သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ဗီတာမင်များ January 7, 2011

 

ကျွန်မတို့အားလုံးဟာ ဗီတာမင်ဆိုတဲ့စကားလုံးကို အတော်လေးကို အကျွမ်းတဝင်ရှိပါတယ်။ ကလေးဘဝကနေ ဘိုးဘိုးဘွားဘွားအရွယ်အထိ လိုအပ်နေတဲ့ ဗီတာမင်တွေကို သက်စောင့်ဓါတ်လို့ ဆိုကြပေမယ့် သူ့ရဲ့မူရင်း စကားလုံးဖြစ်တဲ့ ”ဗီတာမင်” ဆိုတဲ့ အခေါ်အဝေါ်ကိုပဲ စွဲနေကြပါတယ်။ လူတစ်ယောက်ရဲ့ ဘဝရှင်သန်မှု၊ ကျန်းမာရေးကောင်းမွန်မှု၊ ဖွံ့ဖြိုး တိုးတက်မှုကစပြီး ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်း၊ အခြေအနေတိုင်းအတွက် ဗီတာမင်တွေဟာ မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့တွေပါပဲ။ ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှုအတွက်တော့ သဘာဝကပေးလာတဲ့ လက်ဆောင်မွန်တွေ ဟာ ဗီတာမင်တွေ ပါပဲ။

~
ခန္ဓာကိုယ်ဟာ စက် ပစ္စည်းတစ်ခုသာဖြစ်မယ်ဆိုရင် ဗီတာမင်တွေဟာ Engine Oil ပါပဲ။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အလုပ်ပေါင်းများစွာ လုပ်ကိုင်နိုင်ဖို့အတွက် ဗီတာမင် ပမာဏ နည်းနည်းလေးစီကို မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီဗီတာမင်တွေသာ မရှိခဲ့ရင် ပုံမှန်လည်ပတ်ရမယ့် ခန္ဓာကိုယ်ဟာ ချွတ်ချော်တိမ်းစောင်းလာပါတယ်။ အစားအစာတွေကို ဖြိုခွဲချေဖျက်ပြီး အလုပ်လုပ်ဖို့လိုအပ်နေတဲ့ စွမ်းအင်တွေယူဖို့၊ တစ်သျှူးတွေဖြစ်ပေါ်ဖို့အတွက် လူတိုင်းဟာ ဗီတာမင်ြ<ွကယ်ဝတဲ့အစားအစာတွေကို မဖြစ်မနေစားသုံးပေးဖို့ကို လိုအပ်ပါတယ်။
~


