သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ကျိုးလွယ်၊ ကြေလွယ်သူများ August 21, 2010

Filed under: ကျန်းမာ သုတ — thetsonehnin @ 6:38 AM
Tags:

ကျွန်မတို့ငယ်ငယ်တုန်းက အဘွားနဲ့အတူတူအိပ်လေ့ရှိပါတယ်။ အဘွားရဲ့ နို့ပိန်ပိန်လေးကိုစို့ရင်း၊ အဘွားပြောပြ တဲ့ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေကိုနားထောင်ရင်းနဲ့ ဒူးနာလိုက်တာမြေးရယ် ဆိုတဲ့စကားကို အိပ်ရာဝင်ပုံပြင် တစ်ပုဒ်လို ယဉ်ပါးခဲ့တယ်။ ဆေးမသောက်ဘူးလား အဘွား လို့မေးရင် သောက်လည်း ပျောက်ပါဘူးကွယ်၊ အဘွားက ကျလူကိုး ဆိုတာကိုပဲ အဘွားက ပြန်ပြန်ပြောတတ်တယ်။ နောက်နေ့အမေ့ကို ”အမေ၊ အဘွားက ဘာလို့ ခြေထောက်တွေနာတယ်လို့ငြီးနေတာလဲ၊ ဘာဖြစ်လို့လဲလို့ ” မေးရင် ”သွေးဆုံးလို့ဖြစ်တာပေါ့” လို့ အမေက လွယ်လွယ် ကူကူနဲ့ပဲ ပြန်ပြောတတ်တယ်။ ၅ နှစ်သမီး ကျွန်မဟာ သွေးဆုံးတယ်ဆိုတဲ့ ဝေါဟာရကို နားမလည်ဘူး။ အဲဒီနောက်ပိုင်း ကျွန်မရဲ့အဘွားလေးတို့ကလည်း အဲဒီလိုငြီးကျတော့ စိတ်ထဲမှာ သူတို့ရဲ့ကိုယ်ထဲမှာ သွေးတွေ နည်းသွားလို့ ဖြစ်ရတာလို့ပဲ ကျွန်မနားလည်ထားလိုက်တယ်။

.
တက္ကသိုလ်တက်တော့လည်း ကျွန်မတို့အဓိကထားပြီးသင်ရတာက ဆေးဝါးတွေရဲ့အကြောင်းဆိုတော့ အဲဒီလို အရိုးတွေနဲ့ပတ်သက်တာတွေကို သိပ်ပြီးမလေ့လာမိဘူး။ အခုနောက်ပိုင်းကျွန်မတို့ရဲ့ ပတ်ဝန်းကျင်တွေဆီကနေ ဒီလိုမျိုး အသံတွေ ကြားလာရတော့ ကျွန်မလည်း မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်တစ်ချို့ကို ကောက်လှန်ရပါတော့တယ်။ ကျွန်မတို့ သတိမထားမိရင်သာ ရှိရမယ်၊ လက်တွေ့မှာတော့ သက်လတ်ပိုင်းကိုကျော်ဖြတ်ပြီးတဲ့ အမျိုးသမီးတိုင်းဟာ အရိုးနဲ့ ပတ်သက်တဲ့ပြဿနာတွေကို အနည်းနဲ့ အများဆိုသလို ခံစားရတာချည်းပါပဲ။

.
တကယ်တော့ အရိုးဟာ ကျွန်မတို့အားလုံးထင်ထားကြသလို သက်မဲ့ပစ္စည်းတစ်ခုမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေလိုပဲ သူတို့ကို ကျန်းမာပြီးရှင်သန်နေတဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သျှူး တွေဟာ အရိုးဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး အိုဟောင်းသွားတဲ့ အရိုးဆဲလ်အဟောင်းတွေနဲ့ လဲလှယ်ပေးပါတယ်။ တကယ်လို့ ဆဲလ်အသစ်တွေ ဖြစ်တာနည်းပြီး အဟောင်းတွေကို ဖယ်ထုတ်လိုက်တာသာ များသွားရင် အရိုးတစ်သျှူး တွေဆုံးရှုံးသွားပြီး အရိုးပါးတာ၊ ကြွပ်ဆတ်တာမျိုးတွေ ဖြစ်လာပါတယ်။ တဖြည်းဖြည်းနဲ့ ဆိုးရွားလာမယ်၊ ကုသမှုသာ မခံယူခဲ့ရင် ကျွန်မတို့ခန္ဓာကိုယ်ကြီးကို ထောက်မထားပေးတဲ့ အရိုးငြမ်းအဖွဲ့အစည်းကြီး (Skeletal System) ဟာ အား ပျော့လာပြီး နေ့စဉ်လုပ်နေကျ သွားသွားလာလာ အလုပ်မျိုးကိုတောင် မစွမ်းဆောင်နိုင်တော့တဲ့အထိ ဖြစ်သွားပါတယ်။

**Osteoporotic Bone**

.
အဲဒီလိုအရိုးနဲ့ ပတ်သက်တဲ့ရောဂါတွေကိုဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ အများကြီးပါပဲ။ လူမျိုး အလိုက်လေ့လာကြည့်ရင်တော့ လူမည်းတွေထက် လူဖြူတွေမှာ ပိုပြီးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မိသားစုကနေ လက်ဆင့်ကမ်းပေးနိုင်တဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေပါတယ်။ ငယ်စဉ်ကလေးဘဝ၊ အပျိုဖော်ဝင်ခါစ အရွယ်မှာ ကယ်လ်စီယမ်ပါဝင်တဲ့ အစားအသောက်တွေစားသောက်တာနည်းရင်လည်း အသက်ကြီးလာတဲ့အခါ ဖြစ်တတ်ပါတယ်။ အဲဒီလိုပါပဲ၊ ဗီတာမင် ဒီချို့တဲ့တာ၊ နေရောင်နဲ့ထိတွေ့မှုနည်းတာ၊ လှုပ်ရှားမှုနည်းတာတွေကြောင့်လည်း အသက်ကြီးလာ ချိန်မှာ အရိုးပွ (Osteoporosis )တာမျိုးတွေဖြစ်တတ်တယ်လို့ ကျွန်မမှတ်သားဖူးပါတယ်။ တခြားအကြောင်းတွေ ဘယ် လောက်ပဲရှိရှိ၊ အမျိုးသမီးတစ်ယောက်မှာ အရိုးထိခိုက်တဲ့ပြဿနာတွေရှိလာရင် Oestrogen လျော့နည်းမှုကိုသာ အဓိက တရားခံအဖြစ် သတ်မှတ်ကြပါတယ်။ ဒီနေရာမှာ Oestrogen အကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်။

.

