြင်တွေကနေတဆင့် သူ့ကို ရှူမိတတ်ပါတယ်။ Phthalatesျ ပါဝင်တှဲု့ Skin Care တွေ၊ အသုံးအဆောင်တွေကြောင့်လည်း အရေပြားကနေတဆင့် ခန္ဓာကိုယ်ထဲကို ဝင်သွားတတ်ပါတယ်။

~

Phthalates ဟာ အခုအသုံးများနေတဲ့ Chemicals တွေထဲက တစ်ခုအပါအဝင်ပါ။ ကျွန်မတို့အသုံးအပြုနေတဲ့ ရေချိုးခန်း လိုက်ကာကနေ လက်သည်းဆိုးဆေးထုတ်လုပ်တဲ့အထိ နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေထဲမှာ သူ့ကို တွေ့နိုင် ပါတယ်။ Phthalates ဟာ ခန္ဓာကိုယ်ထဲကိုရောက်ရင် အလွယ်တကူချေဖျက်ခံလိုက်ရပေမယ့် အပြင်ကိုတော့ ထွက်မသွားတဲ့အတွက် သွေးတွေ၊ ဆီးတွေကို စစ်ကြည့်လိုက်ရင် Phthalates ကိုတွေ့ရပါတယ်။

~

သူဟာ ခန္ဓာကိုယ်ရဲ့ Endocrine System အလုပ်လုပ်တဲ့နေရာမှာ ချို့ယွင်းမှုတွေဖြစ်စေပြီး Hormones တွေ အလုပ်လုပ်တာကို အဟန့်အတားတွေ ဖြစ်စေပါတယ်။ ဟော်မုန်းတွေအားလုံးထဲက အမျိုးသားဟော်မုန်းဖြစ်တဲ့ Testerone ကို အနှောင့်အယှက်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ Testerone တွေအလုပ်လုပ်လို့မရအောင် ဟန့်တား ထားပါတယ်။ အထူးသဖြင့် အမျိုးသားများရဲ့ မျိုးပွားအင်္ဂါကို ထိခိုက်စေသလို မျိုးပွားမှုနဲ့ဆိုင်တဲ့ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

~

တိရစ္ဆာန်အထီးတွေမှာ စမ်းသပ်မှုတွေလုပ်ကြည့်တော့ Phthalates ကြောင့် လိင်အင်္ဂါတွေသေးငယ်တာ၊ မဖွံ့ဖြိုး တာ၊ သုက်ကောင်တွေနည်းတာမျိုးတွေကို သွားတွေ့ပါတယ်။  ကိုယ်ဝန်ဆောင်ကာလမှာ Phthalates နဲ့ထိတွေ့မှု များရင် မွေးလာမယ့် သားယောက်ျားလေးမှာ ပုံမှန်မဟုတ်တဲ့ အသွင်အပြင်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ Phthalates ပါတဲ့ ကြမ်းခင်းကိုသုံးထားရင် မွေးကင်းစကလေးတွေမှာ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ ကိုခံစားရစေပါတယ်။ လူတွေရော၊ တိရစ္ဆာန်တွေမှာပါ အသည်းကင်ဆာဖြစ်စေပါတယ်လို့လည်း ဆိုထားကြပါတယ်။

~

အမျိုးသမီးတွေမှာတော့ နေရာလွဲပြီးကိုယ်ဝန်ဆောင်တာမျိုးတွေကို ဖြစ်စေပါတယ်။ ပေါင်မပြည့်ဘဲမွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ သွေးထဲမှာ Phthalates ပမာဏမြင့်တက်နေတာကိုတွေ့ရပါတယ်။ မိန်းကလေးငယ်တွေမှာ ဆိုရင်လည်း ရင်သားဖွံ့ဖြိုးမှုတွေစောလာပြီး အပျိုမြန်မြန်ဖြစ်နိုင်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေ အရတော့ Phthalates ဟာ ကလေးငယ်တွေမှာ အဝလွန်စေတယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်ထဲမှာ Phthalates များနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဆဲလ်တွေဟာ အင်ဆူလင်အလုပ်လုပ်တာကို မတုံ့ပြန်တဲ့အတွက် သွေးထဲမှာ သကြားဓါတ်တွေမြင့်တက်လာပြီး ဆီးချိုရောဂါကို ခံစားရစေပါတယ်။ သိုင်းရွိုက်နဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ ပန်းနာရင်ကြပ်၊ အရေပြားဓါတ်မတည့်မှုတွေကိုဖြစ်စေပါတယ်။

~

ဒီလိုဆိုရင် ကျွန်မတို့အတွက် ပလတ်စတစ်ဟာ အန္တရာယ်ရှိတဲ့ပစ္စည်းဆိုတာကို အားလုံးလည်း သိသွားပါပြီ။ ပလတ်စတစ်ဟာ လူကြီး၊ လူငယ်၊ အမျိုးသမီး၊ အမျိုးသားမရွေး အန္တရာယ်ဖြစ်စေတာကြောင့် သူနဲ့ထိတွေ့မှုကို တတ်နိုင် သမျှလျော့ချရပါမယ်။ ပလတ်စတစ်ဘူးတွေထဲကို အဆီတွေ၊ အချဉ်သနပ်တွေ အကြာကြီးထည့်ထားပြီးစားတာမျိုးကို ရှောင်ရပါမယ်။ ပလတ်စတစ်ခွက်တွေထဲကို အပူတွေထည့်တာ၊ သူတို့ကို အပူပေးတာမျိုးတွေလည်း သတိထားရပါမယ်။ ကလေးတွေအတွက် နို့ဘူးလိုအသုံးအဆောင် ပစ္စည်းတွေရွေးတဲ့အခါမှာ ပလတ်စတစ်တွေအစား ဖန်တွေကိုသာ ရွေးချယ်သင့်ပါတယ်။ အစားအသောက်ထည့်ထားတဲ့ ပလတ်စတစ်ဘူးတွေ၊ ခွက်တွေမှာ အရောင်ပြောင်းလာတာ၊ ပုံစံ ပြောင်းလာတာမျိုးရှိရင် သူတို့ကို မသုံးသင့်တော့ပါဘူး။ အမှန်တကယ်တော့ ကျွန်မတို့ရဲ့လူနေမှုဘဝ အဆင့်အတန်း မြင့်ပြီး အဆင်ပြေလွယ်ကူစေဖို့ ပလတ်စတစ်ပစ္စည်းတွေဖြစ်ပေါ်လာရတာပါ။ သူတို့ရဲ့အကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။ ဒါပေမယ့် လွန်လွန်ကဲကဲထိတွေ့မှုများလာရင် အန္တရာယ်ဖြစ်စေလို့ ရှောင်ကြပါလို့ သတိပေးလိုက်ပါရစေ။

~

~

နှင်းနုလွင်(ဆေးဝါး)

အာရောဂျံ မဂ္ဂဇင်း၊

ဖေဖော်ဝါရီ ၂၀၁၁

 


Advertisements
 

ဘဝ နေဝင်ချိန်တွေ မစောစေချင်ပါ January 15, 2011

Filed under: ကျန်းမာ သုတ — thetsonehnin @ 2:43 AM
Tags:

”ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ

ငါ့ကို အိမ်ပြန်ပို့ကြပါလေ

အမှတ်မထင်ဖတ်ဖြစ်ခဲ့တဲ့ ဘဝသရုပ်ထင်ဟပ်နေတဲ့ ကဗျာအပိုင်းအစလေးတစ်ခုပါ။ နည်းနည်း ကြာနေတော့ ရေးတဲ့သူကိုတော့ မမှတ်မိတော့ဘူး။ ဒီကဗျာလေးကို ဖတ်နေရင်းနဲ့ မိသားစုဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေတဲ့ လူတစ်ယောက်ရဲ့ အသွင်သဏ္ဍန်က ကျွန်မရဲ့မျက်စိထဲ တိုးဝင်လာတယ်။ ဝမ်းစာမပြည့်သေးလို့ အိမ်မပြန်နိုင်သေးဘူး။ သက်ပြင်းတောင် ဖြောင့်ဖြောင့်မချနိုင်တော့လို့ သူသောက်နေကျ ဆေးပြင်းလိပ်ကြီးကို ရဲခနဲနေအောင်ဖွာလိုက်၊ မြင်ကွင်းထဲကနေ ပျောက်ကွယ် လုနီးပါဖြစ်နေတဲ့ နေဝင်တာကို ကြည့်လိုက်နဲ့ ကံတရားကို ငြီးပြောလေး ပြောလိုက်တယ်ထင်ပါတယ်။ ဒီလိုညနေမျိုး သူဘယ်နှစ်ရက်လောက် ကြုံခဲ့ရပြီးပြီးလဲဆိုတာကို ကျွန်မစဉ်းစား ကြည့်ဖူးတယ်။ အဖြေကို စဉ်းစားလို့မရသေးခင် သူသောက် လိုက်တဲ့ ဆေးလိပ်အငွေ့က ကျွန်မရဲ့အသိထဲ တိုးဝင် လာတယ်။ ”သူဒီလို အချိန်တိုင်း ဆေးလိပ်သောက်နေသလား၊ ကျန်းမာရေးမှ ကောင်းပါ့မလား၊ သူ့မိသားစုရဲ့ ရှေ့ရေး ဘယ်လိုရှိမလဲ”။

~

စီးကရက်ကလေး နှုတ်ခမ်းမှာတေ့ပြီး လူကြီးဂိုက်ဖမ်းနေတဲ့ ဆယ်ကျော်သက်ကလေးတွေ၊ ဆိုက်ကားဂိတ်မှာ ခရီး သည်စောင့်ရင်းနဲ့ ဆေးပြင်းလိပ်ဖွာနေတဲ့ ဆိုက်ကားသမားကြီးတွေ၊ ဈေးတန်းထဲမှာ အရောင်းအဝယ် မကောင်းကြောင်း ငြီးငြူရင်း ဆေးပေါ့လိပ်သောက်နေတဲ့ အမျိုးသမီးကြီးတွေ၊ အချစ်ရေး၊ စီးပွားရေးမှာ ကံမကောင်းတဲ့အကြောင်း မိတ်ဆွေတွေနဲ့ပြောရင်း ဆေးလိပ်သောက်နေတဲ့သူတွေ၊ ဆေးတံမှာကပ်နေတဲ့ ဆေးရွက်ကြီးရဲ့ချိုးတွေကို ခေါက်ထုတ် နေတဲ့ အဖိုးအဖွားတွေ။ အမျိုးမျိုးပေါ့လေ။ အားလုံးဟာ ဆေးလိပ်နဲ့ ရင်းနှီးနေကြပါတယ်။ လူအမျိုးမျိုး၊ စရိုက်အထွေထွေဆိုပေမယ့် သူတို့ ရှုသွင်းရှုထွက်နေတဲ့ လေတွေဟာတော့ အတူတူပါပဲ။ အငွေ့တွေ၊ ဆေးလိပ်ငွေ့တွေဟာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ပျံနှံ့လို့နေပါတယ်။

~

ဆေးလိပ်က သောက်မိရင်ဖြတ်ဖို့ အရမ်းခက်ပါတယ်။ ဆေးရွက်ကြီးမှာပါတဲ့ နစ်ကိုတင်း (Nicotine) ဟာ အရမ်းစွဲနိုင်ပါတယ်။ မော်ဖင်း၊ ဟီးရိုးအင်းနဲ့ တခြားမူးယစ်ဆေးတွေလိုပဲ ခန္ဓာကိုယ်နဲ့ စိတ်အာရုံဟာ နစ်ကိုတင်းကို တပ်မက်သွားပါတယ်။ ဆေးလိပ်သောက်ဖြစ်တဲ့ အကြောင်းအရင်းကတော့ အမျိုးမျိုးရှိပါလိမ့်မယ်။ တချို့ကတော့ စိတ်ညစ်တဲ့အချိန်၊ စိတ်ရှုပ်တဲ့အချိန်မျိုးမှာ ထွက်ပေါက်တစ်ခုအနေနဲ့ သောက်ပါတယ်။ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ ဆွေမျိုးတွေသောက်တာ ကြည့်ရင်းနဲ့ သောက်တတ်သွားပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ လက်တည့်စမ်း မြည်းကြည့် ရင်းနဲ့ သောက်တတ်သွားတဲ့သူတွေလည်းရှိပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူ တော်တော်များများဟာ အသက်၁၈နှစ် မပြည့်ခင်ကတည်းက စသောက်တတ်တဲ့သူတွေများပါတယ်။

~

ဆေးလိပ်ကို ထမင်းစားတာ၊ ရေသောက်တာလို ခန္ဓာကိုယ်က အလွယ်တူလက်မခံပါဘူး။ သူဝင်လာတာနဲ့ ချက်ခြင်းထွက်သွားအောင် ဖယ်ထုတ်လိုက်ပါတယ်။ ဒီတော့ စသောက်သောက်ချင်းမှာ သီးတတ်ပါတယ်။ ကြာလာရင်တော့ ခန္ဓာကိုယ်ကလည်း မတတ်နိုင်တော့ဘူး။ ဒါနဲ့ပဲ ဆေးလိပ်စွဲသွားပါတယ်။ ‘မကောင်းမှန်းတော့ သိပါတယ်၊ ဒါပေမယ့် ဖြတ်လို့မရဘူးဗျာ’ လို့ ငြီးတွားကြတဲ့ စကားသံတွေကို ကျွန်မခဏခဏ ကြားဖူးပါတယ်။ ဘယ်သူကမှ ကိုယ့်မှာအန္တရာယ်ရှိနိုင်တဲ့ အလေ့အကျင့်ကြီးကို တယုတယနဲ့ ပြုစုပျိုးထောင်မှာ မဟုတ်ပါဘူး။ ဖြတ်ဖို့ခက်ခဲပေမယ့် ကြိုးစားကြည့်ပါ။ ဆေးလိပ်ကြောင့်ရလာတဲ့ အကျိုးဆက်တွေဟာ ကျွန်မတို့ကို ဘယ်လိုမှကို ကောင်းကျိုးမပေးတာပါ။

~

ကျွန်မတို့ငယ်ငယ်တုန်းကတော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အဖိုးအဖွားတွေသောက်တာကို တွေ့ဖူးတယ်။ အခုတော့ အဲဒီလောက်ကြီးတဲ့ဆေးလိပ်ကို မဖွာကြတော့ပေမယ့် ဆေးလိပ်သောက်တဲ့လူ အရေအတွက်ကတော့ မလျော့ကြသေးပါဘူး။ ဆေးလိပ်သောက်တဲ့သူတွေဟာ တခြားသူတွေထက် ရောဂါပိုထူပါတယ်။ အပယိကဖျားနာတာ၊ တုပ်ကွေး၊ အအေးမိတာတွေ ပိုဖြစ်လွယ်ပါတယ်။ လေပြွန်ရောင်တာ၊ အဆုတ်ရောင် အဆုတ်ပွတာတွေကို ပိုခံစားရပါတယ်။ နဂိုကတည်းက ရင်ကျပ်ရောဂါလိုမျိုး အဆုတ်နဲ့ ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေဟာ ကိုယ်တိုင် ဆေးလိပ်သောက်တဲ့အခါ ဒါမှမဟုတ် ဆေးလိပ်သောက်တတ်တဲ့သူအနားနေတဲ့အခါမျိုးမှာ ရောဂါဒါဏ်ကို ပိုပြီးခံစား ရတတ်ပါတယ်။ ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေက အများကြီးပဲရှိပါတယ်။

~

အမှတ်မထင် ရှိုက်ဖွာလိုက်တဲ့ ဆေးလိပ်ငွေ့ဟာ ကျွန်မတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။ လူတစ်ယောက် ဆေးလိပ်သောက်လိုက်ရင် ကတ္တရာစေး (Tar) တွေထွက်လာပါတယ်။ အဲဒီ ကတ္တရာစေးဟာ ကင်ဆာရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူတွေဟာ တခြားသူတွေထက်စာရင် ကင်ဆာရောဂါ ပိုဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာတွေကတော့ အဖြစ်များပါတယ်။ ဆေးလိပ်ငွေ့ကို ရှိုက်ရှိုက်ပြီး ရှုတဲ့သူတွေဟာ အဆုတ်ကင်ဆာပိုဖြစ်နိုင်ပါတယ်။ ခံတွင်းကင်ဆာဖြစ်နိုင်ချေကလည်း (၄)ဆ ပိုများပါတယ်။ ဆီးအိတ်ကင်ဆာ၊ အစာရေမြိုပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတို့လည်း ဖြစ်နိုင်ပါသေးတယ်။

