သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

”စကားကြွယ်တဲ့ကလေးတွေ” February 1, 2011

Filed under: ကလေးသုတ — thetsonehnin @ 10:21 AM
Tags:

ကလေးတွေဟာ သူတို့မိခင်ဘာသာစကားကိုမပြောဆိုနိုင်ခင်ကတည်းက ဗလုံးဗထွေးနဲ့  ဝူးဝူးဝါးဝါးပြောဆိုနေတတ်ပါပြီ။  ဒီအရွယ်မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ကလေးတွေရဲ့ စကားသံတွေဟာ တူညီကြပါတယ်။ ယေဘူယျအားဖြင့်တော့ ဦးနှောက်ဖွံ့ဖြိုးမှုမြန်တဲ့ အသက် ၃ နှစ်အတွင်းမှာ ကလေးတွေဟာ စကားသံတွေကိုစတင်သင်ယူတယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်မှာ ကလေးတွေရဲ့ စကား သံဖွံ့ဖြိုး မှုဟာ သူတို့ပြောတဲ့ စကားပေါ်မှာ မူတည်နေပါတယ်။ ကလေးတွေပထမဆုံးပြောတဲ့ စကားဆိုတာဟာ သူတို့နှုတ်ကနေ ထွက်ပေါ်လာတဲ့ စကားကို ပြောတာမဟုတ်ပါဘူး။ သူတို့ကိုမွေးဖွားပြီး အချိန်ပိုင်းအတွင်းမှာ ကိုယ်ဟန်အမူအရာနဲ့ပြောတဲ့ ကလေးတွေရဲ့စကားသံဟာ ထွက်ပေါ် လာတတ်ပါတယ်။ သူတို့ခံစားရတဲ့ကြောက်ရွံ့မှု၊ ဆာလောင်မှု၊ အလိုမကျမှု၊ တစ်ခုခုကို လိုချင်မှုတို့လိုမျိုး စိတ်ခံစားမှုတွေကနေ ပြုံးတတ်ခြင်း၊ မျက်နှာရှုံ့မဲ့ခြင်း၊ ငိုခြင်း၊ တွန့်လိမ်ပြခြင်းတို့ကို ပြုလုပ်တတ်ပါတယ်။ မိဘတွေကတော့ သူတို့ကလေးတွေရဲ့ ငိုသံအမျိုးမျိုးကို သရုပ်ခွဲနိုင်ပါလိမ့်မယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာ စကားပြောဖွံ့ဖြိုးမှုနေရာမှာ ကွာခြားမှုတွေရှိနေပေမယ့် ယေဘူယျအားဖြင့် တူညီမှုတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်းခွဲခြားသိနိုင်ပါတယ်။

 

(က) အသက် ၃ လ
ဒီအရွယ်ရောက်နေတဲ့ကလေးတစ်ယောက်ဟာ မိဘတွေစကားပြောတဲ့အချိန်မှာ မျက်နှာကို လိုက်ပြီးကြည့်နေတတ်ပြီး မိဘတွေ ပြောတဲ့အသံကို လိုက်နားထောင်နေတတ်ပါတယ်။ အဲဒီလိုပဲ အိမ်အနီးပတ်ဝန်းကျင်ကထွက်လာတဲ့ ဆူညံသံ၊ သာယာသံ၊ သီချင်းသံတွေဆီကို ဦးခေါင်းလေးလှည့်ပြီး နားထောင်နေတတ်ပါတယ်။ ကလေးအများစုဟာ ယောကျာ်းလေးတွေအသံထက် အမျိုးသမီးတွေရဲ့အသံကို ပိုနှစ်ခြိုက် တတ်ကြပြီး မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ နေခဲ့စဉ်က ကြားခဲ့ရတဲ့အသံမျိုးကို သဘောကျတတ်ကြပါတယ်။ အသက် ၃ လ ပြည့်ပြီးရင်တော့ သူတို့ဟာ ကြည်နူးဖွယ်အသံလေးတွေကို သီချင်းသဖွယ် အသံပြုတတ်လာကြပါတယ်။

 

(ခ) အသက် ၆ လ
အသက် ၆ လ ရောက်ရင်တော့ ကလေးတွေဟာ စတင်ပြီး ဗလုံးဗထွေးပြောတတ်လာပါပြီ။ “”ဘဘ”” ”“မမ”” ဆိုတဲ့စကားတွေကို ခေါ်စပြုလာပါပြီ။ အသက် ၆ လကျော်လာရင်တော့ သူတို့ရဲ့နာမည်ကို သူတို့ဘာသာ အသိအမှတ်ပြုတတ်လာပြီး သူတို့ရဲ့ ဘာသာစကား ကိုလည်း နားလည်လာစပြုလာပါပြီ။ သူတို့ခံစားနေရတဲ့ ပျော်ရွှင်မှု ၊ဝမ်းနည်းမှုတွေကို ဘယ်လို အသံပြုရမလဲဆိုတာကို သိလာကြပါပြီ။ သူတို့ဟာ စကားသံတွေကို စပြုလာပေမယ့် အဓိပ္ပါယ်ကိုတော့ တိတိကျကျမသိသေးပါဘူး။

 