ကျွန်မတို့ကို မိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားတော့မယ်ဆိုကတည်းက ကျွန်မနဲ့ အတူယှဉ်တွဲပြီး ရပ်တည်ပေးမယ့်မိတ်ဆွေ တနည်းအားဖြင့်တော့ မိန်းမသားအဖော် Oestrogen ကို သဘာဝတရားကြီးက ထည့်ပေး လိုက်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာနာတွေပေါ်လာပြီး အသားအရေတွေစိုပြေလှပအောင်၊ မိခင်တစ်ယောက်ရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့ Oestrogen က အဓိကလုပ်ဆောင်ပေးပါတယ်။ ရာသီသွေးလည်ပတ်မှုကအစ အမျိုးသမီးတွေရဲ့ ကိစ္စအားလုံးကို ထိန်းချုပ်ပေးနိုင်တဲ့ Oestrogenပါပဲ။

.

အဲဒီလို ကျွန်မတို့ကို မိန်းမတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ ဖန်တီးပေး ခဲ့တဲ့ Oestrogen ဟာ အသက်ကြီးလာတာနဲ့အမျှ လျော့နည်းလာပါတယ်။ ဒီလိုလျော့နည်းမှုတွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာ၊ အရေပြားတွေ ပူနွေးတာ၊ ညဘက်ခေါင်းချွေးထွက်တာမျိုးတွေကို ကြုံတွေ့လာရပါတယ်။ Oestrogen လျော့နည်းနေတဲ့အချိန်ဆို အရိုးတည်ဆောက်တဲ့ တစ်သျှူးတွေ အလုပ်လုပ်တာနှေးလာတယ်။ အရိုးဆဲလ်တွေ ဖြစ်ပေါ် တာနည်းလာလို့ အရိုးတွေဟာ တည်ဆောက်ဖို့ထက် ပြိုကွဲမှုကသိသာလာတယ်။ အရိုးရဲ့သိပ်သည်းဆနည်းလာတယ်။


ကြာလာတော့ အရိုးတွေကပါးပြီး ပျော့လာတယ်။ တနည်းအားဖြင့်ဆိုရရင်တော့ ခိုင်ခံ့မှုနည်းလာတယ်။ အဲဒီ အရိုးဟာ ကျိုးလွယ်သွားတယ်။ ဒီရောဂါဟာ ဘယ်လိုသတိပေး လက္ခဏာကိုမှ မပြဘဲနဲ့ တိတ်တိတ်လေး ဝင်ရောက် လာတတ်တယ်။ သွေးဆုံးခါနီး အမျိုးသမီးတစ်ယောက်မှာရှိတဲ့ Oestrogen ပမာဏဟာ အမျိုးသားတွေထက် များပေ မယ့် အရင်ကထက်စာရင်တော့ လျော့ကျလာပြီဖြစ်လို့အရိုးပွဖို့၊ အရိုးတွေဆုံးရှုံးဖို့ အခွင့်အလမ်းတွေပိုများ လာပါတယ်။ အထူးသဖြင့် သွေးဆုံးပြီးလို့ နှစ်အနည်းငယ် အတွင်းမှာပဲ ရုတ်တရက်အရိုးကျိုးတဲ့ပြဿနာကို ကြုံတွေ့လာနိုင်ပါတယ်။

.

ဒါကြောင့် အမျိုးသမီးအနေနဲ့ ရပ်တည်ခွင့်ရခဲ့တဲ့ ကျွန်မတို့ဟာ အရိုးနဲ့ပတ်သက်တဲ့ဝေဒနာတွေကို ပိုပြီး ခံစား ရပါတယ်။ ဒီတော့ ကြံဖန်ပြီးစဉ်းစားရင် အမျိုးသမီးဖြစ်ရတာ မတရားဘူးလို့တောင် ထင်မိပါတယ်။ ကောင်းတဲ့ဘက်က လှည့်တွေးတော့လည်း ဒါဟာ ကြိုတင်သတိထားမိစေဖို့ အဘွားတို့ကလက်ဆင့်ကမ်းခဲ့တဲ့ အမွေလို့သတ်မှတ်လို့ ရသလို ဒီလိုမျိုးအရိုးနဲ့ ပတ်သက်တာတွေဟာ ကာကွယ်လို့ရတဲ့အတွက် ကံကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။ ကျွန်မတို့ မိန်းမသားတွေအနေနဲ့ သွေးဆုံးတာကို ရှောင်လွဲလို့မရပေမယ့် အရိုးပွတဲ့ဖြစ်ရပ်ကိုတော့ နှောင့်နှေးအောင် ဟန့်တားထား လို့ရပါတယ်။

.