ဗီတာမင်အုပ်စုများ

ဗီတာမင်ကြယ်ဝတဲ့အစားအစာတွေကို များများစားသောက်တဲ့သူတွေဟာ ကျန်းမာရေးကောင်းမွန်ကြပြီး အနည်းငယ်ပဲ စားသုံးသူတွေကတော့ နေမကောင်းဖြစ်လွယ်ကြပါတယ်။ လူတွေအတွက် အရေးပါတဲ့ အဲဒီဗီတာမင်တွေမှာ အဆီထဲမှာ ပျော်ဝင်တဲ့ (Fat Soluble Vitamins) အုပ်စုနဲ့ ရေထဲမှာတော့ ပျော်ဝင်တဲ့ (Water Soluble Vitamins) အုပ်စုဆိုပြီး ၂ စု ရှိပါတယ်။ အဆီထဲမှာပျော်ဝင်တဲ့ Vitamin A, D, E နဲ့ K တို့ပါဝင်ပြီး ရေထဲမှာပျော်ဝင်တဲ့ ဗီတာမင်တွေထဲမှာတော့ Vitamin C & B အုပ်စု တို့ပါဝင်ကြပါတယ်။
~
ဗီတာမင်တွေကို သဘာဝအသီးအနှံတွေ၊ အသားငါး၊ ပဲအမျိုးမျိုးကနေ ရတယ်ဆိုတာကို ကျွန်မတို့တွေ အကြမ်း ဖျင်းသိကြပါတယ်။ ဒီထက်ပိုပြီး တိတိကျကျပြောရရင် Vitamin A ဆိုရင် ငါးကြီးဆီ၊ အသည်းတွေကနေရမယ်။ အစိမ်းရောင်အရွက်တွေ၊ အဝါရောင် အသီးအနှံတွေကဆိုရင် Carotenoid အနေနဲ့ရနိုင်ပြီး ခန္ဓာကိုယ် ကလိုအပ်တဲ့ အချိန်ရောက်ရင် Vitamin A တွေ အဖြစ်ပြောင်းလဲသွားတယ်။ Vitamin D ကိုတော့ နေရောင်ခြည်ကရတဲ့ ဗီတာမင် လို့ ပြောလို့ရပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ Vitamin D ဟာ နေရောင်ခြည်နဲ့ ထိတွေ့ပြီးရင် အလုပ်လုပ်နိုင်တဲ့ဗီတာမင် ဖြစ်သွားပါတယ်။ ကလေးငယ်တစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီတွေကို သူတို့ရဲ့ပါး ၂ဘက် နေရောင်နဲ့ မိနစ် ၂ဝ လောက် ထိတွေ့မှုရှိရင် ရနိုင်ပါတယ်။ အစားအစာတွေထဲမှာလည်း ငါးကြီးဆီ၊ ဥအမျိုးမျိုး၊ ထောပတ်တွေ ကနေ လည်း ရနိုင်ပါသေးတယ်။
~
Vitamin E ကိုတော့ အစေ့အဆန်တွေမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဗာဒံစေ့ဟာ Vitamin Eြွကယ်ဝတဲ့ အစားအစာတမျိုးဖြစ်ပေမယ့် လှော်လိုက်တဲ့အချိန်မှာတော့ ၈ဝ ရာခိုင်နှုန်းဆုံးရှုံးသွားတယ်လို့ ဆိုကြပါတယ်။ ဥအနှစ်၊ နို့ နဲ့ တခြားအစားတွေမှာလည်း ပမာဏအနည်းငယ် ရှိတတ်ပါတယ်။ သွေးတိတ်စေတဲ့ အာနိသင်ရှိတဲ့ Vitamin K ကိုတော့ အစိမ်းရင့်ရောင်အရွက်တွေ၊ ဝက်အသည်း၊ ပဲပိစပ်တွေမှာ တွေ့ရတတ်ပါတယ်။ အဲဒီလိုပဲ Vitamin B 1 ဆိုရင် ကောက်ပဲသီးနှံ၊ Vitamin B2 ဆိုရင် ပဲအမျိုးမျိုး၊ Vitamin B3 က အစိမ်းရောင်အရွက်တွေကနေ ရနိုင်ပါတယ်။
~


Vitamin C ကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီတာမင် တမျိုးပါပဲ။ သက်ရှိတွေရဲ့ ခန္ဓာကိုယ် ထဲမှာ သူ့ကို ထုတ်လုပ်ပေးနိုင်ပေမယ့် လူတွေရဲ့ ခန္ဓာကိုယ်ထဲကနေတော့ မထုတ်လုပ်နိုင်ပါဘူး။ ဗီတာမင်စီနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်သူတစ်ယောက်ကတော့ သူတို့ကို ခန္ဓာကိုယ်က တစ်ကြိမ်ထုတ်ပေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဗီတာမင်စီြ<ွကယ်ဝတဲ့ တခြားအသီးအရွက်တွေကို စားလိုက်တဲ့အချိန်မှာ သူတို့က ဆုံးရှုံးသွားတယ်လို့ ဆိုကြပါတယ်။ ဗီတာမင် စီကြယ်ဝတဲ့အစားအသောက်တွေကို ပုံမှန်စားသောက်ပေးရင် နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်နိုင်ချေတွေ သိသိသာသာကို လျော့ကျသွားနိုင်ပါတယ်။
~