~

ဒီလိုအန္တရာယ်တွေဟာ ခုချက်ခြင်းသောက်၊ ခုချက်ခြင်းပေါ်လာတာ မဟုတ်ပါဘူး။ ကျွန်မတို့အိမ်တွေမှာ အမှိုက်တွေမပစ်ဘဲထားလို့ ရက်ကြာလာရင် စုပုံလာသလိုမျိုး ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကလည်း အချိန်နဲ့အမျှ များပြားလာတာပါ။ အထူးသဖြင့် ဆေးလိပ်မှာပါတဲ့ နစ်ကိုတင်းဟာ သွေးထဲမှာပိတ်ဆို့နိုင်ပါတယ်။ အဆီတွေကိုလည်း စုပုံများစေပြီး သွေးကြောတွေကို မာတောင့်ကာ ကျဉ်းသွားစေပါတယ်။ သွေးကြောအတွင်းမှာ သွေးခဲတွေပိတ်စေပါတယ်။ နှလုံးကို ထောက်ပံ့ပေးတဲ့သွေးကြော မှာပိတ်ရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပါတယ်။ ဦးနှောက်သွေးကြောမှာဖြစ်ရင် လေသင်တုန်းရမယ်။ လေဖြတ်တာမျိုးတွေ ဆက်ဖြစ်လာတယ်။ ကျောက်ကပ်မှာဖြစ်ရင် ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

~

ခြေထောက်တွေ၊ လက်တွေကို သွေးသယ်ပေးတဲ့ သွေးကြောမှာဖြစ်ရင် သွေးကောင်းကောင်းမလျှောက် နိုင်တော့လို့ ခြေလက်ပုပ်တာ၊ ဖြတ်ပစ်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ်မသောက်တတ်တဲ့သူတွေထက်စာရင် နှလုံးသွေးကြောနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို (၁ဝ)နှစ်လောက် စောပြီးတွေ့ရတတ်ပါတယ်။ မျက်လုံးမှာရှိတဲ့ အရမ်းနူးညံ့ တဲ့သွေးကြောတွေဟာ ဆေးလိပ်ကြောင့် အလွယ်တကူ ပျက်စီးသွားတယ်။ မျက်လုံးတွေယားလာတယ်။ ဆေးလိပ် အလွန်အကျွံ သောက်တဲ့သူ တွေဆိုရင် မျက်လုံးရဲ့မြင်လွှာတွေ ပျက်စီးသွားလို့ အမြင်အာရုံတွေ တဖြည်းဖြည်း ဆုံးရှုံး သွားတယ်။ ဆေးလိပ်ကြောင့် ကောင်းကျိုးဖြစ်တာတစ်ခုမှမရှိဘူး။

~

ခန္ဓာကိုယ်အတွင်းပိုင်းမှာတင် မကောင်းတာမဟုတ်ဘူး။ စပါးလုံးတစ်ထောက်စာတောင် မရှိတဲ့ အရေပြား အတွက်လည်း မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးလိပ်သောက်တဲ့သူတွေရဲ့ အရေပြားဟာ လိုအပ်တဲ့သွေးတွေ၊ အာဟာရတွေ မရတော့ဘူး။ အသားတွေ ညိုညစ်ညစ်ဖြစ်လာတယ်။ ဗီတာမင်အေလည်း လုံလုံလောက်လောက်မရတော့ အရေးအကြောင်းတွေပေါ်လာတယ်။ ပါးရည်တွန့်လွယ်ပြီး ရုပ်ရင့်လာတယ်။ မြန်မြန်အိုလွယ်သွားတယ်။ ရှုထုတ်လိုက်တဲ့ လေမှာ ဆေးလိပ်အနံ့ တွေ စွဲပါလာတယ်။ တော်တော်နဲ့ မပျောက်ဘူး။ ဒီအနံ့က အဝတ်အစားတွေမှာတင်မကဘူး။ ဆံပင်တွေမှာပါ လာကပ်နေတယ်။ အိမ်မှာဆိုရင်လည်း ပရိဘောဂတွေ၊ လိုက်ကာတွေ၊ ကားထဲမှာပါ အနံ့ရနေတယ်။ အပြင်ကလူတစ်ယောက်ဝင်လာတာနဲ့ ဆေးလိပ်သောက်တဲ့သူရှိမှန်း တစ်ခါတည်း တန်းပြီးသိနိုင်တယ်။

~

သွားဖုံးတွေ၊ သွားတွေရဲ့ အခြေမှာ ဆေးလိပ်ချိုးတွေလာကပ်တယ်။ သွားဖုံးရောင်တာ၊ ခံတွင်းနံ့ဆိုးတာတွေ ဖြစ်တတ်တယ်။ အသက်ငယ်ငယ်လေးနဲ့ သွားတွေ ကျွတ်ထွက်လွယ်လာတယ်။ ပါးစပ်ထဲမှာ ချဉ်နေပြီး အနာတွေ အလွယ်တကူ ပေါက်လာတယ်။ အနာတွေက တော်တော်နဲ့ မပျောက်ဘူး။ သွားဝါတာတွေအပြင် အရိုးရဲ့ သိပ်သည်းဆကို နည်းစေတယ်။ တနည်းအားဖြင့် ပြောရရင် အရိုးပါးလာတယ်။ အသက်ကြီးလာတဲ့ အချိန်မှာ အရိုးက ပိုပြီးကျိုးလွယ် လာတယ်။

~

ဆေးလိပ်ငွေ့ကြောင့် အဓိကထိခိုက်သွားတဲ့ အင်္ဂါက အဆုတ်ပါ။ အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေ ပျက်စီးသွားပါတယ်။ အသက်ရှုလို့မဝတော့ဘူး။ နာတာရှည်လေပြွန်ရောင်တတ်ပါတယ်။ ဒီလိုဖြစ်ရင် အနည်းဆုံး (၃)လ ခန့် ကြာတတ်ပြီး ချောင်းဆိုးတယ်၊ သလိပ်နည်းနည်းပါတတ်တယ်။ ရင်ကျပ်ပန်းနာရှိရင်လည်း ပိုဆိုးလာတယ်။ နဂိုဖြစ်နေ တဲ့ လေပြွန်ရောင်တာကို ပိုဆိုးစေပြီး ရောဂါ သက်သာဖို့သုံးတဲ့ဆေးတွေရဲ့ အာနိသင်ကို ဆန့်ကျင်လိုက်တယ်။ ဆေးတွေက အာနိသင် မပြနိုင်တော့ဘူး။ အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို ဟန့်တားထားတဲ့အတွက် သိပ်ပြီးလှုပ်လှုပ်ရှားရှား မလုပ်နိုင်တော့ဘူး။

~

အားကစားသမားတွေမှာ ပိုသိသာတယ်။ တခြားလူတွေနဲ့ ယှဉ်လို့မရတော့ဘူး။ နှလုံးခုန်မြန်တာ၊ သွေးလှည့်ပတ်မှု မကောင်းတာ၊ အသက်ရှုမဝတာဖြစ်လာတော့ သက်လုံမကောင်းတော့ဘူး။ သူတို့ရဲ့လုပ်ဆောင်မှုတွေ ထိခိုက်လာတယ်။ နောက်ပြီးတော့ ဆေးလိပ်က ခန္ဓာကိုယ်ရဲ့ တွယ်ဆက်တစ်သျှူးတွေကို ဖြစ်ပေါ်တာကိုတားလိုက်တယ်။ ဒါကြောင့် ကစားရင်း၊ လှုပ်ရှားရင်းနဲ့ ဒါဏ်ရာရသွားရင် တော်တော်နဲ့ မပျောက်တော့ဘူး။

~

အိမ်ထောင်သည်တွေ ဆေးလိပ်သောက်တဲ့အခါ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ပြဿနာတွေ ပေါ်လာတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေး (Sexual Health) ကိုပါ ထိခိုက်လာပါတယ်။ ကိုယ်ဝန်တား ဆေးသောက်ထားတဲ့သူ၊ ဆေးထိုးထားတဲ့သူတွေ၊ ကွင်းထည့်ထားတဲ့ အမျိုးသမီးတွေဟာ ဆေးလိပ်သောက်ရင် အရမ်းအန္တရာယ်များပါတယ်။ အထူးသဖြင့် နှလုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေရလာပါတယ်။ အသက် (၃ဝ-၄ဝ) အရွယ် အမျိုးသားတွေဟာ ဆေးလိပ်သောက်ရင် ပန်းသေပန်းညှိုးပိုပြီးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေရဲ့ အင်္ဂါတွေဆီကိုသွားတဲ့ သွေးကြောမှာ နစ်ကိုတင်းတွေက ပိတ်လိုက်ပါတယ်။ သွေးကြောတွေ တဖြည်းဖြည်းနဲ့ကျဉ်းလာပြီး ပျက်စီးသွားတယ်။ သွေးအလုံအလောက် မရတော့တဲ့အတွက် အဲဒီအင်္ဂါတွေဟာ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။ ဒီလိုအမျိုးသား တွေဟာ နှလုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေကို အလွယ်တကူ ခံစားရတတ်ပါတယ်။

~

ဆေးရွက်ကြီးပါတာ အကုန်လုံးဟာ လူကို အန္တရာယ်ဖြစ်စေတာချည်းပါပဲ။ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးရွက်ကြီးငုံတာကအစ အကုန်လုံး အကျုံးဝင်တယ်။ ဒီပြဿနာတွေဟာ မိမိကိုယ်တိုင်သောက်မှ ကြုံတွေ့ရတာ မဟုတ်ပါဘူး။ တခြားလူသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှုမိရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အဖေ၊အမေနှစ်ဦးစလုံး ဆေးလိပ်သောက်ရင် သူတို့မွေးလာတဲ့ ကလေးလေးဟာ ရင်ကျပ်ရောဂါ၊ လေပြွန်ရောင်တာတွေ ဖြစ်ဖို့ အခွင့်အလမ်းက (၂) ဆ ပိုများပါတယ်။ တခြားဓါတ်မတည့်တဲ့ ရောဂါတွေလည်း ရနိုင်ပါတယ်။

~

ကိုယ်ဝန်ဆောင်သည်အမေသောက်ရင် လမစေ့ဘဲနဲ့ မွေးတတ်ပါတယ်။ မွေးလာတဲ့ကလေးတွေဟာလည်း ပေါင်မပြည့်ဘူး။ အသက် (၂)နှစ်အောက် ကလေးတွေသာ ဆေးလိပ်ငွေ့ကိုရှုမိရင် အသက်ရှုလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ တချို့ကလေးတွေဆိုရင် ရုတ်တရက် အသက်ရှုပိတ်ပြီးသေတဲ့ အထိ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်တဲ့သူတွေဟာ တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေတွေ ပိုများသွားပါတယ်။ ဒါကြောင့် လူမမယ်ကလေးတွေကို ဆေးလိပ်ငွေ့မရှုရှိုက်စေချင်ဘူး။ သူတို့ရဲ့ အနာဂတ်လေးတွေ လှပစေချင်ပါတယ်။

~

‘ဆေးလိပ်တစ်ခါသောက်ရင် လူတစ်ယောက်ရဲ့အသက်ဟာ ၅ မိနစ်ကနေ မိနစ်၂ဝ အထိ တိုသွားနိုင်ပါတယ်’ တဲ့။ ကျွန်မတို့လူဘဝကို ရောက်တုန်းရောက်ခိုက်လေးမှာ လုပ်သွားစရာတွေ အများကြီး ရှိပါတယ်။ မသိသေးတာတွေ သိ အောင် ရှာဖွေရဦးမယ်။ မိမိသိသလောက်ကို တခြားလူတွေသိအောင်လည်း ပြန်ပြီး ဝေငှခဲ့ချင်သေးတယ်။ အခုလက်ရှိ အတွက်အကျိုးရှိတဲ့ အလုပ်တွေလုပ်နေရသလို နောင်သံသရာအတွက်လည်း အကျိုးရှိအောင်ကြိုးစားရဦးမယ်။ ဒီလောက် အထိ တန်ဖိုးရှိနေတဲ့ ကျွန်မတို့ရဲ့ အချိန်တွေကို ဖမ်းဆုပ်ကိုင်တွယ်လို့မရတဲ့ ဆေးလိပ်ငွေ့တွေက ဖျက်ဆီးပစ်တာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွန်မတို့ရဲ့ဘဝသက်တမ်းကို ရုပ်ဝတ္ထု အတိအကျမရှိတဲ့ မီးခိုးငွေ့တွေကြောင့် မတိုစေချင်ပါဘူး။ ဆေးလိပ်ဖြတ်တာဟာ မိမိတစ်ဦးတည်း ကောင်းကျိုးအတွက် မဟုတ်ပါဘူး။ မိမိအနီးပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစု၊ မိတ်ဆွေအားလုံးရဲ့ အသက်ကို ကာကွယ်လိုက်တာပါပဲ။ ဒါကြောင့် အားလုံးရဲ့မနက်ဖြန်တွေလှပပြီး သက်တမ်းစေ့နေနိုင်ဖို့ဆေးလိပ်ကို ရှောင်ကြပါလို့ ထပ်ဆောင်းပြီး တိုက်တွန်း လိုက်ပါရစေ။
~
~

နှင်းနုလွင် (ဆေးဝါး)
အာရောဂျံ မဂ္ဂဇင်း ဖေဖော်ဝါရီ၊ ၂၀၁၁

 

 

ခြေထောက်နာခြင်းနှင့် အစားအစာများ December 8, 2010

Filed under: ကျန်းမာ သုတ — thetsonehnin @ 5:39 AM
Tags:

မျှင်ထူကြွက်သားတွေ ရောင်ရမ်းပြီး ခြေထောက်တွေနာကျင်တာကို လူတိုင်းနီးပါးကြုံတွေ့ရ တတ်ပါတယ်။ အဲဒီလို ခံစားမှုတွေကို လုံးဝကြီးပျောက်ကင်းသွားအောင် ကုသဖို့က အတော်ကိုခက်ခဲပါတယ်။ ဆေးဝါးတွေဟာူကြွက်သား များ နာကျင်ခြင်း၊ မောပန်းခြင်းနဲ့ တခြားအခြေအနေတွေကိုသက်သာဖို့အတွက်သာ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့်လူနာ တော်တော် များများဟာ သူတို့ရဲ့ရောဂါလက္ခဏာတွေ သက်သာဖို့ဆိုရင် သူတို့စားသောက်တဲ့ပုံစံနဲ့ နေထိုင်မှုပုံစံကိုပါ ပြောင်းလဲပေး ဖို့လိုပါတယ်။ ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်လဲဆိုတာကို သိထားရင် လူနာအနေကို အတော်ကို အထောက်အကူပြုနိုင်ပါတယ်။ လူနာတချို့ဟာ သူတို့စား သောက်တဲ့အစားအသောက်တွေကြောင့် သူတို့ခံစားရတဲ့ ကြွက်သား နာကျင်မှုတွေ၊ ကြွက်သားတောင့်တင်းမှုတွေဟာ ပိုပြီးဆိုးဝါးလာတတ်ပါတယ်။

.

ကျွမ်းကျင်ပညာရှင်တွေကတော့ ကျောရိုးမနဲ့ ဦးနှောက်မှာရှိတဲ့ အာရုံကြောများ အလွန်ခံစား လွယ်တာကြောင့် ဒီ လက္ခဏာတွေကို ခံစားရတာလို့ သတ်မှတ်ကြပါတယ်။ တချို့အစားအစာတွေဟာ Neurotransmitters ထုတ်လုပ်မှုကို များစေပြီး အဲဒီ Neurotransmitters တွေက နာကျင်မှုတွေ မြန်မြန်ခံစားရအောင်လှုံ့ဆော်ပေးတာကြောင့်လို့ ဆိုကြပါတယ်။ မျှင်ထူကြွက်သားများရောင်ရမ်းနာကျင်မှုနဲ့ အစားအစာဆက်စပ်မှုကို သုတေသနပြုလုပ်ထားတာ နည်းပေမယ့်လည်း သုတေသီတွေဟာ နာကျင်မှုကို သက်သာစေတဲ့အစားစာတဲ့ပုံစံ ၁ဝ မျိုးကို အကြံပေးခဲ့ပြီး ဒီနည်းလမ်းဟာ တာရှည်နာကျင်မှုခံစားနေရတဲ့သူတွေအတွက်တောင် အထောက်အကူပြုစေတာကို တွေ့ရပါတယ်။

.

