ဘယ်လိုမကောင်းတာမှန်းတော့ မသိဘူး။
သေချာတာက ကျုပ်ဟာ
ကောင်းကို မကောင်းဘူး။
ချိုချဉ်ဖန်ခါး မြည်းစမ်းကြည့်လို့မရပေမယ့်
ကျုပ်ဟာ အရသာမြောက်တဲ့ ဟင်းတစ်ခွက်ကို မဖြစ်သေးဘူး။
အမေ့ရဲ့ ဖွင့်ဆိုမှုအရတော့
ကျုပ်ဟာ တစ်အိမ်လုံးရဲ့ ခေါင်းလောင်းဖြစ်တယ်။
ဆိုတော့
ကျုပ်ရှိမှ အသံမြည်မယ်ပေါ့။
ဒါဟာလည်း တကယ်တော့ မကောင်းဘူး မဟုတ်လား။
လူကောင်းလေးပါလို့ထင်တိုင်း
မကောင်းပါဘူးဆိုတဲ့အကြောင်းကို
တရေးတယူထုတ်ပြချင်တာ
ဒီမှာ ကြည့်ဗျာ
ကျုပ်ဟာ သိပ်ပြီး အတ္တကြီးတယ်။
(ခင်ဗျားအစွယ်တွေနဲ့ လူတွေ သေပြီးပြီးလားတဲ့)
ဒါတော့ မဟုတ်သေးဘူးဗျ ဆိုတော့
ဒါဆို မင်းဟာ လူကောင်းလေးပါတဲ့။
မဟုတ်သေးဘူးဗျာ။
ကျုပ်က မောက်မယ်တယ်ဗျာ။
(ခင်ဗျား ဘယ်နှယောက်ကို သိမ်းပိုက်ပြီးပြီလဲတဲ့)
အဲဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါဆို မင်းက လူကောင်းလေးပါတဲ့။
လွဲနေပြီထင်တယ်ဗျာ။
ကျုပ်ဟာ တစ်ကိုယ်ကောင်းဆန်တယ်။
(ဘယ်နှဧကလောက် ယက် သွင်းပြီးပြီလဲတဲ့)
အဲဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါဆို မင်းက လူကောင်းလေးပါတဲ့။
ကျုပ်က သွေးစွန်းလွယ်တယ်ဗျာ။
(ဘယ်သူ့အမြီးကို မင်းဖျက်ဆိးပြီးပြီလဲတဲ့)
ဒါတော့ မလုပ်ဘူးသေးဘူးဗျ ဆိုတော့
ဒါလည်း မင်းဟာ လူကောင်းဖြစ်သေးတာပဲတဲ့။
ကဲ
ဟုတ်တယ်ဗျာ
ကျုပ်က လူကောင်းဗျာ
ကျုပ်ကောင်းတာ အများကြီးလုပ်ခဲ့တယ်။
နေရာတိုင်းမှာ ကျုပ်ထင်ဟပ်ခဲ့တဲ့ အရိပ်တွေ ရှိတယ်ဗျာ။
ကဲ ဖွင့်လှစ်တယ်ဗျာ
ကျုပ်ဟာ လူကောင်းပဲ။
ဒီလိုဆိုတော့လည်း
ကျုပ်ဟာ လူကောင်းမဟုတ်တော့ပြန်ဘူးတဲ့။
ပြောပါတယ်ဗျာ
ကျုပ်ဟာ ဘယ်ခါမှ လူကောင်းမဟုတ်ပါဘူး။
ကျုပ်ဟာ ဘာတစ်ခုမှ မကောင်းသေးပါဘူး။
ကျုပ်သိသလောက်တော့
ကျုပ်ဟာ ဘယ်နေရာမှာမှ မကောင်းသေးပါဘူး။။
—
—
—
နှင်းနုလွင်
30၊ 12၊ 2010