ှဗီတာမင်ချို့တဲ့ခြင်း

ဗီတာမင်ချို့တဲ့မှုတွေကြောင့် နာမကျန်းမှု အမျိုးမျိုးကို ခံစားရတတ်ပါတယ်။ Vitamin A ချို့တဲ့ရင် အမြင်အာရုံ ချို့တဲ့မှုတွေ ဖြစ်နိုင်တယ်။ အသားအရေတွေ မလှမပဖြစ်လာမယ်။ Vitamin B အုပ်စု တွေချို့တဲ့ရင် သွေးနီဥဖြစ်ပေါ်မှုမှာ ပြဿနာရှိလာသလို အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါတွေ၊ အစားအစာတွေကို ချေဖျက်တဲ့နေရာတွေမှာ အခက်အခဲတွေရှိ လာတယ်။ Vitamin B3 ချို့တဲ့ရင် အဖုအပိန့်ထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ ပါးစပ်မှာ အနာပေါက်ခြင်းတို့ကို ခံစားရတတ်ပါတယ်။
~
ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးတဲ့ Vitamin D သာ ချို့တဲ့ခဲ့ရင် အရိုးပျော့တဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဆဲလ်တွေ၊ အရေပြားတည်မြဲမှုကို အားပေးတဲ့ Vitamin E သာ ချို့တဲ့မှုကြောင့် အရွယ်ကျတာမျိုးကို ကြုံတွေ့ရတတ် ပါတယ်။ Vitamin C သာချို့တဲ့ခဲ့မယ်ဆိုရင် Scurvey လို့ခေါ်တဲ့ ရောဂါဖြစ်နိုင်ပြီး သွေးအားနည်းခြင်း၊ အားအင်ချိနဲ့ခြင်း၊ သွားဖုံးမှသွေးယိုခြင်း၊ သွေးထွက်လွန်ခြင်းတို့ကိုခံစား ရတတ်ပါတယ်။ လတ်ဆက်တဲ့ အသီးအရွက်တွေကို စားသုံးပေးရင် ခံစားနေရတဲ့ အခြေအနေတွေကနေ ပြန်ကောင်းနိုင်ပါတယ်။
~
အဲဒီလိုအစားအသောက်တွေကနေ ရလာတဲ့ ဒီလိုဗီတာမင်တွေ ချို့တဲ့မှုဖြစ်ရတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ အစားအစာတွေကို လုံလောက်လောက်မစားတာကြောင့် ဖြစ်နိုင်သလို စားတဲ့အစာထဲမှာပါဝင်တဲ့ ဗီတာမင်တွေ ပျက်စီး သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ှဗီတာမင်များ ပျက်စီးခြင်း