၁။ လတ်ဆက်တဲ့ အစားအသောက်တို့ကို စားသုံးပါ။


မျှင်ထူကြွက်သားရောင်ရမ်းမှုကို ခံစားရတဲ့လူနာတွေထဲက တစ်ဝက်လောက်မှာ Irritable Bowel Syndrome – IBS လိုမျိုး ဝမ်းလျှောတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ခံစားရတတ်ပါတယ်။ အစာတွေကို ကြာရှည်ခံအောင်ထည့်ကျတဲ့ Preservatives တွေ၊ အရသာရှိအောင် ထပ်ထည့်ကြတဲ့ Additives တွေ မပါတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာ တွေဟာ ကြွက်သားနာကျင်မှုနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ IBS ကို သက်သာစေပါတယ်။ အူလမ်းကြောင်းရွေ့လျားမှုကို လှုံဆော်ပေးတဲ့ အစားအစာတွေဟာ မျှင်ထူကြွက်သားတွေ ရောင်ရမ်းစေတဲ့ အာရုံကြောများ ကိုပါ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။ တိကျတဲ့ ဖြစ်စဉ်တွေကို မသိရသေးပေမယ့်လည်း လတ်ဆတ်တဲ့အစားအစာတွေကို စားသုံးတာဟာ လူတိုင်းအတွက် သင့်တော်တာကြောင့် ဒီနည်းလမ်းကို လူတိုင်းလိုက်နာသင့်ပါတယ်။ အသီးအရွက်တွေထဲမှာလည်း ဓါတုပိုးသတ်ဆေးကို မသုံးထားတဲ့ အသီးအနှံတွေက ပိုပြီး ကောင်းမွန်ပါတယ်။

~

၂။ ကော်ဖီကို မစွဲသောက်ပါနဲ့။

မျှင်ထူကြွက်သားရောင်ရမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာ အနေအထားကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်မှာရှိတဲ့ Chemicalsတွေကို ပြောင်းလဲမှုဖြစ် စေပါတယ်။ အဲဒီအခြေအနေဟာ အနားမယူရခြင်း၊ ကောင်းစွာမအိပ်စက်ရခြင်း၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ဆက်စပ်နေပါတယ်။  ကြွက်သားရောင် နေတဲ့ သူတွေဟာ သူတို့ရဲ့နာကျင်မှုတွေသက်သာစေဖို့ လူကိုတက်တက်ကြွကြွဖြစ်စေတဲ့ ကော်ဖီတွေကိုသောက်တတ်ကြပါတယ်။ တကယ်တော့ ကဖင်းပါတာတွေဟာ ကောင်းတဲ့ အကျိုးထက် ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ကဖင်းဟာ နာကျင်မှုဝေဒနာတွေကိုတောင် ပိုပြီး ဆိုးဝါးသွားတတ်ပါတယ်။

~

၃။ အသီးအရွက်တချို့ကို ရှောင်ဖို့လိုပါတယ်။

အဆစ်များနာကျင်မှုအတွက် ဟင်းသီးဟင်းရွက်တွေကိုရှောင်ရမယ်လို့ ဆိုကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အသီးအရွက်တွေဟာ ကယ်လိုရီနည်းတယ်။ ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ဒါပေမယ့် ခရမ်းချဉ်သီး၊ အာလူး၊ ခရမ်းသီးတွေကတော့ အဆစ်များရောင်ရမ်းတာကို ပိုဆိုးစေပြီး တချို့လူနာတွေမှာ နာကျင်မှုကိုတောင်ဖြစ်နိုင်ပါတယ်။ အဲဒီလိုအစားအစာတွေမှာ အာရုံကြောတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ အစိတ်အပိုင်းတွေ ပါဝင်ကြပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ခံစားရတဲ့လူနာအရေအတွက်ဟာ နည်းပေမယ့် ဒီလိုအစားအစာတွေကို ဖြတ်လိုက်ရင် သိသိသာသာ ကောင်းသွားတယ်လို့လည်း ပညာရှင်တွေက ဆိုလာကြပါပြီ။

~

၎။ Omega 3 Fatty Acid အဆီ ရအောင် စားပါ။

ဆယ်လ်မွန်ငါးအပါအဝင် ငါးတော်တော်များများမှာတွေ့ရတဲ့ Omega 3 Fatty acid အဆီတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသလို နာကျင်မှုတွေကိုလည်း ကောင်းစွာထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။ သူတို့ဟာ ရောင်ရမ်းမှုကို လျော့ကျစေပြီး ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ကူညီပေးတာကြောင့် လူတွေအတွက် အတော်ကို အထောက်အကူရပါတယ်။ စမ်းသပ်မှုတွေအရတော့ ငါးရဲ့အဆီကိုဖြည့်စွက်စားပေးတဲ့သူတွေထဲက ၆ဝ ရာခိုင်နှုန်းမှာ နာကျင်မှု လက္ခဏာတွေ သက်သာတာကို တွေ့ရပါတယ်။

~

၅။ တစေးပါတာတွေကို ရှောင်ပါ။

တစေး Yeast ဟာ ပေါင်မုန်လိုမျိုး ဖုတ်ထားတဲ့ အစားအသောက်အမျိုးမျိုးတွေမှာ တွေ့နိုင်ပြီး သူနဲ့အတူ Gluten လို့ခေါ်တဲ့ ပစ္စည်းပါ တွဲဖက်ပါတတ်ပါတယ်။ သူတို့ပါတာတွေကို စားသုံးပေးရင် ခန္ဓာကိုယ်ထဲမှာ မှိုစွဲကပ်နိုင်ပြီး နာကျင်မှုတွေကို ပိုပြီး ခံစားရစေပါတယ်။ ကြွက်သားနာကျင်ရောင်ရမ်းနေတဲ့သူတွေဟာ ဂလူတင်ကို ကောင်းကောင်း မယဉ်ပါးနိုင်တာကြောင့် အူနဲ့ ပတ်သတ်တဲ့ရောဂါ Celiac disease ကို ခံစားရစေပါတယ်။ ဒါကြောင့် တစေးနဲ့ ဂလူတင်ပါဝင်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်တာဟာ လူနာတချို့ကို ကောင်းကျိုးဖြစ်စေပါတယ်။

~

၆။ နို့နဲ့နို့ထွက်အစားအစာများ အလွန်အကျွံစားတာမျိုးကို ရှောင်ပါ။

နို့သကြားကို မချေဖျက်နိုင်မှုကို လူတော်တော်များများမှာ ကြုံတွေရရတတ်ပါတယ်။ ဒါကြောင့် မျှင်ထကြွက်သား ရောင်ရမ်းနေတဲ့သူတွေဟာ နို့ပါတဲ့ အစားအသောက်တွေကို ချေဖျက်တဲ့နေရာမှာ အခက်အခဲတွေရှိ လာပါတယ်။ စမ်းသပ်မှုတွေအရူကြွက်သားရောင်ရမ်းနေတဲ့သူတွေထဲက ၄ဝ ရာခိုင်နှုန်းဟာ အစားအစာတွေမှာပါတဲ့ အရာဝတ္ထုတွေနဲ့ ဓါတ်ပြုနိုင်တာကို တွေ့ရ့ပါတယ်။ အထူးသဖြင့်နို့၊ နို့ပါတဲ့ အစားအသောက်တွေနဲ့ အလွယ်တကူ ဓါတ်ပြုနိုင်တာကြောင့် အထူးသတိထားဖို့လိုပါတယ်။

~

၈။ အချိုခဲများစားသုံးမှုကို လျော့ချပါ

ကြွက်သားတွေရောင်ပြီးနာနေတဲ့သူတွေဟာ အချိုခဲအတုတွေကို ရှောင်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ပိုပြီးသက်တောင့် သက်သာနေနိုင်လာတာကို တွေ့ရပါတယ်။ အစားအတွေထဲမှာ ထပ်ထည့်တဲ့သကြားခဲအတုတွေ Artificial sweetener ဟာ Excitotoxins လို့ခေါ်တဲ့ ဓါတုပစ္စည်း တစ်မျိုးဖြစ်ပြီး သူတို့ဟာ အာရုံကြောတွေကို လှုံဆော်ပေးနိုင်ပါတယ်။ တနည်းအားဖြင့် နာကျင်မှုတွေကို ပိုပြီး ခံစားရလွယ်လာပါတယ်။ အဲဒီလိုမျိုး ပစ္စည်းတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေတာမျိုးမရှိပေမယ့်လည်း နာကျင်မှုတွေကိုတော့ မြန်မြန်ခံစားရစေသလို တချို့အချိုခဲတွေ ကြောင့် အူနဲ့ပတ်သက်တဲ့ရောဂါတွေ IBS ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

~

၉။ Additives တွေကို တတ်နိုင်သမျှရှောင်ပါ။

အချိုမှုန့် Monosodium glutamate (MSG) လိုမျိုး အစားအစာတွေပြုလုပ်တဲ့နေရာမှာ အရသာပိုရှိအောင် ထည့်ကျတဲ့ ပစ္စည်းတွေဟာ ကြွက်သားရောင်နေတဲ့သူတွေကို ကောင်းကောင်း အန္တရာယ်ပေးနိုင်ပါတယ်။ အမြန်စာ၊ တရုတ်အစားအစာ၊ အသင့်ထုတ်ပိုး ထားတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ အဲဒီအချိုမှုန့်ဟာ နာကျင်မှုခံစားရအောင် လှုံဆော်ပေးနိုင်ပါတယ်။ ကျောရိုးဆစ်ထဲက အရည်ထဲမှာရှိတဲ့ Glutamate ပမာဏနဲ့ ကြွက်သားတွေနာကျင်မှုဟာ ဆက်စပ်နေပါတယ်။ Glutamate ဟာ ခေါင်းကိုက်တာမျိုးကိုသာ ဖြစ်စေသလို ကြွက်သားရောင်ရမ်းမှုတွေကနေ နာကျင်မှု အထိဆက်ဖြစ်နိုင်တာကြောင့် အတော်လေးကို သတိထားစားသုံးသင့်ပါတယ်။

~

၁ဝ။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလွယ်စာတွေကို ရှောင်လိုက်ပါ။

ဖွေးနေအောင်အရောင်ချွတ်ထားတဲ့ သကြားတွေ၊ ကဖင်း၊ ကြော်ထားတဲ့ မုန့်တွေ၊ ပြုပြင်ပြောင်းလဲထားတဲ့ အစားအစာတွေ၊ (အမြန်စာ၊ သကြားလုံး၊ အထပ်ထပ်အခါခါ ပြုလုပ်ထားတဲ့မုန့်) တွေကို အတိုင်းအတာလေးတစ်ခု သတ်မှတ်ပြီးစားသင့်သလို လုံးဝရှောင်လို့ရရင်လည်း ရှောင်ဖို့ ညွှန်ကြားထားပါတယ်။ ကိုယ်အလေးချိန်တက်လာတာကို ထိန်းချုပ်တဲ့အချိန်မှာ အစားအစာတွေဟာြ<ွကက်သားတွေကို မသက်မသာခံစားရစေသလို အိပ်စက်မှုကိုနှောင့်ယှက်ခြင်း၊ ကိုယ်ခံစွမ်းအားအဖွဲ့အစည်းကိုတောင်မှ အဟန့်အတားဖြစ်စေပါတယ်။ ဒီလိုအစားအစာတွေကို ရှောင်လိုက်မယ်ဆိုရင်ြ<ွကက်သားများရောင်ရမ်းနာကျင်မှုတွေကို ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။

~

နှင်းနုလွင် (ဆေးဝါး)

AROGYM Magazine

December, 2010


 

စိတ်ကျရောဂါနှင့် ကြုံတွေ့လာလျှင်… November 26, 2010

စိတ်ကျရောဂါဟာ အံ့သြဖို့ကောင်းလောက်အောင်ကို အဖြစ်များတဲ့ပြဿနာပါပဲ။ အရွယ်ရောက်ပြီးတဲ့သူတွေ ထဲက ငါးယောက်မှာ တစ်ယောက် လောက်ဟာ သူတို့ဘဝသက်တမ်းတစ်လျှောက်မှာ စိတ်ကျရောဂါကို ခံစားဖူးတဲ့သူတွေ ချည်းပါပဲ။ စိတ်ကျရောဂါဖြစ်ပွားမှုဟာ အခုနောက်ပိုင်း နှစ်တွေမှာ ပိုများလာပါတယ်။ တိုးတက်လာတဲ့ အခြေအနေတွေ မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ဖိစီးမှုတွေ ပိုများလာတာနဲ့အမျှ စိတ်ဓါတ်ကျတဲ့ ဝေဒနာက ပိုတိုးလာပါတယ်။ ဒီရောဂါကို အသက်အရွယ်မရွေးကြုံတွေ့ရတတ်ပြီး အမျိုးသားတွေ ထက်စာရင် တော့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေက ၂ ဆပိုများပါတယ်။ ကလေးငယ်တွေ၊ ဆယ်ကျော်သက်အရွယ်တွေမှာလည်း စိတ်ကျရောဂါဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုလည်း ကျွန်မတို့ မေ့ထားလို့မရပါဘူး။

.

အကြောင်းအရာများ

စိတ်ကျရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ အများကြီးပါပဲ။ တစ်စုံတစ်ရာကိုဆုံးရှုံးရချိန်၊ ဝမ်းနည်း ကြေကွဲမှုတွေကို ကြုံတွေ့ရချိန် မျိုးမှာဆိုရင် စိတ်ကျဝေဒနာကို ခံစားရတတ်သလို အကြောင်းအရင်းတိတိကျကျ ရှာလို့ မရပေမယ့် ဦးနှောက်ထဲမှာရှိတဲ့ (Chemicals) တွေ ပြောင်းလဲမှုကြောင့်လည်း (Endogenous Depression) ဖြစ်ပေါ် တတ်ပါတယ်။ အရမ်းဆိုးရွားလာတဲ့အချိန်မှာ စိတ်နေစိတ်ထား မမှန်တော့သလို အဖြစ်အပျက်တစ်ခုကို အမှန်၊ အမှားသေချာခွဲခြားသိနိုင်တော့မှာ မဟုတ်ပါဘူး။ လူတစ်ယောက်မှာ စိတ်ကျရောဂါရှိနေလား ဆိုတာကို ကြိုတင်ပြီး ခြေရာခံမိနိုင်ဖို့၊ အချိန်မှီကုသနိုင်ဖို့ အရေးကြီးပါတယ်။ မကုသဘဲနဲ့ထားလိုက်မိရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှု၊ လူမှုဆက်ဆံရေးပြောင်းလဲမှုများကို ဆက်လက်ပြီး ကြုံတွေ့နိုင်တာကြောင့် သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးဖို့၊ အကြံပြုဆွေးနွေးပေးဖို့လိုအပ်ပါတယ်။

.

သတိထားသင့်သော လက္ခဏာများ

စိတ်ကျရောဂါဟာ ပုံစံအမျိုးမျိုးနဲ့ ရောက်လာနိုင်ပါတယ်။ ဘဝမှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲ အဖြစ်အပျက်တွေနဲ့ ရုတ်တရက်ကြုံတွေ့ရတဲ့ အချိန်မှာ စိတ်ကျရောဂါကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ အကြောင်းပြချက်တိတိကျကျမရှိဘဲနဲ့ တဖြည်းဖြည်းချင်းဝင်ရောက် နေတတ်ပါတယ်။ အဲဒီပုံစံ၂ မျိုးစလုံးမှာ ကြုံတွေရ မယ့် လက္ခဏာတွေကတော့ သိသာထင်ရှားပါတယ်။ ကျွန်မတို့ အနီးပတ်ဝန်းကျင်က မိတ်ဆွေ တွေဟာ ပုံမှန်လုပ်နေကျ အလုပ်တွေကို စိတ်ပါဝင်စားမှုနည်းလာမယ်၊ ဝမ်းနည်းလွယ်မယ်၊ ထက်ထက်မြက်မြက်မရှိတော့ဘူး၊ အသက်ရှင် နေရတာ မထိုက်တန်ဘူးလို့ ထင်မြင်လာမယ်ဆိုရင် စိတ်ကျရောဂါရှိနေလားဆိုတာကို သတိထားပေးဖို့လိုပါလိမ့်မယ်။

.