(ဂ) အသက် ၉ လ
အသက် ၉ လပြည့်ပြီးသွားတဲ့ကလေးတွေဟာ “”ဟင့်အင်း”” “”တာ့တာ့”” တို့လိုမျိုး ရိုးရှင်းတဲ့ တချို့စကားလုံးတွေကို နားလည်စ ပြုလာပါပြီ။ သံနေသံထား၊ ညီညီညာညာနဲ့ ပြောရမယ့် စကားတွေကို ရွတ်ဆိုစပြုနေပါပြီ။

 

(ဃ) အသက် ၁၂ လ
သူတို့ပြောဆိုနေတဲ့ မေမေ၊ ဖေဖေတို့လိုစကားလုံးတွေအပါအဝင် ရိုးရှင်းတဲ့ စကားတွေရဲ့ အဓိပ္ပါယ်ကို နားလည်နေတတ်ပါပြီ။ မိဘပြောလိုက်တဲ့အသံအနေအထားအလိုက် အမိန့်ပေးတာလား၊ ဆူတာလား၊ ချီးမွမ်းတာလားဆိုတာကိုပါ သိနားလည်ပြီး တုံ့ပြန်တတ်နေပါပြီ။

 

(င) အသက် ၁၈ လ
ဒီအရွယ်ဆိုရင်တော့ အနည်းဆုံး စကားလုံး ၁ဝ လုံးလောက်ပါတဲ့ ဝါကျတိုတိုလေးတွေကို ပြောတတ်နေပါပြီ။ သူတို့အနား ကသူတွေကို နာမည်အလိုက်ညွှန်ပြခြင်း၊ အရာဝတ္ထုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ညွှန်ပြခြင်းတို့ကို လုပ်တတ်နေပါပြီ။ မိဘတွေပြော လိုက်တဲ့ စကားသံတွေကို အပြည့်အစုံမဟုတ်တောင် သူတို့နားလည်သလိုလေး အတုခိုးပြီး အသံပြန်ပြုတတ်နေပါပြီ။ အသက် ၂ နှစ်နောက်ပိုင်း ရောက်လာရင်တော့ သူတို့ဟာ ဝေါဟာရတွေ ပိုကြွယ်လာပါတယ်။

 

”ကလေးတွေကို စကားတတ်အောင်သင်ပေးနိုင်သလား”

ကလေးတွေဟာ သူတို့ဘာသာစကားကို သေသေချာချာ မပြောတတ်ခင်ကတည်းက လူကြီးတွေ ဘာပြောလဲဆိုတာကို နားလည်နေပါပြီ။ သူတို့ဟာ စကားလုံး ၂၅ လုံးလောက်ကိုသိပေမယ့် ၁ လုံး၊ ၂ လုံးလောက်ကိုသာ ထုတ်ပြီး သုံးတတ်ကြပါသေးတယ်။ အဲဒီအချိန်မှာ ကလေးတွေ စကားပိုပြောအောင် မိဘမောင်နှမတွေက ကူညီပေးလို့ရပါတယ်။

 

(က) စောင့်ကြည့်ပါ။
ကလေးတွေဟာ သူတို့ကို ချီစေချင်တဲ့အခါမှာ လက်နှစ်ဘက်ကို မြှောက်ပြတာ၊ သူတို့ကစားချင်တဲ့အရုပ်ကိုလိုချင်ရင် လက်ညှိုးထိုးညွှန်ပြတာ၊ သူတို့ဗိုက်ပြည့်သွားတဲ့အခါမှာ စားနေတဲ့အစားအစာတွေကို လွှတ်ချလိုက်တာမျိုးကို ပြုလုပ်တတ်ကြပါတယ်။ ကလေးတွေဟာ အဲဒီလိုမျိုး နှုတ်ထွက်စကားသံမပါဘဲအမူအရာနဲ့ စကားပြောဆိုလာတဲ့အခါမှာ သူတို့ကိုကြည့်ပြီး ပြုံးဖြစ်အောင် ပြုံးပြလိုက်ပါ။

 

(ခ) နားထောင်ပါ။
ကလေးတွေ မပီမသ စကားပြောတဲ့အခါမှာ သူတို့ပြောတာကို နားထောင်ပြီး သူတို့ပြောသလို ပြန်ပြောကြည့်ပါ။ မိဘက သူတို့ပြောသလို လိုက်ပြောတယ်ဆိုတာကို သိရတဲ့အခါမှာ ကလေးတွေကလည်း မိဘတွေစကားပြောတဲ့အခါမှာ သူတို့ကြားတဲ့အတိုင်း ပြန်ပြောကြပါလိမ့်မယ်။ သူတို့ပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး စကားများများပြောကြည့်ပါ။

 

(ဂ) ချီးမွမ်းပါ။
ကလေးတွေ စကားပြောတဲ့အခါမှာ သူတို့ရဲ့ အသံနေအသံထားအလိုက်အတိုင်း အံ့သြတကြီးဟန်ပြပါ။ ကလေးတွေပြောတာကိုစိတ်ဝင်စား ဟန်ပြပါ။ ကလေးတစ်ယောက်စကားပြောတတ်ဖို့ဟာ အနားပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်ပါတယ်။ ကလေးတွေနဲ့ စကားများများပြောလေ အဲဒီကလေးဟာ စကားမြန်မြန်တတ်လွယ်လေပါပဲ။