.
အရိုးပွရောဂါကိုကာကွယ်ဖို့ဆိုရင် ကျွန်မတို့ရဲ့ နေထိုင်မှုပုံစံကို အရင်ဆုံးပြောင်းလဲပစ်ဖို့ လိုပါတယ်။ အရေး အကြီးဆုံးက ငယ်ငယ်တည်းက စားသောက်တဲ့အစားအသောက်ပုံစံပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ အရိုးတွေကို တည်ဆောက်နေတဲ့ အရေးအကြီးဆုံးကာလဟာ အသက် ၁၈-၂ဝ အထိကြားကာလပါပဲ။ ဒီလိုအရွယ်ကတည်းက အရိုး တွေ သန်မာဖို့ ကယ်လ်စီယမ်ြ<ွကယ်ဝတဲ့ အစားအစာတွေကိုဦးစားပေးပြီး စားပေးဖို့လိုပါတယ်။ နို့နဲ့ ချိစ် တို့မှာ ကယ်လ်စီယမ် တွေ အများကြီးပါတယ် ဆိုတာကို ကျွန်မတို့အားလုံးသိကြပေမယ့် တို့ဟူးနဲ့ ပဲတွေမှာ ပါတယ်ဆိုတာ ကိုတော့ သိပ်မသိ ကြပါဘူး။ ကယ်လ်စီယမ်အားဖြည့်ထားတဲ့ လိမ္မော်ရည်တွေကို သောက်မယ်။ နံနက်စာစားတဲ့ အခါမှာလည်း နို့နဲ့ အသီးအရွက်တွေပါအောင် စားကြမယ်ဆိုရင် ကျွန်မတို့ အရိုးအတွက်အတော်ကို စိတ်ချသွားရပါပြီ။

.

နေ့လည်နေ့ခင်းမှာလည်း ဆိုဒါပါတဲ့အအေးတွေကို သောက်မယ့်အစား၊ နွားနို့ပါတဲ့ဖျော်ရည်တွေကို သောက်ပေး သင့်ပါတယ်။ နွားနို့ရိုးရိုးကိုမကြိုက်တဲ့သူတွေအတွက်ဆိုရင် ချောကလက်၊ စတော်ဘယ်ရီတွေနဲ့ ရောထားတဲ့ နွားနို့ကို သောက်မယ်ဆိုရင်လည်း လိုအပ်တဲ့ကယ်လ်စီယမ်တွေကို ရနိုင်ပါတယ်။ တကယ်လို့စားသောက်နေတဲ့ အစားအစာ တွေကနေ ကယ်လ်စီယမ်လုံလောက်အောင်မရနိုင်ဘူးလို့ထင်ရင်လည်း သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကယ်လ်စီယမ် ဖြည့်စွက်အားဆေးတွေ သောက်ပေးလို့ရပါတယ်။ ကယ်လ်စီယမ်တွေကို ခန္ဓာကိုယ်က စုပ်ယူဖို့ဆိုရင် ဗီတာမင် ဒီကို မဖြစ်မနေ လိုအပ်ပါသေးတယ်။

.

ဗီတာမင် ဒီကို အသည်းနဲ့ ကျောက်ကပ်မှာ လှုံဆော်ပြောင်းလဲပေးလိုက်ရင် သူက ကယ်လ်စီယမ်စုပ်ယူမှုကို ပိုပြီးအားပေးပါတယ်။ အသီးအရွက်တွေကနေရနိုင်သလို နေရောင်ခြည်နုနု (မနက် ၁ဝနာရီမတိုင်ခင်နဲ့ ညနေ ၃ နာရီနောက်ပိုင်းနေရောင်)  မှာ ၁၅ မိနစ်လောက်ခံပေးရင်လည်း ဗီတာမင် ဒီကို ရနိုင်ပါသေးတယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ တို့ ၂မျိုး ပူးပေါင်းပြီး အလုပ်လုပ်တဲ့အခါကျတော့ အရိုးဆဲလ်တွေကနေ ကယ်လ်စီယမ် စုပ်ယူမှုတွေဟာ ပိုပြီး မြန်ဆန်လာပါတယ်။

.

ကလေးဘဝကတည်းက ကယ်လ်စီယမ် ကြွယ်ဝစွာစားသောက်ထားတဲ့အတွက် အရွယ်ရောက်လာချိန်မှာ အရိုးရဲ့သိပ်သည်းမှုကပိုမြင့်လာပါတယ်။ နောင်တစ်ချိန်မှာ ကြုံတွေ့လာနိုင်တဲ့ အရိုးပွရောဂါဖြစ်နိုင်ချေဟာ နည်းလာ ပါတယ်။ အရင်တည်းက ကယ်လ်စီယမ်စားသုံးမှု နည်းပါးတဲ့ မိန်းကလေးတွေဟာ အသက်ကြီးလာတဲ့အချိန်မှာ အရိုးရဲ့သိပ်သည်းဆကျဆင်းလာပြီး အရိုးနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်တတ်တယ်ဆိုတာ ကျွန်မတို့နောက်မှ လူ့လောက ထဲကိုဝင်လာတဲ့ အမျိုးသမီးငယ်လေးတိုင်းကို ကျွန်မတို့ အသိပေးရပါဦးမယ်။

.

နောက်တစ်ချက်က ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ပါ။ အားကစားလုပ်တာဟာ အရိုးဆုံးရှုံးတာကို ရပ်တန့်အောင် လုပ်ပေးလို့မရပေမယ့် အရိုးပွတဲ့ ဖြစ်စဉ်ကိုတော့ နှေးသွားစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိနေရင် အရိုးနဲ့ ပတ် သက်တဲ့ ပြဿနာတွေဟာ အတော်ကိုနည်းသွားပါတယ်။ လှုပ်လှုပ်ရှားရှားနေတဲ့အတွက်ြ<ွကက်သားတွေဟာပိုပြီး  သန်မာ လာတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းနိုင်လာတယ်။ ချော်လဲတာ၊ လိမ့်ကျတာတို့လို ပြဿနာတွေလည်း နည်းသွားပါတယ်။ အဲဒီတော့ ကျွန်မတို့အရိုးကို ကာကွယ်ဖို့ ဘယ်လိုလေ့ကျင့်ခန်းမျိုးလုပ်မလဲဆိုတာကို နည်းနည်း စဉ်းစားကြည့်ရအောင်။

.

