ရင်ခုန်တယ်ဆိုတာက
မတော်တဆ ထိရှမှု
ကားအကူးအပြောင်းလို
သတိထားရမယ့် အရေးအကြောင်းတွေရှိမှန်းသိရဲ့နဲ့
ဟောဒီအရပ်ရဲ့ ခရေတွေက
ခလုတ်တိုက်မိတိုင်း
တဖြုတ်ဖြုတ်ကြွေတယ်ဆိုတော့
ငါ့ရိုးတံလေးရဲ့ တည်မြဲမှု
ငါကိုယ်တိုင်ပြန်ရှု့ဖို့လိုလာပြီ
မသိစိတ်ရဲ့တနေရာမှာ
သူဟာ
နေသားကျနေပြီလား။
သမရိုးကျထက်
နည်းနည်းလေး ပိုပြီး သတိရမိတာ
ခေါက်ရိုးကျရာလေးထက်
မဆိုစလောက်လေး ပိုပြီးလွမ်းဆွတ်မိနေတာ
အဲဒီအဆွယ်တရားမှာ
ငါကိုယ်တိုင်က လိုလိုလားလားနာကြားနေသူ
တဆိတ်လောက်တော့ မေးပါရစေ
ဒီအရွယ်ရောက်တဲ့ ငါးဟာ
ချစ်ခြင်းရဲ့ ကမ်းတစ်ဘက်မှာ
တဖျတ်ဖျတ်လူးခွင့်ရသေးလား။
အဲဒီအရပ်မှာ
ကြယ်ပြာတွေ တအားလင်းတယ်ဆို
အဲဒီအရပ်မှာ
ချယ်ရီတွေ အရမ်းမွှေးတယ်ဆို
အဲဒီအရပ်မှာ
ကဗျာတွေ လွှတ်ပြီးဖွေးတယ်ဆို
အဲဒီအရပ်ကို မှန်းဆမှုဟာ
လူမမာရဲ့ ဓါတ်စာဆိုရင်လည်း
ဟောဒီ ဆောင်းကြောင့်ဖျားနာခဲ့ရတာဖြစ်လို့
ဟောဒီဆောင်းနဲ့အတူတူသာ
အပူကျပါစေတော့။
နှင်းနုလွင်
၂၃၊ ၁၂၊ ၂၀၁၀