 

(ဃ) စီကာပတ်ကုံးပြောပါ။
ကလေးတွေဟာ စားပွဲခုံပေါ်က တစ်ခုခုကို လက်ညှိုးထိုးပြတဲ့အခါမှာ သူတို့လိုချင်တဲ့ ပစ္စည်းကို လွယ်လွယ်ကူကူမပေးပါနဲ့။ သူတို့လိုချင်တာကို ကိုင်ပြီး ”“ဒီ အရုပ်ကိုပြောတာလား””၊ “”ဒါက ခါးတယ်နော်”” ဆိုပြီးပြောပြတဲ့အခါ ကလေးတွေဟာ ရုပ်ဝတ္တုပစ္စည်းတွေနဲ့ အသံတွေကို တွဲမှတ်မိလာပါလိမ့်မယ်။ “”ကြက်သားကို မျှင်စားရမယ်”” “”သားသားအတွက် အဝတ်တွေလျှော်ထားတယ်”” ဆိုတာလိုမျိုး ပြောပြရင် ကလေးဟာ အပြုအမူကိုပါ တွဲသိလာပါလိမ့်မယ်။

 

(င) ကလေးတွေကို အချိန်ပေးပါ။
ကလေးတွေ ဘာတွေပြောတယ်ဆိုတာကို နားမလည်ရင်တောင်မှ ဆက်ကြိုးစားပါ။ အချိန်ယူပြီး ကလေးတွေနဲ့ အတူကစားပါ။ ကစားတာဟာ စကားအပြောအဆိုကိုသာမက ပေါင်းသင်းဆက်ဆံဖို့ပါ အစပြုပေးရာရောက်ပါတယ်။ ကလေးတွေကို စာအုပ်ဖတ်ပြပါ။ ဒီလိုဆိုရင် ကလေးတွေဟာ စကားလုံးတွေကို ပိုပြီးသိလာပါလိမ့်မယ်။

 

 

နှင်းနုလွင် (ဆေးဝါး)

Good Health Journal

 

စိတ်ကျရောဂါကို ဖြေရှင်းဖို့အတွက် December 4, 2010

Filed under: ကျန်းမာ သုတ — thetsonehnin @ 5:57 AM
Tags:

စိတ်ကျရောဂါကို ဖြေရှင်းဖို့အတွက် စိတ်ကျရောဂါကို ကြုံတွေ့နေရတယ်လို့ သံသယရှိလာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ Chemicals များပြောင်းလဲမှုကြောင့် ဖြစ်တာလား၊ ပတ်ဝန်းကျင်အနေအထားကြောင့်လားဆိုတာကို ဆရာဝန်က သေချာစစ် ဆေးပြီး သင့်တော်သော ကုသမှုများပြုလုပ်ပေးပါလိမ့်မည်။ မိမိတို့အသုံးပြုသင့်သော ဆေးဝါးများကို ပေးပါလိမ့်မည်။ အဲဒီလိုမျိုး ဆရာဝန်နှင့် တွေ့ဆုံနေတဲ့အချိန်မှာ မိမိကိုယ့်ကိုလည်း ပြန်ပြီး ပြင်ဆင်ထားနိုင်မယ့် တချို့အချက်တွေရှိနေပါသေးတယ်။

.

၁။ ခံယူချက်၊ အတွေးအခေါ်တွေကို ပြောင်းလဲလိုက်ပါ။

စိတ်ကျရောဂါ ခံစားနေရတဲ့အချိန်မှာ အဆိုးမြင်ဝါဒဘက်ကို ဦးတည်နေတတ်ပါတယ်။ မျှော်လင့်ချက်မရှိသော အနေအထားမျိုး၊ ၀မ်းနည်းဖွယ် အနာဂတ်တွေကိုသာ ကြုံတွေ့မယ်လို့ လက်ခံထားကြပါတယ်။ အဲဒီလိုအမြင်တွေကို ပြောင်းလဲပစ်ဖို့ဆိုတာက အတော့်ကို မလွယ်ပါဘူး။ ဒါပေမယ့် စိတ်ကျရောဂါကို ပျောက်ကင်းစေချင်တယ်ဆိုရင်တော့ ဒါကို မဖြစ်မနေကို ပြောင်းလဲရပါတော့မယ်။ အတိတ်က မှားခဲ့သော အမှားများအပေါ်တွင် အာရုံစူးစိုက်မနေသင့်ပါဘူး။ အတိတ်ဖြစ်ရပ်တွေကို တွေးပြီး ယူကျုံးမရဖြစ်နေလေ စိတ်ဓါတ်ပိုကျလေပါပဲ။ ဒါတွေအစား မိမိဘာတွေဖြစ်ချင်တယ်၊ ဘာတွေလုပ်မယ်ဆိုတာကိုသာ အာရုံစိုက်သင့်ပါတယ်။

.