အာရုံစူးစိုက်မှုလျော့နည်းလာခြင်း၊ ဥာဏ်ရည်လျော့နည်းခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း တို့ကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ အရမ်းဆိုးရွားလာတဲ့အခြေအနေမျိုးမှာဆိုရင် ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မိမိကိုယ့်ကို သေကြောင်းကြံစည်လိုတဲ့ အတွေးအခေါ်တွေပေါ်လာခြင်း၊ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းတို့ကို တွေ့နိုင်ပါတယ်။ သူတို့မှာစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရှိရုံသာမက ညဘက်အိပ်မပျော်ခြင်း၊ နံနက်ဘက် စောစောနိုးနေခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ အမြဲလိုလို နုံးနေခြင်း တို့လိုမျိုး ရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေပါရှိလာပါတယ်။ တချို့ဆိုရင် ရောဂါတစ်စုံတစ်ရာမရှိဘဲနဲ့တောင် ရောဂါစွဲကပ် နေတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။

.

စိတ်ဓါတ်ကျလိုက်၊ ကြွလိုက်ဖြစ်နေတဲ့သူတွေမှာတော့ လူနာတွေဟာ စိတ်ဓါတ်ကျနေပြီး တချိန်တည်းမှာပဲ စိတ်ဓါတ်တက်ကြွလွန်းတဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။ အထူးသဖြင့် စိတ်ကြီးဝင်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ စကားမြန်မြန်ပြောခြင်း၊ အိပ်ချိန်နည်းလာခြင်း၊ စကားပြောဆိုရာမှာ ချိုချိုသာသာမပြောခြင်းတို့ကို ကြုံတွေ့လာနိုင်ပါ တယ်။ ကလေးမီးဖွားပြီးချိန်မှာ စိတ်ဓါတ်ကျတာကိုတော့ အမျိုးသမီး ၁၅ ရာခိုင်နှုန်းမှာတွေ့ရတတ်ပြီး မီးဖွားပြီး ၂ နှစ် လောက်အထိ ကြာတတ်ပါတယ်။ အဲဒီအမျိုးသမီးတွေမှာတော့ သီးခြားနေထိုင်လိုခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ ကလေးငယ်နှင့် ခပ်ခွါခွါနေခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။

.

ပြုစုစောင့်ရှောက်ခြင်း

စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာဟာ တော်တော်တော့ မလွယ်ပါဘူး။ သူတို့ကို ဂရုတစိုက်လုပ်ပေးရင် အချိန်ကြာလာတာနဲ့အမျှ အံ့သြဖို့ကောင်းတဲ့ ရလဒ်ကောင်းတွေကို ရလာနိုင်ပေမယ့် စလုပ်လုပ်ချင်းမှာတော့ အခက်အခဲတွေကို အတော်ကို ကြုံတွေ့ရနိုင်ပါတယ်။ သူတို့ကို ကူညီပေးနေတယ်လို့လည်း အသိအမှတ်မပြုပါဘူး။ ဒါကြောင့် သူတို့ကို ပြုစုစောင့်ရှောက်တော့မယ်ဆိုရင် စိတ်ရှည်သည်းခံဖို့လိုအပ်သလို ခိုင်မာတဲ့ ဇွဲလုံ့လရှိဖို့လည်း လိုအပ်ပါတယ်။

.

သူတို့ကို ပုံမှန်အနေအထားအတိုင်းပြန်လည်ရောက်ရှိစေဖို့ ကြိုးစားတဲ့အခါမှာ အနားပတ်ဝန်းကျင်ကနေ ကူညီဖေးမမှုတွေပေးတာဟာ အဲဒီလူရဲ့ ဘဝကို ကယ်တင်နိုင်တဲ့အခြေခံအကြောင်းအရာတွေပါပဲ။ လူနာတစ်ယောက် အနားမှာ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ၂၄ နာရီလုံးစောင့်ကြပ် ကြည့်ရှုနိုင်မှာ မဟုတ်တာကြောင့် အိမ်သူအိမ်သား များအနေနဲ့ လူနာမှာ ဘာတွေပြောင်းလဲလာသလဲ၊ ဘယ်လိုတိုးတက်မှုတွေရှိနေလဲဆိုတာကို သေချာစောင့်ကြပ် ကြည့်ရှုဖို့လိုပါတယ်။

.

ကြုံတွေ့နိုင်တဲ့ အခက်အခဲများ

စိတ်ကျရောဂါဟာ တခြားကျန်းမာရေးပြဿနာတွေနဲ့ အတော်ကိုကွာခြားမှုတွေ ရှိနေပါတယ်။ ဝေဒနာခံစား နေရတဲ့သူတွေဟာ သူတို့အခြေအနေမှန်ကို ပြောပြပြီး အကူအညီတောင်းခံတယ်ဆိုတာ အတော်ကိုနည်းပါတယ်။ စိတ်ကျရောဂါဝင်နေတဲ့သူတစ်ယောက်ဟာ သူတို့ကိုယ်သူတို့အပြစ်ရှိသူတစ်ယောက်လို စိတ်ထဲမှာ အခိုင်မာစွဲထင်နေပြီး သူတို့ကိုယ် သူတို့တန်ဖိုးမဲ့သူများလို့ ထင်မြင်နေကြပါတယ်။ သူတို့ကိုယ်သူတို့ယုံကြည်မှုလျော့နည်းလာကြသလို သူတို့ လုပ်နေကျ ပုံမှန်အပြုအမူတွေကို စိတ်ပါဝင်စားမှုလျော့နည်းလာပါတယ်။

.

အဲဒီလို စိတ်ခံစားမှုတွေကနေ မိသားစုအသိုင်းအဝိုင်းကနေ သီးခြားခွဲထွက်နေလိုခြင်း၊ ကက်သီးကက်ဖဲ့ လုပ်ခြင်း၊ မှုန်တေတေလက္ခဏာတို့ကို ကြုံတွေ့ရတတ်တာကြောင့် သူတို့တွေနဲ့ လိုက်လျောညီထွေအောင် နေတတ်ဖို့က အတော်ကို ခက်ခဲပါတယ်။ ကျွန်မတို့ပေးလိုက်တဲ့အကူအညီတွေ၊ အထောက်အကူတွေကို လက်မခံတာမျိုးကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ စိတ်ကျရောဂါနဲ့ပတ်သက်ပြီးကြုံတွေ့လာမယ့် လက္ခဏာတွေကို ကောင်းကောင်း နားလည်ထားမယ်၊ သူတို့နဲ့သင့်တော်အောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေကို သိထားရင်တော့ သူတို့ရဲ့ပြဿနာ တွေကို ကူညီဖြေရှင်းပေးရတာ အတော်ကို အဆင်ပြေသွားပါလိမ့်မယ်။

.

စကားပြောဆိုရာမှာ သတိထားပါ

”ဝမ်းနည်းမနေပါနဲ့။ မင်းအသက်ရှင်ဖို့ တခြားအရာတွေအကုန်လုံးကျန်နေပါသေးတယ်” ဆိုတဲ့စကားလို စေတနာနဲ့ပြောတဲ့စကားတွေ၊ ”ဒါလောက်လေးတောင် အိနြေ္ဒမဆည်နိုင်ဘူးလား၊ စိတ်ညစ်ခံမနေစမ်းပါနဲ့” ဆိုတာလိုမျိုး စာနာစိတ်မဲ့တဲ့စကားတွေ အားလုံးဟာ သူတို့ကို အထောက်အကူမပြုနိုင်ပါဘူး။ လူတိုင်းဟာ စိတ်ညစ်ရမယ့်အကြောင်း အရာမျိုးတွေကို တယုတယမွေးမြူထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ဟာ စိတ်ညစ်ခံမနေပါနဲ့ ဆိုတဲ့စကားကို လိုက်နာဖို့တော့ အတော်ကို ခက်ခဲပါလိမ့်မယ်။ သူတို့ဘာသာသူတို့ ပျော်ရွှင်အောင် နေနိုင်ပြီဆိုရင်တော့ သူတို့ဟာ ပုံမှန်အနေအထားအတိုင်း ဆက်ပြီး ဖြတ်သန်းနိုင်ပါလိမ့်မယ်။

.

အကောင်းဆုံးနည်းလမ်း

သူတို့ရဲ့ခံစားချက်တွေ၊ ပြဿနာတွေအကြောင်းကို စိတ်ပါဝင်စားစွာနဲ့ ဆွေးနွေးပြောဆိုကြည့်ပါ။ သူတို့ပြောလာတဲ့အကြောင်းအရာတွေဟာ မမှန်ကန်ဘူး၊ အဓိပ္ပါယ်မရှိဘူးလို့ ထင်နေရင်တောင်မှ စာနာစိတ်ထားပြီး ဂရုစိုက်နားထောင်ပေးလိုက်ပါ။ ကမ္ဘာမြေကြီးကို သူတို့လက်ခံထားတဲ့ အမြင်အတိုင်း လက်ခံပေးသင့်ပါတယ်။ ကျွန်မတို့ အလိုရှိနေတဲ့ ကျိုးကြောင်းဆီလျော်တဲ့ အခြေအနေမျိုးကို သူတို့ချက်ခြင်းပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။

.

စိုးရိမ်ကြောင့်ကြမှုပြေပျောက်စေဖို့ဆိုပြီး အခြေအမြစ်မရှိတဲ့၊ လှိုက်လှဲမှုမရှိတဲ့ အကြံဥာဏ်မျိုးကိုလည်း မပေးသင့်ပါဘူး။ သူတို့ပြောတာကို နားထောင်ပေးပြီး ကုသမှုခံယူဖို့အတွက်တော့ သူတို့ရဲ့ ဆရာဝန်နဲ့ အချိန်မှန် တွေ့ဆုံနိုင်အောင် စီစဉ်ပေးသင့်ပါတယ်။ သူတို့ဝေဒနာတွေ သက်သာဖို့အတွက် ဆေးဝါးကုသမှုခံယူတာကသာ အကောင်းဆုံးနည်းလမ်းပါပဲ။ ဆရာဝန်နဲ့ချိန်းဆိုထားတဲ့ဆီကို သူတို့ကိုခေါ်သွားဖို့ လိုအပ်ပေမယ့် မဖြစ်မနေလိုက်ရမယ် လို့တော့ ဖိအားမပေးသင့်ပါဘူး။ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။

.

တိုးတက်မှုကို စောင့်ကြည့်ပါ

စိတ်ကျဝေဒနာကို တဖြည်းဖြည်းချင်းခံစားခဲ့ရတာဖြစ်တာကြောင့် လူနာဟာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် အချိန်လိုပါတယ်။ သူတို့အတွက် အကောင်းဆုံးကတော့ သိမ်မွေ့နူးညံ့မှုနဲ့ စိတ်ရှည်သည်းခံမှုပါပဲ။ ဒါကြောင့် သူတို့ကို အသေအချာ စောင့်ကြပ်ကြည့်ရှု့ပြီး တိုးတက်မှုတွေကို အကဲဖြတ်ချင့်တွက်ဖို့လိုပါတယ်။ တိုးတက်မှုမရှိလာဘဲနဲ့ သူတို့အခြေအနေဟာ ပိုပြီးဆိုးရွာလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့နောက်တစ်ကြိမ် တွေ့ဆုံသင့်ပါတယ်။ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံတဲ့အတွက် လက်ရှိကုသနေတဲ့ ကုသမှုတွေအကြောင်းအပါအဝင် နောက်တစ်ကြိမ်တွေ့ဆုံရမယ့် ရက်၊ ညွှန်ကြားထားတဲ့ ဆေးအမျိုးအစား၊ မှန်ကန်တိကျတဲ့ပမာဏ၊ ကြုံတွေရမယ့် ဘေးထွက်ဆိုးကျိုးတို့အကြောင်းကို ရှင်းရှင်းလင်း လင်းသိနိုင်ပါတယ်။

.

စိတ်ကျရောဂါကို အသက်အရွယ်မရွေးခံစားရတယ်ဆိုပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ ဝေဒနာက ပိုပြီး ပြင်းထန်ပါတယ်။ သူတို့ရဲ့ဘဝ တစ်လျှောက်မှာ စိတ်ဖိစီးမှုတွေကို အတော်အသင့်ကြုံတွေ့ခဲ့ရဖူးပြီ။ နာတာရှည်ဝေဒနာ တွေ၊ အာရုံကြောထိခိုက်ပျက်စီးမှုတွေ၊ နှလုံးရောဂါ၊ မသန်စွမ်းခြင်း၊ သီးခြားနေခြင်း၊ နာတာရှည်နာကျင်မှုများ၊ ဆွေမျိုးသားချင်းများဆုံးရှုံးရမှု စတဲ့ အကြောင်းကြောင်းတွေကြောင့် စိတ်ကျဝေဒနာကို ပိုပြီး ခံစားရလွယ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ သူတို့တွေကို ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးမချို့တဲ့ရလေအောင် ဝိုင်းဝန်းကြိုးပမ်းပေး ဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်ဖို့၊ အာဟာရပြည့်ဝအောင်စားဖို့၊ သွေးဖိအား၊ သွေးတွင်းအဆီဓါတ်တွေကို လျော့ချဖို့ ကြိုးစားပေးမယ်။ လှုပ်လှုပ်ရှားရှားနေရအောင်၊ လူမှုကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်အောင် လက်တွဲခေါ်သွားပေး မယ်ဆိုရင်တော့ သူတို့အနာဂတ်တွေဟာ ပြန်လည်ပြီးလှပလာဦးမှာ အမှန်ပါပဲ။

.

.

နှင်းနုလွင် (ဆေးဝါး)

အာရောဂျံ မဂ္ဂဇင်း

 

မျက်ရည်နဲ့ ခန္ဓာကိုယ် November 1, 2010

Filed under: ကျန်းမာ သုတ — thetsonehnin @ 9:24 AM
Tags:

“First Cry is First Breath” ။ ကျွန်မတို့ဟာ လူရယ်ဆိုပြီး ပြင်ပလောကကို အခြေချတော့မယ့်အချိန်မှာ အဆုတ်က စတင်အလုပ်လုပ်ဖို့အတွက် ငိုရတာကြောင့် ဒီစကားစုလေး ဖြစ်ပေါ်လာရတာပါ။ အဲဒီလိုမျိုး ဘဝကို အငိုနဲ့စခဲ့ရတာကြောင့် မျက်ရည်ဆိုတဲ့စကားလုံးကို ကျွန်မတို့အားလုံး ရင်းနှီးနေကြပါတယ်။ လူတိုင်းဟာ ငိုဖူးတဲ့သူ တွေချည်းဆိုပေမယ့် မျက်ရည်ရဲ့သဘာဝကိုတော့ လူတိုင်းမသိထားကြပါဘူး။ ”မျက်ရည်ကျတာဟာ နာကျင်မှုခံစား ရချိန်မှာစိတ်သက်သာရာရစေတဲ့အရာ”ဆိုတာထက် ပိုပြီးလေးနက်တဲ့ စွမ်းဆောင်ရည်တွေရှိနေပါတယ်။ ခန္ဓာကိုယ် ထဲကနေ ထွက်ခွါသွားတဲ့အရာတွေထဲမှာ မျက်ရည်လိုမျိုး အကျိုးပြုပေးနိုင်တဲ့ အရာမရှိသေးပါဘူး။ သိပ္ပံပညာရှင် တွေကတော့ လူတွေဆီမှာ မျက်ရည်လောက် နားလည်ရခက်တဲ့အရာမျိုး မရှိဘူးလို့ ဆိုထားကြပါတယ်။

.