သံနဲ့အောက်ဆီဂျင်ဓါတ်ပြုလို့ သံချေးတက်တဲ့အခါမှာ အဲဒီသံတွေပျက်စီးသွားသလိုပါပဲ။ အသီးအနှံတွေထဲမှာပါတဲ့ ဗီတာမင်တွေဟာ အောက်ဆီဂျင်နဲ့ ဓါတ်ပြုမှုဖြစ်ပွားတဲ့အခါမှာ အလွယ်တကူပျက်စီးသွားပါတယ်။ အပူကြောင့် ပျက်စီး တတ်သလို အစားအသောက်တွေကို ကြာရှည်ခံအောင်စီစဉ်ထားခြင်းကလည်း ဗီတာမင်တွေ ဆုံးရှုံးမှုဖြစ်စေတဲ့ အချက် တစ်ချက်လို့ သတ်မှတ်လို့ရပါတယ်။ အချဉ်ဖောက်ခြင်း၊ ဆားရေစိမ်ခြင်း၊ သနပ်လုပ်ခြင်း၊ ဆားဖြင့်ထပ်ထားခြင်းတို့ကြောင့် ဗီတာမင်တွေ ဆုံးရှုံးသွားပါတယ်။ ပဲအမျိုးမျိုးအပါအဝင် အသီးအရွက် တွေမှာပါဝင်တဲ့ ဗီတာမင်တွေဟာ စည်သွပ်ဗူးထဲမှာ ထည့်လိုက်ရင် ငါးဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဆုံးရှုံးသွားပါတယ်။
~
သဘာဝကပေးလာတဲ့ အသီးအရွက်တွေထဲမှာ ပါတဲ့အတိုင်း အပြည့်အဝရတယ်ဆိုတဲ့ ဗီတာမင်ဟာ အတော့်ကို ရှားပါတယ်။ အစားအသောက်တွေ ကို ပိုးသတ်ပြီးသန့်စင်တဲ့နေရာမှာလည်းညွှန်ကြားချက်တွေကိုသာ စနစ်တကျ မလိုက်နာ ရင် ဗီတာမင် တွေဟာ ၃ဝ-၅ဝ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပါတယ်။ ဆန်စပါးတွေကို ကြိတ်ခွဲခြင်းဖြင့် သူတို့မှာပါတဲ့ ဗီတာမင်တွေဟာ ဆုံးရှုံးကုန်ပါတယ်။ အက်ဆစ်ဓါတ်မြင့်မားတဲ့ အခြေအနေ၊ ထုံးဓါတ်မြင့်မားတဲ့အခြေအနေတွေ၊ အလင်းရောင်ထိတွေ့မှု၊ သိမ်းဆဲထားတဲ့ သက်တမ်းတို့ပေါ်မူတည်ပြီး ပျက်စီးသွားတတ်ပါတယ်။
~
အဲဒီအခြေအနေတွေအပြင် ဗီတာမင်တစ်ခုချင်းစီအလိုက် ပျက်စီးသွားရတဲ့ အကြောင်းအရင်းတွေကလည်း သီးခြားရှိနေပါတယ်။ အောက်ဆီဂျင်ရှိနေတဲ့အချိန်မှာ အပူများရင် Vitamin A တွေပျက်စီးသွားတတ်ပါတယ်။ Vitamin B1 ကတော့ အပူနဲ့ ထိတွေ့မှု၊ ထုံးဓါတ်၊ ဆာလဖိတ်တို့ကြောင့်လည်း ပျက်စီးသွားတတ်ပါတယ်။ Vitamin B2 ကတော့ အလင်းရောင်ထိတွေ့မှုကြောင့် ပျက်စီးသွားနိုင်ပြီး အထူးသဖြင့် အယ်ကာလီသဘာဝရှိတဲ့အချိန်ဆို ပိုပြီးမြန်နိုင်ပါတယ်။ Vitamin B6 ကတော့ အပူနဲ့ထိတွေ့မှုရှိရင် အာနိသင်မဲ့သွားနိုင်သလို နေရောင်ခြည်၊ လေတို့ကြောင့်လည်း အာနိသင်မရှိ ဖြစ်သွားတတ်ပါတယ်။
~
ပူနွေးတဲ့ ထုံးဓါတ်၊ အက်ဆစ်ဖျော်ရည်တို့နဲ့ထိတွေ့မှုရှိရင် Vitamin B12 က မတည်မြဲတော့ပါဘူး။ အချဉ်ဓါတ်များတဲ့ အချိန်မှာ အပူနဲ့ထိတွေ့မှုရှိရင် ဖောလစ်အက်ဆစ်တွေ ပျက်စီးသွားရသလို အစားအသောက်ထဲမှာရှိတဲ့ ဖောလစ်အက်ဆစ်တွေကတော့ အခန်း အပူချိန်မှာပဲ ပျက်ဆီးသွားတတ်ပါတယ်။ Vitamin Cကတော့ အောက်ဆီဂျင်နဲ့ ပေါင်းပြီး ဓါတ်တိုးရာကနေ အလွယ်တကူပျက်စီးသွားတတ်ပါတယ်။ အပူကတော့ အဲဒီဓါတ်ပြုမှုကို မြန်စေတာကြောင့် ချက်ပြုတ်ခြင်းဖြင့် Vitamin C တွေဟာ ဆုံးရှုံးသွားပါတယ်။
~
အဲဒီဗီတာမင်တွေထဲမှာ မဖြစ်မနေဖြည့်စွက်စားပေးဖို့လိုအပ်တာကတော့ Vitamin B12 ပါပဲ။ အသီးအရွက် တွေကိုသာ ဦးစားပေးစားသောက်သူ၊ သက်သက်လွတ်စားသူများတွင်သာ Vitamin B12 ချို့တဲ့တယ်လို့ လူတွေက ထင်ကြပေမယ့်လည်း တခြားသူတွေမှာပါ ဖြစ်နိုင်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ Vitamin B12 ချို့တဲ့မှုဟာ သွေးထဲမှာ Homocystine တွေမြင့်တက်မှုနဲ့ ဆက်စပ်နေပါတယ်။ Homocystine တွေသာ သွေးထဲမှာ များနေရင် သွေးကြောတွေ၊ အာရုံကြောတွေပျက်စီးပြီး ကျန်းမာရေးကိုထိခိုက်လာပါတယ်။ Vitamin B12 ချို့တဲ့မှုကြောင့် ခြေလက်များ ထုံကျင်ခြင်း၊ ဥာဏ်ရည်နိမ့်ကျခြင်း၊ စိတ်နေစိတ်ထားပြောင်းလဲခြင်း၊ တွေဝေခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။ Vitamin B12 ချို့တဲ့လို့ ဖြစ်လာတဲ့ အာရုံကြောပျက်စီးမှုတွေဟာ တခါတလေမှာတော့ ပြန်မကောင်းနိုင်တော့ပါဘူး။
~