၂။ မိမိကိုယ်ကို အပြစ်မတင်ပါနှင့်။

လူတိုင်းနီးပါးဟာ အမှားရှိခဲ့ဖူးတာချည်းပါပဲ။ အရင်တုန်းက ပြုလုပ်ခဲ့တဲ့ အမှားတွေနဲ့ ပတ်သတ်ပြီး မိမိကိုယ်ကို ခွင့်မလွှတ်နိုင်အောင် အပြစ်တင်တာမျိုးကို မလုပ်သင့်ပါဘူး။ စိတ်ကျရောဂါရှိသူတွေဟာ မိမိကိုယ့်ကို အပြစ်တင်နေတာများရင် သူတို့ခံစားနေတဲ့ ပြဿနာတွေဟာ လျော့ပါမသွားနိုင်တော့ပါဘူး။ ဒါကြောင့် မိမိအမှားကို အဆက်မပြတ် အပြစ်တင်နေတာမျိုးကို ရှောင်သင့်ပါတယ်။ ကြုံတွေ့လာတဲ့အခြေအနေတွေကို ဘယ်လို လက်ခံမလဲဆိုတာကိုသာ စဉ်းစားထားပါ။ လူတိုင်းဟာ ပြီးပြည့်စုံတဲ့သူတွေမဟုတ်တာကြောင့် တခြားသူတွေမှာလည်း မိမိလိုမျိုး အမှားတွေရှိတယ်ဆိုတာကို သိထားပါ။ သိပ်ပြီးကြီးကျယ်တဲ့ အခက်အခဲ၊ ပြဿနာတွေကို ခံစားနေရတာ မိမိတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို နားလည်ထားပေးပါ။

.

၃။ လူများနှင့် ပေါင်းသင်းဆက်ဆံပါ။

စိတ်ဓါတ်ကျနေတဲ့အချိန်မှာ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကင်းကွာပြီးနေလိုကြပါတယ်။ တစ်ယောက်တည်း နေလိုကြပါတယ်။ မိတ်ဆွေတွေနဲ့ တွေ့ဆုံပါ လို့ အကြံပေးတာဟာ မိမိခံစားနေရတဲ့ ဝေဒနာနဲ့ ပတ်သတ်ပြီး စကားကြီးစကားကျယ်တွေနဲ့ ဆွေးနွေးဖို့မဟုတ်ပါဘူး။ သူတို့နှင့်ဆုံတွေပြီးပျော်ပျော်ရွှင်ရွှင်နေဖို့ပါ။ ပုံမှန်အတိုင်းလေးပဲ တွေ့ဆုံပြီး ရုပ်ရှင်သွားခြင်း၊ ပြပွဲများ၊ အားကစားပွဲများသွားခြင်း၊ ထမင်းလက်ဆုံစားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

.

၎။ ပုံမှန်အိပ်စက်ချိန်ရအောင် ကြိုးစားပါ။

အိပ်စက်ချိန်နည်းခြင်းနဲ့ စိတ်ကျရောဂါခံစားမှုဟာ တိုက်ရိုက်ကြီး ဆက်စပ်နေပါတယ်။ စိတ်ကျရောဂါကြောင့် အိပ်ချိန်နည်းနေရင် စိတ်ကျရောဂါဟာ ပိုပိုပြီးဆိုးလာတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်၊ ထချိန်ပုံမှန်ရှိရအောင် အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ ညအိပ်ရာဝင်ခါနီးတွင် မိမိတို့သက်ဝင်ယုံကြည်ရာ ဘာသာအလိုက် ဆုတောင်းခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိတ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ အိပ်ရာဝင်ခါနိးတွင် ကဖင်းနှင့် အရက်ပါဝင်သော အဖျော်ယမကာတို့ကို သုံးစွဲခြင်း၊ ညနက်သည်အထိ အလုပ်လုပ်ခြင်းတို့ကို ရှောင်သင့်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် စိတ်ကို အနားပေးရန်လိုအပ်ပါတယ်။

.

၅။ သက်တောင့်သက်သာရှိစေမယ့် လုပ်ဆောင်မှုတိုင်းကို ပါဝင်ပါ။

စိတ်ကျရောဂါကြောင့် လူတွေဟာ ပျော်အောင် ဘယ်လိုနေရမယ်ဆိုတာကို မသိတော့ပါဘူး။ နှစ်သက်ကြည်နူးမှုကို ရှာမတွေ့နိုင်ပါဘူး။ ဒီလိုအချိန်မျိုးမှာ စိတ်ကျရောဂါကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် သက်တောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဘ၀ပုံစံကို ပြန်စကြည့်သင့်ပါတယ်။ မိမိကို ပျော်ရွှင်စေတဲ့ အရာတွေကို ပြန်စဉ်းစားပါ။ စာအုပ်ဖတ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အင်တာနက်သုံးစွဲခြင်း၊ လမ်းလျှောက်ခြင်း၊ အလည်အပတ်သွားခြင်း၊ ပြတိုက်များ၊ ပန်းခြံများသို့သွားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

.