မျက်ရည်ဆိုတာ…

မငိုပေမယ့်လည်း မျက်စိထဲတစ်ခုခုဝင်ရင် မျက်ရည်ကျတတ်တယ်ဆိုတာကို ကျွန်မတို့တွေ သိထားကြပါ တယ်။ မျက်စိကို အကျိုးပြုဖို့ရန်အတွက် မျက်ရည်ဟာ အချိန်တိုင်းမှာ ထွက်နေပါတယ်။ ပြင်ပကနေ ဝင်လာတဲ့ အမှုန်တွေကို ဖယ်ရှားရှင်းလင်းဖို့၊ မျက်လုံးကို သန့်ရှင်းစေဖို့၊ အပူဒါဏ်ကြောင့် မျက်ကြည်လွှာ ထိခိုက်တာကို ကာကွယ်ဖို့၊ မျက်စိအဖွင့်အပိတ် ရွေ့လျားမှုများ ချောမွေ့ဖို့၊ မျက်စိအတွင်း ခိုးလိုးခုလု ဖြစ်မနေစေဖို့ အတွက် မျက်ရည်ဟာ အရမ်းကို အရေးကြီးပါတယ်။

.

ဒါကြောင့် အိပ်ချိန်ကလွဲရင် မျက်စိဖွင့်ထားတဲ့အချိန်တိုင်းမှာ မျက်ရည်ထွက်နေပါတယ်။ မျက်ရည်ကို ထုတ်ပေးမယ့် မျက်ရည်အိတ်တွေကတော့ မျက်လုံးရဲ့အပေါ် အပြင်ဘက်ထောင့်စွန်းမှာရှိနေပြီး မျက်ရည်တွေဟာ နှာခေါင်းနဲ့ကပ်လျက် မျက်ရည်ပြွန်ကနေ အပြင်ကို ထွက်လာပါတယ်။ သူတို့ဟာ မျက်လုံးတစ်လျှောက် စီးဆင်း လာပြီး မျက်တောင်အကြိမ်ကြိမ်ခတ်ပေးလိုက်ရင်တော့ မျက်လုံးတစ်ဝှိုက်ပျံနှံကာ ချောဆီ အနေနဲ့ အလုပ်လုပ်ပေး ပါတယ်။

.

ကျွန်မတို့က ရေစက်ရေပေါက်လို့မှတ်ထင်နေတဲ့ မျက်ရည်ဟာ သာမန်ရေစက်ရေပေါက်လေးနဲ့ မတူပါဘူး။ မျက်ရည်တစ်စက်မှာ အပြင်ဘက်ဆုံးက အဆီပြင်လွှာ၊ အလယ်မှာက ရေလွှာနဲ့ အတွင်းဘက်မှာတော့ စေးပစ်နေ တဲ့အလွှာ ဆိုပြီး အလွှာ ၃ လွှာ ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ မျက်လုံးတွေ ချောမွေ့မှုရှိနေတာဟာ မျက်ရည်အတွင်း လွှာရဲ့ ဂုဏ်သတိကြောင့်ပါ။ ဒါ့အပြင် မျက်ရည်မှာပါဝင်တှဲု့ာာကညသါူသဘကူငည ပရိုတင်း Immunoglobulin နဲ့ Lysozyme အင်ဇိုင်း တို့ဟာ ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မျက်စိကိုကာကွယ်ပေးပြီးသား ဖြစ်နေပါတယ်။

.

အမျိုးသမီးတွေက မျက်ရည်ပိုကျသလား…

မွေးဖွားပြီးလို့ ရက်သတ္တပတ်အတွင်းမှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ငိုနေပေမယ့် မျက်ရည်မပါသေးပါဘူး။ အသက် ၁၂ နှစ်လောက် ရောက်တဲ့အထိလည်း ယောက်ျားလေးနဲ့ မိန်းကလေး မျက်ရည် ကျတာ သိပ်ပြီး မကွာခြားသေးပါဘူး။ အသက် ၁၈ နှစ်နောက်ပိုင်းရောက်ရင်တော့ မိန်းကလေးတွေဟာ ယောကျာ်း လေးတွေထက် ၄ဆလောက် ပိုပြီးငိုတတ်လာတယ်။ အခုလို မိန်းကလေးတွေဟာ အငိုလွယ်ကြတယ်၊ မျက်ရည်လွယ် လွယ်ကျတယ်ဆိုတာ ဘာကြောင့်လဲ။

.

အမျိုးသမီးတွေမှာ Prolactin လို့ ခေါ်တဲ့ဟော်မုန်းတွေပိုပြီး ပါပါတယ်။ ယောက်ျားလေးတွေဆီမှာက ပါပေမယ့် အရမ်းနည်းပါတယ်။ အဲဒီဟော်မုန်းဟာ နို့ရည်စစ်ထုတ်မှုနဲ့ သက်ဆိုင်သလို မျက်ရည်ထုတ်တာနဲ့လည်း ဆက်စပ်နေပါတယ်။ အသက် ၁၂ နှစ်ပြည့်ပြီးချိန် (အပျိုဖော်ဝင်ပြီးချိန်) ရောက်ရင် မိန်းကလေးတွေမှာ Prolactin ဟော်မုန်းဟာ ၆ဝ ရာခိုင်နှုန်းလောက် ပိုများနေတာကြောင့် မျက်ရည်အလွယ်တကူကျလာပါတယ်။ သွေးဆုံးခါနီး အချိန်ကိုရောက်ရင်တော့ ဟော်မုန်းထုတ်လုပ်မှုက ၅ဝရာခိုင်နှုန်း အထိလျော့ကျသွားနိုင်လို့ မျက်လုံးခြောက်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။

.

မျက်ရည်ကျတယ်ဆိုတာ..

ကျန်းမာရေးကောင်းတဲ့သူတွေမှာတော့ မျက်ရည်ဂလင်းကနေ မျက်ရည်ကို ပုံမှန်ထုတ်ပေးနေပါတယ်။ မျက်လုံးအတွင်းမှာ အမြဲစီးဆင်းနေတဲ့ မျက်ရည်ဟာ ဝမ်းနည်းစရာ၊ ဝမ်းသာစရာတွေ ကြုံတွေ့ရတဲ့အချိန်မှာဆိုရင် ပိုပြီးထွက်လာပါတယ်။ ကူးစက်ပိုးတစ်စုံတစ်ရာဝင်တဲ့အချိန်၊ ဖုန်မှုန့်၊ သဲမှုန့်၊ အငွေ့တွေကြောင့် မျက်ရည်ကျတတ် သလို မျက်မြေးပါးရောင်တာလို မျက်စိနဲ့ပတ်သက်တဲ့ အခြေအနေတချို့မှာလည်း မျက်ရည်ကျတတ်ပါတယ်။

.

မျက်ရည်ကျရတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်ရင်တော့ ဝမ်းနည်းကြေကွဲမှုကြောင့် ငိုရတာက ၄၉ % လောက် ရှိတာကို တွေ့ပါလိမ့်မယ်။ ပျော်ရွှင်ခြင်းကြောင့် မျက်ရည်ကျရတာက (၂၁%)၊ ဒေါသထွက်ခြင်း ကြောင့်ကျတဲ့ မျက်ရည်ကလည်း (၁ဝ%) လောက်ရှိနေပါတယ်။ စာနာစိတ်၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှု၊ သမ်းဝေ ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အော့အန်ခြင်းတို့ကြောင့်လည်း မျက်ရည်ကျတတ်ပါတယ်။

.

နို့တိုက်သတ္တဝါတချို့ဟာ မျက်စိထဲကိုတခုခုဝင်လာတာကို တုံ့ပြန်ဖို့ မျက်ရည်ကျနိုင်ပြီး အဲဒီမျက်ရည်တွေ ဟာ ချောဆီအနေနဲ့လည်းအလုပ်လုပ်ပေးပါတယ်။ ဆင်နဲ့ မျောက်တွေဟာ မျက်ရည်ကျနိုင်ပေမယ့် စိတ်ခံစားမှု ကြောင့် မျက်ရည်ကျရတာကတော့ လူတွေပဲရှိပါတယ်။ သိပ္ပံပညာရှင်တွေကတော့ စိတ်ဖိစီးမှု၊ မျက်ရည်၊ နှလုံးရော ဂါနဲ့ သက်ကြီးအတိတ်မေ့ရောဂါကြားက ဆက်စပ်မှုကို ရှာဖွေလျက် ရှိပါတယ်။

.

မျက်ရည်နဲ့ ကျန်းမာရေး..

မျက်ရည်ဟာ မျက်လုံးတွေကိုသာ အကျိုးပြုနိုင်တာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ကဗျာဆရာတွေ၊ စာပေပညာရှင်တို့ကတော့ မျက်ရည်တွေအပြင်ကိုထွက်လာတာဟာ လူတွေအတွက် ကောင်းတယ်လို့ ဆိုခဲ့ကြပါတယ်။ ရှိတ်စပီးယားကတော့ ငိုကြွေးတာဟာ ပူဆွေး သောကတွေကို လျော့ကျသွားအောင် လုပ်ပေးတယ်လို့ ဆိုထားပါတယ်။ အခုတော့ ငိုကြွေးတာဟာလူတွေအားလုံးအတွက် ကောင်း တယ်ဆိုတာကို သုတေသီတွေက အတည်ပြုပြောဆိုလာပါပြီ။

.

မျက်လုံးယားယံပြီးကျတဲ့မျက်ရည်တွေဟာ စိတ်လှုပ်ရှားမှုကြောင့်ကျတဲ့ မျက်ရည်နဲ့ ကွာခြားမှုရှိပါတယ်။ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့မျက်ရည်တွေမှာ Immunoglobulin ပရိုတင်းတွေ ပါဝင်မှုပိုများသလို နာကျင်မှုကိုသက်သာစေတဲ့ Betaendorphin လည်း ပါဝင်နေပါတယ်။ မျက်ရည်ဟာ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ မကောင်းမြင်စိတ်ကို လျော့ကျစေခြင်း၊ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်တို့ကို ဖယ်ရှားနိုင်ခြင်း၊ ခန္ဓာကိုယ်က ဝေဒနာတွေကို အလိုလို ပြန်ကုစားနိုင်ခြင်း၊ စွမ်းအင်ကိုပြန်ပြည့်စေခြင်းတို့ကြောင့် ကျွန်မတို့အတွက် တကယ့်ကို အကျိုးရှိတဲ့ ပစ္စည်းပါပဲ။

.

ငိုချလိုက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ တိုးကောင်းမွန်လာသလို ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို လည်း အထောက်အကူပြုပါတယ်။ မိမိချစ်ခင်တဲ့သူ တစ်စုံတစ်ယောက်ကိုဆုံးရှုံးသွားချိန်၊ ထိခိုက်ဒါဏ်ရာရတဲ့ အချိန်မျိုးမှာဆိုရင် နှလုံးရောဂါရဲ့ တိုက်ခိုက်မှုဒါဏ်ကို ပိုပြီးခံစားရပါတယ်။ အဲဒီအချိန်မှာ ငိုချလိုက်တဲ့သူတွေ အနေနဲ့ နှလုံးရောဂါဖြစ်နိုင်ချေ နည်းသွားပါတယ်။ ပူဆွေးသောက ရောက်နေတဲ့သူတွေ ငိုလိုက်တဲ့နောက်မှာ သူတို့ ခံစားရတာတွေ လျော့ကျသက်သာသွားပါတယ်။

.

မျက်ရည်ဟာ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း၊ ရှုထုတ်လိုက်တဲ့လေတွေလိုပဲ ခန္ဓာကိုယ်အတွက် အဆိပ် အတောက်ရှိတဲ့ ပစ္စည်းတွေနဲ့ အခြားစွန့်ထုတ်ပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။ ငိုချလိုက်တဲ့အခါ အဆုတ်က ပွင့်သွားပါတယ်။ မျက်နှာကြွက်သားတွေကို ပုံမှန်အလုပ်လုပ်စေခြင်း၊ မျက်လုံးများကို အလုပ်လုပ်စေခြင်း၊ ဒေါသကို လျော့ကျစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရှိသလို နွမ်းနယ်မှုတွေကို သက်သာစေပါတယ်။

.

စိတ်ဖိစီးမှုနဲ့ မျက်ရည် …

စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ Stress Hormone တွေဟာ ဦးနှောက်မှာရှိတဲ့ Hippocampus နေရာကို သွားပြီး သက်ရောက်ပါတယ်။ အဲဒီနေရာဟာ သင်ယူမှုနဲ့ မှတ်ဥာဏ်စွမ်းရည်တည်ရှိနေတာကြောင့် လူတစ်ယောက် ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဆက်စပ်ပြီး ပြဿနာတွေရှိလာပါတယ်။ Stress Hormone တွေဟာ Hippocampus နေရာကနေ ဂလူးကို့စ်ရယူမှုကို လျော့ကျသွားစေပါတယ်။ ဂလူးကို့စ်ကိုသာ လောင်စာအဖြစ်အသုံးပြုနိုင်တဲ့ ဦးနှောက်ရဲ့ဆဲလ်တွေဟာ ဂလူးကို့စ်မရတဲ့အခါ သေသွားတတ်ပါတယ်။

.

စိတ်ဖိစီးမှုကို ခံစားနေရတဲ့အချိန်မှာ ကျောက်ကပ်ရဲ့ အပေါ်ဘက်ရှိ Adrenal Gland က ထုတ်လိုက်တဲ့ စတီးရွိုက် Steroids တွေ ကြောင့်လည်း Hippocampus နေရာရှိ အာရုံကြောတွေ ဆုံးရှုံးသွားတတ်ပါတယ်။ စိတ်ဖိစီးမှုဟာ နာဗ်ကြောများဖွံ့ဖြိုးမှုကို ၅ဝ ရာခိုင်နှုန်းအထိ ဆုတ်ယုတ်သွားစေသလို အသက်ရှုလမ်းကြောင်း အပေါ်ဘက်မှာ ကူးစက်ပိုးဝင်စေပါတယ်။ ဆေးတွေကိုလည်း အလွယ်တကူ စွဲနိုင်လာပါတယ်။

.

လူတွေမှာစိတ်ဖိစီးမှုကိုလျော့ချနိုင်မယ့် နည်းလမ်းအမျိုးမျိုးရှိပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အကြောင်း အရာတွေကို ရှောင်တာကတော့ အဓိကပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်၊ ယှဉ်ပြိုင်ရတဲ့အားကစားမျိုးကိုဆော့မယ်၊ ဝါသနာပါရာ တစ်ခုခုအပေါ်မှာ အာရုံစူးစိုက်မယ်ဆိုရင်လည်း စိတ်ဖိစီးမှုကို လျော့နည်းစေတာပါပဲ။ သူတို့လိုပဲ စိတ်ဖိစီးမှုတွေကို အနိုင်ယူနိုင်တဲ့ နောက်အချက်ကတော့ ငိုဖို့ပါပဲ။

.

စိတ်ဖိစီးမှုခံစားနေရတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ Chemicals တွေကို ဖယ်ရှားဖို့ အကောင်းဆုံး နည်း လမ်းတွေထဲမှာ ငိုချလိုက်ဖို့လည်း ပါပါတယ်။ ငိုလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ Chemicals တွေဟာ အပြင်ကို ထွက်သွားတာကြောင့် သူနဲ့ဆက်စပ်ပြီးဖြစ်လာနိုင်တဲ့ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ဦးနှောက် ပျက်စီးမှုတို့ကို ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုရှည် ရတာကလည်း ဒီအချက်နဲ့ ဆက်စပ်မှုရှိနေပါတယ်။

.

မျက်ရည်မကျတော့ရင် ဘာဖြစ်နိုင်သလဲ။

ကျန်းမာရေးကောင်းတာဟာ မျက်ရည်ကျတာနဲ့ ဆက်စပ်နေပါတယ်။ တကယ်လို့ မျက်ရည်မကျတော့ဘူး၊ မငိုနိုင်တော့ဘူးဆိုရင် ဆရာဝန်နဲ့တွေ့ဆုံပြီး မျက်ရည်ပြွန်တွေမှာ ပိတ်ဆို့မှုရှိနေလား၊ တခြား ပြဿနာကြောင့်လား ဆိုတာကို စစ်ဆေးရပါတော့မယ်။ မျက်ရည်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်နိုင်တဲ့ ပြဿနာက ၂ မျိုးရှိပါတယ်။ တစ်ခုက မျက်ရည်ကြည်ကျတာဖြစ်ပြီး နောက်တစ်မျိုးကတော့ မျက်လုံးခြောက်တာပါပဲ။

.