ခြေထောက်ကို အားပြုပြီး ကစားရတဲ့ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ တင်းနစ်ကစားတာမျိုးတွေကို လုပ်နိုင်ပါတယ်။ ကြွက်သားတွေသန်မာဖို့အတွက်ဆိုပြီး ပုခုံးနဲ့ လက်မောင်းကို အားပြုပြီး စက်တွေနဲ့ ကစားတာ၊ အလေးမတာမျိုးတွေကလည်း အရိုးတွေကျန်းမာဖို့ကို အတော်လေးအထောက်အကူပြုပါတယ်။ အရမ်းအားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေမလုပ်မိဖို့ရယ်၊ လုပ်ရင်းနဲ့ ဒါဏ်ဖြစ်မသွားစေဖို့ကိုတော့ နည်းနည်းသတိထားရတယ်။ ဒီတော့ ကျွန်မတို့သဘောနဲ့ ကျွန်မတို့လုပ်မယ့်အစား ဆရာဝန်တွေနဲ့တိုင်ပင်ပြီးရွေးချယ်လိုက်တဲ့ အားကစားဟာ ပိုသင့်တော်မယ် လို့ ထင်ပါတယ်။

.

.
အရိုးပွတာတွေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့အတွက် ရွယ်တူအမျိုးသားတွေမှာ ဖြစ်နိုင်ချေရှိတယ် ဆိုတာကိုတော့ မေ့လျော့နေတတ်ပါတယ်။ ဒါကြောင့် ရောဂါကို ကြိုတင်ပြီး ခြေရာမခံမိတာ၊ ကုသမှုမခံယူဖြစ်တာမျိုးကို ကြုံရတတ်ပါတယ်။  အမျိုးသားတွေမှာ အရိုးပွတယ်ဆိုတာ တခြားကျန်းမာရေးအခြေအနေ၊ ဘဝနေထိုင်မှုပုံစံတွေ၊ (ဆေးလိပ်သောက်တာ၊ အရက်သောက်တာလိုမျိုး) တို့ကြောင့်ဖြစ်နိုင်သလို စတီးရွိုက်လိုဆေးမျိုးတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့လည်းကြုံတွေ့နိုင်ပါ တယ်။ အရိုးတွေဆုံးရှုံးကုန်တာဟာ အသက်အရွယ်ကြီးလာတာရဲ့ ပြယုဂ်တစ်ခုလို့ဆိုနိုင်ပြီး အသက် ၇ဝ ပတ်ဝန်းကျင် အဘိုး၊ အဘွားတွေအကုန်လုံးနီးပါးကြုံတွေ့နိုင်တာကြောင့် အားလုံးဟာ ဂရုစိုက်ဖို့လိုပါတယ်။

.

ကျွန်မတို့ရဲ့အရိုးဟာ ထိခိုက်လွယ်တယ်ဆိုပေမယ့် အမျိုးသမီးတွေအနေနဲ့ ရပ်တည်ခွင့်ရတာကိုပဲ ကျေနပ်နှစ် သက်ရင်းနဲ့ ကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို အမြဲတမ်းစဉ်းစားထားသင့်ပါတယ်။ စောစောတုန်းက ပြောခဲ့သလိုပါပဲ။ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတဲ့ ဒီရောဂါကို ခံစားရစေတဲ့ အကြောင်းအရင်း တွေဟာ တစ်ခုတည်းမဟုတ်ပါဘူး။ သဘာဝအရ Oestrogen တွေလျော့နည်းသွားတာကို ကျွန်မတို့ ဟန့်တား လို့မရပါဘူး။ မျိုးရိုးဗီဇအရ လက်ခံရတဲ့ အဖြစ်မျိုးကို ကျွန်မတို့ ရာနှုန်းပြည့်ရှောင်လွှဲလို့ မရပါဘူး။ အာဟာရမျှတအောင် စားပေးတဲ့နည်းလမ်းကသာ အကောင်းဆုံးပါ။ ဒီတော့ ကျွန်မတို့ရဲ့ မိန်းမသားဘဝကို မြတ်နိုးလျှင် အရိုးကိုတန်ဖိုးထားပါ။ အရိုးကိုကာကွယ်ချင်ရင်တော့ ကယ်လ်စီယမ်နဲ့ အားကစားကို အလေးအနက်ထားပါလို့ ထိခိုက်လွယ်သော အရိုးပိုင်ရှင် အမျိုးသမီး အားလုံးကို တိုက်တွန်းလိုက်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

Family Mag (June, 2010)

 

ကျွန်တော်တို့ပြောသော ဆေးဝါးများ၏ ဒိုင်ယာရီ (၂)

Filed under: ဆေးဝါးများ၏ ဒိုင်ယာရီ — thetsonehnin @ 3:45 AM
Tags:

ဓါတ်မတည့်မှုပျောက်ဆေးများ

ဆောင်းဝင်လာခါစ အချိန်မျိုးတွင် ကျွန်တော်တို့ကို လက်ကမ်းကြိုဆိုမည့်သူ များလှသည်။ ရာသီဥတုအပြောင်းအလဲကြောင့် လူအများစုတွင်ခံစားရလေ့ရှိသော ဝေဒနာတို့ကို သက်သာစေဖို့ဆိုလျှင် ကျွန်တော်တို့ကို မဖြစ်မနေ မိတ်ဆွေဖွဲ့ရတော့မည်။ လူတစ်ယောက် နှာစေးနေလျှင် ကျွန်တော့်တို့ကို သုံးရတော့မည်။ ကျွန်တော်တို့သည် မိတ်ဆွေ၏ လက်တစ်ကမ်းအကွာတွင် အမြဲရှိနေသော ဆေးများဖြစ်သည်။ ကျွန်တော်တို့လုပ်သော အလုပ်များ အကြောင်းကို ကျွန်တော်မပြောပြဘဲ မည်သူတစ်ဦးတစ်ယောက်မျှ နားလည်လိမ့်မည်မဟုတ်။ ကျွန်တော်တို့အကြောင်းကို ပြောပြမည်ဆိုလျှင် ပထမဆုံး Histamine ဟုခေါ်သော Chemicals များအကြောင်းကို အနည်းငယ်သိထားရန် လိုပါလိမ့်မည်။