၆။ အားကစားလှုပ်ရှားမှုများကို ပြုလုပ်ပါ။

လှုပ်လှုပ်ရှားရှားနေခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ Chemicals တွေကို ထွက်လာစေပါတယ်။ အားကစားလုပ်တာကြောင့် Endorphins လို့ ခေါ်တဲ့ Chemicals တွေ ထွက်လာပြီး စိတ်ဖိစီးမှုတွေ လျော့ကျသွားပါတယ်။ အားကစားလုပ်တယ်ဆိုတာကလည်း မာရသွန်ပြေးတာလိုမျိုး အားသွန်ခွန်စိုက်လုပ်ရတာမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ မိမိကျန်းမာရေး၊ လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့် အားကစားတစ်ခုခုကိုသာ ပုံမှန်လုပ်သွားဖို့ပါ။ တနေ့ကို ၃ နာရီ၊ တစ်ပတ်ကို ၃ ကြိမ်လောက် လုပ်ပေးနိုင်ရင်အတော်ကို အထောက်အကူပြုနေပါပြီ။

.

၇။ အပြင်သို့အလည်အပတ်သွားပါ။

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု နည်းခြင်း၊ ရာသီဥတု အပြောင်းအလဲ၊ အုံ့မှိုင်းသော ရာသီဥတု တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ အနေအထား တွေဟာ ယို့ယွင်းလာကာ မူလခံစားနေရသော စိတ်ကျဝေဒနာဟာ ပိုပြီးဆိုးရွားလာတတ်ပါတယ်။ ဒါကြောင့် စိတ်ကျရောဂါကို ခံစားနေရတဲ့ အချိန်မှာ နေရောင်ခံပေးသင့်ပါတယ်။ အလင်းရောင်မရှိတဲ့အခန်းတခုထဲမှာ ငြိမ်ထိုင်နေမယ့်အစား နေရောင်ခြည်အောက်မှာ တနေ့ကို နာရီဝက်ခန့် လမ်းလျှောက်ပေးသင့်ပါတယ်။

.

၈။ အစားအသောက်တို့ကို ဂရုစိုက်ပါ။

Omega 3 Fatty Acids ပါတာတွေဟာ ဦးနှောက်အတွင်း အာရုံကြောများ ဆက်သွယ်မှုကို အားပေးတာကြောင့် အာရုံခံစားမှုကောင်းစေပါတယ်။ ငါးမစားချင်တဲ့သူတွေကတော့ ငါးကြီးဆီဆေးတောင့်တွေကို သောက်နိုင်ပါတယ်။ ငါးကြီးဆီဆေးတောင့်တွေဟာ ငါးညှီနံ့ကို ဖုံးကွယ်ပေးတာကြောင့် သောက်ရတာ အဆင်ပြေပါတယ်။ ပြန်ကြော်ဆီများ၊ ပြုပြင်ပြောင်းလဲထားသော အစားအစာများ၊ အမြန်စာ (Fast Food) များကို မစားသောက်ဘဲ လတ်ဆတ်သော အသီးအနှံများ၊ အရည်ရွှမ်းသော သစ်သီးများ၊ ကောက်ပဲသီးနှံ၊ အဆီမပါသော အသားများကိုစားသောက်တာကလည်း ပြန်လည်ကျန်းမာလာစေဖို့ များစွာအထောက်အကူပြုနိုင်ပါတယ်။

.

နှင်းနုလွင် (ဆေးဝါး)

Good Health Journal

 

မိခင်လောင်းများ စားသောက်သင့်သော အစားအစာ ၁ဝ မျိုး November 30, 2010

(က) ဆယ်လ်မွန်ငါး


သိပံ္ပပညာရှင်တွေကတော့ ဒီငါးထက်ပိုကောင်းတဲ့အစားအစာ မရှိဘူးလို့ဆိုကြပါတယ်။ ပထမဆုံးမိခင်ဖြစ်မယ့်သူတွေ အတွက် အာဟာရ ပြည့်ပြည့်ဝဝပါရှိပါတယ်။ သူဟာ နို့တိုက်မိခင်တွေအတွက် အကောင်းဆုံးအာဟာရတစ်ခုလည်း ဖြစ်ပါတယ်။ တခြားငါးတွေရဲ့ အဆီတွေ လိုပဲ သူ့မှာ DHA တွေ ကြွယ်ဝစွာပါရှိပါတယ်။ DHA ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။ မိခင်တိုင်းရဲ့ နို့ရည်ထဲမှာတော့ DHA ပါဝင်ပေမယ့် DHA ပါဝင်တဲ့ အစားအသောက်တွေကို စားထားတဲ့မိခင်တွေမှာတော့ ပါဝင်မှုက ပိုမြင့်ပါတယ်။

ငါးထဲမှာပါဝင်တဲ့ DHA ဟာ မိခင်ဖြစ်သူရဲ့ စိတ်ကို စိတ်ပိုင်းဆိုင်ရာကိုလည်း အားဖြည့်ပေးပါတယ်။ မီးဖွားပြီးတဲ့နောက် ဖြစ်တတ်တဲ့ စိတ်ဓါတ်ကျခြင်းကိုကောင်းစွာ ထိန်းချုပ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာကတော့ နို့တိုက်မိခင်တွေမှာတော့ စားသောက်မယ့် ပမာဏကို ကန့်သတ်ထားဖို့ပါ။ စားသုံးတာ များသွားရင် ပြဒါးအဆိပ်သင့်နိုင်တာကြောင့် တစ်ပတ်ကို ၁၂ ပေါင်ထက်ပိုမစားဖို့ အကြံဥာဏ်ပေးထားပါတယ်။ ဒါပေမယ့် တခြားအဆီပါတဲ့ငါးတွေထက်စာရင် ဆော်လ်မွန်ငါးဟာ ပြဒါးပါဝင်မှု နည်းပါတယ်။