မျက်ရည်ကြည်ယိုတယ်ဆိုတာက တစ်ခါတစ်ရံမှာ မျက်ရည်တွေ အလွန်အကျွံ ထွက်တာပါပဲ။ လေတိုက်တဲ့ အခါ၊ တစ်စုံတစ်ရာကို စူးစိုက်ပြီးကြည့်တဲ့အခါ၊ မျက်စိနဲ့မတည့်တဲ့ တစ်စုံတစ်ရာနဲ့ ထိတွေ့မှုရှိတဲ့ အခါမျိုးတွေမှာ ဒီပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ များသောအားဖြင့်တော့ မျက်ရည်ကြည်ကျတာဟာ မျက်ရည်ယိုစီးတဲ့ System မှာ တစ်စုံတစ်ရာပိတ်ဆို့မှု ရှိတာကြောင့်ပါပဲ။

.

မျက်ရည်ပြွန်တွေမှာ ပိတ်ဆို့မှုရှိတဲ့အခါမှာ မျက်ရည်ကျနေတတ်ပြီး သူ့ကြောင့် မျက်မြှေးပါးတွေပါ ရောင်ရမ်းတတ်ပါတယ်။ ဒီပြဿနာကို ကလေးငယ်တွေမှာ အတွေ့ရများပြီး သူတို့ရဲ့ မျက်လုံးနဲ့ နှာခေါင်းကြား ကနေရာကို နှိပ်နယ်ပေးရင် ပိတ်နေတဲ့ပြွန်တွေဟာ ပြန်ပွင့်သွားပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့ကို စမ်းသပ် စစ်ဆေးဖို့လိုအပ်ပါတယ်။ တစ်ချို့ကလေးတွေမှာတော့ ရှားရှားပါးပါး ခွဲစိတ်မှုလုပ်လိုက်ရတာမျိုး ရှိတတ်ပါတယ်။

.

မျက်လုံးခြောက်တဲ့ပြဿနာကိုတော့ မျက်ရည်ထုတ်လုပ်မှုနည်းတဲ့ အသက်ကြီးပိုင်းမှာ ပိုတွေ့ရပါတယ်။ အဆစ်အမြစ်ကိုက်၊ လေးဘက်နာရောဂါမျိုးတွေ၊ ဆီးဆေးတွေ၊ ဆေးတစ်ချို့ကြောင့်လည်း မျက်လုံးခြောက်နိုင် ပါတယ်။ မျက်လုံးခြောက်တဲ့သူတွေအနေနဲ့ မျက်လုံးထဲမှာ သက်တောင့်သက်သာမရှိဘဲနဲ့ ရှတတခံစားမှုမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ ဒါကို သက်သာဖို့ဆိုရင် မျက်စဉ်း၊ မျက်ရည်တုတို့ကို သုံးပေးနိုင်ပါတယ်။ တခါတရံတော့ ညဘက်မှာ Eye Ointment ကို အသုံးပြုပေးရပါတယ်။

.

နောက်တစ်ချက်ကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာပါ။ သူတို့ခံစားချက်တွေကို နှစ်ပေါင်းများစွာ သိုဝှက်ထား တတ်တဲ့သူတွေဟာ မငိုတတ်ကြပါဘူး။ ဒါပေမယ့် မိသားစုတစ်စုမှာ ဘယ်တော့မှမငိုတဲ့ မိန်းကလေးတစ်ယောက် ဟာ သူတို့ရဲ့ ဆရာဝန်နဲ့ တွေ့ဆုံချိန်ရောက်ရင်တော့ ရှိုက်ကြီးတငင် ငိုကြွေးတတ်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို နှစ်ပေါင်းများစွာ ငုပ်လျှိုးစေခဲ့ပြီး သူတို့ယုံကြည်ရတဲ့ တစ်စုံတစ်ယောက်နဲ့တွေ့တဲ့အချိန် ရောက်ရင်တော့ မျက်ရည်တွေဟာ အလိုလို ကျလာပြီး သူတို့ စိတ်သက်သာရာကို ရှာတတ်ကြပါတယ်။

.

ရယ်မောခြင်းလိုပဲ မျက်ရည်ကလည်း ကျွန်မတို့အားလုံးအတွက် သဘာဝကပေးထားတဲ့ ကျန်းမာရေး လက်ဆောင်မွန်ပါပဲ။ ရယ်မောခြင်းကြောင့် ဘဝအမောတွေပြေကြတယ်၊ စိတ်ဖိစီးမှုတွေလျော့နည်းသွားတယ်၊ နုပျိုတယ်၊ အသက်ရှည်တယ်ဆိုတဲ့ အချက်တွေကို တခမ်းတနားဖော်ပြတတ်ကြပေမယ့် မျက်ရည်ကိုတော့ ကျွန်မတို့ မေ့လျော့နေတတ်ပါတယ်။ တကယ်တော့ မျက်ရည်ဟာ ကျွန်မတို့ရဲ့ မပျော်ရွှင်ခြင်း၊ ဝမ်းနည်းအားငယ်ခြင်း၊ နာကျင် ခြင်းတို့အတွက် အကောင်းဆုံး ထွက်ပေါက်တစ်ခုပါ။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့် ခံစားနေရတဲ့အချိန်မှာ မျက်ရည်တွေကို စီးဆင်းခွင့်ပြုလိုက်ပါ။ ထွက်သွားသင့်တဲ့ Chemicals တွေကို ထွက်သွားခွင့်ပြုပေးလိုက်ပါ။ ဒါကလည်း ကျွန်မတို့ကို သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

.
.

နှင်းနုလွင် (ဆေးဝါး)

Arogym Magazine

 

ရင်သွေးငယ်တို့အတွက် လျှပ်တစ်ပြက်ကုထုံးများ September 28, 2010

Filed under: ကလေးသုတ — thetsonehnin @ 10:03 AM
Tags:

ချော်လဲခြင်း သို့မဟုတ် လမ်းပေါ်၌ ရုတ်တရက် ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင်

(က) ခေါင်း၊ ကျောရိုးနှင့် လည်ပင်းတို့၌ ဒဏ်ရာရရှိခြင်းသည် အလွန်ပင် အန္တရာယ်ရှိပါသည်။ ထိုနေရာတို့သည် အာရုံကြောများ ဆက်သွယ်မှုအတွက် အရေးပါသော နေရာများဖြစ်သောကြောင့် တစ်သက်တာကာလပတ်လုံး လေဖြတ်လေငန်းရောဂါ ရစေခြင်း၊ ရုတ်တရတ် အန္တရာယ်ကို ခြိမ်းခြောက်ခြင်း တို့ကိုဖြစ်ပေါ် စေပါသည်။ ထိုအခြေအနေမျိုးတွင် ကလေး၏ဦးခေါင်းလှုပ်ရှားမှုကို အကန့်အသန့်လေး တစ်ခုထား၍ လှုပ်ရှားစေပြီး ခါးကိုလိမ်၍ နောက်သို့ ကြည့်ခြင်း၊ လည်ပြန် လှည့်ကြည့်ခြင်းတို့ကို ရှောင်ရှားစေရမည်။

(ခ) ကလေး၏အရိုးများ အက်သွားခြင်း၊ ကျိုးသွားခြင်းတို့ဖြစ်ပါက ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။ ထိုအခါမျိုးတွင် ကလေးကိုဖြစ်သောနေရာမှ ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်ငြိမ်လေးနေစေ၍ လိုအပ်သော ဆေးဝါးအကူအညီကို ချက်ချင်းရယူသင့်သည်။

(ဂ) အကယ်၍ ကလေးငယ်သည် သတိလစ်မေ့မြောနေပါက ကလေးကို သက်သောင့်သက်သာ အနေအထားတွင် ရှိနေစေပြီး လိုအပ်သော အကူအညီကို ချက်ချင်းရယူမည်။

(ဃ) ဒဏ်ရာမှ ဆိုရွားစွာနာကျင်ခြင်း၊ အဆစ်လွဲခြင်းသည် ပိုမိုနာကျင်ခြင်းတို့ဖြစ်ပေါ်ပါက ရေအေး သို့မဟုတ် ရေခဲနှင့် ထိုနေရာကို ၁၅ မိနစ်ခန့် စောင့်လိုက်နှင့် ကြိမ်ဖန်များစွာပြုလုပ်ပေးရမည်။ အဘယ်ကြောင့်ဆိုသော် ရေအေး၊ ရေခဲတို့သည် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် အနာပြဲခြင်းတို့ကို လျင်မြန်စွာ လျော့ကျစေသောကြောင့် ဖြစ်သည်။

(င) တတ်ကျွမ်းသူတို့၏ အကူအညီကို ရယူ၍ နီးစပ်ရာဆေးရုံဆေးခန်းသို့ ပို့ဆောင်ရမည်။

.

ထိခိုက်ရှနာ ရခဲ့ပါလျှင်

(က) သေးငယ်သော ထိခိုက်ရှနာအတွက်

– အနာကို သန့်ရှင်းသောရနှင့်ဆပ်ပြာတို့ကို အသုံးပြု၍ ဆေးကြောရမည်။

– အနာပတ်လည်ရှိ အရေပြားကို ခြောက်သွေ့ အောင်ထားရမည်။

– အရမ်းပြင်းထန်သော ပိုးမွှားသတ်ဆေးများမဟုတ်သည့် ဆေးများ ဥပမာ Septidine တို့ကို ဂွမ်းနှင့်တို့၍ သုတ်လိမ်းပေးရမည်။

– အနာပေါ်တွင် သန့်ရှင်းသော အ၀တ်စ၊ ဂွမ်းစတို့ကို အရင်ထားရှိပြီးအပေါ်မှ ပတ်တီးတစ်ထပ်စည်းရပါမည်။

.

(ခ) ကြီးမားသော ထိခိုက်ရှနာအတွက်

– အနာပေါ်၌မှန်စများ၊ အခြားသောပစ္စည်းများ စိုက်ဝင်နေပါက ထိုအရတို့ကို မဖယ်ရှားသင့်ပေ။ ယင်းတို့သည် သွေးထပ်မံ၍ မထွက်အောင် ကာကွယ်ပေးသောကြောင့် ဖယ်ပစ်လိုက်ပါက အနာကို ပိုမို၍ ဆိုးရွားသွားစေသည်။

– သွေးအရမ်းထွက်နေပါက ဒဏ်ရာရသောနေရာကို အထက်သို့ အနည်းငယ်မြင့်စေပြီး သန့်ရှင်းသော အ၀တ်ခေါက်လေးနှင့် အပေါ်မှ အသာအယာဖိထားပေးရမည်။ သွေးတိတ်ချိန်အထိ ဖိအားကို ထိန်းထားပေးရန် လိုအပ်သည်။

– အပင်နှင့် တိရစ္ဆာန်တို့ ရရှိသောပစ္စည်းတို့ကို အနာပေါ်သို့ တိုက်ရိုက်အသုံးပြုခြင်းသည် ကူးစက်ရောဂါတို့ကို ဖြစ်စေနိုင်သောကြောင့် ရှောင်ရှားရမည်။ – အနာပေါ်သို့ ပတ်တီးစည်ပေးနိုင်ပြီး အရမ်းတင်းကျပ်မနေစေရန် သတိထားရမည်။

– ကျန်းမာရေးဌာနသို့ အလျင်အမြန် သွားရောက်သင့်ပြီး လိုအပ်သော ဆေးဝါးကုသမှုကို ချက်ချင်းခံယူရမည်။

.

မီးလောင်ဒဏ်ရာရခဲ့ပါလျှင်

(က) အကယ်၍ ကလေး၏အ၀တ်များကို မီးစွဲလောင်ခဲ့ပါက ကလေးကို စောင် သို့မဟုတ် အခြားသော အ၀တ်ထူများနှင့် လျင်မြန်စွာရစ်ပတ်ပြီး မီးကိုငြိမ်းလိုက်ပါ။ ထိုသို့မဟုတ်လျှင်လည်းမြေပြင်တွင် လူးလိမ့်စေခြင်းဖြင့် မီးကိုငြှိမ်းသတ်လိုက်ပါ။

(ခ) မီးလောင်ထားသော နေရာကို ချက်ချင်းအေးအောင်ပြုလုပ်ပေးရမည်။ သန့်ရှင်းသောရေအေးကို များများသုံးရမည်။ အကယ်၍ မီးလောင်ဒဏ်ရာ အရမ်းပြင်းထန်များပြားပါက ကလေးကို ရေချိုးကန်၊ ရေဇလုံထဲရှိ ရေအေးအေးထဲတွင် စိမ်ထားရမည်။ မီးလောင်ဒဏ်ရာများ အေးသွားရန်အတွက် အချိန်နာရီဝက်ခန့် ကြာပေမည်။

(ဂ) မီးလောင်သောနေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပြီးအနာပေါ်မှ ပတ်တီးဖွဖွလေးစည်းပေးနိုင်သည်။ ဒဏ်ရာသည် အရမ်းပြဲလာလျှင် သို့မဟုတ် မီးလောင်ရည်ကြည်ဖုများပေါ်လာလျှင် နီးစပ်ရာ ကျန်းမာရေး ဆေးခန်းသို့ ပို့ဆောင်ပေးရမည်။

(ဃ) မီးလောင်ဖုများသည်အနာကိုဖုံးအုပ်ကာကွယ်ပေးထားသောကြောင့် ထိုအဖုလေးများကို ဆွခြင်းအားရှောင်ကြဉ်ရမည်။

(င) အနာပေါ်၌ လာရောက်တွယ်ကပ်နေသော အစအနလေးများကို မဖယ်မိပါစေနှင့်။ အနာပေါ်တွင်လည်း ရေအေးမှလွဲ၍ အခြားဘာနှင့်မျှ (ဥပမာ – ဖယောင်းပါသောဆေး) မထိတွေ့စေနှင့်။

(စ) ကလေးကို ဗီတာမင်စီပါဝင်သော အစားအစာနှင့်ဆေးများ၊ သစ်သီးဖျော်ရည်၊ သကြားနှင့် ဆားအနည်းငယ်ပါဝင်သောအရည်တို့ကို တိုက်ကျွေးနိုင်ပါသည်။

.

ရုတ်တရတ် အသက်ရှူကျပ်ခဲ့ပါလျှင်

(က) ကလေး၏ ဦးခေါင်း၊ လည်ပင်းတို့၌ ဒဏ်ရာရခြင်းကြောင့်ဖြစ်ပါက ဦးခေါင်းကို မရွှေ့ (မလှုပ်ရှာ) မိပါစေနှင့်။ ခေါင်းကို ဆက်ခနဲ လှည့်ခြင်းမျိုးကို မလုပ်မိစေဘဲ အလိုရှိရာဘက်သို့ ကိုယ်လုံးကိုပါ လိုက်၍ ရွှေ့ပေးရမည်။

(ခ) ကလေးသည် အသက်ရှူနေသော်လည်း သတိလစ်နေပါက သူ၏လျှာသည် အသက်ရှူလမ်းကြောင်းကို မပိတ်ဆို့ရလေအောင် ဘေးသို့အနည်းငယ်လှုပ်ရှားပေးရမည်။

(ဂ) ကလေးသည် အသက်ရှူရခက်ခဲခြင်း သို့မဟုတ် လုံးဝအသက်မရှူနိုင်ခြင်းတို့ဖြစ်ပေါ်ပါက ကလေးကို ပက်လက်အနေအထားအတိုင်းရှိနေစေရပြီးခေါင်းကို အနည်းငယ် စောင်းပေးရမည်။

(ဃ) ကလေး၏ နှာခေါင်းကို ပိတ်ပြီး ပါးစပ်မှ လေမှုတ်သွင်းခြင်းကို ကလေး၏ ရင်အုံမို့မောက်လာသည်အထိ ပြုလုပ်ရမည်။ ထို့နောက် တစ်မှသုံးအထိရေတွက်ပြီး နောက်ထပ်တစ်ကြိမ်ပြုလုပ်ရမည်။ ဤသည်ကို ကလေးအသက်ပြန်ရှူသည် အထိ ဆက်ကာလုပ်ပေးရမည်။

(င) အ၀တ်အစားထူထူ၊ ကျပ်ကျပ်နှင့် အရောင်တောက်တောက် ၀တ်ဆင်ခြင်းသည် အသက်ရှူကျပ်ခြင်းကို ပိုမိုဆိုးရွားစေသောကြောင့် အထူးသတိထားရမည်။

(စ) ကလေးကို လူအုပ်စုကြီး၏ ၀ိုင်းအုံကြည့်ရှူမှုအောက်မှ တတ်နိုင်သမျှ တားဆီးရမည်။

.