လူတစ်ယောက်၏အရေပြားကို ကုတ်ကြည့်လိုက်ပါ။ ခန္ဓာကိုယ်၏ မည်သည့်နေရာမှမဆို အစင်းကြောင်း များ ထွက်ပေါ်လာနိုင်သည်။ ထိုကဲ့သို့ပင် Histamine များသည် ခန္ဓာကိုယ်၏နေရာတိုင်းတွင်ရှိနေပြီး အကြောင်းတိုက်ဆိုင်မှု ရှိလာသည့်အခါ ထွက်ပေါ်လာတတ်သည်။ ရာသီဥတု အပြောင်းအလဲ၊ အအေးမိချိန်၊ ပိုးမွှားများကိုက်ခြင်း၊ သေးငယ်လွန်းသော ဗိုင်းရပ်စ်များ ဝင်ရောက်ချိန်၊ အနာတရဖြစ်ချိန်၊ နေမကောင်း ဖြစ်နေချိန်တို့တွင် Histamine များသည် အလျှိုလျှိုထွက်ပေါ်လာပါသည်။ သူတို့သည် ခန္ဓာကိုယ်ရှိ ကိုယ်ခံစွမ်း အားအဖွဲ့ကြီးနှင့် ထိပ်တိုက် တွေ့ဆုံပြီးနောက် ဓါတ်ပြုမှုများဖြစ်ပွားကာ အကျိုးဆက်အနေဖြင့် နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျက်စိယားခြင်း၊ လည်ချောင်းယားခြင်း၊ ခန္ဓာကိုယ်တွင် အနီကွက်ထွက်ခြင်းတို့ကို ကြုံတွေ့ရတတ်ပါသည်။

ကျွန်တော်တို့၏တာဝန်သည် ထိုံ Histamine များကို ဆန့်ကျင်တိုက်ဖျက်ပေးရန်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အုပ်စုကို Histamine ကိုဆန့်ကျင်ပေးသောဆေးများ (Anti-Histamines) ဟု သတ်မှတ်ကြပါ သည်။ နှာစေးပျောက်သောဆေးများ၊ ဓါတ်မတည့်မှုကိုပျောက်စေသောဆေးများ စသည်ဖြင့်လည်း အမျိုးမျိုးခေါ် ကြပါသေးသည်။ အခေါ်အဝေါ်မည်မျှ ပြောင်းလဲစေကာမူ ကျွန်တော်တို့လုပ်ရမည့် တာဝန်သည် အတူတူ ပင်ဖြစ်သည်။ ကျွန်တော်တို့ အုပ်စုထဲတွင် ကျွန်တော်သည် ပထမဆုံးအဖွဲ့ဝင် (First Generation) ဖြစ်သည်။ ကျွန်တော့်၏နာမည်သည် Chlorpheniramine ဖြစ်သော်လည်း ဘာမီတွန်ဟူသော နာမည်ကိုသာ မိတ်ဆွေတို့ ပိုပြီး ရင်းနှီးကြပါလိမ့်မည်။

ကျွန်တော့်ကို ဆေးရည်၊ ဆေးတောင့်၊ ဆေးလုံး စသည်ဖြင့် ပုံစံအမျိုးမျိုးနှင့် တွေ့နိုင်ပါသည်။  အရည်ပုံစံမျိုးနှင့်သောက်လျှင် ပမာဏကို တိတိကျကျ တိုင်းတာဖို့လိုပါလိမ့်မည်။ ဆေးအညွှန်းစာရွက်တွင်ပါသော ပမာဏအတိုင်း သို့မဟုတ်ရင်လည်း ဆရာဝန်တွေရေးပေးလိုက်သော ပမာဏအတိုင်းသာ ချင်တွယ်ရမည်။ အိမ်တွင်သုံးသော ဇွန်းများနှင့်တော့ ကျွန်တော်တို့ကို မတိုင်းစေချင်ပါ။ အိမ်တွင်သုံးသော လဘက်ရည်ဖျော် သည့်ဇွန်းလေးသည် အရည် ၅ မီလီဆန့်သည်ဆိုသော်လည်း အမြဲမတိကျနိုင်ပါ။ ထို့ကြောင့် ဆေးထုတ်လုပ်သော ကုမ္ပဏီများမှ ထည့်ပေးလိုက်သည့် အတိုင်းအတာခွက်ငယ်လေးများကိုသာ သုံးသင့်ကြောင်း ကျွန်တော် အကြံ ပေးချင်ပါသည်။

အစားနှင့်တွဲသောက်ရေး၊ မသောက်ရေးသည် ကျွန်တော်အတွက်ကြီးကျယ်သော ပြသနာမဟုတ်ပါဘူးလို့ ကျွန်တော်က ပြောဆိုချင်ပါသည်။ အကယ်၍ အစာအိမ်နှင့်ပတ်သက်သောရောဂါ တစ်စုံတစ်ရာရှိမည် ဆိုလျှင် တော့ အစာနှင့်တွဲသောက်ခြင်းက ပို၍စိတ်ချရပါသည်။ ကျွန်တော်ထံမှ အာနိသင်ကို ကြာကြာ လိုချင်လျှင် ဆေးသောက်သောအခါတွင် ကြိတ်ခြင်း၊ ချိုးပြီးသောက်ခြင်း၊ ဝါးစားခြင်းတို့ကို မပြုလုပ်ရန် ကျွန်တော်က တာဝန် ရှိသူတစ်ယောက်အနေဖြင့် အသိပေးတားမြစ်ရပါလိမ့်မည်။ မိတ်ဆွေသာ ထိုသို့ပြုလုပ်ခဲ့မည်ဆိုလျှင် ကျွန်တော့်၏ အာနိသင်သည်  မြန်မြန်ကုန်ဆုံးသွားနိုင်သလို ဘေးထွက်ဆိုးကျိုးများကိုလည်း ပိုပြီးခံစားရပါလိမ့်မည်။