~

(ခ) အဆီပါဝင်မှုနည်းသော နို့နှင့် နို့ထွက်ပစ္စည်း


နို့တိုက်မိခင်တစ်ယောက်ဟာ ဒိန်ချဉ်၊ နို့၊ ချိစ်၊ ဘာကိုပဲ နှစ်သက်နှစ်သက် နို့ကရတဲ့ အစားအသောက်အားလုံးဟာ သူ့အတွက် အကျိုးရှိတာချည်းပါပဲ။ နို့ဟာ ပရိုတင်း၊ ဗီတာမင် ဘီ များ၊ ဗီတာမင် ဒီတို့အပြင် ကယ်လ်စီယမ် အကြွယ်ဝဆုံး အစားအစာပါပဲ။ တကယ်လို့ သင်ဟာ နို့တိုက်မိခင်တစ်ယောက်ဖြစ်နေမယ်ဆိုရင် သင်သောက်လိုက်တဲ့ နို့ဟာ သင့်ကလေးငယ်ရဲ့ အရိုးအတွက် အလွန်ကို အကျိုးရှိတာကြောင့် သင့်အနေနဲ့ လုံလုံလောက်လောက်စားသုံးပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သင်တနေ့တာစားသောက်မယ့် အစားအသောက်တွေထဲမှာ နို့ သို့မဟုတ် နို့ထွက်ပစ္စည်းတွေကို ၃ မျိုးလောက် ထည့်သွင်း သင့်ပါတယ်။

~

(ဂ) အဆီပါဝင်မှုမရှိသော အသားများ


မိခင်ဖြစ်မယ့်အမျိုးသမီးတွေဟာ သူတို့ရဲ့ စွမ်းအင်ကို မြင့်တင်နိုင်ဖို့အတွက် အစားအသောက်တွေကို စဉ်းစားတဲ့အခါမှာ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ ဥပမာ-အသားတွေကို ဦးစားပေးပြီး စဉ်းစားပေးဖို့လိုပါတယ်။ သံဓါတ်ချို့တဲ့ခြင်းဟာ မိခင်ရဲ့ စွမ်းအင်ကို လျော့ကျစေပြီး ကလေးငယ်အတွက်လိုအပ်တာတွေ ကို ဖြည့်စည်းနိုင်စွမ်းလျော့ကျသွားပါတယ်။ နို့တိုက်နေတဲ့ မိခင် ဆိုရင်လည်း အသားတွေ၊ ဗီတာမင် ဘီ ၁၂ တို့ကို အပိုဆောင်းပြီး စားပေးသင့်ပါတယ်။ အဆီ၊ အရေခွံတွေမပါတဲ့ အသားတွေက တော့ ဒီ ပစ္စည်း၂မျိုးလုံးကို ဖြည့်တင်းပေးနိုင်ပါတယ်။

~

(ဃ) ပဲအမျိုးမျိုး


အထူးသဖြင့် အစိမ်းရင့်ရောင်ရှိတဲ့ အသီးတွေ၊ ပဲကြီး၊ ပဲနီပြားတွေဟာ အကောင်းဆုံးအစားအစာပါပဲ။ အထူးသဖြင့် အသီးအရွက်ကိုချည်း စားချင်နေတဲ့ နို့တိုက်မိခင်များအတွက် အသင့်တော်ဆုံးပါပဲ။ သူတို့မှာ သံဓါတ်ကြွယ်ဝစွာပါတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ ပရိုတင်းကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။

~

(င) ဘလူးဘယ်ရီ


နို့တိုက်မိခင်တွေအနေနဲ့ တနေ့ကို သစ်သီး သို့မဟုတ် သစ်သီးဖျော်ရည် ၂ မျိုး၊ ၃ မျိုးလောက် စားသုံးပေးရပါမယ်။ ဖြစ်နိုင်မယ်ဆိုရင် ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါတဲ့ အသီးအနှံတွေကို ဦးစားပေးပြီး စားပေးသင့်ပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ဖြည့်တင်းပေးနိုင်ရုံသာမက မိခင်တွေကိုလည်း ကျန်းမာနေ စေပါတယ်။

~

(စ) ဆန်လုံးညို


တကယ်လို့ သင့်ကလေးငယ်ရဲ့ကိုယ်အလေးချိန်ကို လျော့ချဖို့အတွက် ထမင်းကိုလျော့စားရမယ်လို့ စဉ်းစားထားလိုက်တယ် ဆိုပါတော့။ ဒါပေမယ့် ကိုယ်အလေးချိန်ကို အလျင်အမြန်လျော့ချဖို့ကြိုးစားလိုက်တဲ့အချိန်မှာ ကလေးအတွက် နို့ထုတ်ပေးနိုင်မှု လျော့နည်းလာပြီး သင့်ကိုလည်း နုံးလာစေပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် ဆန်လုံးညိုကို စားပေးပြီး လိုအပ်တဲ့ ကစီဓါတ်နဲ့ စွမ်းအင်ကို ရနိုင်ပါတယ်။ ဆန်လုံးညိုကရတဲ့ ကစီဓါတ်ဟာ ကလေးငယ်ကို နို့ချိုတိုက် ကျွေးဖို့အတွက် အကောင်းဆုံးသော ကစီဓါတ်ပါပဲ။