အဆိပ်အတောက်သင့်ခဲ့မည်ဆိုလျှင်

(က) အဆိပ်ရှိသောပစ္စည်းကိုမျိုချခဲ့ပါက ကလေးကိုအန်အောင် မလုပ်ပေးသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်း လည်ချောင်းနှင့် အစာရေမျိုပြွန်တစ်လျှောက်ရှိ အလွှာများကိုတိုက်စားခြင်း၊ ကလေးကိုပို၍ ပင်ပန်းစေပြီး ဖျားနာခြင်းတို့ကို ဖြစ်စေပါသည်။

(ခ) အကယ်၍ အဆိပ်အတောက်သည် ကလေး၏အရေပြား၊ အ၀တ်အစားတို့အပေါ်၌ ကျသွားပါက အ၀တ်အစားကို အလျင်အမြန်ဖယ်ရှားခြင်း၊ အရေပြားကို ရေများများနှင့်လောင်း၍ ဆေးခြင်းတို့ကို ပြုလုပ်ပေးရမည်။

(ဂ) မျက်လုံးထဲသို့ ၀င်ရောက်သွးသည်ဆိုပါက မျက်လုံးကိုရေသန့်သန့်ဖြင့် ၁၀ မိနစ် ကြာအောင် ဆေးကြောပေးရမည်။

(ဃ) ကလေးကို သက်သောင့်သက်သာ အနေအထားတွင်ရှိစေပြီး ချက်ချင်းဆေးရုံ၊ ဆေးခန်းသို့ခေါ်ဆောင်သွားရမည်။

(င) ဖြစ်နိုင်မည်ဆိုပါက ကလေးနှင့်အတူ အဆိပ်၏နမူနာ သို့မဟုတ် ပုလင်းအခွံတို့ကို ယူဆောင်သွားခြင်းသည် ကုသမှုကို ပိုမိုလျင်မြန်ထိ ရောက်မှုရှိစေသည်။

(စ) ကလေးကို စိတ်လှုပ်ရှားမှုမရှိစေရန်တတ်နိုင်သမျှ ထိန်းထားပေးရန်လိုအပ်သည့် အပြင်ငြိမ်သက်စွာ နေစေရန်လည်း တတ်နိုင်သမျှ ကြိုးစားရမည်။

လင်းအရုဏ် (ဒါးက)
Arogym Magazine
December, 2007

အတော်လေးကိုကြာနေတဲ့ ဆောင်းပါးလေးပါ။ အဲဒီတုန်းက ပေးထားတဲ့စာမူက ဖော်ပြခံလိုက်ရလား၊ မရွေးလိုက်ဘူးလား မသိလိုက်ဘူး။ ဒီနေ့မှ အင်တာနက်ထဲမှာ ဓါတ်ပုံတွေရှာ၇င်းနဲ့ ဒါးက ဆိုတဲ့ စာသားကို ရိုက်ပြီးရှာလိုက်တော့ လင်းအာရုဏ်ဆိုတဲ့ နာမည်လေး ပြန်ထွက်လာတယ်။ အရမ်းဝမ်းသာသွားတယ်။ တကယ်….ဘယ်လိုဝမ်းသာမှန်းကို မသိဘူး။ ဘာကြောင့်မှန်းမသိအောင်ကို စိတ်ထဲမှာ ပျော်သွားတယ်။

အလှမ်းကွာနေတဲ့အမျိုးကို ပြန်တွေ့လိုက်ရသလိုပဲ။
း)

 

ကိုယ်ဝန်ဆောင်ချိန်နှင့် အစားအစာ

ကိုယ်ဝန်ဆောင်ချိန်ဆိုဟာ မိခင်တွေအတွက်တော့ အလှပဆုံး၊ အရွှင်လန်းဆုံးနဲ့ ကြည်နူးရဆုံးအချိန်တွေ ဖြစ်ပါတယ်။ မကြာခင် မိခင်ဖြစ်လာတော့မယ့်သူတွေအနေနဲ့ မိမိရဲ့သားသမီးကို ကျန်းကျန်းမာမာ၊ ဖွံဖြိုးတာမျိုးကိုပဲ လိုလားကြပါတယ်။ ကလေးငယ် ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးခွင့်ရဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရတန်ဖိုး မြင့်မားတဲ့ အစားအသောက်တွေကို ဦးစားပေးရွေးချယ်ဖို့လိုအပ်ပါတယ်။ မမွေးလာသေးတဲ့ကလေးလေး ကျန်းမာဖို့၊ ကိုယ်လက်အင်္ဂါတွေ စုံလင်ဖို့ ဘယ်လိုအစားအသောက်တွေကို စားသင့်သလဲ။ ဒီနေ့ခေတ်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသောက်ရမယ့် အစားအစာတွေနဲ့ ပတ်သတ်ကဲ့ သတင်းအချက်အလက်တွေကို များများစားစား ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသောက်ရမယ့် အစားအစာတွေအတိုင်းလိုက်နာရင် မိခင်နဲ့ ကလေးဘဝ အမှန်ကို လှပမှာပါ။
.
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ အာဟာရဓါတ်တွေကို ပိုပြီးစုပ်ယူပါတယ်။ ဒါကို ၂ယောက်စာ စားတယ်လို့ပြောကြတာပါ။ အမှန်တော့ ကလေးက မစားတတ်သေးပါဘူး။ အမျိုးသမီးအများစုဟာ ကိုယ်ဝန်၃လကျော်မှသာ ကယ်လိုရီ ၂ဝဝ-၃ဝဝ လောက်ကို အပိုထပ်ဆောင်းလိုအပ်ပါတယ်။ ဒီပမာဏကလည်း ပေါင်မုန့် ၂ချပ်၊၃ချပ်လောက် စားလိုက်ရင်ရပါတယ်။ ကိုယ်ဝန်ပထမ ၃လ အတွင်းမှာ မူးဝေအော့အန်တာနဲ့အတူ အစားအသောက်တစ်မျိုးကို လွန်လွန်ကျူးကျူး တောင့်တတာမျိုးတွေ ရောပြီးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ မိခင်ရဲ့ အပြုအမူတိုင်းဟာ ကလေးငယ်ကျန်းမာဖွံ့ဖြိုးမှုနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအစားအသောက်မျိုးဟာ ကျန်းမာရေးနဲ့ညီညွှတ်တယ်၊ အာဟာရမျှတအောင် ဘယ်လိုစားသောက်ရမယ်ဆိုတာ အရေးကြီးပါတယ်။
.
ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လိုရီ အနည်းငယ်ပိုပြီး လိုအပ်တယ်ဆိုတာဟာ စားချင်ရာကို စားခွင့်ရှိတယ်ဆိုပြီး ခွင့်ပြုချက်ထုတ်ပေးလိုက်တာမဟုတ်ပါဘူး။ အတော်အသင့်စားတာကသာ ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဖြစ်သူ ပါးစပ်ထဲထည့်သမျှဟာ ကလေးဆီကို အကုန်ရောက်သွားပါတယ်။ ဒါ့ကြောင့် မမွေးသေးတဲ့ကလေး အန္တရာယ်ဖြစ်စေမယ့် အစားအသောက်တွေကို ရှောင်ရပါ့မယ်။ ကြာရှည်ခံအောင် စီစဉ်ထားတဲ့ အစားအသောက် (Preserved Food) တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်ရပါမယ်။ သဘာဝအတိုင်းရတဲ့ အစား အသောက်တွေကသာ အကောင်းဆုံးပါပဲ။ အနှံပါစားလို့ရတဲ့ ကောက်ပဲသီးနှံတွေ၊ အစိမ်းရင့်ရောင် အသီးအရွက်တွေ၊ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ဟန့်တားနိုင်တဲ့ ဓာတုပစ္စည်းတွေမပါတဲ့ အစားအသောက်၊ သကြားထပ်ပေါင်းထည့်စရာ မလိုတဲ့ အစားအသောက်တွေကိုသာ အဓိကထားပြီးစားသင့်ပါတယ်။
.

ကိုယ်ဝန်ဆောင်ချိန်နှင့် အစားစားလိုစိတ်
.
ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေအနက် ၄ဝ ရာခိုင်နှုန်းဟာ အစားအသောက်တစ်ခုကို အလွန်အမင်း စားချင်စိတ်ဖြစ်ပေါ်တတ်ပါတယ်။ များသောအားဖြင့်တော့ သစ်သီး၊ သစ်သီးဖျော်ရည်၊ ချောကလက်၊ နို့နဲ့နို့ထွက် အစားအစာတွေကို စားချင်နေတတ်ကြပါတယ်။ ဒီလိုမျိုး အစားအသောက်တခုခုကို မက်မက်မောမော စားသောက်ချင် နေရတဲ့ အကြောင်းအရင်းက အမျိုးမျိုးရှိပါတယ်။ အရိုးရှင်းဆုံးအဖြေကတော့ မိခင်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာတဲ့ ကလေးငယ်လေး အောင်မြင်စွာမွေးဖွားလာဖို့အတွက် တစ်နေ့ကို ၂၄ နာရီ၊ တစ်ပတ်ကို ၇ ရက်လုံး အလုပ်လုပ် နေရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုသုံးဖို့လိုအပ်တဲ့ ကယ်လိုရီကြောင့် အစားအစာတစ်မျိုးမျိုးကို အရမ်းစားချင် နေတာပါ။ ကိုယ်ဝန် ၆-၉ လအတွင်းမှာ စားနေကျထက် ၂ဝဝ-၃ဝဝ ကယ်လိုရီ ပိုစားဖို့လိုပါတယ်။ ကိုယ်ဝန်ပထမ ၃လ အတွက်ဆိုရင်တော့ ပိုစားတာ၊ မစားတာက သိပ်ပြီးအရေး မကြီးသေးပါဘူး။ ကယ်လိုရီ ၂ဝဝ-၃ဝဝ ဆိုတဲ့ ပမာဏဟာ အရမ်းမများသလို နှစ်ယောက်စာအတွက် လုံလောက်တယ်လို့လည်း မပြောသာပါဘူး။
.

တချို့အစားအသောက်တွေကို တောင့်တနေတာကတော့ အာဟာရချို့တဲ့တာရဲ့ လက္ခဏာလည်းဖြစ် နိုင်ပါတယ်။ အသီးအရွက်တွေကိုသာ မက်မက်မောမောစားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိလာတဲ့ အချိန်မှာ ငါး၊ အသားလွှာ၊ နီရဲနေတဲ့အသားတွေကို စားချင်လာပါတယ်။ ဒါဟာ ကြီးထွားနေတဲ့ ကလေးငယ်ကို အထောက်အပံ့ ရဖို့အတွက် သံဓါတ်တွေ၊ ပရိုတင်းတွေ လိုအပ်နေတယ်ဆိုတာ အရှင်းလင်းဆုံးညွှန်ပြနေတာပါ။ ကိုယ်ဝန်မရှိခင်တုန်းက တို့တောင်မတို့ကြည့်ခဲ့တဲ့ အစားအသောက်တွေ၊ မနှစ်သက်ခဲ့တဲ့အစားအစားတွေကို ထူးထူးခြား ခြားကို စားချင်လာပါတယ်။ အစားအသောက် တစ်ခုနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့အာသီသပေါ်ရတာ ဘာကြောင့်လဲဆိုတာကို ပညာရှင်တွေဟာ အခုအထိတော့ အတိအကျ မသိရသေးပေမယ့်သေးပေမယ့် ဒီဖြစ်စဉ်ကြီးဟာ ကိုယ်ဝန်ဆောင်သည် တိုင်းလိုလိုကို လွှမ်းမိုးထားပါတယ်။
.

အစာတစ်မျိုးကို ပြင်းပြင်းထန်ထန်တောင့်တခြင်း (သို့) ချင်ခြင်းတပ်ခြင်း

.

.

မိခင်တွေစားလိုတဲ့အစားအသောက်တော်တော်များများဟာ စားလို့ရတဲ့စာရင်းထဲမှာ ပါတာတွေများပါတယ်။ ဒါပေမယ့် စိတ်အလိုကိုလိုက်ပြီး အလွန်အကျွံစားဖို့တော့ ခွင့်ပြုမထားပါဘူး။ တကယ်လို့များ မိခင်တစ်ယောက်ဟာ ချိုတဲ့အစားအသောက်တွေကို အရမ်းစားသောက်ချင်လာတယ်ဆိုပါတော့။ စတိလောက်စားသင့်သလို နည်းနည်းစီကို အကြိမ်ကြိမ်ခွဲပြီးစားသင့်ပါတယ်။ ဒါဟာ အလွန်အမင်းစားချင်နေတဲ့စိတ်ကို ထိန်းချုပ်တဲ့နေရာမှာ တော်တော်လေး ထိရောက်မှုရှိပါတယ်။ အကောင်းဆုံး နည်းလမ်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ကျန်းမာရေးနဲ့ မသင့်တော်တဲ့ ရေခဲမုန့်၊ အချဉ်သနပ်တို့လို အစားအသောက်တွေကို အရမ်းစားချင်လာတဲ့ အခါမှာလည်း ဒီနည်းလမ်းကိုသုံးပြီး အာသာပြေ ပျောက်အောင် လုပ်ပေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကလည်း မယုံနိုင်လောက် တဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ သက်ရောက်မှုတွေဖြစ်သွားစေပါတယ်။ ဒီလိုပြောင်းလဲမှုတွေကြောင့် ကျန်းမာရေးနဲ့ မအပ် စပ်တဲ့ အစားအစာတွေကိုတောင်မှ ကြိုက်သွားတတ်ပါတယ်။
.

အမျိုးသမီးတစ်ချို့ကတော့ အစားအစာတစ်မျိုးကို ထူးထူးခြားခြားတောင့်တတတ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ခန္ဓာကိုယ်မှာ တချို့အာဟာရတွေ ချို့တဲ့နေကြောင်း သတိပေးနေခြင်း ဖြစ်ပါတယ်။ အမျိုးသမီးအနည်းစုကတော့ ပုံမှန်မဟုတ်တဲ့အရာတွေ၊ မနှစ်မြို့ဖွယ်စွန့်ပစ်ပစ္စည်းတို့လို အရမ်းထူးဆန်းတာတွေကို တောင့်တတတ်ကြပါတယ်။ ဒါကို ဆေးပညာအရတော့ ချင်ခြင်းတပ်ခြင်း (Pica) လို့သတ်မှတ်ကြပါတယ်။ ဒါဆိုရင် သံဓါတ်ချို့တဲ့နေပြီဆိုတာကို သိသာထင်ရှားအောင် အချက်ပြနေတာပါ။ ဒီလိုပါပဲ။ ရေခဲကို အကြိမ်ကြိမ်စားချင်နေတာကလည်း သံဓါတ်ချို့တဲ့တာရဲ့ လက္ခဏာတစ်ခုပါပဲ။ ချောကလက်ကို အလွန်အမင်းစားချင်နေတာဟာ ပုံမှန်ပါလို့သတ်မှတ်လို့ရသလို တစ်ချို့ အမျိုးသမီးတွေအတွက်တော့ ဗီတာမင် ဘီ (Vitamin B) ချို့တဲ့နေတဲ့ လက္ခဏာတစ်ခု ဖြစ်နေပါတယ်။ တစ်ချို့ အမျိုးသမီးတွေကတော့ ကိုယ်ဝန်ရှိလာခါမှ အသား၊ ငါးတွေကို စားချင်တဲ့စိတ်က အရမ်းပြင်းပြနေပါတယ်။ ကံကောင်း တာက ပရိုတင်းဟာ မိခင်အတွက်ရော၊ ကလေးငယ်အတွက်ပါ တကယ်လိုအပ်နေတဲ့ အာဟာရဖြစ်နေပါတယ်။ ဒါကို လိုလို လားလားတောင့်တလာရင်တော့ စားပေးရတာ အကျိုးရှိပါတယ်။
.