ဗီတာမင်များ ဖြည့်စွက်ခြင်း

အဲဒီလို ချို့တဲ့မှုတွေကို ကာကွယ်ဖို့အတွက် ကျွန်မတို့တွေဟာ ဖြည့်စွက်အစားအစာတွေ၊ အားဆေးတွေကို အားထားလာခဲ့ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် နေထိုင်မှုပုံစံကွဲပြားမှုပေါ်မူတည်ပြီး ဗီတာမင်လိုအပ်မှုဟာ မတူညီနိုင်တာကြောင့် ဖြည့်စွက်သောက်သုံးတဲ့နေရာမှာ သတိထားရတဲ့အချက်တွေ ရှိနေပါတယ်။ အသက် ၅ဝနဲ့ အထက်လူကြီးတွေဆိုရင် အစားအသောက်ထဲမှာပါတဲ့ Vitamin B12ကို ကောင်းကောင်းမစုပ်ယူနိုင်တာကြောင့် သူတို့သောက်မယ့် အားဆေးတွေမှာ Vitamin B12 ကို ထည့်ပေးရမယ်။ အသက်ကြီးတဲ့သူတွေ၊ အသားအရမ်း ညိုတဲ့သူတွေ၊ နေရောင်ခြည်နဲ့ ထိတွေ့မှုအရမ်းနည်းတဲ့သူတွေကျတော့ Vitamin D ပါတဲ့ဖြည့်စွက်အားဆေးတွေကို သောက်ပေးဖို့လိုတယ်။ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေမှာတော့ သံဓါတ်၊ ဖောလစ်အက်ဆစ်တို့ကို ဦးစားပေးရပါလိမ့်မယ်။ ဒါပေမယ့် သုတေသနပြုလုပ်တဲ့သူတွေကတော့ တချို့သူတွေမှာ ဗီတာမင်ဟာ လိုအပ်တာထက် ပိုများနေတယ်လို့ ဆိုကြပါတယ်။
~
ရေထဲမှာ ပျော်ဝင်တဲ့ဗီတာမင်တွေဟာ လိုအပ်တဲ့ပမာဏထက် ပိုများခဲ့ရင် သူတို့ဟာ ဆီးကနေ တဆင့် အပြင်ကို ထွက်သွားပြီး လူတွေကို အန္တရာယ်တစ်စုံတစ်ရာမဖြစ်စေပါဘူး။ အဆီထဲမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေကိုတော့ အသည်းနဲ့ အဆီတစ်သျှူးတွေမှာသိမ်းထားပြီး ခန္ဓာကိုယ်က လိုအပ်တဲ့အချိန်ကျမှ ထုတ်ယူသုံးစွဲကြပါတယ်။ ဒါကြောင့် သူတို့ပါတဲ့ အစားအသောက်တွေကို တစ်ပတ်လောက်မစားပေမယ့်လည်း သူတို့ဟာ ချို့တဲ့နေတဲ့ လက္ခဏာတွေကို မပြတတ်ပါဘူး။ ဒါပေမယ့် သိုလှောင်ထားတာဟာ များသွားရင်တော့ သူတို့ဟာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။
~
ဗီတာမင် အေ၊ ဒီနဲ့ ကေ တို့ကို အလွန်အကျွံစားရင် အသက်အန္တရာယ်ဖြစ်စေတတ်ပါတယ်။ အသီးအရွက်တွေကို အလွန်အကျွံစားတဲ့ လူတစ်ယောက်မှာတော့ Vitamin A လွန်ကဲမှု တွေ့ရခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပင်အနှံ တွေကနေရတဲ့ Carotenoid တွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ အချိန်ရောက်မှသာ Vitamin A အဖြစ်သို့ ပြောင်းလဲ သွားနိုင်ပါတယ်။ ဒါကြောင့် အူကလီစာ စားတဲ့သူတစ်ယောက်ဟာ Vitamin A လွန်ကဲနိုင်ပေမယ့် အသီးအရွက် ကြောင့်တော့ အသက်အန္တရာယ် ဖြစ်တယ်ဆိုတာ အတော့်ကိုရှားပါတယ်။