~

(ဆ) လိမ္မော်သီး


အရသာရှိပြီး အာဟာရဓါတ်ြ<ွကယ်ဝတဲ့ လိမ္မော်သီးဟာ မိခင်လောင်းတွေအတွက်တော့ စွမ်းအင်ကို မြှင့်တင်ပေး နိုင်စွမ်း အမြင့်ဆုံး အစားအစာပါပဲ။ နို့တိုက်မိခင်တစ်ယောက်ဟာ ကိုယ်ဝန်ဆောင်တွေထက် ဗီတာမင် စီကို ပိုလိုအပ်တာကြောင့် လိမ္မော်သီး အပါအဝင် တခြားသော အသီးအနှံတွေကို ပိုစားပေးသင့်ပါတယ်။ သရေစာမုန့်စားမယ့်အစား လိမ္မော်သီးကို စားပေးပါက မိခင်ရော ကလေးငယ်အတွက်ပါ အကျိုးရှိတဲ့ ဗီတာမင် စီကို ရနိုင်တာကြောင့် အလေးအနက်ထားသင့်ပါတယ်။

~

(ဇ) ဥအမျိုးမျိုး


ဥအနှစ်တွေဟာ ဗီတာမင် ဒီ ကိုရနိုင်တဲ့ အရင်းအမြစ်တွေထဲက ရှားပါးပြီး အဖိုးတန်လှတဲ့ အရင်းအမြစ်ပါပဲ။ မိခင်ရဲ့ အရိုးတွေသန်မာအောင်ထိန်းထားဖို့၊ ကလေးငယ်ရဲ့ အရိုးတွေကောင်းစွာဖွံ့ဖြိုးဖို့အတွက်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရပါ။ ဒါ့အပြင် နေ့စဉ်လိုအပ်နေတဲ့ ပရိုတင်းကိုပါ ဖြည့်စွက်ပေးနေတာကြောင့် နေ့စဉ်စားသောက်တဲ့ အစားအစာတွေမှာ ဥတွေကို ထည့်သွင်းထားသင့်ပါတယ်။ နံနက်စာစားသောက်ချိန်၊ နေ့လည်စာ၊ ညစာတွေမှာ ကြက်ဥပါအောင် ကြိုးစားသင့်ပါတယ်။

~

(ဈ) ပေါင်မုန့်ညို

ကိုယ်ဝန်ဆောင်ချိန်ရဲ့ အစောဆုံးကာလမှာ ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံးလိုအပ်ပစ္စည်းဟာ ဖောလစ်အက်ဆစ် ပါပဲ။ ဒါပေမယ့် အဲဒီလိုအပ်မှုဟာ ရပ်တန့်မသွားပါဘူး။ ကလေးငယ်ရဲ့ ကျန်းမာရေးကောင်းမွန်မှုအတွက် မိခင် ရဲ့ နို့ရည်ထဲမှာ ပါဝင်ရမယ့် အရေးကြီးတဲ့ ပစ္စည်းတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် မိခင်တစ်ယောက်အနေနဲ့ ဖောလစ်အက်ဆစ် ကို လုံလုံလောက်လောက်ရနိုင်စေဖို့ ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ပါစတာ စတာတွေကို အလေးထားပြီး စားပေးသင့်ပါတယ်။ သူတို့ဟာ မိခင်တွေကို ကျန်းမာနေစေဖို့ အမျှင်ဓါတ်နဲ့ သံဓါက်ကိုလည်း ပေးနိုင်ပါတယ်။

.

(ည) အစိမ်းရောင် အရွက်များ


အစိမ်းရင့်ရောင်အရွက်တွေကနေ ရနိုင်တဲ့ အကျိုးအမြတ်တွေဟာ အရမ်းများပါတယ်။ ကလေးငယ်အတွက် လိုအပ်နေတဲ့ ဗီတာမင် အေ တွေကို သူတို့က ပေးနိုင်ပါတယ်။ သူတို့ဟာ နို့ထွက် ပစ္စည်းတွေမဟုတ်ပေမယ့် ကယ်လ်စီယမ်ကို ပေးနိုင်သလို ဗီတာမင် စီနဲ့ သံဓါတ်လည်းြ<ွကယ်ဝကြပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ခြင်း၊ ကယ်လိုရီနည်းခြင်း၊ အာဟာရတန်ဖိုးမြင့်တက်ခြင်း၊ အရသာကို တိုးစေတာကြောင့် ဖြည့်စွက်စားပေးရပါမယ်။

~

~

နှင်းနုလွင် (ဆေးဝါး)

Good Health Journal

 

”တာရှည်ဆေးသောက်ရတဲ့အခါ……”

Filed under: ကျန်းမာ သုတ — thetsonehnin @ 2:58 AM
Tags:

၁။ မိမိသောက်မယ့်ဆေးဟာ ဘယ်အချိန်မှာ သောက်ရမယ့်ဆေးလဲဆိုတာကို သေသေချာချာသိရအောင် ကြိုးစားထားသင့်ပါတယ။် မနက်ပိုင်းသောက်ရမယ့်ဆေး၊ ညနေသောက်ရမယ့်ဆေး၊ အစာနဲ့တွဲသင့်လား၊ အစာမပါဘဲ သောက်ရ မလားဆိုတာကို သေသေ ချာချာ သိထားဖို့လိုပါတယ်။

.