ဒီလိုမဟုတ်ဘဲ ရွှံ့လို၊ သစ်သားလိုပုံမှန်မဟုတ်တာတွေကို ချင်ခြင်းတပ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက် တွေ့ဆုံသင့်ပါတယ်။ တခြားထူးဆန်းတဲ့ ကော်ဖီကြမ်း၊ ပလာစတာ၊ သွားတိုက်ဆေး၊ သင်္ဘောဆေးတို့လို အစားအသောက်မျိုးတောင့်တလာရင်လည်း ဒီအတိုင်းပါပဲ။ ဆရာဝန်တွေကသာ သံဓါတ်ချို့တဲ့နေတာဟုတ်၊ မဟုတ်ကို စမ်းသပ်စစ်ဆေးပေးပါလိမ့်မယ်။ လိုအပ်ရင်လည်း ဖြည့်စွက်အားဆေးတွေကို ညွှန်ကြားပြီးတော့ ချင်ခြင်းတပ်ခြင်းရဲ့ အဖြေကို ရှာပါလိမ့်မယ်။ မိခင်ဖြစ်သူက ဘယ်လောက်ပဲစားချင်နေပါစေ၊ ဒီလိုအရာတွေကို မစားသင့်ပါဘူး။ ဒီလိုအစားအသောက်မျိုးတွေဟာ ဘာမှ အကျိုးကျေးဇူး မရနိုင်ဘဲ ဆိုးကျိုးတောင်မှ ဖြစ်နိုင်ပါတယ်။ စိတ်အလိုကိုလိုက်ပြီး စားလိုက်တာဟာ တကယ့်အဖြေမှန်မဟုတ်ပါဘူး။ သေသေချာချာစမ်းသပ်နိုင်မှသာ ကလေးအတွက် တကယ်ကို အကျိုးရှိနိုင်ပါတယ်။
.

ကိုယ်ဝန်ဆောင်ချိန်မှာ စားသောက်သင့်တဲ့ အစားအစာများ

၁။ ကယ်လ်စီယမ်

.

.

.

ကယ်လ်စီယမ်ကြွယ်ဝစွာပါတဲ့ အစားအစာတွေကိုတော့ တနေ့မှာ အနည်းဆုံး ၃မျိုးခန့်စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တနေ့ကို အနည်းဆုံး ၁၂ဝဝ မီလီဂရမ်လောက်ရသင့်ပါတယ်။ အစားအသောက်တော်တော် များများမှာ ကယ်လ်စီယမ်ပါဝင်တတ်ပြီး နို့နဲ့နို့ထွက် ပစ္စည်းတွေ၊ ပဲနို့အချိုရည်၊ တို့ဟူး၊ သဖန်းသီးခြောက်၊ လိမ္မော်သီး၊ ပဲ၊ ဟင်းနုနွယ်၊ နှမ်း၊ ပေါင်မုန့်ဖြူတွေမှာ ပိုပြီးအတွေ့ရများတတ်တဲ့အတွက် ဒီလိုအစားအစာတွေကိုတော့ ဦးစားပေးပြီး စားသင့်ပါတယ်။ မိခင်ရဲ့ အရိုးတွေအတွက်သာမက ကလေးရဲ့ အရိုးတွေ၊ သွားတွေ ဖွံဖြိုးကြီးထွားဖို့အတွက် အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ်ဝန်တတိယကာလ (၆-၉လ)မှာ အရေးတကြီး လိုအပ်ပါတယ်။ ဗီတာမင်ဒီ (Vitamin D) ဟာ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်ကစုပ်ယူမှုကောင်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ကယ်လ်စီ ယမ်ကို လုံလုံလောက်လောက်ရဖို့ ဗီတာမင် ဒီ (Vitamin D) ကြွယ်ဝတဲ့ အစားအစာတွေ၊ ဥ၊ ထောပတ်၊ ဒိန်ခဲ၊ တို့ကိုလည်း တွဲဖက်ပြီး စားပေးသင့်ပါတယ်။
.

၂။ သံဓါတ်


ကလေးတွေကို သွေးထောက်ပံ့ဖို့အတွက် သံဓါတ်က အဓိကလိုအပ်ပါတယ်။ သံဓါတ်ကို အသား၊ အစိမ်းရင့်ရောင် အရွက်တွေ၊ အသီးခြောက်၊ ဆာဒင်ငါးတို့လို အစားအသောက်တွေကနေ ရနိုင်ပါတယ်။ ဗီတာမင်စီ (Vitamin C) ပါဝင်တဲ့ အစားအသောက်တွေဟာ သံဓါတ်စုပ်ယူမှုကို အားပေးပေမယ့် ကဖင်း၊ တင်နင်၊ လက်ဖက် နဲ့ ကော်ဖီတို့ဟာ သံဓါတ်စုပ်ယူမှုကို ဟန့်တားထားပါတယ်။ ဒါ့ကြောင့် ထမင်းစားတဲ့အခါ သံဓါတ်ရဖို့ လိမ္မော်ရည်ပါ တွဲသောက်သင့်ပါတယ်။
.

၃။ ဖောလစ်အက်ဆစ်

.

ဗီတာမင်ဘီအုပ်စုဝင်ဖြစ်ပြီး မွေးရာပါ ကျောရိုးဆစ်ဖုခြင်း (Spina Bifida) ကို ကာကွယ်ပေးပါတယ်၊ ဒါ့ကြောင့် ကိုယ်ဝန်၁၂ပတ် ရောက်တဲ့အထိ ဖောလစ်အက်ဆစ်ကို ဝ.၄ မီလီဂရမ်အထိ ဖြည့်စွက်သောက်သုံးပေးရပါမယ်။ ဖောလစ် အက်ဆစ်ကြွယ်ဝစွာပါတဲ့ ပေါင်မုန့်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင် အရွက်တွေ၊ ပဲ၊ တို့ကိုလည်း စားပေးသင့်ပါတယ်။
.

၎။ ငါး


မမွေးသေးတဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Long Chain Omega 3 Fatty Acid ကို မရှိမဖြစ်ကိုလိုအပ်ပါတယ်။ ဒီ Fatty Acid ကို အဆီပါတဲ့ ငါးတော်တော်များများမှာ တွေရတဲ့အတွက် ကိုယ်ဝန်ရှိချိန်မှာ ငါးစားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ ငါး၃မျိုးလောက်တော့ စားပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်ဝန်ဆောင်သည်တွေသောက်လို့ရတဲ့ Omega 3 Supplement တွေကို အသုံးပြုနိုင်ပါတယ်။
.

ကိုယ်ဝန်ဆောင်ချိန်မှာ မစားသောက်သင့်တဲ့ အစားအစာများ
.
၁။ အသားစိမ်း၊ မဆေးကြောရသေးသော အသီးအရွက်များ


ကိုယ်ဝန်မရှိခင်တုန်းက အသားလွှာ၊ မကျက်တကျက် အသားတွေကို စားလို့ရပေမယ့် ကိုယ်ဝန်ဆောင် ချိန်မှာတော့ ဒါတွေအကုန်လုံးကို ရှေုာင်ဖို့လိုအပ်ပါတယ်။ အသားစိမ်းတွေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယား (Bacteria)၊ ကပ်ပါးကောင်တွေ (Protozoa) တွေပါတတ်တာကြောင့် မမွေးသေးတဲ့ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ကပ်ပါးကောင်တစ်မျိုးဖြစ်တဲ့ Toxoplasma ကြောင့် ကလေးမှာ ဦးနှောက်ရောင်တာ (Encephilitis)၊ မျက်စိနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်နိုင်ပြီး ဒီရောဂါက သက်သာသွားတဲ့ ကလေးတွေဟာလည်း ဥာဏ်ရည်ချို့တဲ့ခြင်း၊ အမြင်အာရုံဝေဝါးတာတွေ ဆက်ဖြစ်နိုင်ပါတယ်။ ဒါကို Toxoplasmosis လို့သတ်မှတ်ကြပါတယ်။ Toxoplasmosis ဟာ သိသာတဲ့ လက္ခဏာတွေကို မပြတတ်ပေမယ့် မွေးဖွားလာတဲ့အချိန်မှာတော့ မွေးရာပါ ချို့ယွင်းချက် တွေပါလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အစာအဆိပ်သင့်တာမျိုးဟာ ၂ ကြိမ်ဖြစ်နိုင်တာကြောင့် စားသောက်မယ့် အစားအသောက်ဟာ ကောင်းကောင်းကျက်သလား၊ မကျက်ဘူးလားဆိုတာကို သတိထားဖို့လို အပ်ပါတယ်။
.

၂။ မကျက်တကျက်ကြက်ဥ၊ ကြက်ဥအစိမ်း


ကြက်ဥအစိမ်း၊ မကျက်တကျက်တွေမှာ Salmonella တွေပါတတ်တာကြောင့် ဒီပိုးကောင်ကြောင့် ဆက်ဖြစ်လာ နိုင်တဲ့ ရောဂါတွေကို ခံစားရ နိုင်ပါတယ်။ Salmonella ကြောင့် အစာအဆိပ်သင့်တဲ့အခါ ဖျားခြင်း၊ ဝမ်းဗိုက်ကြွက်သားတက်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ပထမ ၃လ အတွင်းမှာဆိုရင်တော Salmonella နဲ့ပတ်သတ်တာကို ခံနိုင်တဲ့စွမ်းအားတွေဟာ လျော့ကျနေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဥတစ်မျိုးမျိုးကို အရမ်း စားချင်တဲ့အခါ Salmonella မပါအောင် သေသေချာချာ သတိထားရပါတယ်။ ချက်ခါနီးအချိန်အထိ ရေခဲသေတ္တာထဲမှာပဲထားသင့်ပြီး ကွဲအက်နေတဲ့ ဥတွေကိုတော့ မသုံးသင့်ပါဘူး။ ဥအစိမ်းနဲ့ ထိတွေ့ထားတဲ့ ပစ္စည်းတွေအားလုံးကိုလည်း ဆေးကြောပြီးမှပြန်သုံးသင့်ပါတယ်။ ဥပါတဲ့ အစားအသောက်တွေကို ကြော်၊ ချက်ပြီးတာနဲ့ ချက်ခြင်းစားသင့်ပါတယ်။
.
၃။ ကော်ဖီ


ကော်ဖီတစ်ခွက်မှာ ပါဝင်တဲ့ Caffeine ရဲ့ ပမာဏာဟာ ဘာမှာ မသိသာတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သောက်မယ်ဆိုရင်တော့ နည်းနည်းသောက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိချိန်မှာ ကော်ဖီကို ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။ Caffeine များများ ဝင်ရောက်သွားရင် မွေးရာပါ ချို့ယွင်းချက်လေးတွေပါလာတာ၊ ကိုယ်ဝန် ပျက်ကျတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Caffeine ပါတဲ့ လဘက်ရည်၊ ကိုလာ၊ ချောကလက်တို့လို အစားအသောက်တွေကို အတိုင်းအတာလေးတစ်ခု သတ်မှတ်ပြီး စားသုံးသင့်ပါတယ်။ ကိုယ်ဝန် ၇ ပတ်အတွင်းမှာ Caffeine ပါတာတွေအားလုံးကို ရှောင်လိုက်တာကတော့ ဘေးအကင်းဆုံးပါပဲ။ ဒီလိုလုပ်ရင် ကိုယ်ဝန်ပျက်ကျတဲ့ နှုန်းလည်း လျော့ကျသွားတယ်လို့လည်း ဆိုကြပါတယ်။ တနေ့မှာ ကော်ဖီ (၄-၇)ခွက်ထက် ပိုသောက်တဲ့သူတွေဟာ ဆက်တိုက်ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ရှိချိန်မှာ ကော်ဖီကို လည်း သတိထားရပါမယ်။
.

၎။ အရက်


အရက်ဟာ ကလေးရဲ့ ဖွံဖြိုးမှုကို အန္တရာယ်ဖြစ်စေပါတယ်။ မိခင်သောက်လိုက်တဲ့ အရက်ဟာ အချင်းကိုဖြတ်ပြီး ကလေးဆီကို ရောက်သွားပါတယ်။ မိခင်သောက်သမျှ ကလေးဆီကိုရောက်နေပါတယ်။ ပထမ ၃လ အတွင်းမှာ အရက် ဒါမှမဟုတ် အရက်ပါတာတွေ လုံးဝမသောက်သင့်ပါဘူး။ မသိလို့သောက်ဖြစ်တယ်ဆိုရင်လည်း အခုချက်ခြင်းရပ်လိုက်ပါ။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ ဘယ်လောက်သောက်လို့ရတယ်၊ ကိုယ်ဝန်ဘယ်နှစ်လရောက်ရင်သောက်လို့ရတယ် ဆိုပြီး တိတိကျကျ ပြောလို့မရသေးပါဘူး။ ကိုယ်ဝန်အစောပိုင်းကာလတွေမှာ သောက်ထားရင် မွေးလာတဲ့ကလေးတွေမှာ အရက်စွဲတဲ့ လက္ခဏာစု (Fetal Alcoholic Syndrome) တွေပါလာတတ်ပါတယ်။
.

ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ နေမကောင်းဖြစ်ရင်တော့ အစာကို အများကြီးမစားသင့်ပါဘူး။ ၂ကြိမ်၊ ၃ကြိမ်နဲ့ အများကြီးစားမယ့်အစား တနေ့ကို ၆ကြိမ်လောက် ခွဲပြီးစားပေးရင် အစာကို လွယ်လွယ်နဲ့ ကြေညက်စေနိုင်ပြီး ရင်အရမ်းပူတာကိုလည်း သက်သာစေပါတယ်။ အစားကိုရွေးတဲ့အခါမှာလည်း ကစီဓါတ် (Carbohydrate) ကို အရမ်းမြင့်တက်မသွားစေတဲ့ အစာမျိုးကို ရွေးသင့်ပါတယ်။ ကိုယ်ဝန်ရှိလို့ မူးဝေအော့အန် (Morning Sickness) နေသူဆိုရင်လည်း အိပ်ရာကမထသေးခင် ဘီစကွတ်မုန့်ကို နွားနို့ပူပူတစ်ခွက်နဲ့ သောက်သင့်ပါတယ်။ ဂျင်းနဲ့ ပရုတ်ပါတာတွေဟာ အစာအိမ်ကို အထောက်အကူဖြစ်စေနိုင်ပြီး ပူတဲ့၊ စပ်တဲ့အစားအသောက်တွေကတော့ ပျို့အန်တာတွေကို ပိုဆိုးသွားစေပါတယ်။
.

ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်းစားတာ၊ အာဟာရမျှတအောင် စားတာဟာ ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးခြင်းပါပဲ။ အရင်ကတည်းက ကျန်းမာရေးကောင်းတယ်၊ အာဟာရမျှတအောင် စားတယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သိပ်ပြီးထွေထွေထူးထူး ပြောင်းလဲစရာ မရှိပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အရေးကြီးတဲ့ နောက်ထပ်အချက်ကတော့ အားကစားလုပ်ခြင်းပါပဲ။ အရမ်းမပင်ပန်းတဲ့ အားကစားတစ်မျိုးကို လုပ်နေရင် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိလာနိုင်သလို မီးဖွားရာမှာလည်း အထောက်အကူရစေပါတယ်။ အရောင်အသွေးစုံတဲ့ ပန်းခင်းထဲမှာ မိမိရဲ့ ရင်သွေးငယ်ကို အရာရာပြည့်စုံတဲ့ ပန်းလေးသာဖြစ်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒါ့ကြောင့် ကိုယ်ဝန်ရှိချိန်မှာ အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ပြီး ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်တို့ကို ပျိုးထောင်နိုင်ကြပါစေ။ ။

နှင်းနုလွင် (ဆေးဝါး)
အာရောဂျံမဂ္ဂဇင်း၊
စက်တင်ဘာ၊ ၂၀၁၀။