ကျွန်တော်ကို တစ်မျိုးတည်းသုံးစွဲကြသလို အခြားဆေးများနှင့်လည်း တွဲပြီးသုံးကြပါသည်။ ဥပမာ ပြောရ လျှင် လူတစ်ယောက်အအေးမိချိန်တွင် သောက်မည့်ဆေးတွင် ကျွန်တော့်ကို ပါရာစီတမော့ နှင့်တွဲသုံးရသည်။ လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးနေလျှင် Dextromethorphan နှင့်တွဲသုံးသည်။ လူနာတစ်ယောက်တွင် တစ်စုံတစ်ခုကြောင့် Shock ရခဲ့လျှင် ကျွန်တော့်ကို အကြောဆေးအနေဖြင့် Adrenaline နှင့်တွဲပြီးသုံးနိုင် ပါသည်။ ကျွန်တော်တို့ကို သုံးပြီးအချိန်တိုအတွင်းမှာပင် အမြင့်ဆုံးအာနိသင်ကို ပေးနိုင်ပါသည်။ တစ်ချိန်ကတော့ ကျွန်တော်သည် Histamine နှင့်ပတ်သက်သော ရောဂါတိုင်းတွင် ဆရာတစ်ဆူဖြစ်ခဲ့သည်။ သို့သော် ကျွန်တော့် ၏ အိပ်ငိုက်တတ်သော အားနည်းချက်ကို ထောက်ချင့်ပြီး နောက်ထပ် ဆေးအသစ်များကို ရှာဖွေခဲ့ကြသည်။

ကျွန်တော့်နောက်မှထပ်ထွက်လာသည့် ဒုတိယအုပ်စု Second Generation တွင် Cetirizine & Loratidine တို့သည် အသုံးတွင်ကျယ်သူများဖြစ်သည်။ ဆေးအသစ်များသည် ဦးနှောက်နှင့် အာရုံကြောအတွင်း ဖြတ်သန်းနိုင်မှု နည်းသောကြောင့် အိပ်ငိုက်နိုင်သောအာနိသင်လည်း နည်းသည်။ လူတွေကြားတွင် ပျံနှံမှု များနေသည့် Cetirizine ကို အိပ်ငိုက်ခြင်းမရှိသည့် အဖွဲ့ဝင်အသစ် (Non Sedating Antihistamine) ဟု သတ်မှတ်ကြသော်လည်း သူသည် Loratidine လောက် စိတ်မချရပေ။

သူသည်လည်း  ညွှန်ကြားထားသော ပမာဏအတိုင်း တိတိကျကျ လိုက်နာရန်လိုအပ်ပါသည်။ ပိုပြီးသုံးစွဲမိလျှင် ကျွန်တော်ထက်တောင် အန္တရာယ်ပိုရှိပါသည်။ သူ့ကို ရင်ကြပ်ပန်းနာရောဂါတွင် သုံးသည့် Theophylline ဆေးနှင့်တွဲသုံးလျှင် ပမာဏလျော့ပေးရမည်ကို လူတော်တော် များများ မသိကြပါ။ Cetirizine ကြောင့် သွေးထဲတွင်  Theophylline ပမာဏမြင့်တက်နိုင်ပြီး လူနာများကို ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းတို့ကို ထပ်မံဖြစ်စေတတ်သည်ကို အမြဲသတိရပေးပါ မိတ်ဆွေ။

ကျွန်တော်တို့ကို တစ်ခါသုံးဖူးပြီး ဓါတ်မတည့်မှုများ ဖြစ်ပွားဖူးသည်ဆိုလျှင် နောက်တစ်ကြိမ်ထပ်မသုံးဖို့ ကျွန်တော်တို့က တင်းတင်းကြပ်ကြပ် တားမြစ်ရပါလိမ့်မည်။ ကျွန်တော်တို့ကို မိတ်ဆွေ၏ ခန္ဓာကိုယ်မှ လက်မခံ သောကြောင့် နောက်တစ်ကြိမ်ထပ်သုံးမိလျှင် အသက်ကိုပါ စိုးရိမ်ရပါသည်။ ကျွန်တော်တို့ကို မသုံးစေချင်၍ ယခုလို ခြိမ်းခြောက်နေသည်လို့ မထင်ပါနှင့်မိတ်ဆွေ။ ကြိုတင်ရှောင်လို့ရအောင် သတိပေးချင်သည့် ကျွန်တော်၏ စေတနာကို နားလည်စေချင်ပါသည်။

လူများသည် ကျွန်တော်တို့ကို ကြောက်လည်း ကြောက်သည်။ သုံးသော နေရာတွင်လည်း ရဲတင်းပါသည်။ တခြားဆေးများကဲ့သို့ပင် ကျွန်တော်တို့အကြောင်းကို ဘယ်သူကိုမျှ မမေးမြန်း၊ မစူးစမ်းဘဲ သုံးတတ်သည်။ သို့သော် ပမာဏအများကြီး မသုံးသည့်အတွက်၊ အချိန်အကြာကြီးစွဲပြီး မသုံးသည့်အတွက်ကိုတော့ ကြံဖန်ပြီး ကျေးဇူးတင်ရပါသည်။ မိမိသဘောမိမိဆောင်လျက်သုံးကြသည်ဆိုရာဝယ် တတ်ကျွမ်းသူများကို မေးမြန်းပြီးမှသာ သုံးရမည့် လူတန်းစားတွေ ရှိနေပါသေးသည်။