၂။ သောက်ရမယ့်ဆေးဟာ တစ်မျိုးထက်ပိုတယ်ဆိုရင် ဒီဆေးနဲ့ပတ်သက်တဲ့ အချက်တွေကို ချရေးထားပါ။ တမျိုးနဲ့တမျိုး သတိထားရမယ့် အချက်တွေက ကွာခြားတတ်ပါတယ်။ အဲဒီလိုမှတ်တမ်းလေးနဲ့ခွဲရေးထားရင် သူတို့နဲ့ပတ်သက်တဲ့ အကြံပြုချက်တွေ ဟာ မရောထွေးတော့ပါဘူး။

.

၃။ ဆေးသောက်ဖို့အကြံပေးထားတဲ့အချိန်နဲ့ မိမိအပြုအမူတို့ကို ချိန်ဆကြည့်ပါ။ တချို့ဆေးတွေဟာ အိပ်ငိုက်ခြင်းတွေကို ဖြစ်စေတတ်ပြီး တချို့ကတော့ ခေါင်းမူးစေတတ်ပါတယ်။ မိမိဆေးသောက်မယ့်အချိန်မှာ တခြားအန္တရာယ်ဖြစ်စေတဲ့ အပြုအမှုမျိုးကို ရှောင်ဖို့လိုပါတယ်။

.

၎။ တချို့ဆေးတွေဟာ အချိန်အတိအကျသောက်ဖို့လိုပါတယ်။ အချိန်နာရီအတိအကျခြားပြီး သောက်ရမယ့် ဆေးတွေရှိ နေပါတယ်။ တချို့ဆေးတွေကတော့ သီးခြားညွှန်ကြားချက်တွေလိုအပ်ပါတယ်။ ဆေးတွေ အကောင်းဆုံးအလုပ်လုပ်မယ့် အချိန်နဲ့ ဆေးသောက် မယ့်အချိန် အံ့ကိုက်ဖြစ်အောင် စဉ်းစားထားရပါမယ်။

.

၅။ ဆေးသောက်ပြီး၊ မပြီးကို သိနိုင်တဲ့ အမှတ်အသားကိုထားပါ။ ဒီနေ့အတွက်ဆေးသောက်ပြီးပြီလား၊ မနေ့ကရော သောက်ခဲ့လား ဆိုတာကို တိတိကျကျသိနိုင်ဖို့ ပြက္ဒဒိန်မှာ အမှတ်ခြစ်ထား၍လည်း ရနိုင်ပါတယ်။

.

၆။ ဆေးသောက်ချိန်မှန်အောင် နိုးစက်ထားပေးပါ။ အထူးသဖြင့် တနေ့ကို တစ်ကြိမ်ထက်ပိုသောက်ရမယ့်ဆေးတွေအတွက် ဒီနည်းလမ်းဟာ အတော်လေးကို အထောက်အကူပြုပါတယ်။

.

၇။ ဆေးသောက်ပြီးချိန်မှာ ကြုံတွေ့လာရတဲ့လက္ခဏာတွေကို မှတ်သားထားပါ။ ဆေးပမာဏအပြောင်းအလဲ၊ ဘေးထွက် ဆိုးကျိုး၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို တွဲပြီး မှတ်သားပေးပါ။ တကယ်လို့ ဆီး၊ ဝမ်း၊ သွေးသကြား စစ်ရတဲ့ လူနာမျိုးဖြစ်နေရင်လည်း အဖြေတွေကို မှတ်သားထားပါ။

.

၈။ ဆေးတွေကို မြင်သာတဲ့နေရာမျိုးမှာ ထားပါ။ အလွယ်တကူမြင်နိုင်တဲ့မြင်ကွင်းမျိုးမှာ ထားရင် ဆေးသောက်ဖို့ မမေ့နိုင်တော့ပါဘူး။ ဒါပေမယ့် မိမိဆေးထားမယ့် နေရာဟာအပူ၊ အအေးမျှတဖို့လိုပါတယ်။ ရေခဲသေတ္တာထဲထား ရမယ့်ဆေးမျိုးဆိုလျှင်လည်း ညွှန်ကြားထားတဲ့အတိုင်းသိမ်းဆည်းရပါတယ်။ အဓိက အချက်ကတော့ ဆေးတွေကို ကလေးတွေနဲ့ လက်လှမ်းမမီတဲ့ နေရာမျိုးမှာသာ ထားပေးဖို့ပါ။

.

.

နှင်းနုလွင် (ဆေးဝါး)
Good Health Journal