~
ဗီတာမင်တွေဟာ တခုနဲ့တခု ဆက်စပ်မှုရှိနေပါတယ်။ ဥပမာပြောရရင် Vitamin A, D နဲ့ E တို့ဟာ တစ်ခုကို တစ်ခု ဆန့်ကျင်နိုင်ကြတာကြောင့် ဗီတာမင်တွေများသွားတဲ့အခြေအနေတွေကို ကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။ Vitamin A များနေတဲ့သူတစ်ယောက်ကို Vitamin D ဖြည့်စွက်အားဆေးတွေ တိုက်ပေးနိုင်ပါတယ်။ Vitamin D များနေတဲ့သူတွေဆိုရင်လည်း Vitamin A ဖြည့်စွက်အားဆေးတွေ တိုက်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် တွေ မြင့်တက်နေရင် Vitamin A တွေဆုံးရှုံးသွားနိုင်ပါတယ်။ မဂ္ဂနီဆီယမ်တွေသာ များနေရင် Vitamin D တွေ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် မိမိမှာ ဘယ်ဟာက ချို့တဲ့နေတာလဲဆိုတာကို ကွဲကွဲပြားပြားမသိဘဲနဲ့ ဖြည့်စွက်ဆေးတွေ၊ အစာတွေကိုသာသုံးမိရင် ခန္ဓာကိုယ်ထဲမှာ မညီမျှမှုတွေဖြစ်နိုင်ပါတယ်။
~
လူတစ်ယောက်ဟာ နေမကောင်း မဖြစ်တာနဲ့ပဲ ကျန်းမာနေတယ်လို့ သတ်မှတ်လို့မရသေးပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် ကြီးကို ထိန်းထားနိုင်ဖို့ ပြည့်ဝတဲ့အာဟာရကို လိုအပ်နေပါတယ်။ ပြီးပြည့်စုံတဲ့ အာဟာရဖြစ်ဖို့အတွက် ကစီဓါတ်၊ အသား ဓါတ်၊ အသီးအနှံ၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကို ညီညီမျှမျှ စားပေးဖို့လိုပါတယ်။ အသက်အရွယ်အလိုက် ဖြည့်စွက် ပေးဖို့ လိုအပ်တဲ့အခြေအနေတွေကိုလည်း မျက်ခြေဖြတ်ထားလို့မရဘူး။ အဲဒီလို ဖြည့်စွက်အားဆေး၊ အစားအစာတွေကို စားသုံးမယ်ဆိုတိုင်း မိမိနဲ့သင့်တော်တဲ့အမျိုးအစား၊ ပမာဏဟုတ်၊ မဟုတ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီကနေ အကြံ ဥာဏ်ယူဖို့ကိုလည်း အမြဲသတိချပ်သင့်ပါတယ်။
~

Nwe Lah Hnin@hninnulwin
Health For All Magazine
January, 2011

 

2 Responses to “ဗီတာမင်များ”

  1. အောင်ပိုင် Says:

    ဒီဟာကလည်း မဂဇင်းမှာပါပီးတာပဲဟ တော်တယ်နှင်းယေးရေ

  2. အောင်ပိုင် Says:

    အောင်ပိုင်ပိန်တာကလည်း ဗီတာမင်မလုံလောက်လို့ထင်တယ် ဗိုက်ထဲကပိုးတွေက အောင်ပိုင်
    ရမယ့် အဟာရတွေကို ၀ိုင်းစုပ်နေကြတာထင်တယ် ဘာစားစား အဟာရမဖြစ်ဖူးဗျး(


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s