ဆိုပါစို့။ မျက်စိတွင်တိမ်ဖြစ်နေသူများအနေဖြင့် ကျွန်တော်တို့ကို အသုံးပြုလျှင် မျက်စိအတွင်းရှိဖိအား ပိုများလာပြီး ရောဂါအခြေအနေပိုဆိုးလာတတ်ပါသည်။ ထို့အတူ အစာအိမ်ရောဂါရှိသူ၊ ဝမ်းချုပ်နေသူ၊ ကျောက်ကပ်ရောဂါရှိသူများ အနေနှင့်လည်း ကျွန်တော်တို့ကို သတိလေးထားပြီးသုံးစွဲစေချင်ပါသည်။ အမျိုးသား များတွင် ဆီးသွားခြင်း နှင့်ပတ်သက်သည့် ပြဿနာတစ်စုံတစ်ခုရှိနေသည့်အခါ၊ ဆီးကျိတ်ကြီးနေသည့်အခါတို့တွင် ကျွန်တော်တို့ကို အလွယ်တကူမသုံးစေချင်ပါ။

ကိုယ်ဝန်ဆောင်ချိန်တွင် ကျွန်တော်တို့ကို သုံးလို့ရ၊ မရဆိုသော အချက်ကို အခုထက်ထိငြင်းခုန်နေကြဆဲ ဖြစ်သောကြောင့် သုံးပါလို့ မတိုက်တွန်းရက်သလို၊ မသုံးရဘူးလို့ ကျွန်တော်တို့ မတားမြစ်ချင်ပါ။ အထူးသဖြင့် Cetirizine & Loratidine တို့သည် စိတ်မချရသေးသည့်အတွက် အရေးတကြီး သုံးရတော့မည်ဆိုလျှင် ကျွန်တော့်ကိုသာ ဆရာဝန်တွေနှင့် တိုင်ပင်ပြီး သုံးစေချင်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အပြစ်အကင်းဆုံး မဟုတ်ပါ။ ကျွန်တော်သည် မိခင်နို့ရည်ကို ဖြတ်သန်းနိုင်သည့်အတွက် နို့စို့နေသည့် ကလေးငယ်လေးဆီကို ရောက်သွားနိုင်ပါသည်။ မိမိတို့ကိုယ်ကိုမိမိတို့ အာမခံချက်မပေးနိုင်သည့်အတွက် တခါတလေတွင်လည်း  ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိပါသည်။

ကျွန်တော်တို့သည် တခြားဆေးများနှင့် ဓါတ်ပြုမှုဖြစ်နိုင်ပြီး လူများကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ကျွန်တော်တို့ကို အရက်သောက်သောအချိန်တွင် သောက်လိုက်လျှင် ကျွန်တော်တို့၏ ဘေးထွက် ဆိုးကျိုး များသည် ပိုပြီးဆိုးဝါးလာနိုင်သည်။ ကြွက်သားများကို ပြေလျော့စေသောဆေးများ၊ စိတ်ကျရောဂါအတွက် ဆေးများကို သုံးစွဲနေရလျှင် ကျွန်တော်တို့ကို မသုံးဘဲနေနိုင်ပါက ပိုကောင်းပါသည်။ အကယ်၍ တွဲသောက်မိလျှင် အိပ်ငိုက်သော အာနိသင်သည် ဆိုးရွားလာရုံမက ပါးစပ်ခြောက်ခြင်း၊ ဆီးကျန်ခြင်း၊ သွေးပေါင် ကျခြင်း၊ အလွန်အမင်း ရင်တုန်ခြင်းများ ဖြစ်နိုင်သောကြောင့် ဆရာဝန်ကို မမေးမြန်းဘဲ မသုံးစေချင်ပါ။ ကျွန်တော်တို့ကို အသုံးပြုနေချိန်တွင် ကဖင်းပါသော ကော်ဖီ၊ ကိုလာတို့ကို သုံးပါက ကျွန်တော်တို့ ကောင်းစွာ အလုပ်လုပ်နိုင်တော့မည်မဟုတ်ပေ။

ကျွန်တော်တို့သည် တခါတရံတွင်လည်း နာမည်ဆိုးနှင့်လည်း ကျော်ကြားတတ်ကြသည်။ ဥပမာ-ယာဉ်၊ စက်မောင်းနှင့်မည့် သူတစ်ယောက်သည် အလုပ်ခွင်ထဲမသွားခင် ကျွန်တော်တို့ကို သောက်လိုက်သည်ဆိုပါစို့။ ကျွန်တော်တို့ကြောင့် ထိုသူသည် အာရုံစူးစိုက်နိုင်စွမ်းလျော့ကျလာလိမ့်မည်။ ယာဉ်၊ စက်တို့ကို ကိုင်တွယ်နိုင်စွမ်း လျော့နည်းလာပြီး အလုပ်ခွင်ထဲတွင် အန္တရာယ်ရှိလာပါသည်။ ထိုအခါမျိုးတွင် ကျွန်တော်တို့သည် နာမည်ကောင်း မရတော့ပေ။ အမှန်တော့ ကျွန်တော်တို့အုပ်စုထဲမှ မည်သည့်ဆေးကိုမဆို ညအိပ်ရာဝင်ခါနီး အချိန်တွင် သုံးစွဲခြင်းသာ အကောင်းဆုံးဖြစ်သည်လို့ ကျွန်တော်တို့က ယုံကြည်ထားပါသည်။

