မင်းတွေ့တယ်ဟုတ်…သူငယ်ချင်း။
၂၁ရာစုရဲ့ အပျော်ဖတ်ဝတ္ထုဆိုတာ
ဆိတ်ကွယ်ရာကို မကြာခဏသွားတတ်တဲ့အကြောင်း။
ပုခုံးသားအောက်ကအလှကို
ခဏခဏ မျက်စပစ်တတ်ကြောင်း။
တချို့နေရာတွေဆို
ဆောင်းတွင်း စစ်စစ်ကို
ခြောက်လက်မ စကတ်နဲ့ ဖြတ်သန်းပြကြောင်းကို။
ဒိတ်လွန်နေတဲ့ အသားတုံးကို
သွားဖုံးသားနဲ့ တမြှုံ့မြှုံ့ဝါးရသလို
အဲဒါတွေကလေ
မျိုရခက်တဲ့ အက္ခရာတွေ မဟုတ်ဘူးလား။
ခေတ်ရဲ့ တံခါးခေါက်မှုကို
အဲဒီအပြာရောင် ယဉ်ကျေးမှုအတိုင်းစီးမျောမလား။
မင်းဘက်က အသင့်အနေအထားဆို
ငါတို့လက်ဗွေရာတွေ
ဟောဒီအရပ်ကနေ ပြဌာန်းကြည့်ချင်တဲ့အာသီသတော့
ငါ့စိတ်မယ် တင်းပြည့်ကျမ်းပြည့်ဖူးပွင့်နေတယ် သူငယ်ချင်း။
ငါတို့ ရှုရှိုက်ဖူးတဲ့ စာပေရဲ့ အနှစ်သာရကို
ဟောဒီ မထင်မရှားအရပ်ကနေ
ပုံအော ပစ်လွှတ်ရမယ်။
ငါတို့ရပ်နေရာ ဟောဒီလမ်းဆုံကနေ
အတည်တကျ ရွာသွန်းပြကြရမယ်။
တစ်ယောက်ချင်းစီကို စိုစွတ်စေ
တစ်မိသားချင်းကို စိုစွတ်စေ
ငါတို့ဟာ
ရထားစစ်စစ်ဖြစ်ကြောင်းလက်မှတ်ရဖို့
ဘူတာတိုင်းကို ဖြတ်သန်းပြဖို့လိုနေပြီ။
ဈေးကွက်စကားအရဆို
အမှန်တကယ် စားသုံးသူဟာ
ကြော်ငြာအားကို တွန်းလှန်ပြီး
ငါတို့ဆီကို ရွေ့လျားလာလိမ့်မယ်။
“ဆင်တူးရိုးမှား သတိပြုဖို့တော့ လိုမယ်သူငယ်ချင်း”
ဖြူဖြူစင်စင်အချစ်ရဲ့ အဖွဲ့အနွဲ့ဟာ
လက်လေး၂ ဘက်ယှက်တဲ့
အခြယ်အသနဲ့တင် ထင်ရှားပေါ်လွင်ကြောင်းပြဖို့
ငါတို့လက်တွေ အစစ်ဖြစ်ကြောင်းပြဖို့
ငါတို့လိပ်ပြာဟာ စာဆန်ဆန်လှကြောင်းပြဖို့
သူငယ်ချင်းတို့ရေ
ငါတို့ ဟောဒီအရပ်က စပြီး လေးနက်ပြရမယ်။
.
.
နှင်းနုလွင်
25၊ 12၊ 2010