ကျွန်တော်တို့ကိုသုံးစွဲရသည်မှာ အတိုင်းအတာတစ်ခါအထိ စိတ်ချရသည်ဆိုသော်လည်း ရုတ်တရက် ဆေးပမာဏ လွန်သွားတတ်ပါသည်။ ကျွန်တော်တို့သာ သွေးထဲတွင် အရမ်းများသွားပါက ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်မိပြီး ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ကြွက်သားများအလုပ်လုပ်ရာတွင် တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိတော့ခြင်းတို့ ဖြစ်တတ်ပါသည်။ ကျွန်တော်တို့ကို သောက်နေသော အချိန်တွင် ထိုလက္ခဏာမျိုး ပေါ်လာပြီ ဆိုလျှင် သတိထားပါမိတ်ဆွေ။ မကုသဘဲ အချိန်ဆွဲထားမိလျှင် တာရှည်မေ့မြောခြင်း နှင့် နှလုံးပျက်စီး ခြင်းတို့ပါဆက်ဖြစ်လာပြီး လူ၏အသက်ကို ဆုံးရှုံးစေပါလိမ့်မည်။ ထိုကြောင့် ကျွန်တော်ကို တနေ့လျှင် ၂၄ မီလီဂရမ် (ဆေးပြား ၆ ပြား) ၊ Cetirizine ကို ၂ဝ မီလီဂရမ် (ဆေးပြား၂ ပြား)ထက် မပိုရအောင် အထူးသတိထားရပါသည်။

လူတွေသာလျှင် တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်သည်မဟုတ်။ ကျွန်တော်တို့တွင်လည်း တစ်ဦးကိုတစ်ဦး နားမလည်မှုတွေရှိနေသည်။ ကျွန်တော်အနေဖြင့် Cetirizine & Loratidine တို့ကို နားလည်ပေးနိုင်သော်လည်း Cyproheptadine ကိုမူ နားမလည်နိုင်ပါ။ ကျွန်တော်တို့သည် အစာစားချင်စိတ်နှင့် ပတ်သက်ပြီးသိသာသော အာနိသင်မရှိသော်လည်း သူသည် အစာစားချင်စိတ်ကို ထူးထူးခြားခြား လှုံဆော် ပေးပါသည်။ ထို့ကြောင့် ကျွန်တော် တို့အထဲတွင် သူသည် မျက်နှာသာ အပေးခံရဆုံးဖြစ်သည်။ ကျွန်တော်တို့ အားလုံးတွင် အိပ်ငိုက်ခြင်း၊ လည်ချောင်းခြောက်ပြီး ရေငတ်ခြင်း၊ နုံးခြင်း စသည့်တူညီသော ဂုဏ်သတ္တိများ ရှိနေ သော်လည်း သူ့ကိုမူ ”စားကောင်းစေသည်၊ အိပ်ပျော်စေသည်” ဆိုပြီး ပိုအလေးအနက်ထားကာ သုံးစွဲကြသည်။

ကျွန်တော်စဉ်းစားမိသော အချက်တစ်ချက်တော့ ရှိသည်။ လူတစ်ယောက်သည် နေမကောင်းဖြစ်နေသည် ဆိုပါစို့။ ထိုသူ၏ခန္ဓာကိုယ်မှ Seretonin ဟုခေါ်သည့် Chemicals တစ်မျိုးထွက်လာသည်။ ထို Seretonin သည် ဦးနှောက်ရှိ ပြည့်အင့်စေသော ဌာနတွင်သွားရောက် အလုပ်လုပ်သောကြောင့် လူများသည် အစာစားချင်စိတ် လျော့နည်းသွားတတ်သည်။ Cyproheptadine သည် ထို Seretonin များကို အလုပ်လုပ် ခွင့်မရအောင် တားဆီးနိုင်သောကြောင့် အစာစားချင်စိတ်ကို တိုးပွားစေခြင်းဖြစ်မည်။ ထိုအားသာချက်ကြောင့် သူသည် ကျွန်တော်တို့ထက် အားလုံး၏ အရေးပေး ခြင်းကို ခံရခြင်းဖြစ်သည်။

လူတစ်ယောက်၏လက်ချောင်းများသည် အတိုအရှည်မညီသကဲ့သို့ ကျွန်တော်တို့၏ အာနိသင်သည် ကွဲပြားမှုများရှိနေသည်။ ယေဘူယျအားဖြင့် တူညီသည်ဟု ထင်ရသော်လည်း ကျွန်တော်တို့အသီးသီးတွင် အားသာချက်၊ အားနည်းချက်များသည် ကွဲပြားမှုရှိနေတတ်သည်။ ကျွန်တော်တို့သည် ဦးနှောက်နှင့်ဆက်စပ်ပြီး အလုပ်လုပ်ရသူများဖြစ်သောကြောင့် အခြေအနေတိုင်း၊ အချိန်တိုင်းသည် အရေးကြီးနေပါသည်။ ထို့ကြောင့် အိပ်လို့မပျော် ဖြစ်ရုံနှင့် ကျွန်တော်တို့ကို မသုံးစွဲကြပါနှင့်။ ကိုယ်တွင်ယားယံလာသည်ဆိုတိုင်း သုံးစွဲရန်မသင့်။ တတ်ကျွမ်းသူမှ ရွေးချယ်ပေးသော ဆေးအမျိုးအစားတစ်ခုသည် မိတ်ဆွေတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးပါလိမ့်မည်။ မိတ်ဆွေ မသုံးဘူးသည့် ဆေးတံဆိပ်အသစ်ကိုလည်း မည်သူ့ကိုမျှ မတိုင်ပင်ဘဲ စမ်းသပ်သုံးစွဲခြင်းမျိုး မပြုလုပ်ပါရန် အားလုံးသော Anti-Histamines များကိုယ်စား Chlorpheniramine ခေါ် ကျွန်တော် ဘာမီတွန်မှ တောင်းဆိုလိုက်ပါသည်။

နှင်းနုလွင် (ဆေးဝါး)

Health For All Magazine

July, 2010